Showing posts with label ကျွန်မနှင့် သက်ဆိုင်သော. Show all posts
Showing posts with label ကျွန်မနှင့် သက်ဆိုင်သော. Show all posts

Wednesday, 13 May 2009

Walking In My Dream.

ဘလောဂ့်မရေးတာလည်း ကြာပါပြီ။ သင်္ကြန်လောက်ကတည်းက ရေးမယ်ဆိုပြီး မရေးဖြစ်တာပါ။ မရေးဆို အလုပ်တွေက များသားကလား။ လိုဘတွေအတွက် အချိန်တွေရင်းနှီးနေရလို့။ တစ်ခါတလေ ကိုယ်လုပ်နေတာတွေ သိပ်ပြီးမမှန်မှန်း သိပေမယ့်ရပ်တန့်လို့မရဘူးဖြစ်နေတယ်။ ရေးချင်တာတွေ စိတ်ထဲမှာ အမြဲရေးနေပေမယ့် တကယ့်လက်တွေ့ မရေးဖြစ်တာ တော်တော်ကြီးဆိုးပါတယ်။ အခုလောလောဆယ် လိုချင်တာတွေထဲကမှ အလိုချင်ဆုံးက အတည်တကျရှိတဲ့ အလုပ်အကိုင်တစ်ခု လိုချင်ပါတယ်။ အဲ့ဒါ အလိုချင်ဆုံး ပါဘဲ။ အဲ့ဒါရှိရင် အားလုံးပြည့်စုံသွားပြီလို့ စိတ်ထဲမှာခံစားရပါတယ်။ အဲ့ဒီအလုပ်အကိုင်လေး တည်တံ့ဖို့ကတော့ ကိုယ်တိုင်တာဝန်ပေါ့။

ဒီလတွေထဲမှာ အလုပ်ရှာတာနဲ့ အချိန်ကုန်တာများပါတယ်။ တစ်ခါတလေ ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ တိုးလာလိုက်၊ ကျသွားလိုက်နဲ့ စက္ကန့်နဲ့ အမျှကို ပြောင်းလဲနေလို့။ ကိုယ့်တိုင် ဘာဖြစ်နေမှန်းကို သေချာ မသိတော့ တဲ့အထိတိုင်အောင်ကိုဖြစ်နေမိတယ်။ ထင်ရာလုပ်။ ထင်ရာပြော။ ကိုယ်လုပ်တာအမှန်ဖြစ်နေတယ်။ ဒီလို စီးပွားပျက်ကပ်မှ အလုပ်ရှာရတဲ့ လူရဲ့အဖြစ်ကလည်း အတော့်ကိုဆိုးပါတယ်။ ဒါပေမယ့် ဟိုတနေ့ကတော့ နေးတစ်ဖိုရမ်မှာ မပန်ဒိုရာဆိုတဲ့ နစ်နဲ့ အစ်မတစ်ယောက်ရေးထားတာ ဖတ်ပြီး အတော်လေး အားတက်မိတယ်။ ပန်ဒိုရာဆိုတဲ့ နစ်လို့ ပြောရတာကတော့ အဲ့ဒီပန်ဒိုရာဆိုတာ ဘလောဂ့်ရေးတဲ့ ပန်ဒိုရာလား ဆိုတာ သေချာမသိတာကြောင့်ပါ။ အဲ့ဒီအစ်မရေးထားတာကတော့ အလုပ်ဆိုတာသူပေးမှ ရတာမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့အလုပ်ကို ကိုယ်က ရအောင်ယူရတာလို့ ပြောထားတာကို ဖတ်ပြီး သဘောပေါက်မိသွားတယ်။ အလင်းရသွားတယ်လို့ ပြောရပါမယ်။ အဲ့ဒီလို ရေးတဲ့အစ်မကိုလည်း ကျေးဇူးတင်သလို၊ အဲ့ဒီပိုစ့်ကို ဆွဲထုတ်လာတဲ့ အစ်မကိုလည်း ကျေးဇူးတင်ပါတယ်။ အရင် ဖိုရမ်ဖတ်ပေမယ့် ကိုယ်မဖတ်ခင် ကရေးခဲ့တာတွေကျတော့ မပြော၊ မပြရင် မသိတဲ့အနေအထား။ ကိုယ်တိုင်ကလည်း ပြန်ပြီး ထဲထဲဝင်ဝင် မဖတ်တော့ အဲ့ဒီလို သတိတရနဲ့ ဆွဲထုတ်လာတဲ့လူရှိမှ ဖတ်ရတာပါ။

အဲ့ဒီစာမဖတ်ခင်အထိ ကျွန်မအမြင်ကတော့ အလုပ်ဆိုတာ ကံစပ်မှ၊ သူများပေးမှ ရတာလို့ မြင်ထားတာ။ကိုယ်လိုချင်တဲ့အလုပ်ဆိုတာ ကိုယ်နဲ့ တွေ့ဖို့ ဆုံဖို့ အတော်မလွယ်တဲ့ကိစ္စလို့ လက်ခံထားတာပါ။ မထင်မှတ်ဘဲ အဲ့ဒီစာလေးထဲက အသိလေးရလိုက်ပါတယ်။ တစ်ခါတလေ တွေးမိရင် ဆက်စပ်ပြီး လျှောက်တွေးတက်တဲ့ အကျင့်ကြောင့် တဆက်ထဲမှာတွေးမိလိုက်တာက ပညာရှာ ပမာသူဖုန်းစား ဆိုတဲ့ မြန်မာ စကားပုံလေးပါ။ စကားပုံလေးရဲ့ မူရင်းဆိုလိုရင်းက အမှန်လိုချင်ရင် ဘာကိုမှ မရှက်မကြောက်ဘဲ ရယူနိုင်ရတယ်ဆိုတာကို တကယ် စားစရာမရှိ၊ ဘာမှမလုပ်တတ်တဲ့ အတွက် တစ်နှပ်စာကို သိက္ခာမထောက် တောင်းစားရတဲ့ သူဖုန်းစားနဲ့ ခိုင်းနှိုင်းထားတာလေးကို တစိမ့်စိမ့် တွေးမိပါတယ်။ အမှန်တကယ်သာ လိုချင်ရင် ရအောင်ယူတက် ရတယ်ဆိုတာလည်း သိပေမယ့် မမြင်မိတဲ့ ကျွန်မ အခုမှ တစေ့စေ့တွေးပြီး တရေးရေးမြင်နေမိပါတယ်။ အလုပ်ဆိုတာ ပညာနဲ့တူပြီး လိုချင်ရင် ရအောင် ကိုယ်တိုင်စွမ်းဆောင် တောင်းယူရတယ်ဆိုတာကို သိလိုက်ရတယ်။ နောက်ပြီး ကျွန်မ အားတာနာလို့ ကိုယ့်ကိုကိုယ်လက်ခံထားတဲ့ အကျင့်တစ်ခု အတွက်လည်း ဖျောက်ပြစ်ဖို့ တွန်းအားတစ်ခုပါ ရရှိခဲ့ပါတယ်။

ဒီအတောအတွင်း ထပ်ပြီး သိလိုက်ရတာက။ အတုမရှိဆိုတဲ့ စကားလုံးပါ။ အဲ့ဒီစကားလုံး ကို တော်တော်လေးတွေးပြီး တော်တော်လေး သဘောကျမိပါတယ်။ အရင်တုန်းက ဘုရားစာတွေထဲမှာပါတဲ့ အမွှန်းတင်တဲ့ တချို့တချို့သော စကားလုံးများကို ကျွန်မစိတ်ဘ၀င်မကျဖြစ်ခဲ့ဖူးပါတယ်။ ကိုယ်တိုင်မသိ၊ နားမလည်သလို၊ သိအောင် နားလည် အောင်လည်း မကြိုးစားခဲ့တာကြောင့်လို့ ထင်မိပါတယ်။ လက်ရှိသင်ကြားခြင်း ခံနေရတဲ့ ဘ၀သင်ခန်းစာထဲက အတွေ့အကြုံတွေအရ မြတ်စွာဘုရားနဲ့ ပတ်သတ်ပြီး ရှေးကစာဆိုအကျော်အမော်တွေ သုံးနှုန်းခဲ့တဲ့ အတုမရှိဆိုတဲ့ စကားလုံးကို တော်တော်လေး နှစ်ခြိုက်မိပါတယ်။ စကားလုံးရဲ့ နက်ရှိုင်းမှုကိုလည်း ကိုယ်တိုင် လက်ခံမိတယ်။ ယုံကြည်မိပါတယ်။ ဒါကြောင့် အချိန်အားတိုင်း စိတ်ထဲမှာ ရေရွတ်မိတာက။ 

....သီလ၊ သမာဓိ၊ ဥာဏ်ပညာတို့ဖြင့် အတုမရှိပြည့်စုံတော်မူသော မြတ်စွာဘုရားကို နမော စိတ်ညွှတ်ရို့ကျိုး  ရှိခိုးပါ၏လို့....

