ရေးမယ်ဆိုပြီး ပြောထားပြီး မရေးရသေးတဲ့အကြွေးကို ပြီးအောင် ဆပ်မယ်လို့။ တော်ကြာ သေပြီး အကြွေးတင်နေမှာဆိုးလို့။ မသေခင် ၁၀ ရက် ဘာလုပ်မလဲလို့ မေးရင် အမှန်တော့ ဘာရေးရမှန်းကို တကယ်မသိမိဘူး။ ဒါကြောင့်လည်း လက်နှေးနေတာ ပါတယ်။ အမှန်တော့ ကျွန်မ အပျော်ရွှင်ဆုံး အချိန်က မိတ္ထီလာမှာနေတုန်းက အချိန်တွေပါဘဲ။ ဘယ်လိုမှ ပြန်မရတော့တာတွေ လူတွေကလိုချင်တယ်လို့ ပြောရင် ဟုတ်ပါတယ်လို့ ထောက်ခံမိမယ်။
ကျွန်မမှာ စိတ်ကူးလေးတစ်ခုရှိတယ်။ တကယ်လို့ ကျွန်မသာ ချမ်းသာခဲ့ရင်ဆိုပြီးပေါ့။ ကျွန်မတို့ ငယ်ငယ်က တက်ခဲ့တဲ့ကျောင်းက ကျောင်းဆောင်က အလယ်တန်းကျောင်းဆောင်ပါတွက်မှ တစ်ထပ်ကျောင်ဆောင် သုံးဆောင်ဘဲရှိတယ်။ ကျောင်းသားနဲနဲပဲရှိတဲ့ နယ်ကကျောင်းပေါ့။ တောကျောင်းလေးပေါ့။ ကျွန်မတို့ မမွေးခင် ကတည်းက အဲ့ဒီကျောင်းကရှိခဲ့တာပါ။ အရင်တုန်းက တန်းယားတွေကို ကျောင်းလုပ်ထားတာပါ။ အကျောင်းအိမ်သာဆိုတာ ရှိပေမယ့် သိပ်ပြီးသန့်ရှင်းမှုမရှိဘူး။ ထူးခြားတာကတော့ ကျောင်းဘေးက ဘောလုံးကွင်းကျယ်ကြီးတစ်ခုရှိတာကလွဲလို့ ကျွန်မတို့ ကျောင်းမှာ ဘာမှထူးခြားတာမရှိပါဘူး။ ဒါပေမယ့် အဲ့ဒီကျောင်းကဘဲ ဆရာဝန်ဖြစ်မယ့်သူ၊ အင်ဂျင်နီယာဖြစ်မယ့်သူ စတဲ့ လူရည်ချွန်ရဲ့ ပထမဆုံးနို့ဦးရည် သောက်စို့ရာ နေရာဖြစ်နေတာလေးတစ်ခုဘဲထူးခြားတယ်။
အဲ ကျွန်မချမ်းသာရင်ဖြင့် ကျောင်းဆောင်အသစ်တွေဆောက်မယ်၊ ကျောင်းက အိမ်သာတွေကို ပြန်ပြင်ဆောက်မယ်လို့ စိတ်ကူးဖူးတယ်။ ငယ်ငယ်တုန်းက စိတ်ကူးပါ။ ငါချမ်းသာရင်ပေါ့။ ကိုယ်မကြည့်ခဲ့၊ မဖတ်ခဲ့ရတဲ့ ကျောင်းစာကြည့်တိုက်ကို နောင်လူတွေကြည့်လို့ရအောင် လုပ်ပေးမယ်လို့ စိတ်ကူးဖူးတယ်။ ငါကြီးလို့ ချမ်းသာရင်ဆိုပြီး ငယ်ငယ်တုန်းကပေါ့။ အခုကြီးတော့လည်း အခုအချိန်ထိ ကိုယ်ရှာတဲ့ငွေဆိုတာ က ကိုယ့်အသုံးစရိတ်တောင်လောက်တယ်မရှိတာ။ တစ်လစာ စားစရိတ်တောင်မလောက်တာ။ ကျောင်းဆောက်ဖို့ ဆိုတာဝေးပါရော။ ငယ်ငယ်တုန်းကတော့ အသက် ၂၆ နှစ်လောက်ဆို