Saturday, 12 September 2009

Today lecture

အခုလို စီးပွားကျနေတဲ့အချိန်မှာ ဘာဖြစ်လို့ လူတွေပိုက်ဆံသုံးဖို့ အစိုးရတွေကရော၊ စီးပွားရေးလုပ်ငန်းရှင်တွေ ကရော အားပေးနေလဲဆိုတာကို အခုမှသေချာသိမိတယ်။ စလုံးမှာ နေရာတိုင်းနီးပါ ကုန်ပစ္စည်းတွေကို သင့်တော်တဲ့ ဈေးချပြီး ၀ယ်လိုအားတိုးအောင် လုပ်ထားတာဟာ စလုံးရဲ့စီးပွားရေးကို တဘက်တစ်လမ်းက ထိန်းထားတယ်လိုအခုမှမြင်မိပါတယ်။ ပြီးတော့ US နဲ့ Europe ကို Export များများလုပ်ကြတဲ့ Company တွေက သူတို့ရဲ့ Saving တွေကို သူတို့တိုင်းပြည်ထဲမှာ မထားဘဲ နိုင်ငံခြားငွေအဖြစ်ပြောင်းထားပြီး၊ အထူးသဖြင့် US Dollar အဖြစ်နဲ့သာ ထားကြတာပါတဲ့။ အခုလို US မှာ အိမ်ခြံတွေဝယ်မယ့်လူတွေကို ဘဏ်တွေက ရဲရဲထုတ်ချေး တာကြောင့် စခဲ့ရတဲ့ ၂၀၀၈ စီးပွားကျဆင်းမှုမှာ US ကြောင့် အများက လက်ညှိုးထိုးပြီး လက်ပိုက်ကြည့်မနေနိုင် တာကလည်း၊ China၊ Japan စတဲ့ အရှေ့အာရှနိုင်ငံတွေရဲ့ အဓိကစီပွားရေ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပိုင်ဆိုင်မှု တွေက US dollar နဲ့ ထားရှိတာကြောင့် US ကအဆင်မပြေ ပေမယ့် လူတွေက ထိုင်မကြည့်နေဘဲ ပိုက်ဆံတွေထုတ်ချေးပြီး US ငွေဈေးတက်အောင် ကူညီ ကြတာပါတဲ့။ အဓိကကတော့ အနောက်နိုင်ငံတွေက ၀င်ငွေရတာထက်ပိုပြီး ဖြုန်းတက်တာကြောင့် အခုလို ဖြစ်တာဆိုပေမယ့် အဲ့ဒီလို ဖြုန်းမယ့် အနောက်နိုင်ငံသားတွေသာ မရှိခဲ့ရင် အရှေ့တောင် အာရှနိုင်ငံအတွေ အတွက် ဈေးကွတ်ရှိမှာမဟုတ်တော့ပါဘူးတဲ့။ အနောက်နိုင်ငံသားတွေက မင်းတို့ငါတို့ဆီတော့ အများကြီး ရောင်းကြပြီး အရှေ့နိုင်ငံတွေကနေ သူတို့အတွက် လိုအပ်သလောက် ၀ယ်လိုအားမရှိတာဟာ တကိုယ်ကောင်းဆန်စွာ တိုင်းပြည်ဝင်ငွေကိုထိန်းသိမ်းထားကြောင့်လို့ အပြစ်တင်ဝေဖန်ကြပေမယ့် အခုလိုသာ မစုဆောင်းခဲ့ရင် သူတို့အခုလို အခက်အခဲတွေ့တဲ့အချိန်မှာ ထုတ်ချေးဖို့ငွေ ရှိမှာမဟုတ်ပြန်ပါဘူး။ ကမ္ဘာကြီးလည်သလို အားလုံးဟာလည်း လည်ပတ်နေတာပါဘဲ။ ရေစီးကြောင်းတစ်ခုလို အရားအားလုံးဟာ လည်ပတ် စီးဆင်းနေတာပါဘဲ။ ။ တစ်ချိန်ထဲမှာ အချိုးကျကျ လည်ပတ်အောင်ထိန်သိမ်းပေးရမယ်လို့ ဒီနေ့ စာထဲမှာ သင်လိုက်ရပါတယ်။

Read more...

Friday, 11 September 2009

11.9.09

ဒီနေ့တော့အမှတ်တရလေးဖြစ်အောင် ဘလောဂ့်ရေးမယ်လို့ ပြင်လိုက်မိတယ်။ ဒီနေ့က ကျွန်မအတွက်တော့ တသက်လုံးမေ့မရတဲ့နေ့ပေါ့။ ဘာနေ့လဲတော့ မမေးပါနဲ့ လုံးဝပြောမပြဘူးလို့စိတ်ကူးထားတယ်။ စဉ်းစားကြည့်ပါဦး ဒီလောက် အရေးကြီးတဲ့နေ့ကို မေ့ပါ့မလား။ တစ်ခါတလေ ကြိုးစားပေမယ့်(ကြိုးစားသင့်သလောက် မကြိုးစားဘူးလို့ ပြောကြပေမယ့်) မဖြစ်လာရင် ပထမဆုံး ရင်နာရတာက ကိုယ်တိုင်ပါ။ မှန်ထားသလောက် ဖြစ်မလာရင် စိတ်ဆင်းရဲရတာလဲကိုယ်ပါဘဲ။ ဒီနေ့က ကမ္ဘာမှာသိပ်ပြီး ထူးခြားတယ်နေ့ တစ်နေ့လည်း ဖြစ်ခဲ့ဖူး ပေမယ့် ကျွန်မအတွက်အရေးမပါခဲ့ပါဘူး။ ကိုယ်နဲ့ ပက်သက်မှ ကိုယ်အတွက်အရေးပါတဲ့ လူလောကမှာ ဒီနေ့ကတော့ ကျွန်မအတွက်အရေးပါသွားပါတယ်။ ကျဆုံးတယ်ဆိုတာ ကောင်းကောင်းသိလိုက်ပါတယ်။ ဒီနေ့ပေါ့ ၁ နှစ်ပြည့်တာ။ ဘယ်တော့မှမမေ့ဘူး။ ကျွန်မကိုယ် ကျွန်မအမြဲသတိပေးတယ်...ဒီနေ့တင်မဟုတ်ဘူး ကျွန်မနာကျင်ခဲ့တာတွေကို ဘယ်တော့မှ မမေ့ရဘူးလို့။ ကိုယ့်ကိုကိုယ်လည်း ဂတိပေးတယ် ဘယ်တော့မှမမေ့ပါဘူးလို့။ ဒီနေ့ကြောင့်ဖြစ်ခဲ့တဲ့ ခံစားမှုတွေ၊ တွေ့ရှိခဲ့ရတဲ့အမှန်တရားတွေအတွက် ဘယ်တော့မှမမေ့ပါဘူးလို့။ ဒီနေ့လိုနေ့မျိုး နောက်ထပ် ထပ်ပြီးမရှိအောင်လည်း ကြိုးစားမယ်လို့ပေါ့။ မမေ့ပါဘူး...သေတဲ့အထိမမေ့ဘူး။

Read more...