အကြိမ်ကြိမ် အခါခါ ရေရွတ် မိပါတယ်။ ရေရွတ်ပြီးတိုင်း အတိုင်းမရှိ ၀မ်းသာခြင်းမျိုးကို ခံစားရပါတယ်။ ဘယ်လို ခံစားရသလဲဆိုတော့ ပြန်ပြီး ပြောမပြတက်အောင်ကို ကြည်နူးခြင်းမျိုး ခံစားရပါတယ်။

ကျွန်မရဲ့ ကောင်းတဲ့အကျင့်လို့ဘဲခေါ်ရမလား၊ ဆိုးတဲ့အကျင့်လိုပဲ ဆိုရမလား၊ ဘယ်လိုခေါ်ရမှန်းမသိတဲ့ တစ်ခါတလေ ကောင်းကျိုးပေးပြီး တစ်ခါတလေ အကျိုးပျက်စေတဲ့ အကျင့်တစ်ခုကတော့ ကိုယ်တိုင်မသိဘဲ၊ စိတ်ထဲကမပါဘဲ ဘာမှကို လက်ခံလို့မရတဲ့ အကျင့်ပါ။ စာတောင် နားမလည်ရင် ဘယ်လောက် ကျက်ကျက် လုံးဝမရဘူး၊ ဦးနှောက်ကလက်မခံတတ်တဲ့ အကျင့်တစ်ခုပါ။ ဘာသာရေးနဲ့ ပက်သက်တဲ့ ကျွန်မအခုအချိန်ထိ လက်မခံနိုင်သေးတဲ့၊ မကျင့်သုံးနိုင်သေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ သူများတွေလို စာပေတွေ မဖတ်ဘဲ ကိုယ့်ဘာသာ သဘောပေါက်ဖို့က ပါရမီ အတော်ထူးမှဆိုတာ သိပေမယ့် အခုထိ ကိုယ်တိုင် သဘော  မပေါက်ရင်၊ အထူးသဖြင့် ဘာသာရေးနဲ့ ပက်သက်တဲ့ အတွေးအခေါ်တွေကို လက်မခံနိုင်သေးပါဘူး။ 

အပေါ်က အတွေးတစ်ခုအတွက် ကိုယ့်ကိုယ်ကို အတော်လေး ကျေးဇူးတင်မိပါတယ်။ ဘာသာရေးနဲ့ ပက်သက်ပြီးလည်း အတော်လေး သက်ဝင်ယုံကြည့်သူလို့ ကိုယ့်ကိုယ်ကို လက်ခံမိလိုက်ပါတယ်။ တချို့ တချို့သော သဘောတရားတွေကို လက်ခံဖို့ တွန့်ဆုတ်နေသလို၊ လက်ခံပေမယ့် မကျင့်သုံးနိုင်သေတဲ့ သဘော ဘာသာရေးနဲ့ ပက်သက်တာတွေကိုတော့ အခွင့်ရှိရင် သိချင်ပါတယ်။ ပါရမီရှိရင် ကျင့်သုံးခွင့်ရချင်မိပါတယ်။

ဒါတွေကတော့ အခုလောလောဆယ် ကျွန်မအတွေး စိတ်ကူးတွေပါဘဲ။

Monday, 6 April 2009

Sweet Proud

မာန။ လူတိုင်း မာနရှိကြတယ်ထင်တယ်။ မာနဆိုတာ ဘာကိုဆိုလိုမှန်း လူတွေ အဓိပ္ပါယ်ဘယ်လိုကောက်လည်း ကျွန်မ မသိပါဘူး။ ဒါပေမယ့် မာနဆိုလိုက်တာနဲ့ မကြည်ဖြူသံ၊ အကောင်းမမြင်သံတွေပါနေတာတော့ လူတိုင်း လက်ခံမယ်ထင်ပါတယ်။ မာနကြီးလိုက်တာလို့ ပြောလိုက်တာနဲ့ ပြောတဲ့ အကြောင်းအရာတစ်ခုကို မကြည်ဖြူ မနှစ် သက်ဘူးဆိုတာ လေသံကြားရုံနဲ့ သိနိုင်မယ်လို့ထင်ပါတယ်။ စကားလုံးတွေ အများကြီးထဲကမှ မာနကြီးတယ်ဆိုတာ ဘာလို့ ရွေးသုံးလဲ ဆိုတာကတော့ ပြောတဲ့လူကဘဲသိမှာမို့ ဘာမှပြောလိုပါဘူး။

ဒါပေမယ့် လူတိုင်းမှာ သူတို့ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်း၊ ကိုယ်နှစ်သက်တဲ့ လူမှု့နေထိုင်မှုဘ၀နဲ့၊ ကိုယ်ပိုင် ရွေးချယ်မှုတွေ ရှိတာကို လူတွေ မေ့များနေကြသလားလို့ တွေးမိပါတယ်။ တစ်မိတည်းပေါက်တဲ့ မွေးချင်းတွေ ချင်းတောင် ကြိုက်နှစ်သက်မှု၊ ရွေးချယ်မှုနဲ့ ဘ၀ကိုသိမှု၊ မြင်မှုတွေကွဲပြားတယ်လို့ ကျွန်မမြင်ပါတယ်။ ဥပမာ- ကျွန်မနဲ့ ကျွန်မမောင်လေးဆို အကုန်ဆန့်ကျင်ဖက်ပါ။ သူက မြန်မာစာတွေကြိုက်တယ်၊ ကျွန်မက အနောက်တိုင်း အစားသောက်တွေကြိုက်တယ်။ နောက်တိုင်းအစားသောက်တွေ ကြိုက်တယ်ဆိုပေမယ့် ကျွန်မ သရေစာတွေမကြိုက်ဘူး၊ သူက နေကြာစေ့ကအစ၊ အချဉ်ထုပ်ထိ ကြိုက်တယ်။ သူက အ၀တ်အစားကို ၀တ်လို့ ရရင်ပြီးတာမျိုးကြိုက်တယ်။ ကျွန်မ တာရှည်ခံတာမျိုးကို ရွေးပြီးကြိုက်တက်တယ်။ စသည် စသည်ဖြင့် လုံးဝမတူ တာတွေရှိပါတယ်။ လူတိုင်ကိုသူက တည့်အောင်ပေါင်းတယ်၊ ကျွန်မက ကျွန်မသဘောကျတဲ့လူမှ တည့်အောင် ပေါင်းတယ်။ ဒါမျိုးတွေပေါ့။ ဒါကတော့ အနီးစပ်ဆုံး ဥပမာပါ။

လူတိုင်းမှာ အမြွှာတောင်မှမတူတာတွေ အများကြီးရှိနိုင်ပါတယ်။ မတူတာတွေများကြီး ရှိနိုင်တယ်ဆိုတော့ တူတာတွေ မရှိဘူးလို့ မပြောပါဘူး။ တူတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ့်နဲ့ အယူအဆ၊ အတွေးအခေါ်၊ အမြင်စတာတွေ မတူတာနဲ့ ဒီလူတုံးလိုက်တာ၊ ဒီလူအသုံးမကျဘူး၊ ဒီလူညံ့လိုက်တာလို့ ဘာလို့လူတွေတွေးလဲ ကျွန်မလုံးဝမသိပါဘူး။ ငါနဲ့သူ အမြင်မတူပါလားဆိုတဲ့ စိတ်မျိုး တော်တော်များများမှာ ချို့ယွင်းနေတက်ပါတယ်။ ကျွန်မကိုယ်တိုင် တစ်ခါတစ်လေ ချို့ယွင်းတတ်ပါတယ်။ ဒါကအမှန်ပါ။ ပြီးပြည့်စုံတဲ့လူဆိုတာမရှိတော့ ကျွန်မကိုယ်တိုင်မှာလည်း တစ်ခါတလေရှိပါတယ်လို့ ၀န်ခံပါတယ်။ ဘာလို့ တခါတလေလို့ပြောလဲဆိုတော့ ကျွန်မ အပေါင်းအသင်းတွေကို အတက်နိုင်ဆုံး အကန့်တွေခွဲပြီး ပေါင်းတာမို့ပါ။

သာမာန်ကိစ္စလေးတွေမှာ သိပ်ပြီးမသိသာပေမယ့် လူတစ်ယောက်ရဲ့ ရွေးချယ်မှု့ကို နောက်လူတစ်ယောက်က လေးလေးစားစား တန်ဖိုးထားရင် လောကမှာ အေးချမ်းသွားမယ်လို့မြင်မိပါတယ်။ အခုဟာက ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ရဲ့ ရွေးချယ်မှု့ကို ကိုယ်က ကိုယ့်စိတ်နဲ့ မှားတယ် မှန်တယ် ဝေဖန်နေတော့ ဘယ်ကောင်း ပါ့မလဲ။ သူကိုယ်တိုင် သူ့လိုအပ်ချက်အတွက်၊ သူ့စိတ်ကြိုက်ရွေးချယ်ထားတာလေ။ သူ့ဘ၀ကို သူကိုယ်တိုင် တည်ဆောက်ယူတာလေ။ သူလိုအပ်တာတွေဘဲ ထည့်ထားမပေါ့။ မတော်တရော်၊ အဆင်မပြေတာ၊ မနှစ်သက် တာတွေကို ထည့်ထားပါ့မလား။ စိန်တုံးကြီး တန်ဖိုးကြီးလှပါတယ်၊ စားစရာမရှိတဲ့ တောထဲမယ်ရှိတော့ နေ့လည်စာ တစ်ခွက်လောက် စိန်တုံးကြီး တန်ဖိုးရှိချင်မှ ရှိမှာပါ။ စားလို့မရတဲ့ စိန်တုံးကြီး ဖင်ခုထိုင်ပြီး ငတ်နေတဲ့ ဘ၀မျိုး နေနိုင်မလား စဉ်းစားကြည့်ကြပါ။

ဒီလိုပါဘဲ ကျွန်မလည်း ကျွန်မဘ၀အတွက် အတက်နိုင်ဆုံးကြိုးစားပါတယ်။ သူများတွေ ကြိုးစားတယ်လို့ မြင်ချင်မှ မြင်ပါမယ်။ ဒါပေမယ့် ကျွန်မ ကြိုးစားနိုင်တာ ဒါအကုန်ပါဘဲ။ အဲ့ဒီအတွက် ကျွန်မကျေနပ်ပါတယ်။ ကျွန်မ အခုဘ၀နဲ့ နောက်ဘ၀အတွက် ကုသိုလ်၊ အကုသိုလ် အတူပြုလိုပ်မယ့် ဘ၀ခရီးဖေါ်ရွေးချယ်တဲ့နေရာမှာ ကျွန်မအကုသိုလ်ကို ကုသိုလ်အဖြစ်ပြောင်းလဲနိုင်မယ့်၊ ယုံကြည်အားကိုးရတဲ့၊ စိတ်ချရမယ့်လူကိုဘဲ ကျွန်မအနားမှာ ထားချင်ပါတယ်။ စိတ်တူကိုယ်တူ၊ ကိုယ့်ကိုလည်း ကြည်ဖြူသလို သူ့ကိုလည်း ကိုယ်က ကြည်ဖြူနိုင်မယ့်လူကိုဘဲ ရွေးချယ်မှာပါ။

