Wednesday 13 May 2009

Walking In My Dream.

ဘလောဂ့်မရေးတာလည်း ကြာပါပြီ။ သင်္ကြန်လောက်ကတည်းက ရေးမယ်ဆိုပြီး မရေးဖြစ်တာပါ။ မရေးဆို အလုပ်တွေက များသားကလား။ လိုဘတွေအတွက် အချိန်တွေရင်းနှီးနေရလို့။ တစ်ခါတလေ ကိုယ်လုပ်နေတာတွေ သိပ်ပြီးမမှန်မှန်း သိပေမယ့်ရပ်တန့်လို့မရဘူးဖြစ်နေတယ်။ ရေးချင်တာတွေ စိတ်ထဲမှာ အမြဲရေးနေပေမယ့် တကယ့်လက်တွေ့ မရေးဖြစ်တာ တော်တော်ကြီးဆိုးပါတယ်။ အခုလောလောဆယ် လိုချင်တာတွေထဲကမှ အလိုချင်ဆုံးက အတည်တကျရှိတဲ့ အလုပ်အကိုင်တစ်ခု လိုချင်ပါတယ်။ အဲ့ဒါ အလိုချင်ဆုံး ပါဘဲ။ အဲ့ဒါရှိရင် အားလုံးပြည့်စုံသွားပြီလို့ စိတ်ထဲမှာခံစားရပါတယ်။ အဲ့ဒီအလုပ်အကိုင်လေး တည်တံ့ဖို့ကတော့ ကိုယ်တိုင်တာဝန်ပေါ့။

ဒီလတွေထဲမှာ အလုပ်ရှာတာနဲ့ အချိန်ကုန်တာများပါတယ်။ တစ်ခါတလေ ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ တိုးလာလိုက်၊ ကျသွားလိုက်နဲ့ စက္ကန့်နဲ့ အမျှကို ပြောင်းလဲနေလို့။ ကိုယ့်တိုင် ဘာဖြစ်နေမှန်းကို သေချာ မသိတော့ တဲ့အထိတိုင်အောင်ကိုဖြစ်နေမိတယ်။ ထင်ရာလုပ်။ ထင်ရာပြော။ ကိုယ်လုပ်တာအမှန်ဖြစ်နေတယ်။ ဒီလို စီးပွားပျက်ကပ်မှ အလုပ်ရှာရတဲ့ လူရဲ့အဖြစ်ကလည်း အတော့်ကိုဆိုးပါတယ်။ ဒါပေမယ့် ဟိုတနေ့ကတော့ နေးတစ်ဖိုရမ်မှာ မပန်ဒိုရာဆိုတဲ့ နစ်နဲ့ အစ်မတစ်ယောက်ရေးထားတာ ဖတ်ပြီး အတော်လေး အားတက်မိတယ်။ ပန်ဒိုရာဆိုတဲ့ နစ်လို့ ပြောရတာကတော့ အဲ့ဒီပန်ဒိုရာဆိုတာ ဘလောဂ့်ရေးတဲ့ ပန်ဒိုရာလား ဆိုတာ သေချာမသိတာကြောင့်ပါ။ အဲ့ဒီအစ်မရေးထားတာကတော့ အလုပ်ဆိုတာသူပေးမှ ရတာမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့အလုပ်ကို ကိုယ်က ရအောင်ယူရတာလို့ ပြောထားတာကို ဖတ်ပြီး သဘောပေါက်မိသွားတယ်။ အလင်းရသွားတယ်လို့ ပြောရပါမယ်။ အဲ့ဒီလို ရေးတဲ့အစ်မကိုလည်း ကျေးဇူးတင်သလို၊ အဲ့ဒီပိုစ့်ကို ဆွဲထုတ်လာတဲ့ အစ်မကိုလည်း ကျေးဇူးတင်ပါတယ်။ အရင် ဖိုရမ်ဖတ်ပေမယ့် ကိုယ်မဖတ်ခင် ကရေးခဲ့တာတွေကျတော့ မပြော၊ မပြရင် မသိတဲ့အနေအထား။ ကိုယ်တိုင်ကလည်း ပြန်ပြီး ထဲထဲဝင်ဝင် မဖတ်တော့ အဲ့ဒီလို သတိတရနဲ့ ဆွဲထုတ်လာတဲ့လူရှိမှ ဖတ်ရတာပါ။

