Showing posts with label ဘာသာရေးနှင့်အသိ. Show all posts
Showing posts with label ဘာသာရေးနှင့်အသိ. Show all posts

Monday, 17 December 2007

အမှတ်ရမိသော တရားများ

ယဉ်ကျေးလိမ္မာသင်တန်းတုန်းက တချို့တချို့သော မေးခွန်းတွေကို ပြန်ပြီးမှတ်မိလို့ ချရေးလိုက်ပါတယ်။

မေးခွန်း။။ဆရာတော်ခင်ဗျာ သောတပန်ဆိုတာရှိတယ်လို့ပြောပါတယ်။ သောတပန်ဖြစ်ပြီးရင်လည်း အပယ်မလား တော့ဘူးလို့ ပြောကြပါတယ်။ ဟုတ်ပါသလားခင်ဗျာ။ ပြီးတော့ သောတပန်ဖြစ်ပြီးရင် နောက်ထပ်ခုနှစ် ဘ၀ဘဲ နေရတော့တယ်ဆိုတာရော ဟုတ်ပါသလားခင်ဗျာ။
အဖြေ။။ ဟုတ်ပါတယ်။ သောတပန်ဆိုတာရှိပါတယ်။ သောတပန်ဖြစ်ပြီးရင် အပယ်မလားတော့ဘူးဆိုတာလည်း မှန်ပါတယ်။ ဘာလို့အပယ်လားတော့တာလည်းဆိုတော့ သောတပန်ဖြစ်သွားရင် အပယ်ကျမယ့်၊ အကုသိုလ်ဖြစ်မဲ့ ကိစ္စတွေကို မလုပ်ဖြစ်တော့လို့ပါ။ မလုပ်တော့တဲ့ သတ္တိလည်း သောတပန်တွေမှာရှိလာကြပါတယ်လို့ ဆရာတော် ကြီးကမိန့်ကြားသွားပါတယ်။ ပြီးတော့ သောတပန်ဖြစ်ရင် နောက်ထပ် ခုနှစ် ဘ၀ဘဲနေရတာလားဆိုတဲ့ အမေးကိုတော့ ကျွန်မသိပ်ပြီး မမှတ်မိတော့ပါဘူး။( ဆရာတော်ကြီး ကတော့ အဲ့ဒီလူရဲ့ပါရမီနဲ့ သက်ဆိုင်တယ်လို့ ပြောသွားပါတယ်။ အခုဘ၀မှာ သေလွန်ပြီးနောက်ထပ် ဘ၀တွေ အနည်းဆုံး တစ်ဘ၀လောက်တော့ လူဖြစ်သေးပါတယ်တဲ့။ သူ့သက်တမ်းရှိသလောက်ပါတဲ့။ အများဆုံးကတော့ ဆယ်ဘ၀လို့မိန့်ကြားသွားတယ်လို့တော့ အမှတ်ရပါတယ်။) စိတ်ထဲမှာ သိပ်ပြီးမသေချာလို့ပါ။ သိတဲ့သူများရှိရင် ပြောပြပေးခဲ့ပါဦး။

မေးခွန်း
။။(ဒီမေးခွန်းကတော့ ဆရာတော်ကြီးကို ရည်ရွယ်ပြီးမေးတာထင်ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးဖြေ သွားတာကို သဘောကျလို့ တင်လိုက်ပါတယ်။) အခုခေတ်မှာ ဆရာတော်ကြီးတွေ ဖုန်းကိုင်ကြတာ တွေ့ပါတယ်။ ဘုန်းကြီးနဲ့ ဖုန်းနဲ့ ဘာပက်သက်ပါသလဲဘုရား။
အဖြေ။။ဒီမေးခွန်းက မေးသင့်ပါတယ်။ မြတ်စွာဘုရားက
သဗ္ဗညုတဥာဏ်တော်ကြောင့် မိုင်ပေါင်း ထောင်သောင်းမကဝေးတဲ့နေရာက သတ္တ၀ါတွေ ဘာဖြစ်သလဲဆိုတာကို မြင်နိုင်ကြား နိုင်ကြပါတယ်တဲ့။ ရဟန္တာတွေမှာလည်း တန်းခိုးရှိတဲ့ ရဟန္တာတွေဘဲ မြင်နိုင်ကြားနိုင်၊ ဈာန်ပျံနိုင် ကြတာပါတဲ့။ ရဟန္တာတွေမှာ လည်း ပါရမီရှိမှ၊ တန်းခိုးရအောင် ကုသိုလ်ပြုခဲ့တဲ့ အကြောင်းရှိမှ တန်ခိုးရတာပါတဲ့။ တချို့တချို့သော ရဟန္တာ တွေ ရဟန္တာဖြစ်သော်လည်း ဈာန်မရသလို၊ အမြင်အကြားအာရုံလည်း မရှိတာတွေရှိပါတယ်တဲ့။ အမြင်အကြား၊ အာရုံတွေရတိုင်းလည်း ရဟန္တာမဟုတ်ပါဘူးလို့ ဆရာတော်ကြီးက မိန့်ကြားသွားပါတယ်။ ဘုန်းဘုန်းတို့ ကတော့ အမြင်လည်းမရ အကြားလဲမရှိလို့ ဖုန်းတွေကိုသာ အသုံးပြုနေရပါတယ်လို့လည်း မိန့်ကြားသွားပါတယ်။

ကျွန်မ မှတ်မိသလောက်ပြန်ရေးတာဖြစ်လို့၊ စာနဲ့လိုက်မှတ်ထားတာကို ပြန်ရေးတာမဟုတ်လို့ အမှားအယွင်းများ ရှိနိုင်သော်လည်း ကျွန်မသိသလောက် ဝေမျှချင်လို့ တင်လိုက်ရချင်းဖြစ်ပါတယ်။ အမှားများကို ၀င်ရောက်ပြင်ဆင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ နောက်ထပ် စစ်ကိုင်းက ထွဋ်ခေါင်ဆရာတော်ကြီးနဲ့ ဆရာတော်အရှင်ဆန္ဒာဓိက ဟောကြားခဲ့တဲ့ တရားတွေကို လည်းအနည်းငယ်မျှဝေချင်ပါတယ်။