ငွေတွ၊ ဂုဏ်တွေကို မက်မော၊ တွက်ချက်ပြီး ဘ၀ခရီးအတွက် မရွေးချယ်ပါဘူး။ ကျွန်မဘ၀အတွက် ကျွန်မကိုယ်တိုင်ချထားတဲ့ ကျွန်မရဲ့ ရွှေရောင်စည်မျဉ်းပါ။ ကျွန်မအတွက် ရွှေရောင်စည်းမျဉ်းပါ။ တခြားသူ အတွက် ထူးခြားချင်မှ ထူးခြားမှာဖြစ်ပေမယ့် ကျွန်မအတွက် တော့ထူးခြားတဲ့ ရွှေရောင်စည်းမျဥ်းပါ။ လူ့ဘ၀ဆိုတာတိုတိုလေးပါ ခဏလေးအတွင်းမှာ စိန်ပုံပေါ်ထိုင်ပြီး စိတ်ဆင်းရဲတဲ့ ဘ၀မျိုး ကျွန်မ မဖန်တီးချင်ပါဘူး။ မနှစ်သက်ပါဘူး။ ဒါက ကျွန်မဘ၀အတွက် ကျွန်မရွေးချယ်တဲ့ ရွေးချယ်မှုကို ကျွန်မလေးစားပါတယ်၊ တန်ဖိုးထားပါတယ်။ ဒီလို ကိုယ့်ရွေးချယ်မှု့ကို ကိုယ်လေးစားတာ၊ တန်ဖိုးထားတာ မာနတဲ့လား။ တကယ်ကို မစဉ်းစားတက်တာပါ။

လူတွေ ကိုယ်ကြိုက်တာကိုယ်လုပ်နေကြတာပါဘဲ။ ကိုယ်လည်း ကိုယ်ကြိုက်တာကိုယ်လုပ်တယ် သူလည်း သူကြိုက်တာသူလုပ်နေတာဘဲ။ အားလုံးအတူတူဘဲကို သူများကျမှ ဘာလို့ မကောင်းဘူးဖြစ်နေရတာလဲ။ အမှန်တော့ ဒီလိုပြောလိုက်တာက ကျွန်မသူငယ်ချင်းပါ။ သူက အရမ်းအေးပါတယ်။ သူက အရိုးခံနဲ့ ပြောလိုက်တာလဲ ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် ခံစားလိုက်ရတာက ကျွန်မပါ။ ကိုယ်မမှန်ဘူး၊ မသင့်တော်ဘူးလို့ သတ်မှတ်ထားတဲ့ အရာတစ်ခု ကိုယ်လက်ထဲမှာ မရှိနေတာဟာ ကျွန်မအတွက် အလုံးခြုံဆုံးပါ။ ကျွန်မဒီလို ယူဆပေမယ့် သူတို့ကတော့ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ထင်တာလေးတွေ ဖြစ်စေချင်တယ် ထင်ပါရဲ့။ ပြောတဲ့ သူငယ်ချင်းကို ဘယ်လိုမှ မရည်ရွယ်ပါဘူး။ ဒါပေမယ့် သူပြောလိုက်တဲ့အချိန်မှာ ကျွန်မစိတ်ထဲ ပေါ်လာတာက လူတွေစိတ်မှာ ဒါမျိုးလေးတွေ ရှိတက်တယ်ဆိုတာ သိလိုက်ရတာ ကိုဘဲ စေတနာတွေလွန်ပြီး ပြောလိုက်သလား တော့ မသိပါဘူး။ အမှန်ကတော့ သူတစ်ယောက်တည်း မဖြစ်နိုင်တဲ့ စကားမို့လည်း ဒီစကားကို ကျွန်မ အလွန်ခံစား လိုက်ရတာပါ။

တွက်တတ်တဲ့လူကလည်း သူလည်း သူ့အတွက် အလုံခြုံဆုံး၊ အဆင်အပြေဆုံးကို ရွေးချယ်တာပါ။ ကျွန်မလည်း ကျွန်မအတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးကို ရွေးချယ်တာမို့ ရွေးချယ်ခွင့်ရှိတယ်လို့ မြင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မလူတိုင်းရဲ့ ရွေးချယ်မှု့တိုင်းကိုလေးစားပါတယ်။ ကျွန်မပြောချင်တာလဲ လူတိုင်ကလည်း သူတစ်ပါရဲ့ရွေးချယ်မှု့ကိုလေးစားပါ။ ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ၊ ဘယ်လောက် အေးချမ်း လိုက်မလဲ။ ကိုယ်အတွက် အကောင်းဆုံး၊ အသင့်တော်ဆုံးကို ရွေးချယ်တာ မာနတဲ့လား။ ကျွန်မတော့ မာနလို့ မထင်မိပါဘူး။

တကယ်လို့သာ အဲ့ဒါကို မာနလို့ လူတွေခေါ်ကြမယ်ဆိုရင်လည်း ခေါ်ကြပါစေ။ အဲ့ဒီမာနဟာ ကျွန်မတို့ ဘ၀ အတွက် အကောင်းဆုံး ရွေးချယ်မှုတွေ တစ်ခုပြီးတစ်ခု သယ်ဆောင်လာပေးမယ်လို့ ယုံကြည်ပါတယ်။ မကောင်းတဲ့ အမြင်နဲ့ ပြောလိုက်ပေမယ့် အဲ့ဒီမာနဟာ ကျွန်မကို အကောင်းဆုံးရွေးချယ်မှုတွေ ပေးလိမ့်မယ်လို့ ယုံကြည်နေတုန်းပါဘဲ။ မာနကြီးတယ်၊ မရှိမာန။ ဘာဖြစ်လဲ မာနရှိဖို့ လွယ်တာမှတ်လို့။ ကျွန်မအမြင်ကတော့ လူတိုင်းမှာတော့ မတူညီတဲ့ ရွေးချယ်မှုတွေ ရှိနေသလို မတူညီတဲ့ မာနတွေလည်းရှိနေမယ်လို့ ယုံကြည့်ပါတယ်။ မာနက စားသုံးတတ်ရင် ချိုမြိန်ပါတယ်။ ကျွန်မအတွက်တော့ မာနဟာ ချိုမြိန်ပါတယ်။

Friday, 5 December 2008

Blood Donation


ဒီရောက်ပြီးမှ သွေးလှူတာတွေလုပ်ဖြစ်တယ်။ ကိုဇူလိုင်တိုက်တွန်းတာလဲပါမယ်ထင်တယ်။ ကိုယ်ကလည်း အစကတည်းက လှူချင်နေတာ အဆင်မပြေလို့ မလှူခဲ့ရတာဆိုတော့ ဒီရောက်ပြီးမှ သွေးလှူဖြစ်တယ်။ စက်တင်ဘာ ၂၁ ရက်နေ့က တတိယအကြိမ်မြောက် သွေးလှူဖြစ်တယ်။ အရင်အခေါက်တွေတုန်းက ကင်မရာလည်း မရှိတာနဲ့ ဓါတ်ပုံတွေဘာတွေမရိုက်ခဲ့ရဘူး။ ဒီတစ်ခါတော့ ရိုက်ဖြစ်တယ်။

ကီလို ၆၀ ကျော်ရင် သွေး ၄၅၀ ယူပါတယ်။ အခုပုံက ၃၂၂ ဂရမ်ရှိတဲ့အချိန်မှာ ကိုယ့်ဘာသာ ရိုက်ထားတာပါ။

သွေးတွေ မြန်မြန်ထွကအောင်လို့ ပိုပြီး ညစ်မိတယ်။ သွေးလှူတဲ့အချိန်မှာ ကိုယ်ထဲကသွေးတွေ ပိုက်ကနေ စီပြီး ဆင်းသွားချိန်မှာ ပူကနဲဖြစ်သွားရင် ကြည်နူးမိတယ်။



ဒါက ဒီတစ်ခါရတဲ့ ခရမ်းချဉ်သီးပါ။ နောက်က ရင်ထိုးကတော့ ကိုဇူလိုင်ဆီက ဓါးပြတိုက်ထားတာ။ စင်္ကာပူ ဘလောဂ့်ဂါသွေးလှူပွဲတုန်းက သွားခဲ့ပါတယ်။ ရက်လိုနေသေးလို့ မလှူခဲ့ရဘူး။ ဒီအတိုင်းပြန်လာခဲ့ရတယ်။ စိတ်တောင် မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဒီဇင်ဘာ ၁၃ ရက်နေ့ဆို လှူလို့ရနေပြီ။ မပြန်ခင်တော့ လှူဖြစ်မယ် ထင်တယ်။

Sunday, 2 November 2008

All About Love

အချစ်အကြောင်း..

အချစ်ဆိုတာ ကြာရှည်စွာကြိုက်နှစ်သက်ချင်းလို့ လည်းထင်မိတယ်။ အချစ်မှာ ကြိုက်နှစ်သက်ချင်းနဲ့မတူတဲ့ သတ္တိတစ်မျိုးရှိတယ်လို့ ထင်မိပါတယ်။ ကြိုက်နှစ်သက်ချင်းမှာ မကြိုက်နှစ်သက်ချင်းဆိုတာ ရှိတယ်။ ခုကြိုက်ပြီး ခဏနေ မကြိုက်တော့တာမျိုးဖြစ်နိုင်တယ်။ ခုချစ်ပြီး ခဏနေ မေ့လိုက်ဖို့ဆိုတာ အခုချက်ချင်း ချစ်ဖို့လွယ်သလောက် ခဏနေ မချစ်ဖို့ ခက်တယ်ထင်မိတယ်။ တစ်ခါတလေ ကိုယ်တိုင်လည်း ချစ်တာနဲ့ ကြိုက်တာကိုမကွဲသေးဘူးရယ်။ ဘယ်ဟာက ပိုပြီးကောင်းတယ် ဆိုတာတော့မသိဘူး။ ဒါပေမယ့် ချစ်ဖို့လွယ်တယ်ဆိုတာ လွယ်လွယ်ချစ်တာမဟုတ်ဘူးလို့တော့ထင်တယ်။ ကြိုက်ဖို့လွယ်တယ် လွယ်လွယ်တော့ ကြိုက်လို့ရမယ်ထင်တယ်။ ဆရာကံချွန်က ချစ်တာနဲ့ ကြိုက်တာက ကြိုက်ဖို့ပိုခက်တယ်လို့ ရေးထားတာ ဖတ်ဖူးသလိုပါပဲ။ သူ့ ဥပမာကတော့ ကိုယ်က ကိုယ့် မိန်မကိုချစ်ပေမယ့် သူ့ရဲ့ တချို့ စရိုက်တွေကို ကြိုက်ချင်မှ ကြိုက်မယ်တဲ့ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ စရိုက်တွေရှိတဲ့လူတိုင်းကိုလည်း ကိုယ်က ချစ်ချင်မှချစ်မှာတဲ့။ လူတိုင်းကို ချစ်လို့မရဘူး ဆိုပေမယ့် ကြိုက်လို့ ရတယ်ပေါ့နော်။ ကြိုက်တဲ့လူတိုင်းကိုလည်း ချစ်ချင်မှချစ်မှာတဲ့။ ဒါပေမယ့် ချစ်ပြီဆိုရင် မကြိုက်လည်း ခွင့်လွှတ်တက်သွားရောတဲ့။ အဲ့ဒီလိုရေးထားတာဖတ်ဖူးတယ်။ အဲ့ဒီအဆိုကိုလည်း လက်ခံမိတယ်။