ငါ အတည်တကျ ဖြစ်ပြီး။ ငါလူကြီးဖြစ်ပြီး ပိုက်ဆံတွေဝင်ပြီလို့ မှတ်ခဲ့တာ။ အခုထိ ကျောင်းတက်လို့ မပြီးနိုင်သေးဘူး။ အလုပ်မရှိသေးဘူး။ စုထားတဲ့ငွေမရှိဘူး။ အခုထိ ငယ်ငယ်တုန်းကလိုဘဲ မိဘဆီက ပိုက်ဆံလက်ဖြန့် တောင်းရတဲ့ဘ၀ကနေ မကျွတ်သေးဘူး။ ဒီလို ဘ၀။
တကယ်လို့ ဒီဘ၀မှာ သင် နောက် ၁၀ရက်နေရင် သေတော့မယ်လို့သာ သေမိန့်ကို သိခဲ့ရင် ကျွန်မဘာလုပ် မယ်ဆိုတာ ဝေခွဲလို့မရခဲ့ဘူး။ တကယ်ပါ။ ဘာလုပ်ရင်ကောင်းမလဲပေါ့။ ကျွန်မအိမ်ရှိတာ ပြန်ရအောင် မြန်မာပြည်မှာ မိဘမရှိဘူး။ ကျွန်မတသက် ကျွန်မ မိဘရှိရာနေရာကသာ ကျွန်မအတွက်အိမ်ဖြစ်ခဲ့တာပါ။ မိဘက အမြဲပြောင်းနေတာ့ ကျွန်မအတွက် အိမ်တွေက များလှပါတယ်။ သူငယ်ချင်းတွေလည်းများလှတယ်။ မသေခင် ဘာလုပ်ချင်လဲမေးရင် ကျွန်မနေဖူးတဲ့နေရာတွေကို ပြန်သွားချင်တယ်။ အဲ့ဒါကတော့ ကျွန်မဆန္ဒပေါ့။ ကျွန်မ သွားချင်တဲ့နေရာတွေကိုရောက်ပါ့မလား။ ကဲ စပြီး ရက်တွက်ရအောင်။
ပထဆုံး သိသိချင်း အိမ်ပြန်ဖို့ ဗီဇာလျှောက်ရမယ် အဲ့ဒါက လေးရက်ကြာမယ်။ အိမ်ပြန်ဖို့အတွက် လေယာဉ်လက်မှတ်ဝယ်ရမယ်။ အဲ့ဒီအတွက် ပိုက်ဆံအနည်းဆုံး ကျွန်မမှာ စင်္ကာပူငွေ ၅၀၀ လောက်ရှိမှ အိမ်ပြန် လို့ရမယ်။ ပိုက်ဆံမရှိလည်း ကိစ္စတော့မရှိပါဘူး။ မရှိဝမ်းစာ ရှိတန်ဆာဆိုတဲ့အတိုင်း ရှိတာ တွေရောင်း ရမှာပေါ့။ ခရီးစရိတ်လောက်တော့ရမယ်ထင်တယ်။ အဲ့ဒါက ပထမ တစ်ရက်။ ဗီဇာလျှောက်မယ်။ လေယာဉ်လက်မှတ်ဝယ်ရမယ်။ ဗီဇာရတာနဲ့ ချက်ချင်းသွားမှာဆိုတော့ လေးရက်မြောက်နေ့ မရောက်ခင် ထိတော့ ဒီမှာနေရမှာပေါ့။ ဒီရက်ပိုင်း အတွင်း ဒီမှာရှိတဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်မယ်။ အိမ်ကိုလည်း ဖုန်းဆက်ပြီးပြောမယ်။ ပြန်လာမယ် ပေါ့။ အိမ်ကတော့ ၀မ်းသာမယ်ထင်တယ်။
လေးရက်မြောက်တဲ့ ဗီဇာရတဲ့နေ့မှာ ကားနဲ့ ဂျဟိုကိုသွားပြီး လေယာဉ်ပျံစီးမယ်။ လေယာဉ်အနည်းဆုံး ၃ နာရီ စီးပြီးမှ အိမ်ရောက်မှာဆိုတော့ ညနေဘက်စီးရင် ညဘက်လောက်တော့ အိမ်ရောက်လောက်မယ်။ အိမ် ရောက်ရောက်ချင်းတော့ အိမ်ကို ဘာမှပြောဖြစ်မယ်မထင်ဘူး။ အားလုံးပျော်ရွှင်စွာညစာစား ရယ်မြော့ပီး အိပ်မယ်။
