Thursday, 22 November 2007

မတွေ့တာကြာပါပေါ့လား

ကဿပဘုရားရှင် လက်ထက်တော်တုန်းက ဂေါတမမြတ်စွာဘုရား အလောင်းတော် သုမေဓါရသေ့က ကဿပဘုရား ကြွမယ့်လမ်းကို ဈာန်တန်းခိုး အဘိညာဉ်အသုံးမပြုဘဲ ကာယစွမ်းအားနဲ့ ကဿပဘုရားကြွမယ့် လမ်းကို ပြုပြင်ပေးခဲ့ပြီး၊ ကြာငါးခိုင်နဲ့လည်း ဘုရားဆုပန်ခဲ့ပါတယ်။ ကဿပဘုရားကလဲ သုမေဓါရသေ့ကို နောင်လာမယ့် ဘဒ္ဒကမ္ဘာမှာ ဂေါတမဘုရားအဖြစ်မယ်လို့ ဗျာဒိတ်ပေးတော်မူပါတယ်။ ဘုရားလောင်း သုမေဓါရှင်ရသေ့ကို သဘောကျနှစ်သက်လို့ တောထွက်ပြီး ရသေ့ရဟန်းပြုတဲ့ သူတွေ အဲ့ဒီအချိန်တုန်းက အတော်များပါသတဲ့။ အဲ့ဒီအထဲက သတို့သားတစ်ယောက်ကတော့ ဘုရားအလောင်းရသေ့ကို ချည်းကပ်ပြီး တရားအကြောင်းဆွေးနွေးပါသတဲ့။ တရားကို ချစ်ခင်၊ တရားကို မြတ်နိုးလို့ တရားနဲ့မွေ့ပျော်တဲ့ သူအချင်းချင်း ပေါင်းကြ ခြင်းဖြစ်ပါတယ်တဲ့။


ဒီလိုနဲ့ ဘုရားအလောင်း သုမေဓါရသေ့ဘ၀ကနေ သေလွန်ပြီး နောင်ဘ၀တွေမှာလည်း ဘုရားအလောင်းမို့၊ တရားကိုချစ်ခင်၊ တရားကိုနှစ်သက် တရားနဲ့မွေ့လျှော်သူ မိတ်ဆွအပေါင်းအသင်းတွေ နဲ့တွေ့ဆုံပေါင်းသင်း တွေနဲ့သာတွေ့ရပေမယ့်၊ ဘုရားအလောင်းရဲ့ မိတ်ဆွေ အဲဒီသတို့သားကတော့ လူဆိုးလူမိုက်များနဲ့ ပေါင်းဖေါ်မိ ပါတယ်။ အပေါင်းအသင်းမှားလို့ မကောင်းမှုဒုစရိုက် အကုန်လုပ်၊ အရက်သေစာသောက်စာ မူးယစ်ရုံသာမက၊ အမေကိုပါ ပြန်သတ်တဲ့အထိ အကုသိုလ်တွေလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီဘ၀လွန်ပြီးနောက်မှာ ပြုခဲ့ဖူးတဲ့ အကုသိုလ်ကြောင့် သမုဒ္ဒရာထဲမှာ ငါးကြီး(ပြိတ္တာ) သွားဖြစ်ပါတယ်။

ဘုရားအလောင်းရသေံကတော့ ၄သင်္ချေနဲ့ ကမ္ဘာ၁ သိန်း ပါရမီဖြည့်ပြီးနောက် ဂေါတမမြတ်စွားဘုရားအဖြစ် သို့ရောက်ရှိ ပြီတဲ့အထိ ကဿပဘုရားရှင်လက်ထက်က တရားကိုနှစ်သက်၊ တရားကိုမြတ်နိုးလို့ ဘုရားရှင်နဲ့ အဆွေခင်ပွန်း ဖွဲ့ခဲ့တဲ့ သတို့သားကတော့ သမုဒ္ဒရာထဲမှာ ငါးကြီးဖြစ်တဲ့ဘ၀ကနေ မကျွတ်သေးပါဘူးတဲ့။ ၁ သင်္ချေမှာ ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ကမ္ဘာရှိပါတယ်။ အဲ့ဒီသတို့သားဟာ ၄သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ငါးကြီးဘ၀နဲ့ သာရှိနေပါတယ်။