ကျွန်မတော့ လူတစ်ယောက်ကို သဘောကျနှစ်သက်မိပြီး နှစ်လရှည်ကြာစွာစောင့်ဖူးတယ်။ ငယ်ငယ်တုန်းက အဲ ငယ်ငယ်ဆိုတာ တော်တော်ငယ်သေးတယ် ဆယ်တန်းတောင် အမအောင်သေးဘူးရယ် အဲ့ဒီတုန်းက အစ်ကိုကြီးတစ်ယောက်ကို သဘောကျလို့ ဆယ်တန်းပြီးလို့ တက္ကသိုလ်တက်ရင်ပြန်တွေ့ မယ်ဆိုပြီး အဝေးကြီးကနေ စောင့်ဖူးတယ်။ ကျွန်မတို့ ငယ်ငယ်က ဆယ်တန်းမအောင်ရင် ကလေးကို ကိုယ့်ကိုယ်ကို ဒီလိုထင်ထားတော့ ချစ်တာတွေ၊ ရည်းစားထားတာတွေ ဘာတွေကို ဆယ်တန်းအောင်ပြီးမှ လုပ်လို့ရမယ်ဘဲ ထင်ခဲ့တယ် တွေးခဲ့တယ်။ ဒီလိုနဲ့ ကျောင်းတွေဘာတွေတက်တော့လည်း ကိုယ့်ကို နှစ်သက်တဲ့လူတွေကို လည်း စိတ်မ၀င်စားခဲ့မိဘူး။ ဘာလို့လဲဆိုတော့ ငယ်စိတ်နဲ့ရူးသွပ်ပြီး ငါတစ်ယောက်ထည်းကိုဘဲချစ်မယ်ဆိုပြီး ရုပ်ရှင်တွေထဲကလို ရူးပြီး စောင့်ခဲ့တယ်။ လူဆိုတာ စိတ်ထဲက ပါရင်ဖြစ်တယ်ဆိုတာ သိပ်ပြီးမှန်တာဘဲ။ တကယ်လည်း ကျွန်မနှစ်သက်ခဲ့ဖူးတဲ့ လူနဲ့ အပြင်မှာ ပြန်ဆုံခဲ့တယ်။ ဒါပေမယ့် အချိန်နှောင်းခဲ့တယ်ပေါ့။ ရီတော့ရီရတယ် ကိုယ်အရမ်းနှစ်သက်တယ်လို့ ယူဆခဲ့တဲ့လူတစ်ယောက်ကို ၅ နှစ်ကျော်လောက်ကြာကြာ မှာပြန်တွေ့တော့ မမှတ်မိချင်တော့ဘူး။ တော်တော်ကိုပုံစံဖမ်းယူလိုက်ရတယ်။ ပြီးတော့ ကိုယ့်စိတ်ထဲမှာ ငါကြိုက်တာ ဒီပုံစံကြီးဆိုပြီး တော်တော်လေသွားတယ်။ ဟင် ငါသိတဲ့လူက တော်တော်ချောပါတယ်ပေါ့ အခုပုံကြီးကို ကြည့်ပြီး ငါဒီလိုပုံကြီးကိုများ ကြိုက်ပြီး အချိန်အကြာကြီး စောင့်ခဲ့တယ်ဆိုပြီး ကိုယ့်ဟာကိုယ်တောင် စိတ်ညစ်သွားတယ်။ အဲ အဲ့ဒီထဲကမှတ်သွားတာ။ အချစ်ဆိုတာ နှစ်ရှည်လများကြာလည်း မပြောင်းလဲတဲ့ ကြိုက်နှစ်သက်ချင်းလို့ မှတ်လိုက်မိတယ်။

ဒါပေမယ့် ကျွန်မသူငယ်ချင်းတစ်ယောက်ပေါ့ သူ့ကိုတော့ အချစ်ဆရာမကြီးလို့ ခေါ်တယ်။ ချစ်တယ်ဆိုတာ ကိုယ်က ချစ်ရုံနဲ့ မပြီးဘူးလို့ ပြောတာဘဲ။ ကိုယ်ချစ်သလောက် ကိုယ့်ကို ပြန်ချစ်ဖို့လည်း လိုပါသတဲ့။ အဲ့ဒါမှ အချစ်လို့ခေါ်သတဲ့။ ဆိုလိုချင်တာက အချစ်လို့ ပြောလိုက်တာနဲ့ လူတွေတော်တော်များများ မျက်စိထဲမယ် အစုံလိုက်ပဲ မြင်တက်ကြတယ်လေ။ တစ်ဘက်တည်း ဖြစ်နေ တာကိုလည်း အချစ်လို့ မတထင်ကြဘူးတယ်။ အဲ့ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာ တစ်စုံရှိသော ကြာရှည်စွာ နှစ်သက် ချင်းတစ်မျိုးဖြစ်သွားပြန်ပါရော။ အဲ့ အဲ့ဒီ တစ်စုံမှ တစ်ဘက်က ရော့ကျ ပျက်ပယ်သွားတာနဲ့ အချစ်မဖြစ်တော့ပြန်ဘူးတဲ့။ ဟီးး ကိုယ့်ဘာသာ ပြန်ထားတဲ့ အနက်ပေါ့လေ။

ကျွန်မ ဖေဖေကတော့ပြောပါတယ်။ ချစ်တယ်ဆိုတာ စိတ်ထား နုညံ့သိမ်မွေ့မှ ချစ်တက်တာတဲ့။ လူတိုင်းမချစ်တက်ဘူးတဲ့။ ကိုယ့်ရဲ့ နုညံ့ သိမ်မွေ့မှု့ကို ကိုယ့်နည်းတူ ခံစားတက်တဲ့လူကိုတော့ ကိုယ့်ချစ်သူလို့ခေါ်ပါတယ်တဲ့။ ဟီးး ပြီးတော့ ပြောသေးတယ် နင်က ဒီလောက် ကြမ်းတမ်းတာ ချစ်တက်မှမဟုတ်ဘူးတဲ့လေ။ ဟုတ်ပါရဲ့ မိဘဆိုတာ သားသမီးကို သိတယ်ဆိုတာ ဖြစ်နိုင်တယ်။ ကျွန်မ ရဲ့ နုညံ့သိမ်မွေ့မှု့ကို နားလည်တဲ့ မျှဝေခံစားတက်တဲ့လူမရှိသလို။ ကျွန်မလည်း အဲ့ဒီလို မျှဝေရလောက်အောင်လည်း နုညံ့သိမ်မွေ့ မှုတွေမပေါများသေးပါဘူး။ အချစ်ဆိုတာ မျှဝေချင်းလို့ သတ်မှတ်ရင် ကျွန်မ သိပ်ပြီးတွန့်တိုတက်တဲ့လူတစ်ယောက်ပေါ့။ ကျွန်မမှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေကို မျှဝေပေးဖို့ တွန့်တိုနေတုန်းဘဲ။ ပေးလိုက်လို့ လျှော့သွားမှာ စိုးရိမ်နေတုန်းဘဲ။ အဲ့ဒါကြောင့် ဖေဖေက ပြောတာထင်တယ် ငါ့သမီး နင် မချစ်တက်သေးပါဘူးလို့။ ချစ်တယ်ဆိုတာ မင်္ဂလာတစ်ပါးပဲဆိုရင် ကျွန်မမှာ မင်္ဂလာ မရှိသေးဘူး။ အဲ့ဒီမင်္ဂလာအတွက် ပေးဆပ်ရမယ့်အရင်းအနှီးအလုံအလောက် ကျွန်မမှာ မရှိသေးပါဘူး။ မခွန်မြလှိုင်ကတော့ သူ့ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ပေးတဲ့လူနဲ့ တွေ့သွားပေမယ့် ကျွန်မအတွက်တော့ သိပ်ပြီး မထင်မိဘူးရယ်။ အော် ဘာရယ်မဟုတ်ပါဘူး ကျွန်မ မှာ မင်္ဂလာမရှိသေးပေမယ့် အမင်္ဂလာတော့မဖြစ်သေးဘူးပေါ့နော်။
ဘလောဂ့်မရေးတာကြာတဲ့ ကျွန်မကို ဘလောဂ့်ရေးဖြစ်အောင် တိုက်တွန်းတဲ့ အစ်မခွန်မြလှိုင်ကို လည်းကျေှးဇူးပါ။ ဒါရေးဖို့ တော်တော်ကို စဉ်းစားယူရတယ် ၁ ပတ်ကျော်ကျော်လောက်။ ကျွန်မ မကျွမ်းတဲ့ အပိုင်းကို။ ဘလောဂ့်ပြန်ရေးဖို့လည်း စိတ် ပြန်ဝင်စား သွားတယ်။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။

Wednesday, 8 October 2008

Last 10 days

ရေးမယ်ဆိုပြီး ပြောထားပြီး မရေးရသေးတဲ့အကြွေးကို ပြီးအောင် ဆပ်မယ်လို့။ တော်ကြာ သေပြီး အကြွေးတင်နေမှာဆိုးလို့။ မသေခင် ၁၀ ရက် ဘာလုပ်မလဲလို့ မေးရင် အမှန်တော့ ဘာရေးရမှန်းကို တကယ်မသိမိဘူး။ ဒါကြောင့်လည်း လက်နှေးနေတာ ပါတယ်။ အမှန်တော့ ကျွန်မ အပျော်ရွှင်ဆုံး အချိန်က မိတ္ထီလာမှာနေတုန်းက အချိန်တွေပါဘဲ။ ဘယ်လိုမှ ပြန်မရတော့တာတွေ လူတွေကလိုချင်တယ်လို့ ပြောရင် ဟုတ်ပါတယ်လို့ ထောက်ခံမိမယ်။

