Thursday, 29 November 2007

စပ်မိစပ်ရာ ဟာသ

Reader Digest ဖတ်တယ်ဆိုပေမယ့် တချို့ရှည့်ပြီး ပျင်းစရာကောင်းမယ်ထင်တာတွေ မဖတ်တက်ပါဘူး။ တိုတို လေးနဲ့ မြန်မြန်ပြီးမယ့် ဟာသတွေကိုရွေးဖတ်တာများပါတယ်။ တနေ့က ဟာသတွေဖတ်ရင်းနဲ့ ဖတ်မိတဲ့ ဟာသလေး တွေကို ပိုစ့်တင်ရင်ကောင်းမလားလို့ စဉ်းစာမိပါတယ်။ အမှန်မှာတော့ အကြံကုန်တော့ ဂဠန်ဆားချက် လုပ်ရတာပါ။ မိမိ အဆင်ပြေသလို ဘာသာပြန်ထားပါသဖြင့် အဆင်မပြေမှုမှားကို ခွင့်လွှတ်ပေးကြပါ။

ဘယ်လိုသိသလဲ
မောင်မောင် တယောက်ထဲ မီးဖိုချောင်မှာ ယင်ဖမ်းတဲ့ ယပ်တောင်တခုနဲ့ အလုပ်ရှုပ်နေပါတယ်။
မမ။ ။ မောင်မောင်၊ နင်ဘာတွေလုပ်နေ တာလဲ။

မောင်မောင်။ ။ ကျွန်တော် ယင်ကောင်လိုက်ဖမ်းနေတာ၊ မမရဲ့။
မမ။ ။ ဘယ်နှစ်ကောင် မိပြီတုန်း။ ယင်ကောင် က။

မောင်မောင်။ ။ ဒီမှာ အထီးနှစ်ကောင်၊ အမ တစ်ကောင်မိပြီဗျ။
မမ။ ။ ဟင်.. နေပါဦး။ မင်းက ဘယ်လိုလုပ်ပြီး ယင်ကောင်ကို အထီးမှန်း၊ အမမှန်း သိသလဲ။

မောင်မောင်။ ။ သြော်..ဘာခတ်တာမှတ်လို့။ နှစ်ကောင်က ဘီယာဘူးပေါ်မှာ နားနေတယ်။ တစ်ကောင်က
တယ်လီဖုန်းပေါ်မှာ နားနေတာလေ။

ဖမ်းမယ်
နွေရာသီဖြစ်လို့ မယ်တင်နဲ့ သူအမျိုးအသား သာယာတဲ့ ရေကန်တခုမှာ ပျော်ပွဲစားထွက်ကြပါတယ်။ မယ်တင်က ကန်စပ်မှာ စာဖတ်ပြီး သူ့ရဲ့ အမျိုးသားက ငါးဖမ်းးပစ္စည်း အပြည့်အစုံပါတဲ့ လှေတစီးနဲ့ ကန်ထဲမှာ ငါးဖမ်းပါသတဲ့။ တနေကုန် ငါးမြှားပေမယ့် ငါးတစ်ကောင်မှ မရလို့ စိတ်ညစ်ညစ်နဲ့ မယ်တင့်အမျိုးသား ကမ်းပေါ် ပြန်တက်လာတဲ့ အချိန်မှာတော့ နေ အတော်စောင်းနေပါပြီ။ မယ်တင်ကလည်း ရေကန်ထဲမှာ အေးအေးဆေးဆေး စာဖတ်ချင်တာကြောင့် သူ့အမျိုးသားအသုံးပြုထားတဲ့ လှေနဲ့ဘဲ ကန်ထဲကို ထွက်လာ ခဲ့ပါတယ်။ စာဖတ်လို့ သိပ်ပြီးမကြာခင်မှာဘဲ ရဲ အရာရှိတစ်ဦးယောက်လာပါတယ်။

ရဲ။ ။ အမကြီး ကို ငါးမြှားချိန်ပြင်ပ ငါးမြှားတဲ့ အတွက် ဒဏ်ငွေဆောင်ရပါမယ်ခင်ဗျာ။
မယ်တင်။ ။ ကျွန်မက ငါးမြှားနေတာ မဟုတ်ပါဘူးရှင်။ ကျွန်မစာဖတ်နေတာပါ။ ငါးမြှားကိရိယာ တွေက ကျွန်မအမျိုးသား မနက်က သုံးထားတာတွေပါ။

ရဲ။ ။ မရပါဘူး ခင်ဗျာ။ အမကြီးမှာ ငါးမြှားကိရိယာ အပြည့်အစုံရှိတဲ့ အတွက် ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။
မယ်တင်။ ။ ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက လိမ်ဆိုင်ရာ အဓမ္မကြံစည်မှုနဲ့ တရားဆွဲမယ်။

ရဲ။ ။ ဗျာ.....(အံ့သြစွာဖြင့်။)
မယ်တင်။ ။ ဟုတ်တယ်လေ ရှင့်မှာ ပြစ်မှုကျူးလွန်ဖို့ ပစ္စည်းအပြည့်အစုံရှိနေတာကို။

Wednesday, 28 November 2007

နေမကောင်းခြင်းနှင့် ထွေရာလေးပါး။

ကျွန်မနေမကောင်းဖြစ်ချင်နေတာ အတော်ကြာပါပြီ။ အဓိကအမှားကတော့ ရေချိုးမှားခြင်းပါ။ ညနေဘက်တွေမှာ ရေချိုးနောက်ကျရင် အမြဲဖြစ်နေကျပေမယ့်၊ ကျွန်မလည်း ဆင်ချင်ခဲပါတယ်။ ရေချိုးမှာလို့ ခန္ဓာကိုယ်က ပြင်ပအပူချိန်နဲ့ မကိုက်ခင်မှာဘဲ နောက်တရက်မှာ ညနေပိုင်းကိုဘဲ ခေါင်းလျှော်လိုက်မိပါတယ်။ ကျွန်မဆံပင်တွေက သိပ်ပြီးမထူပေမယ့် ခေါင်းလျှော်ပြီးရင်တော့ ရေခြောက်ဖို့ အတော်ကြာအောင် စောင့်ရပါတယ်။ ဘလိုရာနဲ့ မှုတ်ပေမယ့်လည်း ခေါင်းက အတော်နဲ့ မခြောက်တက်ပြန်ပါဘူး။ အနဲဆုံး ၃ နာရီလောက်ကြာပြီး၊ အများဆုံး ၅ နာရီလောက် ကြာတက်ပါတယ်။


ညနေပိုင်းခေါင်းလျှော်ပြီး နောက်နေ့ကစပြီး ခေါင်းကိုက်ပါတယ်။ အအေးမိသွားတာထင်ပါရဲ့။ ဆေးတော့သောက်ပါတယ်။ အဲ့ဒါနဲ့ တော်လေး သက်သာသွားပြန်တော့ ခေါင်းပြန်လျှော်ဖြစ်ပါတယ်။ ဟဲဟဲ ကျွန်မအဖေကတော့ ခေါင်းမကောင်းလို့ အဲ့ဒီလိုလုပ်တာပါတဲ့လေ။ :P ခါတိုင်းဆိုရင်တော့ အိမ်ကိုပြောတက် ပေမယ့် ဒီကြားထဲမှာ ဘလောဒ့်ကဆွဲနေတော့ နေမကောင်းဘူးပြောရင် ဘလောဒ့်မရေးနဲ့လို့ဘဲ ပြောမှာဆိုးလို့ နေကောင်းချင်ယောင်ဆောင်နေတာ။ အခြေအနေက အတော်ဆိုးနေပါတယ်။ ကွန်ပျူတာကို မကြည့်နိုင် လောက်တဲ့ အထိဖြစ်နေတာ။ အအေးမိရုံမက စာကြည့်တာများလို့လည်း ဖြစ်တာပါ(ကျောင်းစာများမဟုတ်ပါ)။

ကျောင်းစာဆိုရင်တော့ သိပ်ပြီး လောဘမကြီးပေမယ့် အပြင်စာဆိုရင်တော့ သဲသဲမဲမဲစိတ်ဝင်စား တက်တာကြောင့် သူများပိုစ်တွေ အသစ်တင်ပြီးဆိုရင် ပြီးအောင်ဖတ်တက်ပါတယ်။ အဆင်ပြေရင် အဟောင်းတွေပါ မွှေနှောက်ပြီးဖတ်တက်ပါတယ်။ စာဖတ်လို့မပြီးရင် စားမ၀င်၊ အိပ်မပျော် ဖြစ်နေလို့.... မြန်မာဘလောဒ့်ဂါတွေကလည်း အများသား။ တနေ့တနေ့ သူတို့ ဘလောဒ့်တွေ ကုန်အောင်မသွားနိုင်ပါဘူး။ လက်လှမ်းမှီရာ၊ ဆီဗုံးထဲ လာအော်သွားတဲ့ သူတွေဆီ၊ အလည်သွားတဲ့ အိမ်မှာတွေ့တဲ့ လိပ်စာတွေ လောက်တော့ လည်ဖြစ်ပါတယ်။ သိပ်ပြီး မများပေမယ့် တယောက်ဆီသွားခေါ်လို့ နောက်တယောက်က မြင်သွားရင် သူတို့ကို မခင်ဘူး ထင်မှာဆိုးတာနဲ့ ဖြစ်နိုင်ရင် ကိုယ်နဲ့လက်လှမ်းမှီသလောက်တော့ ဖြစ်အောင်သွား ပြီးအော်ရပါသေးတယ်။

စာကြည့်ဆိုရင်တော့ ကွန်ပျူတာက စာတွေသေးလို့ဆိုပြီး ကြည့်ချင်မှကြည့်မှာ။ အခုတော့ ဘလောဒ့် တွေကစာတွေကို မနက်(၈)နာရီကစကြည့်ပါတယ်။ လျှောက်လည်ပါတယ်။လျှောက်အော်ပါတယ်။ ထမင်းစား ချိန် ၁နာရီ လောက်တော့ နားပါတယ်။ အဲ လျှောက်လည်ချင်း၊ သူများဘလောဒ့်တွေမှာ စာဖတ်ချင်း၊ ဟိုဟိုဒီဒီ လျှောက်အော်ချင်းတွေကို ညနေ (၅) နာရီမှာ နားပါတယ်။ ဒီကြားထဲ သူငယ်ချင်းတွေနဲ့ တွေ့ရင် ဂျီတော့မှာ စကားပြောပါတယ်။ ကွန်ပျူတာစကိုင်ကတည်းက မနားတဲ့ မျက်စိ အွန်လိုင်းက ထွက်တော့လည်း တာဝန်နဲ့ ၀တ္တရားအရ ကိုရီးယား ဇာတ်လမ်းတွဲများကို ကြည့်ပြီး ဒေါသထွက်ရပါသေးတယ်။ သတင်းတွေနားထောင်းပြီး သူများမကောင်းကြောင်းပြောရပါသေးတယ်။ဒီလိုနဲ့ ကျွန်မရဲ့တနေ့တာတွေက ဟိုဟိုဒီဒီ လုပ်ရင်းကုန်ဆုံး ရပါတယ်။

ရောဂါအသဲအသန်ကြီးဖြစ်တာ မဟုတ်ပေမယ့် နောင်ကျန်းမာအောင်၊ စာတွေများများဖတ်နိုင်အောင် အကောင်းဆုံးက အနားယူရုံတင်မကဘဲ၊ စာရေးချင်း၊ လျှောက်လည်ချင်း၊မျက်စိအနားပေးချင်းများကို သူများပြောစရာမလိုဘဲ ကိုယ့်အသိစိတ်နဲ့ ခန္ဓာကိုယ်ကပြောတဲ့ စကားကို အတိအကျလိုက်နားထောင်းရင်း ဘလောဒ့်မှာ ကြေငြာချက်ထုတ်လိုက်မိပါတယ်။ ဘလောဒ့်ရေးခြင်း ခဏနားမယ်လို့၊ လျှောက်လည်တာ လည်းခဏနားမယ်လို့။

အဲဒီလိုရေးလို့ စိတ်ပူပြီး အလည်လာသတင်းမေး၊ ဆေးတိုက်ကြတဲ့ သူငယ်ချင်းများကြောင့် ရောဂါတ၀က်သက်သာသော်ငြားလည်း လုံးဝအရှင်းမပျောက်သေးတာကြောင့် တ၀က်လောက်တော့ ဘလောဒ့်ရေး၊ လျှောက်လည်ခြင်းများကို ပြုလုပ်နိုင်ပါတော့မယ်။ အပြည့်အ၀တော့ လုပ်နိုင်မယ်မထင်ပါ။ ဘာကြောင့်လဲဆိုတော့ မိုးချစ်သူက အအေးမိရင်ဂရုစိုက်ဖို့နဲ့ ထိပ်ခပ်နာမဖြစ်အောင် ဂရုစိုက်ဖို့ သူ့ဘလောဒ့်မှာ
ရေးထားတာကြောင့် ထိပ်ခပ်နာနဲ့ ခပ်ဆင်ဆင်ဖြစ်ဖူးရုံတင်မက အအေးခဏခဏမိတက်တဲ့ ကျွန်မအတွက် တော့ နောင်အရှည်ဘလောဒ့်ရေးနိုင်အောင် ကျန်းမာရေး နဲနဲဂရုစိုက် ပါဦးမယ်လို့ သူငယ်ချင်းများကို ပြောချင်ပါတယ်။

အခုတောင် ရေးရင်နဲ့ ပါးကြောတွေတင်းလာတယ် :P ။ မျက်လုံးကအာရုံစိုက်ရလို့ ထင်ပါတယ်။ ကျွန်မမှာလည်း ဒုက္ခပါ စိတ်ဝင်စားအရာ တခုခုကို အာရုံစိုက်မိပြီဆိုရင် မျက်တောင်မခက်ကြည့်တက်တဲ့ အကျင့်က ကျွန်မအတွက် အလွန်ဆိုးပါတယ်။ လူမှုရေးအရ မျက်လုံးစိမ်းနဲ့ ကြည့်တယ်လို့ အပြောခံရပြီး၊ ကျန်းမာရေးအရ မျက်ကြည်လွှာကို အောက်စီဂျင်ရရှိမှုနည်းစေလို့ ဖြစ်နိုင်ရင် ဒီအကျင့်ကိုဖျောက်ခြင်ပါတယ်။ အခုတော့..
ကျွန်မရေးးသော အစီအစဉ်မကျ၊ သတ်ပုံမှားတဲ့ ပိုစ်တွေကို စိတ်ရှည်ရှည်နဲ့ ဖတ်ကြတဲ့ သူငယ်ချင်းတွေကို
ကျေးဇူးတင်တယ်ဆိုတဲ့ စကားထက်ကောင်းတဲ့ စကားရှိရင် ပြောချင်ပါကြောင်း။
အားလုံးဘဲ ကျန်းမာပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။


Sunday, 25 November 2007

ဒီရက်ပိုင်းအတွင်း ကျွန်မအတော် နေမကောင်းဖြစ်နေပါသဖြင့် ဘလောဒ့်မှ ခဏအနားယူထားမှာဖြစ်ပြီး။ သူငယ်ချင်းဘလောဒ့်များဝင် ၀င်ရောက်ပြီး နှုတ်ဆက်ပြောဆိုခြင်းများကိုလည်း ခဏမျှရပ်နားထားမှာ
ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးအဆင်ပြေပါစေလို့ ဆုတောင်း ပေးပါတယ်။

Saturday, 24 November 2007

သုံးမိနစ်ပဲစောင့်

သုံးမိနစ်ပဲစောင့်..... အဲ့ဒီစကားလုံးလေးဟာ မားမား ခေါက်ဆွဲကြော်ငြာ ကစကားလုံးလေးပါ။ ကျွန်မတို့ ငယ်ငယ် ကတော့ အသင့်စားခေါက်ဆွဲတွေ သိပ်ပြီးခေတ်မစားခဲ့ပေမယ့်။ အခုတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာ အသင့်စား ခေါက်ဆွဲတွေကို လူအတော်များများ အထူးသဖြင့် ကျောင်းသူကျောင်းသားတွေသာဖြစ်ပါတယ်။ ကျွန်မက ခေါက်ဆွဲဆို အသေအလဲ ကြိုက်လဲကြိုက် စားလဲစားတဲ့သူပါ။ ငယ်ငယ်က နေမကောင်းဖြစ်ရင် အမေက ခေါက်ဆွဲ စားခွင့်ပေးလို့ ခဏခဏ နေမကောင်းချင်ယောင်ဆောင်တက်ပါတယ်။ ခေါက်ဆွဲစားချင်လို့။

ကျွန်မ ကိုးတန်းနှစ်က မနက်စောစော ကျူရှင်သွားရင် ယမ်ယမ်ခေါက်ဆွဲစားပြီးမှ သွားတက်ပါတယ်။ ကိုးတန်းနှစ် မှာဘဲ ကျွန်မအစာအိမ်ရောဂါ စဖြစ်ပါတယ်။ ဒီလိုဘဲ မျိုးရိုးလိုက်တယ်ဘဲ ထင်နေတာ။ နောက်ဆယ်တန်း နှစ်တနှစ်လုံး ယမ်ယမ်နဲ့ဘဲ နှစ်ပါးသွားနေခဲ့တာ။ အမြဲဗိုက်အောင်လို့ အစာအိမ်ဆေးအမြဲ သောက်ရတာ မုန်းတောင်နေတယ်။ ဒီလို ဒီလို တွေဖြစ်နေပေမယ့် ဘာကြောင့် ဖြစ်မှန်းတော့လုံးဝ မသိခဲ့ဘူး။ ဒီလိုနဲ့ အမေပေးလိုက်တဲ့ တခုတည်းသော အစာအိမ်လေး ဆေးသောက်လိုက်၊ ခေါက်ဆွဲစားလိုက်နဲ့ လုံးလည် ချာလည်လိုက်နေခဲ့တာ ၂၀၀၃ကိုရောက်မှ၊ ကျွန်မသွားတက်တဲ့ သင်တန်းတခုမှာ အလည်လာတဲ့ ဂျပန်က ဆရာကိုမြင်မှဘဲ ခေါက်ဆွဲစားရမှာ အတော်ကြောက်သွားခဲ့ပါတယ်။

သိကြတဲ့အတိုင်း ဂျပန်တွေက ခေါက်ဆွဲထုတ်တွေသိပ်စားကြတာ၊ သူတို့ ဆီကထုတ်တဲ့ ခေါက်ဆွဲထုတ် တွေကလည်း အရမ်းစားလို့ကောင်းတာ။ ကျွန်မတော် တခါတလေ City Mart ကနေ ဂျပန်ခေါက်ဆွဲထုတ် တွေကို စားချင်လို့ ဈေးကြီးကြီးပေးပြီး ၀ယ်စားဖြစ်ပါတယ်။ အဲ့ဒီ ဂျပန်ဆရာကို ကျွန်မတို့က အနည်းဆုံး ၃၅၊ ၃၆ အဲ့ဒီလောက်ရှိပြီးလို့ ထင်နေကြတာပါ။ ဆရာကလည်း ထင်ချင်စရာဘဲကို နောက်စိက ဆံပင်က သိပ်မရှိတော့ဘူး။ နဖူးနဲနဲပြောင်ချင်နေပြီ။ အဲ အဲ့ဒီလိုဖြစ်နေတာ။ မထင်ဘူး သူက သူ့အသက်ကိုပြောတော့မှ ၂၇ ဘဲရှိပါသေးတယ်တဲ့လေ။ အဲ့ဒီတုန်းက ကျွန်မအသက် ၂၃ ဘဲရှိသေးတာ။ ကျွန်မတို့နဲ့ အသက်သိပ်မကွာတဲ့ အဲ့ဒီဂျပန်က လာတဲ့ဆရာကို ကြည့်ပြီး အတော် စိတ်ပျက်သွားပါတယ်။ အဲ သူက အရမ်း ဦးနှောက်တွေ သုံးလို့ ဆံပင်တွေမရှိတော့တာလို့ တွေးလဲ တွေးလို့ရပါတယ်။

ကျွန်မတို့နဲ့ သင်တန်းတက်တဲ့ အမတစ်ယောက်ကပြောပါတယ်။ အဲ့ဒါ ခေါက်ဆွဲထုတ်တွေ စားတာများလို့တဲ့လေ။ စဉ်းစားကြည့်ပါ ကျွန်မနဲ့အသက် သိပ်မကွာတဲ့ သူက ဒီလောက်ဆံပင်တွေ ပြောင်နေတာ အတော်ဘဲ တုန်လှုပ်သွားပါတယ်။ ကျွန်မကလဲ အသေအလဲ ခေါက်ဆွဲထုတ်စားတာကို။ ကိုယ့်ခေါင်းကို ပြန်စမ်းကြည့်ရသေးတယ်။ ဆံပင်တွေရှိသေးရဲ့လားလို့။ ငယ်ငယ်က ပါးလွန်းလို့ မနည်းမွေးယူ ခဲ့တဲ့ ဆံပင်တွေ ကျွတ်ထွက်ပြီး ပြောင်ပြောင်ကြီး ဖြစ်နေမှာတော့ ကျွန်မအတော်ကြောက် မိပါတယ်။ ယောက်ျားလေးတွေ ခေါင်းပြောင်တာ သိပ်ပြီး ကြည့်ရမဆိုးပေမယ့်။ မိန်းကလေးတွေဆိုရင်တော့ အတော်ကြည့်ရဆိုးမယ် ထင်ပါရဲ့။

ဒီလိုနဲ့ ကျွန်မခေါက်ဆွဲထုတ်တွေစားတာ နဲနဲလျှော့သွားပါတယ်။ အပြင်မှာ ခေါက်ဆွဲထုတ်တွေ သိပ်မစားဖြစ် တော့ဘူး။ နောက်ပိုင်း ကျွန်မအသိတယောက် ကခေါက်ဆွဲထုတ်တွေ သတိထားလို့ပြောလာပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကားက သူ့မိတ်ဆွေ တစ်ယောက်ကပြောပါတယ်တဲ့။ သူတို့ဆီမှာ ခေါက်ဆွဲထုတ်နဲ့ ပက်သက်ပြီး စမ်းသပ်ချက်တွေရှိနေပါတယ်တဲ့။ ကျွန်မတို့ စားတဲ့ အစာတွေကို အစာအိမ်က ချေဖျက်နိုင်အောင်
အသည်းက အစာချေရည်တွေထုတ်ပေးရပါတယ်။ ခေါက်ဆွဲထုတ် တစ်ထုတ် စားပြီး ချိန်မှာတော့ ခေါက်ဆွဲတွေကို တာရှည်ခံအောင် ထည့်ထားတဲ့ ဓာတုပစ္စည်းတွေ၊ ခေါက်ဆွဲလေးတွေ တွန့်တွန့်လေး တွေဖြစ်အောင် ထည့်ထားတဲ့ ကော်တွေကို ကျေချက်ရန် အသည်းက ၃၇ အလုပ်လုပ်ပြီး အစာချေရည် ထုတ်မှသာ အဲ့ဒီ့ ဓာတုပစ္စည်းတွေက လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကျေညက်သွားပါတယ်။

ဒါဆို ကျွန်မတို့ ခေါက်ဆွဲတထုတ်စားပြီး နောက် ၃၇ ရက်လောက်နေမှ နောက်ထပ် ခေါက်ဆွဲတထုတ်စားသင့် တာပေါ့။ အဲ့ဒါဆို ဒုက္ခပါဘဲ။ ကျွန်မက ခေါက်ဆွဲထုတ်ကို တခါတလေ တနေ့ကို ၂ထုတ်လောက်စားဖြစ်တာပါ။ ကျွန်မ မိတ်ဆွေကတော့ ဖြစ်နိုင်ရင် ခေါက်ဆွဲထုတ်တွေ မစားပါနဲ့လို့ ကျွန်မကိုပြောပါတယ်။ တကယ်လို့ စားချင်တယ်ဆိုရင်တော့ ပထမဆုံး ခေါက်ဆွဲကို အရင်ပြုတ်၊ ခေါက်ဆွဲပြုတ်ရေကို သွန်ပြီး၊ နောက်ထပ်တရေ ထပ်ပြုတ်ပြီး မှစားရင် အကောင်းဆုံးလို့ပြောပါတယ်။ နောက်ပြီး သူကပြောပါသေးတယ် ခေါက်ဆွဲထုတ်က ခေါက်ဆွဲတွေပြုတ်ပြီး မစားဖြစ်လို့ မြောင်းထဲကို သွန်လိုက်တာ တော်တော်နဲ့ ပုတ်မသွားတာလကိုလည်း တွေ့တာတွေ ရှိတဲ့ကြောင်းကိုပါ ထည့်ပြောသွားလို့ အဲ့ဒီနောက်ပိုင်း ကျွန်မခေါက်ဆွဲထုတ်စားတာတွေကို ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကိုယ်ကြိုက်တဲ့ အစားအစာဆိုတော့ ဖြတ်ရတာ အတော်ခတ်ပါတယ်။ စားသောက်ဆိုင်တွေ၊ ကင်တင်းတွေ သွားတိုင်း ရတက်တဲ့ ခေါက်ဆွဲပြုတ်နံ့လေးက ကျွန်မကိုဆွဲဆောင်နေမယ့်။ မကောင်းဘူးဆိုတော့လည်း ဖြတ်ရတာပေါ့။ နောက်ပိုင်းတော့လည်း စားနေမကျတော့ အကျင့်ဖြစ်ပြီး အဆင်ပြေသွားပါတယ်။
ခေါက်ဆွဲထုတ် ဖြတ်ပြီးနောက်ပိုင်းတော့ ကျွန်မရဲ့အစာအိမ်နာ ရောဂါဟာ အတော် သက်သာသွားခဲ့ပါတယ်။

ဒီရောက်ပြီး နောက်ပိုင်းမှ၊ ဒီကမိတ်ဆွေတယောက် အီးမေလ်လှမ်းပို့ပါတယ်။ ခေါက်ဆွဲထုတ်တွေ သတိထား စားဖို့နဲ့ အဖြစ်မနေ စားချင်တယ်ဆိုရင် သူက ဘယ်လို ပြုတ်ပြီး စားရတယ်ဆိုတာကို အသေးစိတ် ရေးထားပါတယ်။ မေးလ်ကိုတော့ ဘာသာပြန်ပြီး ထည့်လိုက်ပါတယ်။
ပထမ
ခေါက်ဆွဲကို ရေဆူဆူမှာအရင်ပြုတ်ပါ။ပြီးရင်အဲ့ဒီ အရည်ကို သွန်ပြစ်ရမှာဖြစ်ပါတယ်။

ဒုတိယ
နောက်ထပ် ရေနွေးထပ်တည်ပြီး ခေါက်ဆွဲပြန်ပြုတ်ရပါမယ်။ ၁ မိနစ်လောက်ကြာမှ မီးပိတ်၊ မီးပိတ်ပြီးမှ ခေါက်ဆွဲထုတ်မှာပါတဲ့ အရသာမှုန့်အထုတ်တွေ ထည့်ရပါမယ်တဲ့။

သူကတော့ ခေါက်ဆွဲတွေကု အတွန့်တွေပြောက်သွားအောင် ပြုတ်ဖို့နဲ့၊ မီးဖိုပေါ်မှာ မီးမပိတ်သေးဘဲ အရသာအထုတ်တွေ မထည့်ဖို့ မှာထားပါတယ်။ အရသာအထုတ်တွေက မီးအပူကြောင့် ဓာတ်ပြုပြီး ကင်ဆာ ဖြစ်မှာစိုးလို့ ဖြစ်ပါတယ်တဲ့။

အထက်က ကျွန်မမိတ်ဆွေ ပြောထားတာတဲ့ အနည်းငယ်ဆင်ပါတယ်။ ကျွန်မ သူငယ်ချင်း၊ မိတ်ဆွေများ၊ ခေါက်ဆွဲထုတ်ကြိုက်ကြတဲ့ သူများ သတိထားပြီး ဆင်ခြင်နိုင်အောင် တင်လိုက်ခြင်းဖြစ်ပါတယ်။ ဆေးပညာနဲ့ ပက်သက်လို့ သိပ်ပြီး တိတိကျကျမသိပေမယ့် စိတ်ဝင်စားစရာ သတင်းလေးမို့ တင်လိုက်ချင်းဖြစ်ပါတယ်။ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်။ ကျွန်မကတော့
ဒီရောက်မှ ခေါက်ဆွဲထုတ်တွေ ပြန်စားမိပြီး မဖြတ်နိုင်ဖြစ် နေလို့ အထက်ကနည်းအတိုင်း ပြုတ်စားနေပါကြောင်း။:P သုံးမိနစ်စောင့်ဆိုတဲ့ စကားလေးက ပြောလို့ကောင်း ပေမယ့် တကယ်သူပြောသလိုသာ စားမိရင်တော့.....

