Showing posts with label ကြားဖူးနားဝ. Show all posts
Showing posts with label ကြားဖူးနားဝ. Show all posts

Monday, 7 January 2008

ကင်ဆာ

အမှန်တော့ ကင်ဆာဆိုတာ သေချာ မြင်ဖူးကြားဖူးတာ၊ ကြားဖူးတာက ငယ်ငယ်တုန်းက အရပ်ထဲက သိပ်ပြီးလှတဲ့ အန်တီကြီး ရင်သားကင်ဆာဖြစ်တုန်းက တခါ။ အဲ့ဒီတုန်းက ကိုယ်က ၃ တန်းဘဲရှိသေးတာ။ ကင်ဆာနဲ့သေတာတဲ့၊ သေခါနီးမှာ အရမ်းပူတာတဲ့၊ ဆံပင်တွေကျွတ်ကုန်တာတဲ့ စသည်ဖြင့် ကင်ဆာရဲ့ ကောင်းကြောင်းများကို ကြားဖူးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်က ကလေးဆိုတော့ ဆေးရုံလည်းမသွားကြည့်ရဘူး။ နားနဲ့ဘဲ သတင်းတွေကြာခဲ့ ရတာ ပါ။ အဲ့ဒီ အန်တီကြီးမှာ ကိုယ်နဲ့ ရွယ်တူ ကောင်မလေးတယောက် ကျန်ခဲ့တယ်။ သူ့ကို သနားတယ် ဒါလောက်ပါဘဲ။ နောက် ၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလမှာ ကျွန်မ သူငယ်တန်းတုန်းက အတန်းပိုင်ဆရာမပါ။ သားအိမ်ကင်ဆာနဲ့ သေသွားပါတယ်။ ဆရာမဆုံးတော့ သူ့မှာ ၆ တန်းအရွယ်သမီးလေးနဲ့ ၅ နှစ်လောက်ဘဲရှိတဲ့ သမီးလေး နှစ်ယောက်ကျန်ခဲ့ပါတယ်။ အားလုံးစိတ်မကောင်း ဖြစ်ကြပါတယ်။ ကလေးတွေက ငယ်သေးလို့လေ။ အဲ့ဒီတုန်းကလည်း ကျွန်မဆယ်တန်းမို့ သတင်းဘဲ နားထောင်လိုက်ရပါတယ်။အဲ့ဒါတွေက ကျွန်မဘ၀မှာ ပထမဆုံးကြားဖူးတဲ့ ကင်ဆာဆိုတဲ့စကားလုံးတွေပါဘဲ။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ပါဘဲ။ သြော် ကင်ဆာဆိုတာ မြန်မြန်သေတယ်ပေါ့၊ ဒီလောက်ပါဘဲ။

ကင်ဆာဖြစ်ရင်သေတာဘဲလို့ လူတွေအများပြောကြတာပါဘဲ။ ကင်ဆာဆိုတာ မြန်မာလိုဆိုရင်တော့ မြစ်ပွားနာလို့ ခေါ်မလားဘဲ ကင်ဆာဖြစ်စေတဲ့အမြစ်တွေက ပွားပြီးဘာမှလုပ်လို့ မရတော့တာလို့ထင်ပါတယ်။ ကင်ဆာနဲ့ပက်သက်ပြီး ခုထိ ဆေးပညာသဘောတရားတွေကို မသိသေးပါဘူး။ သိအောင်လည်း မကြိုးစားမိခဲ့ဖူးပါဘူး။ ခုနောက်ပိုင်းတော့ ကင်ဆာ ဖြစ်ရင် ကင်ဆာဆေးတွေဘာတွေ သွင်းရင်တော့ သက်သာတယ်၊ လုံးဝပျောက်ကင်းတဲ့သူတွေလည်း ရှိတယ်လို့ ရုပ်ရှင်တွေ၊ သတင်းတွေထဲမှာ ကြားမိပါတယ်။ အဲ့ဒါကလည်း ၁၀၀ မှာ ၁၀ ယောက် ၁၅ ယောက်ထက် ပိုမယ်လို့မထင်မိပါဘူး။ အဲ့ဒီထက်တောင် နည်းချင် နည်းနိုင်ပါသေးတယ်။ ကျွန်မအမြင်မှာတော့ တချိန်တော့ သေကြရမှာပါဘဲ။ ကင်ဆာဖြစ်တယ်ဆိုတာ လူဘ၀မှာ သေမင်းတမန်ဆီကနေ အကြောင်းကြားစာ ရလိုက်သလိုပါဘဲလို့ သူများတွေရေးတာ ဖတ်ဖူးပါတယ်။ ဒါပေမယ့် လူ့ဘ၀မှာ ဘယ်အချိန်သေမလဲဆိုတာသာ မသိတဲ့ ဘ၀မှာကိုယ်က ငါ မကြာခင် သေတော့မှာပါလားလို့ သိနေတာက တမျိုးကောင်းနေသလိုဘဲ။ အဲ့ဒါကလည်း ကျွန်မအတွေးပါလေ။
ကင်ဆာဖြစ်တဲ့ လူနာတွေအတွက်ကတော့ ကျွန်မအမြင် ကြိုတင်အကြာင်းကြားစာ ရတော့ ကြိုတင် ပြင်ဆင်ချိန်တောင်ရနေသလိုပါဘဲ။ ကိုယ်သေတော့မှာ ပေါ့ ကိုယ့်အတွက် ဘာတွေလုပ်ရမလဲဆိုတာတွေ၊ ကိုယ်ဘာတွေလုပ်ဖို့ကျန်သေးတာတွေ နဲ့ ကိုယ်လုပ်ချင်တာတွေ အဲ့ဒါတွေကို အကြောင်းကြားစာ ရပြီးတာ နဲ့ ပြင်ဆင်လို့ ရနေပြီလေ။ အဲ့ဒီလို ကျွန်မကမြင်ပါတယ်။ ကျွန်မအမြင်က သူများတွေအတွက် သင့်တော်ချင်မှ သင့်တော်မှာပါ။ ကိုယ်ချင်မှမစာလို့ ပြောရင် လည်း ခံရမှာပါဘဲလေ။ မဟုတ်လည်း လူဆိုတာ သေမျိုးဆိုတော့ တနေ့သေရမှာဘဲ။ ကိုယ်က ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတော့ သူများတွေထက်ပိုပြီး အချိန်ရနေလို့ အဆင်ပြေမလား ဆိုပြီး အဲ အဲ့ဒီလိုတွေးမိပါတယ်။ ဘာမှမလုပ်ဘဲ၊ ဘာမှမသိဘဲ သေသွားတာမျိုးကြီးကြတော့ ကံမကောင်းသလိုဘဲလို့ အခုစာရေးနေတဲ့အချိန်မှာ အတွေးပေါက်မိပါတယ်။


အဲ ကျွန်မ ဆယ်တန်းအောင်စာရင်တွေထွက်ပြီးတဲ့အချိန် လောက်တုန်းကတော့ ကျွန်မတို့ အရပ်ထဲက ကျွန်မတို့နဲ့အတော်ရင်နှီးတဲ့ အိမ်၂ အိမ်ကို အိမ်ရှင် တွေရဲ့ အမေတွေအလည်လာကြပါတယ်။ အဲ့ဒီအိမ်ရှင် တွေရဲ့ အမေနှစ်ယောက်လုံးကို အိမ်ရှင်တွေက ကျန်းမာရေးစစ်ပေးကြပါတယ်။ ပထမ အိမ်ရှင်ရဲ့ အမေ က အစာအိမ်ကင်ဆာရှိပါတယ်။ သုံးလလောက်ဘဲ ခံတော့မယ်လို့ ဆရာဝန်ကပြောပါတယ်။ ဒုတိယ တစ်ယောက်ကတော့ အသည်းကင်ဆာဖြစ်နေပါတယ် သူ့ကို တော့ ခွဲကြည့်ဦးမယ်လို့ပြောကြပါတယ်။

ပထမ တစ်ယောက်က မေမြို့ကပါ။ ကျွန်မတို့မိတ္ထီလာက သူ့သားရဲ့အိမ်ကို အလည်လာရင်းနဲ့ ဘာရယ်မဟုတ်ဘဲ မိတ္ထီလာက စစ်ဆေးရုံက ဆရာဝန်တွေ ထိုင်တဲ့ဆေးခန်းမှာ ဆေးသွားစစ်တာ အစာအိမ်ကင်ဆာဆိုတော့ သားဖြစ်တဲ့သူဆိုတာ မျက်နှာကိုမကောင်းဘူး။ အမေကိုတော့ ကင်ဆာဆိုတာ လုံးဝမပြော ပါဘူး။ ဒိအတိုင်ဘဲ မန်းလေးကို ပြန်ခေါ်သွားကြတယ်။ မန်းလေးမှာလည်း သူ့သားသမီးတွေ ရှိတာကို။ အဲ့ဒါနဲ့ မန်းလေးက ကင်ဆာဆေးရုံမှာ ကင်ဆာဆေး တွေဘာတွေသွင်းကြပါတယ်။

အဲ့ဒီအဖွားက စာတက်တော့ သူ့ကို ကင်ဆာဆေးသွင်းတာ သိပါတယ်။ ဘာဖြစ်လို့သွင်းတာလည်းလို့မေးတော့ ကင်ဆာဆာစပတ် ဆိုပြီး သားသမီးတွေကပြောလို့၊ သူကဘာမှမပြောဘဲ ကင်ဆာဆေးမှန်မှန်သွားသွင်းပါတယ်။ သူက အစကတော့ ပျောက်မယ်ထင်ပုံရတယ်။ ခုလိုတိုးတက်တဲ့ ခေတ်မှာက ကင်ဆာဆိုတာ ပျောက်နိုင်ကြောင်းဆိုတာကလည်း သူကသိတာကို။ ဒါပေမယ့် ပထမအကြိမ် ကင်ဆာဆေးသွင်ပြီးတော့ သူမခံနိုင်တော့ဘူးဆို တာသူသိ သွားပါတယ်တဲ့။ ဒုတိယအကြိမ်လည်း သွားသွင်းပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်သွင်းပြီးချိန်မှာတော့ သူ ဆေးမသွင်းတော့ဘူးလို့ ပြောပြီး သူ့ အိမ်ရှိရာ မေမြို့ကို ပြန်ပြီး ၄ လကျော် ၅ လလောက်မှာဘဲ ဆုံးသွားပါတယ်။


အဲ့ဒီအဖွားက ရယ်ဒီမိတ်တွေအရမ်းစားတာပါတဲ့။ ကြက်ကင်တောင် ရယ်ဒီမိတ်ကြက်ကင်စားတာပါတဲ့။ ခေါက်ဆွဲထုတ်ဆိုလည်း သူသိပ်ပြီးကြိုက်တာ။ အားလုံးကတော့ ရယ်ဒီမိတ်စားလွန်းလို့ အစာအိမ်ကင်ဆာ ဖြစ်တာလို့ မှတ်ချက်ချကြပါတယ်။ အဲ့ဒီအဖွားဆုံးပြီးတော့ ရယ်ဒီမိတ်သတိထား ဆိုပြီး အရပ်ထဲ ခေတ်စား လိုက်ပါသေးတယ်။