ကျွန်မမှာ စိတ်ကူးလေးတစ်ခုရှိတယ်။ တကယ်လို့ ကျွန်မသာ ချမ်းသာခဲ့ရင်ဆိုပြီးပေါ့။ ကျွန်မတို့ ငယ်ငယ်က တက်ခဲ့တဲ့ကျောင်းက ကျောင်းဆောင်က အလယ်တန်းကျောင်းဆောင်ပါတွက်မှ တစ်ထပ်ကျောင်ဆောင် သုံးဆောင်ဘဲရှိတယ်။ ကျောင်းသားနဲနဲပဲရှိတဲ့ နယ်ကကျောင်းပေါ့။ တောကျောင်းလေးပေါ့။ ကျွန်မတို့ မမွေးခင် ကတည်းက အဲ့ဒီကျောင်းကရှိခဲ့တာပါ။ အရင်တုန်းက တန်းယားတွေကို ကျောင်းလုပ်ထားတာပါ။ အကျောင်းအိမ်သာဆိုတာ ရှိပေမယ့် သိပ်ပြီးသန့်ရှင်းမှုမရှိဘူး။ ထူးခြားတာကတော့ ကျောင်းဘေးက ဘောလုံးကွင်းကျယ်ကြီးတစ်ခုရှိတာကလွဲလို့ ကျွန်မတို့ ကျောင်းမှာ ဘာမှထူးခြားတာမရှိပါဘူး။ ဒါပေမယ့် အဲ့ဒီကျောင်းကဘဲ ဆရာဝန်ဖြစ်မယ့်သူ၊ အင်ဂျင်နီယာဖြစ်မယ့်သူ စတဲ့ လူရည်ချွန်ရဲ့ ပထမဆုံးနို့ဦးရည် သောက်စို့ရာ နေရာဖြစ်နေတာလေးတစ်ခုဘဲထူးခြားတယ်။

အဲ ကျွန်မချမ်းသာရင်ဖြင့် ကျောင်းဆောင်အသစ်တွေဆောက်မယ်၊ ကျောင်းက အိမ်သာတွေကို ပြန်ပြင်ဆောက်မယ်လို့ စိတ်ကူးဖူးတယ်။ ငယ်ငယ်တုန်းက စိတ်ကူးပါ။ ငါချမ်းသာရင်ပေါ့။ ကိုယ်မကြည့်ခဲ့၊ မဖတ်ခဲ့ရတဲ့ ကျောင်းစာကြည့်တိုက်ကို နောင်လူတွေကြည့်လို့ရအောင် လုပ်ပေးမယ်လို့ စိတ်ကူးဖူးတယ်။ ငါကြီးလို့ ချမ်းသာရင်ဆိုပြီး ငယ်ငယ်တုန်းကပေါ့။ အခုကြီးတော့လည်း အခုအချိန်ထိ ကိုယ်ရှာတဲ့ငွေဆိုတာ က ကိုယ့်အသုံးစရိတ်တောင်လောက်တယ်မရှိတာ။ တစ်လစာ စားစရိတ်တောင်မလောက်တာ။ ကျောင်းဆောက်ဖို့ ဆိုတာဝေးပါရော။ ငယ်ငယ်တုန်းကတော့ အသက် ၂၆ နှစ်လောက်ဆို ငါ အတည်တကျ ဖြစ်ပြီး။ ငါလူကြီးဖြစ်ပြီး ပိုက်ဆံတွေဝင်ပြီလို့ မှတ်ခဲ့တာ။ အခုထိ ကျောင်းတက်လို့ မပြီးနိုင်သေးဘူး။ အလုပ်မရှိသေးဘူး။ စုထားတဲ့ငွေမရှိဘူး။ အခုထိ ငယ်ငယ်တုန်းကလိုဘဲ မိဘဆီက ပိုက်ဆံလက်ဖြန့် တောင်းရတဲ့ဘ၀ကနေ မကျွတ်သေးဘူး။ ဒီလို ဘ၀။

တကယ်လို့ ဒီဘ၀မှာ သင် နောက် ၁၀ရက်နေရင် သေတော့မယ်လို့သာ သေမိန့်ကို သိခဲ့ရင် ကျွန်မဘာလုပ် မယ်ဆိုတာ ဝေခွဲလို့မရခဲ့ဘူး။ တကယ်ပါ။ ဘာလုပ်ရင်ကောင်းမလဲပေါ့။ ကျွန်မအိမ်ရှိတာ ပြန်ရအောင် မြန်မာပြည်မှာ မိဘမရှိဘူး။ ကျွန်မတသက် ကျွန်မ မိဘရှိရာနေရာကသာ ကျွန်မအတွက်အိမ်ဖြစ်ခဲ့တာပါ။ မိဘက အမြဲပြောင်းနေတာ့ ကျွန်မအတွက် အိမ်တွေက များလှပါတယ်။ သူငယ်ချင်းတွေလည်းများလှတယ်။ မသေခင် ဘာလုပ်ချင်လဲမေးရင် ကျွန်မနေဖူးတဲ့နေရာတွေကို ပြန်သွားချင်တယ်။ အဲ့ဒါကတော့ ကျွန်မဆန္ဒပေါ့။ ကျွန်မ သွားချင်တဲ့နေရာတွေကိုရောက်ပါ့မလား။ ကဲ စပြီး ရက်တွက်ရအောင်။

ပထဆုံး သိသိချင်း အိမ်ပြန်ဖို့ ဗီဇာလျှောက်ရမယ် အဲ့ဒါက လေးရက်ကြာမယ်။ အိမ်ပြန်ဖို့အတွက် လေယာဉ်လက်မှတ်ဝယ်ရမယ်။ အဲ့ဒီအတွက် ပိုက်ဆံအနည်းဆုံး ကျွန်မမှာ စင်္ကာပူငွေ ၅၀၀ လောက်ရှိမှ အိမ်ပြန် လို့ရမယ်။ ပိုက်ဆံမရှိလည်း ကိစ္စတော့မရှိပါဘူး။ မရှိဝမ်းစာ ရှိတန်ဆာဆိုတဲ့အတိုင်း ရှိတာ တွေရောင်း ရမှာပေါ့။ ခရီးစရိတ်လောက်တော့ရမယ်ထင်တယ်။ အဲ့ဒါက ပထမ တစ်ရက်။ ဗီဇာလျှောက်မယ်။ လေယာဉ်လက်မှတ်ဝယ်ရမယ်။ ဗီဇာရတာနဲ့ ချက်ချင်းသွားမှာဆိုတော့ လေးရက်မြောက်နေ့ မရောက်ခင် ထိတော့ ဒီမှာနေရမှာပေါ့။ ဒီရက်ပိုင်း အတွင်း ဒီမှာရှိတဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်မယ်။ အိမ်ကိုလည်း ဖုန်းဆက်ပြီးပြောမယ်။ ပြန်လာမယ် ပေါ့။ အိမ်ကတော့ ၀မ်းသာမယ်ထင်တယ်။

လေးရက်မြောက်တဲ့ ဗီဇာရတဲ့နေ့မှာ ကားနဲ့ ဂျဟိုကိုသွားပြီး လေယာဉ်ပျံစီးမယ်။ လေယာဉ်အနည်းဆုံး ၃ နာရီ စီးပြီးမှ အိမ်ရောက်မှာဆိုတော့ ညနေဘက်စီးရင် ညဘက်လောက်တော့ အိမ်ရောက်လောက်မယ်။ အိမ် ရောက်ရောက်ချင်းတော့ အိမ်ကို ဘာမှပြောဖြစ်မယ်မထင်ဘူး။ အားလုံးပျော်ရွှင်စွာညစာစား ရယ်မြော့ပီး အိပ်မယ်။

ငါးရက်မြောက်တဲ့နေ့ ဖေဖေနဲ့ မေမေအတွက် မနက်စာပြင်ပေးမယ်။ ဖေဖေနဲ့မောင်လေးအတွက် နေ့လည်စာ လုပ်ပြီးလို့ အလုပ်သွားရင်တော့ ဒီက အတွေ့အကြုံတွေကို မေမေ့ကိုပြောပြမယ်။ ပြီးရင် ကိုယ်ဆိုးခဲ့တာတွေ တောင်းပန်မယ်။ ဟီးး ကိုယ် ချစ်တဲ့သူတွေအကြောင်းပြောပြမယ်။ မေမေကတော့ တအံ့တသြ နားထောင်မယ်ထင်တယ်။ သူ့သမီးမှာ ဒါမျိုးတွေရှိမှန်း သူသိမှာမှမဟုတ်တာ။ မချစ်တက်ဘူးပဲ ထင်နေမှာ။ အင်း သိချင်လည်း သိမှာပေါ့။ မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ် မသေချင်မှာ ကိုယ့်မေမေကိုတော့ တရားဝင်ပြောပြသင့်တယ်ပေါ့နော်။ အဲ့ဒါကတော့ ကိုယ်လှို့ဝှက်ထားတဲ့ ကိစ္စလေးတွေ ပြောပြမယ်။ မဟုတ်ရင် မေမေက စိတ်မကောင်းဖြစ်နေမှာ။ ဟီးး အခုတောင် စိတ်မကောင်း ဖြစ်နေတာ။ ညနေအားလုံးပြန်လာရင် ညစာချက်ထားတယ်။ ညစာ စားပြီးရင် လမ်းလျှောက်ထွက်မယ်။ ဒါက ကျွန်မတို့ မိသားစု လုပ်နေကျ ဘ၀လေးပေါ့။ ဒါလေးပြီးမှ အိပ်ခါနီး ဖေဖေ၊ မေမေတို့ကို ကန်တော့ပြီးမှ သမီးနောက် ၅ ရက်နေရင် သေတော့မယ်လို့ ဖွင့်ပြောမယ်။ မေမေရော ဖေဖေရော ၀မ်းနည်းမယ်ထင်တယ်။ အမြဲရန်ဖြစ်နေကျ မောင်လေးကရော ဘာပြောမယ်ထင်လဲ။ နင်ရူးနေလားလို့ ရန်ထောင်မယ်ထင်တယ်။ ကျွန်မ သေချာရှင်းပြမယ်။ ကျွန်မသေတော့မှာ သေချာတယ် ဆိုတဲ့ အကြောင့်ကိုပေါ့။ အဲ့ဒီတစ်ညလုံးငို နေမယ်ထင်တယ်။

