Tuesday, 26 October 2010

လိပ်ပြာ








To:



- လိပ်ပြာလို
လူတစ်ယောက်ဟာ လိပ်ပြာဖြစ်လာမယ့် ပိုးအိမ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။ တစ်နေ့တော့ ပိုးအိမ်လေးမှာ အပေါက်သေးသေး လေးတစ်ခု ပေါ်လာ ပါတယ်။ ပိုးအိမ်လေးကို ယူလာတဲ့လူလည်း အဲဒီအပေါက်လေးကနေ လိပ်ပြာလေး တိုးထွက်နေတာကို စိတ်ဝင်တစားနဲ့ နာရီပေါင်းများစွာ ထိုင်ကြည့်နေမိပါတယ်။ ကြည့်နေတုန်းမှာပဲ လိပ်ပြာလေး အပေါက်ကနေ ဆက်မထွက်နိုင် ရှာတော့ဘဲ ရပ်သွားပါတယ်။ သူ့ကို ကြည့်ရတာ အစွမ်းကုန်ကြိုးစားခဲ့ပြီး အပေါက်ကနေ ဆက်ထွက်နိုင်စွမ်း မရှိတော့တဲ့ ပုံပါပဲ။

ထိုင်ကြည့်နေတဲ့လူလည်း လိပ်ပြာလေးကို ကူညီဖို့ဆုံးဖြတ်လိုက်ပြီး ကတ်ကြေးနဲ့ ပိုးအိမ်လေးကို ညှပ်ပြီးခွဲပေးလိုက်ပါတယ်။ အဲဒီအခါမှာ လိပ်ပြာလေး ပိုးအိမ်ထဲက အလွယ်တကူပဲ ထွက်လာပါတော့တယ်။ လိပ်ပြာလေးရဲ့ ကိုယ်ခန္ဓာဟာ နုနယ်တင်းရင်းလွန်းနေပြီး အတောင်ပံလေးတွေဟာလည်း တုန်ရီချိနဲ့နေရှာပါတယ်။

လူလည်း လိပ်ပြာလေးရဲ့ကိုယ်ခန္ဓာ အချိန်တန်ရင် အနေတော်ကျုံ့သွားပြီး အတောင်ပံတွေကလည်း ကိုယ်ခန္ဓာကို ထိန်းနိုင်တဲ့အထိ ကြီးလာမယ့်အချိန်ကို ဆက်ပြီး စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။ ဖြစ်မလာဘဲနဲ့ လိပ်ပြာလေးဟာ အဲဒီနုနယ်တင်းရင်းတဲ့ ကိုယ်ခန္ဓာလေးရယ် ချိနဲ့နဲ့ အတောင်ပံလေးရယ်နဲ့ပဲ အသက်ထက်ဆုံး နေသွားရရှာပါတယ်။ သူဘယ်တော့မှ ပျံနိုင်စွမ်း မရှိခဲ့ရှာပါဘူး။

လိပ်ပြာလေးကို ကြင်နာသနားတာကြောင့် ခပ်မြန်မြန်ကူညီလိုက်တဲ့လူ နားမလည်ခဲ့တဲ့ အချက်က လိပ်ပြာလေးအပေါက်က တိုးထွက်နေစဉ်မှာ အားစိုက်ထုတ် လိုက်တိုင်း သူ့ကိုယ်ခန္ဓာထဲက ထွက်လာတဲ့ အရည်တွေဟာ အတောင်ပံတွေ ဆီကို ရောက်သွားကြပြီး အတောင်ပံတွေကို ပိုပြီးသန်စွမ်းလာစေပါတယ်။ ဒါကြောင့် ပိုးအိမ်ရဲ့အပေါက်က သေးသေးလေးဖြစ်နေရခြင်းနဲ့ အဲဒီအပေါက်သေးသေးလေးက တိုးထွက်နိုင်ဖို့ လိပ်ပြာလေးရဲ့ ရုန်းကန်အားစိုက်ရမှုတွေဟာ လိပ်ပြာလေး ပိုးအိမ်ထဲက အောင်အောင်မြင်မြင် ထွက်လာနိုင်တဲ့အချိန်မှာ အဆင်သင့် ပျံသန်းနိုင်စွမ်းရှိတဲ့ အတောင်ပံတစ်စုံ ရဖို့အတွက်ပါပဲ။

တစ်ခါတစ်ရံမှာ ပင်ပင်ပန်းပန်း ရုန်းကန်ကြိုးစားရမှုတွေဟာ ဘ၀မှာ လိုကိုလိုအပ်တဲ့အရာတွေပါ။ ဘ၀ကို အခက်အခဲမရှိဘဲ ဖြတ်သန်းသွားရတယ်ဆိုရင် ချိနဲ့အားနည်းသူတွေပဲ ဖြစ်သွားကြမှာပါ။ ကိုယ်တကယ် သန်စွမ်းသင့်သလောက် သန်စွမ်းလာမှာ မဟုတ်တော့ပါဘူး။ လိပ်ပြာလေးတွေ ဘယ်တော့မှ ပျံသန်းနိုင်စွမ်း မရှိတော့သလိုမျိုးပေါ့။

စာရေးသူ - ရွှေပြည်သူ
Labels: ဘာသာပြန်စာစုများ
ဖောဝပ်မေးလ်ကနေရတဲ့ စာလေးပါ.. ကျွန်မအတွက်တော့ အတော်လေး အသုံးဝင်တဲ့ စာလေးမို့ ဒီမှာ တင်လိုက်တာပါ.