Sunday, 7 June 2009

Pulau Ubin Trip

ပြီးခဲ့တဲ့မေ ၃၀ က စလုံးကျွန်းရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ Pulau Uubin ကိုအပေါ်က ပုံလေးကြောင့် ရောက်ဖြစ်ခဲ့ပါတယ်။ ရောက်တာကလည်း ဖိုရမ်ကအသိအစ်မတွေ ဓါတ်ပုံသွားရိုက်မယ်ဆိုတာနဲ့ ရောက်ဖူးချင်လို့၊ ပြီးတော့ အဲ့ဒီမှာ စက်ဘီးစီးချင်လို့ လိုက် သွားလိုက်တာပါ။ သွားမယ်ဆိုတော့ မနက်ဖြန် လိုသွားမယ့်ဟာ ဒီနေ့လိုထိ ဘာမှမပြင်ဆင်ရသေးဘူး။ နေ့လည်လောက်မှ ဘယ်လိုသွားရမယ်ဆိုတာ အင်တာနက်မှာ ဖတ်လို့ကောင်းတုန်း။ သွားမယ့်အစ်မလည်း ဘယ်လို သွားရမယ်ဆိုတာ သေချာမသိ။ ကိုယ်ကလည်း သေချာမသိနဲ့။ ဒါပေမယ့် Google လိုက်တာ လိုချင်တာတွေ အကုန် ထွက်လာတယ်ခင်ဗျ။

အဲ့ဒါနဲ့ စနေမနက် ၉ နာရီကို Tanamarah MRT မှာ ချိန်းလိုက်ကြတယ်။ သောကြာနေ့ည ဂိမ်းဆော့နေတာနဲ့ စနေ အိပ်ရာထ နောက်ကျပါလေရော။ အခန်းထဲက အစ်မက စနေရုံးတက်ရတော့ သူရေချိုးတာ စောင့်နေတာ နဲ့ အိမ်က ထွက်တာပါနောက်ကျတယ်။ ဘူတာရောက်တော့ ၈နာရီတောင်ခွဲနေပြီ။ အဲ့ဒါနဲ့ အစ်မတွေကို နောက်ကျမယ့်အကြောင်း ဆက်ပြောပြီး ထွက်လာခဲ့လိုက်တယ်။ Tanamarah ရောက်တော့ ကိုနာရီခွဲ ကွက်တိလောက်ဘဲ။ နဲနဲတော့ ရင်ခုန်သား။ အဲ့ဒီပူလာအူဘင်ဆိုတဲ့ နေရာက သိပ်ပြီးလှတယ်လို့ နာမည်ကြီးတာ ရော၊ ဟိုရောက်ရင် စက်ဘီစီးရမယ်ဆိုတာတွေးပြီး ပျော်နေမိတယ်။ ဒါပေမယ့် ဘာမှသိပ်ပြီး မပြင်ဆင်ထားတော့ ဦးထုပ်လည်းမပါ၊ ဘာကရင်မှလည်းမလိမ်ဆိုတော့ ခပ်ညိုညို အသားမည်တော်မူမှာ စိုးနေမိတယ်။

