Tuesday 15 December 2009

Carbon

-ကာဗွန်-
ကာဗွန်ဆိုရင် ကမ္ဘာကြီးကိုပူနွေးစေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ် ရယ်၊ ထမင်းတွေ၊ ဟင်းတွေချက်လို့ရတယ်လို့ သိထားတဲ့မီးသွေးရယ် အနီးစပ်ဆုံး တွေးမိကြမယ်လို့ ထင်ပါတယ်။ မီးခိုးတွေ၊ မီးသွေးတွေမှာ ဘာမှထူးခြားတဲ့ အရောင်တွေ တပ်မက်စရာတွေမရှိပေမယ့်။ ကာဗွန်တစ်မျိုးဖြစ်တဲ့ စိန်မှာတော့ ထူးခြားတာတွေ အများကြီး ရှိမယ်ဆိုတာ အားလုံးသိကြပါတယ်။ စိန်းမှာ တခြားကာဗွန်တွေထက် ထူးခြားတာကတော့ သူ့ရဲ့မာခြင်းအဆင့်က အားလုံးထဲမှာ အမြင့်ဆုံးဖြစ်နေတာကြောင့်ဘဲ ဖြစ်ပါတယ်။


နောက်တစ်ချက်က အရောင်လက်တဲ့ အရာတွေကို လူတိုင်း၊ သတ္တ၀ါတိုင်း ကြိုက်နှစ်သက်ကြတာလည်း အားလုံး သိတာဘဲ။ စိန်ကလည်း ပုံမှန်ဆို ကျောက်တုံးတစ်တုံးလို ဖြစ်နေပြီး အရောင်သိပ်ပြီးမထွက်ပေမယ့် သွေးလိုက်ရင် ဖျတ်ဖျတ်တောက်သွားတဲ့အခါမှာတော့ လူအားလုံးရဲ့စိတ်ကို မှော်ဝင်အောင် ဖမ်းစားနိုင်ပါတယ်။ ဒါဆို အရောင်လတ်တဲ့ တခြားအရာတွေ ဥပမာ- မနက်ခင်း နေရောင်ခြည်မှာ ဖိတ်ဖိတ်တောက်လက်
နေတဲ့ ကန်ရေပြင်မှာ စိန်ပွင့်တွေခင်းထားသလို လှနေပေမယ့် လူတွေမှာသာ ပုံမှန် အခြေအနေနဲ့  ပြည်စုံ နေမယ်ဆိုရင် ကန်ရေပြင်ထက် စိန်တစ်ပွင့်ကိုသာ လူတွေက ပိုပြီးတန်ဖိုးထားကြမယ်လို့ ထင်ပါတယ်။ လက်တာခြင်းတူနေရင်တောင် စိန်က အမြဲပိုပြီး တန်းဖိုးရှိနေတက်ပါတယ်။

ဒါဆို လူတွေက စိန်ကိုဘာလို့ တန်ဖိုးထားကြတာလဲလို့ ကျွန်မတွေးမိပါတယ်။ ဘာလို့လဲ? ဘာကြောင့်လဲ? လို့ အမြဲတွေးမိတယ်။ ကျွန်မကိုယ်တိုင်လည်း စိန်ကို သိပ်ပြီးကြိုက်သလို၊ ဖိတ်ဖိတ်တောက်နေတဲ့ အရာတွေကို မျက်စိကျမိတယ်။ နောက်ထပ်တစ်ခုက စိန်တွေ ဖိတ်ဖိတ်တောက်ရတာက အလင်းဖေါက်နိုင်တဲ့ အစွမ်းတွေ ရှိတာကြောင့် လို့ လက်ခံလိုက်ပါတယ်။ စိန်ရဲ့ မာကြောမှု့နဲ့ ကြည်လင်မှုပေါ်မှာ မူတည်ပြီး သူ့ရဲ့ အရောင်လက်မှု့ အပေါ်မှာ စိန်ရဲ့တန်ဖိုးလည်း ကွာခြားသွားပါတယ်။