စစ်ကိုင်းက
ထွဋ်ခေါင်ဆရာတော်ကြီးက လက်ပတန်းက တရာစခန်းမှာ ဟောကြားသွားတာကို ကျွန်မဒေါ်များ ပြန်လည်း ပြောကြာတာဖြစ်ပါတယ်။ ကျွန်မအဒေါ်က ကိုယ်တိုင်နာခဲ့ရလို့ အတော်ဘဲမှတ်မိပြီး ပြန်ပြောနိုင် ပေမယ့် ကျွန်မကတော့ ကိန်ဂဏာန်းတွေ သေချာမမှတ်မိတော့ပါသဖြင့်ခွင့်လွှတ်ကြပါ။

ထွဋ်ခေါင်ဆရာတော်ကြီးက တရာဟောရာမှာ လူတွေ တနေ့ ကုသိုလ်ဘယ်လောက်လုပ်ဖို့ ဆိုတာကို သူကမထောက်ပြခင် တနေ့ကို လူတွေဘယ်လောက်အကုသိုလ်ရနေလဲဆိုတာကို အရင်ဟောမယ်ဆိုပြီး အကုသိုလ်ရနိုင်တဲ့ အကြောင်းတွေကို ဟောကြားသွားပါသတဲ့။ သူ့အသက်ကို သတ်တာကို ကျွန်မမှတ်မိ သလောက် ရေးရရင်။ လူတယောက်ကို သတ်တဲ့သူဟာ ကိုယ်သတ်လိုက်တဲ့ လူရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ မွှေးညှင်း ပေါက်မှာရှိတဲ့ မွှေးညှင်းအရေအတွက်အလိုက်၊ သူ့မှာရှိတဲ့ အရိုးအရေအတွက်အလိုက် ငရဲခံရပါတယ်တဲ့။ တိရိတ္ဆန် တကောင်ကိုသတ်ရင်လည်း သူ့ အရိုးအရေအတွက်အလိုက်၊ ဆံပင်အရေအတွက်လိုက် ငရဲခံရ ပါတယ်တဲ့။ လူမှာတော့ ဆံပင်အရေအတွက် သန်းပေါင်းများစွာ၊ မွှေးညှင်းအရေးအတွက် သန်းပေါင်းများစွာနဲ့ အရိုးအရေအတွက် ထောင်ပေါင်းများစွာရှိလို့ အဲ့ဒီ အရေအတွက်အတိုင်း ငရဲခံရပါတယ်တဲ့။ ပုရွက်ဆိပ် လေးတကောင်ဘဲ သတ်လိုက်မိတာပါဆိုပေမယ့် အဲ့ဒီပုရွက်ဆိပ်မှာရှိတဲ့ အရိုးအရေအတွက်ကိုလိုက်ပြီး ငရဲခံ ရမှာပါဘဲတဲ့။ အဲ့ဒီတရားနာပြီးတော့ ကျွန်မအတော် တုန်လှုပ်သွားပါတယ်။ တနေ့တနေ့ အတော်ထိန်နေရတာ အကုသိုလ်မဖြစ်အောင်။ အနဲ့ဆုံးတော့ ဆယ်ဂဏာန်းချီပြီး အကုသိုလ်လုပ်ဖြစ်နေပါလားဆိုတာ သတိတော့ ထားမိသွားပါတယ်။ ဒါပေမယ့် အဲ့ဒါကိုတော့ အခုထိ ထိန်လို့မရသေးပါဘူး။

ဒါဆို အိန္ဒိယကဂျိမ်းတွေကို နေရတော့မှာလားဆိုတော့လည်း အဲ့ဒီလိုလဲမဟုတ်ဘူးလို့ မြတ်စွာဘုရားက ဟောကြား ထားပါတယ်။ ကိုယ်က ရည်ရွယ်ပြီးသတ်လိုက်တာမျိုးကို ငရဲကြီးတယ်လိုဆိုတာပါတဲ့။ ကဲ သေစမ်း ဒီလောက်ကိုက်တဲ့ ခြင်ဆိုပြီး ရိုက်လိုက်တဲ့အချိန်မှာ ပါတဲ့ ကိုယ့်ရဲ့မနောကံ၊ ကာယကံ၊ ၀စီကံ ဒါတွေအပြင်၊ ခြင်မှာပါတဲ့ အရိုးအရေအတွက် ပေါင်းလိုက်ရင် ခြင်တကောင်သတ်လိုက်ရုံနဲ့ ကျွန်မတို့ ငရဲတော်တော်ကြီး သွားနိုင်ပါတယ်။ ကြောက်စရာကြီးနော်။

ကျွန်မ ရှစ်တန်းဖြေပြီးတုန်းက သီလရှင်ဝတ်ဖြစ်ပါတယ်။ သီလရှင်ဝတ် တုန်းက ခြင်သိပ်ပြီးကိုက်လွန်းလို့၊ သီလရှင်ဝတ်နေတုန်းဆိုတော့ ငါးပါးသီလကလည်းလုံနေတာဆိုတော့ ကျွန်မအဓိဌာန်တခု ဆိုမိပါတယ်။ သစ္စာရယ်လို့ ပြောရမလားပါဘဲ။ ခြင်တွေကို တိုင်တည်ပြီးတော့ပါ။ ကဲ ခြင်တွေရေ ငါ့ကိုကိုက်ချင်ရင်လည်း ကိုက်ကြတော့ ငါနင်တို့ကို မရိုက်တော့ဘူး။ ဒါပေမယ့် နင်တို့ ကိုက်တိုင်း ငါနာကျင်မှုကိုမခံစားရအောင် ကိုက်နော်လို့။ ငါလည်း နင်တို့ကိုလုံးဝ မရိုက်ဘူး။ စိတ်ထဲကလည်း မပြစ်မှားဘူးလို့။ စိတ်ထဲကပြောလိုက်၊ ဆုတောင်းမိလိုက်ပါတယ်။ မဟာစည်မှာ သီလရှင်ဝတ်တာဆိုတော့ တရားထိုင်တိုင်း ခြင်ကိုက်တဲ့ ဒဏ်ကို မနည်းခံရလွန်းလို့ပါ ဒီဆုကိုတောင်းလိုက်မိတာပါ။ အဲ့ဒီလို ကိုယ့်အသွေးအသားကို လှူလို့ရတယ်လို့လည်း ကြားဖူးတာလည်းပါ ပါတယ်။ ငါ့ ဒီကိုယ်ကြီးကနေ နင်တို့ ဘယ်လောက်ကုန်အောင် သွေးတွေစုပ်ယူနိုင်မှာ လည်းဆိုပြီး စမ်းကြည့်လိုက်တာပါ။