ဘူတာရောက်စက ရာသီဥတုအဆင်ပြေမယ့် ကားစောင့်ရင်းနဲ့ မိုးကညိုလာတယ်။ သင်္ဘောဆိပ်ရောက်တော့ မိုက ညိုရုံသာမက ပြိုပါပြိုချင်လာပြီ။ ဒါပေမယ့် မနက်က ကမန်းကတန်းနဲ့ ပြေးခဲ့ရတာမို့ မနက်စာ မစားခဲ့ရဘူးရယ်။ အဲ့ဒါနဲ့ သင်္ဘောဆိပ်က ဟောကာမှာဘဲ မနက်စာ စားဖြစ်ခဲ့တယ်။ စက်ဘီစီးမှာ၊ ကိုယ်ကလည်း ဆာရင် ဘာမှလုပ်လို့မရတာသိတော့ ထမင်းဘဲ စားဖြစ်ခဲ့တယ်။ ဒါနဲ့ သင်္ဘောဆိပ်ဆင်းခဲ့တယ်ပေါ့ခင်ဗျာ။ အဲ အစက စီစဉ်ထားတာက ၃ ယောက်တည်းဖြစ်ပေမယ့် နေးတစ် ဖိုရမ်က ဒါ့ပုံဆရာအကြော်အမော်၂ ဦးထပ်တိုး လာတော့ ၇ ယောက်ဖြစ်သွားတယ်ခင်ဗျ။ ၂ ယောက်က ဘယ်နားက ပိုနေသလဲလို့ စိတ်ဝင်စားရင်တော့ ပြောပြပါ့မယ်။ ဒါ့ပုံဆရာ အကြော်အမော်ကြီးရဲ့ မဟေသီနဲ့ ဘေဘီပါ ပါလာတာမို့ ခရီးကလူစုံဖြစ်သွားပါတယ်။

ဒီလို မော်တော်ဘုတ်လေးနဲ့ စပြီး ထွက်ခဲ့ကြတာပါ။


ဒါနဲ့ လှေပေါ်ရောက်တော့ မိုးဖွဲဖွဲလေးစပြီးကျနေပြီ။ စိတ်ထဲမှာတော့ ဟိုဘက်မှာ ဘယ်မှမသွားဘဲ ပြန်လာခဲ့ရမှာဘဲ စိုးနေမိတယ်။ ဟိုဘက်ကမ်းရောက်တော့ မိုးက တော်တော်သဲနေသေးတာ။ အဲ့ဒါနဲ့ သင်္ဘောဆိပ်မှာ မိုးစဲတဲ့အထိ ခဏလောက်စောင့်နေလိုက်ကြတယ်။ မိုးနဲနဲဆဲတော့ စက်ဘီးတွေငှာပြီး ခရီး စထွက်ခဲ့ကြတယ်။ စက်ဘီးငှား တဲ့နေရာမှာ ဂျီးများပြီး ဟိုဘီး ဒီဘီး ရွေးနေမိတယ်။ အရင်ရောက်ဖူးတဲ့လူတွေ ပြောတာတော့ စက်ဘီးတွေက ပျက်တက်တယ် ရွေးမှတန်ရာကျမယ်ဆိုလို့ ဟိုရွေး ဒီရွေးနဲ့ အတော်လေး ကြာသွားတယ်။

စစချင်းတော့ စက်ဘီးစီးရလို့ တော်တော်ပျော်မိတယ်။ မိုးဖွဲဖွဲကျချိန်မှာ စက်ဘီးစီးရတော့ ငယ်ဘ၀ကို ပြန်ပြီး သတိရမိတယ်။ နဲနဲလောက်သွားပြီးတော့ မိုးလည်း စဲသွားတယ်။ ဒါပေမယ့် ကုန်တက်တွေကျတော့ ငယ်ငယ် တုန်းကလို မနင်းနိုင်တော့လို့ ကိုယ့်ကိုယ်ကို တော်တော်အသက်ကြီးပြီဆိုတာ သတိထားလိုက်မိတယ်။ ပြီးတော့ မနင်းနိုင်တော့လို့ စက်ဘီးတွန်းပြီး ကုန်တက်တွေ တက်ခဲ့ရတယ်။ ၈ကျပ်ပေးပြီး စက်ဘီးငှားတွန်းသလို ဖြစ်နေပါတယ်။ အဲ့ဒီနေ့က လိုက်မယ်ဆိုပြီး မလိုက်တော့ဘဲ ကျန်ခဲ့တဲ့ သူငယ်ချင်းကိုတော့ ကံကောင်းသူကြီးဆို ပြီး တနေမိတယ်။ သွားချင်တဲ့နေရာက တော်တော်နဲ့ မရောက်နိုင် ရောက်ဖူးတယ်ဆိုတဲ့သူက လမ်း မမှတ်မိ။ ကျန်တဲ့ သွားတဲ့လာတဲ့လူတွေရှိပေမယ့် မမေးဖြစ်ဘဲ စွတ်ပြီး လာလိုက်တာ သွားချင်တဲ့ ကမ်းခြေရဲ့ ဂိတ်ကိုရောက် သွားပါတယ်။