ဒုတိယအဖွားကတော့ အသည်းကင်ဆာဖြစ်တာပါ။ ဆရာဝန်တွေက အသည်းဆိုတာက ခွဲလိုက်ရင် ကောင်းသွားမှာလို့ ပြောပြီး မိတ္ထီလာမှာဘဲ ခွဲဖို့ပြင်ကြပါတယ်။ ဆေးရုံတွေဘာတွေတက်၊ ခွဲဖို့ လည်းဆေးတွေဘာတွေစစ်ပေါ့။ ပြီးတော့ ခွဲလည်းခွဲဖြစ်ရော ဆရာဝန်က အခြေအနေကအတော်ဆိုးနေတာမို့ အသည်းကိုမလှီးဘဲ ဒီအတိုင်ပြန်ပိတ် ပေးလိုက်ပါတယ်။ အဲ့ဒီအဖွားကိုတော့ ဆရာဝန်တွေက သိပ်ပြီးကြာကြာ ခံမှာမဟုတ်ဘူးလို့လည်း ပြောလိုက်ပါတယ်။ အဲ့ဒီအဖွားက ဗန်းမော်ကလာတာမို့ အပြန်ကို ဗန်းမော်ကို လေယာဉ်ပျံနဲ့ ခေါ်သွားလိုက်ပြီး သိပ်မကြာခင်မှာဘဲ ဆုံးသွားပါတယ်။

သူသားကတော့ သူရှိရာ နေရာမှာဘဲ နေစေချင်ပေမယ့် အဖွားက သူ့မွေးရပ်မှာဘဲ သေချင်တာကြောင့် ဗန်းမော်ကိုဘဲ ပြန်ချင်တယ်ဆိုလို့ ရောဂါသဲနေတဲ့ကြားကနေ ပြန်ပို့လိုက် ရတာပါ။ မဆုံးခင်မှာ အတော်ခံစားသွားရကြောင်းလည်း ပြန်လည်းကြားသိရပါတယ်။ ဒါပေမယ့် အဖွားက တရားအမြဲမှတ်နေတော့ တချက်လေးတောင်မညည်းသွားဘူး(နဲနဲတော့ ညည်းမှာပေါ့နော် သူများတွေလို အော်ဟစ်မနေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။)လို့ လည်းပြန်လည်ကြားသိရပါတယ်။

start from here
အဲ့ဒီနောက်ပိုင်း ကင်ဆာနဲ့ ပက်သက်တဲ့အကြောင်းတွေ မကြာခဏဆိုသလို ကြားနေရပါတယ်။ အဲ့ဒီနှစ်မှာဘဲ အမေ့ ညီမ၀မ်းကွဲရဲ့ ယောက်ျားလည်း အသဲကင်ဆာနဲ့ဘဲဆုံးသွားပါတယ်။ သူကတော့ အစကတည်းက အသည်း မကောင်းတာကို အားဆေးသွင်းပြီး မိတ္ထီလာကို အလုပ်ကိစ္စနဲ့ဘဲ အလည်လာတာပါ။ ဖျားတာ မသက်တာလို့ ဆေးရုံတင်တော့ ဗိုက်က ရေဖျင်းဆွဲလို့ အတော်ပူနေပါဘီ။ အဲဒီ့အပြင် လူက စီပိုး ဖြစ်နေတော့ ကြာကြာခံမှာမဟုတ်ဘူးလို့ ဆရာဝန်ကပြောပါတယ်။ မိသားစုကို အကြောင်းကြာတော့လို့လည်း ဆရာဝန်ကပြော နေပါဘီ။ သူကတော့ မိသားစုကို မခေါ်နဲ့ဦးလို့ပြောပေမယ့် ကျွန်မတို့က အသက်မမှီမှာဆိုးလို့ အကြောင်းကြားလိုက်ပါတယ်။ ဒီနေ့အကြောင်းကြား နောက်နေ့ဘဲ သူ့ရေဖျင်းကို ဖေါက်ပြီး ဆုံးသွားပါတယ်။

အဲ့ဒီဘကြီးကတော့ အသက်ထွက်တာမြန်တယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လည်း ဆိုတော့ ချောင်းဆိုးရင်း အသက်ပါသွားလို့ပါ။ အသည်းက အတော်ကျွမ်းနေလို့ လို့လည်း ဆရာဝန်ကပြောပါတယ်။ သူကတော့ နာတာရှည် အသည်းမကောင်းရာကနေ အသည်ကင်ဆာဘက်ကို ကူးသွားတာလို့လည်း ဆရာဝန်ကပြော ပါတယ်။ ဆေရုံတက်တာနဲ့ဘာနဲ့ဆို အများဆုံး ၁၀ ရက်လောက်ဘဲ ကြာမယ်ထင်ပါတယ်။

ဆက်ရန်.....


Friday, 21 December 2007

အလုံးများ၊နာရီများနဲ့ တူကြသော မိန်းမများ

ဒီကလော တရားနာလာကြတဲ့ သူငယ်ချင်းများကို သိပ်ပြီး ကျေးဇူးတင်ပါတယ်။ ကိုယ်သိတာလေးလဲ ပြန်ပြောပြရင် ကုသိုလ်ရတယ်လို့ပြောပါတယ်။ တခြားသူတွေကိုရောမျှဝေပေးပါဦးနော်။ ဒီတခါလည်း တရား ကျစရာလေးရေးဖို့ စဉ်းစားထားပါတယ်။

ငယ်ငယ်က ဖတ်ဖူးတဲ့၊ ဖေဖေတို့ ပြောနေကျ စကားလေး။ ဟာသလေး၊ ကာတွန်းလေး ကို သတိရမိလို့ ပြန်ရေးလိုက်တာပါ။ မူရင်းကာတွန်းကိုတော့ ရေးတဲ့သူနာမည် မမှတ်မိတော့လို့ပါ။

မိန်းကလေးများ ငယ်ငယ်။ ဆယ်ကျော်သက်ဆို ဘောလုံး တစ်လုံးနဲ့ တူပါတယ်တဲ့။ ကွင်းထဲမှာ ဟိုဘက် ၁၁ ယောက်၊ ဒီဘက် ၁၁ ယောက် ၀ိုင်းလိုက်နေကြတာ။

နှစ်ဆယ်ကျော် မိန်းကလေးတွေကတော့ ဘက်စကတ်ဘောလေးတွေပါတဲ့။ ဟိုဘက်ဆယ်ယောက်၊ ဒီဘက် ဆယ်ယောက် လုတုန်းပါဘဲတဲ့လေ။

သုံးဆယ်လဲကျော်ရော တင်းနစ်ဘောလုံးဖြစ်သွားပါရောတဲ့။ ဟိုဘက် ဒီဘက်ပေါင်းမှ နှစ်ယောက်ဘဲ ရှိတော့ ပြိုင်ပွဲတစ်ခုကို တင်းနစ်ဘောလုံးလို ဟိုဒီပို့ အပို့ခံနေရပါသတဲ့။

ကဲ လေးဆယ်ကျော် အိပ်ထောင်ရှင်မတွေကတော့ အိမ်ကယောက်ျားက ဝေးဝေးကို ရိုက်လွှတ်ချင်တဲ့
ဂေါက်သီးလေးတွေ ဖြစ်သွားပါတယ်တဲ့။
တရားကျစရာနော်။

************************<>**************************

နောက်တခုကတော့ အိမ်ထောင်သည်ယောက်ျားတွေ သူတို့ အမျိုးသမီးတွေပေါ်မှာ သဘောထားလေးကို ခိုင်းနှိုင်းထားတဲ့ ရယ်စရာ စကားလုံးလေးပါ။

အိမ်ထောင်ကျခါစမှာတော့ ကိုယ့်ယူထားတဲ့ မိန်းမကို တကြည့်ကြည့်နဲ့မို့ လက်ပတ်နာရီးလေးလို့ တင်စားကြ ပါတယ်တဲ့။ သူများက ရှိုးရင်တောင် သိပ်မကြိုက်ချင်ဘူးတဲ့လေ။

အိမ်ထောင်သက်ကြာရင်တော့ စာပွဲတင်နာရီဖြစ်သွားရောတဲ့လေ။ သွားလေရာမခေါ်ချင်တော့ဘူးပေါ့။ စာပွဲပေါ်မှာဘဲ တင်ထားခဲ့ချင်ကြတယ်တဲ့။ အနဲဆုံး အိမ်အ၀င်အထွက်လောက်တော့ သတိထားပြီး ကြည့်တက် ကြပါသတဲ့။

အိမ်ထောင်သက် ဆယ်နှစ်ကျော်၊ နှစ်ဆယ်နားကပ်ရင်တော့ တိုင်ကပ်နာရီလေးလို သဘောထားတက်တက် ကြတယ်တဲ့လေ။ အသံကြားမှ သတိရတက်ကြသတဲ့။

အဲ အိမ်ထောင်သက် နှစ်နှစ်ဆယ်ကျော်ရင်တော့ နာရီစင်ဖြစ်သွားပါရောတဲ့။ နာရီစင်လို့ ဘယ်နားရောက်ရောက် အချိန်တန်တော့လည်း အသံကြားရင် အချိန်မှန်းလို့ ရတယ်ပေါ့လေ။ ဘယ်သူကြည့် ကြည့်ပေါ့။
*******************************<>***************************
မေမေနာရီစင်ကြီးဖြစ်နေဘီလားလို့ မေးတက်တဲ့ ဖေဖေသူငယ်ချင်းတွေ နောက်နေကျ စကားလုံးလေးပါ။ အမှတ်ရလို့ ရေးလိုက်တာပါ။
ပျော်ရွှင်ပါစေနော်။
နှင်းဆီနီနီ။။

Monday, 17 December 2007

အမှတ်ရမိသော တရားများ

ယဉ်ကျေးလိမ္မာသင်တန်းတုန်းက တချို့တချို့သော မေးခွန်းတွေကို ပြန်ပြီးမှတ်မိလို့ ချရေးလိုက်ပါတယ်။

မေးခွန်း။။ဆရာတော်ခင်ဗျာ သောတပန်ဆိုတာရှိတယ်လို့ပြောပါတယ်။ သောတပန်ဖြစ်ပြီးရင်လည်း အပယ်မလား တော့ဘူးလို့ ပြောကြပါတယ်။ ဟုတ်ပါသလားခင်ဗျာ။ ပြီးတော့ သောတပန်ဖြစ်ပြီးရင် နောက်ထပ်ခုနှစ် ဘ၀ဘဲ နေရတော့တယ်ဆိုတာရော ဟုတ်ပါသလားခင်ဗျာ။
အဖြေ။။ ဟုတ်ပါတယ်။ သောတပန်ဆိုတာရှိပါတယ်။ သောတပန်ဖြစ်ပြီးရင် အပယ်မလားတော့ဘူးဆိုတာလည်း မှန်ပါတယ်။ ဘာလို့အပယ်လားတော့တာလည်းဆိုတော့ သောတပန်ဖြစ်သွားရင် အပယ်ကျမယ့်၊ အကုသိုလ်ဖြစ်မဲ့ ကိစ္စတွေကို မလုပ်ဖြစ်တော့လို့ပါ။ မလုပ်တော့တဲ့ သတ္တိလည်း သောတပန်တွေမှာရှိလာကြပါတယ်လို့ ဆရာတော် ကြီးကမိန့်ကြားသွားပါတယ်။ ပြီးတော့ သောတပန်ဖြစ်ရင် နောက်ထပ် ခုနှစ် ဘ၀ဘဲနေရတာလားဆိုတဲ့ အမေးကိုတော့ ကျွန်မသိပ်ပြီး မမှတ်မိတော့ပါဘူး။( ဆရာတော်ကြီး ကတော့ အဲ့ဒီလူရဲ့ပါရမီနဲ့ သက်ဆိုင်တယ်လို့ ပြောသွားပါတယ်။ အခုဘ၀မှာ သေလွန်ပြီးနောက်ထပ် ဘ၀တွေ အနည်းဆုံး တစ်ဘ၀လောက်တော့ လူဖြစ်သေးပါတယ်တဲ့။ သူ့သက်တမ်းရှိသလောက်ပါတဲ့။ အများဆုံးကတော့ ဆယ်ဘ၀လို့မိန့်ကြားသွားတယ်လို့တော့ အမှတ်ရပါတယ်။) စိတ်ထဲမှာ သိပ်ပြီးမသေချာလို့ပါ။ သိတဲ့သူများရှိရင် ပြောပြပေးခဲ့ပါဦး။