ငါးရက်မြောက်တဲ့နေ့ ဖေဖေနဲ့ မေမေအတွက် မနက်စာပြင်ပေးမယ်။ ဖေဖေနဲ့မောင်လေးအတွက် နေ့လည်စာ လုပ်ပြီးလို့ အလုပ်သွားရင်တော့ ဒီက အတွေ့အကြုံတွေကို မေမေ့ကိုပြောပြမယ်။ ပြီးရင် ကိုယ်ဆိုးခဲ့တာတွေ တောင်းပန်မယ်။ ဟီးး ကိုယ် ချစ်တဲ့သူတွေအကြောင်းပြောပြမယ်။ မေမေကတော့ တအံ့တသြ နားထောင်မယ်ထင်တယ်။ သူ့သမီးမှာ ဒါမျိုးတွေရှိမှန်း သူသိမှာမှမဟုတ်တာ။ မချစ်တက်ဘူးပဲ ထင်နေမှာ။ အင်း သိချင်လည်း သိမှာပေါ့။ မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ် မသေချင်မှာ ကိုယ့်မေမေကိုတော့ တရားဝင်ပြောပြသင့်တယ်ပေါ့နော်။ အဲ့ဒါကတော့ ကိုယ်လှို့ဝှက်ထားတဲ့ ကိစ္စလေးတွေ ပြောပြမယ်။ မဟုတ်ရင် မေမေက စိတ်မကောင်းဖြစ်နေမှာ။ ဟီးး အခုတောင် စိတ်မကောင်း ဖြစ်နေတာ။ ညနေအားလုံးပြန်လာရင် ညစာချက်ထားတယ်။ ညစာ စားပြီးရင် လမ်းလျှောက်ထွက်မယ်။ ဒါက ကျွန်မတို့ မိသားစု လုပ်နေကျ ဘ၀လေးပေါ့။ ဒါလေးပြီးမှ အိပ်ခါနီး ဖေဖေ၊ မေမေတို့ကို ကန်တော့ပြီးမှ သမီးနောက် ၅ ရက်နေရင် သေတော့မယ်လို့ ဖွင့်ပြောမယ်။ မေမေရော ဖေဖေရော ၀မ်းနည်းမယ်ထင်တယ်။ အမြဲရန်ဖြစ်နေကျ မောင်လေးကရော ဘာပြောမယ်ထင်လဲ။ နင်ရူးနေလားလို့ ရန်ထောင်မယ်ထင်တယ်။ ကျွန်မ သေချာရှင်းပြမယ်။ ကျွန်မသေတော့မှာ သေချာတယ် ဆိုတဲ့ အကြောင့်ကိုပေါ့။ အဲ့ဒီတစ်ညလုံးငို နေမယ်ထင်တယ်။
နောက်ပြီး ထုံးစံအတိုင်း ဖေဖေကို ခွင့်တောင်းမယ်။ နောက်ဆုံးအနေနဲ့ မွေးရပ်မြေကို ပြန်ချင်တဲ့အကြောင်းနဲ့ တက်နိုင်ရင် နောက်ဆုံးတောင်းဆိုတဲ့အနေနဲ့ ကျွန်မစိတ်ကူးတွေကိုပြောပြပြီး ဖေဖေတက်နိုင်သလောက် ကူညီဖို့ တောင်းဆိုမယ်။ ကျွန်မစိတ်ကူးတွေကို ပြည့်နိုင်လောက်တဲ့ အထိ ကျွန်မမှာခွန်အားမရှိတာ။ ကျွန်မစု ထားတဲ့ ရတနာတွေ။ အဲ ကျွန်မ ရတနာစုတာ ၀ါသနာပါတယ်။ ရတဲ့ မုန့်ဖိုးတွေကို စုပြီး ရွှေတို့ဘာတို့ ၀ယ်စုတဲ့အလေ့ရှိတော့ အဲ့ဒါတွေကို မေမေ့ဆီကတောင်းပြီး ပြန်ရောင်းလိုက်ရင်တော့ အိမ်သာ နှစ်လုံးလောက်တော့ ရမယ်ထင်တယ်။ ဒါက ကျွန်စိတ်ကူးပါ။