အဲ့ဒီ အဓိဌာန်ကို ကျွန်မကိုယ်တိုင်လည်း ပြည့်အောင်ထိန်းသလို ခြင်လုံးဝမကိုက်တော့တာ ကို လက်တွေ့ အကျိုးခံစားရပါတယ်။ ခြင်ကိုက်လဲ နာတာတွေ၊ အဖုတွေထတာတွေ မရှိပါဘူး။ ဘယ်နေရာသွားသွား သူများတွေ ခြင်ကိုက်လို့ အော်နေလည်း ကျွန်မကတော့ ဘာမှမဖြစ်ပါဘူး။ အဲ့ဒါကတော့ ကိုယ်တွေ့ပါ။ အတော်ကြာသွားပါတယ်။ အဲ ဒီ သုံးနှစ်လောက်မှာမှ ကျွန်မ ခြင်တကောင်သတ်လိုက်မိလို့ အခုတော့ နဲနဲ ပြန်ကိုက်နေပြီး။ ကျွန်မ စည်းဖေါက်တာဆိုတော့ အခုပြန်းပြီး ထိန်နေပါတယ်။ ခြင်တွေမ သတ်ရတော့ ကျွန်မမှာ အကုသိုလ်တမျိုးနည်း နေတာပေါ့။ ခြင်တင်မကဘူး ပုရွက်ဆိတ်၊ ပိုးဟပ်နဲ့ အကောင်ပေါက်စလေးတွေ တက်နိုင်သလောက်တော့ မသေအောင် ဂရုစိုက်မိပါတယ်။ မတော်တဆ ဖြစ်တော့လည်း ငရဲရတာပေါ့။ ဘယ်တက်နိုင်ပါ့မလဲ။(ကြော်ငြာဝင်တာပါ။)

ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ တရားကတော့ ၂၀၀၆ သင်္ကြန်ကို ဆရာတော်ရဲ့ သထုံက ရွှေပါရမီတောရ တရားစခန်းမှာ ဟောကြားတယ်လို့ မှတ်ထားမိပါတယ်။ အဲ့ဒါကလည်း အမေ့သူငယ်ချင်းဝင်တဲ့ တရားစခန်းပါ။ အဲ့ဒီအဒေါ်ကြီးကဘဲ ပြန်ပြောပြလို့ ကြားနာခဲ့ရတာပါ။

ဆရာတော် တရာဟောရင် ခေတ်နဲ့ အညီဟောကြားတာ ဆရာတော်ရဲ့တရားတွေ နာဖူးသူတိုင်း သိကြမှာပါ။ ပြီးရင် ဆရာတော်က ခေတ်ပေါ်သီချင်းလေးတွေကို တရားအမြင်နဲ့ ထည့်ပြီးလည်း ဟောလေ့ရှိပါတယ်။ အခုလည်း ဆရာတော်က လူတွေစိတ်ဆိုးတာနဲ့ ပက်သက်ပြီး ကွင်းကွင်းကွက်ကွက်မြင်အောင် ဟောပြထားတာ နှစ်သက်လွန်းလို့ ရေးလိုက်ရတာပါ။

ဆရာတော်က လူတွေစိတ်ဆိုးရင် ငရဲကြီးတက်ပါတယ်တဲ့။ လူတွေစိတ်တို ဒေါသထွက်ရင်၊ ရင်ထဲမှာ ပူကနဲ့ ဖြစ်သွားပြီး နှလုံးသွေးတွေ ဆူသွားတက်ပါတယ်တဲ့။ အဲ့ဒီအခါမှာတော့ ကိုယ့်ရဲ့စိတ်က ငရဲပြည်ကို ရက်ဂျစ်စတာ သွားလုပ်သလို၊ ခုခေတ် အင်တာနက်ချိတ်သလိုပါဘဲတဲ့။ ဒေါသထွက်တဲ့အချိန် နှလုံးပူသွားတာနဲ့ တပြိုင်နက် ငရဲပြည်ကိုသွားချိတ်ပါသတဲ့။ စိတ်ကြည့်နူးလို့ အေးချမ်းတဲ့ အချိန်မှာ ရင်ထဲမှာ ကြည်ကြည်နူးနူးခံ စားလိုက်ရတာနဲ့ တပြိုင်နက် နိဗ္ဗာန်ကို သွားပြီး လင့်ချိတ်ပါသတဲ့။ ငိုရင် ငရဲကိုလင့်ချိတ်ပြီး၊ ရင်မှာ ကြည်ကြည်နူးနူးနဲ့ ရယ်မောပျော်ရွှင်ရင်တော့ နိဗ္ဗာန်ကို လင့်ချိတ်ပါတယ်တဲ့။ အဲ လူတွေသေတဲ့ အခါမှာတော့ ဘယ်နှခါ လင့်ချိတ်ပြီး ရစ်ဂျစ်စတာလုပ်ထားလဲ ပေါင်းပါတယ်တဲ့။ အဲ့ဒီလို ဟောကြားသွားတာကို နာလိုက်ရတော့ ကွင်းကွင်းကွက်ကွက်ကြီး မြင်လိုက်ရသလိုပါဘဲ။