မေးခွန်း
။။(ဒီမေးခွန်းကတော့ ဆရာတော်ကြီးကို ရည်ရွယ်ပြီးမေးတာထင်ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးဖြေ သွားတာကို သဘောကျလို့ တင်လိုက်ပါတယ်။) အခုခေတ်မှာ ဆရာတော်ကြီးတွေ ဖုန်းကိုင်ကြတာ တွေ့ပါတယ်။ ဘုန်းကြီးနဲ့ ဖုန်းနဲ့ ဘာပက်သက်ပါသလဲဘုရား။
အဖြေ။။ဒီမေးခွန်းက မေးသင့်ပါတယ်။ မြတ်စွာဘုရားက
သဗ္ဗညုတဥာဏ်တော်ကြောင့် မိုင်ပေါင်း ထောင်သောင်းမကဝေးတဲ့နေရာက သတ္တ၀ါတွေ ဘာဖြစ်သလဲဆိုတာကို မြင်နိုင်ကြား နိုင်ကြပါတယ်တဲ့။ ရဟန္တာတွေမှာလည်း တန်းခိုးရှိတဲ့ ရဟန္တာတွေဘဲ မြင်နိုင်ကြားနိုင်၊ ဈာန်ပျံနိုင် ကြတာပါတဲ့။ ရဟန္တာတွေမှာ လည်း ပါရမီရှိမှ၊ တန်းခိုးရအောင် ကုသိုလ်ပြုခဲ့တဲ့ အကြောင်းရှိမှ တန်ခိုးရတာပါတဲ့။ တချို့တချို့သော ရဟန္တာ တွေ ရဟန္တာဖြစ်သော်လည်း ဈာန်မရသလို၊ အမြင်အကြားအာရုံလည်း မရှိတာတွေရှိပါတယ်တဲ့။ အမြင်အကြား၊ အာရုံတွေရတိုင်းလည်း ရဟန္တာမဟုတ်ပါဘူးလို့ ဆရာတော်ကြီးက မိန့်ကြားသွားပါတယ်။ ဘုန်းဘုန်းတို့ ကတော့ အမြင်လည်းမရ အကြားလဲမရှိလို့ ဖုန်းတွေကိုသာ အသုံးပြုနေရပါတယ်လို့လည်း မိန့်ကြားသွားပါတယ်။

ကျွန်မ မှတ်မိသလောက်ပြန်ရေးတာဖြစ်လို့၊ စာနဲ့လိုက်မှတ်ထားတာကို ပြန်ရေးတာမဟုတ်လို့ အမှားအယွင်းများ ရှိနိုင်သော်လည်း ကျွန်မသိသလောက် ဝေမျှချင်လို့ တင်လိုက်ရချင်းဖြစ်ပါတယ်။ အမှားများကို ၀င်ရောက်ပြင်ဆင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ နောက်ထပ် စစ်ကိုင်းက ထွဋ်ခေါင်ဆရာတော်ကြီးနဲ့ ဆရာတော်အရှင်ဆန္ဒာဓိက ဟောကြားခဲ့တဲ့ တရားတွေကို လည်းအနည်းငယ်မျှဝေချင်ပါတယ်။

စစ်ကိုင်းက
ထွဋ်ခေါင်ဆရာတော်ကြီးက လက်ပတန်းက တရာစခန်းမှာ ဟောကြားသွားတာကို ကျွန်မဒေါ်များ ပြန်လည်း ပြောကြာတာဖြစ်ပါတယ်။ ကျွန်မအဒေါ်က ကိုယ်တိုင်နာခဲ့ရလို့ အတော်ဘဲမှတ်မိပြီး ပြန်ပြောနိုင် ပေမယ့် ကျွန်မကတော့ ကိန်ဂဏာန်းတွေ သေချာမမှတ်မိတော့ပါသဖြင့်ခွင့်လွှတ်ကြပါ။

ထွဋ်ခေါင်ဆရာတော်ကြီးက တရာဟောရာမှာ လူတွေ တနေ့ ကုသိုလ်ဘယ်လောက်လုပ်ဖို့ ဆိုတာကို သူကမထောက်ပြခင် တနေ့ကို လူတွေဘယ်လောက်အကုသိုလ်ရနေလဲဆိုတာကို အရင်ဟောမယ်ဆိုပြီး အကုသိုလ်ရနိုင်တဲ့ အကြောင်းတွေကို ဟောကြားသွားပါသတဲ့။ သူ့အသက်ကို သတ်တာကို ကျွန်မမှတ်မိ သလောက် ရေးရရင်။ လူတယောက်ကို သတ်တဲ့သူဟာ ကိုယ်သတ်လိုက်တဲ့ လူရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ မွှေးညှင်း ပေါက်မှာရှိတဲ့ မွှေးညှင်းအရေအတွက်အလိုက်၊ သူ့မှာရှိတဲ့ အရိုးအရေအတွက်အလိုက် ငရဲခံရပါတယ်တဲ့။ တိရိတ္ဆန် တကောင်ကိုသတ်ရင်လည်း သူ့ အရိုးအရေအတွက်အလိုက်၊ ဆံပင်အရေအတွက်လိုက် ငရဲခံရ ပါတယ်တဲ့။ လူမှာတော့ ဆံပင်အရေအတွက် သန်းပေါင်းများစွာ၊ မွှေးညှင်းအရေးအတွက် သန်းပေါင်းများစွာနဲ့ အရိုးအရေအတွက် ထောင်ပေါင်းများစွာရှိလို့ အဲ့ဒီ အရေအတွက်အတိုင်း ငရဲခံရပါတယ်တဲ့။ ပုရွက်ဆိပ် လေးတကောင်ဘဲ သတ်လိုက်မိတာပါဆိုပေမယ့် အဲ့ဒီပုရွက်ဆိပ်မှာရှိတဲ့ အရိုးအရေအတွက်ကိုလိုက်ပြီး ငရဲခံ ရမှာပါဘဲတဲ့။ အဲ့ဒီတရားနာပြီးတော့ ကျွန်မအတော် တုန်လှုပ်သွားပါတယ်။ တနေ့တနေ့ အတော်ထိန်နေရတာ အကုသိုလ်မဖြစ်အောင်။ အနဲ့ဆုံးတော့ ဆယ်ဂဏာန်းချီပြီး အကုသိုလ်လုပ်ဖြစ်နေပါလားဆိုတာ သတိတော့ ထားမိသွားပါတယ်။ ဒါပေမယ့် အဲ့ဒါကိုတော့ အခုထိ ထိန်လို့မရသေးပါဘူး။

ဒါဆို အိန္ဒိယကဂျိမ်းတွေကို နေရတော့မှာလားဆိုတော့လည်း အဲ့ဒီလိုလဲမဟုတ်ဘူးလို့ မြတ်စွာဘုရားက ဟောကြား ထားပါတယ်။ ကိုယ်က ရည်ရွယ်ပြီးသတ်လိုက်တာမျိုးကို ငရဲကြီးတယ်လိုဆိုတာပါတဲ့။ ကဲ သေစမ်း ဒီလောက်ကိုက်တဲ့ ခြင်ဆိုပြီး ရိုက်လိုက်တဲ့အချိန်မှာ ပါတဲ့ ကိုယ့်ရဲ့မနောကံ၊ ကာယကံ၊ ၀စီကံ ဒါတွေအပြင်၊ ခြင်မှာပါတဲ့ အရိုးအရေအတွက် ပေါင်းလိုက်ရင် ခြင်တကောင်သတ်လိုက်ရုံနဲ့ ကျွန်မတို့ ငရဲတော်တော်ကြီး သွားနိုင်ပါတယ်။ ကြောက်စရာကြီးနော်။

ကျွန်မ ရှစ်တန်းဖြေပြီးတုန်းက သီလရှင်ဝတ်ဖြစ်ပါတယ်။ သီလရှင်ဝတ် တုန်းက ခြင်သိပ်ပြီးကိုက်လွန်းလို့၊ သီလရှင်ဝတ်နေတုန်းဆိုတော့ ငါးပါးသီလကလည်းလုံနေတာဆိုတော့ ကျွန်မအဓိဌာန်တခု ဆိုမိပါတယ်။ သစ္စာရယ်လို့ ပြောရမလားပါဘဲ။ ခြင်တွေကို တိုင်တည်ပြီးတော့ပါ။ ကဲ ခြင်တွေရေ ငါ့ကိုကိုက်ချင်ရင်လည်း ကိုက်ကြတော့ ငါနင်တို့ကို မရိုက်တော့ဘူး။ ဒါပေမယ့် နင်တို့ ကိုက်တိုင်း ငါနာကျင်မှုကိုမခံစားရအောင် ကိုက်နော်လို့။ ငါလည်း နင်တို့ကိုလုံးဝ မရိုက်ဘူး။ စိတ်ထဲကလည်း မပြစ်မှားဘူးလို့။ စိတ်ထဲကပြောလိုက်၊ ဆုတောင်းမိလိုက်ပါတယ်။ မဟာစည်မှာ သီလရှင်ဝတ်တာဆိုတော့ တရားထိုင်တိုင်း ခြင်ကိုက်တဲ့ ဒဏ်ကို မနည်းခံရလွန်းလို့ပါ ဒီဆုကိုတောင်းလိုက်မိတာပါ။ အဲ့ဒီလို ကိုယ့်အသွေးအသားကို လှူလို့ရတယ်လို့လည်း ကြားဖူးတာလည်းပါ ပါတယ်။ ငါ့ ဒီကိုယ်ကြီးကနေ နင်တို့ ဘယ်လောက်ကုန်အောင် သွေးတွေစုပ်ယူနိုင်မှာ လည်းဆိုပြီး စမ်းကြည့်လိုက်တာပါ။

အဲ့ဒီ အဓိဌာန်ကို ကျွန်မကိုယ်တိုင်လည်း ပြည့်အောင်ထိန်းသလို ခြင်လုံးဝမကိုက်တော့တာ ကို လက်တွေ့ အကျိုးခံစားရပါတယ်။ ခြင်ကိုက်လဲ နာတာတွေ၊ အဖုတွေထတာတွေ မရှိပါဘူး။ ဘယ်နေရာသွားသွား သူများတွေ ခြင်ကိုက်လို့ အော်နေလည်း ကျွန်မကတော့ ဘာမှမဖြစ်ပါဘူး။ အဲ့ဒါကတော့ ကိုယ်တွေ့ပါ။ အတော်ကြာသွားပါတယ်။ အဲ ဒီ သုံးနှစ်လောက်မှာမှ ကျွန်မ ခြင်တကောင်သတ်လိုက်မိလို့ အခုတော့ နဲနဲ ပြန်ကိုက်နေပြီး။ ကျွန်မ စည်းဖေါက်တာဆိုတော့ အခုပြန်းပြီး ထိန်နေပါတယ်။ ခြင်တွေမ သတ်ရတော့ ကျွန်မမှာ အကုသိုလ်တမျိုးနည်း နေတာပေါ့။ ခြင်တင်မကဘူး ပုရွက်ဆိတ်၊ ပိုးဟပ်နဲ့ အကောင်ပေါက်စလေးတွေ တက်နိုင်သလောက်တော့ မသေအောင် ဂရုစိုက်မိပါတယ်။ မတော်တဆ ဖြစ်တော့လည်း ငရဲရတာပေါ့။ ဘယ်တက်နိုင်ပါ့မလဲ။(ကြော်ငြာဝင်တာပါ။)

ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ တရားကတော့ ၂၀၀၆ သင်္ကြန်ကို ဆရာတော်ရဲ့ သထုံက ရွှေပါရမီတောရ တရားစခန်းမှာ ဟောကြားတယ်လို့ မှတ်ထားမိပါတယ်။ အဲ့ဒါကလည်း အမေ့သူငယ်ချင်းဝင်တဲ့ တရားစခန်းပါ။ အဲ့ဒီအဒေါ်ကြီးကဘဲ ပြန်ပြောပြလို့ ကြားနာခဲ့ရတာပါ။

