Monday, 8 September 2008

National Museum of Singapore




ကျောင်းကကျောင်းသားကဒ်နဲ့ ပြတိုက်တွေအခမဲ့ဝင်ခွင့်ရှိတယ်ပြောတာနဲ့ အရင်အပတ်က စင်္ကာပူအမျိုးသား ပြတိုက်ကိုရောက်ဖြစ်ပါတယ်။ အမျိုးသားပြတိုက်ဆိုတော့ ဘာတွေများတွေ့မလဲဆိုပြီး သွားကြည့်ဖြစ်ပါတယ်။ ၀င်ခွင့်က ပုံမှန်ဆိုရင် ၁၀ ပါ။ ၁၀ဆိုတာ ဈေးသိပ်ပြီမကြီးဘူး ဆိုပေမယ့် ပိုက်ဆံပေးပြီးသွားရမယ်ဆိုရင် တော်တော်နဲ့သွားဖြစ်မယ်မထင်ပါဘူး။ ကျောင်းသားတွေအခမဲ့ဆိုတော့လည်း သွားကြည့်ဖြစ်ခဲ့ပါတယ်။




စစချင်း အမျိုးသားပြတိုက်ထဲမှာကို ပြတိုက်အငယ်လေးလေးတွေအများကြီးရှိတဲ့အထဲမှ စင်္ကာပူသမိုင်းပြတိုက်ကို အရင်ဆုံးကြည့်ဖြစ်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ခေတ်အမှီဆုံးနိုင်ငံလို့ပြောနိုင်တဲ့ နိုင်ငံရဲ့ ပြတိုက်ဆိုတော့ ဘာသမိုင်းတွေရှိမလဲဆိုတာ တော်တော်ပဲ စိတ်ဝင်စားမိပါတယ်။ ပထမဆုံး အ၀င်ပေါက်ကပေးလိုက်တဲ့ ဘာကုဒ်ပါတဲ့လက်မှတ်လေးနဲ့ စင်္ကာပူသမိုင်းပြတိုက်အ၀င်မှာဖြတ်ပြီးဝင်တော့ အ၀င်ပေါက်မှာဘဲ ပြတိုက် အကြောင်းရှင်းမယ့် အသံသွင်းထားတဲ့ လမ်းညွှန်းမြေပုံလေးတစ်ခုပေးပါတယ်။ ပြတိုက်ဝင်ဝင်ချင်းမှာ ဘယ်လို အသုံးပြုရမယ်ဆိုတာ ရှင်းပြပါတယ်။ သူက ပြတိုက်ထဲက လမ်းညွှန်းအမှတ်အ သားတွေရှိတဲ့ နေရာရောက်ရင် အဲ့ဒီလမ်းညွှန်းအမှတ်အသား နံပါတ်လေးရိုက်လိုက်တာနဲ့ သွင်းထားတဲ့ အသံထွက်လာပြီး ကိုယ့်ရောက်နေတဲ့ နေရာမှာ သိသင့်တဲ့သမိုင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေကိုရှင်းပြပါတယ်။


ရှေ့အကျဆုံးကျောက်စာလို့ပြောတဲ့စာလေးပါ။

စင်္ကာပူဆိုတာ ဒုတိယကမ္ဘာစစ်ပြီးမှ ပေါ်လာတဲ့နိုင်ငံဖြစ်လို့ ဘာမှရှိမှာမဟုတ်ဘူးလို့ ထင်ထားမိတဲ့ ကျွန်မတို့တတွေ တော်တော်အံ့သြလောက်အောင်ကို သမိုင်းအသေးစိတ်ကိုချပြီးပြထားတာတွေ့ရပါတယ်။ ကျွန်မတို့မမျှော်မှန်းထားတဲ့ အခြေအနေ အနေအထားမျိုးချပြီးပြနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ နိုင်ငံအနေအထား အရတော့ ယုံချင်စရာဖြစ်အောင်ကို သမိုင်းကိုဖန်တီးထားပါတယ်။ အတော်လေးထူးဆန်းတာကတော့ ယုံနိုင်စရာကောင်းလောက်အောင် အချက်အလက်တွေချပြပြီး ဒီနိုင်ငံရဲ့ သမိုင်းထဲကို ဘုရင်တွေဘာတွေ ဆွဲထည့်ထားတာပါပဲ။ ကြည့်ရတာ လူငယ်တွေကို သူတို့ဆီမှာ ခိုင်လုံတဲ့သမိုင်းရှိတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်စေချင်ပုံရပါတယ်။ ဒါတော့ကျွန်မရဲ့အမြင်ပါ။