စက်ဘီးငှားခဲ့ပေမယ့် စက်ဘီတွေအကုန်လုံးကို ဂိတ်မှာ ထားခဲ့ရတာ။ စက်ဘီးမနင်းတဲ့ နှစ်လည်းကြာ၊ အသက်လည်း ရလာတော့ စက်ဘီးတောင်မစီးရသေးဘူး ရေကငတ်။ တော်ပါသေးရဲ့ အ၀င်နားလေးတင် ရေရောင်းတဲ့ စက်လေးရှိလို့ မဟုတ်ရင် အသေဘဲ။ ဒါနဲ့ ကမ်းခြေဘက်လမ်းကို သွားတဲ့လမ်းကို မှန်းပြီး သွားလိုက် မိတယ်။ မျှော်စင်ရှိတဲ့ ဘက်က သွားမိတော့ ကန်းခြေကို ချက်ချင်းမရောက်ဘူးဖြစ်သွားတယ်။ ပါလာတဲ့ ဒါ့ပုံဆြာကြီးရဲ့ ကင်မရာက ဘာဖြစ်မှန်မသိဘဲ၊ ရိုက်လို့ မရတော့တာ စက်လှေပေါ်ကတည်းက။ မျှော်စင်ရောက်မှ ထပ်ပြီး ဖွင့်ကြည့်လို့ ရိုက်လို့ ရတာနဲ့ ဆြာကြီးတို့ မျှော်စင်ပေါ် ဒါ့ပုံတက်ရိုက်ကြတာကို မျှော်စင်အောက်ကဘဲ စောင့်ပြီးနေခဲ့လိုက်တယ်။ ဆက်ပြီး မသွားနိုင်မှာစိုးမိလို့။

ဒီလိုနဲ့ ရှေ့ဆက်ပြီးလျှောက်လာလိုက်တာ ကျွန်မမြင်ချင်တဲ့ ကမ်းခြေကို ရောက်လာခဲ့ပါတယ်။ တော်တော်လှ ပါတယ်။ စင်္ကာပူက စထွက်ကတည်းက သတိတော့ထားမိတယ်။ ရေတွေ စိမ်းနေတယ်လို့။ ဒီဘက်ရောက်တော့ တော်တော်လှတဲ ပင်လယ်ကိုတွေ့တော့ မောလာသမျှတွေ အကုန်ပြေသွားတယ်။ ဒါ့ပုံဆရာများက ကင်မရာကိုယ်စီနဲ့ ဒါ့ပုံရိုက်နေပေမယ့် ကိုယ်က ကင်မရာမပါတာမို့ ဒီအတိုင်းဘဲ အားကျမခံ ဟိုကြည့်ဒီကြည့်နဲ့ လိုက်လာခဲ့တာ နေ့လည် ၁၂ နာရီတိတိမှာ ကမ်းခြေက တံတားမှာ လမ်းလျှောက်မိတယ်။ ကမ်းခြေက အတော့ကို လှနေတော့ နေပူနေမှန်းလုံးဝ သတိမထားမိဘူး။ တံတားအလယ်လောက်မှာ ဇရပ်လေးတစ်ခုရှိတော့ အဲ့ဒီနားမှာ ခဏနားပြီး လေညှင်းခံမိတယ်။