ဒါပေမယ့် ကျွန်မဖေဖေက မသေခင် ကျွန်မကို သူ့အနားကနေ ပြန်လွှတ်ပါ့မလား။ တကယ်လို့ ကျွန်မနဲ့ အတူ မြန်မာပြည်ပြန်မယ်ဆို သိပ်ပြီး ကောင်းမှာဘဲ။ ဒါဆို တစ်မိသားစုလုံး အတူသွားလို့ရပြီ။ ၅ရက်မြောက်နေ့မှာ ဘဲ အဲ့ဒီကိစ္စကို အပြီးရှင်းပြီး နောက်နေ့ မြန်မာပြည်ပြန်မယ်။ ဒါက ကျွန်မစိတ်ကူးပေါ့။ ထားပါတော့ ဒီလိုဘဲ ဖြစ်တယ်လို့။
ခြောက် ရက်မြောက်တဲ့နေ့မှာ ရန်ကုန်ရောက်မယ်။ ခြောက်ရက်မြောက်တဲ့နေ့မှာ ရန်ကုန်မှာညအိပ်မယ်။ အဲ့ဒီမှာ ရှိတဲ့ မိတ်ဆွေတွေကို ဖုန်းဆက်မယ်။ ငါ ပြန်လာပြီလို့။ ပြီးတော့ မန်းလေးလေးက သူငယ်ချင်းတွေ၊ အမျိုးတွေဆီ ဖုန်းဆက်မယ်။ ပြန်ရောက်ပြီဆိုတဲ့အကြောင်းပေါ့။ ထွေရာလေးပါပြောမယ်ပေါ့။
ခုနှစ်ရက်မြောက်တဲ့နေ့ နံနတ်မှာ ရွှေတိဂုံဘုရားဖူးတယ်။ မသေချင် အကုသိုလ်တွေများတော့ ကုသလိုလ်လေး နဲနဲပါးပါး သယ်သွားဦးမှ။ ပြီးတော့ သင်္ကန်းလှူမယ်။ ပြီးတော့မှကားဂိတ် မဆင်းခင် ကျွန်မ အိပ်မက်ထဲမှာ ခဏခဏမတ်တက်တဲ့ မှော်ဘီက အိမ်လေးဆီ ကိုသွား ကြည့်မယ်။ ပြီးရင် ကားဂိတ်ဆင်းပြီး မွေးရပ်မြေကို သွားမယ်။ မွေးရပ်မြေကိုတော့ ရှစ်ရက်နေ့ မနက်မှာရောက်မယ်ပေါ့။
ရှစ်(ချစ်)ရက်နေ့ မိတ္ထီလာလိုဆိုရင်တော့ ချစ်ရက်နေ့ပေါ့။ အိမ်နားကကျောင်းလေးကိုသွားမယ်။ ရှိနေမယ် ထင်တဲ့ သူငယ်ချင်တွေလိုက်ရှာမယ်။ ဒီအချိန်သွားရင်တော့ မိတ္ထီလာမှာ အရမ်းအေးတဲ့အချိန်ရောက်မှာ သေချာတယ်။ ရောက်ရောက်ချင်း ငယ်ငယ်က ၀င်ပြီး ငေးခဲ့ရတဲ့ မိဘမေတ္တာ စာအုပ်ဆိုက် စာအုပ်တွေ ၀ယ်မယ်။ ပြီးရင် ကျောင်းစာကြည့်တိုက်ကိုလှူမယ်။ ကျောင်းက အိမ်သာအတွက် ငွေလှူမယ်။