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Thursday, 22 November 2007

အသည်းနဲ့ တည့်အောင်နေပါ

Good Health ဂျာနယ် အမှတ်(၃၆) တွင် ဖော်ပြခဲ့သော ဒေါက်တာရဲနိုင်၏ "အသည်းနဲ့ တည်အောင်နေပါ" ဆောင်းပါး ကို ပြန်ကူးထားတာပါ။ မအိပ်မနေ စာတွေရိုက်ပြီး တင်နေတက်တဲ့ ဘလောဒ့်ဂါများ အတွက် ရည်ရွယ်ပြီး ပြန်ကူးထားတာပါ။ သိမ်းထားချင်တာကြောင့်လဲ ဖြစ်ပါတယ်။

အသည်းဆိုတာ ခန္ဒ္ဓာကိုယ်ရဲ့ ဓါတ်ခွဲခန်း(သို့) ဓာတုဗေဒစက်ရုံကြီး ဖြစ်ပါတယ်။ ဇိဝယန္ဒရားကြီး ပုံမှန်လည်ပတ် ဖို့အတွက် အစာအဟာရကို ကုန်ကြမ်းပြုပြီး လိုအပ်တဲ့ ဇီဝပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်၊ ပြီးတော့ ခန္ဓာကိုယ်တွင်းကို ရောက်လာတဲ့ အဆိပ်အတောက်တွေ(ဥပမာ-အရက်နဲ့ ဓာတုပစ္စည်းတွေ)ကိုလည်း ချေဖျက်စွန့် ထုတ်ပေးနေပါတယ်။

ဒီတာဝန်ကို အသည်းဟာ အခြားအင်္ဂါတွေနဲ့ ပူးပေါင်းပြီး ၂၄ နာရီထမ်းဆောင်ရာမှာ ဇီဝနာရီရဲ့ အချိန်ဇယား အတိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လူတွေဟာ ဒီအချိန်ဇယားနဲ့ လိုက်လျောညီထွေ နေထိုင်စားသောက်အိပ်စက်တက်ရင် အသည်းလည်းကျန်းမာမယ်။ လူလည်း အသက်ရှည်မယ်လို့ ဆိုကြပါတယ်။ လူတွေရဲ့ အချိန်ဇယားနဲ့ အသည်းရဲ့အချိန်ဇယား အံမ၀င်ခွင်မကျဖြစ်နေတော့ အသည်းလည်း ပျက်စီးလွယ်ပြီး လူလည်းကျန်မာရေး ထိခိုက်နိုင်ပါတယ်။

ဒီတော့ ကိုယ့်ရဲ့အသည်းနဲ့ ကိုယ်နဲ့ချိန်ကိုက်ညီ သဟဇာတဖြစ်အောင် ဆင်ခြင်တက်ဖို့ အသည်းရဲ့အချိန် ဇယားကို ဖော်ပြလိုက်ပါတယ်။

ည ၉ နာရီမှ ၁၁ နာရီ
ဒီအချိန်မှာ အသည်းဟာ လင့်ကျိတ်(Lymph nodes)ကတဆင့် ကိုယ်ခံစွမ်းအားစနစ်နဲ့ အဆိပ်အတောက်တွေ ကို ချေဖျက်နေတဲ့ အချိန်ဖြစ်ပါတယ်။ လူရဲ့ခန္ဓာကိုယ်ဟာ အနားယူရမယ့် အချိန်ပါ။ တေးဂီတ၊ တီဗွီ၊ ဗီဒီယိုကြည့် အပန်းဖြေရမယ့် အချိန်မျိုးဖြစ်ပါတယ်။ အလုပ်ဇောကပ်တဲ့ ယောက်ျားတွေ၊ နေ့မှာ စီးပွားရေးလုပ်ပြီး ညကျမှ အိမ်မှုကိစ္စတွေလုပ်ရတဲ့ အိမ်ရှင်မတွေ ဒီအချိန်အထိ အလုပ်လုပ်တုန်းဆိုရင်တော့ အသည်းရဲ့ အချိန်ဇယားနဲ့ လွဲချော်နေပြီဆိုတာ သတိထားသင့်ပါတယ်။

ည ၁၁ နာရီမှ သန်းခေါင်ကျော် ၁ နာရီ
အသည်းဟာ သည်းခြေအိတ်နဲ့အတူ အဆိပ်အတောက်တွေ ဖယ်ရှားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ လူဟာလည်း အိပ်စက်အနားယူရမယ့် အချိန် ဖြစ်ပါတယ်။ ဒီအချိန်အထိ မအိပ်သေးဘဲ ဖျော်ဖြေမှုတွေနဲ့ ပျော်ပါး နေရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

နံနက် ၃ နာရီမှ ၅ နာရီ
အသည်းဟာ အဆုတ်မှ တဆင့် အဆိပ်အတောက်တွေဖယ်ရှားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန် ချောင်းဆိုးကြ တာဟာ သလိပ်နဲ့အတူ အဆိပ်အတောက်တွေကို စွန့်ထုတ်နေတာမို့ ချောင်းဆိုးပျောက်ဆေးတွေ မသောက် သင့်ဘူးလို့ ဆိုထားပါတယ်။

နံနက် ၅ နာရီမှ ၇ နာရီ
အသည်းဟာ အူမကြီးမှတဆင့် အဆိပ်အတောက်တွေကို စွန့်ထုတ်နေပါတယ်။ ဒါကြောင့် အိပ်သာတက်၊ ဆီး၊ ၀မ်းသွားတာအကျင့်ဖြစ်နေဖို့ လိုပါတယ်။ ဒီအချိန်မှာ အိမ်သာမတက်၊ မစွန့်ထုတ်ဖြစ်သေးရင် ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတွေ (မြန်မာလို အပုပ်အစပ်တွေ)ကို သိမ်းဆည်းသိုလှောင်ထားသလို ဖြစ်နေပါလိမ့်မယ်။

နံနက် ရ နာရီမှ ၉ နာရီ
အူသိမ်ထဲက အစာအဟာရတွေကို အသည်းက စုပ်ယူနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ အူသိမ်ထဲမှာ အစာသစ် ရှိနေရမှာဖြစ်လို့ နံနက်ခင်းစာကို စားထားပြီးဖြစ်နေသင့်ပါတယ်။ မကျန်းမာတဲ့သူဆိုရင် နံနက် ၆ နာရီခွဲ ကတည်းကစားထားရမယ့်လို့ ဆိုပါတယ်။ အိပ်ရာထနောက်ကျလို့ ၉နာရီကျော်မှ နံနက်ခင်းစာစားရင်း လည်း မိမိအကျင့်နဲ့ ဇိဝနာရီ အချိန်ဇယားက လွဲချော်နေပြီးလို့ မှတ်ယူရပါမယ်။

ဒီတော့ အသည်းကို ပျက်စီးစေမယ့် အမူအကျင့်တွေကို ပြောရမယ်ဆိုရင်-
  • -ညဥ့်နက်မိုးချုပ်တဲ့အထိ အလုပ်လုပ်တာ၊ ညဥ့်နက်သန်းခေါင်ထိ မအိပ်သေးတဲ့အကျင့်ဟာ မကောင်းပါဘူး။
  • -သန်းခေါင်ကျော်အချိန်မှ နံနက် ၄ နာရီ အတွင်းမှာ ရိုးတွင်းခြင်ဆီက သွေးအသစ်ထုတ်လုပ်တဲ့ အချိန်မို့ ဒီအချိန်ထိ မအိမ်သေးရင် ပိုဆိုးပါတယ်။
  • -နံနက်စောစောမထဘဲ အိပ်ရာထနောက်ကျလို့ အိမ်သာစောစော မတက်ဖြစ်တာ၊ နံနက်ခင်းအစာကို မစားဖြစ်တက်ကြတာ တွေကလည်း ကျန်းမာရေးကို ထိခိုက်ပါတယ်။
  • -အစားကြူးတာ၊ အရက်၊ ဆေးလိပ်နဲ့ မလိုဘဲ ဆေးဝါးနဲ့ ဓါတုပစ္စည်းတွေ၊ ရောင်ခြယ်ပစ္စည်းအနံအရသာ ပိုကောင်းအောင်(ဥပမာ- အချိုမှုန့်) ပါတဲ့ အစားအစာတွေဟာ အသည်းကို တာဝန်ပို၊ ၀န်ပိစေပါတယ်။
  • -မသန့်တဲ့ဆီနဲ့ ကြော်ချက်တဲ့ အစားအစာတွေဟာ အသည်းနဲ့မတည့်ပါဘူး။(သံလွင်ဆီဟာ အသည်းအတွက် အသင့်တော်ဆုံးလို့ ပြောကြပါတယ်။) ဟင်းသီးဟင်းရွက်တွေကို အစိမ်းသန့်သန့်စား၊ ကြော်စားမယ်ဆိုရင်လည်း အကျက်မလွန်စေနဲ့။ ကြော်ထားတဲ့ အသီးအရွက်တွေကို တခါတည်းနဲ့ အပြတ်စား၊ ကျန်တာကို သိမ်းပြီးနောက်မှ တခါပြန်စားတာလည်း ကျန်းမာရေနဲ့ မသင့်တော်ဘူးလို့ မှတ်သားထားရပါတယ်။ ကိုယ့်အသည်းနဲ့ကိုယ် တည့်အောင်နေတက်ဖို့ လိုပါတယ်။
ဘလောဒ့်ဂါအားလုံး ကျန်းမာ ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

မတွေ့တာကြာပါပေါ့လား

ကဿပဘုရားရှင် လက်ထက်တော်တုန်းက ဂေါတမမြတ်စွာဘုရား အလောင်းတော် သုမေဓါရသေ့က ကဿပဘုရား ကြွမယ့်လမ်းကို ဈာန်တန်းခိုး အဘိညာဉ်အသုံးမပြုဘဲ ကာယစွမ်းအားနဲ့ ကဿပဘုရားကြွမယ့် လမ်းကို ပြုပြင်ပေးခဲ့ပြီး၊ ကြာငါးခိုင်နဲ့လည်း ဘုရားဆုပန်ခဲ့ပါတယ်။ ကဿပဘုရားကလဲ သုမေဓါရသေ့ကို နောင်လာမယ့် ဘဒ္ဒကမ္ဘာမှာ ဂေါတမဘုရားအဖြစ်မယ်လို့ ဗျာဒိတ်ပေးတော်မူပါတယ်။ ဘုရားလောင်း သုမေဓါရှင်ရသေ့ကို သဘောကျနှစ်သက်လို့ တောထွက်ပြီး ရသေ့ရဟန်းပြုတဲ့ သူတွေ အဲ့ဒီအချိန်တုန်းက အတော်များပါသတဲ့။ အဲ့ဒီအထဲက သတို့သားတစ်ယောက်ကတော့ ဘုရားအလောင်းရသေ့ကို ချည်းကပ်ပြီး တရားအကြောင်းဆွေးနွေးပါသတဲ့။ တရားကို ချစ်ခင်၊ တရားကို မြတ်နိုးလို့ တရားနဲ့မွေ့ပျော်တဲ့ သူအချင်းချင်း ပေါင်းကြ ခြင်းဖြစ်ပါတယ်တဲ့။


ဒီလိုနဲ့ ဘုရားအလောင်း သုမေဓါရသေ့ဘ၀ကနေ သေလွန်ပြီး နောင်ဘ၀တွေမှာလည်း ဘုရားအလောင်းမို့၊ တရားကိုချစ်ခင်၊ တရားကိုနှစ်သက် တရားနဲ့မွေ့လျှော်သူ မိတ်ဆွအပေါင်းအသင်းတွေ နဲ့တွေ့ဆုံပေါင်းသင်း တွေနဲ့သာတွေ့ရပေမယ့်၊ ဘုရားအလောင်းရဲ့ မိတ်ဆွေ အဲဒီသတို့သားကတော့ လူဆိုးလူမိုက်များနဲ့ ပေါင်းဖေါ်မိ ပါတယ်။ အပေါင်းအသင်းမှားလို့ မကောင်းမှုဒုစရိုက် အကုန်လုပ်၊ အရက်သေစာသောက်စာ မူးယစ်ရုံသာမက၊ အမေကိုပါ ပြန်သတ်တဲ့အထိ အကုသိုလ်တွေလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီဘ၀လွန်ပြီးနောက်မှာ ပြုခဲ့ဖူးတဲ့ အကုသိုလ်ကြောင့် သမုဒ္ဒရာထဲမှာ ငါးကြီး(ပြိတ္တာ) သွားဖြစ်ပါတယ်။

ဘုရားအလောင်းရသေံကတော့ ၄သင်္ချေနဲ့ ကမ္ဘာ၁ သိန်း ပါရမီဖြည့်ပြီးနောက် ဂေါတမမြတ်စွားဘုရားအဖြစ် သို့ရောက်ရှိ ပြီတဲ့အထိ ကဿပဘုရားရှင်လက်ထက်က တရားကိုနှစ်သက်၊ တရားကိုမြတ်နိုးလို့ ဘုရားရှင်နဲ့ အဆွေခင်ပွန်း ဖွဲ့ခဲ့တဲ့ သတို့သားကတော့ သမုဒ္ဒရာထဲမှာ ငါးကြီးဖြစ်တဲ့ဘ၀ကနေ မကျွတ်သေးပါဘူးတဲ့။ ၁ သင်္ချေမှာ ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ကမ္ဘာရှိပါတယ်။ အဲ့ဒီသတို့သားဟာ ၄သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ငါးကြီးဘ၀နဲ့ သာရှိနေပါတယ်။

တစ်ရက်.....သမုဒ္ဒရာထဲငါးဖမ်းထွက်တဲ့ လှေတစ်စင်းကို ငါးကြီးကသွားတွေ့တဲ့အခါမှာ ငါးဖမ်းလှေရဲ့ဘေးမှာ
အစားအစာတောင်းတဲ့ အနေနဲ့သွားပေါ် ပါသတဲ့။ အဲ့ဒီအခါမှာတော့ လှေပေါ်မှာပါရှိတဲ့ ငါးဖမ်းသမားတွေဟာ၊ အိမ်လောက်ရှိတဲ့ ငါးကြီးကိုတွေ့ပြီး ကြောက်လွန်းလို့ ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါ၊ ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါလို့ မြတ်စွာဘုရားကို တကြပါတယ်တဲ့။ အဲဒီအခါမှာတော့ ပြိတ္တာငါးကြီးက ပြုခဲ့ဖူးတဲ့ကုသိုလ် သီလ၊ ပါရမီကြောင့်၊ ဂေါတမနာမည်လဲကြားရော အတိတ်ဘ၀ကို အမှတ်ရပြီး၊ သြော်...ငါနဲ့ တရားအတူအားထုတ်ဖူးတဲ့ သုမေဓါရှင်ရသေ့တောင် ဂေါတမဘုရားဖြစ်နေပါပေါ့လား ဆိုပြီး အသိတရားဝင် အရှေးမနှောင်းမှာဘဲ ငါးကြီးဘ၀ကနေ စုတေသွားပါတယ်။(စုတေ=နေရာရွေ့သည်။ သေသည်။)

အရင်ဘ၀က ပြုခဲ့ဖူးတဲ့ကုသိုလ် ပါရမီကြောင်း ငါးပြိတာကြီးဘ၀က သေလွန်ပြီးသောအခါမှာတော့ သာဝတ္ထိက သူကြွယ်လင်မယားဆီမှာ လူအဖြစ်ပြန်ဝင်စားပါတယ်။ ငါးနှစ်အရွယ်မှာ မြတ်စွားဘုရားရဲ့ ဇေတ၀န်ကျောင်းတော်ကို သွားချင်ကြောင်း မိဘများကို ပူစာတာကြောင့်။ မိဘများက ဇေတ၀န်ကျောင်းကို လိုက်ပို့ခဲ့ပါတယ်။ မြတ်စွာဘုရားက ဒီသူငယ်ဟာ သုမေဓါရသေ့ ဘ၀က တရားလိုချင်လို့ ချဉ်ကပ်ခဲ့တဲ့ မိတ်ဆွေ ဖြစ်တာကို မြင်မြင်ချင်းသိတာကြောင့် မတွေ့တာကြာပါပေါ့လားလို့ နှုတ်ဆက်လိုက်ပါသတဲ့(အမှန်က ဆရာတော် တရားထဲမှာ နာမည်ပြောပါတယ်။ ကျွန်မမမှတ်မိတော့လို့ပါ။)။ သူငယ်ကလဲ ပြန်ပြီး အရှင်ဂေါတမ မတွေ့တာအတော်ကြာပါပြီလို့ ပြန်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ မြတ်စွာဘုရားက အဲ့ဒီ့နေ့မှာတော့ သူငယ်လေးရဲ့ ရှေးဘ၀ကအကြောင်းများကို ပြန်ပြီး တရားဟောပါတယ်။ အပေါင်းအသင်းမကောင်းလို့ ၄ သင်္ချေနဲ့ ကမ္ဘာ ၁ သိန်းလုံး ငါးပြိတာကြီး ဘ၀နဲ့ နေခဲ့ရတာကို လူအများမြင်အောင် တရားအဖြစ် ဟောကြားဆုံးမခဲ့ပါတယ်။ ထိုသူငယ်လေးကတော့ တရားပြီးဆုံးချိန်မှာ သောတပန်တည်သွားခဲ့ပါတယ်။

ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားတော်မူသော တရားကို ကျွန်မမှတ်မိသမျှ၊ မျှဝေတာဖြစ်ပါတယ်။ စာလုံး ပေါင်းမှာခြင်းနှင့်တကွ အခြားမှားခြင်းများရှိနိုင်ပါသော်လည်း အပေါင်းအသင်းမှားခြင်းကြောင့် သံသရာတွင် မကျွတ်မလွတ်နိုင်ဘဲရှိတဲ့ ပုံပြင်လေးကို သူငယ်ချင်းများအား သိစေချင်တာကြောင့် တစ်ကြောင်း၊ ၁ သင်္ချေမှာ သုညဘယ်နှစ်လုံး ရှိသလဲဆိုတာ မသိခဲ့တဲ့ ကျွန်မ ဒီတရားနာပြီးမှာ သိခဲ့ရလို့၊ ကျွန်မလို သူငယ်ချင်းများကို သိစေချင်တာကြောင့် ဒီပို့စ်ကို တင်ဖြစ်ခြင်းဖြစ်ပါတယ်။

ပျော်ရွှင်နိုင်ပါစေ။
နှင်းဆီနီနီ။။

Wednesday, 21 November 2007

ကြားဖူးသော အသက်ရှည်ဆေးများ

ကုန်အောင်စားပါဦး
တခါကရွာ တစ်ရွာတစ်ရွာမှာ ညီအကို နှစ်ယောက်ရှိပါသတဲ့။ မိဘများ မရှိကြတော့လို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြပါသတဲ့လေ။ အကိုကြီးက ရိုးသားပြီး၊ ညီငယ်လေးကတော့ လူရည်လည်ပါသတဲ့။ သူတို့ ညီအကိုနှစ်ယောက်ဟာ တောထဲမှာ ထင်းခုတ်ပြီး မြို့ပေါ်တက်ပြီး ထင်းရောင်းရင်း အသက်မွေးကြပါတယ်။ နှစ်ယောက်လုံးဟာ လူလွတ်တွေဖြစ်လို့ အစားအသောက်အတွက် စီစဉ်ပေးမယ့်သူ မရှိလို့ ဖြစ်သလိုသာ နေထိုင်နေကြပါတယ်။

တရက်မှာ ညီအကိုနှစ်ယောက် တောထဲကို ထင်းခုတ်ထွက်ရာမှာ
ထမင်းထုတ်က ထမင်းနဲ့ ငရုပ်သီးထောင်းသာ ပါပြီး။ ဘာမှ မပါလို့ ညီအကိုနှစ်ယောက်လုံး စိတ်ညစ်နေပါသတဲ့လေ။ အဲ့ဒါနဲ့ ညီလုပ်တဲ့ သူက အကို ကျွန်တော်တို့ ဘာဟင်းမှလဲ မပါဘူး။ ဒီလိုလုပ်ပါလား တယောက်တလှည့်စီ ထမင်းစားမယ်။ တယောက်စားနေချိန်မှာ တယောက်ကဘေးကထိုင်ပြီး စားကောင်းသောက်ဖွယ်တွေ ပြောပေးရင် ထမင်းမိန် တာပေါ့လို့ ပြောပါသတဲ့။

အဲ့ဒါနဲ့ ရိုးသားတဲ့ အကိုက ကဲကဲ ငါကအကြီးဆိုတော့ မင်းအရင်စား ငါကဘေးကနေ စားကောင်းသောက်ဖွယ် တွေ ထိုင်ပြီး ပြောပေးမယ်လို့ ဆိုပါသတဲ့။ ညီငယ်က ထမင်းတလုပ်သွင်းလိုက်တိုင်း အကိုလုပ်သူက ညီလေးစာကွ ကြက်ကောင်လုံးကြော်ကြီး။ နောက်ထပ်တလုပ်သွင်းတော့ ညီလေး ကြက်သားဆီပြန်စားကွ။
နောက်တလုပ်ကျတော့ ၀က်သားအလှူချက်ကွ စားကွာ အားမနာနဲ့။

အဲဒီလိုပြောပေးလိုက်တာ သူ့ညီထမင်းပြီးသွားတဲ့ အထိပါဘဲတဲ့။ ဒီတခါတော့ သူထမင်းစားမယ့် အလှည့်ဆိုပြီး ငါ့ညီ ငါထမင်းစားရင် ငါကြိုက်တက်တာလေးတွေ ပြောပေးနော်လို့ ပြောပါသတဲ့။ ညီလုပ်တဲ့သူကလဲ စိတ်ချပါ အကိုကြီးရာ အကိုကြီးကြိုက်တာတွေ ကျွန်တော်ပြောပေးပါ့မယ် စိတ်ချဆိုပြီး ပြောပါသတဲ့။ အကိုကြီးစ စားတဲ့ အချိန်မှာဘဲ သူက အကိုကြီး ကြက်ကောင်လုံးကြော်ကြီး စာဗျာလို့ ပြောတော့ အကိုကြီးက ထမင်းတလုပ် သွင်းလိုက်ပါသတဲ့။ နောက်ထပ်တလုပ်စားဖို့ ပြင်နေချိန်မှာ သူညီဆီက အပြောကိုစောင့် နေပါသတဲ့။ သူညီက ဘာမှ မပြောတဲ့ အဆုံး။ ဟ ပြောပါဦး ဒီမှာ နောက်တလုပ်စားဖို့ စောင့်နေတယ်ကွလို့ ပြောပါသတဲ့။ အဲ့ဒီ အခါမှာတော့ ညီလုပ်တဲ့သူက ဘာပြန်ပြောသလဲ ဆိုတော့ ခုနက ကြက်ကောင်လုံးကြော်ကိုဘဲ ကုန်အောင် စားပါဦးတဲ့။ ။
-------------------------------------------------------------------------------------------------
ဆုံကျိမ်းလို့
တခါက ရွာတရွာက ထင်းခုတ်ထွက်ကြတဲ့ ထင်ခုတ်သမားတစုဟာ တောထဲကိုထင်ခုတ်ဖို့ ရောက်လာပါသတဲ့။ အားလုံးသာ ထင်ခုတ်ထွက်လို့ ထမင်းချက်မယ့်သူ မရှိရင် ဒီနေ့တော့ သူတို့ ထမင်းငတ်ရချည်ရဲ့ဆိုပြီး။ သူတို့ထဲက တယောက်ကတော့ ထမင်း၊ ဟင်း ချက်ဖို့ နေခဲ့ရမှာဖြစ်တယ်လို့ တိုင်ပင်ကြပါသတဲ့။ ထမင်းချက် ကိုလည်း ရလာတဲ့ထင်းတွေထဲက ညီညီမျှမျှဝေ ပေးပါမယ်လို့ အားလုံးက သဘောတူပါသတဲ့လေ။ အဲ့ဒါနဲ့ အားလုံးထဲက ချက်တက်ပြုတ်တက်တဲ့ တယောက်က မပင်ပန်းဘဲ ရမဲ့ ဝေစုကို မက်ပြီး သူထမင်းချက်ဖို့ တာဝန်ယူမယ်ဆိုပြီး နေခဲ့ပါသတဲ့။

အားလုံးထွက်သွားတော့ စခန်းချရာနေရာ အနီးက မကျီးပင်က မကျီးရွက်ခူးပြီး ချဉ်ရေဟင်းချက် လိုက်ပါသတဲ့။ ပြီးတော့ ပါလာတဲ့ ငါးခြောက်လေးလေးကို ကြော်လိုက်ပါသတဲ့။ ပြီးတော့ မကျီးသီ လေးတွေ တွေ့လို့ မကျီးသီးထောင်း တခွက်ပေါ့။ ဒါနဲ့ အားလုံးပြန်ရောက်ရော ဟင်းနံ့ကလဲမွှေး၊ ဟင်းတွေကလဲ စားကောင်းလို့ ထမင်းမြိန်တဲ့ အကြောင်းကို ထမင်းချက်တဲ့ သူငယ်ချင်းကို ပြောပါသတဲ့။ မကျီးသီထောင်း ကတော့ အလွန်ဘဲ စားလို့ကောင်းကြောင်း ချီးမွမ်းပါသတဲ့။ ထမင်းချက်ကတော့ မသက်မသာမျက်နှာနဲ့ ပြန်ပြောလိုက်တာ ကတော့..........