နောက်ပြီး ထုံးစံအတိုင်း ဖေဖေကို ခွင့်တောင်းမယ်။ နောက်ဆုံးအနေနဲ့ မွေးရပ်မြေကို ပြန်ချင်တဲ့အကြောင်းနဲ့ တက်နိုင်ရင် နောက်ဆုံးတောင်းဆိုတဲ့အနေနဲ့ ကျွန်မစိတ်ကူးတွေကိုပြောပြပြီး ဖေဖေတက်နိုင်သလောက် ကူညီဖို့ တောင်းဆိုမယ်။ ကျွန်မစိတ်ကူးတွေကို ပြည့်နိုင်လောက်တဲ့ အထိ ကျွန်မမှာခွန်အားမရှိတာ။ ကျွန်မစု ထားတဲ့ ရတနာတွေ။ အဲ ကျွန်မ ရတနာစုတာ ၀ါသနာပါတယ်။ ရတဲ့ မုန့်ဖိုးတွေကို စုပြီး ရွှေတို့ဘာတို့ ၀ယ်စုတဲ့အလေ့ရှိတော့ အဲ့ဒါတွေကို မေမေ့ဆီကတောင်းပြီး ပြန်ရောင်းလိုက်ရင်တော့ အိမ်သာ နှစ်လုံးလောက်တော့ ရမယ်ထင်တယ်။ ဒါက ကျွန်စိတ်ကူးပါ။

ဒါပေမယ့် ကျွန်မဖေဖေက မသေခင် ကျွန်မကို သူ့အနားကနေ ပြန်လွှတ်ပါ့မလား။ တကယ်လို့ ကျွန်မနဲ့ အတူ မြန်မာပြည်ပြန်မယ်ဆို သိပ်ပြီး ကောင်းမှာဘဲ။ ဒါဆို တစ်မိသားစုလုံး အတူသွားလို့ရပြီ။ ၅ရက်မြောက်နေ့မှာ ဘဲ အဲ့ဒီကိစ္စကို အပြီးရှင်းပြီး နောက်နေ့ မြန်မာပြည်ပြန်မယ်။ ဒါက ကျွန်မစိတ်ကူးပေါ့။ ထားပါတော့ ဒီလိုဘဲ ဖြစ်တယ်လို့။

ခြောက် ရက်မြောက်တဲ့နေ့မှာ ရန်ကုန်ရောက်မယ်။ ခြောက်ရက်မြောက်တဲ့နေ့မှာ ရန်ကုန်မှာညအိပ်မယ်။ အဲ့ဒီမှာ ရှိတဲ့ မိတ်ဆွေတွေကို ဖုန်းဆက်မယ်။ ငါ ပြန်လာပြီလို့။ ပြီးတော့ မန်းလေးလေးက သူငယ်ချင်းတွေ၊ အမျိုးတွေဆီ ဖုန်းဆက်မယ်။ ပြန်ရောက်ပြီဆိုတဲ့အကြောင်းပေါ့။ ထွေရာလေးပါပြောမယ်ပေါ့။

ခုနှစ်ရက်မြောက်တဲ့နေ့ နံနတ်မှာ ရွှေတိဂုံဘုရားဖူးတယ်။ မသေချင် အကုသိုလ်တွေများတော့ ကုသလိုလ်လေး နဲနဲပါးပါး သယ်သွားဦးမှ။ ပြီးတော့ သင်္ကန်းလှူမယ်။ ပြီးတော့မှကားဂိတ် မဆင်းခင် ကျွန်မ အိပ်မက်ထဲမှာ ခဏခဏမတ်တက်တဲ့ မှော်ဘီက အိမ်လေးဆီ ကိုသွား ကြည့်မယ်။ ပြီးရင် ကားဂိတ်ဆင်းပြီး မွေးရပ်မြေကို သွားမယ်။ မွေးရပ်မြေကိုတော့ ရှစ်ရက်နေ့ မနက်မှာရောက်မယ်ပေါ့။

ရှစ်(ချစ်)ရက်နေ့ မိတ္ထီလာလိုဆိုရင်တော့ ချစ်ရက်နေ့ပေါ့။ အိမ်နားကကျောင်းလေးကိုသွားမယ်။ ရှိနေမယ် ထင်တဲ့ သူငယ်ချင်တွေလိုက်ရှာမယ်။ ဒီအချိန်သွားရင်တော့ မိတ္ထီလာမှာ အရမ်းအေးတဲ့အချိန်ရောက်မှာ သေချာတယ်။ ရောက်ရောက်ချင်း ငယ်ငယ်က ၀င်ပြီး ငေးခဲ့ရတဲ့ မိဘမေတ္တာ စာအုပ်ဆိုက် စာအုပ်တွေ ၀ယ်မယ်။ ပြီးရင် ကျောင်းစာကြည့်တိုက်ကိုလှူမယ်။ ကျောင်းက အိမ်သာအတွက် ငွေလှူမယ်။

ပြီးရင် ကျွန်မမူကြိုတက်တုန်းက ရှိခဲ့တဲ့ ကျောင်းလေးရယ် ရှိမယ်လို့ ထင်တဲ့ ကျောင်းက ဆရာမတွေကို သွား နှုတ်ဆက်မယ်။ ကျွန်မကြီးပြင်းခဲ့တဲ့၊ ဆိုးခဲ့တဲ့နေရာတွေ၊ ရွှေရောင်သန်းခဲ့တဲ့ နေ့ရက်တွကို ပြန်ပြောင်း အောက်မေ့မယ်။ ငယ်ငယ်က တက်ခဲ့ဖူးတဲ့ သြဇာပင်ပါမယ်၊ တမာပင်ပါမယ်။ ကောက်ခဲ့ဖူးတဲ့ စကားပင်ခြေကို သွားမယ်။ မွေးရပ်မှာ တစ်ည အိပ်မယ်။ အဲ ညစာကိုတော့ မြို့ထဲမှာ တွေ့ရာလျှောက်ဝယ်စားမယ်။ အကုန်စားမယ်။ ဖတ်ထုပ်ကြော်ပါမယ်။ ဖိုးစိန် ဆီချက်ပါမယ်။ ညဈေးလျှောက်မယ်။ အဲ ဒီအချိန်ဆို ဖောင်တော်ဦး ဘုရားပွဲရှိတယ်။ ဘုရားပွဲဈေးလည်မယ်။ ငယ်ငယ်တုန်းကလိုပေါ့။

ကိုးရက်မြောက်တဲ့နေ့။ မွေးရပ်မြေရဲ့ နံနက်ကို ထပ်ပြီး ခံစားမယ်။ ပြီးရင် မန်းလေးသွားမယ်။ ငယ်ငယ် ကတည်းက မန်းလေးသူဖြစ်ချင်တာ။ မန်းလေးမှာမမွေးရင်တောင် သေရင်မန်းလေးမှာ သေချင်တယ်။ မိတ္ထီလာ-မန်းလေး လမ်းဘေးတစ်ရှောက် ဘာတွေထူးခြားပြီး ပြောင်းလဲသွားလည်း ကြည့်မယ်။ ကူမဲက အရင်တုန်းက ၅ ကျပ်တန် ကြာဆံဟင်းခါး ဘယ်လောက်ဖြစ်သွားလဲ သိချင်တယ်။ မြင်တိုင်း လက်ညှိုးထိုးပြီး စားချင်တဲ့အော်တက်တဲ့ အမဲခြောက်ကြော် ရှိသေးလားမေးမယ်။ မန်းလေးနဲ့ ထီလာ အနည်းဆုံး နှစ်နာရီတော့ ကြာမယ်ထင်တယ်။ ရောက်ရောက်ချင်း သိပ်ပြီး တွေ့ချင်တဲ့ ဖွားဖွားကို သွားတွေ့ မယ်။ ကန်တော့မယ် ပြီးရင် သူငယ်ချင်းတွေနဲ့ လျှောက်လည်းမယ်။ မုန့်တွေလျှောက်စားမယ်။ မီးလောင်သွားတဲ့ ရတနာပုံဈေး ကိုသွားကြည့်မယ်။ အဲ ၅ နာရီအရောက် အိမ်ပြန်မယ်။ အဖွားအိမ်မှာက ၅ နာရီ အိပ်အရောက်ပြန်ရတယ်။ မဟုတ်ရင် အဖွားကစိတ်ပူနေရော။ အဲ့ဒီထက်နောက်ကျမှပြန်လာရင် အဖွားကို ချွဲရတာလည်း အရသာတမျိုးပေါ့။

တကယ်လို့ ဆယ်ရက်မြောက်တဲ့ နေ့မှာသာအချိန်ရွေးလို့ရခဲ့ရင် မနက်စောစော ဘုရားကြီးမှာ မျက်နှာသစ်တော်ရေလှူတာ ဖူးသွားချင်တယ်။ မန်းလေးမှာနေကတည်းက တစ်ခါမှ မဖူးဘူးဖူး။ အဲ့ဒါ မသေခင် ဖူးချင်တယ်။ မနက်လေးနာရီဆိုတော့ မှီမယ်ထင်ပါတယ်။ ပြီးရင် အားလုံးကို ဒီမှာသေချင်လို့ ပြန်လာတာလို့ပြောလိုက်မယ်လေ။ အဖွားကတော့ ငိုနေမှာပေါ့။ သူမြင်ချင်တဲ့ကျွန်မပုံကို မမြင်ရခင် ကျွန်မ သေသွားမှာမို့။ ခရီးတလျှောက်လုံး အနားမှာ ရှိတဲ့ ကျွန်မ ဖေဖေ၊မေမေနဲ့ မောင်လေးကို အားလုံးအတွက် ကျေးဇူးတင်ကြောင်းပြောမယ်။ ဒီလောက်ဆိုရင် သေလို့ရပြီထင်တယ်နော်။

အဲ ကျန်သေးတယ်။ ယောက်ျားယူရင် သယ်သွားဖို့စုထားတာလေးတွေကို မောင်လေး နင်ဘဲယူလိုက်တော့ လို့ ပြောလိုက်တော့မယ်။ ပြီးတော့ သေချာစည်းကမ်းရှိရှိသုံးဖို့လည်း မှာရဦးမယ်။ ဘာတွေစုထား တာလည်းလို့ တော့ မမေးနဲ့ မပြောပြဘူး။ ပြီးတော့ ကျွန်မအ၀တ်အစားတွေကို စီစဉ်ဖို့ ညီမလေးတွကိုမှာခဲ့မယ်။ ဒါဆိုရပြီထင်တယ်နော်။