အဲ့ဒီတရားကိုမေ့နေတာပါ။ ဟိုနေ့က ဒေါသထွက်ပြီးရင်တွေပူနေတော အတော်နဲ့ မပြေဘူးဖြစ်နေတာနဲ့ သွားပြီး စိတ်ထဲမှာမြင်လာလို့။ ဟဲ ဒီလိုကြီးတော့ မဖြစ်ချေဘူး။ ငါတော်ကြာ ငါ ရက်ဂျစ်စတာတွေ ငရဲပြည်မှာ များနေရင် ဒုက္ခဆိုပြီး စိတ်ကိုမနည်း ပြန်လျှော့ချလိုကရပါတယ်။ အဲ့ဒါနဲ့ ဒီပိုစ့်လေးကို ရေးဖို့ သတိသွား ရပါတယ်။ ဒါကြောင့်များ ရယ်မော ရင်အသက်တရက်ပိုရှည်တယ်လို့ လူတွေပြောကြတာများလားလို့လည်း မစီမဆိုင်တွေးလိုက်မိပါတယ်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။



Tuesday, 11 December 2007

မေးခွန်းများ

ကျွန်မအင်္ဂလိပ် စကားပြောသင်တန်းတခုတက်တုန်းကပါ။ နိုင်ငံခြားသားအမျိုးသမီး (ဆရာမ)က သူတို့ ဘာသာအကြောင်းပြောပါတယ်။ သူက မေးပါတယ်။ နင်တို့ ဘာသာမှာ အခုခုကို ဆုံးဖြတ်ရင် နှလုံးသားနဲ့ဆုံးဖြတ်တာလား၊ ဦးနှောက်နဲ့ ဆုံးဖြတ်တာလားတဲ့။ ငါတို့ ဘာသာက နှလုံးသားထဲက လိုချင်တာ၊ ညွှန်ပြတာကို လိုက်နာတာပါတဲ့။ နင်တို့ကဘယ်လိုလဲတဲ့။ အဲ့ဒီလိုမေးတဲ့ အချိန်မှာ တတန်းလုံး လူ၃၀ရှိတာ ဗုဒ္ဓဘာသာက အများဆုံး။ တယောက်မှ သူ့မေးခွန်းကို ပြန်မေဖြေနိုင်ခဲ့ပါဘူး။ ကျွန်မအပါဝင်ပေါ့။ ဒါနဲ့ စိတ်ထဲတေးထားမိပါတယ်။ အခွင့်ရှိရင် ဒီမေးခွန်းရဲ့ အဖြေကိုရအောင်ရှာမယ်လို့။ မှတ်မှတ်ရရ အဲ့ဒါက ၂၀၀၅ ဒီဇင်ဘာလ။

၂၀၀၆ ခုနှစ် ဧပြီ(၁)ရက်နေ့မှာ ကျွန်မအမေရဲ့ သူငယ်ချင်းတယောက်က တိုက်တွန်းမှုကြောင့် ဆရာတော် အရှင်ဆေကိန္ဒရဲ့ ယဉ်ကျေးလိမ္မာ တရားစခန်းကို ၀င်ဖြစ်ခဲ့ပါတယ်။ အသက် ၂၅ အောက်ဆိုတော့ တက္ကသိုလ်ဝင်တန်း တွေချည်းဘဲ သီးသန့်ဖွင့်တဲ့ စခန်းမှာ ၀င်ခဲ့ပါတယ်။ အဲ့ဒီမှာ ၁၀တန်းဖြေပြီးသားသူကနေ ၂၅ အထိလက်ခံပါတယ်။ တရားစခန်းဆိုပေမယ့် ၄ ရက်တည်းပါ။ ရက်က နည်းပေမယ့် တရားထိုင်ထာထက် တရားနာတဲ့ အချိန်ကပိုပါတယ်။

တရားစခန်းမှာတော့ နေ့ခင်းနဲ့ ညနေစောစောပိုင်းတွေမှာ ဆရာတော်ကြီးက ကျွန်မတို့ အရွယ်နဲ့ အဆင်ပြေမယ့် တရားတွေကိုဟောကြားပါတယ်။ ညနှောင်းပိုင်းမှာတော့ ကျွန်မတို့အရွယ်လူငယ်တွေကို မိမိတို့ သိချင်တဲ့ ဘာသာရေးဆိုင်ရာ မေးခွန်းတွေကို မေးခွင့်ပေးပါတယ်။ အဲ့ဒီအစီအစဉ်မှာ ကျွန်မတို့ မသိဘဲ၊ ဒွိဟ ဖြစ်နေတက်တဲ့ မေးခွန်းများရဲ့ အဖြေတွေကို ဆရာတော်ကြီးက ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေကြားပေးပါတယ်။ အဲ့ဒီထဲက ကျွန်မမှတ်မိတဲ့ မေးခွန်းနဲ့ အဖြေတွေကို ပြန်ရေးလိုက်ပါတယ်။ မှတ်မိသလောက်ပြန်ရေးလိုက်တာပါ။ အမှားပါရင်ခွင့်လွှတ်ပါ။ မှားတာရှိရင် ထောက်ပြပေးကြပါ။