ဆရာတော် တရာဟောရင် ခေတ်နဲ့ အညီဟောကြားတာ ဆရာတော်ရဲ့တရားတွေ နာဖူးသူတိုင်း သိကြမှာပါ။ ပြီးရင် ဆရာတော်က ခေတ်ပေါ်သီချင်းလေးတွေကို တရားအမြင်နဲ့ ထည့်ပြီးလည်း ဟောလေ့ရှိပါတယ်။ အခုလည်း ဆရာတော်က လူတွေစိတ်ဆိုးတာနဲ့ ပက်သက်ပြီး ကွင်းကွင်းကွက်ကွက်မြင်အောင် ဟောပြထားတာ နှစ်သက်လွန်းလို့ ရေးလိုက်ရတာပါ။

ဆရာတော်က လူတွေစိတ်ဆိုးရင် ငရဲကြီးတက်ပါတယ်တဲ့။ လူတွေစိတ်တို ဒေါသထွက်ရင်၊ ရင်ထဲမှာ ပူကနဲ့ ဖြစ်သွားပြီး နှလုံးသွေးတွေ ဆူသွားတက်ပါတယ်တဲ့။ အဲ့ဒီအခါမှာတော့ ကိုယ့်ရဲ့စိတ်က ငရဲပြည်ကို ရက်ဂျစ်စတာ သွားလုပ်သလို၊ ခုခေတ် အင်တာနက်ချိတ်သလိုပါဘဲတဲ့။ ဒေါသထွက်တဲ့အချိန် နှလုံးပူသွားတာနဲ့ တပြိုင်နက် ငရဲပြည်ကိုသွားချိတ်ပါသတဲ့။ စိတ်ကြည့်နူးလို့ အေးချမ်းတဲ့ အချိန်မှာ ရင်ထဲမှာ ကြည်ကြည်နူးနူးခံ စားလိုက်ရတာနဲ့ တပြိုင်နက် နိဗ္ဗာန်ကို သွားပြီး လင့်ချိတ်ပါသတဲ့။ ငိုရင် ငရဲကိုလင့်ချိတ်ပြီး၊ ရင်မှာ ကြည်ကြည်နူးနူးနဲ့ ရယ်မောပျော်ရွှင်ရင်တော့ နိဗ္ဗာန်ကို လင့်ချိတ်ပါတယ်တဲ့။ အဲ လူတွေသေတဲ့ အခါမှာတော့ ဘယ်နှခါ လင့်ချိတ်ပြီး ရစ်ဂျစ်စတာလုပ်ထားလဲ ပေါင်းပါတယ်တဲ့။ အဲ့ဒီလို ဟောကြားသွားတာကို နာလိုက်ရတော့ ကွင်းကွင်းကွက်ကွက်ကြီး မြင်လိုက်ရသလိုပါဘဲ။

အဲ့ဒီတရားကိုမေ့နေတာပါ။ ဟိုနေ့က ဒေါသထွက်ပြီးရင်တွေပူနေတော အတော်နဲ့ မပြေဘူးဖြစ်နေတာနဲ့ သွားပြီး စိတ်ထဲမှာမြင်လာလို့။ ဟဲ ဒီလိုကြီးတော့ မဖြစ်ချေဘူး။ ငါတော်ကြာ ငါ ရက်ဂျစ်စတာတွေ ငရဲပြည်မှာ များနေရင် ဒုက္ခဆိုပြီး စိတ်ကိုမနည်း ပြန်လျှော့ချလိုကရပါတယ်။ အဲ့ဒါနဲ့ ဒီပိုစ့်လေးကို ရေးဖို့ သတိသွား ရပါတယ်။ ဒါကြောင့်များ ရယ်မော ရင်အသက်တရက်ပိုရှည်တယ်လို့ လူတွေပြောကြတာများလားလို့လည်း မစီမဆိုင်တွေးလိုက်မိပါတယ်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။



Tuesday, 11 December 2007

မေးခွန်းများ

ကျွန်မအင်္ဂလိပ် စကားပြောသင်တန်းတခုတက်တုန်းကပါ။ နိုင်ငံခြားသားအမျိုးသမီး (ဆရာမ)က သူတို့ ဘာသာအကြောင်းပြောပါတယ်။ သူက မေးပါတယ်။ နင်တို့ ဘာသာမှာ အခုခုကို ဆုံးဖြတ်ရင် နှလုံးသားနဲ့ဆုံးဖြတ်တာလား၊ ဦးနှောက်နဲ့ ဆုံးဖြတ်တာလားတဲ့။ ငါတို့ ဘာသာက နှလုံးသားထဲက လိုချင်တာ၊ ညွှန်ပြတာကို လိုက်နာတာပါတဲ့။ နင်တို့ကဘယ်လိုလဲတဲ့။ အဲ့ဒီလိုမေးတဲ့ အချိန်မှာ တတန်းလုံး လူ၃၀ရှိတာ ဗုဒ္ဓဘာသာက အများဆုံး။ တယောက်မှ သူ့မေးခွန်းကို ပြန်မေဖြေနိုင်ခဲ့ပါဘူး။ ကျွန်မအပါဝင်ပေါ့။ ဒါနဲ့ စိတ်ထဲတေးထားမိပါတယ်။ အခွင့်ရှိရင် ဒီမေးခွန်းရဲ့ အဖြေကိုရအောင်ရှာမယ်လို့။ မှတ်မှတ်ရရ အဲ့ဒါက ၂၀၀၅ ဒီဇင်ဘာလ။

၂၀၀၆ ခုနှစ် ဧပြီ(၁)ရက်နေ့မှာ ကျွန်မအမေရဲ့ သူငယ်ချင်းတယောက်က တိုက်တွန်းမှုကြောင့် ဆရာတော် အရှင်ဆေကိန္ဒရဲ့ ယဉ်ကျေးလိမ္မာ တရားစခန်းကို ၀င်ဖြစ်ခဲ့ပါတယ်။ အသက် ၂၅ အောက်ဆိုတော့ တက္ကသိုလ်ဝင်တန်း တွေချည်းဘဲ သီးသန့်ဖွင့်တဲ့ စခန်းမှာ ၀င်ခဲ့ပါတယ်။ အဲ့ဒီမှာ ၁၀တန်းဖြေပြီးသားသူကနေ ၂၅ အထိလက်ခံပါတယ်။ တရားစခန်းဆိုပေမယ့် ၄ ရက်တည်းပါ။ ရက်က နည်းပေမယ့် တရားထိုင်ထာထက် တရားနာတဲ့ အချိန်ကပိုပါတယ်။

တရားစခန်းမှာတော့ နေ့ခင်းနဲ့ ညနေစောစောပိုင်းတွေမှာ ဆရာတော်ကြီးက ကျွန်မတို့ အရွယ်နဲ့ အဆင်ပြေမယ့် တရားတွေကိုဟောကြားပါတယ်။ ညနှောင်းပိုင်းမှာတော့ ကျွန်မတို့အရွယ်လူငယ်တွေကို မိမိတို့ သိချင်တဲ့ ဘာသာရေးဆိုင်ရာ မေးခွန်းတွေကို မေးခွင့်ပေးပါတယ်။ အဲ့ဒီအစီအစဉ်မှာ ကျွန်မတို့ မသိဘဲ၊ ဒွိဟ ဖြစ်နေတက်တဲ့ မေးခွန်းများရဲ့ အဖြေတွေကို ဆရာတော်ကြီးက ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေကြားပေးပါတယ်။ အဲ့ဒီထဲက ကျွန်မမှတ်မိတဲ့ မေးခွန်းနဲ့ အဖြေတွေကို ပြန်ရေးလိုက်ပါတယ်။ မှတ်မိသလောက်ပြန်ရေးလိုက်တာပါ။ အမှားပါရင်ခွင့်လွှတ်ပါ။ မှားတာရှိရင် ထောက်ပြပေးကြပါ။

မေးခွန်း။။ ဆရာတော်ခင်ဗျား။ သတ်သတ်လွတ်စားဖို့ မြတ်စွာဘုရားမှာကြားခဲ့ပါလား။
အဖြေ။။ မြတ်စွာဘုရားက သတ်သတ်လွတ်စားဖို့ မဟောကြားခဲ့ပါဘူး။ မိမိကမနှစ်သက်လို့ အသားမစားက တပိုင်းပါ။ မြတ်စွားဘုရားလက်ထက်က ဒေ၀ဒတ်ကလည်း တန်းခိုးကြီးတဲ့ ရဟန်းတပါးပါ။ ဒေ၀ဒတ်က မြတ်စွာဘုရားကို ရဟန်းတော်တွေကို ပညက်ချက်(၅)ချက် ထုတ်ပေးဖို့တောင်ဆိုပါတယ်တဲ့။ အဲ့ဒီအထဲမှာ အသားမစားရဘူဆိုတဲ့ ပညက်ချက်ပါ ပါတယ်တဲ့(အချက်က ၅ ချက်ပါ ကျွန်မမှတ်မိ တော့လို့ပါ)။ မြတ်စွာဘုရားကတော့ ရဟန်းဆိုတာ ဒကာ၊ဒကာမတွေ ကပ်တဲ့ ဆွမ်းကိုဘုန်းပေးရတာဖြစ်တဲ့အတွက် ဘာမစားဘူး၊ ညာမစားဘူးဆိုရင်
မဇ္ဈိမပဋိပဒါ မကျတဲ့အတွက် ပညက်လို့ မဖြစ်ပါဘူးတဲ့။ နောက်ထပ်အချက်တွေကိုလည်း မျှတမှုမရှိလို့ ခွင့်မပြုခဲ့ပါဘူး။ အဲ့ဒီအတွက်ကြောင့် ဒေ၀ဒတ်က ရှင်ကြီးဂေါတမက ရဟန်းတွေကို သတ်သတ်လွတ်မစားခိုင်းဘူးဆိုပြီး တစင်ထောင်ပြီး တောထွက်ပါတယ်။ သူနဲ့ အတူ ရဟန်း(၅၀၀) ပါသွားပါတယ်တဲ့။

ဒါကြောင့်မို့ သတ်သတ်လွတ်စာခြင်းဟာ မြတ်စွာဘုရား ဟောကြားခဲ့တာမဟုတ်ပါဘူးလို့ ဆရာတော်က ရှင်းလင်းအောင် ဖြေကြားခဲ့ပါတယ်။ မြတ်စွာဘုရားက စိတ်ကဖြစ်တဲ့ အစားအသောက်ပေါ်မှာဖြစ်တဲ့ တဏှာကိုထိန်းဖို့သာ မိန့်ကြားခဲ့ပါတယ်တဲ့။

မေးခွန်း။။ ဆရာတော်ခင်ဗျာ။ လူတယောက်က သေခါနီးမှာ နောင်ဖြစ်မယ်ဘ၀ကို မြင်တယ်လို့ပြောကြတာ မှန်ပါသလား။ ဒါဆိုရင် Car Accident ဖြစ်ပြီး လျှက်တပြတ်သေသွားတာဆိုရင် ဘယ်လိုလုပ်ပြီး နောက်ဘ၀ကို မြင်နိုင်ပါသလဲခင်ဗျာ။