-အေး မင်းတို့ ကသာ စားလို့ကောင်းနေ ဒီမှာက ဆုံကျိမ်းတယ်ကွတဲ့။

-မကျီးသီထောင်းဖို့ ငရုပ်ဆုံ မပါလို့ အံနဲ့ကျိတ်ထားရတာ ဒီမှာ ထမင်းတောင် ကောင်းကောင်း မစားနိုင်ပါဘူးတဲ့။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Tuesday, 20 November 2007

Who am I ?

ဘယ်သူလဲငါ။ ငါဘယ်သူလဲ။ ဘယ်လိုရေးရပါ့မလဲ ကိုယ့်အကြောင်းကိုပြော ဆိုတော့ ဘယ်ကနေ စပြောရမှာလဲ။ ကဲ... ပြောဆိုတော့လဲ ပြောတာပေါ့။ ဘယ်လိုပြောရင် ကောင်းမလဲ ကောင်းတာတွေ ရွေးပြောတော့လဲ မသူတော်ဆိုပြီး အတင်းပြောကြဦးမယ်။ မကောင်းတာတွေချည်း ကျတော့လဲ မပြောချင်ဘူး။ တော်ကြာ ယုံတမ်းစကားတွေကို တကယ် ထင်သွားရင် ငရဲကြီးဦးမယ်။ စဉ်စား.. စဉ်စား..

ဘာဘဲ ဖြစ်ဖြစ်ပေါ့လေ။ မျက်စိမှိတ်၊ နားပိတ်ပြီး ကျွန်မရေးတာကိုဖတ်ပါ၊ နားထောင်လိုက်ပါနော်။ စာဖတ်တဲ့သူက ကျွန်မကို သိမှ မသိတာ ကျွန်မပြောတာဘဲ ယုံရတော့မှာပေါ့။ ကဲ ရွှီး အဲ ရေးပါတော့မယ်။

မေမေ့ဗိုက်ထဲတုန်းက ညာဘက်မှဘဲ အမြဲနေလို့ ယောက်ျားလေးဘဲလို့ ဗေဒင်တွက်တဲ့သူတွေက ပြောပေမယ့် တကယ် မွေးတော့ မိန်းကလေး။ မွေးခါစက ပိစိကွေးလေးမို့ မိဘတွေ စိတ်ပူပြီး ဂရုစိုက်လိုက်လို့ လေထိုးသလို
ထွားလာလိုက်တာ။ အခုထိမရပ်တော့ဘူး။ မွေးခါစက ပြောင်းဖူးမွေးရောင် ဆံပင်နုနုလေးတွေကို မိန်းကလေးမို့
မလှမှာ ဆိုးပြီးခဏခဏရိပ်ပေးတက်တဲ့ မိဘတွေကျေးဇူးနဲ့ အခုတော့ အတော်ဘဲ ထူလှတဲ့ ဆံပင်နီနီလေး တွေ ပိုင်ထားတဲ့ ကောင်မလေး(အပျိုကြီးလို့ ခေါ်တာ လုံးဝမကြိုက်ပါ။)။ မွေးကတည်းက အမေဖြောင့်ပေးလိုက်တဲ့ ဆံပင်က ဘယ်ဆိုင်မှာဖြောင့်ထားတာလဲ၊ ဘယ်လောက်ပေးရလဲလို့ မေးခံရတဲ့အထိ တာရှည်ခံပြီး၊ လှနေတဲ့ ဆံပင်တွေထက် ကောက်ကောက်ကွေးကွေး ဆံပင်တွေကို ပိုသဘောကျတဲ့ ကောင်မလေး တစ်ယောက်။

ရယ်လိုက်ရင် အပ်ရှရာလောက်သာရှိတဲ့ မျက်လုံးမှေးမှေးလေးတွေက ကျွန်မရဲ့ သင်္ကေတ။ အညိုဖျော့ဖျော့ ဖြစ်နေတဲ့ မျက်ဝန်းကို ကျိုးတို့ကျဲတဲ မျှော့နှစ်ကောင်ကရံရုံ သာမကဘဲ မှန်တချပ် နောက်ထဲမှာ သိပ်ထားတာ နှစ်အတော်ကြာနေပါဘီ။ တရုတ်လား၊ ရှမ်းလား၊ ကချင်လား၊ ကရင်လားလို့ သွားသမျှ နေရာမှာ အမျိုးစပ်ခံရတဲ့ Lဆိုင်းစီလိုလို၊ ပန်းဖြူလိုလို၊ ဘာလိုလို ညာလိုလို နှာခေါင်းပြားပြားနဲ့ ကောင်မလေး။ ကိုယ့်နှာခေါင်းကိုတော့ ဘယ်တော့မှ ပြားတယ်ရယ်လို့ မထင်။ နှင်းဆီဖူးသဏ္ဍန် နှုတ်ခမ်းက ပန်းသွေးရောင် ထလို့။ ၁၆ နှစ်သမီးလေးလားလို့ အမေးခံရလောက်အောင် ပြည့်တင်းနေတဲ့ ပါးမို့မို့ လေးမှာ သွေးကြောစိမ်းစိမ်းလေးတွေ ယှက်ဖြာနေတာကလဲ သူများတွေ မနာလိုချင်စရာ။

ကမ္ဘာပေါ်မှာ ဆွဲဆောင်မှ အရှိဆုံးလို့ပြောတဲ့ မေးစေ့လေးရယ်၊ သွယ်လွန်းလှတဲ့မျက်နှာလေးကို မြင်သူတွေ အားကျပြီးလိုက်တုမှာ ဆိုးလို့ ရုပ်ဖျက်ပြီး ၀ိုင်းချင်ရောင်ဆောင်ထားပါတယ်။ ပုလဲလုံးလေးတွေ စီထားသလို ဖြူပြီး ညီနေတဲ့ သွားတွေကို သူများတွေ မနာလိုဖြစ်ပြီး ငရဲကြီးမှာစိုးလို့ နှင်းဆီဖူးထဲမှာ ထည့်ပြီး သိမ်းထားတက်ပေမယ့် အမှတ်တမဲ့ ပြုံးလိုက်လျှင်.... မပြောတော့ဘူး မနာလိုဖြစ်မှာ ဆိုးလို့။ နောက်ပြီး စံဇာဏီဘို မှာထားတာက
ပုရိသများရှေ့မှာ အသံထွက်အောင်မရယ်ပါနဲ့တဲ့၊ ချိုလွင်လွင်အသံလေးကြားပြီး ပုရိသများ ရူးမှာဆိုးလို့ပါတဲ့။

မယ်ကမ္ဘာရှုံးတဲ့ ကိုယ်လုံးနဲ့အချိုးအဆစ်ကြောင့် အမျိုးတူချင်း နှစ်ခါပြန်ကြည့်ရတဲ့၊ မနာလိုစရာကောင်းတဲ့ မြန်မာဆန်ဆန်လှတဲ့ အမျိုးကောင်းသမီးလေး ကျွန်မ။ စိတ်ထားလေးက ကောင်းလွန်းလို့ အမြဲ မလိုနာ အဲ လေ
မနာလိုတဲ့သူတော့ အများသား။ ကိုယ်က စိတ်ရင်ကောင်းတယ် ဆိုတော့ သူများတွေကို ခွင့်လွှတ်ပေးထားပါတယ် ဘယ်လောက်ဘဲ ကိုယ့်ကိုမနာလို ဖြစ်ဖြစ်။ ၀ါရွှေရောင်အဆင်းနဲ့ ပပရှုံးလောက်အောင် လှတဲ့အသား။ ကဲ ကဲ မောနေပါဦးမယ် ရေလေးဘာလေး သောက်ပြီးမှ စိတ်နေစိတ်ထားလေး ဆက်ပြီးဖတ်နော်။ သွားပြီး ရေသောက် ချည်လှည့်ဦး။

ကဲ ရုပ်ကလေးချောတယ်လို့ ပြောရင်မနာလိုဖြစ်မှာ ဆိုးလို့ ဆက်မပြောတော့ဘူး။ စိတ်ကောင်းရှိပြီး ရိုးသားလွန်းလို့ ခဏခဏ အလိမ်ခံရပေမယ့် ဘယ်တော့မှ ရိုးသားတဲ့စိတ်ကို အဆုံးရှုံးမခံတဲ့ကောင်မလေး။ စိတ်ထားမကောင်းတဲ့ သူတွေကတော့ အလိုက်မသိဘူးလို့ ဝေဖန်တက်ကြတယ်။ သူတို့ပြောတာမယုံနဲ့ သိလား။ သစ္စာကို သိပ်တန်ဖိုးထားတက် လွန်လို့ လူတွေကြားထဲမှာ ကိုးလို့ ကန့်လန့် အမြဲဖြစ်တက်တဲ့ ကောင်မလေး။ သီချင်းဆို ဘယ်သီချင်းဖြစ်ဖြစ် ကြိုက်တက်ပေမယ့် နားညီးတဲ့သံချပ်တွေကိုတော့ သူချစ်တဲ့ စိုင်းစိုင်းကလွဲရင် ဘယ်သူ့ သီချင်းမှ နားမထောင်ပါဘူးတဲ့။ မျိုးကြီးကို အသေအလဲ ကြိုက်တဲ့ မျိုးကြီးရဲ့အမာခံ ပရိတ်သတ် ဖြစ်သလို၊ ဒိုးလုံး ကိုလည်း ကြိုက်ပါတယ်တဲ့။

ရင်ဖုံးအကီင်္ျနဲ့ ချိတ်ထမီကို သိပ်ကြိုက်တဲ့ မြန်မာမလေးတွေထဲက ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်ပေါ့။ ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ ဆိုတဲ့အတိုင်း ဘ၀မှာ ရှေးဆန်တာ ကြိုက်သလို။ အတွေးအခေါ်မှာတော့ ခေတ်နဲ့သင့်တော်တဲ့ အတွေးလေးတွေ ရှိချင်တဲ့ ကောင်မလေးက
ကျွန်မပေါ့။ သူငယ်ချင်ဆို မိန်းမ၊ ယောက်ျား ခွဲမထားတက်တဲ့ ကောင်မလေကလဲ ကျွန်မပါဘဲ။ သိပ်ပြီးတော်တဲ့ ကောင်မလေး မဟုတ်ပေမယ့်၊ မညံ့အောင်တော့ အမြဲကြိုးစားနေတဲ့ ကောင်မလေး၊ လဲကျတက်တာ သဘာဝ ပေမယ့် လဲကျတဲ့အချိန်တိုင်း အမြဲ ပြန်ထနိုင်အောင် စိတ်ဓါတ်တွေ အဆင်သင့်ပြင်ထားတက်တာလဲ ဒီကောင်မလေးပါဘဲ။

ဘ၀ဆိုတာ အသေမချင်း ပွဲမပြီးပါဘူး ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဘ၀ကြီးကို ဒူးနဲ့တိုက်ဖို့ကြံနေတဲ့ ကောင်မလေး ဆိုရင်ရော အဲ.... အဲ့ဒါလဲ....ကျွန်မပါဘဲ။ ဘယ်တော့မှ နောက်ကျသည် ဟူ၍မရှိပါ ဆိုတဲ့ စကားလုံး လက်ကိုင်ထားပြီး ဘ၀ကို အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းသွားချင်တာလဲ ကျွန်မဘဲပေါ့။ ပျော်ပျော်နေတက်
တဲ့ကျွန်မကို ခပ်ပေါပေါလို့ထင်တက်တဲ့ သူတွေကိုတော့ အသေအလဲ မုန်းပါသတဲ့လေ။(ပေါတော့ ပေါတာပေါ့ ဒါပေမယ့် မပေါဘူး။) လျှာအရိုးမရှိတိုင်း လျှောက်ပြောတက်တဲ့ သူတွေဆို အဆက်အဆံမလုပ်ချင် ပါဘူတဲ့လေ။ သစ္စာမရှိတဲ့ သတ္တ၀ါတွေကို ဆိုရင်တော့ အပေါင်းအသင်း မလုပ်ချင်တာလဲ ကျွန်မပါဘဲ။ မာနကြီးတယ်ပြောလဲ ခံလိုက်ရုံဘဲ။ အဲ့ဒီလို လူတွေဆို သိတယ်လို့တောင် မပြောချင်ဘူး။

အဲ..အဲ့ဒီကောင်မလေးရဲ့ အိပ်မက်ကတော့ ကြီးကြီးကျယ်ကျယ်သိပ်ပြီးမဟုတ်ပေမယ့် လောကကြီးမှာ လောကကြီး အတွက် အုပ်တချပ်၊ သဲတပွင့်လောက်တော့ ဖြစ်ချင်ပါသတဲ့။ ပိုက်ဆံရှိရင်တော့ မိဘမဲ့ကလေးကျောင်းလေး တစ်ခုလောက်တော့ ဖွင့်ချင်ပါသတဲ့။ အခွင့်ရှိရင် တောင်ပေါ်မြို့လေးတစ်မြို့မှာ အေးအေးဆေးဆေး နေချင်ပါ သတဲ့။ အခွင့်ရှိရင် ဗုဒ္ဓရဲ့တရားကို လည်းပြန့်ပွားအောင် လုပ်ချင်ပါသတဲ့။ အခွင့်ရှိရင် သူချစ်တဲ့ နိုင်ငံအတွက် တစ်ခုခုတော့.... တစ်ခုခုလောက်တော့...အုပ်တစ်ချပ်လောက်... သဲတပွင့်လောက်တော့...

အခုတော့ အရင်နှစ်တွေက သိပ်ပင်ပန်းခဲ့လို့တဲ့ သူခွင့်ရက်ရှည်ယူပြီး ကမ္ဘာကြီးရဲ့တစ်နေရာ ရင်ခွင်နွေးနွေးမှာ အပန်းဖြေနေပြီး နောက်ထပ်လာမဲ့တိုက်ပွဲတွေ အတွက် ပြင်ဆင်နေတဲ့ ကောင်မလေးငယ်ငယ် ကတော့ ကျွန်မနှင်းဆီနီနီပါ။ ပညာရှိများ ပီပီ ချင့်ချိန်ပြီးမှ ယုံကြပါရန်။

(မှတ်ချက်။။ ရုပ်ရည်နဲ့ပက်သက်လို့ မယုံမရှိနဲ့ တကယ်ပြောတာ။ဟဲ ဟဲ မယုံရင်လဲ ပုံပြင်လို့သာမှတ်။ ရေးစရာတွေ ရှိနေသေးပေမယ့် စာဖတ်သူ မလိုနာပြီး ငရဲကြီးမှာ ဆိုးသဖြင့် ဒီတင်ဘဲ အဆုံးသတ်လိုက်ပါတယ်။ ကျွန်မရေးထားတာတွေ မဟုတ်ဘူးထင်ရင် ကွန်းမန့်ပွက်ခဲ့နိုင်ပါတယ်။ (မှတ်ချက်။။ အပြင်မှာ ကျွန်မကို မြင်ဖူးသူများ လုံးဝမရေးရ။) ဖြစ်နိုင်ရင်တော့ တက်ချင်သေးတယ် မမမြရွက်ဝေကို။ ကိုဇူလိုင်ကို တုထားပါ သဖြင့် ဆင်တူရိုးမှာ ဖြစ်နိုင်ပါသည်။ မတက်ရင် စိတ်ဆိုးမှာ စိုးပါ သဖြင့်
လင်း
မေပျို
နှင်းပွင့်ဖြူလေး
မရွှေဂျမ်း
တို့ကိုတက်ပါပြီရှင်။)
ရင်ခွင်နွေးနွေး = မိဘရင်ခွင်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Saturday, 17 November 2007

စိတ်နဲ့ ကြည့်သင့်သော ရုပ်ရှင်များ

မြန်မာပြည်မှာနေတုန်းကတော့ ဗီဒီယိုအခွေတွေ သိပ်ပြီးမကြည့်ဖြစ်ပါဘူး။ အဲ မကြည့်ဖြစ်ဖူး ဆိုပေမယ့် ၅၀ ရာနှုန်းလောက်တော့ ကြည့်ဖြစ်ပါတယ်။ ဒီရောက်တော့ ဘာမှလုပ်စရာ မရှိလို့။ တနေကုန်အောင် ရုပ်ရှင်ကြည့် ဖြစ်တဲ့ ရက်တွေရှိပါတယ်။ တချို့အစီအစဉ်တွေက လာပြီးသားတွေ ထပ်လာရင် ရွေးစရာရှိရင် မကြည့်ပေမယ့်။ ရွေးရာမရှိရင်တော့ စကားပြောနားထောင်တဲ့ အနေနဲ့တော့ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြည့်ဖြစ်ပါတယ်။ အဲ့ဒါ ကြည့်ရင်းနဲ့ ကြိုက်သွားတက်ရော :P။ ကြည့်ရင်းနဲ့ ကြိုက်သွားတဲ့ကားလေးတွေကို သူငယ်ချင်းတွေကို ပြောပြချင်လို့။ တချို့တွေက ကြည့်ပြီးသားကားတွေဖြစ်ချင်ဖြစ်မှာပါ။ မကြည့်ရသေးတာလဲ ရှိချင်ရှိမှာပါ။ ဓါတ်ပုံတွေကိုတော့ ထုံးစံအတိုင်း သူများဆီကနေ ခိုးကူးထားပါကြောင်း။ ဟဲဟဲ မရှိလို့ပါရှင်။

ပထမဆုံး ကျောင်းသားတွေကို အခြေခံပြီးရိုက်ထားတဲ့ ဇာတ်လမ်းလေးကို ရေးပေးချင်ပါတယ်။ သူက Coach Carter ဆိုတဲ့ ဇာတ်လမ်းလေးပါ။ Cover ပုံက အောက်ဘက်မှာပါ။


ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဘက်စကက်ဘော ကစားတဲ့ကျောင်းသားတွေကို သင်ပေးတဲ့ ဆရာနဲ့ ကျောင်းသားတွေနဲ့ ဇာတ်လမ်းလေးကို အခြေခံပြီး ရိုက်ထားတာပါ။ အစပိုင်းတော့ နဲနဲပျင်းစရာကောင်း သလိုလိုဘဲ။ ပွားးတာတွေများလို့ အသံထွက်နားထောင်ချင်လို့သာ နားထောင်နေရတယ်။ အတော်ပျင်းစရာ ကောင်းပါတယ်။ နောက်ပိုင်း သင်ပေးတဲ့ ဆရာနဲ့ ကျောင်းသားတွေ ပြဿနာတက်ကြပါတယ်။

ကျောင်းသားတွေက ဘက်စကက်ဘောဘဲ ကစားချင်ကြတာ၊ ကျောင်းစာကို သိပ်ပြီးမလုပ်ချင်ကြဘူး။ အစမ်းစာမေးပွဲမှာ သူ့ကျောင်းသားတွေ စာမေးပွဲကျတဲ့သူတွေများလို့၊ လေ့ကျင့်ရေးကိုလျှော့ပြီး စာလုပ်ချိန် တိုးရမယ်လို့ ပြောပြီး ကစားကွင်းကိုပိတ်လိုက်လို့။ ကျောင်းသားတွေက သဘောမတူ၊ ကျောင်းအုပ်ကြီးက ကြိမ်း၊ ကျောင်းသားမိဘတွေက ဆန္ဒပြနဲ့ အတော်ကို ပြဿနာ တက်နေကြတာ။ နည်းပြကြီး Carter ရဲ့သားကလည်း ကစားသမားတွေထဲမှာပါပြီး သူ့ကလည်း စာသိပ်မလုပ်ချင်ပါဘူး။ သူက ဘက်စကက်ဘော ကစားချင်လို့ ကျောင်းပြောင်းလာတာ။

အဲ့ဒီထဲမှာ Coach Carter ပြောတဲ့ စကားလေးတခွန်းကိုနားလည်သွားလို့ အဲ့ဒီကားကိုကြိုက်သွားတာပါ။ သူပြော
တာကတော့ (နားလည်သလို ဘာသာပြန်လိုက်တာပါ။ အတိအကျတော့ ဟုတ်ဘူး။ ဆွဲတွေးလိုက်တာ။) အမေရိကားမှာ လူမည်းတွေအများကြီးဘဲ ရှိပါတယ်တဲ့ အဲ့ဒီအထဲမှာ ၈၀% လောက်က ဒုစရိုက်မှုတွေ၊ ဆင်းရဲ ဒုက္ခတွေနဲ့ ရုန်းကန်လှုပ်ရှားနေရပါတယ်တဲ့။ အားကစားသမားတွေ၊ အဆိုတော်တွေရှိပေမယ့် ပြဿနာ တွေနဲ့ပါတဲ့။ အဲ့ဒီလို ဖြစ်ရတာက ပညာမတက်လို့ပါတဲ့။ အားကစားလုပ်တာ အရေးကြီးပါတယ်တဲ့။ လုပ်လဲလုပ်သင့်သလို လုပ်လဲလုပ်ရပါမယ်တဲ့။ ဒါပေမယ့် အသိဉာဏ်တွေရှိဘို့၊ အမှန်အမှားဆုံးဖြတ်နိုင်ဖို့ ပညာတက်တွေဖြစ်ဖို့ လိုအပ်ပါသေးတယ်တဲ့။ ပညာတက်မှ လူကြားထဲမှာ လူရာဝင်မှာ ဖြစ်လို့ သူကျောင်းသား တွေ အားကစားတစ်ခုထဲကို ထူးချွန်အောင်ကြိုးစာကြ၊ အရေးကြီးတဲ့ အတန်းတင်စာမေးပွဲအတွက်လဲ ပြင်ဆင်ရမယ်တဲ့။

အဲ့ဒါကို မကြိုက်လို့ ကျောင်းသားတစ်ယောက်က အဖွဲ့ကနေထွက်သွားပါတယ်။ ပိုက်ဆံများများရတဲ့ မှောင်ခိုသွားလိုပ်တာ အတူလုပ်တဲ့သူ ကိုယ့်ရှေ့မှာ သေသွားမှ။ ဆရာပြောတာ သတိရပြီး ဆရာဆီကိုပြန်လာတဲ့ ဇာတ်လမ်းလေးပါ။ နောက်ဆုံးမှာ ကျောင်းသားတွေအားလုံး Scholar ရသွားကြတယ် နာမည်ကြီး တက္ကသိုလ်တွေမှာပါ။ မြန်မာနိုင်ငံက အရင်က ဖက်ဖူးရောင်ဇာတ်လမ်းလေးကို ပြန်မြင်မိပါတယ် ဒီဇာတ်လမ်းလေးကိုကြည့်ပြီးတော့။ စကားများလွန်းအားကြီးလို့ အစပိုင်းမှာ စိတ်ညစ်ရပေမယ့် ပညာယူတက်ရင် ပညာပေးထားတဲ့ဇာတ်လမ်းလေးပါ။ ကျွန်မတို့နိုင်ငံမှာလဲ ကျောင်းသားတိုင်းကို ပညာတက် ဖြစ်အောင်( စာတက်တာကို ပြောချင်တာမဟုန်ပါဘူး။ ပညာတက်ဖြစ်စေချင်တာပါ။)၊ စာကြိုးစားအောင် တိုက်တွန်းသင့်သလို၊ ကျောင်းမတက်နိုင်တဲ့ သူတွေကိုလည်း အပြင်ကနေ အပြင်စာတွေလေ့လာ သဘောတရားတွေနားလည်အောင် ကြိုးစားသင့်တယ်လို့ထင်ပါတယ်။ ရှေးရှေးတုန်းကလို စာအုပ်တွေဖတ်ပြီး အသိပညာရှာသလိုမျိုး။ ဖြစ်နိုင်လို့ရှိရင် ပံ့ပိုးပေးချင်ကြတဲ့ သူတွေ၊ ပြောပေးချင်တဲ့လူတွေ ရှိရင် သိပ်ကောင်းမှာ ဘဲလို့ ဒီကားလေးကိုကြည့်ပြီး စိတ်ကူးယဉ်မိပါတယ်။

နောက်ထပ်တစ်ခုက လူဦးရေ ၄၃၆ တဲ့ အဲ့ဒီကားလေးက ခပ်ကြောင်ကြောင်လို့ ရိုးရိုးလေးတွေးရင် ရပါတယ်။
သူပြောချင်တာက အဲ့ဒီထက်ပိုတယ်လို့ ကျွန်မထင်ပါတယ်။


ဇာတ်လမ်းအကျဉ်းလေးက ဒီလိုပါ။ မင်းသားက ရွာလေးတစ်ရွာကို ရောက်သွားတာပါ။ ရွာထိပ်မှာ အ၀င်နားက လမ်းမှာ ချိုင့်တစ်ခုထဲ ကားဘီးဝင်သွားလို့ ရွာထဲမှာခဏ၀င်အိပ်ရာက စတာပါ။ အဲ့ဒီရွာလေးမှာ လူဦးရေ ၄၃၆ ယောက်ဘဲရှိပါတယ်။ ရွာလေးကပတ်ဝန်းကျင်ကအေးဆေးပြီး လူတွေက ရှေးဆန်ကြတယ်။ နဲနဲတော့ ထူးဆန်တယ်လို့ ထင်ရပါတယ်။ နောက်ပိုင်းမှ ရွာမှာ ပွဲရှိတစ်ခုလုပ်ပြီး ရွာထဲက လူတစ်ဦးက ဇွဲကြိုးချပြီးသေသွား
တော့မှ ....