မေးခွန်း။။ ဆရာတော်ခင်ဗျား။ သတ်သတ်လွတ်စားဖို့ မြတ်စွာဘုရားမှာကြားခဲ့ပါလား။
အဖြေ။။ မြတ်စွာဘုရားက သတ်သတ်လွတ်စားဖို့ မဟောကြားခဲ့ပါဘူး။ မိမိကမနှစ်သက်လို့ အသားမစားက တပိုင်းပါ။ မြတ်စွားဘုရားလက်ထက်က ဒေ၀ဒတ်ကလည်း တန်းခိုးကြီးတဲ့ ရဟန်းတပါးပါ။ ဒေ၀ဒတ်က မြတ်စွာဘုရားကို ရဟန်းတော်တွေကို ပညက်ချက်(၅)ချက် ထုတ်ပေးဖို့တောင်ဆိုပါတယ်တဲ့။ အဲ့ဒီအထဲမှာ အသားမစားရဘူဆိုတဲ့ ပညက်ချက်ပါ ပါတယ်တဲ့(အချက်က ၅ ချက်ပါ ကျွန်မမှတ်မိ တော့လို့ပါ)။ မြတ်စွာဘုရားကတော့ ရဟန်းဆိုတာ ဒကာ၊ဒကာမတွေ ကပ်တဲ့ ဆွမ်းကိုဘုန်းပေးရတာဖြစ်တဲ့အတွက် ဘာမစားဘူး၊ ညာမစားဘူးဆိုရင်
မဇ္ဈိမပဋိပဒါ မကျတဲ့အတွက် ပညက်လို့ မဖြစ်ပါဘူးတဲ့။ နောက်ထပ်အချက်တွေကိုလည်း မျှတမှုမရှိလို့ ခွင့်မပြုခဲ့ပါဘူး။ အဲ့ဒီအတွက်ကြောင့် ဒေ၀ဒတ်က ရှင်ကြီးဂေါတမက ရဟန်းတွေကို သတ်သတ်လွတ်မစားခိုင်းဘူးဆိုပြီး တစင်ထောင်ပြီး တောထွက်ပါတယ်။ သူနဲ့ အတူ ရဟန်း(၅၀၀) ပါသွားပါတယ်တဲ့။

ဒါကြောင့်မို့ သတ်သတ်လွတ်စာခြင်းဟာ မြတ်စွာဘုရား ဟောကြားခဲ့တာမဟုတ်ပါဘူးလို့ ဆရာတော်က ရှင်းလင်းအောင် ဖြေကြားခဲ့ပါတယ်။ မြတ်စွာဘုရားက စိတ်ကဖြစ်တဲ့ အစားအသောက်ပေါ်မှာဖြစ်တဲ့ တဏှာကိုထိန်းဖို့သာ မိန့်ကြားခဲ့ပါတယ်တဲ့။

မေးခွန်း။။ ဆရာတော်ခင်ဗျာ။ လူတယောက်က သေခါနီးမှာ နောင်ဖြစ်မယ်ဘ၀ကို မြင်တယ်လို့ပြောကြတာ မှန်ပါသလား။ ဒါဆိုရင် Car Accident ဖြစ်ပြီး လျှက်တပြတ်သေသွားတာဆိုရင် ဘယ်လိုလုပ်ပြီး နောက်ဘ၀ကို မြင်နိုင်ပါသလဲခင်ဗျာ။

အဖြေ။။ မှန်ပါတယ်တဲ့။ လူယောက်သေခါနီးမှာ နောင်သူဖြစ်မယ့် ဘ၀ကိုမြင်ပါတယ်တဲ့။ လူရဲ့စိတ်ဟာ တစက္ကန့်မှာ သန်းပေါင်းများစွာ သွားနိုင်တာကြောင့် သေခါနီးမှာ ဘာဖြစ်မယ်ဆိုတာမြင်ပါတယ်တဲ့။ သူပြုခဲ့ဖူးတဲ့ ကုသိုလ်၊ အကုသိုလ်ကို ပြန်မြင်နိုင်ပါသတဲ့။ အကုသိုလ်ပိုပြီး အလုပ်များတဲ့သူဆိုရင်တော့ အဲ့ဒီအချိန်မှာ ကိုယ်ပြုခဲ့ဖူးတဲ့ အကုသိုလ်ကို ပြန်မြင်ပါသတဲ့။ အဲ့ဒီသူမြင်တဲ့ အကုသိုလ်တရားကြောင့် မကောင်းတဲ့ ဘ၀ကို ရောက်ပါသတဲ့။ ကုသိုလ်ကိုသာမြင်ရင်တော့ မြင့်မြတ်တဲ့ ဘ၀ကိုရောက်ပါသတဲ့။ အဲ့ဒါကြောင့် ဒါန၊ သီလ၊ ဘာဝနာအလုပ်ကို မသေခင်လုပ်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ အကုသိုလ်ကို ပျောက်ပျက်အောင် မလုပ်နိုင်ပါဘူးတဲ့။ အကုသိုလ်ဟာ ရေစီးကြောင်းနဲ့ တူပြီး။ ကုသိုလ်ဟာ တမံနဲ့ တူပါတယ်တဲ့။ အကုသိုလ်ကို ကုသိုလ်တမံ နဲ့သာ တားလို့ရပြီး ပျက်စီးသွားအောင်လုပ်လို့မရပါဘူးတဲ့။ ကုသိုလ်များများလုပ်မှ အကုသိုလ်ရေစီးကိုတား နိုင်မှာဖြစ်ပြီး၊ ကုသိုလ်နဲရင်တော့ အကုသိုလ်က ကုသိုလ်တမံကိုချိုးသွားပါလိမ့်မယ်တဲ့။

တရားစခန်းမှာ အနောက်ဘက်မှာ ထိုင်ရင် အာရုံမရသလို၊ သိပြီးမကြားရလို့ အမြဲအရှေ့ဆုံးမှာ နေရာရအောင်ယူပြီး ထိုင်ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ဆရာတော်ကြီးကို စိတ်ထဲကနေလျှောက်ကြည့်ပါတယ်။ ဆရာတော်က ရှေ့ကလူတွေကို ကြည့်ပြီး တရားဟောဖြစ်တယ်လို့ကြားဖူးလို့ပါ(များသောအားဖြင့်ပါ)။ အဲ့ဒါနဲ့ အရင် အင်္ဂလိပ်စာ သင်တန်းမှာ အင်္ဂလိပ်ဆရာမမေးတဲ့ မေးခွန်းကို မေးမိပါတယ်။