အဖြေ။။ မှန်ပါတယ်တဲ့။ လူယောက်သေခါနီးမှာ နောင်သူဖြစ်မယ့် ဘ၀ကိုမြင်ပါတယ်တဲ့။ လူရဲ့စိတ်ဟာ တစက္ကန့်မှာ သန်းပေါင်းများစွာ သွားနိုင်တာကြောင့် သေခါနီးမှာ ဘာဖြစ်မယ်ဆိုတာမြင်ပါတယ်တဲ့။ သူပြုခဲ့ဖူးတဲ့ ကုသိုလ်၊ အကုသိုလ်ကို ပြန်မြင်နိုင်ပါသတဲ့။ အကုသိုလ်ပိုပြီး အလုပ်များတဲ့သူဆိုရင်တော့ အဲ့ဒီအချိန်မှာ ကိုယ်ပြုခဲ့ဖူးတဲ့ အကုသိုလ်ကို ပြန်မြင်ပါသတဲ့။ အဲ့ဒီသူမြင်တဲ့ အကုသိုလ်တရားကြောင့် မကောင်းတဲ့ ဘ၀ကို ရောက်ပါသတဲ့။ ကုသိုလ်ကိုသာမြင်ရင်တော့ မြင့်မြတ်တဲ့ ဘ၀ကိုရောက်ပါသတဲ့။ အဲ့ဒါကြောင့် ဒါန၊ သီလ၊ ဘာဝနာအလုပ်ကို မသေခင်လုပ်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ အကုသိုလ်ကို ပျောက်ပျက်အောင် မလုပ်နိုင်ပါဘူးတဲ့။ အကုသိုလ်ဟာ ရေစီးကြောင်းနဲ့ တူပြီး။ ကုသိုလ်ဟာ တမံနဲ့ တူပါတယ်တဲ့။ အကုသိုလ်ကို ကုသိုလ်တမံ နဲ့သာ တားလို့ရပြီး ပျက်စီးသွားအောင်လုပ်လို့မရပါဘူးတဲ့။ ကုသိုလ်များများလုပ်မှ အကုသိုလ်ရေစီးကိုတား နိုင်မှာဖြစ်ပြီး၊ ကုသိုလ်နဲရင်တော့ အကုသိုလ်က ကုသိုလ်တမံကိုချိုးသွားပါလိမ့်မယ်တဲ့။

တရားစခန်းမှာ အနောက်ဘက်မှာ ထိုင်ရင် အာရုံမရသလို၊ သိပြီးမကြားရလို့ အမြဲအရှေ့ဆုံးမှာ နေရာရအောင်ယူပြီး ထိုင်ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ဆရာတော်ကြီးကို စိတ်ထဲကနေလျှောက်ကြည့်ပါတယ်။ ဆရာတော်က ရှေ့ကလူတွေကို ကြည့်ပြီး တရားဟောဖြစ်တယ်လို့ကြားဖူးလို့ပါ(များသောအားဖြင့်ပါ)။ အဲ့ဒါနဲ့ အရင် အင်္ဂလိပ်စာ သင်တန်းမှာ အင်္ဂလိပ်ဆရာမမေးတဲ့ မေးခွန်းကို မေးမိပါတယ်။

ဆရာတော်ကြီးက တရားထဲမှာဒီလို ထည့်ဟောပါတယ်။ စိတ်ဆိုတာ နှလုံးမှာတည်ပါတယ်တဲ့။ ဒါကြောင့် စိတ်နှလုံးလို့ ပြောတာပါတဲ့။ ဒါဆိုရင် စိတ်က နှလုံးသားကို ထုတ်လိုက်တာနဲ့ ပျောက်သွားရောလားဆိုတော့ အဲ့ဒီလိုမဟုတ်ပါဘူးတဲ့။ စိတ်ဆိုတာ သံသရာတလျှောက်လုံး ဒီစိတ်ပါဘဲတဲ့။ သေလွန်သွားလဲ အဲ့ဒီစိတ်က ပြန်ပါတာပါဘဲတဲ့။ ကိုယ်ကသာ အရင်ဘ၀ကို မမှတ်မိတာပါတဲ့။ မှတ်မိတဲ့သူတွေလည်း ရှိပါတယ်တဲ့။ အဲ့ဒါကြောင့် လူဝင်စား၊ လူဝင်စားနဲ့ ပြောနေကြတာပါတဲ့။ အရင်ဘ၀က စိတ်၊ ကုသိုလ်၊ အကုသိုလ်က အခုဘ၀အထိပါလာပါတယ်တဲ့။ ဥပမာ-နှလုံမကောင်းလို့ နှလုံးလဲလိုက်လည်း၊ လူကတော့ ဒီစိတ်ပါဘဲတဲ့။ မပြောင်းလဲပါဘူးတဲ့။ စိတ်က သေသွားတာမျိုးမရှိပါဘူးတဲ့။ နိဗ္ဗာန်မရောက်မချင်း ဒီစိတ်ပါဘဲတဲ့။ ခန္ဓာဘဲ ကွဲသွားပါတယ်တဲ့။ ဒါကြောင့် နိဗ္ဗာန်ကိုရောက်အောင် ကျင့်ကြံအားထုတ်နေကြတာပါတဲ့။

ကျွန်မကတော့ ကျွန်မမှတ်မိသလောက်ပြန်ရေးလိုက်တာပါ။ ပါရမီအနှိမ့်အမြင့်ပေါ်မှာ မူတည်ပြီး စာဖတ်သူ တွေ နားလည်မှုတူချင်မှ တူမှာပါ။ ဒါပေမယ့် စိတ်တော့ဝင်စားသွားမယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားမယ်ဆိုရင် ဆရာတောကြီး ဟောကြားတဲ့ တရားတော်တွေကို ရန်ကုန်မှာဆိုရင်တော့ ၁၃လမ်း အောက်ဘက်က ကမ္ဘာကျော် တေးသံသွင်းဆိုင်မှာ ၀ယ်ပြီးနာလို့ရပါတယ်။ သူငယ်ချင်းများကို မျှဝေတာပါ။ အမှားရှိရင် ညွှန်ပြပေးကြပါ။

(အမှားပြင်ထားတယ်ဗျ။ အစပိုင်းစကားလုံးက စာရေးတာစိတ်မောပြီး စကားလုံးရှာမရလို့ စာဖတ်သူတွေကို စော်ကားသလို။ ဆရာကြီးလေသံပေါက်သလို ဖြစ်နေရင် တောင်ပန်ပါတယ်။ ကွန်းမန့်မှာ လာပြီး ပြင်ပေးတဲ့ ကိုပီကေ ကိုလည်း ကျေးဇူးတင်ပါတယ်။)

ပီကေ said...

ဒေ၀ဒတ်က မြတ်စွာဘုရားကို တောင်းဆိုတဲ့ အချက် ငါးချက်က ဒီလိုပါ။
၁။ ရဟန်းတွေဟာ တစ်သက်လုံး တောထဲမှာသာ နေကြရမယ်။
၂။ တောထဲမှာ ကျောင်းသင်္ခမ်း မဆောက်ဘဲ သစ်ပင်ရင်းမှာပဲ နေရမယ်။
၃။ ဆွမ်းခံရတာပဲ စားရမယ်။
၎။ ပံ့သကူသင်္ကန်းပဲ ၀တ်ရမယ်။
၅။ သက်သတ်လွတ်စားရမယ်။

နောက် မဇ္ဈိမပဋိပဒါ လို့ ရေးရပါတယ်။


ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Saturday, 10 November 2007

ရန်ကုန်အစားအသောက်လမ်းညွှန်

လင်းကတက်ထားလို့ ရေးရတာဆိုပေမယ့် အမှန်တော့ ကျွန်မလည်း အစားအသောက် ၀ါသနာအိုးမို့လို့ အစားသောက်အကြောင်းရေးချင်နေတာကြာပါပြီ။ ငိုချင်ရက်လက်တို့ ဆိုသလို။ အမေရိုက်တာနဲ့ ငါငိုချင်တာနဲ့ လို့ဘဲ ပြောပြော ဒီပိုစ်ကို စိတ်ရှိလက်ရှိရေးလိုက်မယ်ဟဲ့ဆိုပြီး ရေးလိုက်ပါတယ်။ လင်းရေ နည်းနည်းနောက်ကျ သွားရင်ခွင့်လွှတ်ပေးနော်။ ဇကောပန်ပါရဲ့။ :P

ဘယ်ကစရေးရမလည်း စဉ်းစာလိုက်တာခေါင်းနည်းနည်းမူးသွားတယ်။ ပုဇွန်တောင်ကစရေးမယ်နော်။ ပုဇွန်တောင်မှာက မြန်မာမုန့်တွေအတော်စုံတယ်။ ရွှေဘုန်းပွင့်ဘုရားအရှေ့က ရခိုင်မုန့်တီက ရခိုင်မတွေ ရောင်းတာ သိပ်စားလို့ကောင်းတယ်။ ဟင်းရည်ကလည်းအရသာရှိသလို အသုတ်ကလည်း တခြားဆိုင်တွေနဲ့ မတူလို့ အမြဲသွားစားဖြစ်တယ်။ ဈေးကသူများတွေထက် နည်းနည်းကြီးပေမယ့် စားလို့ကောင်းတယ်ဗျ။ မြန်အောင်သုတ်ဆိုလား၊ ရခိုင်သုတ်ဆိုလားဘာလား ပဲငပိရယ်၊ ငရုတ်သီးရယ်၊ ကြက်သွန်နီအစိမ်းနဲ့ သုတ်တဲ့ အသုတ်ဆိုကောင်းမှကောင်း။ ပြောရင်နဲ့သရေကျလာပြီ။ အဲ့ဒီဆိုင်က နေ့လည်၁၂ နာရီနောက်ပိုင်းကနေ စဖွင့်တာ ညဘက် ၉နာရီလောက်အထိဘဲ။ လာစားတဲ့သူတွေအတော်များတယ်။ ပုဇွန်တောင်၊ရေကျော်၊ ဗိုလ်တစ်ထောင်ဘက်ကရော လာစားကြတာ။နာမည်ကြီးပေါ့အဲ့ဒီနားမှာတော့။

နောက်တစ်ခုက ရေကျော်လမ်းမကြီးပေါ်က ညအခါ မုန့်ဟင်းခါးဆိုင်ပါ။ သူကအရင် ညနေပိုင်းမှဖွင့်တာပါ။ ဆိုင်နာမည်နဲ့လိုက်အောင်ထင်ပါရဲ့။ အတော်ကောင်းတဲ့မုန့်ဟင်းခါးပါ။ ရန်ကုန်မှာ တင်တင်အေးတို့၊ စံပြတို့ကတော့ ရောင်းတန်းလိုသဘောမျိုး လူတိုင်းစားနိုင်အောင်ချက်ထားတာမျိုး၊ သူကကျတော့ ရှယ်ချက်ထားတာပါ။ မြေပဲဆံ၊ ရွှေကြည်၊ အကုန်ပါတယ်။ အကြော်မပါဘဲနဲ့စားရင်ကို အတော်စားယူရတယ်။ ပါဆယ်ဆိုရင် အိမ်မှာ တစ်ပွဲကို နှစ်ယောက်စားလို့ရတယ်။ များလည်းများပြီးစားကောင်းတယ်ခင်ဗျ။ ဒါပေမယ့် အခုတော့ ကုန်ဈေးနှုန်းတက်လို့ ဆိုင်ပိတ်ထားတာတွေတယ်။ အဲ့ဒီမုန့်ဟင်းခါးလည်းလွမ်တယ်ဗျ။