လူတွေကို စည်းမျဉ်းဘောင်တစ်ခုနဲ့ထားပြီး။ လူဦးရေ ၄၃၆ ထက်မပိုအောင် လုပ်ထားပါတယ်။ ဘယ်မှပြောင်း ရွေ့ခွင့်မရှိသလို၊ ထွက်ပြေးရင် လည်းကျိန်စာမိပြီး ...အရသာပျက် သွားမှာစိုးလို့ပါ။ ဇာတ်လမ်းကို ကြည့်ရတာ ရှေးရိုးစွဲနေတဲ့ မြန်မာပြည်ကလူတွေနဲ့ နဲနဲဆင်ပါတယ်။ သူက ဘာသာရေးနဲနဲပါတယ်ထင်ပါတယ် နှစ်ခါလောက်ဘဲ ကြည့်ရသေးလို့ သိပ်ပြီး နားမလည်သေးပါဘူး။ ဟဲဟဲ ဇာတ်လမ်းတစ်ခုကို ချက်ခြင်းနားမလည်တာ ကျွန်မအားနည်းချက်ပါ။ အရင်တုန်းကတော့ ကြိုက်တဲ့ဇာတ်လမ်းဆို ၀ယ်ပြီး ခဏခဏပြန်ကြည့်မှ နားလည်ပါတယ်။ နားမလည်မချင်း ပြန်ကြည့်တက်ပါတယ်။ ပြောရင်နဲ့ လွဲကုန်ပါဘီ။ အဲ့ဒီကားလေးလဲ ကောင်းပါတယ်။ မယုံရင် ကြည့် ကြည့်ပါ။ အခမဲ့ကြော်ငြာပါတယ်ရှင်။

ဒီကားလေးက အချစ်ဇာတ်မြူကားလေးပါ။ အပျိုကြီးတွေအကြောင်းရိုက်ထားတာပါ။ တကယ်နှစ်သက်တဲ့သူနဲ့ ကျတော့ ဘယ်လောက်ပဲအလွဲတွေနဲ့ ကြုံကြုံ၊ ပေါင်းဖတ် ဖြစ်တယ်လို့ပြောပါတယ်။ သူ့မှာပါတဲ့ ဇာတ်ဝင်ခန်း အချို့အတိုင်းတော့ မြန်မာယဉ်ကျေးမှုနဲ့မညီတဲ့ အခန်းတွေပါဝင်ပါတယ်။ ဒါပေမယ့် သစ္စာတော့ စောင့်သိလို့ရပါတယ်။ စိတ်ဓါတ်လေးဘဲယူပြီး ကျန်တာကို မြန်မာမှုပြုလိုက်ရင် အဆင်ပြေသွားမှာပါ။

ဇာတ်လမ်းအကျဉ်းလေးက ဒီလို။
အပျိုကြီးတစ်ယောက်ပါ။ အချစ်စစ်တွေ့ဖို့ ရည်မှန်းထားပြီး စိတ်ကြိုက်ရွေးနေတာနဲ့ အပျိုကြီးဖြစ်နေတာပါ။ ရုပ်အလှကြိုက်သလို၊ စိတ်ရင်ကောင်းတာ၊ ၀ါသနာတူတာလေးကိုလဲ သဘောကျတာမို့ ရွေးရင် အဆင်မပြေနဲ့ အပျိုကြီးဖြစ်နေတာပါ။ နောက်ဆုံး အမျိုးသားတစ်ယောက်နဲ့ ချိန်းရင်သဘောကျပေမယ့် အဆင်ကမပြေ ခဏခဏလွဲနဲ့ နောက်ဆုံးခန်းမှာ သူအကြိုက်တဲ့ ရုပ်ရှင်ကို အပျိုကြီးက အရမ်းကြိုက်လို့ အခါ (၂၀) လောက်ကြည့်ဖူးတယ်ဆိုတဲ့ စကားလေးနဲ့ ဘ၀တသက်တာ လက်တွဲဖော်အမှန်ကို တွေ့ရှိသွားပါတော့တယ်။ ကဲ စိတ်ရှည်ရှည်နဲ့သာစောင့် နော် ကိုဇူလိုင် တနေ့တော့တွေ့မှာပေါ့။ :P အချစ်စစ်ကို ပြောတာပါ။


The Terminal ကားကတော့ ဇာတ်လမ်းအိမ်သိပ်မကြီးတဲ့ တကယ့်အဖြစ်အပြက်ကို ရိုက်ထားတာဖြစ်ပါတယ်။ ၁၉၈၈ လောက်က ပြင်သစ် လေဆိပ်မှာပိတ်မိနေတဲ့ နိုင်ငံခြားသားတစ်ယောက်အကြာင်းပါ။ နာမည်ကြီး သရုပ်ဆောင်တွေပါရုံသာမက နာမည်ကြီးဒါရိုက်တာ၊ ထူးခြားတဲ့ ဆက်တင်ခန်းနဲ့ပြင်ဆင်ပြီး ရိုက်ထားတာပါ။
လေယာဉ်ရုံအဟောင်ထဲမှာ စက်လှေကား ၃ စင်းတပ်ပြီး ဆက်တင်ကို လေဆိပ်အတုလုပ်ရိုက်ထား တာပါ။ မထင်ရလောက်အောင် ခမ်းနားပါတယ်။ အဲ သရုပ်ဆောင်တွေကလည်း တော်ကြပါတယ်။ အဲ့ဒီအထဲမှာ စိတ်ဓါတ်ပြင်းထန်ပြီး ယုံကြည်မှုရှိတဲ့ Victor ဆိုတဲ့ဇာတ်ကောင်ကို သိပ်သဘောကျလို့ စိတ်ဓါတ်ကျရင် သူ့ကို သွားပြီး သတိရလိုက်တယ်။ ဘယ်နေရာရောက်ရောက် အဆင်ပြေအောင်နေတက်ရမယ်လို့။ ဘ၀ကို ပြန်သောက်နိုင်ရမယ်လို့။

ဇာတ်လမ်းအကျဉ်းက Victor ကသူ့အဖေ ဆန္ဒအရ New York က ဟိုတယ်တစ်ခု ဂီတပညာရှင်တစ်ယောက် ကိုလာတွေ့တာပါ။ သူ New York ရောက်တဲ့နေ့မှာဘဲ သူ့နိုင်ငံက စစ်ဖြစ်လို့ Passport တွေအားလုံးကို ခဏပိတ်ထားတာကြောင့် Immigration ကပေးမ၀င်လို့ မြို့ထဲဝင်လို့မရသလို သူ့နိုင်ငံလည်း ပြန်သွားဖို့ လေယာဉ်မရှိဘဲ။ Terminal ထဲမှာပိတ်မိနေတာ အတော်ဒုက္ခရောက်တာကို ဇွဲမလျှော့ဘဲရင်ဆိုင်နိုင်ရုံသာမက၊ သူငယ်ချင်း၊ အလုပ်နဲ့ ချစ်သူတောင်ရသွားတာလေးကိုရိုက်ပြ ထားတာပါ။ စိတ်ဓါတ်ပိုင်းဆိုင်ရာလေးတွေ၊ စိတ်ကောင်းရှိဖို့လေးတွေ၊ ရိုးသားမှုလေးတွေ တင်ပြထားတာပါ။ ကြည့်ပြီးရင်ကြိုက်သွားမယ်ထင်ပါတယ်။

ပါးစပ်နဲ့တက်တာ တရားမ၀င်ဘူးလို့ ပြောပါသဖြင့် လက်နဲ့ အဲ စာနဲ့ တက်ပါ့မယ်ရှင့်။
၁) မေပျို။
၂) ကိုမာန်လှိုင်းငယ်။
၃) မိုးချစ်သူ။
၎) ကိုပီကေ။(ရေးစရာတွေ များနေတဲ့ကိုပီကေ ကို အိမ်စာအသစ်ပေးတာပါ။)
၅) မျှားပြာ။(ကာတွန်းကားဘဲ ကြည့်ရင် ကာတွန်းကာအကြောင်းဘဲ ရေးပေးနော်။)

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Friday, 16 November 2007

အစားကျူးတော့ ဘီလူး

ကျွန်မကြည့်ရင်များသောအားဖြင့် အစားသောက်အစီအစဉ်တွေ ကြည့်ဖြစ်တာများပါတယ်။ ဟိုနေ့ကလည်း အစားအသောက်အစီအစဉ် ကြည့်နေတုန်း ဗြုန်းဆို တရုတ်အစီအစဉ်က မိကျောင်းသားချက်စားတာ လာပါရော။ တရုတ်တွေ အစားအသောက်နဲ့ ပက်သက်ပြီးအထူးအဆန်းတွေ စားတက်တာသိပါတယ်။ ငယ်ငယ်ကကြားဖူးတယ် မြစ်ကြီးနားဘက်က တရုတ်တွေ တောလိုက်ရင် မျောက်တွေဖမ်းခိုင်းပြီး မျောက်အရှင်ကို လည်ပင်းလှီးပြီး မျောက်သွေး လတ်လတ်ဆတ်ဆတ် သောက်တာ။ မျောက်အရှင်ကို မျက်နှာပြင် ဖေါက်ထားတဲ့ စားပွဲခုံအောက်မှာ ကြိုးတုပ်၊ စားပွဲခုံပေါ်ကနေ ဓါးထက်ထက်နဲ့ မျောက်ဦးခေါင်းခွံကိုလှီးထုတ်ပြီး မျောက်ဦးနှောက်ကို အရက်နဲ့ မြည်းတာတွေ။ တရုတ်တွေ ထူးထူးဆန်းဆန်းတွေ သိပ်စားတက်ကြတာသိပါတယ်။

ဒါတွေက တောထဲမှာပါ။ အခုဟာ အစီအစဉ်မှာပြတာတော့ သိပ်ပြီးမကောင်းဘူး ထင်ပါတယ်။ ပြောမယ်နော် မိကျောင်းပေါက်စလေးတွေကို သီသန့်မွေးထားတာပါ။ အဲ့ဒီထဲက အရှင်တစ်ကောင်ကိုယူ ရေနွေး ကျက်ကျက်ဆူ ထဲကိုထည့်၊ နဲနဲလောက်ကြာတော့ ပြန်ဆယ်။ ပြီးတော့ ရင်ဘက်ကနေစပြီးခွဲတယ်။ ပြီးတော့ အရေခွံခွာတယ်။ မိကျောင်းက အရေခွံခွာတော့ ခြေတွေ၊ လက်တွေလှုပ်နေပါသေးတယ်။ နာလွန်းလို့ထင်ပါရဲ့။ နာလွန်းလို့ မလှုပ်နိုင်လို့သာ ကျိတ်ခံနေပုံရတယ်။ အဲ့ဒါကိုလဲ သေသေချာချာ ရိုက်ပြသေးပါတယ်။

ပြီးတော့ မိကျောင်းမြီးကိုဖြတ် လှလှပပလေးလှီပြီး၊ စွတ်ပြုတ်လုပ်ထားတယ်။ မိကျောင်းမြှီးလေးက ပန်ကန်ထဲမှာ ပန်းပွင့်ပုံစံနဲ့ လှလှလေး။ ပြီးတော့ မိကျောင်းသားကို အမြောင်းလိုက် လွှာပြီးလှီလိုက်ပါတယ်။ အသားတွေလှီးနေတုန်း မိကျောင်းအသားက တဆတ်ဆတ်တုန်နေတယ်။ နာလို့ထင်ပါတယ်။ ပြီးတော့ အစီအစဉ်တင်ဆက်သူကို ဒီအတိုင်း အစိမ်းစားကြည့်ပါတဲ့။ အစီအစဉ်တင်ဆက်သူက နဲနဲကြောက်တဲ့ပုံ ဖြစ်နေပေမယ့် ကောက်ပြီးတော့ဝါးလိုက်သေးတယ် ပြီးမှ ကြောက်လို့နဲ့ တူပါရဲ့ ပြန်ထွေးလိုက်တယ်။

သူမို့လို့ စားရက်တယ်။ ကိုယ့်ရှေ့မှာ အရှင်လတ်လတ်ကို သတ်ပြီး ကိုယ့်ကိုစားခိုင်းတာ သူမို့လို့။ အထူးအဆန်းတော့ အထူးအဆန်းပါဘဲ။ ဒါပေမယ့် လူတွေကိုအသက်နဲ့ ပက်သက်ပြီး သိပ်အလေးထားစရာ မလိုဘူးလို့ ပြောလိုက်သလိုပါဘဲ။ တရုတ်အစားအစာတွေ ကျွန်မလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ဒီလောက်ရက်စက် တာတော့လွန်ပါတယ်။ အစားအသောက်လေးတစ်ခုအတွက် ဘာမှမကြည့်တော့ဘူး။ လောဘကြီးပြီး ကိုယ့်ဝမ်းအတွက်ဆို ဘာမှမကြည့်တက်၊ ဘယ်သူမှ မျက်နှာမထောက်တက်တဲ့ အကျင့်တွေ အဲ့ဒီလို ကနေစတာပါ။ အဲ့..ဒါနဲ့တောင်..... ဆက်ပြောရင် မကောင်းတော့လို့...။

အစားအသောက်ကို သိပ်ပြီး ဇီဇာခြည့်တာလည်း ငရဲကြီးပါသတဲ့။ ဒီနေ့တော့ ငရဲကြီးတဲ့အကြောင်းဘဲ ပြောနေတယ်လို့ မထင်ပါနဲ့။ စိတ်မကောင်းလွန်းလို့ပါ။ ရှားပါးသတ္တ၀ါတွေကို ဂရုမစိုက်ဘဲ ဒီလိုအစီအစဉ်ကနေ ပြသတာလွန်ပါတယ်။ သိပ်ပြီးသတ္တိမရှိချင် နေပါ။ လောဘထိန်းနိုင်ရုံ လောက်၊ အစာဝရုံလောက်၊ ကြည့်ကောင်းရုံလောက်ဆို တော်ပါဘီ။(လူမျိုးရေး ကိုအဓိကပြောချင်တာ မဟုတ်ပါဘူး။ အစားကျူးတာကို အဓိကပြောချင်တာပါ။ လူမျိုးရေကို ထိခိုက်သလိုဖြစ်သွားရင် ခွင့်လွှတ်ပါ။ အစားအထူးအဆန်းစားသော လူများကို သာရည်ရွယ်ပြီးရေးသားခြင်းဖြစ်ပါသည်။)
ပျော်ရွှင်နိုင်ပါစေ။
နှင်းဆီနီနီ။။

နှင်းဆီ
နှင်းဆီ
အနီလား
အ၀ါလား
အဖြူလား
ပန်းရောင်လား
မဟုတ်ဘူး
နှင်းဆီပါတဲ့။

နှင်းဆီ
အဆိပ်ပြင်းလား
ပိုးကိုက်နေလား
ဆူးတွေနဲ့လား
မဟုတ်ဘူး
နှင်းဆီပါတဲ့။

နှင်းဆီ
နှင်းဆီ
နှင်းဆီ
ဖြူ၊ နီ၊ ၀ါ
အရောင်ပြောင်းလဲ
နှင်းဆီပါဘဲ။

အဆိပ်တွေနဲ့ပြောလဲ
နှင်းဆီပါဘဲ။
မာနကြီးတယ်ပြောလဲ
နှင်းဆီပါဘဲ။
အသုံးမကျဘူးပြောလဲ
နှင်းဆီပါဘဲ။
အမြင့်မှာထားလဲ
နှင်းဆီပါဘဲ။
လမ်းဘေးမှာပေါက်လဲ
နှင်းဆီပါဘဲ။

ရနံ့မွှေးလဲ နှင်းဆီဘဲ။
လှလဲ နှင်းဆီ
မလှလဲ နှင်းဆီပါဘဲ။
အဆိပ်သင့်လဲ
နှင်းဆီ။
အဆိပ်မသင့်လဲ
နှင်းဆီ။
နှင်းဆီမို့
နှင်းဆီဖြစ်နေလို့...

နှင်းဆီနီနီ။

စိတ်ဆိုးခြင်းနှင့် ထွေရာလေးပါး

ကျွန်မလား စိတ်ညစ်ရင် လျှောက်လုပ်တက်တယ်။ စိတ်ညစ်ရင် မုန့်စားတယ်။ တွေ့တဲ့မုန့်တွေအကုန်စားတယ်။ မရှိရင် ၀ယ်စားတယ်။ အိတ်ထဲမှာ ရှိသမျှကုန်အောင် မုန့်ဝယ်စားလိုက်တယ်။ ပေးသမျှမုန့်ဖိုးတွေကို အိမ်ကို မလိမ်ချင်လို့ အကုန်မုန့်ဝယ်စားတယ်။ သူများမုန့်စားနေတာတွေ့ရင်လဲ အရှက်မရှိတောင်းစားတက်ပါတယ်။ ကိုယ်မုန့်စားနေရင်တော့ မုန့်မကုန်မချင်း ဘယ်သူ့ကိုမှမကြည့်ဘူး။ မုန့်တောင်းစားမှဆိုးလို့။

အိမ်မှာ စိတ်ဆိုးရင် ရှိသမျှမုန့်တွေကို အကုန်စားပစ်တယ်။ အရမ်း စိတ်ဆိုးရင် ရယ်တယ်။ တ၀က်တပျက် စိတ်ဆိုးရင် စကားမပြောဘူး။ စိတ်နာသွားရင်တော့ အဲ့ဒီလူကို ပြုံးပြုံးလေးကြည့်နေလိုက်တယ်။ ခင်ရင် မုန့်ဝယ်ကြွေးခိုင်းတယ်။ မ၀ယ်ကြွေးရင် ဘလက်လစ်ထဲ သွင်းလိုက်တယ်။ အဲ ကိုယ့်ကို တစ်ခါမုန့်ဝယ်ကြွေးဖူးရင် နောက်ကို ကိုယ်ကဘဲ အမြဲမုန့်ဝယ်ကြွေးတယ်။

ကိုယ်အကူအညီတောင်း လို့မပေးရင် စိတ်မဆိုးဘူး။ သူကို ပြန်ပြီးများများ ကူညီလိုက်တယ်။ ကူညီတယ်ဆိုတာ ဘာလဲသိအောင်လို့။ သဘောတရားနားမလည်တဲ့ သူတွေနဲ့။ စိတ်ကောင်းမရှိတဲ့သူတွေကို စိတ်ကောင်းဘယ်လိုထားရသလဲ သင်မပေးတော့ သူတို့ ငရဲသွားမှ မုန့်ဟင်းခါး မကျွေးလဲ လိုက်ပို့လိုက် တော့မယ်။ ကိုယ်ကတော့ နတ်ပြည်သွားမယ်။ ဟဲဟဲ

စိတ်ပျက်ဖို့ကောင်းတဲ့သူတွေကို စိတ်ဆိုးနေပါသဖြင့် စိတ်ထဲရှိရာလျှောက်ရေးထားပါသည်။ သည်းခံပြီး ဖတ်ကြပါ။

Thursday, 15 November 2007

ရောက်ခဲ့ဖူးသော တောင်ကြီးတန်ဆောင်တိုင်

တောင်ကြီးတန်ဆောင်တိုင်ကြီး နီးလာပါပြီ။ အေးပြီး၊ မြူတွေဝေနေတက်တဲ့ နေရာတိုင်းကို ကျွန်မအရမ်းနှစ်သက် တက်ပါတယ်။ အညာသူဖြစ်ပေမယ့် နှင်းတွေဝေတာဘဲဖြစ်ဖြစ်၊ မမြင်ဖူးတဲ့နှင်းတွေကို မှန်းပြီးပျော်တက်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင် တစ်ခေါက်ရောက်ဖူးတာလေး အမှတ်တရရေး လိုက်ချင်လို့ပါ။

ကျွန်မဆယ်တန်းနှစ်က မန္တလေးမှတက်တာပါ။ အဲ နိုဝင်ဘာဆိုတော့ ဆယ်တန်းစာမေးပွဲကြီးနီးပြီပေါ့။ တန်ဆောင်တိုင်ဆိုပေမယ့် တောင်ကြီး၊ အင်းလေး၊ ပင်းတယ ဘုရားဖူးလို့ပြောရင်လည်းရပါတယ်။ အဒေါ်တွေက ဈေးထွက်တာဆိုတော့ ဈေးပိတ်ရက်တွေကိုအမြဲ ဘုရားဖူးထွက်တက်ကြပေမယ့်။ ကျွန်မကတော့
ဆယ်တန်းမို့ ဘယ်တော့မှလိုက်ခွင့်မရှိပါဘူး။ ဒီတခါတော့ ပူဆာလွန်းလို့၊ ပြီးတော့ ဒီတစ်ခါမခေါ်ရင် အရမ်းစိတ်
ဆိုးမယ်ပြောလို့။ အကြောင်းကြောင်းကြောင့် ကားထွက်ခါနီးမှ အဖွားက ကျူရှင်မှာလာခေါ်ပြီး၊ အ၀တ်အစား တွေ အမြန်ထည့်ပြီး လိုက်ခဲ့ရတာပါ။

လိုက်ခွင့်ရလို့ အရမ်းပျော်ခဲ့ပါတယ်။ အစက ကျွန်မလိုက်ဖို့ အစီအစဉ်မရှိလို့ သွားမဲ့ကားက နဲနဲကျပ်သွားပါရော။
ဆန်နီကားလေးမှာ လူ ၁၅ ယောက်။ စဉ်းစားသာကြည့်ကြပါတော့ ဘယ်လောက်ကျပ်မလဲလို့။ အားလုံးက အပျိုပေါက်တွေချည်းပါဘဲ။ ကျွန်မအစ်မရယ်၊ အဒေါ်တွေရဲ့ဆိုင်က ကောင်မလေးတွေရယ်၊ ကျွန်မအဒေါ်တွေ ရယ်၊ အဒေါ်ကလေးတွေရယ်။ သွားတာကတော့ ကားကနှစ်စီး။ ပစ္စည်းတွေနဲ့ ကလေးတွေကို မှန်လုံကားနဲ့။ မှန်လုံကားဆိုတော့ လူကသိပ်မဆန့်ဘူး။ ကျွန်မတို့ကတော့ ဆန်နီကားပေါ်မှာ မန္တလေးကစထွက်ကတည်းက သီချင်းတွေအော်ဆိုလာတာ ခဏနားတဲ့အချိန်ဘဲရပ်ကြတယ်။ ကောင်မလေးတွေချည်းပါတဲ့ ကားဆိုတော့ လမ်းမှာတွေ့သမျှကားတွေက နောက်သွားကြတာပေါ့။

မိတ္ထီလားကိုဝင်ပေမယ့် အိမ်ကိုမ၀င်ဖြစ်ဘူး။ တောင်အတက်ကိုနောက်ကျမှာဆိုးလို့ပါ။ အဲ သာစည်ကထွက် ကတည်းက တောင် စတက်ရပါပြီး။ ဦးလေးကမေမြို့အတက်တောင် မောင်းဖူးတာမဟုတ်ဘဲ၊ တောင်ကြီးကို တက်လို့ အားလုံးကစိတ်ပူနေတာ။ သတိနဲ့မောင်းနေတော့ ကလောမြို့ကို ရောက်တော့ ည ၉ နာရီကျော်နေပြီ။
တောင်ကြီးဘက်ကို ဆက်သွားဖို့လုံးဝ မဖြစ်နိုင်ပါဘူး။ ပါလာတဲ့လူတွေက ကလေးတွေနဲ့ အမျိုးသမီးချည်းမို့ လမ်းမှာတစ်ခုခု ဖြစ်ရင်မလွယ်လို့။ ကလောမြို့အ၀င်က ထင်းရှူးရိပ် တည်းခိုခန်းမှာ ညအိပ်ရပါတော့တယ်။ ကျွန်မတို့အားလုံး ကလေးတွေမို့ ဘာမှမသိလိုက်ပေမယ့် အဒေါ်တွေကတော့ အတော်ခေါင်းပူနေပါပြီ။ တည်းခိုခန်းကို လူအယောက်၂၀ကျော်နဲ့ တည်ခိုခန်းခတွေကလည်း ပွဲတော်ရက်မို့ဈေးကြီး၊ စားသောက်ဆိုင် တွေကလည်း ဈေးကြီးနဲ့ ဒီအုပ်စုကြီးအဆင်ပြေအောင် လုပ်ပေးခဲ့တဲ့ အဒေါ်တွေကို အခုမှ ကျေးဇူးတင်ရကောင်းမှန်းသိပါတယ်။

ကလောမှညအိပ်၊ နောက်နေ့မနက် ၂နာရီလောက်ကို ၄နာရီထွက်နိုင်အောင်ထပြီးပြင်ဆင်။ အိပ်ပုပ်ကြီးတဲ့ ကျွန်မဂျီကျတော့တာပါဘဲ အစောကြီးထရလို့။ အဲ့ဒီလိုသားအစောကြီး ထပြီးတောင်ကြီးကို မသွားခဲ့ရင် ဒီလောက်လှတဲ့ ကလောရှုခင်းတွေ ကျွန်မတွေ့ခွင့်ရမှာ မဟုတ်ပါဘူး။ မနက်စောစော ကလောမြို့က အတော်လှနေတာပါ။ ကလောကအထွက်မှာ ထင်းရှူးပင်(ထင်းရှူးတောပါ)တွေနဲ့ ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ နှင်းတွေကလည်းကျနေလိုက်တာ လမ်းတောင်ကောင်းကောင်းမမြင်ရဘူး။ ဦးလေးတွေက အန္တရာယ် ဖြစ်မှာစိုးလို့ ကားကိုဖြေဖြေမောင်းတော့ ကျွန်မတို့က ရှုခင်းတွေကိုကောင်းကောင်း ကြည့်လို့ရတာပေါ့။ ရာသီဥတုကလည်း အေးတာမှ ခိုက်ခိုက်တုန်နေတာပါဘဲ။ ကျွန်မက အလောအကြီးနဲ့ထွက်လာလို့ အနွေးထည် တစ်ထည်တည်း ပါခဲ့တာ။ ချမ်းလွန်းလို့ နွေးအောင်ဆိုပြီး မှတ်မိသမျှသီချင်းတွေကို ဆိုလိုက်တာ ကြော်ငြာသီချင်းတွေတောင် မကျန်တော့ပါဘူး။

လမ်းတစ်လျှောက် မက်မန်းခြံတွေလား ဘာတွေလဲမသိဘူး။ ခြံတွေကိုဖြတ်ပြီးတော့ တောင်ပေါ်ကအဆင်း နှမ်းပန်းတွေစိုက်ထားတဲ့ ကွင်းပြင်ကြီးကိုလည်း မြင်လိုက်ရော ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတာပါဘဲ။ နှမ်းပန်းတွေက တစ်ခင်းလုံးဝါ နေတာပါဘဲ။ ရွှေဝါရောင်လမ်းထဲကို ကိုယ်ရောက်သွားသလိုပါဘဲ။ Princess and Photographer ထဲကလို ပန်းခင်းထဲမှာဆင်ပြီး ဓါတ်ပုံရိုက်လိုက်ရင် အတော်ကောင်းမှာလို့ တွေးပေမယ့် တောင်ကြီကို မိုးမချုပ်ခင်ရောက်အောင်တက် ရမှာဖြစ်လို့ ကျွန်မဂျီကျလို့မရပြန်ပါဘူး။

ဒါနဲ့မနက်စာ စားတဲ့အချိန်လောက်ကျတော့ ပင်တယကိုရောက်ပါတယ်။ ပင်းတယဈေးထဲမှာ နံနက်စာသွားစား
တော့ လူအစည်ဆုံးရှမ်းခေါက်ဆွဲဆိုင်မှာ ရှမ်းခေါက်ဆွဲစားခဲ့ပါတယ်။ ရှမ်းပြည်မှာစားတဲ့ ခေါက်ဆွဲဖြစ်လို့လား မသိပါဘူး သိပ်စားလို့ကောင်းပြန်ပါရော။ စားပြီးတော့ ရွှေဥမင်ဘုရားကို သွားဖူးခဲ့ပါတယ်။ ကျောက်မောင်း လို့ခေါ်တဲ့ ကျောက်တုံးကြီးကို ထုလိုက်တာ မောင်းသံတွေထွက်လာကိုလည်း စမ်းကြည့်ခဲ့ပါသေးတယ်။ ပုဂံနဲ့လမ်းပေါက်တယ်လို့ နာမည်ကြီးတဲ့ မြေအောက်ဥမင် အ၀င်ဝကိုလည်း ရောက်ခဲ့ပါသေးတယ်။ ရွှေဥမင်ဘုရားထဲမှာတော့ လက်ညှိုးထိုးမလွဲ ဘုရားတွေက သပ္ပါယ်ဖို့ကောင်းလိုက်တာ။ ဆယ်တန်း စာမေးပွဲကြီး မှာ ဖြေနိုင်အောင်လဲ ဆုတွေတောင်ရတာ အမောဘဲ။