အဲ့ဒီစာမဖတ်ခင်အထိ ကျွန်မအမြင်ကတော့ အလုပ်ဆိုတာ ကံစပ်မှ၊ သူများပေးမှ ရတာလို့ မြင်ထားတာ။ကိုယ်လိုချင်တဲ့အလုပ်ဆိုတာ ကိုယ်နဲ့ တွေ့ဖို့ ဆုံဖို့ အတော်မလွယ်တဲ့ကိစ္စလို့ လက်ခံထားတာပါ။ မထင်မှတ်ဘဲ အဲ့ဒီစာလေးထဲက အသိလေးရလိုက်ပါတယ်။ တစ်ခါတလေ တွေးမိရင် ဆက်စပ်ပြီး လျှောက်တွေးတက်တဲ့ အကျင့်ကြောင့် တဆက်ထဲမှာတွေးမိလိုက်တာက ပညာရှာ ပမာသူဖုန်းစား ဆိုတဲ့ မြန်မာ စကားပုံလေးပါ။ စကားပုံလေးရဲ့ မူရင်းဆိုလိုရင်းက အမှန်လိုချင်ရင် ဘာကိုမှ မရှက်မကြောက်ဘဲ ရယူနိုင်ရတယ်ဆိုတာကို တကယ် စားစရာမရှိ၊ ဘာမှမလုပ်တတ်တဲ့ အတွက် တစ်နှပ်စာကို သိက္ခာမထောက် တောင်းစားရတဲ့ သူဖုန်းစားနဲ့ ခိုင်းနှိုင်းထားတာလေးကို တစိမ့်စိမ့် တွေးမိပါတယ်။ အမှန်တကယ်သာ လိုချင်ရင် ရအောင်ယူတက် ရတယ်ဆိုတာလည်း သိပေမယ့် မမြင်မိတဲ့ ကျွန်မ အခုမှ တစေ့စေ့တွေးပြီး တရေးရေးမြင်နေမိပါတယ်။ အလုပ်ဆိုတာ ပညာနဲ့တူပြီး လိုချင်ရင် ရအောင် ကိုယ်တိုင်စွမ်းဆောင် တောင်းယူရတယ်ဆိုတာကို သိလိုက်ရတယ်။ နောက်ပြီး ကျွန်မ အားတာနာလို့ ကိုယ့်ကိုကိုယ်လက်ခံထားတဲ့ အကျင့်တစ်ခု အတွက်လည်း ဖျောက်ပြစ်ဖို့ တွန်းအားတစ်ခုပါ ရရှိခဲ့ပါတယ်။

ဒီအတောအတွင်း ထပ်ပြီး သိလိုက်ရတာက။ အတုမရှိဆိုတဲ့ စကားလုံးပါ။ အဲ့ဒီစကားလုံး ကို တော်တော်လေးတွေးပြီး တော်တော်လေး သဘောကျမိပါတယ်။ အရင်တုန်းက ဘုရားစာတွေထဲမှာပါတဲ့ အမွှန်းတင်တဲ့ တချို့တချို့သော စကားလုံးများကို ကျွန်မစိတ်ဘ၀င်မကျဖြစ်ခဲ့ဖူးပါတယ်။ ကိုယ်တိုင်မသိ၊ နားမလည်သလို၊ သိအောင် နားလည် အောင်လည်း မကြိုးစားခဲ့တာကြောင့်လို့ ထင်မိပါတယ်။ လက်ရှိသင်ကြားခြင်း ခံနေရတဲ့ ဘ၀သင်ခန်းစာထဲက အတွေ့အကြုံတွေအရ မြတ်စွာဘုရားနဲ့ ပတ်သတ်ပြီး ရှေးကစာဆိုအကျော်အမော်တွေ သုံးနှုန်းခဲ့တဲ့ အတုမရှိဆိုတဲ့ စကားလုံးကို တော်တော်လေး နှစ်ခြိုက်မိပါတယ်။ စကားလုံးရဲ့ နက်ရှိုင်းမှုကိုလည်း ကိုယ်တိုင် လက်ခံမိတယ်။ ယုံကြည်မိပါတယ်။ ဒါကြောင့် အချိန်အားတိုင်း စိတ်ထဲမှာ ရေရွတ်မိတာက။ 

