Friday, 18 June 2010

Just a thought

ဒီနေ့ ယူကျူ့ကနေ လင်းနစ်သီချင်းကာဗာနားထောင်ဖြစ်တယ်။ အခုနောက်ပိုင်း ယူကျူ့ကနေ အဆိုတော် ဖြစ်သွားကြတာ ကမ္ဘာတ၀ှမ်းမှာအများကြီးပါဘဲ။ မြန်မာတွေထဲကနေ Cover ကိုအဆင်ပြေပြေ ပြန်ဆိုထားတာ နားထောင်လို့ရတာ ဒီတစ်ယောက်ရယ် ဒိုးလုံးသီချင်းဆိုတဲ့ တစ်ယောက်ရယ်ပဲ ရှိပါသေးတယ်။ သီချင်းဆိုတဲ့ လူက မျက်နှာမပေါ်ဘဲ ဂီတာဘဲတီးနေတဲ့ပုံလေးဘဲ ပါတယ်။

ကျွန်မငယ်ငယ်က ကျွန်မကို ထိန်းတဲ့ဦးလေးက ဂီတာတီးပြီးထိန်းခဲ့လို့လားမသိဘူး ကျွန်မ မိန်းကလေးတန်မဲ့ ဂီတာဆို အရမ်းသဘောကျတာ။ အိမ်မှာ ဖေဖေက ဂီတာအမြဲမတီးပေမယ့် ဦးလေးက ဂီတာအမြဲတီးတော့ ငယ်ကတည်းကဆိုတော့ ကိုယ်နဲ့ ပက်သက်တဲ့ပစ္စည်းတစ်ခုအဖြစ် အမြဲ မှတ်ယူထားတာ။

ဂီတာတီးတဲ့လူမြင်တိုင်း ဂီတာ မြင်တိုင်း သူတီးတဲ့ ဂီတာသံတခါလောက် ပြန်နားထောင်ချင်တယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်မိပါတယ်။ ပြီးတော့ဂီတာတီးတက်တဲ့လူဆို အရမ်းသဘောကျသလို ဂီတာသံကိုနားထောင် ရတာလည်း သဘောကျတယ်။ ကျွန်မကိုယ်တိုင် ဂီတာမတီးတက်ပေမယ့် နားဝင်ဆိုးတဲ့ ဂီတာသံဆိုရင် လုံးဝ အားမနာဘဲ ဝေဖန်တက်သလို အတီးကောင်းရင်တော့ မရှက်တမ်း အားပေးတက်ပါတယ်။

မန်းလေးမှာတုန်းက အိမ်က အစ်မရဲ့ကောင်လေးက ဂီတာလာတီးရင် ပထမဆုံး ပြတင်းပေါက်နားသွားတာက ကျွန်မ။ ဂီတာတီးတဲ့လူတွေ ပြန်သွားတဲ့အထိ အခန်းမီးပိတ်ပြီး သီချင်းလေးနားထောင်၊ လေညှင်းခံခဲ့တဲ့ နေ့တွေကို ပြန်အောက်မေ့မိတယ်။ သူတို့ဆိုတဲ့ သီချင်းတွေကို ပြန်ပြီး အဓိပ္ပါယ်ဖွင့်ရတာလည်း ပျော်စရာကောင်းတယ်။ တော်ပါသေးတယ် ကျွန်မဘ၀မှာ ဒီလို ပြန်တွေးရင် ၀မ်းသာစရာလေးတွေ ရှိခဲ့ဖူးလို့ ကျေးဇူးတင်တယ်။ အခုပြန်သွားရင်တောင် ကျွန်မအစ်မက ကလေး သုံးယောက်နဲ့၊ အိမ်မှာလည်း အရင်လို လူတွေ အများကြီးမရှိတော့ဘူး။

အခုတော့ တီးနိုင်မယ့်လူလည်း မတွေ့မိတော့ ကိုယ်တိုင်ဘဲ ဂီတာတီးသင်ရင်ကောင်းမလား စဉ်းစားမိတယ်။ ကိုယ့်ဘာသာ သာယာနာပျော်ဖွယ် တီးနိုင်ရင်တီးပေါ့နော် မဟုတ်ရင်တော့ ဂဲနဲ့ အပေါက်ခံရကိန်း။ အခြေတကျ လေးဖြစ်ရင်တော့ ဂီတာလေး တလတ်လောက်ဝယ်ပြီး သေချာကို အတီးသင်မယ်စိတ်ကူးမိတယ်။

ဟိုအရင်တုန်းက ဂီတာတီးပြခဲ့ဖူးတဲ့လူကိုလည်း ကျေးဇူးတင်တယ်လို့။

ပြီးတော့ တနေကုန် ဂီတားတီးပြတက်တဲ့ သူ့လက်တွေကို ယူကျူ့  ကြည့်ပြီး ပြန်သတိရတယ်။ တော်ပြီ လက်တွေ နာနေပြီလို့ ညည်းပြောလေး ပြောတာကိုလည်း ပြန်သတိရမိတယ်။ ပြန်သတိရဖို့ မကောင်းတော့ပေမယ့် သတိရတာပါဘဲ။ သူ့လက်သွယ်သွယ်လေးတွေကိုပေါ့။