ချစ်စရာကောင်းလို့ ရိုက်လာခဲ့တဲ့ ဆိုင်ကယ်လေးပါ။


ဓါတ်ပုံတွေရောင်းတဲ့စက်လို့ ထင်ပါတယ်။

စင်္ကာပူဆိုတာ ဘယ်လိုစဖြစ်တာပြီးသွားပြီးချိန်မှာ စင်္ကာပူမှာနေထိုင်တဲ့လူတွေဘယ်ကစလဲဆို တာမျိုးပြထား ပါတယ်။ ကျွန်မစိတ်အ၀င်စားဆုံးပြတိုက်ထဲက အရာကတော့ စင်္ကာပူကိုဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို ထူထောင်ခဲ့တယ်ဆိုတဲ့နေရာလေးပါဘဲ။ ဒီကျွန်းလေးကို လူမျိုးပေါင်းစုံလာရောက် နေထိုင်ကြပြီး စီးပွားရေး လုပ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးမှ နိုင်ငံကို စနစ်တကျတည်ထောင်ခဲ့ကြပါတယ်။ အဲ့ဒီတည်ထောင်တဲ့နေရာ ဘယ်လိုဘယ်ပုံတည်ထောင်ခဲ့တယ် ဘယ်လိုစိတ်ဓါတ်လေးနဲ့ တည်ထောင်ခဲ့တယ်ဆိုတာ ပြတဲ့ပြကွက် တွေကိုသဘောကျမိပါတယ်။ နောက်ပြီး လီကွမ်းယူရဲ့ မိန့်ခွန်း တစိတ်တဒေသကိုပြထားပါတယ်။ အဲ့ဒီထဲက သူပြောတဲ့ ခင်ဗျားတို့သားသမီးတွေကို နောင်ဆယ်နှစ်မှာ တက်စီဒါရိုက်ဘာဖြစ်စေချင်လားဆိုတဲ့ တစ်ခွန်းကို သဘောကျမိပါတယ်။ ဒီနိုင်ငံကို ဘယ်လိုဖြစ်သွားအောင် ပြုပြင်ပြောင်းလဲပစ်မယ်ဆိုတာမျိုး မိန့်ခွန်းတွေ ပြသထားပါတယ်။ စင်္ကာပူ သမိုင်းပြတိုက်ထဲက အဲ့ဒီအခန်းကိုကြိုက်မိပါတယ်။


မလေးနာမည်ကြီးအဆိုတော်ပါ။ ကျွန်မကတော့ မလေးဝင်ဦးလို့ နာမည်ပေးထားပါတယ်။

စင်္ကာပူမှာ ဒေသစားစရာတွေကို ဒီလိုရောင်းလိမ့်မယ်လို့ မထင်မိပါဘူး။
(ရခိုင်မုန့်တီရောင်းနေသလိုဘဲနော်)

ပြီးတော့ လွန်ခဲ့တဲ့ နှစ်၃၀ လောက်ကသူတို့နိုင်ငံမှာ အသုံးပြုခဲ့တဲ့ အစားအသောက်ဈေးဆိုင်ပုံစံမျိုးတွေကို ပြတိုက်ထဲကိုထည့်ပြီးပြထားပါတယ်။ အဲ့ဒီအပိုင်းလည်းအတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ ရုပ်ရှင် နဲ့ဂီတ၊ ဖက်ရှင်နဲ့ဓါတ်ပုံပြခန်းတွေလည်းရှိပါတယ်။ စင်္ကာပူပြခန်း အပြင်အဆင်ကို အခန်းအနားဆုံး ပြင်ဆင် ထားပြီး စီးပွားရေးကောင်းတော့ ယဉ်ကျေးမှုတွေကို သူမတူအောင်မြှင့်ထားတာကိုတွေ့ရပါတယ်။ ဒီပြတိုက်ကို သွားသင့်လားမသိလားဆိုတာကတော့ သူတို့ကိုအထင်ကြီးဖို့ထက် သူတို့ဘယ်လိုထူထောင် ခဲ့တယ်ဆိုတာမျိုး၊ ဘယ်လိုစိတ်ဓါတ်တွေထားရှိခဲ့တာမျိုးအတွက် သွားသင့်တယ်လို့တိုက်တွန်းချင်ပါတယ်။
ပျော်ရွင်ပါစေ။
နှင်းဆီနီနီ။