အမှန်တော့ ကင်ဆာဆိုတာ သေချာ မြင်ဖူးကြားဖူးတာ၊ ကြားဖူးတာက ငယ်ငယ်တုန်းက အရပ်ထဲက သိပ်ပြီးလှတဲ့ အန်တီကြီး ရင်သားကင်ဆာဖြစ်တုန်းက တခါ။ အဲ့ဒီတုန်းက ကိုယ်က ၃ တန်းဘဲရှိသေးတာ။ ကင်ဆာနဲ့သေတာတဲ့၊ သေခါနီးမှာ အရမ်းပူတာတဲ့၊ ဆံပင်တွေကျွတ်ကုန်တာတဲ့ စသည်ဖြင့် ကင်ဆာရဲ့ ကောင်းကြောင်းများကို ကြားဖူးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်က ကလေးဆိုတော့ ဆေးရုံလည်းမသွားကြည့်ရဘူး။ နားနဲ့ဘဲ သတင်းတွေကြာခဲ့ ရတာ ပါ။ အဲ့ဒီ အန်တီကြီးမှာ ကိုယ်နဲ့ ရွယ်တူ ကောင်မလေးတယောက် ကျန်ခဲ့တယ်။ သူ့ကို သနားတယ် ဒါလောက်ပါဘဲ။ နောက် ၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလမှာ ကျွန်မ သူငယ်တန်းတုန်းက အတန်းပိုင်ဆရာမပါ။ သားအိမ်ကင်ဆာနဲ့ သေသွားပါတယ်။ ဆရာမဆုံးတော့ သူ့မှာ ၆ တန်းအရွယ်သမီးလေးနဲ့ ၅ နှစ်လောက်ဘဲရှိတဲ့ သမီးလေး နှစ်ယောက်ကျန်ခဲ့ပါတယ်။ အားလုံးစိတ်မကောင်း ဖြစ်ကြပါတယ်။ ကလေးတွေက ငယ်သေးလို့လေ။ အဲ့ဒီတုန်းကလည်း ကျွန်မဆယ်တန်းမို့ သတင်းဘဲ နားထောင်လိုက်ရပါတယ်။အဲ့ဒါတွေက ကျွန်မဘ၀မှာ ပထမဆုံးကြားဖူးတဲ့ ကင်ဆာဆိုတဲ့စကားလုံးတွေပါဘဲ။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ပါဘဲ။ သြော် ကင်ဆာဆိုတာ မြန်မြန်သေတယ်ပေါ့၊ ဒီလောက်ပါဘဲ။
ကင်ဆာဖြစ်ရင်သေတာဘဲလို့ လူတွေအများပြောကြတာပါဘဲ။ ကင်ဆာဆိုတာ မြန်မာလိုဆိုရင်တော့ မြစ်ပွားနာလို့ ခေါ်မလားဘဲ ကင်ဆာဖြစ်စေတဲ့အမြစ်တွေက ပွားပြီးဘာမှလုပ်လို့ မရတော့တာလို့ထင်ပါတယ်။ ကင်ဆာနဲ့ပက်သက်ပြီး ခုထိ ဆေးပညာသဘောတရားတွေကို မသိသေးပါဘူး။ သိအောင်လည်း မကြိုးစားမိခဲ့ဖူးပါဘူး။ ခုနောက်ပိုင်းတော့ ကင်ဆာ ဖြစ်ရင် ကင်ဆာဆေးတွေဘာတွေ သွင်းရင်တော့ သက်သာတယ်၊ လုံးဝပျောက်ကင်းတဲ့သူတွေလည်း ရှိတယ်လို့ ရုပ်ရှင်တွေ၊ သတင်းတွေထဲမှာ ကြားမိပါတယ်။ အဲ့ဒါကလည်း ၁၀၀ မှာ ၁၀ ယောက် ၁၅ ယောက်ထက် ပိုမယ်လို့မထင်မိပါဘူး။ အဲ့ဒီထက်တောင် နည်းချင် နည်းနိုင်ပါသေးတယ်။ ကျွန်မအမြင်မှာတော့ တချိန်တော့ သေကြရမှာပါဘဲ။ ကင်ဆာဖြစ်တယ်ဆိုတာ လူဘ၀မှာ သေမင်းတမန်ဆီကနေ အကြောင်းကြားစာ ရလိုက်သလိုပါဘဲလို့ သူများတွေရေးတာ ဖတ်ဖူးပါတယ်။ ဒါပေမယ့် လူ့ဘ၀မှာ ဘယ်အချိန်သေမလဲဆိုတာသာ မသိတဲ့ ဘ၀မှာကိုယ်က ငါ မကြာခင် သေတော့မှာပါလားလို့ သိနေတာက တမျိုးကောင်းနေသလိုဘဲ။ အဲ့ဒါကလည်း ကျွန်မအတွေးပါလေ။
ကင်ဆာဖြစ်တဲ့ လူနာတွေအတွက်ကတော့ ကျွန်မအမြင် ကြိုတင်အကြာင်းကြားစာ ရတော့ ကြိုတင် ပြင်ဆင်ချိန်တောင်ရနေသလိုပါဘဲ။ ကိုယ်သေတော့မှာ ပေါ့ ကိုယ့်အတွက် ဘာတွေလုပ်ရမလဲဆိုတာတွေ၊ ကိုယ်ဘာတွေလုပ်ဖို့ကျန်သေးတာတွေ နဲ့ ကိုယ်လုပ်ချင်တာတွေ အဲ့ဒါတွေကို အကြောင်းကြားစာ ရပြီးတာ နဲ့ ပြင်ဆင်လို့ ရနေပြီလေ။ အဲ့ဒီလို ကျွန်မကမြင်ပါတယ်။ ကျွန်မအမြင်က သူများတွေအတွက် သင့်တော်ချင်မှ သင့်တော်မှာပါ။ ကိုယ်ချင်မှမစာလို့ ပြောရင် လည်း ခံရမှာပါဘဲလေ။ မဟုတ်လည်း လူဆိုတာ သေမျိုးဆိုတော့ တနေ့သေရမှာဘဲ။ ကိုယ်က ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတော့ သူများတွေထက်ပိုပြီး အချိန်ရနေလို့ အဆင်ပြေမလား ဆိုပြီး အဲ အဲ့ဒီလိုတွေးမိပါတယ်။ ဘာမှမလုပ်ဘဲ၊ ဘာမှမသိဘဲ သေသွားတာမျိုးကြီးကြတော့ ကံမကောင်းသလိုဘဲလို့ အခုစာရေးနေတဲ့အချိန်မှာ အတွေးပေါက်မိပါတယ်။
အဲ ကျွန်မ ဆယ်တန်းအောင်စာရင်တွေထွက်ပြီးတဲ့အချိန် လောက်တုန်းကတော့ ကျွန်မတို့ အရပ်ထဲက ကျွန်မတို့နဲ့အတော်ရင်နှီးတဲ့ အိမ်၂ အိမ်ကို အိမ်ရှင် တွေရဲ့ အမေတွေအလည်လာကြပါတယ်။ အဲ့ဒီအိမ်ရှင် တွေရဲ့ အမေနှစ်ယောက်လုံးကို အိမ်ရှင်တွေက ကျန်းမာရေးစစ်ပေးကြပါတယ်။ ပထမ အိမ်ရှင်ရဲ့ အမေ က အစာအိမ်ကင်ဆာရှိပါတယ်။ သုံးလလောက်ဘဲ ခံတော့မယ်လို့ ဆရာဝန်ကပြောပါတယ်။ ဒုတိယ တစ်ယောက်ကတော့ အသည်းကင်ဆာဖြစ်နေပါတယ် သူ့ကို တော့ ခွဲကြည့်ဦးမယ်လို့ပြောကြပါတယ်။
