Tuesday, 13 November 2007

ငါးမန်းသား

ဒီကိုရောက်ခါစက ဈေးကြီး ဘယ်နားရှိမှန်းမသိလို့ စူပါမားကတ်တွေမှာဘဲ ၀ယ်စားဖြစ်တာများပါတယ်။ နောက်ပိုင်း မှ Sandakan Central Market ကိုတွေ့တာပါ။ Sandakan ရဲ့အကြီးဆုံးဈေးကြီးဖြစ်သလို ပတ်ဝန်းကျင်ဒေသတွေ အတွက်အဓိကအားထားရာ ဈေးကွက်တစ်ခုလည်းဖြစ်၊ ပင်လယ်စာတွေပေါပေါ များများ ရနိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။ ကျွန်မကတော့ မြန်မာလို ဈေးကြီးလို့ လွယ်လွယ်ခေါ်ပါတယ်။ ပင်လယ်နဲ့ ကပ်ရပ်ရှိသလို၊ ပင်လယ်လေ တဖြူးဖြူးနဲ့ပါ။ အဲ ဈေးကြီးကိုစသိကတည်းက စူပါမားကတ်တွေကို သိပ်ပြီးမ သွားဖြစ်တော့ဘဲ ဈေးကြီးထဲမှာသာ ၀င်ရောက်မွှေနှောက်နေတဲ့ ကျွန်မတော့ တနေ့ထက်တနေ့ မြန်မာနိုင်ငံက အစားအသောက်တွေနဲ့ တူတဲ့အစား အသောက်တွေကို ရှာဖွေလေတွေ့ရှိလေ ဖြစ်လာပါတယ်။

ဒီမှာ ငါးဖယ်မရှိလို့ ငါးဖယ်လုံးစားလို့မရတော့ဘူးလို့ထင်ထားတာပါ။ စူပါမားကတ်တွေမှာတော့ fish ball တွေရပေမယ့် ငါးဖယ်လုံးလို စားလို့မကောင်းလို့ သိပ်မကြိုက်ပါဘူး။ သူကဂျုံတွေများလို့ ဖွယ်ဖွယ်ကြီး သိပ်ပြီးစားလို့မကောင်းပါဘူး။ အဲ့ တစ်နေ့ ဈေးပတ်ရင်နဲ့ ပဲပြားတွေရောင်းတဲ့ဆိုင်မှာ ဒေသလုပ် fish ball တွေသွားပြီးတွေ့ပါတယ်။ အဲ့ဒါနဲ့ စမ်းပြီးစားကြည့်မယ်ဆိုပြီး ၀ယ်လိုက်ပါတယ်။

အိမ်ရောက်လို့ ငါးလုံးကိုချက်စားကြည့်တော့ အတော်စားလို့ကောင်းပါတယ်။ ကြော်စားတော့လည်း တစ်မျိုးလေးစားလို့ကောင်းပြန်ပါရော။ ပဲပြားတွေရောင်းတဲ့ဆိုင်မှာဘဲ ငါးလုံးအစို၊ ငါးပြားကြော်ပြီးသားတွေ ရောင်းလို့ အမြဲပဲ ၀ယ်စားဖြစ်ပါတယ်။ ရေခဲသေတ္တာထဲထည့်ပြီး ထားရင်ကြာကြာခံပြီး ချက်စားရင်လည်း လွယ်လွယ်ဟင်းဖြစ်လို့ ဈေးသွားတိုင်း ငါးလုံးရော၊ ငါးပြားကြော်ရော ၀ယ်ဖြစ်ပါတယ်။ ငါးပြားကြော်ကိုတော့ ပါးပါးလှီးပြီး ဂေါ်ဖီ၊ ကြက်သွန်၊ သံပရာသီး၊ ငရုပ်သီးတို့နဲ့ သုတ်စားရင် အသုတ်တစ်ခွက်အဖြစ် ဟင်းမိန်လှပါတယ်။