Sunday, 9 August 2009

Iron Cross Show


ဒီနေ့ IC Show သွားကြည့်ဖြစ်တယ်။ IC ကို ပထမဆုံးကြည့်ဖူးတာ ၁၉၉၃ လောက်ကထင်ပါတယ်။ IC ပေါ်ခါစလောက်ကပါ။ စောဘွဲမှူးမသေသေးပါဘူး။ မှတ်မှတ်ရရ အဖွားနဲ့သွားကြည့်တာ။ ကျွန်မကြည့်ချင်တယ်ဆိုလို့ မိဘတွေလည်း မလိုက်နိုင်တာနဲ့ အဖွား နဲ့ သွားကြည့်ဖြစ်တာပါ။ စက်တင်ဘာထင်ပါတယ်။ မှတ်မှတ်ရရ အဆိုတော်တွေ အများကြီး ဆိုကြပေမယ့် တစ်ယောက်မှမမှတ်မိတော့ဘူး။ ဒါပေမယ့် ဂီတာကို ပလက်လန်ပြီး တီးပြသွားတဲ့ ဂီတာသမားယောက်ဘဲ မှတ်မိပါတယ်။ နောက်တော့မှ အဲ့ဒီဂီတာ သမားဟာ စောဘွဲမှူးမှန်းသိပါတယ်။ အရမ်းဘောကျသွားတာကို ဂီတာတီးတာ သိပ်မိုက်လို့။ ဒီလိုနဲ့ အသက်ကြီးတဲ့အထိ IC ပွဲတွေ ဆက်ပြီးမကြည့်ဖြစ်တော့ဘူး။
၂၀၀၀ လောက်မှ စပြီး အငဲကို ကြိုက်ပါတယ်။ ပြီးတော့ သူငယ်ချင်းက မျိုးကြီးမိုက်တယ် နားထောင်ဆိုတာနဲ့ မျိုးကြီးပါ ကြိုက်သွားတယ်။ နောက်ပိုင်း မျိုးကြီးရဲ့ ရန်သူတစ်ထောင် ကြည့်ပြီး လေးဖြူပါ ကြိုက်သွားတယ်။ ထူးထူးဆန်းဆန်းကြီး လေးဖြူကို နောက်မှကြိုက်မိ တယ်။ နောက်ပိုင်း လေးဖြူခွေတွေ ၀ယ်ဖြစ်ပါတယ်။ IC ရဲ့ Show ပထမဆုံး Strand Hotel မှာလုပ်တော့ ၂၀၀၃ စက်တင်ဘာ ပထမဆုံးShow နဲ့ ၁၀ အကွာမှာ သွားကြည့်မယ် လုပ်ပေမယ့် ညဘက်ဖြစ်နေတာရော အတူသွားဖို့ လူမရှိတာရော။ ပိုက်ဆံ ၃၀၀၀ မတက်နိုင် တာရော အကြောင်းမျိုးစုံကြောင့် မသွားဖြစ်ခဲ့ပါဘူး။ ခွေတော့ ၀ယ်ပြီး နားထောင်တယ်၊ လိုက်ဆိုဖြစ်ပါတယ်။

ဒီလိုနဲ့ မြန်မာပြည်မှာလည်း IC Show တိုင်း လွတ်တယ်။ သွားမယ်လူမရှိတာရော အကြောင်းမတိုက်ဆိုင်တာရောကြောင့်။ ကျွန်မ မြန်မာခွေတွေ အ၀ယ်နည်းပေမယ့်။ စိုင်းစိုင်း နဲ့ IC ကထွက်တဲ့အခွေတိုင်းနီးပါ မူရင်းခွေတွေ ၀ယ်ပြီး အားပေးပါတယ်။ ကြိုက်တာကို။ အရင်တစ်ခါ စလုံးမှာ လာပြီး IC Show လုပ်တုန်းကလည်း ပိုက်ဆံမရှိဘူး။ ပြီးတော့ လေးဖြူမပါဘူး။ ဖြူဖြူကျော်သိန်းပါတယ်ထင်တယ်။ အဲ့ဒါနဲ့ သွားပြီး မကြည့်ဖြစ် ပါဘူး။ ဒီတစ်ခါတော့ တိုက်တိုက်ဆိုင်ဆိုင် သွားမယ့်လူကလည်း စိတ်ချရတဲ့လူ၊ လက်ထဲမှာလဲ ပိုက်ဆံလေးက တိုက်တိုက်ဆိုင်ဆိုင်ရှိနေတော့ (ရှိနေတာတော့မဟုတ်ပါဘူး၊ ရှိလိုက်တာ)။ မျက်စိမှိတ်ပြီး သွားလိုက်တယ်။

အမှန်အတိုင်းပြောရရင် အတူသွားတဲ့လူတွေကို အရမ်းကိုအားနာပါတယ်။ အစ်မတွေဖြစ်နေ တော့ အေးအေးဆေးဆေးသမားတွေ၊ ကျွန်မက ပုံမှန်အချိန်ဆို ဘာမှမဖြစ်ပေမယ့် အဲ့ဒီ သီချင်းတွေ နားထောင်ရင်တော့ ပုံမှန်မဟုတ်တာသေချာတယ်။ အဆိုးဆုံးကတော့ မျိုးကြီး သီချင်းတွေဆို လိုက်မဆိုဘဲ မနေနိုင်ဘူး။ အဲ့ဒီအချိန်မှာတော့ ကျွန်မကိုယ်ကျွန်မ မိန်မအဖြစ် ကနေ စွန့်လွှတ်ထားတယ်။ ဟဲဟဲ ပွဲအဖွင့်မှာ Rဇာနည်နဲ့ စတော့ အေးအေးလေးပါဘဲ။ နောက်တော့ ၀ိုင်ဝိုင်း။ Rဇာနည်ရော ၀ိုင်ဝိုင်းသီချင်းတွေရော ကျွန်မရတဲ့ သီချင်းတွေချည်း ဖြစ်နေတော့ လိုက်ပြီး ညည်းမိပါတယ်။ နောက်တော့ မျိုးကြီး မရတော့ ရှိန်ကမထိန်း နိုင်တော့ဘူး။ ပြီးတော့ သူဆိုသွားတဲ့သီချင်းအားလုံး ကျွန်မအကြိုက်တွေချည်း ဖြစ်နေတယ်။ ပွဲမှာ အငဲက နဲနဲပိန်သွားပြီး မျိုးကြီးဗိုက်က ၀လာတယ်ခင်ဗျ။ လေးဖြူကြီးကတော့ ထုံးစံအတိုင်းပါပဲလေ။

စိတ်ထဲရှိတဲ့အတိုင်း ကျွန်မရတဲ့ သီချင်းအကုန်နီးပါးလိုက်ဆိုဖြစ်တယ်။ အစကတော့ အစ်မတွေ အားနာ နေသေးတယ်။ နောက်တော့ ပိုးဝင်သွားတော့ အားမနာတော့ဘူး။ အဆိုတော်တွေ အပြင် အတီးသမား တွေကလည်း ခင်မောင်သန့်ကလွဲရင် အကုန် လက်စွမ်းပြသွားကြတာမို့ အတော်လေး ကြည့်ကောင်းတဲ့ ပွဲပါလေ။ အပိတ်ကျတော့ အရင် ၂၀၀၃ Live Show တုန်းက သီချင်းတွေ ဆိုသွားတယ်။ ကျွန်မက IC Show ကြည့်တာ ဒါပထမဆုံးမို့လားမသိဘူး အရမ်းကို ပျော်နေမိတယ်။ ပိုက်ဆံကုန်တာတွေ တန်သွားတယ်လို့ ထင်လိုက်မိတယ်။ နောက် လာမယ့် ဖေဖေါ်ဝါရီ ၁၄ ပွဲအတွက်ကိုပါ သွားကြည့်ဖို့ စိတ်ကူး ယဉ်နေမိတယ်။

Read more...