ဆရာတော်ကြီးက တရားထဲမှာဒီလို ထည့်ဟောပါတယ်။ စိတ်ဆိုတာ နှလုံးမှာတည်ပါတယ်တဲ့။ ဒါကြောင့် စိတ်နှလုံးလို့ ပြောတာပါတဲ့။ ဒါဆိုရင် စိတ်က နှလုံးသားကို ထုတ်လိုက်တာနဲ့ ပျောက်သွားရောလားဆိုတော့ အဲ့ဒီလိုမဟုတ်ပါဘူးတဲ့။ စိတ်ဆိုတာ သံသရာတလျှောက်လုံး ဒီစိတ်ပါဘဲတဲ့။ သေလွန်သွားလဲ အဲ့ဒီစိတ်က ပြန်ပါတာပါဘဲတဲ့။ ကိုယ်ကသာ အရင်ဘ၀ကို မမှတ်မိတာပါတဲ့။ မှတ်မိတဲ့သူတွေလည်း ရှိပါတယ်တဲ့။ အဲ့ဒါကြောင့် လူဝင်စား၊ လူဝင်စားနဲ့ ပြောနေကြတာပါတဲ့။ အရင်ဘ၀က စိတ်၊ ကုသိုလ်၊ အကုသိုလ်က အခုဘ၀အထိပါလာပါတယ်တဲ့။ ဥပမာ-နှလုံမကောင်းလို့ နှလုံးလဲလိုက်လည်း၊ လူကတော့ ဒီစိတ်ပါဘဲတဲ့။ မပြောင်းလဲပါဘူးတဲ့။ စိတ်က သေသွားတာမျိုးမရှိပါဘူးတဲ့။ နိဗ္ဗာန်မရောက်မချင်း ဒီစိတ်ပါဘဲတဲ့။ ခန္ဓာဘဲ ကွဲသွားပါတယ်တဲ့။ ဒါကြောင့် နိဗ္ဗာန်ကိုရောက်အောင် ကျင့်ကြံအားထုတ်နေကြတာပါတဲ့။

ကျွန်မကတော့ ကျွန်မမှတ်မိသလောက်ပြန်ရေးလိုက်တာပါ။ ပါရမီအနှိမ့်အမြင့်ပေါ်မှာ မူတည်ပြီး စာဖတ်သူ တွေ နားလည်မှုတူချင်မှ တူမှာပါ။ ဒါပေမယ့် စိတ်တော့ဝင်စားသွားမယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားမယ်ဆိုရင် ဆရာတောကြီး ဟောကြားတဲ့ တရားတော်တွေကို ရန်ကုန်မှာဆိုရင်တော့ ၁၃လမ်း အောက်ဘက်က ကမ္ဘာကျော် တေးသံသွင်းဆိုင်မှာ ၀ယ်ပြီးနာလို့ရပါတယ်။ သူငယ်ချင်းများကို မျှဝေတာပါ။ အမှားရှိရင် ညွှန်ပြပေးကြပါ။

(အမှားပြင်ထားတယ်ဗျ။ အစပိုင်းစကားလုံးက စာရေးတာစိတ်မောပြီး စကားလုံးရှာမရလို့ စာဖတ်သူတွေကို စော်ကားသလို။ ဆရာကြီးလေသံပေါက်သလို ဖြစ်နေရင် တောင်ပန်ပါတယ်။ ကွန်းမန့်မှာ လာပြီး ပြင်ပေးတဲ့ ကိုပီကေ ကိုလည်း ကျေးဇူးတင်ပါတယ်။)

ပီကေ said...

ဒေ၀ဒတ်က မြတ်စွာဘုရားကို တောင်းဆိုတဲ့ အချက် ငါးချက်က ဒီလိုပါ။
၁။ ရဟန်းတွေဟာ တစ်သက်လုံး တောထဲမှာသာ နေကြရမယ်။
၂။ တောထဲမှာ ကျောင်းသင်္ခမ်း မဆောက်ဘဲ သစ်ပင်ရင်းမှာပဲ နေရမယ်။
၃။ ဆွမ်းခံရတာပဲ စားရမယ်။
၎။ ပံ့သကူသင်္ကန်းပဲ ၀တ်ရမယ်။
၅။ သက်သတ်လွတ်စားရမယ်။

နောက် မဇ္ဈိမပဋိပဒါ လို့ ရေးရပါတယ်။


ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Thursday, 22 November 2007

မတွေ့တာကြာပါပေါ့လား

ကဿပဘုရားရှင် လက်ထက်တော်တုန်းက ဂေါတမမြတ်စွာဘုရား အလောင်းတော် သုမေဓါရသေ့က ကဿပဘုရား ကြွမယ့်လမ်းကို ဈာန်တန်းခိုး အဘိညာဉ်အသုံးမပြုဘဲ ကာယစွမ်းအားနဲ့ ကဿပဘုရားကြွမယ့် လမ်းကို ပြုပြင်ပေးခဲ့ပြီး၊ ကြာငါးခိုင်နဲ့လည်း ဘုရားဆုပန်ခဲ့ပါတယ်။ ကဿပဘုရားကလဲ သုမေဓါရသေ့ကို နောင်လာမယ့် ဘဒ္ဒကမ္ဘာမှာ ဂေါတမဘုရားအဖြစ်မယ်လို့ ဗျာဒိတ်ပေးတော်မူပါတယ်။ ဘုရားလောင်း သုမေဓါရှင်ရသေ့ကို သဘောကျနှစ်သက်လို့ တောထွက်ပြီး ရသေ့ရဟန်းပြုတဲ့ သူတွေ အဲ့ဒီအချိန်တုန်းက အတော်များပါသတဲ့။ အဲ့ဒီအထဲက သတို့သားတစ်ယောက်ကတော့ ဘုရားအလောင်းရသေ့ကို ချည်းကပ်ပြီး တရားအကြောင်းဆွေးနွေးပါသတဲ့။ တရားကို ချစ်ခင်၊ တရားကို မြတ်နိုးလို့ တရားနဲ့မွေ့ပျော်တဲ့ သူအချင်းချင်း ပေါင်းကြ ခြင်းဖြစ်ပါတယ်တဲ့။


