သွားစရာလည်းမရှိ ဘယ်မှလည်းမသွားဖြစ်ဘူးဆိုတော့ ဘလောဂ့်ဘက်ကို ပြန်လာမိတယ်...ထားသွားတာကို ခွင့်လွှတ်ပြီး လက်ခံမယ်လို့ မျှော်လင့်တယ်...
မုန်းမိတယ် မရေရာတာတွေကို...ဒါပေမယ့် ကျွန်မအမြဲကြုံတွေရတဲ့ အရာတွေထဲမယ် မရေရာတာတွေလည်း ပါတယ် ဆိုပါတော့...အမြဲမရေရာတာတွေကို တွေ့နေရလို့လည်း မုန်းမိပြန်ရော ဂျာအေးသူ့အမေရိုက် ဖြစ်နေ ပြန်ပါတယ်....အပြောင်းအလဲတစ်ခုခု ဖြစ်တော့မယ်ဆိုတိုင်း ကျွန်မမှာ စိတ်လှုပ်ရှားမှု့ပေါင်းစုံနဲ့ စိတ်ဆင်းရဲ မှုမျိုးစုံ အမြဲကြုံရတာကိုမုန်းတယ်....အရင်က သိပ်ပြီးမဖြစ်တာလား မသိသာတာလား..တကယ်သတိမထား မိခဲ့ဘူး...အခုနောက်ပိုင်းမှာ ကျွန်မအကြားအမြင်ဆရာတစ်ဦးမဟုတ်ပေမယ့် တစ်ခုခု မကောင်းတာဖြစ်တော့ မယ်ဆိုရင် ရင်တွေအရမ်းပူပြီး စိတ်တွေလှုပ်ရှားပြီး နေလို့မကောင်းအမြဲဖြစ်တက်တယ်...ကောင်းတာတွေ ဖြစ်တော့မယ်ဆိုရင်လည်း စိတ်တွေအေးချမ်းပြီး ကောင်းတာတွေ လုပ်ချင်တဲ့ စိတ်လေးတွေအမြဲဖြစ်တယ်..။
အခုတော့ စိတ်ထဲမှာ မောမောပြီး စိတ်မအေးချမ်းဘူး...အရမ်းလည်းစိတ်လှုပ်ရှားတာမျိုးတွေမဖြစ်ပေမယ့် စိတ်မငြိမ်မသက်ဖြစ်နေတယ်... လောကမှာအမုန်းဆုံးအရာတွေကို ရင်ဆိုင်နေရတဲ့ ကိုယ့်ကိုကိုယ် ဘယ်သူကမှ မသနားလဲ သနားနေမိတယ်...ကျွန်မယုံကြည်ထားတဲ့ လူမှု့ဘ၀ဆိုတာ အမှန်တော့ စိတ်ကူးယဉ်သတ်သတ် ပါလို့ အပြောခံရတုန်းက မကြိုက်၊ မနှစ်မျို့ခံဘူး....သေချာမသိလို့ဘာမှပြန်မပြောခဲ့ပေမယ့် လုံးဝလက်ခံတယ် ဆိုတာမျိုး ဖြစ်မနေခဲ့ဘူး.. ကျွန်မဟာ တကယ်တော့ ဘာမှမသိတဲ့ လူတစ်ယောက်ဆိုတာ လောကထဲ လမ်းလျှောက်လေ ပိုသိလေဖြစ်လာတယ်..
တကယ်တန်းကျတော့ လူလောက်အတ္တကြီးပြီး တကိုယ်ကောင်းဆန်တာ လူ အပြင်မရှိကြတော့ဘူး.. ငါ ဆိုတာ တစ်လုံးတည်းမို့ပဲ မဟုတ်ရင်လူတွေ အတော်ကြီးကို ဒုက္ခရောက်ကြဦးမယ်လို့ တွေးမိတယ်...ကျွန်မကိုယ်တိုင် ရွံ့မုန်းခဲ့တဲ့လူ ကျွန်မသိမှန်းဖြစ်နေပေမယ့် သိသွားတော့ရော မပြင်ချင်ဘူး မပြင်နိုင်ခဲ့ဘူး... အတ္တအတွက် ရှေ့ဆက်တိုးဖို့ လုံးပမ်း အားထုတ်နေမိတယ်....မကောင်းပေမယ့် ငါ့အတွက်ဆိုတာမျိုး၊ ငါမခံစားချင်ဘူး ဆိုတာမျိုး..ဖြစ်နေတဲ့အတွက် ကိုယ့်ကိုကိုယ် စိတ်ပျက်မိတယ်..နောက်ပြီး သစ္စာဖောက်တဲ့ အထဲမှာ ကိုယ့်ကိုကိုယ် သစ္စာဖောက်တာက အဆိုးဆုံးလို့လည်း မြင်မိတယ်..အမှန်တော့ တခြားတစ်ယောက်ကို သစ္စာ ဖေါက်ဖို့ ကျွန်မ တိတ်တိတ်လေး ကြိုးစားနေတယ်ထင်ပါရဲ့..
ကျွန်မကဲ့ရဲ့ရှုံ့ချခဲ့ဘူးတဲ့ အကျင့်စရိုက်မျိုး ကျွန်မမှာ ရှိလာလိမ့်မယ်လို့ ကျွန်မကိုယ်ကျွန်မ မထင်ခဲ့ဘူးမိဘူး... ဒါကို ကျွန်မဆက်သွားဖို့ ဆုံးဖြတ်မိတယ်.. ကျွန်မကောင်းပါဘူး အရင်ကတည်းကလည်း မကောင်းခံဘူး... ဒါပေမယ့် ကျွန်မအစိုးရိမ်ဆုံးက ဘာလဲဆိုတော့ ကျွန်မအတွက်နဲ့ စိတ်ဆင်းရဲမယ့်လူ နောက်ထပ် တစ်ယောက် တိုးလာမှာကိုပဲ...