တစ်ရက်.....သမုဒ္ဒရာထဲငါးဖမ်းထွက်တဲ့ လှေတစ်စင်းကို ငါးကြီးကသွားတွေ့တဲ့အခါမှာ ငါးဖမ်းလှေရဲ့ဘေးမှာ
အစားအစာတောင်းတဲ့ အနေနဲ့သွားပေါ် ပါသတဲ့။ အဲ့ဒီအခါမှာတော့ လှေပေါ်မှာပါရှိတဲ့ ငါးဖမ်းသမားတွေဟာ၊ အိမ်လောက်ရှိတဲ့ ငါးကြီးကိုတွေ့ပြီး ကြောက်လွန်းလို့ ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါ၊ ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါလို့ မြတ်စွာဘုရားကို တကြပါတယ်တဲ့။ အဲဒီအခါမှာတော့ ပြိတ္တာငါးကြီးက ပြုခဲ့ဖူးတဲ့ကုသိုလ် သီလ၊ ပါရမီကြောင့်၊ ဂေါတမနာမည်လဲကြားရော အတိတ်ဘ၀ကို အမှတ်ရပြီး၊ သြော်...ငါနဲ့ တရားအတူအားထုတ်ဖူးတဲ့ သုမေဓါရှင်ရသေ့တောင် ဂေါတမဘုရားဖြစ်နေပါပေါ့လား ဆိုပြီး အသိတရားဝင် အရှေးမနှောင်းမှာဘဲ ငါးကြီးဘ၀ကနေ စုတေသွားပါတယ်။(စုတေ=နေရာရွေ့သည်။ သေသည်။)

အရင်ဘ၀က ပြုခဲ့ဖူးတဲ့ကုသိုလ် ပါရမီကြောင်း ငါးပြိတာကြီးဘ၀က သေလွန်ပြီးသောအခါမှာတော့ သာဝတ္ထိက သူကြွယ်လင်မယားဆီမှာ လူအဖြစ်ပြန်ဝင်စားပါတယ်။ ငါးနှစ်အရွယ်မှာ မြတ်စွားဘုရားရဲ့ ဇေတ၀န်ကျောင်းတော်ကို သွားချင်ကြောင်း မိဘများကို ပူစာတာကြောင့်။ မိဘများက ဇေတ၀န်ကျောင်းကို လိုက်ပို့ခဲ့ပါတယ်။ မြတ်စွာဘုရားက ဒီသူငယ်ဟာ သုမေဓါရသေ့ ဘ၀က တရားလိုချင်လို့ ချဉ်ကပ်ခဲ့တဲ့ မိတ်ဆွေ ဖြစ်တာကို မြင်မြင်ချင်းသိတာကြောင့် မတွေ့တာကြာပါပေါ့လားလို့ နှုတ်ဆက်လိုက်ပါသတဲ့(အမှန်က ဆရာတော် တရားထဲမှာ နာမည်ပြောပါတယ်။ ကျွန်မမမှတ်မိတော့လို့ပါ။)။ သူငယ်ကလဲ ပြန်ပြီး အရှင်ဂေါတမ မတွေ့တာအတော်ကြာပါပြီလို့ ပြန်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ မြတ်စွာဘုရားက အဲ့ဒီ့နေ့မှာတော့ သူငယ်လေးရဲ့ ရှေးဘ၀ကအကြောင်းများကို ပြန်ပြီး တရားဟောပါတယ်။ အပေါင်းအသင်းမကောင်းလို့ ၄ သင်္ချေနဲ့ ကမ္ဘာ ၁ သိန်းလုံး ငါးပြိတာကြီး ဘ၀နဲ့ နေခဲ့ရတာကို လူအများမြင်အောင် တရားအဖြစ် ဟောကြားဆုံးမခဲ့ပါတယ်။ ထိုသူငယ်လေးကတော့ တရားပြီးဆုံးချိန်မှာ သောတပန်တည်သွားခဲ့ပါတယ်။

ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားတော်မူသော တရားကို ကျွန်မမှတ်မိသမျှ၊ မျှဝေတာဖြစ်ပါတယ်။ စာလုံး ပေါင်းမှာခြင်းနှင့်တကွ အခြားမှားခြင်းများရှိနိုင်ပါသော်လည်း အပေါင်းအသင်းမှားခြင်းကြောင့် သံသရာတွင် မကျွတ်မလွတ်နိုင်ဘဲရှိတဲ့ ပုံပြင်လေးကို သူငယ်ချင်းများအား သိစေချင်တာကြောင့် တစ်ကြောင်း၊ ၁ သင်္ချေမှာ သုညဘယ်နှစ်လုံး ရှိသလဲဆိုတာ မသိခဲ့တဲ့ ကျွန်မ ဒီတရားနာပြီးမှာ သိခဲ့ရလို့၊ ကျွန်မလို သူငယ်ချင်းများကို သိစေချင်တာကြောင့် ဒီပို့စ်ကို တင်ဖြစ်ခြင်းဖြစ်ပါတယ်။

ပျော်ရွှင်နိုင်ပါစေ။
နှင်းဆီနီနီ။။