Sunday, 27 July 2008

အတွေး

ဒီကိုရောက်မှ ကျွန်မဟာ မိန်းမတစ်ယောက်နဲ့ပိုတူလာတယ်။ ကျွန်မကိုယ့် ကျွန်မတစ်ခါတလေ မိန်းမဆိုတာ မေ့နေတက်ပေမယ့် ဒီမှာတော့ နေတိုင်းကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်အနေအထားအရ ကျွန်မဟာ မိန်းမတစ်ယောက်လုံးလုံးဖြစ်နေတယ်။ မိန်းမတစ်ယောက်လို သူများကို အားကိုးချင်နေတယ်။ မိန်းမတစ်ယောက်လို ထစ်ကနဲဆို ငိုချင်နေတယ်။ မိန်းမတစ်ယောက်လို ဆုံးဖြတ်ချက်တွေ တွေဝေနေတယ်။ ကျွန်မမဖြစ်ချင်ဆုံး မိန်းမတစ်ယောက်ပုံကို တနေ့တခြားပြောင်းလဲသွားတဲ့ ကျွန်မကိုယ်ကျွန်မ မုန်းမိ လောက်အောင်ပါဘဲ။

ဘ၀မှာ ကျွန်မအဖြစ်ချင်ဆုံးက သိပ်ပြီးမထက်မြတ်ပေမယ့်။ အားလုံးနဲ့ အဆင်ပြေမယ့် ယောက်ျားတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက သားဦးကို ယောက်ျားလေးသာလိုချင်တဲ့ ဖေဖေက ကျွန်မကို ယောက်ျားလေးတစ်ယောက် အနေနဲ့သာ သဘောထားဆက်ဆံ၊ သွန်သင်ခဲ့တယ်။ ကျွန်မကိုယ် ကျွန်မ မိန်းမဆိုတာ သတိရမိတဲ့အချိန်က အတော်နည်းတယ်။ ကိစ္စတော်တော်များများကို ယောက်ျားလေးများနည်းတူ လုပ်နိုင်ရမယ်လို့ စိတ်ထဲမှတ်ထားတက်သူပါ။ ဒါပေမယ့် အသက်တွေကြီးလာလေ။ ကျွန်မမိန်းမနဲ့ ပိုတူလာလေပါဘဲ။ သိပ်မုန်းတယ် ဒီလိုဖြစ်တာကို။ ကျွန်မကိုယ်ကျွန်မ ယောက်ျားလေးမဖြစ်တော့မှန်းသိတယ်။ ဒါပေမယ့် ကျွန်မစဉ်းစားတွေးခေါ်မှုတွေ၊ အလုပ်လုပ်ပုံတွေအားလုံးနီးပါကို အတူနိုင်ဆုံးတူအောင် ကြိုးစားခဲ့တယ်၊ ပြောင်းလဲခဲ့တယ်၊ အတက်နိုင်ဆုံး သင်ယူခဲ့တယ်။ ဒါပေမယ် နောက်ဆုံးကျွန်မ မိန်းမဖြစ်သွားတယ်။

ဘာရယ်တော့မဟုတ်ပါဘူး။ ကျွန်မဘယ်လောက်ဘဲကြိုးစား ကြိုးစား မိန်းမဖြစ်နေဦးမှာဘဲ။ မိန်းမတွေကို ဈေးဝယ်ထွက်တာ ၀ါသနာပါမယ်၊ ရတနာတွေကြိုက်မယ်၊ပြဿနာတက်ရင် ငိုမယ်။ အူတိုမယ်။ စိတ်ကောက်မယ်။ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်မယ်။ အခင်ဆုံးလူကို ရစ်မယ်။ မိန်မတွေလုပ်တက်တာ ဘာတွေများရှိသေးလဲ။ ကဲ ဒါတွေအားလုံးကို သင်ယူပြီးမြောက်ချိန်မှာ တနေ့ ကျွန်မ ကျွန်မဖြစ်ချင်တဲ့ အရာတစ်ခုများဖြစ်သွားမလားလို့ စဉ်းစားမိတယ်။ တကယ်လို့သာ ဖြစ်ခဲ့ရင် အဲ့ဒါတွေကို ကျွမ်းကျင်တက်မြောက်အောင်လုပ်လိုက်တယ်။

ပြောမယ့်သာပြောရတာ ကျွန်မက နဂိုကတည်းက မိန်းမဖြစ်နေတော့ မိန်မတွေကြိုက်တာတွေလည်း ကြိုက်တက်၊ လုပ်တက်သေးတယ်။ မိန်းမတွေ လုပ်တာမလုပ်ဘူးလို့ပြောတာမဟုတ်ပါဘူး။ အချို့ကိစ္စတော်တော် များများကို မိန်းမလိုမစဉ်းစားတာပါ။ အမှန်တော့ မိန်မဟာ မိန်းမလို စဉ်းစား၊ ပြုမူနေထိုင်မှ လောကနဲ့ အဆင်ပြေ မှာပေါ့နော်။ အဲ့ဒီလို မဟုတ်ခဲ့ရင် အဆင်မပြေနိုင်ဘူးပေါ့။ လောကကြီးနဲ့ အဆင်ပြေသွားအောင် ဘာတွေ လုပ်ရရင် ကောင်းမလဲစဉ်းစားနေ တွေးနေမိတယ်။
နှင်းဆီနီနီ။

အိမ်မက်

ကိုယ့်ကိုကိုယ်ပြောင်းလဲဖို့
အိမ်မက်တွေကို ပစ်ချခဲ့တယ်။

အိမ်မက်တွေသာ ပြုတ်ကျသွားတယ်
လူက ပြောင်းမသွားခဲ့ဘူး။

တကယ်လို့သာ ဒီလိုဖြစ်မယ်မှန်း
အစကကြိုသိခဲ့ရင်.....

ငါ့အိမ်မက်တွေကို ငါပစ်မချလိုက်ပါဘူး။

တကယ်လို့သာ မဖြစ်မှာမှန်းသိရင်
ငါဒီလမ်းကို လျှောက်ခဲ့ပါဘူး။

တကယ်လို့သာ ငါစိတ်မခိုင်မှန်းသိခဲ့ရင်
ငါစပြီး မငိုခဲ့ဘူး။
လောကရယ် ငါက
ပန်းတွေကိုဘဲပွင့်စေချင်တာပါ။
နှင်းဆီနီနီ။