ဘုရားဖူးပြီး အပြန်မှာ ပင်တယနာမည်ကြီး သစ်ပင်ကြီးတွေမှာ အမှတ်တရဓါတ်ပုံရိုက်၊ ပြီးတော့ ကွမ်လုံဆရာတော်ကိုဖူးဖို့ ကွမ်းလုံဖက်ကို ထွက်ခဲ့ကြပါတယ်။ ကွမ်းလုံဘက်လမ်းမှာ တွေ့ရတဲ့မြင်ကွင်းတွေက အတော်ထူးဆန်းပါတယ်။ အထူးဆန်းဆုံးကတော့ အိမ်တွေပါ။ အိမ်တွေက တောင်ပေါ်ဒေသလဲဖြစ် မိုးလဲ အဲ့ဒီလောက်သိပ်မရွာဘဲနဲ့ ခြေတံရှည်အိမ်တွေ ဖြစ်နေတာရယ်။ ဘုရားခန်းကို အိမ်မကြီးနဲ့သပ်သပ်ခွဲပြီး အဆောင်တစ်ဆောင်ထုတ်ထားတာ အိမ်တော်တော်များများမှာ တွေ့ရပါတယ်။ ရှမ်းလူမျိုးတွေ ဘာသာရေးကို သိပ်ပြီးအလေးထားတယ်ဆိုတာ အလွယ်တကူသိမြင်နိုင်ပါတယ်။ ခြံကြီးတွေက အတော်ကျယ်ပြီး အသီးပင်တွေ၊ ပန်းပင်တွေနဲ့ အတော်လေးပျော်စရာ ကောင်းမဲ့ပုံပါဘဲ။ မနက် စောစောဖြစ်နေလို့လားမသိပါဘူး အတော်များများက ခေါင်းပေါင်းတွေနဲ့။ တရုတ်တဘတ်ရောင်စုံတွေကို ခေါင်းမှာပေါင်းလို့။ ရုပ်ရှင်တွေထဲက အတိုင်းပါဘဲ။

အဲ ကံမကောင်းချင်စွာနဲ့ ကွမ်းလုံရောက်တော့ ဆရာတော်ကြီးက မရှိလို့ မဖူးခဲ့ရပါဘူး။ ဘုရားဖူးပြီး ပြန်လာခဲ့ပါတယ်။ တောင်ပေါ်ကနေကြည့်ရင် အတော်လှတဲ့ရှုခင်းတွေကို အ၀ကြည့်ပြီး ပြန်လာခဲ့ပေမယ့် ကွမ်းလုံဆရာတော်ကြီး ပျံလွန်တော်မူသွားတဲ့အထိ မဖူးလိုက်ရလို့ တော်စိတ်မကောင်းဖြစ်ရပါတယ်။ ကွမ်းလုံကပြန်တော့ တောင်ကြီးကိုတက်ဖို့ထွက်ခဲ့ ကြပါတယ်။ အဲ ပင်တယနဲ့ တောင်ကြီးကသွားတဲ့လမ်း ကမတူဘူးထင်ပါတယ်။ တောင်ကြီးသွားတဲ့လမ်းနဲ့ ပင်းတယသွားတဲ့လမ်း ဆိုပြီး
အောင်ပန်းမြို့မှာ လမ်းခွဲနှစ်ခု ရှိပါတယ်။ အောင်ပန်းမြို့ ကိုပြန်ရောက်တော့ လမ်းဆုံနားက ထမင်းဆိုင်မှာဘဲ နေ့လည်စားဝင်စားပြီး တောင်ကြီးကို ခရီးဆက်ခဲ့ကြပါတယ်။

အဲ တောင်ကြီးကို မ၀င်ခင် နာမည်ကြီး အင်းလေးကရေလည်ဘုရားကို သွားဖူးကြပါသေးတယ်။ တစ်ခါမှမရောက်ဖူးတော့ ဘယ်ကိုအရင်သွားရမှန်းမသိခဲ့ပါဘူး။ အမှန်ဆို တောင်ကြီးကို အရင်တက်ရမှာပါ။ အပြန်ကျမှ အင်းလေးကိုဝင်ဖူးရင် အင်းလေးဘုရားတွေသာမက အင်းလေးဝန်းကျင်ကိုပါ လျှောက်လည် နိုင်ပါတယ်။ ကျွန်မတို့ကတော့ အင်းလေးကို အရင်ဝင်လိုက်ပါတယ်။ စက်လှေတွေစီးပြီး ဘုရားသွားဖူးရတာ အတော်ဘဲပျော်ဖို့ကောင်းပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေထဲကလို ကိုယ်ကလှေပေါ်မှာ ဇင်ယော်လေးတွေက လှေနောက်ကလိုက်လို့၊ ကိုယ်ကိုတိုင် ရုပ်ရှင်ရိုက်နေတာကျနေတာပါဘဲ :P။ ကျွန်မကတော့ ကျွန်းမျောတွေကို အသေအချာကြည့်၊ ပတ်ဝန်းကျင်ကို အသေအချာမှတ်။ အနဲဆုံး ပထ၀ီအတွက် ကိုယ်တိုင်ကွင်းဆင်းတယ်လို့ မှတ်ပြီး၊ မြန်မာစာအတွက် စာစီစာကုံးရေးဖို့ ကုန်ကြမ်းရှာတယ်လို့သဘောထားလိုက်ပါတယ်။

အဲ တောင်ကြီးကိုမမှီမှာဆိုးလို့ အပြေးအလွှားဘုရားဖူးပြီး ပြန်လာခဲ့ရတာ ဘယ်မှကိုခြေမဆန့်ခဲ့ရဘူး။ တစ်လမ်းလုံး အားလုံးနီးပါး အဆင်ပြေကြပေမယ့် တောင်တက်နောက်ကျလို့ တောင်ကြီးကိုလည်း ရောက်ရော တည်းစရာတည်းခိုခန်း လိုက်ရှာတာ လုံးဝရှာလို့မရသလို၊ ဘုရားတွေပေါ်မှာပါ လူတွေပြည့်နေပါတယ်။ ထမင်းဆိုင်တွေအားလုံး လူပြည့်နေလို့ လူ ၂၀ကျော် ညစာစားဖို့အတွက်အတော်ခက်ခဲနေပါတယ်။ ကံကောင်းထောက်မစွာနဲပဲ လမ်းကျဉ်းလေးတစ်ခုမှာ အဆင်ပြေစွာနဲ့ ကျွန်မတို့အုပ်စု ထမင်းစားဖို့ အဆင်ပြေ သွားပါတယ်။ အဆင်ပြေသွားတယ်ဆိုပေမယ့် အားလုံးကြက်ဥကြော်နဲ့ ပြီးခဲ့ရတာပါ။ ထမင်းဆိုင်က ဘာမှမကျန် တော့လို့ ကြက်ဥကြော်နဲ့စားလို့ ရတာကိုဘဲ အားလုံးကကျေးဇူးတင်နေကြတာပါ။ ကျွန်မတို့ထက် နောက်က၀င်လာတဲ့ အုပ်စုကတော့ ဘာမှမကျန်တော့လို့ ပြန်သွားကြပါတယ်။ တောင်းကြီးမှာ တန်ဆောင်တိုင်
ဆို အဲ့ဒီလိုဘဲဖြစ်တက်ပါသတဲ့။ စားသောက်ဆိုင်တွေအားလုံး ရောင်းစရာမကျန်အောင် အားပေးတဲ့သူတွေ များပါသတဲ့။

စားစရာအဆင်ပြေတော့ နေစရာအတွက်စိတ်ပူကြရပြန်ပါရော။ မီးပုံးပျံလွတ်တဲ့ကွင်းကို သွားတဲ့သူတွေက လူလှိုင်းလုံးကြီးလိုဖြစ်နေတာ။ တစ်လုံးပြီးတစ်လုံး တောင်ကြီးမြို့ရဲ့လမ်းမကြီးပေါ်မှာ။ အဲ့ဒီနှစ်က ဘိုဖြူကို တွေ့ခဲ့ပါတယ်။ ခါတိုင်း လေးဖြူတို့လာနေကြဆိုပေမယ့် ကျွန်မတို့သွားတဲ့ နှစ်ကတော့ သူမလာဘူးတဲ့လေ။ ကလေးတွေကတော့ စီတန်းလှည့်လည် နေတဲ့ လူတွေကြည့်ပြီး ပျော်နေကြပေမယ့် လူကြီးတွေက ညကိုဒီအတိုင်းကားပေါ်မှာ ကွေးရတော့မယ့် သဘောရှိလို့ စိတ်ပူနေကြပါတယ်။ မထင်မှတ်ဘဲ ဦးလေးရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရလို့ သူအိမ်မှာ လိုက်တည်းခွင့်ရလို့ အဆင်ပြေသွားပါတယ်။ တောင်ကြီးတန်ဆောင်တိုင် ကို အလည်သွားချင်ရင် အရင်ဆုံး တည်းခိုခန်းရအောင်ကြိုးစားသင့်တယ်လို့ နောက်ပိုင်းမှ အသိတွေပြောလို့ သိခဲ့ပါတယ်။ မဟုတ်ရင်တော့ ညကိုဒီအတိုင်းနေပြီးပြန်လာရနိုင်တယ်တဲ့လေ။
ကျွန်မတို့ကတော့ ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။ အသိနဲ့တွေ့လို့သာ မဟုတ်ရင် အလွယ်ဘူး။

အ၀တ်ထုတ်တွေလည်း ချပြီးရောအားလုံးက တညီတညွတ်တည်း မီးပုံးပျံသွားကြည့်ကြဖို့ ပြင်ကြပါတယ်။ ချမ်းအေးလွန်းတဲ့ တောင်ကြီးဆောင်းက မီးပုံးပျံလွှတ်တဲံ နေရာကို သွားကြည့်ကြတဲ့သူတွေနဲ့ နွေးနေတယ်လို့ ခံစားလိုက်ရပါတယ်။ ကျွန်မတို့ တည်းတဲ့နေရာက တောင်ကြီးမြို့အစလောက်မှာပါ။ မီးပုံးပျံလွှတ်တဲ့ နေရာက တောင်ကြီးမြို့အဆုံးနားမှာ။ ကျွန်မလည်းသိပ်တော့မမှတ်မိပါဘူး။ အားလုံးဟာ အိပ်မက်လိုဖြစ်နေလို့။ လူတွေမီပုံးပျံလွှတ်တဲ့ နေရာကိုသွားနေလိုက်ကြတာ၊ ကျွန်မတို့ကလည်း နီးနီးလေးနေမှာဘဲ ဆိုပြီး လူအုပ်ကြီးနဲ့
လိုက်သွားလိုက်တာ တော်တော်နဲ့ မီးပုံးပျံလွှတ်တဲ့နေရာကို မရောက်နိုင်ပါဘူး။ ပြန်လှည့်မယ်လုပ်တုန်း အင်းလေးမှာတွေ့ခဲ့တဲ့ ညီညီတာတို့ မော်ဒယ်အုပ်စုကိုတွေ့တော့ သူတို့ကိုလိုက်ကြည့်ရင်းနဲ့ မီးပုံးပျံလွှတ်တဲ့ ကွင်းထဲကို ရောက်မှန်းမသိရောက်သွား ပါတယ်။ ဟိုလည်းရောက်ရော မိုးပုံးပျံတွေလွှတ်ဖို့ မီးစာတိုက်နေပါပြီ။ တစ်လုံးလွှတ်တာပြီးအောင်ကြည့်မယ် ဆိုပြီး တစ်လုံးလွှတ်ပြီးတဲ့အထိ စောင့်ကြည့်ဖြစ်ပါတယ်။

မီးပုံးပျံလွှတ်တဲ့ နေရာမှာတော့ ရှမ်းအိုးစည်သံတွေညံနေတာပါဘဲ။ ကတဲ့သူက က၊ မီးပုံးပျံတက်ဖို့ ကြိုးစားတဲ့ သူတွေက ကြိုးစား၊ ဒိုင်လုပ်တဲ့သူတွေကလည်း မိုက်ကြီးနဲ့အော်။ ဘာတွေအော်နေလည်း တော့ မှတ်မိတော့ဘူး။ ဆူညံနေတာပါဘဲ။ အားလုံးကတော့ မီးပုံးပျံတက်ဖို့ကို မျှော်လင့်တကြီးနဲ့ ကြိုးစားနေကြတာပါ။ အော် လူ့ဘ၀ကလည်း မီးပုံးပျံလွှတ်ရသလိုဘဲလို့ မဆီမဆိုင်တွေးတက်တဲ့ ကျွန်မတော့ တွေးမိခဲ့ပါတယ်။ မီးပုံးပျံကြီးတက်သွားတော့ ထွန်းထားတဲ့မီးတွေနဲ့ လေထဲမှာလှနေလိုက်တာ။ ထည့်လိုက်တဲ့ မီးကျည် တွေကလည်း ဖျောင်းဖျောင်းနဲ့ ပေါက်လို့။ အောက်ကလူတွေ ကလည်း သူတို့ကြိုးစားခဲ့သမျှ လေထဲကိုတက် သွားတဲ့ မီးပုံးပျံကြီးကို ကြည့်ပြီး ကြည်နူးနေလိုက်ကြတာ။ ကျွန်မတို့ သွားကြည့်တဲ့မီးပုံးပျံကြီးက ဆင်ရုပ်ကြီးလို့
ထင်ပါရဲ့။

အပြန်ရောက်မှ ပြဿနာတက်တာပါ။ အသွားတုန်းကတော့ ဟိုငေးဒီငေးနဲ့ ဘယ်လိုရောက်လို့ရောက်သွားမှန်း မသိလိုက်ဘူး။ အပြန်ကတော့ အတော်နဲ့ကိုတည်းတဲ့နေရာကို ပြန်အရောက်နိုင်ခဲ့ဘူး။ တည်းတဲ့နေရာလည်း ရောက်ရော အိပ်ရာထဲကို ၀င်ပြီးအိပ်လိုက်တာ အပြင်မှာအေးနေတာကိုတာင် မေ့သွားပါတယ်။ စောင်တစ်ထည်ကို လူ၃ယောက်လုချုံပြီး ကွေးခဲ့ရတဲ့ တောင်ကြီးတန်ဆောင်တိုင်ည တစ်ညပါဘဲ။

နောက်နေ့မနက်ရောက်တော့ အားလုံးအမနက်စာကို နီးရာရှမ်းဆိုင်မှာစားလိုက်ပြီး။ မှတ်မှတ်ရရ အဲ့ဒီဆိုင်က စာပွဲတွေကို ရှမ်းပြည်မှာရှိတဲ့ မြို့နာမည်တွေပေးထားတယ် ဥပမာ- ဟိုပင်၊ ပင်လောင်း၊ ညောင်ရွှေ၊ တောင်ကြီး၊ အင်းလေး စသည်ဖြင့်ပေါ့။ ကျွန်မတို့စားတဲ့စာပွဲ့ တောင်ကြီးပါ။ စားပြီး တောင်ကြီးဈေးပတ်လိုက် ကြပြီးမှ တောင်ကြီးမြို့မှကြိုဆိုပါ၏ ဆိုတဲ့ တောင်ကြီးမြို့အ၀င် နေရာကိုသွား၊ ကြိုးတံတားပေါ်မှာ မှတ်တရဓါတ်ပုံရိုက်ပြီး ပြန်ဆင်းခဲ့ကြပါတယ်။ တောင်ကြီးမြို့ပြန်ဆင်း ညောင်ရွှေလား၊ ရွှေညောင်လား မသိတော့ဘူး အဲ့ ဒီမှာ ရှိတဲ့ ရေပူစမ်းမှာရေချိုးပြီး နေ့လည်စားကိုတော့ အလာတုန်းက ၀င်စားဖြစ်တဲ့ အောင်ပန်းမြို့က ထမင်းဆိုင်မှာဘဲ ၀င်စားလိုက်ကြပါတယ်။ အပြန်ကိုတော့ ဘယ်မှမ၀င်လို့ မန္တလေးကို နောက်နေ့မနက် ၆ နာရီလောက်မှာ ပြန်ရောက်ခဲ့ပါတယ်။

တောင်ကြီးတန်းဆောင်တိုင်အမှတ်တရကတော့ ဒီလောက်ပါဘဲ။ အခွင့်ရှိရင် တောင်ကြီးကို နောက်ထပ် တစ်ခေါက်လောက်တော့ သွားချင်ပါသေးတယ်။ ရှမ်းပြည်က ရှမ်းခေါက်ဆွဲတွေက ဘယ်ကရှမ်းခေါက်ဆွဲနဲ့မှ မတူဘဲ အရမ်းစားလို့ကောင်းလို့။ ရှုခင်းတွေက ပန်ချီဆရာရူးအောင်လှလို့။ ရှမ်းလေးတွေ ရှမ်းမလေးတွေက ချောလို့။(အဲ့ဒါကိုလည်း ချန်ထားလို့ရဘူး)။ သဘောကောင်းကြလို့။ စကားဝဲ၀ဲလေးတွေက သိပ်ပြီးနားထောင်ကောင်းလို့။ ရာသီဥတုကသာယာလို့။ တောင်ကြီးတန်ဆောင်တိုင်က ပျော်စရာကောင်းလို့။ အင်းလေးမှာ ငါးထမင်းချဉ်စားချင် သေးလို့။ စတဲ့စတဲ့ အချက်တွေကြောင့်ပါ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

ယုံတမ်းစကား

မီးလေးကတက်ထားတဲ့အကြာင်း အကြွေးတင်နေတာ။ အမှန်တော့ရေးမယ်ရေးမယ် စဉ်စားနေတာ ဘယ်လို ညှစ်ညှစ်ဦးနှောက်ကနေထွက်မလာဘူးဖြစ်နေပြန်ပါရော။ ကဲ ကဲ သိပ်ကြာရင် အလေးမထားဘူးဖြစ်ရော့မယ်။ ရေပါမယ်မီးလေးရေနော်။

ယုံတမ်းစကားတဲ့ အမှန်တော့ ယုံတမ်းစကားတွေကြားဘူးပါတယ်။ ယုံတမ်းစကားတွေက တစ်ခါတစ်လေ အပြစ်မဲ့ သလိုဖြစ်ချင်ဖြစ်နေပေမယ့်။ တကယ်ယုံမိရင်တော့ အပြင်းဆုံးအဆိပ်တခွက်ပါ။ ဥပမာ- ယုံတမ်းစကားတွေ ပြောတက်တဲ့ ချစ်သူ၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အပြင်မှာသာအမြဲတွေ့ရလို့ကတော့။ ယုံအောင်ပြောနိုင်တဲ့ သူက ဆရာကြီးလား၊ ယုံသွားတဲ့သူက တုံးလို့လား။ ဘာပဲဖြစ်ဖြစ် ယုံကြည်မှုကို အလွဲသုံးစားလုပ်တာတို့၊ စော်ကားတာတို့လောက် ဆိုးရွားတဲ့ အဖြစ် လောကမှာရှိမယ်မထင်ပါဘူး။

ကျွန်မကဘဲအလို့လား၊ အယုံလွယ်လို့လား၊ လူတွေကို သိပ်ပြီးရိုးရိုးတွေးထားလို့လား မသိပါဘူး။ ခဏခဏ ယုံတမ်းစကားကြောင့် အလဲလဲအကွဲကွဲနဲ့ ယုံတမ်းစကားတွေကြားမှာ ကျရှုံးဖူးပါတယ်။ အဆိုးဆုံးကတော့ ရန်ကုန်ရောက်ခါစ၊ နယ်မှာလဲ အိမ်ထဲအအိမ်ပြင်မထွက်ရုံမက ကျွန်မနေတဲ့ ပတ်ဝန်းကျင်က ကျဉ်းလို့ လူတွေအကြောင်း သိပ်မသိတော့ ခဏခဏပညာပေးခံရပါတယ်။ တကယ်ယုံသွားရင်တော့ စတာလို့ ရယ်ရယ်
မောမော ပြောတက်ကြတဲ့လူတွေကို သိပ်မုန်းတာဘဲ။ နင်သိပ်တုံးလို့ ခံရတာလို့ ပြောနေတဲ့ မျက်လုံးတွေကို သိပ်မုန်းတာဘဲ။

ကိုယ့်ရဲ့ရိုးသားတဲ့ ခင်မင်မှုတွေ၊ လူတွေပေါ်မှာလေးစားတက်တဲ့ အကျင့်တွေကို ယုံတမ်းစကားတွေကြားမှာ အနည်းထိန်းသိမ်းနေရတယ်။ ယုံတမ်းစကားတွေလျှောက်ပြော၊ ဒီယဉ်ကျေးမှုကိုမြတ်နိုးနေတဲ့ လူတစ်စု၊ နောက်လာမဲ့မျိုးဆက်သစ်။ ဆက်ပြီး မတွေးဝံ့အောင်ဘဲ။ ယုံတမ်းစကားဟာ လိမ်တာမဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ ယုံတမ်းစကားက လိမ်တာမဟုတ်ပေမယ့် ။ ယုံတဲ့သူရှိရင် မုသားမြောက်သွားရော။ ကံငါးပါးထဲက တစ်ပါးကျိုးရော။ အဲ့ဒါတောင် ငါသိပ်တော်နေတယ်လို့ ထင်တဲ့သူတွေရှိသေးလို့ အံ့သြနေရတယ်။

ယုံတမ်းစကားတွေသုံးပြီး လက်တစ်လုံးခြားပြီး လိမ်ချင်ကြတဲ့သူတွေလည်းရှိတယ်။ အဲ့ဒါကို သူတို့ကလိမ္မာပါးနပ်
တာဆိုဘဲ။ ပြီးတော့ ယုံတမ်းစကားတွေက သူများတွေစိတ်ချမ်းသာအောင် ပြောပေးတာပါတဲ့။ သူမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူတဲ့။ အရှင်းဆုံးပြောရရင်တော့ လိမ်တာကိုကြည့်ကောင်းအောင် ပြန်လိမ်နေတာ။ အဲ အဲ့ဒီလိုမြင်တယ်။

ကလေးတွေကို ယုံတမ်းစကားမပြောပါနဲ့။ ရိုးရိုးသားသားနေ ချင်တဲ့သူကို၊ အူကြောင်ကြောင်ဖြစ်နေတဲ့သူ တွေကို ယုံတမ်းစကားတွေမပြောမိပါစေနဲ့။ ပြောမိလို့ယုံသွားရင် ကံငါးပါးကို ကိုယ်ကကျိုးရော။ သူလည်း ကိုယ့်ကို အထင်သေးရုံသာမက ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာလည်းကျ၊ ကိုယ့်တရားကိုယ်ဖြတ်လို့ တရားကိုယ်နဲ့ မကပ်ဖြစ်ပြီး ငရဲနဲ့နီးပါတယ်။ သစ္စာဆိုရင် ဘယ်တော့မှ မအောင်တော့ပါဘူး။
(ယုံတမ်းစကားတွေကို ယုံမိလို့ခဏခဏ ဒုက္ခရောက်လွန်းလို့ ရင်နာနာနဲ့ ရေးထားတာပါ။ မီးလေးက ပျော်ရအောင်ရည်ရွယ်ပေမယ့်။ အရယ်ရဘူးဖြစ်နေတယ်။ ခြိမ်းခြောက်စာ ဖြစ်သွားရင်ခွင့်လွှတ်ပါ။ သိပ်ပြီးမုန်းလွန်းလို့ ရေးလိုက်တာ။ ပျော်စရာတွေဖြက်စီးတဲ့ သူဖြစ်ရင် ခွင့်လွှတ်ပါ။ သူများတွေလို မရေးတက်တာလည်းပါဘာတယ်ရှင်။)
ပျော်ရွှင်နိုင်ပါစေ။
နှင်းဆီနီနီ။။

Tuesday, 13 November 2007

ငါးမန်းသား

ဒီကိုရောက်ခါစက ဈေးကြီး ဘယ်နားရှိမှန်းမသိလို့ စူပါမားကတ်တွေမှာဘဲ ၀ယ်စားဖြစ်တာများပါတယ်။ နောက်ပိုင်း မှ Sandakan Central Market ကိုတွေ့တာပါ။ Sandakan ရဲ့အကြီးဆုံးဈေးကြီးဖြစ်သလို ပတ်ဝန်းကျင်ဒေသတွေ အတွက်အဓိကအားထားရာ ဈေးကွက်တစ်ခုလည်းဖြစ်၊ ပင်လယ်စာတွေပေါပေါ များများ ရနိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။ ကျွန်မကတော့ မြန်မာလို ဈေးကြီးလို့ လွယ်လွယ်ခေါ်ပါတယ်။ ပင်လယ်နဲ့ ကပ်ရပ်ရှိသလို၊ ပင်လယ်လေ တဖြူးဖြူးနဲ့ပါ။ အဲ ဈေးကြီးကိုစသိကတည်းက စူပါမားကတ်တွေကို သိပ်ပြီးမ သွားဖြစ်တော့ဘဲ ဈေးကြီးထဲမှာသာ ၀င်ရောက်မွှေနှောက်နေတဲ့ ကျွန်မတော့ တနေ့ထက်တနေ့ မြန်မာနိုင်ငံက အစားအသောက်တွေနဲ့ တူတဲ့အစား အသောက်တွေကို ရှာဖွေလေတွေ့ရှိလေ ဖြစ်လာပါတယ်။

ဒီမှာ ငါးဖယ်မရှိလို့ ငါးဖယ်လုံးစားလို့မရတော့ဘူးလို့ထင်ထားတာပါ။ စူပါမားကတ်တွေမှာတော့ fish ball တွေရပေမယ့် ငါးဖယ်လုံးလို စားလို့မကောင်းလို့ သိပ်မကြိုက်ပါဘူး။ သူကဂျုံတွေများလို့ ဖွယ်ဖွယ်ကြီး သိပ်ပြီးစားလို့မကောင်းပါဘူး။ အဲ့ တစ်နေ့ ဈေးပတ်ရင်နဲ့ ပဲပြားတွေရောင်းတဲ့ဆိုင်မှာ ဒေသလုပ် fish ball တွေသွားပြီးတွေ့ပါတယ်။ အဲ့ဒါနဲ့ စမ်းပြီးစားကြည့်မယ်ဆိုပြီး ၀ယ်လိုက်ပါတယ်။