ရှာဖွေလေ တွေ့ရှိလေဆိုတော့၊ တစ်နေ့ရှာဖွေရင်း ငါးရောင်းတဲ့ဈေးတန်းဘက်ကိုရောက်တော့ ငါးတွေ လိုက်ကြည့်ရင်းနဲ့ ငါးဥတွေတွေ့လို့ ကောင်းမယ်ထင်ပြီး ၀ယ်ပြီးလိုက်ပါတယ်။ အိမ်ပြန်ရောက်လို့ ချက်စားကြည့်
တော့စားလို့ကောင်းရုံသာမက ညှီလည်းမညှီလို့ နောက်ပိုင်းဈေးသွားရင် အဲ့ဒီဆိုင်မှာငါးဥ အမြဲဝယ်ဖြစ်ပါတယ်။
တရက်ငါးဥသွားဝယ်ရင် ဈေးခုံပေါ်မှာ ဆူးတောင်တွေတွေ့လို့ မေးကြည့်တော့ ငါးမန်းဆူးတောင်တွေပါတဲ့။ ငါးမန်းဆူးတောင်ဟင်းချိုအတွက် ဆိုင်တွေကမှာထားလို့ လုပ်ပေးထားတာပါတဲ့။

နောက်ပြီးဘေးနာက အသားဖြူဖြူပျော့ပျော့တွေကလည်း ငါးမန်းအသားတွေပါတဲ့။ ငါးလုံး လုပ်တဲ့ ငါးမန်းသား တွေပါတဲ့။ ချက်စားရင်တော့ မြန်မြန်အသားတွေကြေလွယ်လို့ သိပ်ပြီးစားကောင်းပါဘူးတဲ့။ အဲ့ဒါကြောင့် ဒီကလူတွေက အဲ့ဒီပျော့ပျော့အသားတွေကို ငါးလုံးလုပ်ပြီးရောင်းပါသတဲ့။ ဆိုင်တွေမှာရောင်းတဲ့ ကင်စားတဲ့ ငါးမန်းသားကတော့ ဒီမှာဆိုပြီး ဆိုင်ရှင်သိမ်းထားတဲ့ ငါးမန်းသားတွေကိုထုတ်ပြပါတယ်။ သူကနဲနဲမာပြီး ချက်စားရင် ကြက်သားလိုစားလို့ကောင်းပါသတဲ့။ စားကြည့်ပါလားလို့ ဆိုင်ရှင်ကပြောလို့ ကီလိုဝတ် လောက်ဝယ်ဖြစ်လိုက်ပါတယ်။ ငါးဖယ်လုံးလုပ်တယ်ဆိုတဲ့ အသားကိုလည်း စမ်းပြီးစားကြည့်မယ်ဆိုပြီး နဲနဲဝယ်
လိုက်ပါတယ်။

အိမ်ပြန်ရောက်တော့ ငါးလုံးလုပ်တဲ့အသားကို ချက်ပြီးမြည်းကြည့်တော့ အရသာကချိုပြီး အသားကလည်း သိပ်ပြီးမကျေဘဲ မြန်မာပြည်က ငါးကြင်လိုဖြစ်သွားပြပါတယ်။ အဲ ထမင်းပွဲပြင်ပြီး စားမယ်ကြတော့မှ ပြဿနာကစပါတော့တယ်။ အစက ငါးလုံးတွေစားတုန်းကလည်း ငါးမန်းသားမှန်းမသိဘူး၊ အခုလည်း ငါးအသား
ဆိုပြီးစားရင်လည်း ဒီလောက်ဆိုးမှာမဟုတ်ဘူး။ အခုဟာက စားမယ်လို့ ထမင်းလုပ်သွင်းလိုက်တိုင်းကို မျက်စိထဲမှာ Jaw ကားထဲကငါးမန်းပုံကြီးဘဲ မျက်စိထဲမှာမြင်မြင်လာပါတယ်။

မျက်စိထဲမှာမြင်လာတော့ အတော်နဲ့စားလို့မ၀င်ဘူး။ ပါးစပ်ထဲရောက်တော့လည်း ကြက်သီးထနေပြန်ပါရော။ တစ်ခါဝါးပြီးတိုင်း ကြက်သီးတစ်ခါထနေပါတယ်။ ဟဲ ဟဲ ကြက်သီးထလို့ မစားဘူးတော့မထင်နဲ့ ထမင်းတော့ ပြန်းအောင်ဆက်စားပါတယ်။ လူဆိုတဲ့သတ္တ၀ါဘဲဟာ ကိုယ့်ကိုသာ သူများစားမှာသာကြောက်တာ ကိုယ်က သူများကိုစားရင်တော့ စားလို့မြိန်အောင်စားလိုက်ပါတယ်။ :D