ပြီးရင် ကျွန်မမူကြိုတက်တုန်းက ရှိခဲ့တဲ့ ကျောင်းလေးရယ် ရှိမယ်လို့ ထင်တဲ့ ကျောင်းက ဆရာမတွေကို သွား နှုတ်ဆက်မယ်။ ကျွန်မကြီးပြင်းခဲ့တဲ့၊ ဆိုးခဲ့တဲ့နေရာတွေ၊ ရွှေရောင်သန်းခဲ့တဲ့ နေ့ရက်တွကို ပြန်ပြောင်း အောက်မေ့မယ်။ ငယ်ငယ်က တက်ခဲ့ဖူးတဲ့ သြဇာပင်ပါမယ်၊ တမာပင်ပါမယ်။ ကောက်ခဲ့ဖူးတဲ့ စကားပင်ခြေကို သွားမယ်။ မွေးရပ်မှာ တစ်ည အိပ်မယ်။ အဲ ညစာကိုတော့ မြို့ထဲမှာ တွေ့ရာလျှောက်ဝယ်စားမယ်။ အကုန်စားမယ်။ ဖတ်ထုပ်ကြော်ပါမယ်။ ဖိုးစိန် ဆီချက်ပါမယ်။ ညဈေးလျှောက်မယ်။ အဲ ဒီအချိန်ဆို ဖောင်တော်ဦး ဘုရားပွဲရှိတယ်။ ဘုရားပွဲဈေးလည်မယ်။ ငယ်ငယ်တုန်းကလိုပေါ့။
ကိုးရက်မြောက်တဲ့နေ့။ မွေးရပ်မြေရဲ့ နံနက်ကို ထပ်ပြီး ခံစားမယ်။ ပြီးရင် မန်းလေးသွားမယ်။ ငယ်ငယ် ကတည်းက မန်းလေးသူဖြစ်ချင်တာ။ မန်းလေးမှာမမွေးရင်တောင် သေရင်မန်းလေးမှာ သေချင်တယ်။ မိတ္ထီလာ-မန်းလေး လမ်းဘေးတစ်ရှောက် ဘာတွေထူးခြားပြီး ပြောင်းလဲသွားလည်း ကြည့်မယ်။ ကူမဲက အရင်တုန်းက ၅ ကျပ်တန် ကြာဆံဟင်းခါး ဘယ်လောက်ဖြစ်သွားလဲ သိချင်တယ်။ မြင်တိုင်း လက်ညှိုးထိုးပြီး စားချင်တဲ့အော်တက်တဲ့ အမဲခြောက်ကြော် ရှိသေးလားမေးမယ်။ မန်းလေးနဲ့ ထီလာ အနည်းဆုံး နှစ်နာရီတော့ ကြာမယ်ထင်တယ်။ ရောက်ရောက်ချင်း သိပ်ပြီး တွေ့ချင်တဲ့ ဖွားဖွားကို သွားတွေ့ မယ်။ ကန်တော့မယ် ပြီးရင် သူငယ်ချင်းတွေနဲ့ လျှောက်လည်းမယ်။ မုန့်တွေလျှောက်စားမယ်။ မီးလောင်သွားတဲ့ ရတနာပုံဈေး ကိုသွားကြည့်မယ်။ အဲ ၅ နာရီအရောက် အိမ်ပြန်မယ်။ အဖွားအိမ်မှာက ၅ နာရီ အိပ်အရောက်ပြန်ရတယ်။ မဟုတ်ရင် အဖွားကစိတ်ပူနေရော။ အဲ့ဒီထက်နောက်ကျမှပြန်လာရင် အဖွားကို ချွဲရတာလည်း အရသာတမျိုးပေါ့။
တကယ်လို့ ဆယ်ရက်မြောက်တဲ့ နေ့မှာသာအချိန်ရွေးလို့ရခဲ့ရင် မနက်စောစော ဘုရားကြီးမှာ မျက်နှာသစ်တော်ရေလှူတာ ဖူးသွားချင်တယ်။ မန်းလေးမှာနေကတည်းက တစ်ခါမှ မဖူးဘူးဖူး။ အဲ့ဒါ မသေခင် ဖူးချင်တယ်။ မနက်လေးနာရီဆိုတော့ မှီမယ်ထင်ပါတယ်။ ပြီးရင် အားလုံးကို ဒီမှာသေချင်လို့ ပြန်လာတာလို့ပြောလိုက်မယ်လေ။ အဖွားကတော့ ငိုနေမှာပေါ့။ သူမြင်ချင်တဲ့ကျွန်မပုံကို မမြင်ရခင် ကျွန်မ သေသွားမှာမို့။ ခရီးတလျှောက်လုံး အနားမှာ ရှိတဲ့ ကျွန်မ ဖေဖေ၊မေမေနဲ့ မောင်လေးကို အားလုံးအတွက် ကျေးဇူးတင်ကြောင်းပြောမယ်။ ဒီလောက်ဆိုရင် သေလို့ရပြီထင်တယ်နော်။