အိမ်ရောက်လို့ ငါးလုံးကိုချက်စားကြည့်တော့ အတော်စားလို့ကောင်းပါတယ်။ ကြော်စားတော့လည်း တစ်မျိုးလေးစားလို့ကောင်းပြန်ပါရော။ ပဲပြားတွေရောင်းတဲ့ဆိုင်မှာဘဲ ငါးလုံးအစို၊ ငါးပြားကြော်ပြီးသားတွေ ရောင်းလို့ အမြဲပဲ ၀ယ်စားဖြစ်ပါတယ်။ ရေခဲသေတ္တာထဲထည့်ပြီး ထားရင်ကြာကြာခံပြီး ချက်စားရင်လည်း လွယ်လွယ်ဟင်းဖြစ်လို့ ဈေးသွားတိုင်း ငါးလုံးရော၊ ငါးပြားကြော်ရော ၀ယ်ဖြစ်ပါတယ်။ ငါးပြားကြော်ကိုတော့ ပါးပါးလှီးပြီး ဂေါ်ဖီ၊ ကြက်သွန်၊ သံပရာသီး၊ ငရုပ်သီးတို့နဲ့ သုတ်စားရင် အသုတ်တစ်ခွက်အဖြစ် ဟင်းမိန်လှပါတယ်။

ရှာဖွေလေ တွေ့ရှိလေဆိုတော့၊ တစ်နေ့ရှာဖွေရင်း ငါးရောင်းတဲ့ဈေးတန်းဘက်ကိုရောက်တော့ ငါးတွေ လိုက်ကြည့်ရင်းနဲ့ ငါးဥတွေတွေ့လို့ ကောင်းမယ်ထင်ပြီး ၀ယ်ပြီးလိုက်ပါတယ်။ အိမ်ပြန်ရောက်လို့ ချက်စားကြည့်
တော့စားလို့ကောင်းရုံသာမက ညှီလည်းမညှီလို့ နောက်ပိုင်းဈေးသွားရင် အဲ့ဒီဆိုင်မှာငါးဥ အမြဲဝယ်ဖြစ်ပါတယ်။
တရက်ငါးဥသွားဝယ်ရင် ဈေးခုံပေါ်မှာ ဆူးတောင်တွေတွေ့လို့ မေးကြည့်တော့ ငါးမန်းဆူးတောင်တွေပါတဲ့။ ငါးမန်းဆူးတောင်ဟင်းချိုအတွက် ဆိုင်တွေကမှာထားလို့ လုပ်ပေးထားတာပါတဲ့။

နောက်ပြီးဘေးနာက အသားဖြူဖြူပျော့ပျော့တွေကလည်း ငါးမန်းအသားတွေပါတဲ့။ ငါးလုံး လုပ်တဲ့ ငါးမန်းသား တွေပါတဲ့။ ချက်စားရင်တော့ မြန်မြန်အသားတွေကြေလွယ်လို့ သိပ်ပြီးစားကောင်းပါဘူးတဲ့။ အဲ့ဒါကြောင့် ဒီကလူတွေက အဲ့ဒီပျော့ပျော့အသားတွေကို ငါးလုံးလုပ်ပြီးရောင်းပါသတဲ့။ ဆိုင်တွေမှာရောင်းတဲ့ ကင်စားတဲ့ ငါးမန်းသားကတော့ ဒီမှာဆိုပြီး ဆိုင်ရှင်သိမ်းထားတဲ့ ငါးမန်းသားတွေကိုထုတ်ပြပါတယ်။ သူကနဲနဲမာပြီး ချက်စားရင် ကြက်သားလိုစားလို့ကောင်းပါသတဲ့။ စားကြည့်ပါလားလို့ ဆိုင်ရှင်ကပြောလို့ ကီလိုဝတ် လောက်ဝယ်ဖြစ်လိုက်ပါတယ်။ ငါးဖယ်လုံးလုပ်တယ်ဆိုတဲ့ အသားကိုလည်း စမ်းပြီးစားကြည့်မယ်ဆိုပြီး နဲနဲဝယ်
လိုက်ပါတယ်။

အိမ်ပြန်ရောက်တော့ ငါးလုံးလုပ်တဲ့အသားကို ချက်ပြီးမြည်းကြည့်တော့ အရသာကချိုပြီး အသားကလည်း သိပ်ပြီးမကျေဘဲ မြန်မာပြည်က ငါးကြင်လိုဖြစ်သွားပြပါတယ်။ အဲ ထမင်းပွဲပြင်ပြီး စားမယ်ကြတော့မှ ပြဿနာကစပါတော့တယ်။ အစက ငါးလုံးတွေစားတုန်းကလည်း ငါးမန်းသားမှန်းမသိဘူး၊ အခုလည်း ငါးအသား
ဆိုပြီးစားရင်လည်း ဒီလောက်ဆိုးမှာမဟုတ်ဘူး။ အခုဟာက စားမယ်လို့ ထမင်းလုပ်သွင်းလိုက်တိုင်းကို မျက်စိထဲမှာ Jaw ကားထဲကငါးမန်းပုံကြီးဘဲ မျက်စိထဲမှာမြင်မြင်လာပါတယ်။

မျက်စိထဲမှာမြင်လာတော့ အတော်နဲ့စားလို့မ၀င်ဘူး။ ပါးစပ်ထဲရောက်တော့လည်း ကြက်သီးထနေပြန်ပါရော။ တစ်ခါဝါးပြီးတိုင်း ကြက်သီးတစ်ခါထနေပါတယ်။ ဟဲ ဟဲ ကြက်သီးထလို့ မစားဘူးတော့မထင်နဲ့ ထမင်းတော့ ပြန်းအောင်ဆက်စားပါတယ်။ လူဆိုတဲ့သတ္တ၀ါဘဲဟာ ကိုယ့်ကိုသာ သူများစားမှာသာကြောက်တာ ကိုယ်က သူများကိုစားရင်တော့ စားလို့မြိန်အောင်စားလိုက်ပါတယ်။ :D

နောက်ထပ်ကျန်နေသေးတဲ့ ငါးမန်းသားတွေကိုတော့ တင်ပူရာမှုန့်နဲ့ကြော်စားတော့လည်း စားလို့ကောင်းပြန်ပါ
ရော။ ချက်စားတော့လည်း ဆိုင်ရှင်ပြောလိုက်သလို ကြက်သားလိုအသားက မာမာလေးနဲ့ စားလို့ကောင်း ပြန်ရော။ :P နောက်ဆိုရင်တော့ ငါးမန်းသားစားလို့ကောင်းမှန်းသိတော့ ထပ်ဝယ်စားမယ်လို့ တေးထားလိုက် ပါတယ်။ စားနေကြဖြစ်သွားရင် Jaw ပုံကြီးလည်း မျက်စိထဲဝင်လာမှာမဟုတ်တော့ပါဘူး။ :D ငါးမန်းဆိုလုံးဝ မကြောက်တော့ဘူး (ကုန်းပေါ်မှာ)။ တွေ့လို့ကတော့ ချက်စားပစ်မယ် ။ :P


ဒါကတော့ ငါးမန်းသားကြော်။


ဒါကတော့ ငါးမန်းသားနဲ့လုံးထားတဲ့ ငါးလုံး
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Monday, 12 November 2007

ကျား တွေအကြိုက်

ရေးမယ်ရေးမယ်ဆိုပြီး ရေးလိုက်တာ မနက်ကတည်းက ပြီးခါနီးလောက်ကျတော့ အလုပ်လေးပေါ်လာလို့ ခဏထွက်သွားလိုက်တာ။ ပြန်လာတော့ ပြန်ဖွင့်တော့ မသိမ်းထားမိလို့ထင်ပါရဲ့ အားလုံးဘာမှ မရေးထားသလိုဘဲ။ ကောင်းပါလေရော တမနက်လုံးရိုက်ထားသမျှ။ အခုတော့အစကနေပြန် ရိုက်နေရပြီ။ စာစီစာရိုက် ကျင့်နေသလားမှတ်ရတယ်။ အဲ့ဒီလိုဘဲ မှတ်လိုက်တယ်။ ကိုယ်ကလည်း ခါတိုင်းလို သိမ်းစရာမလိုဘူးဆိုပြီး မသိမ်းဘဲဒီအတိုင်း ထွက်လိုက်မိတာ ကိုကကိုယ်အမှားမို့။ ဘယ်သူမှ လက်ညှိုးထိုးလို့မရတဲ့အဆုံး....

ကဲစပါပြီ။ ဟိုတစ်နေ့က ကိုရီးယားအစီအစဉ်တွေကြည့်ရင်က သူတို့ဆီမှာ လုပ်တဲ့ ဗဟုသုတဉာဏ်စမ်း ကစားပွဲ အစီအစဉ်လေးတစ်ခုကြည့်ဖြစ်ပါတယ်။ ကိုရီးယားလိုပြောပေမယ့် အင်္ဂလိပ်လိုစားတန်းထိုးလို့ နည်းနည်း နားလည်ပါတယ်။ အဲ သူတို့ကစားပွဲကစိတ်ဝင်စားစရာတော့ အကောင်းသား။ သဘာဝပတ်ဝန်းကျင်အကြောင်း၊ သမိုင်းနဲ့သိပ္ပံ၊ အစားအသောက်၊ အာဟာရနဲ့ ပက်သက်တာပါမကျန် အကုန်မေးပါတယ်။ ဖြေတဲ့သူတွေကလည်း ရုပ်ရှင်မင်းသား၊ မင်းသမီးတွေဆိုတော့ ကြည့်တဲ့သူက စိတ်ဝင်တစား ကြည့်တာပေါ့။

ကျွန်မကြည့်တဲ့နေ့ကတော့ ကျားအကြောင်းမေးခွန်းတွေမေးပါတယ်။ ကျားတွေဘာကို နှစ်သက်သလဲလို့ မေးတာပါ။ အဲဖြေတဲ့သူတွေကလည်း ကိုယ်ထင်ရာကိုယ်ပြောတာ တချို့ကကျားတွေက ညစ်ပတ်ရတာ ကြိုက်တယ်။ တချို့တွေကလည်း အိပ်ရတာကြိုက်တယ် စုံနေတာပါဘဲ။ အဲ အဖြေမှန်ကတော့ ကျားတွေက အနံ့နဲ့ပက်သက်ပြီး သိပ်နှစ်သက်ပါတယ်တဲ့။ အထူးသဖြင့် ၀တ်လျှော်ပြီးရင်သုံးတဲ့
Fibric Softener အနံ့ကို ကျားတွေကသိပ်ကြိုက်ပါသတဲ့။

ကျားတွေ ကြိုက်မကြိုက်ကို သူတို့စမ်းသပ်ထားပါတယ်။ ပထမဆုံး သိုးတွေနဲ့စမ်းသပ်ပါတယ်။ သိုးတွေရှိတဲ့နားမှာ Softener တွေသွားပြီးဖြန်းထားတာ။ သိုးတွေအားလုံး အနံ့ရလို့ထွက်ပြေးကြပြီး အနံ့ရတဲ့ အနားကိုတောင်မကပ်ကြတော့ပါဘူး။ သိုးတွေလည်း အနံ့ကြောက်တာဘဲတဲ့။ နောက် အိမ်မွေးခွေးတွေကို စမ်းပါတယ်။ အိမ်မွေးခွေတွေနားကို Softener အရည်တွေသွားပြီးဖြန်းတော့ ခွေးတွေလန့်ပြေးပါရော။ သူတို့လည်း သိုးတွေလိုဘဲ အနံ့ရတဲ့နားကို ပြန်မလာကြတော့ပါဘူး။ နောက် အနံ့ခံကောင်းတဲ့ ခွေးအတွေကို သွားပြီးစမ်းပါတယ်။ ခွေးအတွေ အနံ့ရတာနဲ့ ကသောကရောပြေးတာတန်းနေပါရော။ ခွေးအတွေလည်း အနံ့ကို
မကြိုက်ကြဘူး ဆိုတဲ့ အဖြေဘဲထွက်ပါတယ်။

ကျားတွေထားတဲ့ နေရာကိုရောက်တော့ Softener အရည်ကိုဖြန်းထားတော့ ကျားတွေရောက်လာပြီး အနံ့ရှိတဲ့မြေပြင်ကို လှိမ့်ပြီး၊ကိုယ်လုံးနဲ့ပွတ်ပေးပါတယ်။ အနံ့တွေသူ့ကိုယ်ပေါ်ကို ရောက်အောင်လို့ ထင်ပါရဲ့။ နောက် စမ်းတဲ့သူတွေက ကျားတွေရဲ့အီအီးပုံနားမှာသွားပြီးလောင်းထားလိုက်ပါတယ်။ ကျားတွေက အနံ့ရတာနဲ့ ရောက်လာပြီး နမ်းကြည့်ပါတယ်။ ပြီးတော့ အီအီးတွေကို စားပါတော့တယ်။ အနံ့ကသာမွှေးတာ စားကြည့်တော့ဘယ်ကောင်းပါ့မလဲ။ ကျားတွေမျက်နှာတွေ ရှုံ့မဲ့နေတာပါဘဲ။

နောက်ပြီး ကျားတွေကသူတို့ကိုလေ့ကျင့်ပေးတဲ့သူတွေရဲ့ အနံ့ကိုမှတ်ထားတက်ပါသတဲ့။ လေ့ကျင့်ပေးသူနဲ့၊ အစာကျွေးတဲ့သူတွေက ကျားတွေဆီကိုသွားရင် အကီင်္ျတစ်ထည်တည်းသာဝတ်ရပါတယ်တဲ့။ ပြောင်းလိုက်ရင် သူတို့ကမမှတ်မိတော့ဘဲ နောက်ထပ်တစ်ယောက်လို့ ထင်နေပါတယ်တဲ့။

ကျားတွေတင်မကပါဘူး Cheaper ကျားသစ်တွေလည်း Softener အနံ့ကိုကြိုက်ကြတာပါဘဲတဲ့။ သူတို့ဆီသွားပြီး စမ်းတော့လည်း ကျားတွေလို မြေပေါ်မှာလူးပြီး ပျော်နေကြပါတယ်။ Wild Animal တွေက အနံ့နဲ့ပက်သက်ပြီး သဘောကျတာတွေ့ရပါတယ်တဲ့။

ကျွန်မကတော့ အဲ့ဒီ့ ရှိုးလေးကြည့်ပြီး သိပ်ပြီးအံ့သြလို့ ဘလောဒ့်ပေါ်မှာတင်ဖို့ရေးဦးမှဘဲဆိုပြီး စဉ်းစားထားတာ ကြည့်ပြီးကတည်းကပါ။ မရေးဖြစ် မရေးဖြစ်နဲ့ ဒီနေ့မှဘဲ ပြီးအောင်ရေးမယ်ဆိုပြီး ရေးလိုက်ပါတယ်။ နောက်ဆို တောထဲသွားမယ်ဆိုရင် Softener အရည်ဘူးတွေဆောင်သွားရင် ကောင်းမယ်ထင်ပါတယ်။ တောခွေးတွေက ကြောက်ကြပြီး အနားမကပ်ကြဘူး။ ကျားတွေ၊ ကျားသစ်တွေကတော့ အဲ့ဒီ့အနံ့ကိုချစ်ခင်နှစ်သက်ကြတော့ ကိုယ့်ကို ရန်မူကြတော့ဘူးပေါ့။ ကျွန်မတော့အဲ့ဒီလို မြင်ပါတယ်။ သူငယ်ချင်းတွေရောဘယ်လိုမြင်လဲ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Saturday, 10 November 2007

အဓိဋ္ဌာန်

အမှန်က ဒီအဓိဋ္ဌာန်ကို အသိအဒေါ်ကြီး တစ်ယောက်ဆီကနေရတာပါ။ သူက အဲ့ဒီအဓိဋ္ဌာန်ကြောင့် သိန်းထီပေါက် တယ် လို့ပြောလို့ပါ။ ကျွန်မလည်း အဓိဋ္ဌာန်စမ်းပြီး ၀င်ကြည့်တာ ပထမအခေါက်မှာ လုံးဝအဆင်မပြေလို့။ နောက်ထပ်ခေါက်ခေါက်ကြိုးစားပြီးလုပ်တာလည်း အဆင်မပြေပါဘူး။ အဲ အဲ့ဒီအဓိဋ္ဌာန်ကို ၉တန်းနှစ်ကစပြီး လုပ်ကြည့်တာ ဆယ်တန်းဖြေပြီးတဲ့အထိ မအောင်မြင်ပါဘူး။ အနှောက်အယှက်တွေ အတော်များများ တွေ့ရ ပါတယ်။ နောက်ပိုင်း အိမ်နဲ့နီတဲ့ ရွှေဘုန်းပွင့်ဘုရားမှာသွားပြီး အဓိဋ္ဌာန်ဝင်တော့မှဘဲ အဆင်ပြေပြေနဲ့ အဓိဋ္ဌာန်အောင်သွားပါတယ်။

အဓိဋ္ဌာန်ကို ဒီလိုပါ ပဋ္ဌာန်အကျဉ်းကို တစအဆုံး၊ အဆုံးအစ(အနုလုံပဏိလုံခေါ်မလား) ကို တစ်ခေါက်ယူပြီး၊ ၂၁ခေါက် ရွတ်ရတာဖြစ်ပါတယ်။ အဓိဋ္ဌာန်ကို လစဉ် လဆန်း (၉) ရက်နေ့ နံနက်(သို့) ည (၉) နာရီတိတိမှာ စပြီး ရွတ်ရမှာဖြစ်ပါတယ်။ ရွတ်ရမည့်နေရာကလည်း တစ်နေရာတည်းဖြစ်ရပါ့မယ့်။ ဒီနေ့ဒီနေရာမှာ ရွတ်ပြီး နောက်နေ့မှာ တစ်ခြားနေရမှာ ရွတ်ရင်အဓိဋ္ဌာန်မအောင်ပါဘူး။ အဓိဋ္ဌာန်မအောင်ဘူးဆိုတာက ကိုယ့်ဆုတောင်း မပြည့်ဘူးလို့ပြောတာမဟုတ်ပါဘူး။ သူသတ်မှတ်ထားတဲ့ စည်းကမ်းနဲ့မညီဘူးလို့ ဆိုလိုတာပါ။

အဓိဋ္ဌာန်စ၀င်တဲ့ အချိန်၊ နေရာ၊ တိကျဖို့လိုသလို တစ်ကိုယ်ရေသန့်ရှင်းဖို့လည်း လိုပါသေးတယ်။ မိန်းကလေး တွေဆိုရင် ကိုယ်မသန့်ရင် အဓိဋ္ဌာန်ဝင်လို့မရပါဘူး။ အဓိဋ္ဌာန်ဟာ ပဋ္ဌာန်ဖြစ်တဲ့အတွက် တရိုတသေရွတ်ရ မှာဖြစ်ပါတယ်။ အဓိဋ္ဌာန်နောက်ဆုံးနေ့ (၉)ရက်မြောက်နေ့မှ ကိုယ်လိုချင်တဲ့ ဆုတစ်ခုကို တောင်းရမှာဖြစ်ပါ တယ်။ ဆုတောင်းတဲ့နေရာမှာလည်း တစ်ခုတည်းဖြစ်ဖို့ အရေးကြီးပါတယ်။ သားရွှေအိုးထမ်းလာတာမြင်ချင် ပါတယ် ဆိုတာမျိုးမပြောဖို့မှာထားပါတယ်။ ကိုယ်လိုချင်တဲ့ ဆုတစ်ခုကို တိတိကျကျတောင်းမှသာ ဆုတောင်း ပြည့်မှာဖြစ်ပါတယ်။ လိုချင်တာတွေတောင်ချင်သူများ စမ်းကြည့်နိုင်ပါတယ်။
ပျော်ရွှင်ကြပါစေ။
နှင်းဆီနီနီ။။

ရန်ကုန်အစားအသောက်လမ်းညွှန်

လင်းကတက်ထားလို့ ရေးရတာဆိုပေမယ့် အမှန်တော့ ကျွန်မလည်း အစားအသောက် ၀ါသနာအိုးမို့လို့ အစားသောက်အကြောင်းရေးချင်နေတာကြာပါပြီ။ ငိုချင်ရက်လက်တို့ ဆိုသလို။ အမေရိုက်တာနဲ့ ငါငိုချင်တာနဲ့ လို့ဘဲ ပြောပြော ဒီပိုစ်ကို စိတ်ရှိလက်ရှိရေးလိုက်မယ်ဟဲ့ဆိုပြီး ရေးလိုက်ပါတယ်။ လင်းရေ နည်းနည်းနောက်ကျ သွားရင်ခွင့်လွှတ်ပေးနော်။ ဇကောပန်ပါရဲ့။ :P

ဘယ်ကစရေးရမလည်း စဉ်းစာလိုက်တာခေါင်းနည်းနည်းမူးသွားတယ်။ ပုဇွန်တောင်ကစရေးမယ်နော်။ ပုဇွန်တောင်မှာက မြန်မာမုန့်တွေအတော်စုံတယ်။ ရွှေဘုန်းပွင့်ဘုရားအရှေ့က ရခိုင်မုန့်တီက ရခိုင်မတွေ ရောင်းတာ သိပ်စားလို့ကောင်းတယ်။ ဟင်းရည်ကလည်းအရသာရှိသလို အသုတ်ကလည်း တခြားဆိုင်တွေနဲ့ မတူလို့ အမြဲသွားစားဖြစ်တယ်။ ဈေးကသူများတွေထက် နည်းနည်းကြီးပေမယ့် စားလို့ကောင်းတယ်ဗျ။ မြန်အောင်သုတ်ဆိုလား၊ ရခိုင်သုတ်ဆိုလားဘာလား ပဲငပိရယ်၊ ငရုတ်သီးရယ်၊ ကြက်သွန်နီအစိမ်းနဲ့ သုတ်တဲ့ အသုတ်ဆိုကောင်းမှကောင်း။ ပြောရင်နဲ့သရေကျလာပြီ။ အဲ့ဒီဆိုင်က နေ့လည်၁၂ နာရီနောက်ပိုင်းကနေ စဖွင့်တာ ညဘက် ၉နာရီလောက်အထိဘဲ။ လာစားတဲ့သူတွေအတော်များတယ်။ ပုဇွန်တောင်၊ရေကျော်၊ ဗိုလ်တစ်ထောင်ဘက်ကရော လာစားကြတာ။နာမည်ကြီးပေါ့အဲ့ဒီနားမှာတော့။

နောက်တစ်ခုက ရေကျော်လမ်းမကြီးပေါ်က ညအခါ မုန့်ဟင်းခါးဆိုင်ပါ။ သူကအရင် ညနေပိုင်းမှဖွင့်တာပါ။ ဆိုင်နာမည်နဲ့လိုက်အောင်ထင်ပါရဲ့။ အတော်ကောင်းတဲ့မုန့်ဟင်းခါးပါ။ ရန်ကုန်မှာ တင်တင်အေးတို့၊ စံပြတို့ကတော့ ရောင်းတန်းလိုသဘောမျိုး လူတိုင်းစားနိုင်အောင်ချက်ထားတာမျိုး၊ သူကကျတော့ ရှယ်ချက်ထားတာပါ။ မြေပဲဆံ၊ ရွှေကြည်၊ အကုန်ပါတယ်။ အကြော်မပါဘဲနဲ့စားရင်ကို အတော်စားယူရတယ်။ ပါဆယ်ဆိုရင် အိမ်မှာ တစ်ပွဲကို နှစ်ယောက်စားလို့ရတယ်။ များလည်းများပြီးစားကောင်းတယ်ခင်ဗျ။ ဒါပေမယ့် အခုတော့ ကုန်ဈေးနှုန်းတက်လို့ ဆိုင်ပိတ်ထားတာတွေတယ်။ အဲ့ဒီမုန့်ဟင်းခါးလည်းလွမ်တယ်ဗျ။

နောက်ပြီး ၁၃လမ်းက ရွှေတောင်တန်း ကော်ရည်ခေါက်ဆွဲနဲ့ဆီချက်ဆိုင်ကိုလည်း အရမ်းလွမ်းပါတယ်။ သူငယ်ချင်းခေါ်သွားလို့ စားဖူးတာဆို ပေမယ့် နောက်ပိုင်းသူမပါလည်း စားဖြစ်တယ်။ ရန်ကုန်က စားသမျှဆီချက်ခေါက်ဆွဲတွေထဲမှာ သူ့ဆိုင်က ဆီချက်ကို အကြိုက်ဆုံးပါဘဲ။ ကော်ရည်လည်းကြိုက်တယ်ခင်ဗျ။ ငါးပိသုတ်လေးနဲ့ဆို ကောင်းမှကောင်း။ စားနေကျမို့ အချဉ်မကြိုက်လို့ ချည်းများရင်လည်း သဘောကောင်းကောင်းနဲ့ အကြိုက်လိုက်လုပ်ပေးတယ်။ တခြားဆိုင်တွေဆို ဂျီးများရင် စောင့်ကြီးအောင့်ကြီးနဲ သိပ်မလုပ်ပေးချင်ကြဘူး။ နောက်ပြီး ရွှေနန်းတော် ရွှေဆိုင်နားက ဘဲပေါင်းဆီချက်လည်းကောင်းပါတယ်။ သူကနည်း ရွှေတောင်တန်းကထက် ဈေးကြီးလို့သိပ်မစားဖြစ်ဘူး။