အဲ သေရင်ဘယ်လိုသေမှာလဲမသိဘူး။ ကျွန်မ သေချင်သလို သေလို့ရမယ်ဆိုရင် အိပ်ပြီးမှာ ညင်ညင်သာသာလေး သေချင်တာ။ အဲ့ဒီလို သေရင် သိပ်ကောင်းမယ်။ အဲ့ ပြီးတော့ ကျွန်မရဲ့ ခန္ဓာကိုယ်က သုံးလို့ရတဲ့ပစ္စည်းတွေကို လိုအပ်တဲ့လူတွေကို လှူခဲ့မယ်။ ကောင်းမယ် အပိုင်းတွေကိုယူနိုင်တယ်ပေါ့။ အထူးသဖြင့် မျက်လုံးပေါ့။ ကျွန်မ အရင်ဘ၀က ဘာလုပ်ခဲ့လည်းမသိဘူး။ မျက်စိမကောင်းဘူး။ အဲ့ဒီအတွက် မျက်ကြည့်လွှာလှူမယ်ပေါ့။ ကျန်တဲ့အပိုင်းတွေကိုလည်း ကောင်းတာရှိရင် ဖြတ်ယူပါပေါ့။ ဒါပါဘဲ။

ကျွန်မသာ ကျွန်မဘယ်နေ့ သေမယ်သိခဲ့ရင် ဖြစ်ချင်တာလေးကတော့ ဒါပါဘဲ။ မိဘကို ပြန်မလုပ်ကျွေး တဲ့အပြင်။ သေခါနီးတောင် လိုချင်တာတောင်းတဲ့ ဒီလို သားသမီးမျိုး ဖေဖေတို့ မေမေတို့ ရတာ တော်တော် မကောင်းဘူးနော်။ ကံဆိုးတဲ့ မေမေနဲ့ဖေဖေကိုတော့ နောက်ဘ၀ရောက်မှ အခွင့်ရှိရင် အကြွေးဆပ်ပါ့မယ့်လို့ ပြောရင် သေမယ်နော်။

ရေးခိုင်းလို့သာရေးရတယ်။ တကယ်လည်း ရေးရော မျက်ရည်စမ်းစမ်းနဲ့။ တမျိုးမထင်နဲ့ ကိုယ်ဖြစ်ချင်တာတွေ ၊ ကိုယ်လုပ်ချင်တာတွေမေ့နေတာ ဒီပိုစ့်ရေးမှ သတိရလို့။ ကိုယ်ဘယ်လောက် ဆိုးလည်းဆိုတာ စာဖတ်တဲ့ လူတွေကို ချပြသလိုဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်စရာတွေကို ပြန်သတိရတာပေါ့။
အားလုံးပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။


Wednesday, 1 October 2008

မီးဝေးချိတ်

ဘလောဂ့်မရေးတာကြာတော့ ရေးချင်စိတ်ကုန်ခမ်းနေတာရော။ စာရေးနေကျမဟုတ်တော့ စာမသွားတော့တာ ရော ပေါင်းပြီး ဘလောဂ့်ရေးဖို့ လက်တွန့်နေမိပါတယ်။ စိတ်ထဲမှာဘဲ ကိုယ်ပြောချင်တာလေးတွေ ပြောနေမိတယ်။ အရင်တုန်းကလို ကိုယ်ပြောချင်တာတွေ ကီးဘုတ်ပေါ်ကနေ တဆင့် ဘလောဂ့်ပေါ်ကို မရောက်ဖြစ်တော့ဘူး ဖြစ်နေတယ်။ ချက်တင်ထိုင်လိုက်။ နေးတစ်ထဲကို ၀င်လိုက်နဲ့ တစ်နေ့တစ်နေ့ အချိန်ကုန်နေတယ်။ စလုံးကို ရောက်ကတည်းက မြန်မာစာရိုက်လို့ အဆင်မပြေတာက စပြီး ဘလောဂ့်ပြတ် သွားသလို ဖြစ်ပြီး အခုတော့ မေ့သလောက်တောင်ဖြစ်တော့မယ်။ ဟီး ရည်းစားတွေဘာတွေနဲ့ ဝေးသွားရင် ပြတ်သွားတယ်ဆိုတာ ဒါမျိုးထင်ပါတယ်။ မီးဝေးချိတ်အေးတယ် ဆိုတာမျိုးပေါ့။ စာရေးစရာ အိုင်ဒီယာရော၊ ရေးချင်စိတ်ရော တဖြည်းဖြည်းနည်းသွားတာသာကြည့်ပါတော့။

ဒီရက်ပိုင်းမှာ နဲနဲလေး မုဒ်ပြန်ဝင်လာသလိုဘဲ။ ရေးမယ်ရေးမယ်လုပ်နေတုန်း တက်မယ့်သူရှိတာလေးတွေဘဲ ရေးဖြစ်နေတယ်။ ပြီးတော့ လေ့ကျင့်တာနည်းတော့ အစကတည်းက အရေးအသားမကောင်းတဲ့သူဆိုတော့ ပြီးပြီး ဖတ်လို့မကောင်းတဲ့စာတွေရေးနေမိတယ်။ အခုတောင်ကြည့်ပါလား။ ဘာမှမဟုတ်တာလေးတွေကို ရေးနေမိတယ်။ တက်ကြွေးဆပ်ဖို့ကို ပတ်ပြေးနေမိတယ်။ ဘလောဂ့်ထဲမှာ။ ဘလောဂ့်စရေးခါစတုန်းကတော့ အသည်းအသန်ဘဲ။ နောက်တော့ တဖြည်းဖြည်းမီးဝေးသွားတော့ အေးသွားတယ်။ ဒီကြားထဲတော့ ဘလောဂ့်ပြန်ရေးဖြစ်အောင် ကိုယ့်ကိုယ်ကို မီးပြန်တိုက်မှနဲ့တူတယ်။

Monday, 8 September 2008

National Museum of Singapore




ကျောင်းကကျောင်းသားကဒ်နဲ့ ပြတိုက်တွေအခမဲ့ဝင်ခွင့်ရှိတယ်ပြောတာနဲ့ အရင်အပတ်က စင်္ကာပူအမျိုးသား ပြတိုက်ကိုရောက်ဖြစ်ပါတယ်။ အမျိုးသားပြတိုက်ဆိုတော့ ဘာတွေများတွေ့မလဲဆိုပြီး သွားကြည့်ဖြစ်ပါတယ်။ ၀င်ခွင့်က ပုံမှန်ဆိုရင် ၁၀ ပါ။ ၁၀ဆိုတာ ဈေးသိပ်ပြီမကြီးဘူး ဆိုပေမယ့် ပိုက်ဆံပေးပြီးသွားရမယ်ဆိုရင် တော်တော်နဲ့သွားဖြစ်မယ်မထင်ပါဘူး။ ကျောင်းသားတွေအခမဲ့ဆိုတော့လည်း သွားကြည့်ဖြစ်ခဲ့ပါတယ်။




စစချင်း အမျိုးသားပြတိုက်ထဲမှာကို ပြတိုက်အငယ်လေးလေးတွေအများကြီးရှိတဲ့အထဲမှ စင်္ကာပူသမိုင်းပြတိုက်ကို အရင်ဆုံးကြည့်ဖြစ်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ခေတ်အမှီဆုံးနိုင်ငံလို့ပြောနိုင်တဲ့ နိုင်ငံရဲ့ ပြတိုက်ဆိုတော့ ဘာသမိုင်းတွေရှိမလဲဆိုတာ တော်တော်ပဲ စိတ်ဝင်စားမိပါတယ်။ ပထမဆုံး အ၀င်ပေါက်ကပေးလိုက်တဲ့ ဘာကုဒ်ပါတဲ့လက်မှတ်လေးနဲ့ စင်္ကာပူသမိုင်းပြတိုက်အ၀င်မှာဖြတ်ပြီးဝင်တော့ အ၀င်ပေါက်မှာဘဲ ပြတိုက် အကြောင်းရှင်းမယ့် အသံသွင်းထားတဲ့ လမ်းညွှန်းမြေပုံလေးတစ်ခုပေးပါတယ်။ ပြတိုက်ဝင်ဝင်ချင်းမှာ ဘယ်လို အသုံးပြုရမယ်ဆိုတာ ရှင်းပြပါတယ်။ သူက ပြတိုက်ထဲက လမ်းညွှန်းအမှတ်အ သားတွေရှိတဲ့ နေရာရောက်ရင် အဲ့ဒီလမ်းညွှန်းအမှတ်အသား နံပါတ်လေးရိုက်လိုက်တာနဲ့ သွင်းထားတဲ့ အသံထွက်လာပြီး ကိုယ့်ရောက်နေတဲ့ နေရာမှာ သိသင့်တဲ့သမိုင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေကိုရှင်းပြပါတယ်။


ရှေ့အကျဆုံးကျောက်စာလို့ပြောတဲ့စာလေးပါ။

စင်္ကာပူဆိုတာ ဒုတိယကမ္ဘာစစ်ပြီးမှ ပေါ်လာတဲ့နိုင်ငံဖြစ်လို့ ဘာမှရှိမှာမဟုတ်ဘူးလို့ ထင်ထားမိတဲ့ ကျွန်မတို့တတွေ တော်တော်အံ့သြလောက်အောင်ကို သမိုင်းအသေးစိတ်ကိုချပြီးပြထားတာတွေ့ရပါတယ်။ ကျွန်မတို့မမျှော်မှန်းထားတဲ့ အခြေအနေ အနေအထားမျိုးချပြီးပြနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ နိုင်ငံအနေအထား အရတော့ ယုံချင်စရာဖြစ်အောင်ကို သမိုင်းကိုဖန်တီးထားပါတယ်။ အတော်လေးထူးဆန်းတာကတော့ ယုံနိုင်စရာကောင်းလောက်အောင် အချက်အလက်တွေချပြပြီး ဒီနိုင်ငံရဲ့ သမိုင်းထဲကို ဘုရင်တွေဘာတွေ ဆွဲထည့်ထားတာပါပဲ။ ကြည့်ရတာ လူငယ်တွေကို သူတို့ဆီမှာ ခိုင်လုံတဲ့သမိုင်းရှိတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်စေချင်ပုံရပါတယ်။ ဒါတော့ကျွန်မရဲ့အမြင်ပါ။