အဲ ကျန်သေးတယ်။ ယောက်ျားယူရင် သယ်သွားဖို့စုထားတာလေးတွေကို မောင်လေး နင်ဘဲယူလိုက်တော့ လို့ ပြောလိုက်တော့မယ်။ ပြီးတော့ သေချာစည်းကမ်းရှိရှိသုံးဖို့လည်း မှာရဦးမယ်။ ဘာတွေစုထား တာလည်းလို့ တော့ မမေးနဲ့ မပြောပြဘူး။ ပြီးတော့ ကျွန်မအ၀တ်အစားတွေကို စီစဉ်ဖို့ ညီမလေးတွကိုမှာခဲ့မယ်။ ဒါဆိုရပြီထင်တယ်နော်။
အဲ သေရင်ဘယ်လိုသေမှာလဲမသိဘူး။ ကျွန်မ သေချင်သလို သေလို့ရမယ်ဆိုရင် အိပ်ပြီးမှာ ညင်ညင်သာသာလေး သေချင်တာ။ အဲ့ဒီလို သေရင် သိပ်ကောင်းမယ်။ အဲ့ ပြီးတော့ ကျွန်မရဲ့ ခန္ဓာကိုယ်က သုံးလို့ရတဲ့ပစ္စည်းတွေကို လိုအပ်တဲ့လူတွေကို လှူခဲ့မယ်။ ကောင်းမယ် အပိုင်းတွေကိုယူနိုင်တယ်ပေါ့။ အထူးသဖြင့် မျက်လုံးပေါ့။ ကျွန်မ အရင်ဘ၀က ဘာလုပ်ခဲ့လည်းမသိဘူး။ မျက်စိမကောင်းဘူး။ အဲ့ဒီအတွက် မျက်ကြည့်လွှာလှူမယ်ပေါ့။ ကျန်တဲ့အပိုင်းတွေကိုလည်း ကောင်းတာရှိရင် ဖြတ်ယူပါပေါ့။ ဒါပါဘဲ။
ကျွန်မသာ ကျွန်မဘယ်နေ့ သေမယ်သိခဲ့ရင် ဖြစ်ချင်တာလေးကတော့ ဒါပါဘဲ။ မိဘကို ပြန်မလုပ်ကျွေး တဲ့အပြင်။ သေခါနီးတောင် လိုချင်တာတောင်းတဲ့ ဒီလို သားသမီးမျိုး ဖေဖေတို့ မေမေတို့ ရတာ တော်တော် မကောင်းဘူးနော်။ ကံဆိုးတဲ့ မေမေနဲ့ဖေဖေကိုတော့ နောက်ဘ၀ရောက်မှ အခွင့်ရှိရင် အကြွေးဆပ်ပါ့မယ့်လို့ ပြောရင် သေမယ်နော်။
ရေးခိုင်းလို့သာရေးရတယ်။ တကယ်လည်း ရေးရော မျက်ရည်စမ်းစမ်းနဲ့။ တမျိုးမထင်နဲ့ ကိုယ်ဖြစ်ချင်တာတွေ ၊ ကိုယ်လုပ်ချင်တာတွေမေ့နေတာ ဒီပိုစ့်ရေးမှ သတိရလို့။ ကိုယ်ဘယ်လောက် ဆိုးလည်းဆိုတာ စာဖတ်တဲ့ လူတွေကို ချပြသလိုဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်စရာတွေကို ပြန်သတိရတာပေါ့။

အားလုံးပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။
နှင်းဆီနီနီ။။