နောက်ပြီး ၁၃လမ်းက ရွှေတောင်တန်း ကော်ရည်ခေါက်ဆွဲနဲ့ဆီချက်ဆိုင်ကိုလည်း အရမ်းလွမ်းပါတယ်။ သူငယ်ချင်းခေါ်သွားလို့ စားဖူးတာဆို ပေမယ့် နောက်ပိုင်းသူမပါလည်း စားဖြစ်တယ်။ ရန်ကုန်က စားသမျှဆီချက်ခေါက်ဆွဲတွေထဲမှာ သူ့ဆိုင်က ဆီချက်ကို အကြိုက်ဆုံးပါဘဲ။ ကော်ရည်လည်းကြိုက်တယ်ခင်ဗျ။ ငါးပိသုတ်လေးနဲ့ဆို ကောင်းမှကောင်း။ စားနေကျမို့ အချဉ်မကြိုက်လို့ ချည်းများရင်လည်း သဘောကောင်းကောင်းနဲ့ အကြိုက်လိုက်လုပ်ပေးတယ်။ တခြားဆိုင်တွေဆို ဂျီးများရင် စောင့်ကြီးအောင့်ကြီးနဲ သိပ်မလုပ်ပေးချင်ကြဘူး။ နောက်ပြီး ရွှေနန်းတော် ရွှေဆိုင်နားက ဘဲပေါင်းဆီချက်လည်းကောင်းပါတယ်။ သူကနည်း ရွှေတောင်တန်းကထက် ဈေးကြီးလို့သိပ်မစားဖြစ်ဘူး။

ရန်ကုန်မှာ မန္တလေးကြာဆံချက်ကို နေရာအတော်များများမှာစားဖူးတယ်။ လုံးဝစားလို့မကောင်းပါဘူး။ ဒါပေမယ့် ပဲခူးကလပ်နားက မန္တလေးကြာဆံချက်ဆိုင်ကတော့ မန္တလေးလက်ရာအတော်မှိလို့ စားဖြစ်တယ်။ အဲ့ဒီဆိုင်မှမဟုတ်ရင် သိပ်ပြီးမစားဖြစ်ဘူး။ နောက် မင်္ဂလာဈေးနားက ငါးဖယ်ကြော်သုတ်။ နေရာကနဲနဲညစ်ပတ် ပေမယ့် အရသာကောင်းလို့စားဖြစ်တယ်ခင်ဗျ။ ပါဆယ်ပေါ့။
တရုတ်တန်းမှာတော့ ကျွန်မစားချင်တဲ့မုန့်တွေ လက်ညှိုးထိုးမလွဲပါဘဲ။ မငယ်ကြာဆံကြော်၊ ၁၉လမ်းက ခေါက်ဆွဲကြော်က ဈေးသိပ်မကြီးများများထည့်ပေးလို့ ကျွန်မအကြိုက်ပါ။ အဲ ၁၉ အထက်လမ်း ဘုံကျောင်း ထောင့်က စက်သားပေါင်းဆို အိမ်အပြန်တိုင်းအမြဲဝင်တီးနေကျပါခင်ဗျ။ ၁၅ လမ်းကစလို့ လသာလမ်းအထိ စားသောက်ဆိုင်တွေကိုတော့ အကယ်ဘဲလွမ်းမိပါတယ်ခင်ဗျ။ တရုတ်တန်းက ရှမ်းခေါက်ဆွဲကလည်း စားလို့ကောင်းလို့ လွမ်းရသေးတယ်။ ကျွန်မသူငယ်ချင်းတွေက ကြည့်မြင်တိုင်၊ ၁၅ လမ်း၊ စမ်းချောင်း၊ ဗဟန်း၊ ပဲခူးကလပ်တွေမှာနေကြတော့ အမြဲအလည်သွားဖြစ်တဲ့ကျွန်မ အဲ့ဒီနေရာတွေက အစားအသောက်တွေကို အတော်ရင်နှီးခဲ့ပါတယ်။
ကျောင်းသားကျောင်းသူတိုင်း အမြဲရောက်တဲ့ လှည်းတန်းကမုန့်တွေထဲမှာ အညာမှာသာရပြီး ရန်ကုန်မှာ အတော်ရှာရခက်တဲ့ မုန့်ပစ်သလတ်ရှိပါတယ်။ ကျွန်မတော့ လှည်းတန်းရောက်ရင် မုန့်ပစ်သလတ်နဲ့ မုန့်အုပ် ၀ယ်ပြီးမှအိမ်ပြန်လေ့ရှိပါတယ်။ အဲ လှည်းတန်းဈေးအနောက်ဘက်က ရှောက်သီးသုတ်နဲ့ ကြာဆံဟင်းခါးကို လည်း မမေ့ပါဘူး။ စီးပွားရေးတက္ကသိုလ်ပင်မ၀င်ထဲက
စီးပွားရေးတက္ကသိုလ် ကင်တင်းကနာမည် တစ်လုံးနဲ့နေတာပါ။ ကဗ္ဗလာရည် ကဈေးချိုပြီး သောက်လို့အရမ်းကောင်းသလို၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တွေလည်း ဈေးသတ်သာပြီးစားလို့ကောင်းမှကောင်း။ မန္တလေးမုန့်တီသုတ်တို့ လက်ဖတ်သုတ် တို့ကလည်း ကောင်းတဲ့စာရင်ထဲမှာ ချန်ထားလို့မရပါဘူး။ ရန်ကုန်မှာရှိနေတဲ့သူများ မယုံရင်သွားရောက် မြည်းကြည့် နိုင်ပါတယ်။ အဲကန်ဘောင်က ကျောက်ဖြူဆိုတဲ့ ရခိုင်မုန့်တီဆိုင်ကတော့ ကျွန်မတို့ ဆရာမတွေခေတ်ကတည်းကဆိုင်လို့ ပြောပါတယ်။ ကန်ဘောင်မှာတော့ အဲ့ဒီဆိုင်ကရခိုင်မုန့်တီကစားလို့ အကောင်းဆုံးပါဘဲ။ ဗူးသီကြော်လည်း အဲ့ဒီဆိုင်မှာရတယ်ခင်ဗျ။

အရေးကြီးတဲ့ ၀က်သားတုတ်ထိုးမေ့သွားလို့။ ၀က်သားတုတ်ထိုးကို ရန်ကုန်ကတွေ့သမျှဆိုင်မှာ စားပေမယ့် ဘယ်တော့မှအချဉ်ရည်မစားပါဘူး။ ရောဂါကူးမှာစိုးလို့။ ပြီးရင် ၀က်နှလုံးဘဲ စားဖြစ်တယ်။ တစ်ခါတစ်လေ မနေနိုင်မှ ၀က်အူစားဖြစ်တယ်။ နားရွက်ကို ၀က်နားဖာဂျီးကြောက်လို့ မစားဘူး။ မျက်လုံးလည်း ကြောက်လို့ မစားဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ၀က်သားတုတ်ထိုးတော့ အသေအလဲသတိရတယ်ဗျို့။ ဗိုလ်ချုပ်လမ်းအဆုံးက ထူးမှထူး ကမြေအိုးမြီးရှည်နဲ့ မာလာဟင်း၊ ၄၅ လမ်းကရှမ်းခေါက်ဆွဲ မေ့ပါဘူးဗျို့။ ရေကျော်ဘိန်းမုန့်ကရော မေ့နေမှာစိုးရသေးလို့ မြန်မြန်ထည့်လိုက်တယ်။ မောင်အေးကဖီးက နံပြားရယ်၊ လက်ဖက်ရည်ရယ်၊ Dim Sam ရယ်၊ အကင်ရယ်။ ပြောရင်နဲ့ လွမ်းနေပြီ။ ခဏနေမှ ပူတင်းလုပ်စားလိုက်ဦးမယ်။ :P
ကဲရန်ကုန်ပြန်ရောက်ရင် လျှောက်စားမည့်စာရင်တွေတော့ပြုစုပြီးပါပြီ။ အခမဲ့ကြော်ငြာပေးတာပါ။ ရှိသေးရင်သိသေးရင် ထပ်ဖြည်လိုက်ဖို့တစ်ခြားလူတွေကို တက်လိုက်မယ်ဗျာ။ ကဲဘုရားသာတပေတော့။
၁) မေပျို
၂)chaos
၃)မညလေး
၎)ကိုနေလင်း
၅)ကိုကဗျာလမ်း
၆)ကိုဇူလိုင်အိပ်မက်

တက်ထားတဲ့အထဲမှာ မပါလို့ စိတ်မကောင်းမဖြစ်ကြပါနဲ့ခင်ဗျ။ နောက်တစ်ခေါက်လာပါဦးမယ်။ ကိုစိုးထက်ကြီးကို တက်မလို့ စာမေးပွဲရှိတယ်ဆိုလို့။ ကိုဇူလိုင်က နံပါတ်၎ ကိုကြောက်တယ်ဆိုလို့ နံပါတ်ပြောင်း
ပေးထားပါတယ်။ လက်မလည်အောင်ရေးပေးကြပါဦးနော်။ ကျေးဇူးတင်လျှက်။
ပျော်ရွှင်ကြပါစေ။
နှင်းဆီနီနီ။။

Saturday, 6 October 2007

အမှတ်တရဈေးနှုန်းများ

၁၉၈၂-------------------------၀က်သား ၁ ပိဿာ ၂၅ကျပ်။
၁၉၉၃-------------------------၀က်သား ၁ ပိဿာ ၁၀၀ကျပ်။
၂၀၀၄-------------------------၀က်သား ၁ ပိဿာ ၃၅၀၀ကျပ်။

၂၀၀၀-------------------------ငါးခူ ၁ ပိဿာ ၄၀၀ကျပ်။
၂၀၀၆-------------------------ငါးခူ ၁ ပိဿာ ၄၅၀၀ကျပ်။

၂၀၀၀-------------------------ငါးကြင်း ၁ပိဿာ ၂၀၀ကျပ်။
၂၀၀၆-------------------------ငါးကြင်း ၁ပိဿာ ၂၅၀၀-၃၀၀၀ကျပ်။

၁၉၉၃-------------------------ကြက်ဥ ၁လုံး ၅၀ပြား။
၂၀၀၃-------------------------ကြက်ဥ ၁လုံး ၁၅ကျပ်။
၂၀၀၇-------------------------ကြက်ဥ ၁လုံး ၁၅၀ကျပ်။

၁၉၉၃-------------------------မုန့်ဟင်းခါးတစ်ပွဲ ၅ကျပ်။(အကြော်ပါ။)
၂၀၀၃-------------------------မုန့်ဟင်းခါးတစ်ပွဲ ၁၅၀ကျပ်။(အကြော်မပါ။)
၂၀၀၆-------------------------မုန့်ဟင်းခါးတစ်ပွဲ ၃၀၀ကျပ်။(အကြော်မပါ။)

၁၉၉၅-------------------------ရှမ်းခေါက်ဆွဲ ၁ပွဲ ၂၅-၃၀ကျပ်။
၂၀၀၀-------------------------ရှမ်းခေါက်ဆွဲ ၁ပွဲ ၁၀၀-၁၅၀ကျပ်။
၂၀၀၆-------------------------ရှမ်းခေါက်ဆွဲ ၁ပွဲ ၃၅၀-၅၀၀ကျပ်။(သွားသောဆိုင်ပေါ်မူတည်ပါသည်။)

၁၉၈၈-------------------------၀က်သားတုတ်ထိုး ၅မူးဖိုး ၃ချောင်း။
၁၉၉၃-------------------------၀က်သားတုတ်ထိုး ၁၀ဖိုး ၅ချောင်း။
၂၀၀၀-------------------------၀က်သားတုတ်ထိုး ၁၀၀ဖိုး ၅ချောင်း။
၂၀၀၆-------------------------၀က်သားတုတ်ထိုး ၁ချောင်း ၂၅-၅၀ကျပ်။

၁၉၉၆-------------------------ခေါက်ဆွဲကြော် ၁ပွဲ ၈၀-၉၀ကျပ်။(ဆိုင်ကောင်းကောင်း)
၁၉၉၈-------------------------ခေါက်ဆွဲကြော် ၁ပွဲ ၁၀၀-၁၅၀၀ကျပ်။
၂၀၀၁-------------------------ခေါက်ဆွဲကြော် ၁ပွဲ ၅၀၀ကျပ်။
၂၀၀၆-------------------------ခေါက်ဆွဲကြော် ၁ပွဲ ၉၀၀-၁၀၀၀ကျပ်။