Thursday, 9 July 2009

MJ

Michael Jackson ရုတ်တရက်သေသွားတာ အနုပညာလောကကို တိုက်ရိုက် ရိုက်ခက်တာတင် မဟုတ်ဘဲ။ လူတွေရဲ့ စိတ်ဓါတ်တွေကိုပါ ရိုက်ခက်တယ်လို့ မြင်မိပါတယ်။ သူလုပ်ခဲ့တာတွေ တစ်ပုံတစ်ကြီးရှိပေမယ့် ကိုယ်တောင် သူ့လောက် အရာထင်အောင်မလုပ်နိုင်တဲ့လူတွေက ပစ်တင်ဝေဖန်ကြတယ်။ အပိုစာဒါးတွေ လို့ မြင်တဲ့လူက မြင်ကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူသေဆုံးသွားတာက အမှန်တကယ် လူအများကို ရိုက်ခက် လိုက်တယ်ဆိုတာကတော့ ဘယ်သူမှငြင်းလို့ မရပါဘူး။

ကျွန်မကိုယ်တိုင်က သူရဲ့ အမာခံပရိတ်ပတ်မဟုတ်ပေမယ့် သူ့အကတွေကို တော်တော်လေး ကြိုက်ခဲ့သူပါ။ ပြီးတော့ သူ့တရားရင်ဆိုင်ခဲ့တဲ့အမှုတွေအတွက်လည်း သူ့ကို တော်တော်လေး အထင်သေးခဲ့တယ်။ ဒီကောင် ဘာကောင်းလဲပေါ့လေ။ ကတာတော်တာကို သဘောကျပေမယ့် နဲနဲလေးမှ မလေးစားမိဘူး။ သူ လုပ်ခဲ့တဲ့ အလုပ် တွေအတွက် အပိုတွေလုပ်နေတယ်လို့ ဘာမှမသိဘဲ ထင်ထား၊ မြင်ထားခဲ့သူပါ။ ဒါပေမယ့် အခုနောက်ပိုင်း အသက်ရလာတော့ စဉ်းစားမိတာက လောကမှ အရာတစ်ခုထင်ဖို့ လူတွေ စိုက်ထုတ်ရတဲ့ အင်အားက မနည်းဘူးဆိုတာ သိလာခဲ့တယ်။ နောက်ပိုင်း အရာထင်အောင် လုပ်နိုင်တဲ့ လူတွေကို လေးစားမိတယ်။ ပိုက်ဆံအဓိကမဟုတ်ပေမယ့် လူကြားထဲ လူတွေ အသိအမှတ်ပြုခံရတယ်ဆိုတာ တော်တော့်ကို မလွယ်တဲ့ ကိစ်္စဆိုတာ လက်တွေ့ သိမြင်လက်ခံလာတဲ့ အချိန်မှာ MJ ကို တော်တောလေး လေးစားမိပါတယ်။

သူသေမှ သူ့အကြောင်းတွေပြန်ဖော်တော့ ငယ်ငယ်က ပိုက်ဆံအတွက် ငယ်ဘ၀ကိုစွန့်လွှတ်ခဲ့ရတဲ့ ကလေး တစ်ယောက်ရဲ့ ခံစားချက်ကို စာနာသနားမိပါတယ်။ ကျွန်မကိုယ်တိုင် ငယ်ဘ၀ကို လွတ်လွတ်လပ်လပ် အားပါးတရပျော်ခဲ့ရပေမယ့် အခုအချိန်ထိ ပြန်လိုချင်တုန်းပါဘဲ။ တန်ဖိုးထားတုန်းဘဲ။ သူလို အသက်ငါးနှစ် ကတည်းက ပိုက်ဆံရှာဖို့အတွက် လုံးပန်းနေရမယ့် ကလေးတစ်ယောက်ရဲ့ ဆုံးရှုံးမှုကို စာနာမိတယ်။

MJ ရဲ့ သေဆုံးမှုနဲ့ ပက်သက်ပြီး ကျွန်မအတွက် စဉ်းစားစရာတွေအများကြီး ရခဲ့ပါတယ်။ ငါ ဘာလုပ်ပြီးပြီလဲ၊ ဘာလုပ်ဖို့လိုသေးလဲ။ ပြီးတော့ အလုပ်တစ်ခုလုပ်ရင် ဘာလို စိတ်ထားနဲ့လုပ်ရမလဲ။ MJဟာ တကယ်တော့ ကျွန်မတို့အတွက် အတုယူစရာကောင်းတဲ့ လူတစ်ယောက်ပါ။ ကိုယ့်ဘဝကို အဖြစ်သင့်ဆုံးအခြေအနေကို ရောက်အောင် ဖန်တီးနိုင်တဲ့ လူတစ်ယောက်ပါ။ အဲ့ဒါကို အတော်လေး အားကျမိပါတယ်။ လေးစားမိပါတယ်။ အတုယူရမယ်လို့ ကိုယ့်ကိုကိုယ် ဆုံးမိပါတယ်။

ရင်သပ်ရှုမောစရာ မြင်ကွင်းတွေရဲ့နောက်မှာ အနိတ်ထာရုံတွေရှိနေတက်တာ ဓမ္မတာပဲမို့ သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ နဲ့ ပက်သက်တဲ့ ကိစ္စလေးတွေရှိပေမယ့် သူလုပ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး လို့ ခံစားပါတယ်။ နောက်တစ်ခုက တကယ်လို့များ ကျွန်မရဲ့ ဖေဖေ MJ လိုသာဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်လေး ၀င်လာပါတယ်။ ကျွန်မအသက်အရွယ်နဲ့ ကျွန်မဖေဖေကို အသက်ဆက်ပြီး ရှင်စေချင်ပါသေးမယ်။ ဒီ အတ္တလေး ပေါ်လာမိပါတယ်။ MJ သားသမီးတွေ ကြည့်ပြီး သနားမိတယ် ကိုယ်ချင်းစာမိပါတယ်။ မိဘသေလို့ ခံစားရတယ် ဆိုတာ ကိုယ်တိုင် မိဘသေဖူးမှသိတာပါ။ ကိုယ့်မိဘ မသေဖူးသေးဘဲနဲ့တော့ သူတို့နဲ့ထပ်တူ မခံစားရလောက်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် အသက်ရှင်နေတုန်းလေး ပိုပြီး တိုးချစ်မယ်လို့ ဆုံးဖြတ်မိပါတယ်။

Read more...

Sunday, 28 June 2009

Me and My Clothes

အခုတလော ၀လာတာရော၊ အကြိုက်ပြောင်းသွားတာ(trand)ပြောင်းသွားတာရောကြောင့်လားမသိပါဘူး ရှိသမျှအကျီတွေ တစ်ထည်မှ စိတ်တိုင်းကျတယ်ရယ်မရှိဘူးဖြစ်နေပါတယ်။ ဒါနဲ့ တစ်ခါပြီးတစ်ခါ ရှင်းလိုက်တာ အပြင်ဝတ်စရာဆိုလို ၁၁ ထည်သာကျန်တော့တဲ့အဆင့် ရောက်သွားပါတယ်။ အစကတည်းက ထမီနဲ့ အကျီနဲ့ဆို အကျီက ပိုများတာ များပါတယ်။ ထမီကိုလည်း စပြီးဝယ်ကတည်းက ဘာနဲ့ဖြစ်ဖြစ်ဝတ်လို့ရတဲ့ အဆင်မျိုး၊ အရောင်မျိုးရှာဝယ်ထားတာလည်း များ ပါတယ်။ မဟုတ်ရင် အပြင်သွားခါနီး ရွေးရတာ စိတ်မရှည်လို့ပါ။ အခုလည်း ဘောင်းဘီတွေ စကတ်တွေကို အမည်းရောင်နဲ့ ဂျင်းတွေဘဲဝယ်ထားတာ များပါတယ်။ ဘာနဲ့ ၀တ်ဝတ်အဆင်ပြေအောင်လို့ပါ။ ဟိုတလောက ရှင်းထုတ်တာများတော့ အကျီဝတ်စရာ လုံးဝမကျန်တော့သလောက် ဖြစ်သွားပါတယ်။ ၁၁ ထည်ဘဲ ရှိတော့တဲ့ အထဲမှာ အမြဲဝတ်တာဆိုလို့ ၃ ထည် လောက်ဘဲရှိပါတယ်။ အဲ့ဒီထဲကမှ အရမ်းကြိုက်လို့ မျက်စိမှိတ်ပြီး ၀ယ်ထားတဲ့ အကျီကို ပိုပြီး ၀တ်ဖြစ်ခဲ့တယ်။ စနေ၊ တနင်္ဂနွေ အပြင်ထွက်တိုင်းအဲ့ဒါဘဲ ၀တ်တော့ တွေ့နေကျ အစ်မတွေကတောင် နင် ဒါချည်း ၀တ်နေတာလား မေးယူရတဲ့အထိပါဘဲ။