ချစ်စရာကောင်းလို့ ရိုက်လာခဲ့တဲ့ ဆိုင်ကယ်လေးပါ။


ဓါတ်ပုံတွေရောင်းတဲ့စက်လို့ ထင်ပါတယ်။

စင်္ကာပူဆိုတာ ဘယ်လိုစဖြစ်တာပြီးသွားပြီးချိန်မှာ စင်္ကာပူမှာနေထိုင်တဲ့လူတွေဘယ်ကစလဲဆို တာမျိုးပြထား ပါတယ်။ ကျွန်မစိတ်အ၀င်စားဆုံးပြတိုက်ထဲက အရာကတော့ စင်္ကာပူကိုဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို ထူထောင်ခဲ့တယ်ဆိုတဲ့နေရာလေးပါဘဲ။ ဒီကျွန်းလေးကို လူမျိုးပေါင်းစုံလာရောက် နေထိုင်ကြပြီး စီးပွားရေး လုပ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးမှ နိုင်ငံကို စနစ်တကျတည်ထောင်ခဲ့ကြပါတယ်။ အဲ့ဒီတည်ထောင်တဲ့နေရာ ဘယ်လိုဘယ်ပုံတည်ထောင်ခဲ့တယ် ဘယ်လိုစိတ်ဓါတ်လေးနဲ့ တည်ထောင်ခဲ့တယ်ဆိုတာ ပြတဲ့ပြကွက် တွေကိုသဘောကျမိပါတယ်။ နောက်ပြီး လီကွမ်းယူရဲ့ မိန့်ခွန်း တစိတ်တဒေသကိုပြထားပါတယ်။ အဲ့ဒီထဲက သူပြောတဲ့ ခင်ဗျားတို့သားသမီးတွေကို နောင်ဆယ်နှစ်မှာ တက်စီဒါရိုက်ဘာဖြစ်စေချင်လားဆိုတဲ့ တစ်ခွန်းကို သဘောကျမိပါတယ်။ ဒီနိုင်ငံကို ဘယ်လိုဖြစ်သွားအောင် ပြုပြင်ပြောင်းလဲပစ်မယ်ဆိုတာမျိုး မိန့်ခွန်းတွေ ပြသထားပါတယ်။ စင်္ကာပူ သမိုင်းပြတိုက်ထဲက အဲ့ဒီအခန်းကိုကြိုက်မိပါတယ်။


မလေးနာမည်ကြီးအဆိုတော်ပါ။ ကျွန်မကတော့ မလေးဝင်ဦးလို့ နာမည်ပေးထားပါတယ်။

စင်္ကာပူမှာ ဒေသစားစရာတွေကို ဒီလိုရောင်းလိမ့်မယ်လို့ မထင်မိပါဘူး။
(ရခိုင်မုန့်တီရောင်းနေသလိုဘဲနော်)

ပြီးတော့ လွန်ခဲ့တဲ့ နှစ်၃၀ လောက်ကသူတို့နိုင်ငံမှာ အသုံးပြုခဲ့တဲ့ အစားအသောက်ဈေးဆိုင်ပုံစံမျိုးတွေကို ပြတိုက်ထဲကိုထည့်ပြီးပြထားပါတယ်။ အဲ့ဒီအပိုင်းလည်းအတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ ရုပ်ရှင် နဲ့ဂီတ၊ ဖက်ရှင်နဲ့ဓါတ်ပုံပြခန်းတွေလည်းရှိပါတယ်။ စင်္ကာပူပြခန်း အပြင်အဆင်ကို အခန်းအနားဆုံး ပြင်ဆင် ထားပြီး စီးပွားရေးကောင်းတော့ ယဉ်ကျေးမှုတွေကို သူမတူအောင်မြှင့်ထားတာကိုတွေ့ရပါတယ်။ ဒီပြတိုက်ကို သွားသင့်လားမသိလားဆိုတာကတော့ သူတို့ကိုအထင်ကြီးဖို့ထက် သူတို့ဘယ်လိုထူထောင် ခဲ့တယ်ဆိုတာမျိုး၊ ဘယ်လိုစိတ်ဓါတ်တွေထားရှိခဲ့တာမျိုးအတွက် သွားသင့်တယ်လို့တိုက်တွန်းချင်ပါတယ်။
ပျော်ရွင်ပါစေ။
နှင်းဆီနီနီ။

Wednesday, 3 September 2008

My recent viewpoint

ပထမနှစ် စပြီးတက်ခါစက ဒါမျိုးလေးတွေရေးဖူးတယ်။ ဘုတ်အုပ်လေးနဲ့ပေါ့။ ကိုယ်လည်း သူများကို ရေးခိုင်းဖူးတယ်။ ရေးရတာလည်း ကြိုက်သလို သူများတွေရေးထားတာကို ဖတ်ရတာလည်း ကြိုက်တယ်။ တစ်ခါတလေ ပျင်းရင် အဲ့ဒါပဲ ထိုင်ဖတ် နေတက်တယ်။ ပျော်စရာသိပ်ကောင်းတယ်။ သူများဘလောဂ့်တွေထဲမှာ ရေးထားတာတွေ့ကတည်းက ရေးချင် နေတာ။ ကိုယ့်ကို တက်မယ့်သူလုံးဝမရှိတော့ရင့် ကိုယ့်ဘာသာကိုယ့်ဘဲ တက်ပြီးရေတော့မလို့။ ဟိဟိ။ အခုလိုတက်တဲ့ ဦးဇူလိုင်ကြီးကို ကျေးဇူး။

  • ကိုယ့်နာမည်- ဘလောဂ့်ထဲမယ်တော့ နှင်းဆီနီနီပေါ့။
  • ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နီနီ။ အနီရောင်။
  • ကိုယ်ဒီမှာနေတယ် - ကမ္ဘာ့မြေပုံပေါ်က အနီရောင်အစက်လေးမှာ။
  • ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ၆၅၆၅....(နောက်ဆုံးလေးလုံး မေ့နေလို့)။
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
  • အရောင်ဆိုရင် - အနီရောင်။ တစ်ခြားအရောင်တွေလည်း ကြိုက်ပါတယ်။
  • အ၀တ်အစားဆိုရင် - ကိုယ်နဲ့အဆင်ပြေတာလေးတွေရွေးတက်ပေမယ့် အစွန်ရောက် ကြိုက်တက်တယ်။
  • အစားအစာဆိုရင် - မစားကောင်းတဲ့အစားအစာကလွဲရင် အကုန်စားတယ်။
  • ပစ္စည်းဆိုရင် - တာရှည်အသုံးခံမယ့် ပစ္စည်းမျိုးရွေးတက်တယ်။

  • သီချင်းဆိုရင် - အဆိပ်ခွက် နဲ့ ရန်သူတစ်ထောင်(မျိုးကြီး)။ ကျေးဇူး(ဒိုးလုံး)။ မယ်တင်(ဟန်ထူးလွင်)။
  • စာရေးစာဆရာ - ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ နုနုရည်(အင်းဝ)၊ မိုးမိုး(အင်းလျား)၊ တာရာမင်းဝေ၊ နီကိုရဲ၊ အကြည်တော်၊ ဂျူး။
  • စာအုပ် - ကျောင်စာအုပ်မှလွဲပြီး အကုန်ကြိုက်တယ်။
  • Life style – အရိုးသားဆုံး နဲ့ အပျော်ရွှင်ဆုံး။

  • ကိုယ့်ရဲ့ဝါသနာ - သစ်ပင်စိုက်တာ။
  • အလိုချင်ဆုံးလက်ဆောင် - ဘ၀ကပေးမယ့် ပျော်ရွှင်ခြင်းလက်ဆောင်။
  • ကိုယ့်ရဲ့ အချစ်ဆုံးသူက -ဖေဖေ၊ မေမေ နဲ့ မောင်လေး။
  • ကိုယ့်ရဲ့ အလေးစားဆုံးသူက - မြတ်စွာဘုရား။
  • ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - အင်းးးး။
  • ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက- ဖေဖေနဲ့ မေမေ။
  • ကိုယ့်ရဲ့ အမုန်းဆုံးသူက - ကိုယ့်ကိုမုန်းတဲ့လူ ကို အမုန်းဆုံးဘဲ။
  • ရင်အခုန်ဆုံးအချိန် - အပါချီပေါ်တက်ခါနီးအချိန်နဲ့ အပါချီပေါ်မှာ ထိုင်နေတဲ့အချိန်။
  • အကြောက်ဆုံးအချိန် - ၁၆ သြဂုတ်မှစလို့ အခုထိ။
  • အပျော်ဆုံးအချိန် - ပထမဆုံးမွေးနေ့ကိတ် လက်ဆောင်ရပြီး လှီးတုန်းက။
  • အမှတ်တရနေ့ - ၁-၄-၂၀၀၆
  • ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - တောင်းတဲ့ဆုတိုင်းပြည့်ရပါစေသား။

  • အချစ်ဆိုတာ - အချစ်လည်းမဟုတ် အမုန်းလည်းမဟုတ်တာ က သုံညဆို အချစ်က +၁။
  • အမုန်းဆိုတာ - သုံညရဲ့ အခြားတစ်ဘက်က -၁။
  • အလွမ်းဆိုတာ - ရင်ထဲမှာ နင့်နင့်သီးသီး၊ ဆို့ဆို့နင့်နင့် နဲ့ အသက်ရှူကျပ်သလိုမျိုးဖြစ်တာ ထင်တယ်။
  • သံယောဇဉ်ဆိုတာ - သေမလောက်မုန်းနေရင်တောင် ဖြတ်လို့မရဘူး။ ဒါပေမယ့် အဲ့ဒါ အချစ်မဟုတ်ဘူး။
  • ဘ၀ဆိုတာ - ဘ+၀။
  • သူငယ်ချင်းဆိုတာ - သူငယ်ချင်း+သူငယ်ချင်း=သူငယ်ချင်း
  • ချစ်သူဆိုတာ - ချစ်သူဆိုတာ...ကိုယ့်ကို နားလည်ပေးနိုင်ဆုံး ကိုယ့်ချစ်တဲ့သူ။
  • ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - ချစ်ဖို့ကောင်းပေမယ့် သိပ်ပြီးရစ်တက်တယ်။ ဟိ။အခုထိတော့ အသုံးမကျ သေးဘူးပေါ့။
  • ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - "ညီမျှခြင်း"
  • အပြောချင်ဆုံးစကားတစ်ခွန်း - ဘယ်တော့မှ မျှော်လင့်ချက်တွေ မစွန့်လွှတ်ချင်ဘူး...ရမလား။
ဒီပိုစ့်လေး ဖတ်ပြီးတော့ ရေးချင်စိတ်ရှိသူများကို တက်လိုက်တယ်လို့မှတ်လိုက်ပါ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။