ဒီလိုနဲ့ ဘုရားအလောင်း သုမေဓါရသေ့ဘ၀ကနေ သေလွန်ပြီး နောင်ဘ၀တွေမှာလည်း ဘုရားအလောင်းမို့၊ တရားကိုချစ်ခင်၊ တရားကိုနှစ်သက် တရားနဲ့မွေ့လျှော်သူ မိတ်ဆွအပေါင်းအသင်းတွေ နဲ့တွေ့ဆုံပေါင်းသင်း တွေနဲ့သာတွေ့ရပေမယ့်၊ ဘုရားအလောင်းရဲ့ မိတ်ဆွေ အဲဒီသတို့သားကတော့ လူဆိုးလူမိုက်များနဲ့ ပေါင်းဖေါ်မိ ပါတယ်။ အပေါင်းအသင်းမှားလို့ မကောင်းမှုဒုစရိုက် အကုန်လုပ်၊ အရက်သေစာသောက်စာ မူးယစ်ရုံသာမက၊ အမေကိုပါ ပြန်သတ်တဲ့အထိ အကုသိုလ်တွေလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီဘ၀လွန်ပြီးနောက်မှာ ပြုခဲ့ဖူးတဲ့ အကုသိုလ်ကြောင့် သမုဒ္ဒရာထဲမှာ ငါးကြီး(ပြိတ္တာ) သွားဖြစ်ပါတယ်။

ဘုရားအလောင်းရသေံကတော့ ၄သင်္ချေနဲ့ ကမ္ဘာ၁ သိန်း ပါရမီဖြည့်ပြီးနောက် ဂေါတမမြတ်စွားဘုရားအဖြစ် သို့ရောက်ရှိ ပြီတဲ့အထိ ကဿပဘုရားရှင်လက်ထက်က တရားကိုနှစ်သက်၊ တရားကိုမြတ်နိုးလို့ ဘုရားရှင်နဲ့ အဆွေခင်ပွန်း ဖွဲ့ခဲ့တဲ့ သတို့သားကတော့ သမုဒ္ဒရာထဲမှာ ငါးကြီးဖြစ်တဲ့ဘ၀ကနေ မကျွတ်သေးပါဘူးတဲ့။ ၁ သင်္ချေမှာ ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ကမ္ဘာရှိပါတယ်။ အဲ့ဒီသတို့သားဟာ ၄သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ငါးကြီးဘ၀နဲ့ သာရှိနေပါတယ်။

တစ်ရက်.....သမုဒ္ဒရာထဲငါးဖမ်းထွက်တဲ့ လှေတစ်စင်းကို ငါးကြီးကသွားတွေ့တဲ့အခါမှာ ငါးဖမ်းလှေရဲ့ဘေးမှာ
အစားအစာတောင်းတဲ့ အနေနဲ့သွားပေါ် ပါသတဲ့။ အဲ့ဒီအခါမှာတော့ လှေပေါ်မှာပါရှိတဲ့ ငါးဖမ်းသမားတွေဟာ၊ အိမ်လောက်ရှိတဲ့ ငါးကြီးကိုတွေ့ပြီး ကြောက်လွန်းလို့ ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါ၊ ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါလို့ မြတ်စွာဘုရားကို တကြပါတယ်တဲ့။ အဲဒီအခါမှာတော့ ပြိတ္တာငါးကြီးက ပြုခဲ့ဖူးတဲ့ကုသိုလ် သီလ၊ ပါရမီကြောင့်၊ ဂေါတမနာမည်လဲကြားရော အတိတ်ဘ၀ကို အမှတ်ရပြီး၊ သြော်...ငါနဲ့ တရားအတူအားထုတ်ဖူးတဲ့ သုမေဓါရှင်ရသေ့တောင် ဂေါတမဘုရားဖြစ်နေပါပေါ့လား ဆိုပြီး အသိတရားဝင် အရှေးမနှောင်းမှာဘဲ ငါးကြီးဘ၀ကနေ စုတေသွားပါတယ်။(စုတေ=နေရာရွေ့သည်။ သေသည်။)

အရင်ဘ၀က ပြုခဲ့ဖူးတဲ့ကုသိုလ် ပါရမီကြောင်း ငါးပြိတာကြီးဘ၀က သေလွန်ပြီးသောအခါမှာတော့ သာဝတ္ထိက သူကြွယ်လင်မယားဆီမှာ လူအဖြစ်ပြန်ဝင်စားပါတယ်။ ငါးနှစ်အရွယ်မှာ မြတ်စွားဘုရားရဲ့ ဇေတ၀န်ကျောင်းတော်ကို သွားချင်ကြောင်း မိဘများကို ပူစာတာကြောင့်။ မိဘများက ဇေတ၀န်ကျောင်းကို လိုက်ပို့ခဲ့ပါတယ်။ မြတ်စွာဘုရားက ဒီသူငယ်ဟာ သုမေဓါရသေ့ ဘ၀က တရားလိုချင်လို့ ချဉ်ကပ်ခဲ့တဲ့ မိတ်ဆွေ ဖြစ်တာကို မြင်မြင်ချင်းသိတာကြောင့် မတွေ့တာကြာပါပေါ့လားလို့ နှုတ်ဆက်လိုက်ပါသတဲ့(အမှန်က ဆရာတော် တရားထဲမှာ နာမည်ပြောပါတယ်။ ကျွန်မမမှတ်မိတော့လို့ပါ။)။ သူငယ်ကလဲ ပြန်ပြီး အရှင်ဂေါတမ မတွေ့တာအတော်ကြာပါပြီလို့ ပြန်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ မြတ်စွာဘုရားက အဲ့ဒီ့နေ့မှာတော့ သူငယ်လေးရဲ့ ရှေးဘ၀ကအကြောင်းများကို ပြန်ပြီး တရားဟောပါတယ်။ အပေါင်းအသင်းမကောင်းလို့ ၄ သင်္ချေနဲ့ ကမ္ဘာ ၁ သိန်းလုံး ငါးပြိတာကြီး ဘ၀နဲ့ နေခဲ့ရတာကို လူအများမြင်အောင် တရားအဖြစ် ဟောကြားဆုံးမခဲ့ပါတယ်။ ထိုသူငယ်လေးကတော့ တရားပြီးဆုံးချိန်မှာ သောတပန်တည်သွားခဲ့ပါတယ်။

ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားတော်မူသော တရားကို ကျွန်မမှတ်မိသမျှ၊ မျှဝေတာဖြစ်ပါတယ်။ စာလုံး ပေါင်းမှာခြင်းနှင့်တကွ အခြားမှားခြင်းများရှိနိုင်ပါသော်လည်း အပေါင်းအသင်းမှားခြင်းကြောင့် သံသရာတွင် မကျွတ်မလွတ်နိုင်ဘဲရှိတဲ့ ပုံပြင်လေးကို သူငယ်ချင်းများအား သိစေချင်တာကြောင့် တစ်ကြောင်း၊ ၁ သင်္ချေမှာ သုညဘယ်နှစ်လုံး ရှိသလဲဆိုတာ မသိခဲ့တဲ့ ကျွန်မ ဒီတရားနာပြီးမှာ သိခဲ့ရလို့၊ ကျွန်မလို သူငယ်ချင်းများကို သိစေချင်တာကြောင့် ဒီပို့စ်ကို တင်ဖြစ်ခြင်းဖြစ်ပါတယ်။

ပျော်ရွှင်နိုင်ပါစေ။
နှင်းဆီနီနီ။။

Saturday, 10 November 2007

အဓိဋ္ဌာန်

အမှန်က ဒီအဓိဋ္ဌာန်ကို အသိအဒေါ်ကြီး တစ်ယောက်ဆီကနေရတာပါ။ သူက အဲ့ဒီအဓိဋ္ဌာန်ကြောင့် သိန်းထီပေါက် တယ် လို့ပြောလို့ပါ။ ကျွန်မလည်း အဓိဋ္ဌာန်စမ်းပြီး ၀င်ကြည့်တာ ပထမအခေါက်မှာ လုံးဝအဆင်မပြေလို့။ နောက်ထပ်ခေါက်ခေါက်ကြိုးစားပြီးလုပ်တာလည်း အဆင်မပြေပါဘူး။ အဲ အဲ့ဒီအဓိဋ္ဌာန်ကို ၉တန်းနှစ်ကစပြီး လုပ်ကြည့်တာ ဆယ်တန်းဖြေပြီးတဲ့အထိ မအောင်မြင်ပါဘူး။ အနှောက်အယှက်တွေ အတော်များများ တွေ့ရ ပါတယ်။ နောက်ပိုင်း အိမ်နဲ့နီတဲ့ ရွှေဘုန်းပွင့်ဘုရားမှာသွားပြီး အဓိဋ္ဌာန်ဝင်တော့မှဘဲ အဆင်ပြေပြေနဲ့ အဓိဋ္ဌာန်အောင်သွားပါတယ်။

အဓိဋ္ဌာန်ကို ဒီလိုပါ ပဋ္ဌာန်အကျဉ်းကို တစအဆုံး၊ အဆုံးအစ(အနုလုံပဏိလုံခေါ်မလား) ကို တစ်ခေါက်ယူပြီး၊ ၂၁ခေါက် ရွတ်ရတာဖြစ်ပါတယ်။ အဓိဋ္ဌာန်ကို လစဉ် လဆန်း (၉) ရက်နေ့ နံနက်(သို့) ည (၉) နာရီတိတိမှာ စပြီး ရွတ်ရမှာဖြစ်ပါတယ်။ ရွတ်ရမည့်နေရာကလည်း တစ်နေရာတည်းဖြစ်ရပါ့မယ့်။ ဒီနေ့ဒီနေရာမှာ ရွတ်ပြီး နောက်နေ့မှာ တစ်ခြားနေရမှာ ရွတ်ရင်အဓိဋ္ဌာန်မအောင်ပါဘူး။ အဓိဋ္ဌာန်မအောင်ဘူးဆိုတာက ကိုယ့်ဆုတောင်း မပြည့်ဘူးလို့ပြောတာမဟုတ်ပါဘူး။ သူသတ်မှတ်ထားတဲ့ စည်းကမ်းနဲ့မညီဘူးလို့ ဆိုလိုတာပါ။

အဓိဋ္ဌာန်စ၀င်တဲ့ အချိန်၊ နေရာ၊ တိကျဖို့လိုသလို တစ်ကိုယ်ရေသန့်ရှင်းဖို့လည်း လိုပါသေးတယ်။ မိန်းကလေး တွေဆိုရင် ကိုယ်မသန့်ရင် အဓိဋ္ဌာန်ဝင်လို့မရပါဘူး။ အဓိဋ္ဌာန်ဟာ ပဋ္ဌာန်ဖြစ်တဲ့အတွက် တရိုတသေရွတ်ရ မှာဖြစ်ပါတယ်။ အဓိဋ္ဌာန်နောက်ဆုံးနေ့ (၉)ရက်မြောက်နေ့မှ ကိုယ်လိုချင်တဲ့ ဆုတစ်ခုကို တောင်းရမှာဖြစ်ပါ တယ်။ ဆုတောင်းတဲ့နေရာမှာလည်း တစ်ခုတည်းဖြစ်ဖို့ အရေးကြီးပါတယ်။ သားရွှေအိုးထမ်းလာတာမြင်ချင် ပါတယ် ဆိုတာမျိုးမပြောဖို့မှာထားပါတယ်။ ကိုယ်လိုချင်တဲ့ ဆုတစ်ခုကို တိတိကျကျတောင်းမှသာ ဆုတောင်း ပြည့်မှာဖြစ်ပါတယ်။ လိုချင်တာတွေတောင်ချင်သူများ စမ်းကြည့်နိုင်ပါတယ်။
ပျော်ရွှင်ကြပါစေ။
နှင်းဆီနီနီ။။