၂၀၀၁-------------------------ခရမ်းချဉ်သီး ၁ပိဿာ ၆၀ကျပ်။
၂၀၀၆-------------------------ခရမ်းချဉ်သီး ၁ပိဿာ ၅၀၀-၈၀၀ကျပ်။

၁၉၉၉-၂၀၀၀-------------------------ပိတ်စ(လုံချည်) ၁ကွင်း ၁ကိုက် ၁၅၀-၂၀၀ကျပ်။
၂၀၀၁---------------------------------ပိတ်စ(လုံချည်) ၁ကွင်း ၁ကိုက် ၅၀၀-၁၅၀၀ကျပ်။
၂၀၀၆---------------------------------ပိတ်စ(လုံချည်) ၁ကွင်း ၁ကိုက် ၂၅၀၀-၅၀၀၀ကျပ်။

၂၀၀၀---------------------------------ပတ်စပိုစ့်ဓါတ်ပုံ ၄ပုံ ၁၅ကျပ်။
၂၀၀၁---------------------------------ပတ်စပိုစ့်ဓါတ်ပုံ ၄ပုံ ၁၀၀ကျပ်။
၂၀၀၆---------------------------------ပတ်စပိုစ့်ဓါတ်ပုံ ၄ပုံ ၅၀၀ကျပ်။

၁၉၈၈---------------------------------စက်ဘီး ၁စီး ၁၅၀-၂၀၀ကျပ်။(အသစ်)
၂၀၀၁---------------------------------စက်ဘီး ၁စီး ၃၀၀၀၀ကျပ်။(အသစ်)
၂၀၀၆---------------------------------စက်ဘီး ၁စီး ၁၅၀၀၀၀ကျပ်။(အသစ်)

၁၉၉၃---------------------------------ရွှေ ၁ကျပ်သား ၁၅၀၀၀ကျပ်။(၁၅ပဲရည်)
၁၉၉၆---------------------------------ရွှေ ၁ကျပ်သား ၂၀၀၀၀-၂၁၀၀၀ကျပ်။(၁၅ ပဲရည်)
၂၀၀၀---------------------------------ရွှေ ၁ကျပ်သား ၅၀၀၀၀ကျပ်။(၁၆ပဲရည်)
၂၀၀၂---------------------------------ရွှေ ၁ကျပ်သား ၁၀၀၀၀၀ကျပ်။(၁၆ ပဲရည်)
၂၀၀၄---------------------------------ရွှေ ၁ကျပ်သား ၂၃၀၀၀၀ကျပ်။(၁၆ ပဲရည်)
၂၀၀၆---------------------------------ရွှေ ၁ကျပ်သား ၄၅၀၀၀၀ကျပ်။(၁၅ ပဲရည်)

ပထမတန်း----------------------------မုန့်ဖိုး ၁ရက် ၂၅ပြား။
ပဉ္စမတန်း-----------------------------မုန့်ဖိုး ၁ရက် ၅ကျပ်။
ဒဿမတန်း---------------------------မုန့်ဖိုး ၁ရက် ၁၀၀ကျပ်။
၂၀၀၀---------------------------------မုန့်ဖိုး ၁လ ၃၀၀၀ကျပ်။ (အ၀တ်အစား ၀ယ်နိုင်ပါသေးသည်။)
၂၀၀၂---------------------------------မုန့်ဖိုး ၁လ ၁၅၀၀၀ကျပ်။(မနည်းကိုလောက်အောင်သုံးရပါသည်။)
၂၀၀၆---------------------------------မုန့်ဖိုး ၁လ ၃၀၀၀၀ကျပ်။(အသုံးအဆောင်နှင့် အ၀တ်အစားဖိုးကို အိမ်မှပြန်တောင်ရပါသည်။)
အထက်ပါဈေးနှုန်းများမှာ ကျွန်မအမှတ်တရ ရှိခဲ့သောဈေျးနှုန်းများဖြစ်ပါတယ်။

ကျွန်မရဲ့မှတ်စုလည်းဖြစ်ပါ
သည်။

ဈေးနှုန်းများမှာ ကျွန်မမှားယွင်းစွာမှတ်သားထားသည်များလည်း ဖြစ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အမှား အယွင်းများကိုခွင့်လွှတ်ပေးကြပါရန် အနုအညွတ်တောင်းပန်အပ်ပါသည်။
ကျွန်မ ၃-၄နှစ်သမီးမှာ မုန့်စ၀ယ်စားတက်ပြီး၊ မုန့်ဖိုးများကို အိမ်ကလိုက်ရှင်းပေးပါသည်။ ပထမနှစ်မှစ၍ မုန့်
ဖိုးစရပါသည်။ ကျွန်မအိမ်မှ ပြင်ပတွင်မုန့်ဝယ်စားခြင်းကို ခွင့်မပြုသောကြောင့် ဒဿမတန်းရောက်မှ၊ မုန့်ဈေး
တန်းမှာ စ၍မုန့်ဝယ်စားဖူးပါသည်။ တခါတလေ မုန့်ဝယ်စားလေံမရှိဘဲ စုထားတက်ပြီး၊ ကျွန်မကြိုက်သော သေးသေးသောသေား ပစ္စည်းများနှင့် စာအုပ်များကို ၀ယ်၍စုဆောင်းတက်ပါသည်။
တက္ကသိုလ်စတက်ချိန်တွင် ကျွန်မသောထွေထွေအသုံးစရိတ် (၃၀၀၀)မှ အ၀တ်အစားများ၊ အသုံးဆောင်
များဝယ်၍ သုံးနိုင်ရုံသာမက၊ တခါတလေပိုတက်သော်လည်း။ ကျောင်းပြီးချိန်ရသော အသုံးစရိတ် သုံးသောင်း
သည် ဘာမှဝယ်၍မရပါ။

Wednesday, 3 October 2007

ယောက်ျားလား၊ မိန်းမလား

မလေးရှားကဖြေစ်အပျက်လေးပါ။
တနေ့မှာ ရွာတစ်ရွာက မီးမဖွားနိုင်လို့ ဆေးရုံသွားဖို့ရေးပေါ်ဌာနသို့ ဖုန်းလှမ်းဆက်ပါသတဲ့။
ဖုန်းကိုင်တဲ့သူက မလေးတရုတ်ပါ။ ဖုန်းဆက်တဲ့သူကတော့ မလေးလူမျိုးပါ။ သူတို့ပြောကြတာ
ကတော့ အင်္ဂလိပ်လိုပြောကြတာပါ။
မလေး။။ ဟဲလို...အရေးပေါ်ဌာနကပါလား။
တရုတ်။။ ဟုတ်ပါတယ် အရေးပေါ်ဌာနကပါ။
မလေး။။ ကျွန်တော်တို့ ရွာမှာမီးဖွားမည့်အရေးပေါ်လူနာရှိလို့ လူနာတင်ကားလွှတ်ပေးဖို့ လှမ်းဆက်တာပါ။
တရုတ်။။ အော်...အင်း..ကောင်းပြီလေ။ ဆက်လုပ်လိုက်ပါမယ်။ ဒါနဲ့ လူနာကယောက်ျားလား၊ မိန်းမလား။
မလေး။။ ဟင် မီးနေသည်ပါဆိုနေမှ ယောက်ျားဖြစ်ပါ့လားဗျာ။။


Monday, 27 August 2007

ငရဲသားခြေကျိုး

ဒီပုံပြင်လေးကို ကျွန်မငယ်ငယ်ကဖတ်ဖူးတဲ့ ပုံပြင်စာအုပ်မှ ကျွန်မမှတ်မိသလောက်ကို ပြန်ရေးထားတာဖြစ်ပါ တယ်။ မူလပုံပြင်စာအုပ်မှာ မရှိတော့တာကြောင့် စဉ်းစားပြီးတက်နိုင်သလောက်တူအောင်ပြန်ရေးထားတာ ကြောင့် လွဲမှားမှုများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါရန်နှင့်။ စာလုံးပေါင်း၊သတ်ပုံမှားယွင်းခဲ့ပါလျှင်ခွင့်လွှတ်ပေး ကြပါရန်တောင်ပန်တယ်။

တခါတုန်းက ငရဲပြည်မှာ ငရဲသားခြေကျိုးလေးတယောက်ရှိသတဲ့။ သူဟာငရဲပြည်ကိုဝင်တဲ့ အ၀င်တခါးကို စောင့်ရတဲ့ တာဝန်ကိုယူရတဲ့သူပါတဲ့။ သူစပြီးတာဝန်ယူစဉ်က ငရဲပြည်ကိုအမျိုးသားတွေသိပ်လာတာ မတွေ့ ရပေမယ့်၊ အခုနောက်ပိုင်းမှာတော့ ငရဲပြည်ကိုအမျိုးသားတွေ အလာများတာကို သတိထားမိပါသတဲ့။ အဲ ဒါနဲ့ တစ်နေ့မှာ ငရဲပြည်ကိုဝင်လာတဲ့လူ တစ်ယောက်ကိုသူက ဘာဖြစ်လို့ငရဲပြည်ကို အမျိုးသားတွေချည်း ငရဲပြည် ကိုအရောက်များတာလည်းလို့ မေးကြည့်တဲ့အခါမှာတော့ အမေးခံရတဲ့သူက၊အမျိုးသမီးတွေကြောင့်ပေါ့ဗျာလို့ မျက်နှာမသာမယာနဲ့ ပြန်ဖြေသတဲ့။ ဘာဖြစ်လို့ အမျိုးသမီးတွေကြောင့်လို့ ပြောရတာလည်းလို့မေးတဲ့အခါ မှာတော့ သိချင်ရင် တိုယ်တိုင်သာသွားကြည့်ပါလို့ ပြန်ဖြေသတဲ့။ ငရဲသားဟာသိပ်ပြီးသိခြင်နေတော့ သူ့ သူငယ်ချင်း ငရဲသားလေးတစ်ယောက်ကိုခေါ်ပြီး အမျိုးသားတွေဘာလို့ ငရဲပြည်ကို အလာများရတဲ့ အကြောင်း ကို သူလူ့ပြည်ကို အလည်သွားပြီးလေ့လာခြင်ကြာင်းဖွင့်ပြောပါသတဲ့။ သူ့သူငယ်ချင်းက၊ မင်းဒီလောက် ဆန်ဒ ပြင်းပြနေရင်လည်း မတားတော့ဘူးသွားပေါ့တဲ့။ ဒီက ကိစ်စတွေကိုတော့စိတ်မပူဘဲ စိတ်အေးအေးထားပါတဲ့။ ဒါပေမယ့် အပြန်ကျရင်တော့လူ့ပြည်မှာဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကိုသာသူ့ကိုအကုန်ပြောပြရမယ်လို့ ကတိ တောင်းပါသတဲ့။ အဲဒါနဲ့ ငရဲသားလေးကလည်း လွယ်လွယ်ကူကူပါဘဲ ကတိပေးလိုက်သတဲ့။