ပထမ တစ်ယောက်က မေမြို့ကပါ။ ကျွန်မတို့မိတ္ထီလာက သူ့သားရဲ့အိမ်ကို အလည်လာရင်းနဲ့ ဘာရယ်မဟုတ်ဘဲ မိတ္ထီလာက စစ်ဆေးရုံက ဆရာဝန်တွေ ထိုင်တဲ့ဆေးခန်းမှာ ဆေးသွားစစ်တာ အစာအိမ်ကင်ဆာဆိုတော့ သားဖြစ်တဲ့သူဆိုတာ မျက်နှာကိုမကောင်းဘူး။ အမေကိုတော့ ကင်ဆာဆိုတာ လုံးဝမပြော ပါဘူး။ ဒိအတိုင်ဘဲ မန်းလေးကို ပြန်ခေါ်သွားကြတယ်။ မန်းလေးမှာလည်း သူ့သားသမီးတွေ ရှိတာကို။ အဲ့ဒါနဲ့ မန်းလေးက ကင်ဆာဆေးရုံမှာ ကင်ဆာဆေး တွေဘာတွေသွင်းကြပါတယ်။
အဲ့ဒီအဖွားက စာတက်တော့ သူ့ကို ကင်ဆာဆေးသွင်းတာ သိပါတယ်။ ဘာဖြစ်လို့သွင်းတာလည်းလို့မေးတော့ ကင်ဆာဆာစပတ် ဆိုပြီး သားသမီးတွေကပြောလို့၊ သူကဘာမှမပြောဘဲ ကင်ဆာဆေးမှန်မှန်သွားသွင်းပါတယ်။ သူက အစကတော့ ပျောက်မယ်ထင်ပုံရတယ်။ ခုလိုတိုးတက်တဲ့ ခေတ်မှာက ကင်ဆာဆိုတာ ပျောက်နိုင်ကြောင်းဆိုတာကလည်း သူကသိတာကို။ ဒါပေမယ့် ပထမအကြိမ် ကင်ဆာဆေးသွင်ပြီးတော့ သူမခံနိုင်တော့ဘူးဆို တာသူသိ သွားပါတယ်တဲ့။ ဒုတိယအကြိမ်လည်း သွားသွင်းပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်သွင်းပြီးချိန်မှာတော့ သူ ဆေးမသွင်းတော့ဘူးလို့ ပြောပြီး သူ့ အိမ်ရှိရာ မေမြို့ကို ပြန်ပြီး ၄ လကျော် ၅ လလောက်မှာဘဲ ဆုံးသွားပါတယ်။
အဲ့ဒီအဖွားက ရယ်ဒီမိတ်တွေအရမ်းစားတာပါတဲ့။ ကြက်ကင်တောင် ရယ်ဒီမိတ်ကြက်ကင်စားတာပါတဲ့။ ခေါက်ဆွဲထုတ်ဆိုလည်း သူသိပ်ပြီးကြိုက်တာ။ အားလုံးကတော့ ရယ်ဒီမိတ်စားလွန်းလို့ အစာအိမ်ကင်ဆာ ဖြစ်တာလို့ မှတ်ချက်ချကြပါတယ်။ အဲ့ဒီအဖွားဆုံးပြီးတော့ ရယ်ဒီမိတ်သတိထား ဆိုပြီး အရပ်ထဲ ခေတ်စား လိုက်ပါသေးတယ်။
ဒုတိယအဖွားကတော့ အသည်းကင်ဆာဖြစ်တာပါ။ ဆရာဝန်တွေက အသည်းဆိုတာက ခွဲလိုက်ရင် ကောင်းသွားမှာလို့ ပြောပြီး မိတ္ထီလာမှာဘဲ ခွဲဖို့ပြင်ကြပါတယ်။ ဆေးရုံတွေဘာတွေတက်၊ ခွဲဖို့ လည်းဆေးတွေဘာတွေစစ်ပေါ့။ ပြီးတော့ ခွဲလည်းခွဲဖြစ်ရော ဆရာဝန်က အခြေအနေကအတော်ဆိုးနေတာမို့ အသည်းကိုမလှီးဘဲ ဒီအတိုင်ပြန်ပိတ် ပေးလိုက်ပါတယ်။ အဲ့ဒီအဖွားကိုတော့ ဆရာဝန်တွေက သိပ်ပြီးကြာကြာ ခံမှာမဟုတ်ဘူးလို့လည်း ပြောလိုက်ပါတယ်။ အဲ့ဒီအဖွားက ဗန်းမော်ကလာတာမို့ အပြန်ကို ဗန်းမော်ကို လေယာဉ်ပျံနဲ့ ခေါ်သွားလိုက်ပြီး သိပ်မကြာခင်မှာဘဲ ဆုံးသွားပါတယ်။