ရန်ကုန်မှာ မန္တလေးကြာဆံချက်ကို နေရာအတော်များများမှာစားဖူးတယ်။ လုံးဝစားလို့မကောင်းပါဘူး။ ဒါပေမယ့် ပဲခူးကလပ်နားက မန္တလေးကြာဆံချက်ဆိုင်ကတော့ မန္တလေးလက်ရာအတော်မှိလို့ စားဖြစ်တယ်။ အဲ့ဒီဆိုင်မှမဟုတ်ရင် သိပ်ပြီးမစားဖြစ်ဘူး။ နောက် မင်္ဂလာဈေးနားက ငါးဖယ်ကြော်သုတ်။ နေရာကနဲနဲညစ်ပတ် ပေမယ့် အရသာကောင်းလို့စားဖြစ်တယ်ခင်ဗျ။ ပါဆယ်ပေါ့။
တရုတ်တန်းမှာတော့ ကျွန်မစားချင်တဲ့မုန့်တွေ လက်ညှိုးထိုးမလွဲပါဘဲ။ မငယ်ကြာဆံကြော်၊ ၁၉လမ်းက ခေါက်ဆွဲကြော်က ဈေးသိပ်မကြီးများများထည့်ပေးလို့ ကျွန်မအကြိုက်ပါ။ အဲ ၁၉ အထက်လမ်း ဘုံကျောင်း ထောင့်က စက်သားပေါင်းဆို အိမ်အပြန်တိုင်းအမြဲဝင်တီးနေကျပါခင်ဗျ။ ၁၅ လမ်းကစလို့ လသာလမ်းအထိ စားသောက်ဆိုင်တွေကိုတော့ အကယ်ဘဲလွမ်းမိပါတယ်ခင်ဗျ။ တရုတ်တန်းက ရှမ်းခေါက်ဆွဲကလည်း စားလို့ကောင်းလို့ လွမ်းရသေးတယ်။ ကျွန်မသူငယ်ချင်းတွေက ကြည့်မြင်တိုင်၊ ၁၅ လမ်း၊ စမ်းချောင်း၊ ဗဟန်း၊ ပဲခူးကလပ်တွေမှာနေကြတော့ အမြဲအလည်သွားဖြစ်တဲ့ကျွန်မ အဲ့ဒီနေရာတွေက အစားအသောက်တွေကို အတော်ရင်နှီးခဲ့ပါတယ်။
ကျောင်းသားကျောင်းသူတိုင်း အမြဲရောက်တဲ့ လှည်းတန်းကမုန့်တွေထဲမှာ အညာမှာသာရပြီး ရန်ကုန်မှာ အတော်ရှာရခက်တဲ့ မုန့်ပစ်သလတ်ရှိပါတယ်။ ကျွန်မတော့ လှည်းတန်းရောက်ရင် မုန့်ပစ်သလတ်နဲ့ မုန့်အုပ် ၀ယ်ပြီးမှအိမ်ပြန်လေ့ရှိပါတယ်။ အဲ လှည်းတန်းဈေးအနောက်ဘက်က ရှောက်သီးသုတ်နဲ့ ကြာဆံဟင်းခါးကို လည်း မမေ့ပါဘူး။ စီးပွားရေးတက္ကသိုလ်ပင်မ၀င်ထဲက
စီးပွားရေးတက္ကသိုလ် ကင်တင်းကနာမည် တစ်လုံးနဲ့နေတာပါ။ ကဗ္ဗလာရည် ကဈေးချိုပြီး သောက်လို့အရမ်းကောင်းသလို၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တွေလည်း ဈေးသတ်သာပြီးစားလို့ကောင်းမှကောင်း။ မန္တလေးမုန့်တီသုတ်တို့ လက်ဖတ်သုတ် တို့ကလည်း ကောင်းတဲ့စာရင်ထဲမှာ ချန်ထားလို့မရပါဘူး။ ရန်ကုန်မှာရှိနေတဲ့သူများ မယုံရင်သွားရောက် မြည်းကြည့် နိုင်ပါတယ်။ အဲကန်ဘောင်က ကျောက်ဖြူဆိုတဲ့ ရခိုင်မုန့်တီဆိုင်ကတော့ ကျွန်မတို့ ဆရာမတွေခေတ်ကတည်းကဆိုင်လို့ ပြောပါတယ်။ ကန်ဘောင်မှာတော့ အဲ့ဒီဆိုင်ကရခိုင်မုန့်တီကစားလို့ အကောင်းဆုံးပါဘဲ။ ဗူးသီကြော်လည်း အဲ့ဒီဆိုင်မှာရတယ်ခင်ဗျ။

အရေးကြီးတဲ့ ၀က်သားတုတ်ထိုးမေ့သွားလို့။ ၀က်သားတုတ်ထိုးကို ရန်ကုန်ကတွေ့သမျှဆိုင်မှာ စားပေမယ့် ဘယ်တော့မှအချဉ်ရည်မစားပါဘူး။ ရောဂါကူးမှာစိုးလို့။ ပြီးရင် ၀က်နှလုံးဘဲ စားဖြစ်တယ်။ တစ်ခါတစ်လေ မနေနိုင်မှ ၀က်အူစားဖြစ်တယ်။ နားရွက်ကို ၀က်နားဖာဂျီးကြောက်လို့ မစားဘူး။ မျက်လုံးလည်း ကြောက်လို့ မစားဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ၀က်သားတုတ်ထိုးတော့ အသေအလဲသတိရတယ်ဗျို့။ ဗိုလ်ချုပ်လမ်းအဆုံးက ထူးမှထူး ကမြေအိုးမြီးရှည်နဲ့ မာလာဟင်း၊ ၄၅ လမ်းကရှမ်းခေါက်ဆွဲ မေ့ပါဘူးဗျို့။ ရေကျော်ဘိန်းမုန့်ကရော မေ့နေမှာစိုးရသေးလို့ မြန်မြန်ထည့်လိုက်တယ်။ မောင်အေးကဖီးက နံပြားရယ်၊ လက်ဖက်ရည်ရယ်၊ Dim Sam ရယ်၊ အကင်ရယ်။ ပြောရင်နဲ့ လွမ်းနေပြီ။ ခဏနေမှ ပူတင်းလုပ်စားလိုက်ဦးမယ်။ :P
ကဲရန်ကုန်ပြန်ရောက်ရင် လျှောက်စားမည့်စာရင်တွေတော့ပြုစုပြီးပါပြီ။ အခမဲ့ကြော်ငြာပေးတာပါ။ ရှိသေးရင်သိသေးရင် ထပ်ဖြည်လိုက်ဖို့တစ်ခြားလူတွေကို တက်လိုက်မယ်ဗျာ။ ကဲဘုရားသာတပေတော့။
၁) မေပျို
၂)chaos
၃)မညလေး
၎)ကိုနေလင်း
၅)ကိုကဗျာလမ်း
၆)ကိုဇူလိုင်အိပ်မက်

တက်ထားတဲ့အထဲမှာ မပါလို့ စိတ်မကောင်းမဖြစ်ကြပါနဲ့ခင်ဗျ။ နောက်တစ်ခေါက်လာပါဦးမယ်။ ကိုစိုးထက်ကြီးကို တက်မလို့ စာမေးပွဲရှိတယ်ဆိုလို့။ ကိုဇူလိုင်က နံပါတ်၎ ကိုကြောက်တယ်ဆိုလို့ နံပါတ်ပြောင်း
ပေးထားပါတယ်။ လက်မလည်အောင်ရေးပေးကြပါဦးနော်။ ကျေးဇူးတင်လျှက်။
ပျော်ရွှင်ကြပါစေ။
နှင်းဆီနီနီ။။

Wednesday, 7 November 2007

ကျွန်မကြောက်သောသတ္တ၀ါ

လူတိုင်းကိုယ်ကြောက်တဲ့ သတ္တ၀ါတော့ရှိကြမယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မဘယ်သတ္တ၀ါမှ မကြောက် တက်ပါဘူး။ မြွေလည်းမကြောက်တက်ပါဘူး။ ကြွက်လည်း မကြောက်တက်ပါဘူး။ တီကောင်ဆိုပိုတောင် ဆိုသေးတယ် လိုက်ဖမ်းပြီး သူများတွေကိုလိုက်တို့တက်တယ်။ တစ်ခါက ကျွန်မအမေရဲ့ကြီးတော်ကြီး အိမ်လာလည်တာ အိမ်တွေရှင်တော့ ကြွက်ပေါက်စလေးတွေတွေ့တာ ကြီးတော်ကြီးကို သွားပြီးပြတာ။ ကြီးတော်ကြီး သွေးတွေတက်သွားလို့ အတော်ဆေးကုလိုက်ရတယ်။ :P
ကျွန်မအိမ်နားက ကျွန်မအမြဲသွားလည်နေကျအိမ်က အဒေါ်ကြီးက ပင့်ကူမျှင်တွေသိပ်ကြောက်တက်ပါတယ်။ ကျွန်မက ပင့်ကူမျှင်တွေ တုတ်ချောင်းမှာရစ်ပြီး လိုက်တို့ရင် မကြီးမငယ်နဲ့ ငိုမတက်ဖြစ်တက်လို့ ကျွန်မအမြဲ ခြောက်တက်ပါတယ်။ ကျွန်မဒေါ်တွေကတော့ ကြွက်မှန်ရင်ကြောက်တက်ပါတယ်။ တစ်ချို့ကတော့ မြွေကို သိပ်ကြောက်တက်ပါသတဲ့။ နောက်အဒေါ်တစ်ယောက်က တီကောင်မြင်ရင် အော်နေတာ။ တီမြင်ရင်သူ့ကို ကျွန်မခေါ်ပြတော့တာပါဘဲ။ သေးထွက်အောင်အော်ပြီးပြေးတော့တာပါဘဲ။
ကျွန်မလား၊ ကျွန်မမှာလည်း ကျွန်မကြောက်တဲ့ သတ္တ၀ါ ၂ကောင်ရှိပါတယ်။ သိပ်ပြီးထူးထူးခြားခြား မဟုတ် ပေမယ့် ကျွန်မအကြောင်းနဲ့ ကျွန်မကြောက်တာပါ။ ငယ်ငယ်တုန်းက ပင့်ကူးကလူတွေကို စားတဲ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားကြီးပြီး ပင့်ကူတွေကို အရမ်းကြောက်ပါတယ်။ အိမ်ထောင့်တွေမှာတွယ်တက်တဲ့ ပင့်ကူတွေကိုတော့လုံးဝမကြောက်ပါဘူး။ အဲ ခြေထောက် ကြီးကြီးနဲ့ ဥအိမ်တွေပါတဲ့ ပင့်ကူမည်းမည်း တွေကို တော့ အသေကြောက်ပါတယ်။ ဒီအတိုင်းနေရင် သိပ်မကြောက်ပေမယ့် လှုပ်နေရင်တော့ နေစရာမရှိအောင် ကြောက်ပါတယ်။
နောက်တစ်ခုက (၇)တန်းနှစ်က ပိုးဟပ်အကြောင်းစာမှာသင်ပြီးကတည်းက ပိုးဟပ်ကိုရွံပြီး၊ အသေကြောက် သွားပါတယ်။ ပိုးဟပ်မြင်လို့ကတော့ ထခုန်တော့တာဘဲ။ သတ်လည်းမသတ်ရဲဘူး၊ ပိုးဟပ်ကသတ်ရင်သူ့မှာ ရှိတဲ့ပိုးတွေအပြင်ကို ပြန့်တယ်ဆိုလို့။ အော်ပြီးခုန်နေတာ ပိုးဟပ်မျက်စိရှေ့ကပျောက်သွားတဲ့အထိပါဘဲ။ :P ဘာကောင်မှမကြောက်တက်တဲ့ကျွန်မ သူများတွေရှေ့မှာ ဟိတ်ကြီးဟန်ကြီးနိုင်ပေမယ့် ပိုးဟပ်နဲ့တွေ့ရင်တော့ ပါးစပ်ကလည်းအော်၊ ခြေထောက်ကလည်း ခုန်၊ လက်ကလည်း ဟိုကားယားဒီကားယားနဲ့ အတော်ကြည့်ရဆိုး တဲ့ ပုံစံတွေလုပ်တက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ဘာမှမသိတော့ဘူး၊ ကိုယ်ဘာဖြစ်နေလည်း မသိတော့ဘူး၊ လူကြားသူကြားထဲမှာတော့ ပိုးဟပ်မတွေ့ပါစေနဲ့လို့အမြဲဆုတောင်းလျှက်။ အပြင်ထွက်ရင်ပေါ့။ ကံမကောင်း တဲ့ကျွန်မ တစ်ခါကလည်း အပြင်မှာမုန့်သွားစားတာ လူတွေအများကြီးရှိတဲ့အထဲ ကျွန်မခြေထောက်ပေါ်ကိုမှ ပိုးဟပ်ကရွေးပြီးတက်လို့ ယောင်ပြီးအော်လိုက်တာ ဘေးကလူတွေဝိုင်းကြည့်လို့ အရှက်ကွဲခဲ့သေးတယ်။ ကဲ မိတ်ဆွေ သင်ရော ဘာသတ္တ၀ါကြောက်လဲ။ ဒီပိုစ့်ကိုဖတ်တဲ့သူတွေကို တက်လိုက်ပြီဗျာ။(ကိုရန်အောင့် လေသံနဲ့။)
ငြင်းလို့မရတဲ့သူတွေအောက်မှာစာရင်းလုပ်ထားတယ်။
၁) နှင်းပွင့်ဖြူလေး
၂) မီးလေး
၃) မိုးချစ်သူ
၎)မျှားပြာ
၅)ကိုမန်လှိုင်းငယ်
၆) ကိုပီကေ
(မှတ်ချက်။။ အထက်ပါလူ ၆ ယောက်ကတော့ မရေးမဖြစ်ရေးပေးကြပါ။ )
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Tuesday, 6 November 2007

အရူးလွယ်အိတ်

မိုးချစ်သူတက်ထားလို့၊ အိတ်ထဲရှိတာအကုန်ထုတ်ဆိုလို့။ ကဲထုတ်လိုက်ပြီ။ ကျွန်မအိတ်ထဲမှာ ကျွန်မအမြဲထည့်တက်တဲ့ပစ္စည်းတွေကတော့။ အဲ ကျွန်မအိတ်ကတော့ အရူးလွယ်အိတ်နဲ့ခပ်ဆင်ဆင်တူပါရဲ့။ အိတ်ကြီးကြီးတွေကိုသာကျွန်မကြိုက်တက်သလို။ အိတ်သေးသေးလေးတွေလည်း ချစ်လို့၊ ၀ယ်ပြီးအိတ် ကြီးကြီးထဲကိုထည့်ပြီးဆောင်လေ့ရှိပါတယ်။ အိတ်ကြီးကြီးထဲမှာတော့...

၁။ ရေတွေထည့်ဖို့ ရေထည့်တဲ့အိတ်။

၂။ ရာသီဥတုဒတ်ကကာကွယ်ရအောင် ထီတစ်ချောင်းတော့ အမြဲဆောင်တက်ပါ၏။

၃။ ဂျူး ဆိုတဲ့ရာပန်းဆီတစ်ဗူး။

၎။ အဘထလို ဆေးမြစ်တွေပါတဲ့။ ရှူဗူးတစ်ဗူး။

၅။ အကြွေစေ့တွေထည့်ဖို့ ပိုက်ဆံအိတ်သေးသေးလေးနောက်တစ်လုံး။

၆။ အိတ်ကြီးကြီးရဲ့ ဇစ်ထဲမှာကတော့၊ စတစ်ကာဓါတ်ပုံတွေ၊ ပစ်စပို့ဓါတ်ပုံတွေထည့်ထားတဲ့ ပလပ်စတစ် အိတ်
တစ်လုံး။

၇။ နှုတ်ခမ်းဆိုးဆေးတစ်တောင့်။ နှုတ်ခမ်းဆေးဆိုးတာ မကြိုက်ပေမယ့် ဓါတ်ပုံရိုက်ရင် ဆိုးရအောင် လိမ္မော်ရောင်(သို့) ပန်းရောင်ဖျော့ဖျော့ (သို့) အညိုဖျော့ဖျော့ တစ်ချောင်း အမြဲဆောင်ထားတက်ပါတယ်။

၈။ နှုတ်ခမ်းနီဆိုးရင် ကြည့်ဖို့မှန်တစ်ချပ်ရှိပါတယ်။

၉။ အမြဲတမ်း ရှုပ်နေတက်တဲ့ဆံပင်တွေအတွက် ခေါင်းဖီးသေးသေးလေး တစ်ချောင်။

၁၀။ Memory Stick တစ်ခု။

၁၁။ ဖုန်းနံပါတ်တွေနဲ့ တိုလီမုတ်စရေးရအောင် စာအုပ်သေးသေးတစ်အုပ်။

၁၂။ ကော်ဗူးတစ်ဗူး။ သုပ်ချင်တာတွေသုပ်လို့ရအောင်။

၁၃။ ပစ်စပို့တစ်ခု(ရန်ကုန်တုန်းကတော့ ရှိသမျှကျောင်းသားကဒ်တွေ အကုန်ထည့်ထားတက်တယ်။ လက်နက်ကြီးအနေနဲ့ပေါ့။)

၁၄။ ရှုပ်ပွတက်တဲ့ ဆံပင်တွေကို ချည်နှောင်ဖို့ ခေါင်းစည်းကြိုးအနက်ရောင် သေးသေးလေး၁၀ခုလောက်နဲ့၊
ခေါင်းစည်းကြိုးအကြီး ၁ ခုနဲ့၊ ကလစ်တချို့။

၁၅။ ရောင်စုံဘောပင်။ Correction Pen။ ဘောပင်။ ခဲတံ။ ခဲဖျက်။ ခဲတံချွန်ဖို့ ဓါးတစ်ချာင်း။ ခဲချွန်စက်တစ်ခု။ ပေတံသေးသေးတစ်ချောင်းလည်း ပါသေးတယ်။

၁၆။ အပ်ချိပ်သေးသေးလေးတွေလည်း ပါသေးတယ်။ လိုအပ်ရင်သုံးဖို့။

၁၇။ အသံအမြဲပိတ်ထားတက်လို့ Miss Call အမြဲတမ်းပေါ်တဲ့ နို့ဆီခွက်တစ်လုံး။

၁၈။ ပိုက်ဆံအိတ်ကိုင်ရမှာ ပျင်းတဲ့ ကျွန်မအမေရဲ့ ပိုက်ဆံအိတ်ရယ်။ စာကြည့်မျက်မှန်ရယ်၊ သူ့ရဲ့နို့ဆီခွက်ရယ်။

၁၉။ ဗိုက်အောင်ရင်သောက်ဖို့ Digene နဲ့ Spasmo ။ ပါရာနဲ့ ဘာမီတွန် ။

၂၀။ လျှောက်ခြစ်ထားတဲ့ ပြေစာစာရွက်အဟောင်းတွေ။

၂၁။ ပဲများရအောင် ဆောင်ထားတက်တဲ့ နားကတ်တွဲလောင်းတွေထည်ထားတက်တဲ့ ဗူးတစ်ဗူး။

မပါ မဖြစ်ကတော့ ခြေဦးတည့်ရာလျှောက်သွားတက်တဲ့ ခြေထောက်တစ်စုံရယ်။ တွေ့ကရာလျှောက်စား တက် တဲ့ ပါးစပ်တစ်ပေါက်ရယ်ပါ။ ကဲ အားလုံးအကုန်ဘဲ။ အပြင်သွားရင် အဲ့ဒီအိတ်တစ် လုံး ဆွဲပြီးထွက်လိုက်ရင် ဘာမှ မလိုသလောက်ဖြစ်သွားပြီ။
ပြီးပါပြီ။
နှင်းဆီနီနီ။။

Sunday, 4 November 2007

Blogthing

သူငယ်ချင်းတစ်ယောက်က လင့်ပေးလို့ဝင်ကြည့်ပြီး သူမေးတဲ့မေးခွန်းတွေကိုဖြေကြည့်တာ ပျော်စရာကောင်းလို့ တင်းထားလိုက်တာ။ သူငယ်ချင်းတွေလည်း စိတ်ဝင်စားမယ် ထင်လို့။


Your EQ is 113

50 or less: Thanks for answering honestly. Now get yourself a shrink, quick!
51-70: When it comes to understanding human emotions, you'd have better luck understanding Chinese.
71-90: You've got more emotional intelligence than the average frat boy. Barely.
91-110: You're average. It's easy to predict how you'll react to things. But anyone could have guessed that.
111-130: You usually have it going on emotionally, but roadblocks tend to land you on your butt.
131-150: You are remarkable when it comes to relating with others. Only the biggest losers get under your skin.
150+: Two possibilities - you've either out "Dr. Phil-ed" Dr. Phil... or you're a dirty liar.

You Are a Good Girl!

You're into fun - but it has to be your own brand of fun
Drinking? No thanks. You rather spend your time differently...
Whether it's talking with friends, taking up a hobby, or reading
You're not the type to socialize just for socializing's sake!

Friday, 2 November 2007

ဓါတ်ပုံအကြွေးဆပ်ပါသည်။


ယုဇနပန်းပွင့်လေးတွေ။
ကျွန်မ ယုဇနပန်းပင်အကြောင်းရေးတုန်းက မီးလေးလား၊ နှင်းပွင့်လားမသိ ယုဇနပန်းမမြင်ဖူးလို့ ဆိုပြီးဆီဗုံးထဲမှာ လာအော်ဖူးလို့။ တနေ့ကမြို့ထဲသွားရင်း ယုဇနပန်းပင်တွေလို့ ဓါတ်ပုံရိုက်ပြီးယူ
လာခဲ့တယ် အခုတင်ပေးလိုက်ပါတယ်။ တခြားဓါတ်ပုံလေးတွေလည်း ဒီမှာစုပြီးတင်လိုက်တယ်။ နောက်ထပ်ခေါင်းစဉ် အသစ်အခုမလုပ်ချင်တော့လို့။ အပျင်းကြီးတာခွင့်လွှတ်ပေးကြပါ။



ဒါလေးက Sandakan မြေပုံလေး။


Memorial Stone at POW Camp. သုံးနိုင်ငံကိုယ်စားပြု(နေကြာပန်း၊ နှင်းဆီပန်း၊ ခေါင်းလားပန်း။)


POW Camp မှာရှိတဲ့ မြေတူးတဲ့စက်ကြီးပါ။


တောင်ပေါ်စခန်ကနေ Kinabalu တောင်ကိုရိုက်ထားတာပါ။


Kinabalu တောင်ပုံပါ။ (Professional တွေရိုက်ထားတဲ့ဓါတ်ပုံ)

စစ်အတွင်းကအသုံးပြုခဲ့တဲ့ ရေနွေးငွေ့သုံးမီးစက်။

Orangutan ဆိုတာသူပါဘဲ။ လှတယ်ဟုတ်?
ကဲပြီးသလောက်လေးတင်ပေးလိုက်တယ်။ နောက်ထပ်ဖြည့်ပြီးရင် တင်ထားလိုက်ပါဦးမယ်။

Thursday, 1 November 2007

ဲရောဂါ

အခုတလော ဘလောဒ့်စွဲမစွဲစမ်းတဲ့ ဟာလေး ကိုစိုးထက် ကစတယ်ထင်ပါရဲ့ ဘလောဒ့်လောကမှာ သူများတွေစမ်းတာတွေ့လို့ ကျွန်မလည်း သွားရောက်စမ်းသပ်လိုက်ပါတယ်။ ကျွန်မဘလောဒ့်ဘယ်လောက် စွဲနေသလဲကို သူငယ်ချင်းများကို ပြာပြချင်လို့ပါ။
ကျွန်မဒီလောက် ဘလောဒ့် စွဲနေပါတယ်။


75%How Addicted to Blogging Are You?