ငရဲသားလေးဟာ လူ့ပြည်ကိုလည်းရောက်ရော ၀တ်ကောင်းစလှတွေကို ၀တ်ပြီးလူစည်ကားရာ ဈေးနေရာ တွေမှာ လမ်းလျှောက်ထွက်ပါသတဲ့။ အဲဒီမှာဘဲ အိမ်တစ်အိမ်ရဲ့ ပြတင်းမှာအမျိုးသမီး တစ်ဦးရပ်နေတာကို တွေတော့ သဘောကျပြီး သူ့မိဘကို တောင်းရမ်းဖို့ပြင်ဆင်ပါသတဲ့။ ကလေးမရဲ့ မိဘတွေကလည်း သူတို့ရဲ့ သမီးကို လာပြီးတောင်းရမ်းတဲ့သူက မွန်မွန်ရည်ရည်လေး၊ ၀တ်ကောင်းစလှတွေကိုဝတ်ထားတာကြောင့် သူဆင်းရဲထဲကတော့မဖြစ်နိုင်ဘူးဆိုပြီး ဘာမှကိုမမေးနေတော့ဘဲ သဘောတူလိုက်ကြပါသတဲ့။ ငရဲသားလေးက သူယူမယ့် အမျိုးသမီးကိုမယူခင်မှာ မင်းလိုခြင်တာအားလုံးဘယ်လောက်ပဲဖြစ်ဖြစ်ဝယ်လို့ရတယ်၊ ၀ယ်းလည်းဝယ်ပေးမှာဖြစ်တယ်လို့ပြောပါသတဲ့။ ဒါပေမယ့် လက်ထပ်ပြီးတဲ့ အခါကြ ရင်တော့ သူ့ကို ဟိုဟာလိုခြင်တယ်၊ ဒီဟာလိုခြင်တယ်လို့မပူစာ ရဘူးနော်လို့ ပြောပြီးကတိတောာင်းပါသတဲ့။ သူ ယူမယ့်အမျိုးသမီးလေးက လည်းအော်.. ဒါလေးများ.. မောင်ရယ် ကတိပေးပါတယ်၊ သူ့ကိုသာ သူလိုခြင်တာတွေဝယ်ပေးသူဘယ်တော့မှ မပူစာ ဘူးလို့ ကတိပေးလိုက်သတဲ့။ ငရဲသားလေးလည်းဝမ်းသာ သွားပြီး ကောင်မလေးလိုခြင်သမျှကို မညို မညင် လိုက်ပြီးဝယ်ပေးပါသတဲ့။ ၀ယ်လိုက်တာများအိမ်တစ်လုံး ထဲမှာဘီရိုဝယ်ပြီး အဲ့ဒီဘီရိုတွေနဲ့အပြည့်ထည့် ထားပါသတဲ့။ အဲ..စိတ်ကြိုက်လည်းဝယ်ပြီးရော လက်ထပ်ကြရအောင်ပေါ့။

မင်္ဂလာဆောင်တဲ့ နေ့ရောက်တော့ ဧည့်ခံပွဲမှာ သူ့ရဲ့သတို့သမီးမျက်နှာ မကောင်းတာကိုငရဲသားလေးက သတိထားမိပါသတဲ့။ငရဲသားလေးက ဘာဖြစ်တာလည်းလို့ သတို့သမီးကိုမေးတော့ သတို့သမီးက ဘာမှမဟုတ် ပါဘူးလို့ ပြန်ဖြေသတဲ့။ အေး.. ဘာမှမဟုတ်ရင်လည်းမျက်နှာကို ပြုံးပြုံးလေးနေ ဧည့်သည်တွေရှိတယ်၊ ကိုယ့် မင်္ဂလာဆောင်မှာဒီလို မရွှင်မပြနဲ့ နေတော့လူတွေက တမျိုးမြင်ကြလိမ့်မယ်လို့ ပြောလိုက်ပါသတဲ့။ ဒါပေမယ့် သတို့သမီးက ဘယ်လိုမှကို မရယ်နိုင်တော့။ ကဲဘယ်လိုဖြစ်တာလဲ ငါ့ကိုပြောစမ်းပါဦးလို့ထပ်မေးသတဲ့။ ကျွန်မ ကပြောတော့ပြောခြင်ပါတယ်၊ ဒါမေမယ့် ကျွန်မကပြောလိုက်ရင် ရှင်ကကျွန်မကိုဆူမှာစိုးလို့ လို့ပြန်ပြော သတဲ့။ ငရဲသားလေးကလည်း ကဲပြောမှာသာ ပြောစမ်းပါ၊ ငါ မင်းကိုမဆူပါဘူးလို့ ပြောလိုက်သတဲ့။ ကောင်မလေး ကလည်းမဆူရ ဘူးနော်လို့ ကတိတောင်းပြီး။ ဒီလိုပါတဲ့ ဟိုကမြို့စားကတော်ကြီး ဆောင်းလာတဲ့ ဦးထုပ်ကသှူှ့ဆီမှာမရှိသေးဘူးတဲ့၊သူကငရဲသားလေးကိုပေးထားတဲ့ကတိကြောင့် သူဘယ်တော့မှ အဲဒီ အုပ်ထုပ်ကို ဆောင်းရတော့မှာမဟုတ်ဘူးဆိုတာကို တွေမိပြီးစိတ်မကောင်းဖြစ်နေတာလို့ လည်းပြောလိုက် ရော။ ငရဲသားလေးဟာ..ဟိုက်...ဆိုပြီး...သူ့ရဲ့သတို့သမီး ကိုအသားကုန်ရိုက်ပြီးတော့ ဒီလိုငိုပါသတဲ့။ အောင်မလေး....အဲဒါကြောင့် ငရဲပြည်မှာ အမျိုးသားတွေ တနေ့တခြားများလာတာပါလို့..ပြောပြောပြီး ငိုကာ တခါတည်းငရဲပြည် ကိုပြန်ပြေးပါသတဲ့။

ငရဲပြည်ကိုလည်းရောက်ရော သူ့သူငယ်ချင်းက ဟေ့..ဘယ်လိုလည်း လူ့ပြည်မှာတော်တော်ပျော်ခဲ့ ရဲ့လားလိှု့ ဆီးပြီးမေးပါတဲ့။ ငရဲခြေကျိုးလေးလည်း သူ့ကတိနဲ့သူဆိုတော့အကုန်ပြန်ပြောရတာပေါ့။ ဇာတ်လမ်းလည်းဆုံး ရော သူ့ သူငယ်ချင်းက ဘာပြောသလဲဆိုတော့ အဲဒါမင်းညံ့လို့ဖြစ်တာတဲ့။ မင်းက သာမန်ကောင်မလေးကို သွားကြိုက်တာကို ငါသာဆိုရင်ဒီလို မလုပ်ဘူးလို့ပြောပါသတဲ့။ ပြီးတော့သူက ဒီတခါ ငါ့အလှည့် ငါသွားပြီး စမ်းကြည့်မယ်လို့ ပြောပါသတဲ့။ ငရဲသားခြေကျိုးလေးက ဟေ့ကောင် မလုပ်ပါနဲ့ကွာမသွားပါနဲ့လို့ တားပါသတဲ့။ ဒါပေမယ့် သူ့သူငယ်ချင်းက မရပါဘူး သူသွားပြီးစမ်းကြည့်မှာဘဲလို့ ပြောပါတယ်တဲ့။ ဒါပေမယ့် သူ့ကို ကူညီ ဖို့တော့ ပြောပါသတဲ့။ အဲ ဒါနဲ့ တားမရတဲ့အဆုံး မှာ ကူညီမယ်လို့ကတိပေးလိုက်ရပါသတဲ့။ ဒီတစ်ခါတော့ သူတို့က တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးရဲ့သမီးတော် တစ်ပါးဆီကိုသွားဖို့ ကြံစည်ကြသတဲ့။

ပထမဆုံး သူတို့က ဘုရင့်သမီးတော်လေးကို ဖျားနာအောင်ငရဲသားခြေကျိုးကိုဝင်ပြီးပူးခိုင်းပါသတဲ့။ ဘုရင့်သမီးတော်လေးဟာ နေမကောင်းဖြစ်ပြီး အိပ်ရာထည်းမှားလဲနေအောင်လုပ်ပါသတဲ့။ ဘုရင်ကြီးက သူ့ရဲ့သမီးတော်လေးကိုနေပြန်ကောင်းအောင်လုပ်နိုင်သူကို သမီးတော်လေးနဲ့ ပေးစားမယ်လို့ အတိုင်းတိုင်းအပြည်ပြည်ကိုကြေငြာပါသတဲ့။သမားကြော်အမော်တွေကဘယ်လိုပင် ကြိုးစားပြီးကုပါသော်လည်း ဘုရင့်သမီးတော်လေးရဲ့ကိုယ်မှာဝင်ပူနေတာက ငရဲသားခြေကျိုးဖြစ်နေတော့ မသက်သာဘဲ တနေ့တခြား ပိုလို့သာ ဆိုးရွားလာပါသတဲ့။ အဲ့ဒီမှာဘဲ ငရဲသားခြေကျိုးရဲ့သူငယ်ချင်းက သမားတော်အယောင်ဆောင်ကာ ဘုရင်ကြီးဆီကိုလာပြီး သူဟာ သမီးတော်လေးရဲ့ ရောဂါကိုသူတစ်ယောက်တည်းသာ ကုသနိုင်ကြောင်း၊ မကုသနိုင်ပါက သူကိုပါသက်နိုင်ကြောင်းပြောပါသတဲ့။ သူကပြောမှာပေါ့ ဘုရင့်သမီးတော်လေးကိုဝင်ပူနေတာ က သူ့သူငယ်ချင်းကို။

ဒါနဲ့သူက ဘုရင့်သမီးတော်လေးနားကိုကပ်ပြီးတော့
" ဟေ့သူငယ်ချင်း ငါပါကွ၊ ဟေ့ကောင်ငါရောက်လာပြီကွ၊ ငါဒီမှာ ဘုရင်ကြီးကို အမြှောက်(၃)ချက်ဖောက်ခိုင်းထားတယ် ဟ၊အဲဒီအမြှောက်(၃) ချက်ကြားရင် မင်း၊ သမီးတော်လေးရဲ့ ကိုယ်ထဲက ထွက်လိုက်တော့"

လို့ ပြောလိုက်ပါသတဲ့။ အဲဒီအခါမှာတော့ ငရဲသားခြေကျိုးကဘာပြန်ပြောသလဲ ဆိုတော့

"ဟေ့ သူငယ်ချင်း၊ မင်းခဏ လောက်စောင့် လို့မရဘူးလားကွ၊ ငါဒီမှာဇိမ်ကျနေပြီကွ၊ဖြစ်နိုင်ရင်ဒီအထဲက ထွက်တော်မထွက်ခြင်တော့ဘူး"

လို့ပြန်ပြောသတဲ့။
အဲဒီအခါမှာတော့ သမားတော်ယောင်ဆောင်ထားတဲ့ ငရဲသားက

"ဟေ့ ကောင်၊ မင်းမထွက်လို့တော့မရဘူးကွ၊ ဒီမှာ ငါကပြောပြီးနေပြီကွ" လို့ ပြန်ပြောသတဲ့။
ဒါပေမယ့် ဇိမ်ကျနေတဲ့ငရဲသားခြေကျိုးလေးက ဘယ်လိုပြောပြော၊ ဘယ်လိုမှမရဘူးလို့ ပြောနေတာ။

နောက်ဆုံးကြံရာ မရတဲ့ ဆေးဆရာငရဲသားလေးက ထပ်ပြီးတော့ပြောလိုက်သတဲ့

" ဟေး ဒီမှာ မင်းအရင်ကယူထားတဲ့ မိန်မက မင်းနဲ့တွေ့ခြင်လို့ ဒီမှာရောက်နေတယ်" လို့ပြောလိုက်ပါ သတဲ့။ အဲဒီမှာပဲ ဘုရင့်သမီးတော်လေးကိုဝင်ပူနေတဲ့ ငရဲသားခြေကျိုးလေးဟာတခါတည်းကို ငရဲပြည်ကို ပြန် ပြေးပါ သတဲ့။ ဘုရင့်သမီးတော်လေးလည်း ချက်ခြင်းကို နေကောင်းသွားပြီး၊ ဘုရင်ကြီးကလည်း သူ့သမီး တော်လေးကို ဆေးဆရာငရဲသားလေးနဲ့ ပေးစားလိုက်ပါသတဲ့။ ဆေးဆရာငရဲသားလေးရဲ့ ဒုက္ခကတော့ အဲဒီက စတော့တာပါဘဲ။ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။ ။