ဒါက တံတားပေါ်ကနေ မြင်ရတဲ့ ပင်လယ်မြင်ကွင်းပါ။


တစ်သက်နဲ့ တစ်ကိုယ် ဒီတစ်ခါဘဲ ဒီရေတက်တာမြင်ဖူးတော့ ဒီရေတက်တာကို ငေးနေလိုက်သေးတယ်။ တော်တော်လှတဲ့ နေရာလေးပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းထားတာလို့ ပြောပါတယ်။ သိပ်ပြီးလှပါတယ်။ ဘာပဲဖြစ်ဖြစ် ပင်ပန်းခံရကျိုးတော့ နပ်သွားပါတယ်။ ဒါနဲ့ တံတားဆုံးအောင်လျှောက်ပြီး ပြန်လာခဲ့ကြပါတယ်။ အပြန်လမ်းမှာ ဒါ့ပုံဆြာနှစ်ယောက်ရဲ့ ဘီးတွေ ချိန်းကြိုးကျပြီး တွန်းလာခဲ့ရပေမယ့် ပညာရှိကြီး ဘီးကကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။

အပြန်လမ်းက တောင်ပေါ်က ရေစိမ်းပြာကန်။

အပြန်သင်္ဘောဆိပ်က ကမ်းခြေမှာ ခဏနားတော့ ခရုတွေ လိုက်ကောက်လိုက်ပါသေးတယ်။ စလုံးဘက် ပြန်ရောက်တော့ ပင်နီစူးလာမှာ ရှမ်းခေါက်ဆွဲသွားစားတယ်။ ပြီးတော့ အိမ်မပြန်ဘဲ Justin လေးကို သွားကြည့် ဖြစ်တယ်။ ညရောက်တော့မှ လက်ကိုကြည့်မိတာ လက်က အကျီဝတ်ထားသလို အဖြူတ၀တ် အနက်တစ်ဝက် ဖြစ်နေတယ်။ ဒါပေမယ့် အရမ်း ပင်ပန်းနေတော့ ဘာမှမလုပ်ဘဲ အိပ်လိုက်မိတယ်။ နောက်နေ့လည်း ဘာမှ ထပ်ပြီးမလုပ်ဖြစ်တော့ အခုထိကို နဂိုအသားပြန်မဖြစ်သေးဘူး။ ပူလာအူဘင် အမှတ်တရကတော့ အသားတွေ မဲသွားတာပါဘဲ။

စင်္ကာပူဘက်မခြမ်း၊ သင်္ဘောဆိပ်နားက ကမ်းခြေ။


ကောက်လို့ရတဲ့ ခရုလေးတွေကို အလှဆင်ပြီး ရိုက်ထားတာပါ။

ခရုကောက်နေတဲ့ မှုန်ဝါးဝါးက ကျွန်မ။ လူက သေးသေးကွေးကွေးဆိုတော့ မမြင်ရရှာဘူးရယ်။ လူပုံတွေ တင်ချင်သော်ငြားလည်း လူမရှိတဲ့ဘလောဂ့်မှာ သရဲခြောက်တယ်ဖြစ်မှာစိုးတာကြောင့် မတင်ဖြစ်တော့ပါဘူး။

PS. ဓါတ်ပုံတွေကတော့ နေးတစ်မှဓါတ်ပုံဆရာများ ဖြစ်ကြတဲ့ မိုးသူခိုး(Rainstealer)၊ မစုဇု နှင့် မမိုးနှင်းတို့ကို အထူးကျေးဇူးတင်ပါတယ်။ (ဓါတ်ပုံဆရာတွေဆီက ခွင့်ပြုချက်တောင်းထားတာ တစ်ယောက်ဘဲ အကြောင်းပြန်သေးပေမယ့် မစောင့်နိုင်တော့လို့ တင်လိုက်ပါတယ်။ ခွင့်မပြုဘူးဆိုရင်တော့ တင်ထားတဲ့ ပုံတွေ ပြန်ပြီး ဖြုတ်ပေးပါ့မယ်။)

About This Blog

ဘာမှမထူးခြားပေမယ့် ကျွန်မရဲ့အတွေးနဲ့ လက်ရှိကြုံတွေ့နေရတာတွေကို
အမှတ်တရအနေနဲ့ ရေးတဲ့ အိပ်မက်ဆန်ဆန်နေရာလေးတစ်ခုပါ။

  © Blogger template Valentine by Ourblogtemplates.com 2008

Back to TOP