....သီလ၊ သမာဓိ၊ ဥာဏ်ပညာတို့ဖြင့် အတုမရှိပြည့်စုံတော်မူသော မြတ်စွာဘုရားကို နမော စိတ်ညွှတ်ရို့ကျိုး  ရှိခိုးပါ၏လို့....

အကြိမ်ကြိမ် အခါခါ ရေရွတ် မိပါတယ်။ ရေရွတ်ပြီးတိုင်း အတိုင်းမရှိ ၀မ်းသာခြင်းမျိုးကို ခံစားရပါတယ်။ ဘယ်လို ခံစားရသလဲဆိုတော့ ပြန်ပြီး ပြောမပြတက်အောင်ကို ကြည်နူးခြင်းမျိုး ခံစားရပါတယ်။

ကျွန်မရဲ့ ကောင်းတဲ့အကျင့်လို့ဘဲခေါ်ရမလား၊ ဆိုးတဲ့အကျင့်လိုပဲ ဆိုရမလား၊ ဘယ်လိုခေါ်ရမှန်းမသိတဲ့ တစ်ခါတလေ ကောင်းကျိုးပေးပြီး တစ်ခါတလေ အကျိုးပျက်စေတဲ့ အကျင့်တစ်ခုကတော့ ကိုယ်တိုင်မသိဘဲ၊ စိတ်ထဲကမပါဘဲ ဘာမှကို လက်ခံလို့မရတဲ့ အကျင့်ပါ။ စာတောင် နားမလည်ရင် ဘယ်လောက် ကျက်ကျက် လုံးဝမရဘူး၊ ဦးနှောက်ကလက်မခံတတ်တဲ့ အကျင့်တစ်ခုပါ။ ဘာသာရေးနဲ့ ပက်သက်တဲ့ ကျွန်မအခုအချိန်ထိ လက်မခံနိုင်သေးတဲ့၊ မကျင့်သုံးနိုင်သေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ သူများတွေလို စာပေတွေ မဖတ်ဘဲ ကိုယ့်ဘာသာ သဘောပေါက်ဖို့က ပါရမီ အတော်ထူးမှဆိုတာ သိပေမယ့် အခုထိ ကိုယ်တိုင် သဘော  မပေါက်ရင်၊ အထူးသဖြင့် ဘာသာရေးနဲ့ ပက်သက်တဲ့ အတွေးအခေါ်တွေကို လက်မခံနိုင်သေးပါဘူး။ 

အပေါ်က အတွေးတစ်ခုအတွက် ကိုယ့်ကိုယ်ကို အတော်လေး ကျေးဇူးတင်မိပါတယ်။ ဘာသာရေးနဲ့ ပက်သက်ပြီးလည်း အတော်လေး သက်ဝင်ယုံကြည့်သူလို့ ကိုယ့်ကိုယ်ကို လက်ခံမိလိုက်ပါတယ်။ တချို့ တချို့သော သဘောတရားတွေကို လက်ခံဖို့ တွန့်ဆုတ်နေသလို၊ လက်ခံပေမယ့် မကျင့်သုံးနိုင်သေတဲ့ သဘော ဘာသာရေးနဲ့ ပက်သက်တာတွေကိုတော့ အခွင့်ရှိရင် သိချင်ပါတယ်။ ပါရမီရှိရင် ကျင့်သုံးခွင့်ရချင်မိပါတယ်။

ဒါတွေကတော့ အခုလောလောဆယ် ကျွန်မအတွေး စိတ်ကူးတွေပါဘဲ။