ပြောချင်တာကတော့ အဲ့ဒီအကျီလေးပါဘဲ။ စလုံးငွေ ၂၈ ကျပ်ပေးရပါတယ် အရောင်ကတော့ ခရမ်းရောင် အဆန်းလေးပါ။ ပထမ တစ်ခေါက် တော်မီနဲ့ သွားကြည့်ကတည်းက အဲ့ဒီဆိုင်က အကျီတွေကို အရမ်း ကြိုက်ခဲ့တာ။ အ၀တ်ဝယ်ဖို့ ပိုက်ဆံလုံးဝမရှိခဲ့လို့ တိတ်တိတ်ကလေး ပြန်လာခဲ့တာ။ နောက်တစ်ခေါက် ထပ်ပြီး သွားကြည့်တော့လည်း ကြိုက်နေတုန်းဘဲ။ အဲ့ဒါနဲ့ တခြားဟာတွေလျှော့သုံးမယ်ဆိုပြီးမျက်စိမှိတ်ပြီး ၀ယ်ခဲ့တဲ့ အကျီလေး။ အရောင် ၄ မျိုး၊ ဒီဇိုင်း ၅ မျိုးရှိပါတယ်။ အရောင်တွေအကုန်ကြိုက်ပါတယ်။ အကုန်လိုချင်တာ။ အကျီထဲမှာက ဒီဇိုင်းတွေဘာတွေက သိပ်ပြီး အကြိုက်ကြီးမဟုတ်ပေမယ့် အကျီအသားကို ပိုကြိုက်တာပါ။ အဲ့ဒီဆိုင်မှာ တစ်ခြားဒီဇိုင်းတွေနဲ့ အခြားအရောင်တွေရှိပေမယ့် အသားက ပုံမှန်အသား မျိုးချည်းပါဘဲ။ ဒါပေမယ့် အဲ့ဒီ ဒီဇိုင်းနဲ့ အသားကတော့ တော်တော်လေး သဘောကျခဲ့မိတယ်။ အသားက အိပြီးဆွဲလို့ရတယ်။ ပြီးတော့ ရေလျှော်ခံတဲ့အသားမျိုးပါ။ ခါတိုင်း ကိုယ်ကြိုက်တဲ့ အကျီလေးတွေဆို လက်နဲ့ လျှောက်တာ များပေမယ့် အခုနောက်ပိုင်းတော့ စက်နဲ့ဘဲလျှောက်ဖြစ်တာများပါတယ်။ အဲ့ဒီ အကျီလေးဝယ်တာ ၄ လလောက်ရှိတဲ့ အတွင်းမှာ အခါ ၁၀၀ မက၀တ်ခဲ့ပြီးပြီထင်ပါတယ် ဒါပေမယ့် အခုထိ အရောင်မကျတာကို ပိုပြီး နှစ်သက် မိပါတယ်။ အဲ မီးပူတိုက်စရာမလိုဘဲ ပြန်နေတာလေးလည်း သဘောကျတဲ့အထဲမှာ ပါပါတယ်။

ဒီလိုနဲ့ Bugis ရောက်တိုင်း အဲ့ဒီအကျီဆိုင်တော့ ခဏခဏသွားပြီး ကြည့်ဖြစ်တယ်။ မ၀ယ်နိုင်သေးပေမယ့် ကိုယ်ကြိုက်တာလေးရှိသေးလားသွားကြည့်တဲ့သဘောပါ။ စိတ်မနိုင်ဘဲ ၀ယ်ဖြစ်လဲ ၀ယ်ဖြစ်သွားအောင်လည်း ပါပါတယ်။ ဟီးး အခုထိတော့ မ၀ယ်ဖြစ်သေးပါဘူး။ ဒါပေမယ့်ဒီတစ်ခေါက်ပြန်ရင်တော့ ၀ယ်ဖြစ်မယ် ထင်ပါတယ်။ ၀ယ်ဖြစ်အောင်လည်း ဘလောဂ့်ရေးနေမိတယ်။ ဟီးး ၂၈ ကျပ်ဆိုတာ များပေမယ့်လိုချင် နေမိတယ်။ အကျင့်ဆိုတာ ပြင်လို့မရတာသေချာတယ်။ ဒီဇိုင်းပြောင်းသွားတာပဲရှိမယ် အထဲအနှစ်ကတော့ မပြောင်းလဲဘူး ဖြစ်နေတယ်။ အမှန်ကတော့ ကိုယ်ကြိုက်တဲ့ဟာဆို ကြာကြာသုံးလို့ရတာမျိုး ကိုကြိုက်တက်တဲ့ အကျင့်ကြောင့်ဖြစ်မယ်ထင်ပါတယ်။ အခု ခဏလေး သုံးပြီး ပစ်လိုက်ရတာမျိုးကို လုံးဝမကြိုက်ခဲ့ဘူး။ ဈေးကြီး ပေမယ့် ကြာကြာသုံးလို့ရမယ့် ပစ္စည်းမျိုးကို ပိုလိုချင်ခဲ့တယ်။ တစ်ခါတစ်လေ မ၀ယ်နိုင်လည်း ဈေးချတဲ့အထိ စောင့်ပြီး ၀ယ်တာမျိုးရှိခဲ့တယ်။ ကိုယ်မသုံးရသေးတော့ ကိုယ့်အတွက်အသစ်ပါဘဲ။ ဒီဇိုင်းတွေဘာတွေက သိပ်ပြီး စိတ်မ၀င်စားခဲ့ပါဘူး။

ဒီလိုဘဲ အရမ်းကြိုက်တဲ့အကျီးတစ်ထည်ရှိခဲ့ဖူးတယ်။ တီရှပ်အဖြူရောင်းလေး၊ ကြောင်ရုပ်လေးနဲ့ အရမ်းခင်တဲ့ အန်တီတစ်ယောက်က ပေးတာပါ။ ၀တ်ပြီးသားဆိုပေမယ့် အသစ်လေးပါဘဲ။ ဆယ်တန်းတုန်းကရခဲ့တာ အဲ့ဒီအကျီလေးက သိပ်ကြိုက်ပြီး ခဏခဏ၀တ်ခဲ့တာ။ကျွန်မမှာ ကျောင်းအကျီကလွဲလို့ အဖြူရောင်အကျီတွေ ၀ယ်တာ အတော်ရှားပါတယ် အဖြူဆို အပေမခံလို့၊ပန်းရောင်ဆို နုလို့ကြိုက်ပေမယ့် ရှောင်ပြီးဝယ်တာများ ပါတယ်။ ဒီလိုနဲ့ အကျီလေးက ချည်သားဆိုတော့ အပေါက်လေး တွေဖြစ်လာရော။ ကြာလာတော့အကျီလေး ဆွေးလာပြီး အပြင်ဝတ်လို့ သိပ်ပြီးကောင်းတော့ဘူး။ ဒါနဲ့ အိမ်နေရင်းဝတ်ခဲ့တယ်။ နောက်ပိုင်း အပေါက်တွေ အရမ်းများနေလို့ အိမ်နေရင်းတောင် သိပ်ပြီးဝတ်လို့ မကောင်းတော့လို့ သိပ်ထားသေးတယ်။ အရမ်းပူတဲ့ အချိန်တွေမှာ ည၀တ်အကျီလုပ်ပြီး ၀တ်ခဲ့တယ်။ မေမေကတော့ အရမ်းပေါက်တွေများနေပြီး ၀တ်ချင်ရင်လည်း ချုပ်ပြီးဝတ်၊ မဟုတ်ရင်လည်း မ၀တ်နဲ့တော့တဲ့။ ရောဂါက ကျွန်မကြိုက်တဲ့ အ၀တ်တွေဆို ပျင်းလို့တော့ မဟုတ်ဘူး ချုပ်ပြီးဝတ်ရမှာ သိပ်ပြီးမကြိုက်လှဘူး။ ဒီအတိုင်လေး ထားပြီး ၀တ်ချင်တာ။ ဘာရောဂါမှန်းကို မသိဘူး။ ဆင်ရဲသားဇာတာပါတာလို့လည်း ပြောကြတာဘဲ။ ဘာပဲဖြစ်ဖြစ် ဒါမျိုးလေး ကြိုက်နေမိတယ်။ ဒါပေမယ့်လည်း ဆက်ပြီးဝတ်နေမိခဲ့တယ်။ အဲ့ဒီအကျီလေးဝတ်လိုက်ရရင် နုပျိုသွားသလိုခံစားရတယ်၊ နွေးထွေး သလိုမျိုး ခံစားရလို့လည်း ပါတာဖြစ်မှာပါ။