လွန်ခဲ့တဲ့ ၆ နှစ်လောက်ကစလို့ ကျွန်မကိုယ်ကျွန်မ ပြုပြင်မယ်ဆိုပြီး အတက်နိုင်ဆုံး ပြုပြင် နေထိုင်ခဲ့ပါတယ်.. ဘယ်သူ၊ ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူး ကျွန်မပက်သက်တဲ့လူတွေ စိတ်ဆင်းရဲ ခဲ့ရတာကို စာနာမိလို့... သူများတွေ စိတ်ချမ်းသာအောင် နေမယ်လို့ ဆုံးဖြတ်ပြီး အတက်နိုင်ဆုံး ကောင်းအောင် နေဖြစ်ခဲ့တယ်...အကျိုး ရလာဘ်ကတော့ ကျွန်မသူများနောက်လိုက်ပြီး စိတ်ချမ်းသာအောင် နေပေးနေရတာကို ညဉ်းငွေ့လာတယ်... ကျွန်မအတွက် အရာရာ အစဉ်ပြေနေချိန်မှာ စိတ်ရှည်နေခဲ့ပေမယ့် ကျွန်မကိုယ်တိုင် အရေးကြီးတဲ့ ရင်ဆိုင်စရာ တွေနဲ့ တွေ့တဲ့အချိန်တွေမှာတော့ ကျွန်မစိတ်ရှည်သည်းခံနိုင်မှုတွေ အရောင်မှိန်လာခဲ့တယ်... ၀န်ခံပါတယ် ကျွန်မပင်ကိုယ်စိတ်က သိပ်ပြီးအကောင်းကြီးမဟုတ်ပေမယ့် ကျွန်မကောင်းချင်လို့ ကိုယ့်ကိုကိုယ် ကောင်းအောင် နေထိုင်ခဲ့တာပါ....
အဲ့ဒီအချိန်မှာပဲ လူတွေက ကျွန်မဟာ သိပ်ပြီး ယဉ်ကျေးသိမ်မွေ့ပြီး သနားတက်ချစ်တက်တဲ့လူအဖြစ် မြင်လာ ကြတယ်.. ကျွန်မကိုယ်တိုင် အဲ့ဒီအခြေအနေကို သဘောကျခဲ့ပေမယ့် တကယ်တန်း သူများက ကိုယ်ကို ရင့်ရင့်သီးသီးဆက်ဆံခဲ့ချိန်မှာတော့ ကျွန်မပင်ကိုယ်စိတ်တွေ ပြန်ပေါ်လာခဲ့တယ်.... ငါက သိပ်ပြီးယဉ်ကျေး သိမ်မွေ့တဲ့လူလို့ အရင် ၆နှစ်မတိုင်ခင်က မသိခဲ့တဲ့လူတိုင်းကို လိုက်ပြောဖို့ ကျွန်မအတွက် အခွင့်အရေး မရှိခဲ့ဘူး ဒီတော့ နင်အများကြီးပြောင်းလဲသွားတယ်ဆိုတဲ့ အပြောမျိုးလေးတော့ ခံနိုင်ဖို့ ဆုံးဖြတ်ထားတယ်...
ပွင့်ပွင့်လင်းလင်း ရဲရဲရင့်ရင့်ရှိနေချင်မိတဲ့ ကိုယ့်ကိုကိုယ် အားပေးဖို့တော့ စေတန်တစ်ကောင်ကို ကွင်းရှေ့ထုတ် လိုက်ဖို့ ကျွန်မဆုံးဖြတ်မိတယ်... မှားတယ်လို့ အပြောခံရမှာကိုလည်း ကြိုတင်မျှော်လင့်ထားသလို မှန်ချင် ယောင်ဆောင်နေရတာ ကိုလည်းအတော်လေး ပင်ပန်းပြီး စက်ဆုပ်မိနေတယ်... လောကမှာ ရှိသမျှလူတွေ စိတ်ချမ်းသာအောင် နေနိုင်လောက်တဲ့ ပါရမီမရှိပါဘူး...အခုမှ စပြီးဖြည့်ဖို့ ကြိုးစားနေတာပါလို့ ပြောရမလားပဲ.... ကျွန်မကိုယ့်ကိုကိုယ် မညာချင်တော့ဘူး သိပ်ပြီး ပင်ပန်းနေလို့ပါ...တစ်ခါတလေ ကိုယ်လိုချင်တာ မရခဲ့ဘူးဆိုတာ ကို မေ့ပစ်ဖို့ အကြိမ်ကြိမ်ကြိုစားခဲ့တယ်...မေ့လည်းမေ့ဖြစ်ခဲ့တယ် ခဏပေါ့.. ခဏလောက်တော့ ရခဲ့တယ်.. ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ရှုံးနှိမ့်နေတာမျိုးကို သတိမေ့နေခဲ့တယ်...ဒါတွေကို ပြောင်းလဲဖို့ လိုအပ်ပြီပေါ့ ပြင်ဆင်မှုတွေအတွက် အဆိုးရောအကောင်းရော ကြိုဆိုနေမှာပါ..