ဒါဆိုရင် လောကမှာ လောကဓံက ဘယ်လောက်ဘဲ အပူတိုက်ပါစေ ကြံ့ကြံ့ခံပြီးကိုယ့်ရဲ့ မာကြောမှု အဆင့်  မြင့်လာအောင်၊ ကိုယ့်ယုံကြည်မှု အဆင့်သာ အမြင်ဆုံးရောက်အောင် ကြိုးစားရင် လူ့လောကရဲ့ အမာဆုံး ကာဗွန်- စိန်- ဆိုတာမျိုး ဖြစ်လာမယ်လို့ ကိုယ့်ကိုယ်ကို ဆုံးမလိုက်မိတယ်။

တကယ်လို့သာ ကိုယ့်မှာ ဘယ်လောက်ဘဲ ပူလောင်၊ ခါးသီးတဲ့ နေ့ရက်တွေသာ ကြုံလာရပါစေ ကြည်လင်တဲ့ အစွမ်းသတ္တိ အားကောင်းတဲ့ စိတ်ထားသာ ရှိခဲ့မယ်ဆိုရင် အလင်းဖေါက်နိုင်တဲ့ တစ်ချိန်မှာ အရောင် တောက်နိုင်မယ်လို့လည်း တွေးမိလိုက်ပါတယ်။ နောက်ထပ် ကိုယ့်ဘဝကို ကိုယ်လိုချင်သလို၊ လိုအပ်သလိုသာ ပုံဖေါ်အကွတ်ချ သွေးနိုင်ခဲ့ရင် တဖျတ်ဖျတ်လတ်နေတဲ့ စိန်တစ်ပွင့်ဟာ ကိုယ်လည်း ဖြစ်နိုင်တာဘဲ ဆိုတဲ့အတွေးမျိုး တကယ်ကို ရရှိလိုက်ပါတယ်။

အမှန်က ကျောင်းအသွား၊ မီးရထားလမ်းဘေးက အရောင်တဖျတ်ဖျတ်တော်ကနေတဲ့ ကန်ရေပြင်ကိုကြည့်ပြီး ခေါင်းထဲရောက်လာတဲ့ အတွေးတစ်ခုပါ။ တွေးလိုက်တာ နားလည်လိုက်တာက အလွန်ဆုံး တစ်မိနစ် လောက်ဘဲ  ကြာမယ်ထင်ပါတယ်။ စိန်နဲ့ ရေ ကြားမှာ ရေက လူအသက်အတွက် အရေးကြီးတာတွေ၊ ရေက အသက်ရှင်ဖို့အတွက် အရေးကြီးတာတွေ ဘာမှထည့်မတွက်ခဲ့ဘူးဆိုရင် စိန်က ပိုပြီး တန်ဖိုးရှိနေ ပါတယ်။ ကန်ရေပြင်က ရေက မနက်ပိုင်းသာအရောင်တောက်ပြီး လှနိုင်ပေမယ့် စိန်ကတော့ အမြဲထာဝရ လှနေနိုင် တယ်။


ဘယ်လောက်ဘဲ ကြမ်းတမ်း ပူလောက်ပါစေ ကိုယ့်စိတ်ကို အမြင့်ဆုံးအဆင့်ထိ ခံနိုင်စွမ်းရည် ရှိအောင်သာ လေ့ကျင့်နိုင်မယ်၊ ကြည်လင်တဲ့ စိတ်ထားလေးလည်း ရှိခဲ့မယ်ဆိုရင် ကိုယ့်အတွက် ကိုယ်ဟာ စိန်တစ်ပွင့်ဘဲလို့ တွေးခဲ့မိပါတယ်။ ဒီလိုသာမဟုတ်ခဲ့ရင် ကိုယ်ကလောကမှာ ကာဗွန်သတ္တိချင်းတူတာတောင် အရောင်မည်းမည်း လေတိုက်ရင် လွင့်သွားနိုင်တဲ့ မီးခိုး၊ ဒါမှမဟုတ် မီးတိုက်တိုင်း ပြာအဖြစ်ပြောင်းလဲသွားမယ့် မီးသွေးတုံးမည်းမည်းသာ ဖြစ်လာတော့မယ်။