ဒီလိုနဲ့မနှစ်က ဒီဇင်ဘာရောက်မှ မျက်စိမှိတ်ပြီး ပစ်တဲ့အထဲထည့်လိုက်ခဲ့တယ်။ ဒါတောင် သိမ်းစရာနေရာမရှိလို့ စိတ်ပြတ်အောင် လုပ်တဲ့အနေနဲ့ လုပ်လိုက်တာလဲ ပါပါတယ်။ အဲ့ဒီ အကျီလေးက ကျွန်မအတွက် တစ်ထည် တည်းသော ကြောင်ရုပ်နဲ့ အကျီလေးပါ။ အခုလည်း ဒီ ခရမ်းရောင်အကျီလေးကို အတော့်ကိုသဘောကျတော့ နောက်ထပ်အထည်တွေ ၀ယ်ဖို့ကို လက်တွန့်နေတာလည်း အထည်များရင် မကြိုက်ဘဲနေတော့မှာ စိုးတာ လည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် ၀ယ်သင့်မ၀ယ်သင့်ကိုတော့ စိတ်ထဲမှာလွန်ဆွဲနေမိပါတယ်။

နောက်တစ်ခုက ကျွန်မ ၆တန်းလောက်ကတည်းက အပေါ်က ကြောင်ရုပ်နဲ့အကျီပေးတဲ့ အန်တီကပဲပေးထားတဲ့ အ၀ါရောင်ဂါဝန်လေး တစ်ထည်ရှိပါတယ်။ အခုထိ ကျွန်မဆီမှာရှိနေတုန်းဘဲ။ မှတ်မှတ်ရရ အဲ့ဒီအကျီက သူနိုင်ငံခြားက ၀ယ်လာတာပေါ့။ အရောင်က နုပြီးအဆင်က ကျွန်မရွယ်နဲ့ မသင့်တောလို့ဆိုပြီး မေမေက ပေးမ၀တ်ဘဲ သိမ်းထားတာ အခုထိ ၂ ခါဘဲဝတ်ဖူးသေးတယ်။ ရီရတယ်နော်။နှစ်ပေါင်းမျာစွာ သိမ်းထားပြီး အပြင်ကို ၂ ခါဘဲဝတ်ရသေးတဲ့အကျီ။ အရမ်းကြိုက်ပါတယ် ၀တ်လည်း ၀တ်ခဲတယ်။ တစ်ခါက မြစ်ကြီးနားကနေ မန်းလေးကိုသွားတဲ့လမ်းမှာဝတ်တာ မှတ်မှတ်ရရ ၁၉၉၆ ခုနှစ်က။ လူတွေဝိုင်းကြည့်ကြလို့ဆိုပြီး သိပ်မကြာဘူး မေမေက လဲခိုင်းလို့ လဲလိုက်ရတယ်။ နောက်တစ်ခေါက်က စလုံးမှာ။ ကျောင်းရပ်နားခွင့်သွားယူတုန်းက အမှတ်တရ အနေနဲ့ ၀တ်သွားတာ။ ကျောင်းကလူတွေကတော့ထင်မှာဘဲ ဒီအချိန်ကြီး လှလှပပ ၀တ်လာ တယ်လို့။ ၂ ခါတိတိ အပြင်ကိုဝတ်ဖူးတယ်။ အိမ်ထဲမှာတော့ ခဏခဏ ၀တ်ကြည့်ဖြစ်တယ်။

နောက်ထပ်တစ်ထည်ကတော့ ကျွန်မမွေးခါစက၀တ်ခဲ့တဲ့ အကျီလေးပါ။ မေမေက အမှတ်တရအနေနဲ့ တခြားအကျီတွေ သူများတွေကိုပေးလိုက်ပေးမယ့် အဲ့ဒီအကျီလေးကိုချန်ထားပေးခဲ့တယ်။ ကျွန်မ ၆ တန်း လောက်က အဲ့ဒီအကျီလေး ကျွန်မဆီကို ပြန်ရောက်ခဲ့တယ်။ အခုလောလောဆယ်တော့ သူကိုရန်ကုန်က ကျွန်မရဲ့စာအုပ်သေတ္တာထဲမှာ သိမ်းထားခဲ့ပါတယ်။ အသက်ကြီးလာရင်တော့ ဒါငါမွေးစက အကျီဆိုပြီး ပြန်ကြည့်လို့ ရအောင် သိမ်းထားခဲ့တာ။ နောက်ထပ်တစ်ထည်ကတော့ အ၀ါရောင် စပန့်ဝမ်းဆက်ပါဘဲ။ စပန့်စတွေ ပေါ်ခါတုန်းက မေမေကိုယ်တိုင်ချုပ်ပေးထားတဲ့အကျီလေး အဖြူရောင်အကျီလိုဘဲ အပေါက်တွေ ဖြစ်နေလို့ သူ့ကို မြန်မာပြည်မှာသိမ်းထားခဲ့ရတယ်။ တစ်ခါတလေ ဒီလို အမှတ်တရလေးတွေ ရှိနေတာ ကောင်းလည်း ကောင်းပါတယ် သိပ်ပြီးတန်ဖိုးမရှိတဲ့ အရာတွေဆိုပေမယ့် ဒီလိုမျိုးလေး သိမ်းထားရတာ ပျော်နေမိပါတယ်။

Read more...

Thursday, 25 June 2009

Endless Greedy

ဒီလ ၁၉ ရက်နေ့က မလေးကိုပြန်ဖြစ်ပါတယ်။ အမှန်က ပြန်ဖို့ကအစက အစီအစဉ်မရှိပေမယ့် မိဘတွေ နေမကောင်းဘူးဆိုတာရော(ဒါကတော့ အကြောင်းပြချက်ကောင်းပေါ့)၊ လေယာဉ်လက်မှတ်ဈေးတွေ အရမ်းချနေတာရော ပေါင်းပြီး ပြန်ဖြစ်ပါတယ်။ မြန်မာပြည်က ထွက်လာကတည်းက Budget Air Line ပဲ စီးတာများတော့ လေကြောင်းလိုင်းကောင်းကောင်းလေးနဲ့ တစ်ခါလောက်တော့ သွားဖူးချင်တာ။ Asia ထဲမှာ Singapore Air Line တို့၊ Silk Air တို့ပြီးရင် Malaysia Air Lineလည်း နာမည်ကြီးတာမို့။ ဒီတစ်ခါ ဈေးချတာမလေးရှားလိုင်းကဆိုတော့ စီးဖူးတယ်ရှိအောင် စီးချင်တာလဲ ပါပါတယ်။ သူမို့လည်း စီးနိုင်တာပါမယ်ထင်ပါတယ်။

ရုပ်ရှင်တွေထဲမယ် လေယာဉ်ပျံနဲ့ ခရီးသွားတဲ့လူတွေများ လှလှပပနဲ့ ကျော့လို့မော့လို့ ကျွန်မတို့များလေယာဉ်တစ်ခါစီးတာ ကုန်ထမ်းနေရသလိုပါဘဲ။ အဲအေးရှားက လူတစ်ယောက်ကို ၁၅ ကီလိုဘဲပေးတော့ ကျန်တဲ့ ကိုယ်သယ်ချင်တာတွေကိုယ်တိုင်သယ်ရတော့ လက်ထဲမှာ ၃ ထုပ်လောက်က အသာလေးပါတယ်။ တစ်ခါတလေတော့ ရုပ်ရှင်ဆိုတာ စိတ်ကူးယဉ်သက်သက်တစ်ခုဘဲဆိုတာ လက်ခံမိတယ်။