Get a cash advance



ဒီလောက် Coffee စွဲနေပါတယ်။


Free Alaska Dating


တစ်နှစ်တာမလေးရှား


Sandakan မြေပုံလေးတင်ပေးလိုက်တယ်။

အောက်တိုဘာကုန်လို့ နိုဝင်ဘာရောက်လာပါပြီ။ နိုဝင်ဘာ ၂၆ ရောက်ရင် ကျွန်မမလေးရှားကိုရောက်တာ ၁ နှစ်ပြည့်ပါပြီ။ မလေးရှားဆိုပေမယ့် ကျွန်မနေတဲ့နေရာက မလေးရှားနိုင်ငံရဲ့ အရှေ့ဘက်အကျဆုံးဖြစ်တဲ့ ဆာဘားပြည်နယ်မှာပါ။ ဆာဘားပြည်နယ်ဟာ သုံးနိုင်ငံပိုင် ဘော်နီယိုကျွန်ပေါ်မှာ ရှိတဲ့၊ ဘော်နီယိုကျွန်းရဲ့ ထိပ်ပိုင်းမှာရှိပါတယ်။ မလေးရှားနိုင်ငံရဲ့ ဆီအိုးကြီးလို့ပြောနိုင်ပါတယ် ဆာဘားပြည်နယ်ဟာ မလေးရှားမှာ ဆီအုန်းအများဆုံးစိုက်တဲ့ပြည်နယ် ဖြစ်သလို၊ နိုင်ငံ့ဝင်ငွေတိုးအောင်လုပ်ပေးတဲ့ ပြည်နယ်လည်း ဖြစ်နေပါသေးတယ်။ သဘာဝသစ်တောတွေ၊ ရှားပါးသတ္တ၀ါတွေကို ထိန်းသိမ်းထားပြီး နိုင်ငံခြားသား ခရီးသွားတွေကို ပြသခြင်းဖြင့်လည်း မလေးရှားနိုင်ငံကို နိုင်ငံခြားငွေတွေ ရှာပေးနေပါသေးတယ်။
ကျွန်မနေတဲ့မြို့နာမည်ကို မိတ်ဆက်ပေးဖို့နေပါတယ်။ ကျွန်မနေတဲ့မြို့လေးက ပြည်နယ်ရဲ့ဒုတိယ အကြီးဆုံး Sandakan ဖြစ်ပါတယ်။ Sanda က Sulu ဘာသာစကားမှာဆင်းသက်လာတာဖြစ်ပြီး စစ်သားလို့အဓိပ္ပယ်ရပြီး၊ kan ကတော့ ဖတ်ကောင်းအောင်ရေးထားတာလို့ စာတွေမှာရေးထားပါတယ်။ ၁၈ ရာစု ဒခ်ျလူမျိုး ကုန်သည် တစ်ဦးက ပေးသွားတာလို့လည်းမှတ်သားရပါတယ်။ အစပိုင်းတုန်းက စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုတွေ ဒီမြို့ မှာပြုလုပ်တယ်လို့လည်း ရေးသားထားပါတယ်။ ကုန်သည်များစခန်းချရာ ရွာလေးကိုအစွဲပြုလို့ Sandakan ရယ်လို့ဖြစ်လာပါသတဲ့။ ပထမကမ္ဘာစစ်တုန်းက အင်္ဂလိပ်တွေရဲ့အဓိကစခန်းအဖြစ်ရှိခဲ့ပြီး၊ ပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တွင်းမှာ ဂျပန်တွေဗုံးကျဲလို့ တစ်မြို့လုံးပြားပြားမှောက်သွား ပေမယ့် နောက်ပိုင်းမှာပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ်။ မြို့တော်ကိုတော့ နောက်ဘက်ကမ်းခြေသို့ပြောင်း ရွှေ့သွားခဲ့ပြီး KotaKinabalu လို့အမည်ရပါတယ်။ Kota ကမလေးလို ခံတပ်လို့သိရပြီး Kinabaluကတော့ Sabah ပြည်နယ်ရဲ့ နာမည်ကြီးတောင်ရဲ့နာမည်ကိုယူထားတာဖြစ်ပါတယ်။
Sabah မှာက မလေးလူမျိုးတွေသာမက ဒေသခံလူမျိုးကွဲအတော်များများ နေထိုင်ကြပါတယ်။ လူမျိုးတွေထဲမှာ Kadazan နဲ့ Murut တို့ကတော့လူဦးရေများဆုံး ဒေသခံလူမျိုးစုများဖြစ်ပါတယ်။ အခြားလူမျိုးများအများ အပြားရှိပေမယ့် ကျွန်မသိပ်မသိပါဘူး။ ဘာသာစကားတွေလည်း ကျွန်မတို့ ကရင်၊ကချင်၊ချင်းတွေ ကွဲသလို ကွဲပါသတဲ့။ အဓိက ကတော့ချင်းတွေလိုဝတ်စားတက်တဲ့ Kinabalu တောင်နားမှာနေထိုင်ကြတဲ့ လူမျိုးတွေများ
ပါသတဲ့။ မလေးလူမျိုးတွေအများစုကတော့ မူဆလင်ဘာသာကို အများဆုံးကိုးကွယ်ကြပြီး၊ တောင်ပေါ်သားတွေ
ကတော့ ခရစ်ယန်ဘာသာကို ကိုးကွယ်ကြတာများပါတယ်။
ပင်နီစူလာမှာတော့ အိန္ဒယလူမျိုးများကို အများအပြားတွေရပေမယ့် Sabah မှာတော့ တရုတ်လူမျိုးများ အများအပြားကို တွေ့ရမှာဖြစ်ပါတယ်။ အိန္ဒယလူမျိုးများကို စားသောက်ဆိုင်များနဲ့ ဗလီများမှာသာတွေ့ရတက်ပါတယ်။ မြို့ထဲမှာလည်း မတွေ့ရသလောက် ရှားပါတယ်။
ဒေသခံတွေကတော့ ဆီအုန်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြပြီး၊ ရေလုပ်ငန်းကလည်း အဓိကကျတဲ့ စီးပွားရေးဖြစ်ပါတယ်။ သစ်ခွမျိုးပေါင်းများစွာရှိသလို
တစ်ချို့မျိုးစိတ်များဆိုရင် မလေးငွေ သိန်းချီတန်တဲ့ သစ်ခွမျိုးများတောင်ရှိပါသတဲ့။ ခိုးထုတ်တာတွေရှိသလို ခိုးယူတာမိရင်တော့ မြန်မာနိုင်ငံမှာ ကျွန်းသစ်ခိုးသလို ပြစ်မှုကြီးပါသတဲ့။ ထို့အပြင် Sandakan နားမှာရှိတဲ့ နာမည်းကြီး လိပ်ကျွန်းမှ လိပ်ဥများကိုလည်း Sandakan မှာ မှောင်ခိုဈေးကွက်ရှိပေမယ့် ဖမ်းမိရင်တော့ ထောင်ဒဏ်ကြီးကြီးချတက်ပါသတဲ့။ ၁၈ရာစုလောက်က တည်းက တရုတ်လူမျိုးများလာရောက်နေထိုင် ကြတာဖြစ်လို့ တရုတ်လူမျိုး ရေလုပ်သားများ၊ ဆင်ရဲတဲ့တရုတ် များကိုလည်း အများအပြားတွေ့ရတက်ပါတယ်။ Sandakan မှာ တရုတ်လူမျိုး မီလျှံနာတွေ အတော်များများရှိကြပေမယ့် KLလောက် Kidnapping မများပါဘူး။
Sandakan မှာ သဘာဝသစ်တောဥယျာဉ်တွေရှိပြီး နိုင်ငံခြားဝင်ငွေ အတော်ရတဲ့စီးပွားရေးလုပ်ငန်းလည်း ဖြစ်ပါတယ်။ Sandakan မှာ နာမည်ကြီးတဲ့ Orangutan လို့ခေါ်တဲ့
ရှားပါးပြီးလူနီးပါးတူတဲ့မျောက် နဲ့ Proboscis လို့ခေါ်တဲ့ နှားခေါင်းကြီးကြီးမျောက် တွေကိုသဘာဝသစ်တော ဥယျာဉ်ထဲမှာထားပြီး ကမ္ဘာလှည့်ခရီးသည် တွေကို ၀င်ကြေးငွေများများယူပြီးပြထားတဲ့ နိုင်ငံခြားငွေရတဲ့လုပ်ငန်းကလည်း Sandakan ရဲ့အဓိကစီးပွားရေး တစ်ခုလည်းဖြစ်ပါတယ်။ မွေးခါစOrangutanလေးတွေကိုလည်း မွေးစားခွင့်ချင်တဲ့လူတွေကို မွေးစားခွင့်ပေးလို့ နိုင်ငံခြားသားတွေကလည်း မွေးစားပြီးထောက်ပံ့ကြေးပေးကြပါတယ်။ ကမ္ဘာပေါ်မှာ ဘော်နီယိုကျွန်မှာဘဲရှိတဲ့ မျောက်လို့လည်းပြောကြပါတယ်။ ကျွန်မတို့သွားကြပေမယ့် သွားတဲ့အချိန်နောက်ကျပြီး ပိတ်ချိန်နဲ့ကြုံလို့ ပြန်လာခဲ့ရပါတယ်။ ဒီကနေမပြောင်းခင် တစ်ခေါက်လောက် ထပ်သွားဖို့တော့စဉ်းစားထားပါတယ်။ ပြီးတော့ ကျွန်မတို့အိမ်နားမှာ Crocodile Firm ရှိပါတယ်။ မီးကျောင်းဥယျာဉ်ပေါ့။ ကလေးတွေအများဆုံး သွားကြည့်ကြတယ်။ ကျွန်မတို့ကတော့ လူကြီးတွေဖြစ်နေပြီဆိုတော့သွားမကြည့်ကြဘူး။ :P
Sabah ပြည်နယ်မှာ Marine Creature နဲ့ပက်သက်လို့ လိပ်ကျွန်တစ်ခုသာ ရှိပေမယ့်။ Sarawak ပြည်နယ်မှာ
တော့ Marine Creature နဲ့ပက်သက်လို့ အတော်လေး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ပါရဲ့။ Sandakan မှာ ကျွန်မနေတဲ့အိမ်နားမှာရှိတဲ့ ဒုတိယကမ္ဘာစစ်တုန်းက Australia နဲ့ British သုံ့ပန်းများကို ထိန်းသိမ်းထားရာ စခန်းကို War Memorial Park အဖြစ် သေသေချာချာလုပ်ပြီး ခရီးသွားများ အလည်သွားစရာနေရာတစ်ခုဖြစ်ပါတယ်။ အလည်လာသူတွေကိုတော့ ၀င်ကြေးအခမဲ့ပါတဲ့။ စစ်အတွင်းက အသုံးပြုခဲ့တဲ့ပစ္စည်းအချို့ အခုအချိန်အထိရှိနေပါသေးတယ်။ စစ်အတွင်းက သုံ့ပန်းအဖြစ်အဖမ်းခံရတဲ့ သူတွေရဲ့ မိသားစုတွေလာရောက်လည်ပတ်ဖို့ ရည်ရွယ်ထားတာပါ။ စစ်သုံ့ပန်းအားလုံးနီးပါး သေးဆုံးကြပြီး ၆ ယောက်သာထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဒီမှာအသးစိတ်ကြည့်ရှုနိုင်ပါတယ်။
မြို့တော် Kota Kinabalu နဲ့ Sandakan နဲ့သွားတဲ့လမ်းပေါ်မှာ Kinabalu တောင်ရှိပြီး ၅နာရီလောက် ခရီးရှိပါတယ်။ ခရီးမှာတော့ တောင်တက်လမ်းတွေသာဖြစ်တဲ့အပြင် အမြင့်မီတာ ၂၀၀၀ကျော် လောက်ကိုတက်ရတဲ့ကားလမ်းဖြစ်ပြီး၊ တောင်ပေါ်မှာတော့ နေ့စဉ်မိုးရွားပါတယ်။ မနက် ၁၀နာရီကျော်ရင် တောင်မကြီးကိုမမြင်ရတော့ဘဲ မြူများနဲ့ဖုံးနေတက်ပါတယ်။ ကံကောင်းရင်တော့ ၁၁ နာရီကျော်တဲ့ အထိမြင်ရပါတယ်။ တောင်မကြီးကိုကြည့်ချင်ရင်တော့ မနက်စောစောကို ခရီးထွက် ရပါတယ်။ တောင်ပေါ်မှာတော့ မြန်မာပြည်က တောင်ကြီးလို၊ မေမြို့လိုရာသီဥတု ဖြစ်ပြီး၊ အမြဲနှင်းဝေ နေတက် ပါတယ်။ လက်မှုပစ္စည်းများပေါသလို၊ တောထွက်ပစ္စည်များလည်းပေါပါတယ်။
ဒီကလူတွေကတော့ စိတ်ထားနုညံသိမ်မွေ့ကြပါတယ်။ စကားပြောရင် တိုးတိုးသာသာပြောတက်ကြပါတယ်။ ဒီမှာ အော်ဟစ်ပြီးရန်ဖြစ်တာမျိုးတွေ အခုအထိတော့ တစ်ခါမှမမြင်ဖူးသေးပါဘူး။ အိမ်နားမှာလည်း ညနေ ၇ နာရီလောက်ဆို လူတွေအပြင်ထွက်သာသိပ်မမြင်ရသလို ထွက်ရင်လည်းကားနဲ့ထွက်တာများလို့ လမ်းတွေမှာ လူသွားလူလာရှင်းပါတယ်။ မလေးလူမျိုးများ နုညံ့သလို အပျင်းလည်းကြီးကြပါတယ်။(ကျွန်မအမြင်ကို ပြောတာပါ။) ဟိုဘက်လမ်းနဲ့ ဒီဘက်လမ်းကိုသွားရင် ဘယ်တော့မှ လမ်းလျှောက်လေ့မရှိဘဲ ကားနဲ့ဘဲသွားလေ့
ရှိလို့ ပြင်းတယ် လို့ပြောခြင်းဖြစ်ပါတယ်။ လူငယ်တွေလောက်သာ လမ်းပေါ်မှာတွေ့ရပြီး၊ ဘာသာရေးအရ လည်း အိမ်တွင်းအောင်းတာဖြစ်နိုင်ပါတယ်။ ဘာသာရေးအရ အရက်သောက်ခွင့်မရှိလို့
တရုတအရက်သမား တွေသာ တွေ့ရပြီး၊ အလွန်ဆိုးတဲံ မလေးများကတော့ ဘီယာသောက်ကြပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံမှာလောက် လမ်းတွေပေါ်မှာ လူတွေမစည်တာတွေ့ရပါတယ်။ Super market တွေနဲ့ စားသောက်ဆိုင် တွေလောက်သာ လူစည်ကားပြီး၊ ကျွန်မနေတဲ့မြို့ကဘဲ သေးနေလို့လားမသိပါဘူး။ လမ်းပေါ်မှာတော့ ကားတွေပြည့်နေတာပါဘဲ။ ဓါတ်ဆီဆိုင်ဆိုတာကတော့ လက်ညှိုးထိုးမလွဲတွေ့ရတက်ပြီး၊ တန်းစီစရာလည်းမလိုပါဘူး။ ဟဲဟဲ ဒီကိုရောက်ခါစက အရင်ရောက်ပြီးသားအန်တီကြီးက ဟာသလေး တစ်ခုပြောပါတယ်။ သူကသူ့ယောက်ျားကို ဓါတ်ဆီစာအုပ်ကဘယ်မှာလဲ၊ ဆီထုတ်ရက်က ဘယ်တော့လည်းလို့ မေးရသေးတယ်တဲ့။ သူ့ယောက်ျားက ဒီမှာဓါတ်ဆီဆိုင်ဆိုတာ ရန်ကုန်ကလမ်းဘေးက ပုလင်းတွေ၊ ဓါတ်ဆီပုံး ထောင်တဲ့ဆိုင်တွေ လောက်ပေါတယ်လို့ပြောပါသတဲ့။ ကားရောင်းတဲ့သူတွေက ခြံကျယ်ကျယ်မှာ ကားတွေဒီ အတိုင်းထိုးထားတာ မိတ္ထီလာမှာနွားတွေထားတာကြနေတာပါပဲ၊ ကျွန်မဒီရောက်ခါစက လမ်းဘေးမှာ ကားရောင်းတဲ့ဆိုင်တွေကို တွေ့ရတာ The Mask ကားထဲကလို မျက်လုံးတွေပြူးထွက်၊ လျှာတွေအလျှား ရှည်ထွက်သွား သလိုပါဘဲ။ ကျွန်မကတောသူဆိုတော့ ရန်ကုန်မှာတောင် ကားများလို့အံ့သြနေတာ ဒီကကားတွေလည်း မြင်တော့ပိုဆိုးတာပေါ့။
ဒီဒေသက လူတွေဆီမှာ ထူးဆန်းတဲ့အလေံအထလေးတစ်ခုကတော့ အိမ်တိုင်းအိမ်တိုင်းမှာ ပန်းအလှပင်တွေ စိုက်တက်တဲ့အလေ့အကျင့် တစ်ခုပါဘဲ။ အိမ်တိုင်းနီးပါး သစ်ခွစိုက်ကြပါတယ်။ ဒါမှမဟုတ်ရင် အလှသစ်ပင်လေးတွေ စိုက်ကြတယ်။ အနည်းဆုံး အိမ်တစ်အိမ်ရှေ့မှာ ပန်းအိုး ၁၀အိုး ၁၅ အိုးလောက်ရှိတက်
ပါတယ်။ ပိုက်ဆံချမ်းသာတဲ့ တရုတ်အိမ်တွေမှာတော့ ကြွေပန်းအိုးအကောင်းစားကြီးတွေနဲ့ ပန်းအလှပင်တွေ စိုက်လေ့ရှိပါတယ်။ အိမ်ရှေ့မှာလည်း ခြံစည်းရိုးနဲ့ အိမ်ရှေ့ရေမြောင်းကြားမှာ ပန်းအလှပင်တွေစိုက်တက် ကြပါတယ်။ လမ်းဘေးတွေနဲ့ အ၀ိုင်းတွေမှာ ပန်းတွေစိုက်ထားကြပြီး၊ အများအားဖြင့်တော့ ပုဏ္ဏားရိပ်ပင်နဲ့၊ စက္ကူပန်းတွေစိုက်တာများပါတယ်။ စိုက်ထားတဲ့ပန်းပင်တွေက အမြဲပန်းတွေပွင့်နေတက်ပြီး စိမ်းစိုနေတာ ကတော့ ရာသီဥတုကြောင့်လို့ထင်ပါတယ်။
အခုကတော့ မလေးရှာရဲ့မိုးတွင်းဖြစ်ပါသတဲ့။ အောက်တိုဘာလကုန် လောက်ကစပြီး၊ တရုတ်နှစ်ကူးအထိ မလေးရှားရဲ့မိုးတွင်းဖြစ်ပါသတဲ့။ ဒါပေမယ့် ကျွန်မတို့ရောက်ပြီ ၁နှစ်အတွင်းမှာ မိုးပျတ်သွားတာ၁လဘဲ ရှိပါတယ်။ တနှစ်ပတ်လုံးမိုးရွာတယ်လို့ ပြောရင်ရပါတယ်။ မိုးရွာရင် တောင်တက်လမ်းတွေမှာ တောင်ပြိုတာ တွေ ရှိသလို၊ လမ်းတွေမှာ ရေလျှံတာတွေလည်းရှိပါတယ်။ အပြင်းကြီးတဲ့ မလေးတွေ မိုးရွာရင်ဘာအလုပ်မှမလုပ် ကြတော့ပါဘူး။ မလေးရှားမှာ နေထိုင်တဲ့လူဦးရေက သန်း ၂၀ လောက်ဘဲရှိတာမို့ မြေလွတ်မြေရိုင်းတွေ များလို့လားမသိပါဘူး တော်များများကခြံတွေနဲ့နေထိုင်ကြတာများပါတယ်။ အတော်များများဟာ အိမ်တွေကို သိပ်ပြီးပြင်ပြင်ဆင်ဆင် မနေကြပေမယ့်၊ ကားကောင်းကောင်းတော့ ၀ယ်စီးကြတယ်။ အိမ်တိုင်းနီးပါး အနည်းဆုံး ကား၂စီးလောက်တော့ရှိတက် ကြတယ်။ သစ်သီးရောင်းတဲ့သူကလည်း 4wheel နဲ့လမ်းဘေးမှာ ဈေးရောင်းတယ်။
ဒီမှာဝန်ထမ်းအတော်များများဟာ လုပ်ခလစာများများမရကြပေမယ့် အကြွေးစနစ်ထွန်းကားတာကြောင့် လူတိုင်းစိ၊ အဆင်အတန်းမှိမှိနေနိုင်ကြတယ်။ အလုပ်လုပ်ရင် ပိုက်ဆံရတာသိတော့ ၁၈နှစ်ကျော်တာနဲ့ အိမ်ကထွက်ပြီး အလုပ်လုပ်ကြတယ်။ ကိုယ့်လုပ်ခနဲ့ကိုယ် သုံးကြတာများပါတယ်။ အားကျစရာပါ။ ကျွန်မကိုယ်တိုင် အခုအချိန်ထိ မိဘလုပ်စာထိုင်စားနေတဲ့ဘ၀က မကျွတ်သေးလို့ သူတို့ကိုမနာလိုပါဘူး။ ၀န်ထမ်းတွေကို ဦးစားပေးထားပါတယ်။ အထူးသဖြင့် မူဆလင်လူမျိုး၊ မလေးတွေကို အခွင့်ထူးပေးထားပါတယ်။
အစိုးရက ဒီလောက်ဦးစားပေးတာတောင် မလေးလူမျိုးတွေက ဆယ်တန်းအောင်တဲ့သူအတော်ရှားပါသတဲ့။ တရုတ်တွေဘဲ ထူးချွန်ကြတာမို့၊ ဆင်ရဲသားမလေးတွေကို အများအပြားတွေ့ရပါတယ်။ ကလေးအလုပ်သမား တွေလည်း အများအပြားတွေ့ရပါတယ်။ တစ်နေ့ကို မလေးငွေ၂ကျပ်၊ ၃ကျပ်နဲ့ ၀မ်းရေးပြီးနေရတဲ့ မလေးတွေ၊ လုပ်ခနဲနဲနဲ့လုပ်နေရတဲ့မလေးတွေ အများကြီးတွေ့ရပါတယ်။ သူတို့တွေက အစားအသောက်ကို ကျွန်မတို့ လောက်ဇာမချဲ့တက်ကြဘူးလို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် တကယ့်ပွဲလမ်းဆိုရင်တော့ ရှာသမျှကို အကုန်သုံးတော့တာပါဘဲတဲ့။ ကျွန်မမောင်လေးသူငယ်ချင်းတစ်ယောက် တစ်လရင်းဂစ်၈၀၀ရတာ ကားဝယ် စီးပါသတဲ့။ အံ့ရော။
မလေးမှာလည်း လာဘ်ပေးတာတွေ၊ လာဘ်ယူတာတွေရှိပါတယ်။ ကျွန်မKL သွားတုန်းက လမ်းဘေးမှာ ထုံးပေသီးကို လာဘ်ထိုးနေတဲ့ လမ်းမှားမောင်းတဲ့ ကားသမားကိုတွေ့ခဲ့ရပါတယ်။ ကျွန်မမောင်လေး ကားလိုင်စင်လုပ်တုန်းကလည်း လိုင်စင်ရုံးကပွဲစားကို အတော်ပေးလိုက်ရပါတယ်။ ဒီမှာလည်း under table ရှိလို့ အသက်ရှုနဲနဲချောင်သွားပါတယ်။ အဲဒါမျိုးတွေမရှိရင် ကျွန်မတို့မနေတက်လို့ပါ။ ကျွန်မတို့အိမ်ဘေးမှာနေ တဲ့ အိမ်နီးနားချင်းက သူ့အလုပ်ကပေးထားတဲ့ကားကနေ ဆီတွေထုတ်ပြီး သူ့ရွာကအမျိုးတွေလာရင်ထည့်ပေး
သလို၊ သူရွာပြန်ရင်လည်း ဆီပုံးအကြီးအငယ်တွေနဲ့ယူသွားလေ့ရှိပါတယ်။ အိမ်ဘေးက မလေးစစ်တပ်က ရဲဘော်က သူ့သားသမီးတွေကို တစ်အိမ်ကျော်က ဗလီဆရာအိမ်မှာ အာရေးဗျဘာသာစကားသင်ခိုင်းပြီး၊ ဗိုက်ကြီးနေတဲ့ သူ့မိန်းမအတွက် အဆင်ပြေအောင်ကားတစ်စီးဝယ်ပေးလိုက်ပါသေးတယ်။
မလေးမှာ ပညာရေးနဲ့ကျန်းမာရေးကို အဓိကဦးစာပေးတာမို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်ေးတွ
ကိုသိပ်ပြီးဦးစားပေးကြပါတယ်။ သို့ပေမယ့် မလေးကဘွဲ့ရဆရာဝန်တွေ နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ကြတာမို့ မလေးမှာ ဆရာဝန်ရှားပါးမှုကြုံနေရပါတယ်။ Sabahမှာ မြန်မာပြည်ကပင်စင်စားဆရာဝန်တွေကို Sabah University မှာ လစာကောင်းကောင်းပေးပြီး(ရင်ဂစ်၁၀၀၀၀ကျော်လောက်) ဆရာတွေမဖြစ်ခန့်ထားလို့၊ မြန်မာပြည်က ဆရာဝန်တွေ မလေးမှာလာပြီးအလုပ်လုပ်ကြလို့ တော်သေးတယ်လို့ ပြောရမယ်။ မလေးရှားက ပြည်သူပိုင်ဆေးရုံတွေမှာ မြန်မာဆရာဝန်တွေ အများကြီးရောက်နေကြပါတယ်။ တချို့ဆိုရင် မလေးမှာ လုပ်နေတာ နှစ်၂၀လောက်ရှိပါပြီ။ မလေးမှာ ကျောင်းဆရာတွေကို လခအများဆုံးပေးထားပြီး၊ နယ်သွားတဲ့သူ တွေဆိုရင် အနည်းဆုံး ရင်းဂစ်၅၀၀၀ကျော် လောက်ရပါတယ်။
အထက်ပါအကြောင်းအရာတွေအားလုံး ကျွန်မရဲ့တစ်နှစ်တာအတွေ့အကြုံတွေဖြစ်ပါတယ်။ သူတို့တွေတိုးတက်
တာတွေမြင်တိုင်း အားကျမိပါတယ်။ မျှော်လင့်မိပါတယ်။ သူတို့တွေမှာလည်း အသမာမှုတွေ၊ လာဘ်စားမှုတွေ၊
ခိုးမှုတွေ ရှိကြပေမယ့် နိုင်ငံကတိုးတက်နေပါတယ်။ တရုတ်တွေလက်ဝါးကြီးအုပ်မှုတွေကို အပျင်းကြီးတဲ့မလေး
တွေ အတော်ကြီးအလူးအလိမ့်ခံနေကြရပါတယ်။ ဘာသာရေးကွဲ၊ လူမျိုးကွဲတွေ အများကြီးရှိပေမယ့် နိုင်ငံရေး ရှုပ်ထွေးမှုမရှိပါဘူး။

ဒီနှစ်ဆီအုန်းဈေးတွေတက်သွားလို့် ဆီအုန်းပိုင်ရှင်တွေ ပျော်သွားသလို၊ ဆီအုန်းရင်နှီးမြှုပ်နှံ သူတွေ များလာပါတယ်။ ကမ္ဘာပေါ်မှာ အင်ဒိုနီးရှားပြီးရင်၊ ကမ္ဘာပေါ်မှာအကြီးဆုံးဆီအုန်းခြံကြီးက မလေးရှား မှာပါ။ ဒီနှစ်ကို မလေးရှားက International Space Station ကို တစ်ယောက်သွားခွင့်ရလို့ မလေးလူမျိုးတွေ အလွန်ဘဲဂုဏ်ယူနေကြပါတယ်။ ဒီနှစ်ဟာ မလေးရှားရဲ့ နှစ်(၅၀)မြောက်ရွှေရတုလွတ်လပ်ရေးဖြစ်ပါတယ်။ မူဆလင်တွေဖြစ်လို့ ဘာသာရေးကို အလွန်ုလုပ်ကြသလို။ ဘာသာရေးနဲ့ပက်သက်လို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေရှိသလို၊ လူတွေကလည်း တင်းကျပ်တဲ့စည်းကမ်းတွေကို လိုက်နာကြပါသတဲ့။ နိုင်ငံကို ဘာသာရေးနဲ့ထိန်းသိမ်းထားတယ်လို့ ကျွန်မမြင်ပါတယ်။ လူတွေနေထိုင်တဲ့ နေရာဖြစ်လို့ လူမှု့အရှုပ်တွေ တစ်ပုံတစ်ပင်ကြီးပေမယ့် မတ္တာထားပြီး အရာရာကို ဆုံးဖြတ်သွားကြတယ်လို့လည်းကျွန်မခံစားမိပါရဲ့။ မတ္တာထားတယ်ဆိုတာ ဘာသာရေးနဲ့မဆိုင်ပါဘူး။ လူမျိုးနဲ့လည်း မဆိုင်ပါဘူး။ မတ္တာထားနိုင်တဲ့ကိုယ် ဟုတ်မဟုတ် ဆိုတာနဲ့ဘဲဆိုင်ပါတယ်လို့ ကျွန်မမြင်သွားပါတယ်။ မြတ်စွားဘုရားဟောထားတဲ့ တရားတွေ အားလုံးကို ကျွန်မမသိပေမယ့်။ မတ္တာထားရင် မတ္တာပြန်ရပြီး၊ မတ္တာသည်အရာရာကို အောင်နိုင်တာ အကြွင်းမရှိယုံကြည်သွားပါတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့လည်း ကိုယ့်ကိုကိုယ် အမြဲသတိပေးမိပါရဲ့။
ဒါတွေရေးနေလို့ သိပ်ပြီးအားကျနေလား၊ မျိုးချစ်စိတ်မရှိဘူးလား၊ မလေးရှားမှာ အနှိမ်ခံအလုပ်လုပ်နေရတဲ့ ကိုယ့်လူမျိုးကိုမှကိုယ်ချင်းမစာ ဒီလိုမျိုးအားကျတဲ့စာတွေ၊ မလေးရှားကောင်းကြောင်းတွေ စတဲ့မေးခွန်းတွေ မေးနိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရင်ထဲမှာ သူတို့ကို လေးစားသွားတာတော့အမှန်ပါဘဲ။ သူတို့ရဲ့ ညီညွတ်လို့အောင်မြင်တဲ့ သာဓကကိုတော့ ကျွန်မမြန်မာပြည်ကို ပြန်ရင် အပိုင်ယူသွားမယ်လို့ ဆုံးဖြတ် ထားပါတယ်။ သူများတွေကိုလည်းလိုက်ပြောဖို့လည်း ဆုံးဖြတ်ထားတယ်။ ကျွန်မကိုလူတွေဘာ ပြောပြောမလေးရှားတွေ ဘယ်လိုအောင်မြင်သွားတဲ့အကြောင်းကိုတော့ အားရအောင်ပြော ရအုံးမယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။
နှင်းဆီနီနီ။။

(မှတ်ချက်။။ မကျေနပ်ချင်း၊ အကြံပြုချင်း၊ အားပေးချင်း၊ ကျွန်မနဲ့သဘောတူချင်းများ ရှိခဲ့လို့ကွန့်မန့်ရေးခဲ့ရင် လုံးဝကြိုဆိုပါတယ်။ ဓါတ်ပုံတင်လိုက်ပါတယ်။)

ဒုတိယဟောင်ကောင်လို့ပြောတဲ့ Sandakan မြို့ကိုအပေါ်စီးမှမြင်ရပုံ။


Probosics ဖြစ်ပါတယ်။
ဒါကတော့ Orangutan ဖြစ်ပါတယ်။

POW Camp က မှတ်တမ်း။

ဒီလိုအေးအေးချမ်းချမ်း မနေချင်ဘူးလား။

ဒီလိုတောထဲမှာနေကြတာများတယ်။
www.malaysiatour2u.com
www.explorationborneo.com
www.worldprimatesafaris.com/orangutan-tours1.html

မှာလည်း အသေးစိတ်ရေးထားပါတယ်။