သူသားကတော့ သူရှိရာ နေရာမှာဘဲ နေစေချင်ပေမယ့် အဖွားက သူ့မွေးရပ်မှာဘဲ သေချင်တာကြောင့် ဗန်းမော်ကိုဘဲ ပြန်ချင်တယ်ဆိုလို့ ရောဂါသဲနေတဲ့ကြားကနေ ပြန်ပို့လိုက် ရတာပါ။ မဆုံးခင်မှာ အတော်ခံစားသွားရကြောင်းလည်း ပြန်လည်းကြားသိရပါတယ်။ ဒါပေမယ့် အဖွားက တရားအမြဲမှတ်နေတော့ တချက်လေးတောင်မညည်းသွားဘူး(နဲနဲတော့ ညည်းမှာပေါ့နော် သူများတွေလို အော်ဟစ်မနေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။)လို့ လည်းပြန်လည်ကြားသိရပါတယ်။
start from here
အဲ့ဒီနောက်ပိုင်း ကင်ဆာနဲ့ ပက်သက်တဲ့အကြောင်းတွေ မကြာခဏဆိုသလို ကြားနေရပါတယ်။ အဲ့ဒီနှစ်မှာဘဲ အမေ့ ညီမ၀မ်းကွဲရဲ့ ယောက်ျားလည်း အသဲကင်ဆာနဲ့ဘဲဆုံးသွားပါတယ်။ သူကတော့ အစကတည်းက အသည်း မကောင်းတာကို အားဆေးသွင်းပြီး မိတ္ထီလာကို အလုပ်ကိစ္စနဲ့ဘဲ အလည်လာတာပါ။ ဖျားတာ မသက်တာလို့ ဆေးရုံတင်တော့ ဗိုက်က ရေဖျင်းဆွဲလို့ အတော်ပူနေပါဘီ။ အဲဒီ့အပြင် လူက စီပိုး ဖြစ်နေတော့ ကြာကြာခံမှာမဟုတ်ဘူးလို့ ဆရာဝန်ကပြောပါတယ်။ မိသားစုကို အကြောင်းကြာတော့လို့လည်း ဆရာဝန်ကပြော နေပါဘီ။ သူကတော့ မိသားစုကို မခေါ်နဲ့ဦးလို့ပြောပေမယ့် ကျွန်မတို့က အသက်မမှီမှာဆိုးလို့ အကြောင်းကြားလိုက်ပါတယ်။ ဒီနေ့အကြောင်းကြား နောက်နေ့ဘဲ သူ့ရေဖျင်းကို ဖေါက်ပြီး ဆုံးသွားပါတယ်။
အဲ့ဒီဘကြီးကတော့ အသက်ထွက်တာမြန်တယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လည်း ဆိုတော့ ချောင်းဆိုးရင်း အသက်ပါသွားလို့ပါ။ အသည်းက အတော်ကျွမ်းနေလို့ လို့လည်း ဆရာဝန်ကပြောပါတယ်။ သူကတော့ နာတာရှည် အသည်းမကောင်းရာကနေ အသည်ကင်ဆာဘက်ကို ကူးသွားတာလို့လည်း ဆရာဝန်ကပြော ပါတယ်။ ဆေရုံတက်တာနဲ့ဘာနဲ့ဆို အများဆုံး ၁၀ ရက်လောက်ဘဲ ကြာမယ်ထင်ပါတယ်။
ဆက်ရန်.....