ဒီလိုနဲ့ ကျွန်မဆီမှာ အေးအေးသက်သာနဲ့ လေယာဉ်တစ်ခါလောက်တော့ စီးဖူးချင်သားလို့ စိတ်ကူးရှိမိပါတယ်။ အခုတစ်ခေါက်တော့ မလေးရှားအဲလိုင်းက လေယာဉ်လက်မှတ်တွေ ဈေးချတာ တစ်ကြောင်းကို ၄၉ ကျပ်၊ဈေးချတာကတော့ Economy တန်းကဆိုပေမယ့် ခါတိုင်းကို စလုံးငွေ ၁၀၀ ကျော်ပေးရတဲ့၊ မလေးငွေ သုံးရာလောက်ပေးရတဲ့ အတန်းတွေဆိုတော့ စီးဖူးတယ်ရှိအောင်ဆိုပြီး အိမ်ပြန်မယ် စိတ်ကူးပါတယ်။ အသွားအပြန် ၉၁ ကျပ်ဘဲကျပါတယ်။ အသွားအပြန်ဝယ်တော့ ဈေးပိုသက်သာသွားပါတယ်။ ဒါနဲ့ ပျော်ပျော်ကြီး
အိမ်ပြန်ခဲ့ပါတယ်။ ဒီတစ်ခါတော့ ကျွန်မဆုတောင်းအချိန်မှီပြည့်တယ် ပြောရပါ့မယ်။

အဲ့ဒီမှာ ပြဿနာက စတော့တာပါဘဲ။ မလေးနဲ့ စင်္ကာပူကူးတဲ့လေယာဉ်မို့လား၊ ဈေးချတဲ့အချိန်ဆွဲတဲ့ လေယာဉ်မို့လားမသိပါဘူး။ လေယာဉ်က Boring 737 ဖြစ်နေပါတယ်။ အဲ့ဒါတောင် လေယာဉ်ပေါ်ရောက်မှ သိတာပါ။ ခါတိုင်း Air Asia အမြဲစီးတာဆိုတော့ ဘာတွေကွာလည်း သေချာမသိပါဘူး။ နာမည်ကြီး လေကြောင်းလိုင်းဆိုတော့ ကောင်းမယ်ဘဲထင်တာပါဘဲ။ လေယဉ်လိုင်းက အကောင်းဆိုတော့ ဂိတ်တွေ ကလည်း စောတဲ့ ဂိတ်တွေ၊ လှလှပပ နေရာနားတွေက ဂိတ်ဆိုတော့အားလုံးလှနေတာပေါ့။ Checkin ကို Online ကနေလုပ်တာဆိုတော့ ထိုင်ခုံကတော့ ရှေ့နားရပါတယ်။ အစကတည်းက လေယာဉ်စီးရင် အလယ် နားလောက် စီးရတာကို ပိုကြိုက်လို့ အလယ်နားက ထိုင်ခုံကို သေချာရွေးခဲ့တာပါ။

ဒီလိုနဲ့ လေယာဉ်ပေါ်တက်ပြီးလို့ လေယာဉ်စထွက်ပြီး မိနစ်နှစ်ဆယ်လောက်ကြာတယ် Taxi လုပ်နေတာ။ ကွင်းကနေ အရှိန်နဲ့ စပြီး ပြေး၊ လေပေါ်စရောက်တာနဲ့ လေယာဉ်ကတုန်နေပါတယ်။ အသံတွေ ကြားနေရတယ်။ အခုတလောလဲ လေယာဉ်တွေ ပျက်ကျတာတွေ အမြဲကြားနေရတော့ စိတ်ထဲမယ်လည်း တစ်မျိုးတော့ ဖြစ်မိပါတယ်။ ဖြစ်လည်း အတွေ့အကြုံလို့ မှတ်လိုက်ပါတယ်။ အပေါ်မှာ လေးက တော်တော် လေးပြင်းနေတော့ အပေါ်နားရောက်ခါနီးလေ လေယာဉ်က ပိုပြီးတုန်လေဖြစ်နေပါတယ်။ အပေါ်တော်တော် မြင့်မြင့်ရောက်မှ တုန်တာတွေ ရပ်သွားမှဘဲ လူလည်း ဟင်းချနိုင်တော့တယ်။ ဟီးး မပြောကောင်းပြောကောင်း သွားပြီကို မှတ်တာ။

အမှန်က Air Bus တွေက သိပ်ပြီးမတုန်ဘဲ လူတွေ စီးရတာ သက်တောင့် သက်သာရှိတယ်လို့ ဖေဖေတစ်ခါပြောဖူးတာ အဲ့ဒီတော့မှ ပြန်ပြီး သတိရပါတယ်။ ခါတိုင်းက Air Asia စီးတော့ သူ့ဆီက လေယာဉ်တွေက Air Bus တွေချည်း ဆင်ထားတာဆိုတော့ အခုကိုယ်စီးတဲ့လေယာဉ်ကလည်း MH မှာအသေးဆုံးလေယာဉ်ဖြစ်နေတော့ အသားကုန်မြည်နေတာလည်း ပါမယ်ထင်ပါတယ်။ ဒီတော့မှ ထိုင်ခုံပြေးဦး၊ မုန့်မကျွေးတာမှတန်ဦးမယ်လို့ တွေးမိပါတယ်။ ပြီးတော့ Air Asia က Lather ထိုင်ခုံတွေကို ပိုကြိုက်ပါတယ်။။ ဘယ်လိုဘဲ ဖြစ်ဖြစ် စိတ်ထဲမှာ စီးနေကျဖြစ်လို့လား၊ တကယ်ဘဲ သက်တောင့်သက်သာရှိလို့လားတော့ မသိဘူး။ Air Asia ရဲ့ အနံနဲ့ ထိုင်ခံတွေကို ပိုပြီး နှစ်သက်မိပါတယ်။

ဒါပေမယ့် အခုလောလောဆယ်တော့ Air Asia ကလည်း One Way တောင် ၈၈ ကျပ်ကျတာဆိုတော့ ကိုယ့် Budget ပေါ်မူတည်ပြီး လက်ရှိလေးဘဲ ကောင်းပါတယ်ဖြစ်သွားပါတယ်။ ဒီတစ်ခါကျတော့ လောဘက ပိုပြီးတက်သွားတယ်။ တကယ်လို့များ ငါ့မှာ ပိုက်ဆံရှိခဲ့ရင် Business class ကိုစီးမယ်ဆိုပြီးဖြစ်သွားပြန်ရော။ ဟီးး ဒီလို၊ ဒီလို မဆုံးနိုင်တဲ့ လောဘပေါ့ ခင်ဗျာ။

Read more...

Monday, 15 June 2009

Near or Far ?


ကျွန်မရဲ့ ရောဂါက ဓါတ်ပုံဆိုရင် မပြင်ဘဲ တင်ရတာကိုကြိုက်ပါတယ်။ ဒါလေးက ဖုန်းကင်မရာလေးနဲ့ ရိုက်ထားတဲ့ ပုံလေးပါ။ အမှတ်တရအနေနဲ့ တင်လိုက်တာပါ။ ထူးထူးခြားခြားတော့ မရှိပါဘူး။ ဒါပေမယ့် ခေါင်းထဲမှာ ပေါ်လာတာလေး တစ်ခုက ကောင်ကင်ကြီးက မြက်ပင်တွေအတွက် တကယ့်ကိုဝေးပေမယ့် ဒီလို လေးကျတော့ နီးနီးလေးလိုပါဘဲ။ အမြင်လေးတစ်ခုကြောင့် အကွာအဝေးတွေကနေ နီးသွားသလို ဖြစ်သွား ပေမယ့် ကတယ်တော့လည်း ဝေးနေတုန်းပါဘဲလို့ ဆိုတဲ့ မတူတဲ့ အတွေးနှစ်ခု ခေါင်းထဲ ရောက်လာပါတယ်။


Read more...

ကြာဇံချက်( Behon with Chicken soup)


ဒါလေးများ အရေးတယူလုပ်ပြီးတင်တယ်လို့ မထင်လိုက်ပါနဲ့။ ဒါက ကျွန်မရဲ့ ပထမဆုံးချက်ဖူးတဲ့ ကြာဆံချက်။ အိမ်မှာက မေမေဘဲချက်တာ။ ကိုယ်က ဘေးကနေ ကူယုံတင်ကူတာဆိုတော့ နည်းတော့ သိပါတယ်။ အစဆုံး ကိုယ်မလုပ်ဖူးတော့ ဒါက ပထမဆုံး ကြာဆံချက်ပေါ့။ မဆိုးဘူး စားလို့ ကောင်းတယ်။ ကိုယ့်ဘာသာချက်ပြီး ကျေနပ်နေတယ်။ စကားကောင်းလိမ့်မယ်လို့ မထင်ထားပေမယ့် စားကောင်းခဲ့တယ်။

ထူးခြားတာကတော့ ကြက်သားဆီသတ်တဲ့အချိန်မှာ ကြာဇံကို ထည့်ပြီး ဆီသတ်ခဲ့ပြီးတော့ ချက်တာ ကြာဇံသိပ်ပြီး မပွဘူး။ အဲ့ဒါလေး တစ်ခုပါဘဲ။ ပထမဆုံး ကြာဇံချက်ကတော့ အောင်မြင်သွားပါတယ်။ ကြာဇံချက်က ပစ္စည်းစုံပေမယ့် အဆာဗလာကတော့ မစုံဘူး။ ဒါပေမယ့် စားကောင်းတာဘဲ။ ကိုယ့်ဘာသာ ချက်ပြီး စားလို့ကောင်းပြီး ကျေနပ်တဲ့အထဲမှာလည်း ပါတာကြောင့် ဘလောဂ့်မှာတင်ဖြစ်ပါတယ်။

Read more...

My Sample Anger

ဘယ်နားက စပြောရမှန်း မသိတဲ့ ကျွန်မရဲ ဒေါသလို့ စပြောရမယ်မှန်းကို တကယ်မသိခဲ့ဘူး။ ဒေါသဆိုတာ မကောင်း ဘူးလို့ လူတွေပြောကြပေမယ့်။ ကျွန်မကဘဲ ဒေါသထွက်လွယ်တာဘဲလား။ ကျွန်မဆီကိုဘဲ ဒေါသထွက် ရမယ့်အရာတွေ လာခဲ့တာလားဆိုတာ လုံးဝမသိတော့ဘူး။

ပြသနာအစကတော့ ရှင်းရှင်းလေးပါ။ ကျွန်မမောင်လေးက ကွန်ပျူတာလိုချင်တယ်ဆိုလို့ စလုံးမှာလည်း ဈေးတွေ ချနေတာနဲ့ ကွန်ပျူတာဝယ်ဖို့ ဖြစ်လာပါတယ်။ တစ်ခန်းတည်းမှာနေတဲ့ အစ်မတစ်ယောက်က မြန်မာပြည်ပြန်မယ် ဆိုတော့ သူနဲ့ ထည့်ပေးမယ်လို့ ပြောလိုက်မိပါတယ်။ သူက သယ်ပေးမယ်လို့ ပြောပါတယ်။ ဒါဆို အဆင်ပြေပြီဆိုပြီး သူပြန်မယ့် ရက်ကိုချိန်ပြီး ကွန်ပျူတာဝယ်လိုက်ပါတယ်။ သယ်ပေးမယ်ဆိုတော့ ကျွန်မအမှန်အတိုင်းပြောရရင် အချင်းချင်းဆိုတော့ အလကားမတ်တင်းသယ်ပေးမယ်လို့ ထင်မိပါတယ်။ ကျေးဇူးတင်မိပါတယ်။ တစ်ခုခု ပြန်လုပ်ပေးမယ်လို့ လည်း စိတ်ထဲ မှတ်ထားပါတယ်။ ဒါမျိုးဆို ပိုက်ဆံပေးရတယ် လို့လည်း ကျွန်မသိထားပါတယ်။

ဒီလိုနဲ့ ကွန်ပျူတာဝယ်ပြီးသွားပါတယ်။ နောက် အဲ့ဒီအစ်မ ပြန်မယ့်နေ့မတိုင်ခင်တစ်ရက်ကျတော့ ကျွန်မလည်း ထည့်ပေးမယ့် ပစ္စည်းတွေကို စစ်၊ အဆင်ပြေအောင် ဘယ်လို လုပ်ရမလဲ စီစဉ်။ ဟိုတစ်ယောက်မှာတဲ့ ဟာတွေ ကွန်ပျူတာထဲ ထည့်ပေါ့။ တစ်ယောက်တည်း အလုပ်ရှုပ်နေပါတယ်။ အဲ့ဒီညနေမှာ ပစ္စည်းယူမယ့် အစ်မက ပြောပါတယ်။ ကွန်ပျူတာ ထည့်ပေးချင်ရင် ပိုက်ဆံပေးရမယ်လို့ အဲ့ဒါနဲ့ သြော် ဟုတ်ကဲ့ ဒါဆို အားနားစရာ၊ ကျေးဇူးတင်စရာမလိုတော့ဘူးပေါ့လို့ စိတ်ထဲမယ် ပြောမိပါတယ်။ ပြီးတော့ ပစ္စည်းရဲ့ ၁၀ ရာခိုင်နှုန်း ပေးရမယ်လို့ ပြောပါတယ်။ ကျွန်မ ပစ္စည်းက ၁၆၀၀ တန်ပါတယ်။ ၁၀ ရာနှုန်းဆို ၁၆၀ ပေးရမယ်ပေါ့။ ဒါဆို ကွန်ပျူတာ တန်ဖိုး ၁၈၀၀ လောက်ဖြစ်သွားပြီပေါ့။

ဈေးစကားပြောလာပြီဆိုတော့ ကျွန်မနေနဲ့ ဒီတိုင်း ထိုင်နေလို့ မရတော့ စုံစမ်းရတာပေါ့။ ပေါက်ဈေးဘယ်လောက် ရှိလဲပေါ့။ ၁၆၀ ဆိုတဲ့ ငွေက တော်တော်များပါတယ်။ ကျွန်မအနေနဲ့ကတော့ များတယ်လို့ မြင်မိပါတယ်။ ဒီလောက်ငွေယူပြီး လုပ်ရင် အာမခံချက် ဘယ်လောက်ရှိလဲ ဆိုတာလဲ ကျွန်မခေါင်းထဲ ရောက်လာပါတယ်။ အစက ခင်မင်မှုကနေ အလုပ်လိုပုံစံမျိုးဖြစ်လာပြီဆိုတော့ အလုပ်လို စဉ်းစား မိလာပါတယ်။ ဒါက ကျွန်မဘက်က စဉ်းစားမိတာကို ရေးတာပါ။ သူငယ်ချင်းတွေ မေး၊ ပင်နီစူးလားက ဆိုင်တွေကို ဖုန်းဆက်မေးပါတယ်။

သူငယ်ချင်တွေကတော့ ပုံမှန်ဆို ကိုယ်က သယ်ချင်ရင် ဆိုင်ကနေ ရတာကတော့ ၄၀ လောက်ရတယ်။ အချင်းချင်းဆို ခင်မင်မှုပေါ်မူတည်ပြီး ဈေး အတိုးအလျှော့ရှိပါတယ်တဲ့။ ပြီးတော့ စလုံးမှာ နာမည်ကြီး ဈေးအကြီးဆုံး ဆိုင်ဖြစ်တဲ့ ဒေါ်သန်းသန်းနု ဆိုင်ကို ဖုန်း ဆက်မေးကြည့်ပါတယ်။ လက်တော့ တစ်လုံးကို ပို့ဆောင်ခ ၁၂၀ ပေးရပါ့မယ်။ သူတို့ ဘက်က ပစ္စည်းတန်ဖိုးအပေါ်မှာ ကြည့်ပြီး ၁၀၀၀ အာမခံပါတယ်တဲ့။ အပြောက်အရှပေါ်မှာ မူတည်ပြီး အာမခံကြေးပါတဲ့။ နောက် တခြားဆိုင်တွေ မေးတော့ ကိုယ်က ပေးချင်ရင်ဆိုင်တွေက ပို့ဆောင်ခအနေနဲ့ ၇၀ တောင်းပါတယ်။ ဒီတော့ စလုံးကနေ မြန်မာပြည် ပို့ဆောင်ခ ဈေးကွတ်တော့ သိသွားတာပေါ့နော်။

ဒါပေမယ့် ဆိုင်တွေကနေ တကယ်သယ်မယ့်လူကို ပြန်ပေးတဲ့ ဈေးကတော့ ကျွန်မတို့ဆီက တောင်းတဲ့ဈေးဖြစ်မှာ မဟုတ်တာတော့ သေချာပါတယ်။ အနဲဆုံး ၂၀ ခွဲမယ် အများဆုံး ၃၀ ခွာမှာပါဘဲ။ ဒီတော့ အိမ်မှာ ပြန်ပြီး ဈေးဆစ်ရပါတယ်။ မဆစ်လို့လည်း မရဘူးလေ။ အဲ့ဒီအစ်မက အခုမှစလုံးကို ပထမဆုံး ရောက်ဖူးတဲ့သူ။ စလုံးဈေးကွတ်လည်း သေချာမသိတဲ့လူလို့ ထင်ပါတယ်။ ဒါနဲ့ အပြင်မှာတော့ ဈေးတွေ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်ပေါက်တယ် အစ်မ တောင်းတဲ့ဈေးတော့ ဈေးကွတ်မှာ မရှိဘူးလို့ ပြောမိပါတယ်။ ကျွန်မစိတ်ထဲမယ်လဲ ဒီလောက်ဈေးတွေ အများကြီး တောင်းရင် အာမခံချက် ဘယ်လောက်ရှိလဲ ဆိုတာမျိုးဖြစ်လာပါတယ်။ ဟိုဆိုင်တွေကတော့ အာမခံချက် ရှိတာကိုလည်း သိလိုက်ရတာကြောင့်လည်း ပါမှာပါ။

ကျွန်မမှာ မကောင်းတဲ့အကျင့်ကတော့ ပြောပြီးသားစကားကို ပြန်ပြီး ဖျတ်ဖို့ အရမ်း တွန့်ဆုတ်တက်တဲ့ အကျင့်ပါဘဲ။ အဲ့ဒီအကျင့်ကြောင့်လည်း ပြသနာ တော်တော်များများနဲ့ ရင်ဆိုင်ပြီးပေမယ့် အခုထိ နိုးလို့ ပြောရမှာ တော်တော်ဘဲ တွန့်ဆုတ်တဲ့ ရောဂါရှိလေတော့။ သူမများရမယ့် ပိုက်ဆံ ကိုယ်နဲ့ သိတဲ့လူရပါစေ၊ ကိုယ်လည်း ပြောပြီးသားစကား ပြင်စရာမလိုတော့ဘူးဆိုတော့ ဈေးညှိကြည့်လိုက်တယ်။ သူက နဲနဲတော့ အင်တင်တင် ဖြစ်နေတယ်။ ကိုယ့်ကို သိပ်ပြီး ချမ်းသာတယ်လို့ အရမ်းအထင်ကြီးတာလဲ ပါမှာပေါ့။ (ဒါက ကိုယ့်ဘာသာထင်တာ)။ ဒီလိုနဲ့ ဈေးက ၆၀ နဲ့ တည့်သွားတယ်။ ပြီးတော့ ကိုယ်က လောဘတက်ပြီး ဂျီအက်စ်တီ ရီဖန်းပြန်လိုချင်တော့ လေဆိပ်လိုက် သွားလိုက်တယ်။ အထဲ ရောက်မှထုတ်လို့ ရမယ်လို့ သူငယ်ချင်းကပြောတော့လည်း ပြောသား။ ရမလားစမ်းတာ မရဘူးဖြစ်သွားတယ်။ ဒါနဲ့ပဲ စက်ကြီး မြန်မာပြည် ရောက်သွားတယ်ပေါ့။

ချစ်စွာသော မောင်လေးက စက်ရပြီးသကာလမှာ ဘာမှအကြောင်းမပြန်ဘာမှမပြောပေမယ့် ကိုယ့်က အဆင်ပြေလား လှမ်းမေးတော့ အဆင်ပြေတယ်ဆိုတော့ ၀မ်းသာမိပါတယ်။ ဒါပေမယ့် ၁ လနီးပါလောက်ကြာမှာ installation CD တွေ ဘယ်မှာလည်း လှမ်းမေးတယ်။ အဲ့ဒီတော့မှ သူ CD တွေ မရဘူးဆိုတာ သိတယ်။ ကိုယ်က လေဆိပ်မသွားခင် ထည့်ပေးလိုက်ပြီးနောလို့ ပြောပြီး ရှေ့တင်ထည့်လိုက်တာ။ ယူသွားတဲ့လူက သူ ဘာမှဖွင့်ပြီး မကြည့်ဘူး ဒီအတိုင်ပေးလိုက်တာတဲ့။ ပစ္စည်းလာယူတဲ့လူကလည်း ဘာမှမစစ်ကြည့်ဘဲ ဒီအတိုင်းယူသွားတယ်။ ထည့်ပေးလိုက်တဲ့ ကျွန်မ အဲ့ဒီတော့မှ ခေါင်းကိုက်ရတယ်။ နောက်ဆုံးကျတော့ အလုပ်လုပ်တဲ့ ကျွန်မက ပစ္စည်း ပေးတုန်းက စာရင်းလုပ်ပြီး မပေးမိ၊ ပြီးတော့ ပက်ကင်ထုတ်ပြီး မပေးမိတာကြောင့်။ ကွန်ဖန်းလုပ်ဖို့ လုပ်ဖို့ လိုသွားတာကြောင့် ပြဿနာအားလုံးရဲ့ အဓိက တရားခံက ကျွန်မလုံးလုံးဖြစ်သွားပါတယ်။

ဒီကိစ္စမှာ စာရင်းမလုပ်မိတဲ့ကျွန်မရယ်၊ လက်ခံတုန်းက မစစ်ဘဲယူသွားတဲ့ ချစ်စရာမောင်လေးရယ်၊ ပစ္စည်းကို စစ်ပြီးမှယူပါလို့ ကွန်ဖန်းမလုပ်မိတဲ့ သူရယ် သုံးယောက်ကြောင့် installation CD တွေ အစရှာမရအောင် ဖြစ်သွားပါတယ်။ ကျွန်မက ထည့်ပေးလိုက်တာ သေချာတယ်လို့ ကိုယ့်ကိုယ်ကို ယုံတယ်။ သယ်ပေးတဲ့လူက သူ့ဆီမှာ မကျန်ခဲ့ဘူးလို့ ပြောတယ်။ လက်ခံရရှိသူက သူ လက်ခံတဲ့အထဲမှာ အဲ့ဒီ ပစ္စည်းမပါပါဘူးလို့ ပြောတယ်။ ကဲပါ ကျွန်မရဲ့ ရိုးရိုးဒေါသကို ဘယ်နား သွားထွက်ရမလဲ ပြောကြပါဦး။ နောက်ဆုံးတော့ ဇာတ်လမ်းစစချင်းမှာ ပါတဲ့ ကျွန်မက ပြဿနာကောင်ကြီး ဖြစ်သွားတော့ ငါသည်သာ ဒေါသထွက်စရာကြီး ဖြစ်သွားပါတယ်။ ကြာကြာနေရင် ဒီဒေါသနဲ့တင် ဦးနှောက်သွေးကြောပြတ်ပြီးသေပါလိမ့်မယ်။

Read more...

Sunday, 7 June 2009

Roger Federer Win Roland Garros


Finally, the day is come. I believe he will win this year. He try really hard to win in clay court. This is his first clay court title in his career. Now he got his 14 grand slam title in 2009. I still believe him to get more Grand slam title. When I saw he cry in Australian Open this year, I am really sorry for him. And I had cry for him. Thanks Roger for not give up his career. I believe you will win Wimbledon for this year. Go Go Roger.


Read more...

About This Blog

ဘာမှမထူးခြားပေမယ့် ကျွန်မရဲ့အတွေးနဲ့ လက်ရှိကြုံတွေ့နေရတာတွေကို
အမှတ်တရအနေနဲ့ ရေးတဲ့ အိပ်မက်ဆန်ဆန်နေရာလေးတစ်ခုပါ။

  © Blogger template Valentine by Ourblogtemplates.com 2008

Back to TOP