နောက်ထပ်ကျန်နေသေးတဲ့ ငါးမန်းသားတွေကိုတော့ တင်ပူရာမှုန့်နဲ့ကြော်စားတော့လည်း စားလို့ကောင်းပြန်ပါ
ရော။ ချက်စားတော့လည်း ဆိုင်ရှင်ပြောလိုက်သလို ကြက်သားလိုအသားက မာမာလေးနဲ့ စားလို့ကောင်း ပြန်ရော။ :P နောက်ဆိုရင်တော့ ငါးမန်းသားစားလို့ကောင်းမှန်းသိတော့ ထပ်ဝယ်စားမယ်လို့ တေးထားလိုက် ပါတယ်။ စားနေကြဖြစ်သွားရင် Jaw ပုံကြီးလည်း မျက်စိထဲဝင်လာမှာမဟုတ်တော့ပါဘူး။ :D ငါးမန်းဆိုလုံးဝ မကြောက်တော့ဘူး (ကုန်းပေါ်မှာ)။ တွေ့လို့ကတော့ ချက်စားပစ်မယ် ။ :P


ဒါကတော့ ငါးမန်းသားကြော်။


ဒါကတော့ ငါးမန်းသားနဲ့လုံးထားတဲ့ ငါးလုံး
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Monday, 12 November 2007

ကျား တွေအကြိုက်

ရေးမယ်ရေးမယ်ဆိုပြီး ရေးလိုက်တာ မနက်ကတည်းက ပြီးခါနီးလောက်ကျတော့ အလုပ်လေးပေါ်လာလို့ ခဏထွက်သွားလိုက်တာ။ ပြန်လာတော့ ပြန်ဖွင့်တော့ မသိမ်းထားမိလို့ထင်ပါရဲ့ အားလုံးဘာမှ မရေးထားသလိုဘဲ။ ကောင်းပါလေရော တမနက်လုံးရိုက်ထားသမျှ။ အခုတော့အစကနေပြန် ရိုက်နေရပြီ။ စာစီစာရိုက် ကျင့်နေသလားမှတ်ရတယ်။ အဲ့ဒီလိုဘဲ မှတ်လိုက်တယ်။ ကိုယ်ကလည်း ခါတိုင်းလို သိမ်းစရာမလိုဘူးဆိုပြီး မသိမ်းဘဲဒီအတိုင်း ထွက်လိုက်မိတာ ကိုကကိုယ်အမှားမို့။ ဘယ်သူမှ လက်ညှိုးထိုးလို့မရတဲ့အဆုံး....

ကဲစပါပြီ။ ဟိုတစ်နေ့က ကိုရီးယားအစီအစဉ်တွေကြည့်ရင်က သူတို့ဆီမှာ လုပ်တဲ့ ဗဟုသုတဉာဏ်စမ်း ကစားပွဲ အစီအစဉ်လေးတစ်ခုကြည့်ဖြစ်ပါတယ်။ ကိုရီးယားလိုပြောပေမယ့် အင်္ဂလိပ်လိုစားတန်းထိုးလို့ နည်းနည်း နားလည်ပါတယ်။ အဲ သူတို့ကစားပွဲကစိတ်ဝင်စားစရာတော့ အကောင်းသား။ သဘာဝပတ်ဝန်းကျင်အကြောင်း၊ သမိုင်းနဲ့သိပ္ပံ၊ အစားအသောက်၊ အာဟာရနဲ့ ပက်သက်တာပါမကျန် အကုန်မေးပါတယ်။ ဖြေတဲ့သူတွေကလည်း ရုပ်ရှင်မင်းသား၊ မင်းသမီးတွေဆိုတော့ ကြည့်တဲ့သူက စိတ်ဝင်တစား ကြည့်တာပေါ့။

ကျွန်မကြည့်တဲ့နေ့ကတော့ ကျားအကြောင်းမေးခွန်းတွေမေးပါတယ်။ ကျားတွေဘာကို နှစ်သက်သလဲလို့ မေးတာပါ။ အဲဖြေတဲ့သူတွေကလည်း ကိုယ်ထင်ရာကိုယ်ပြောတာ တချို့ကကျားတွေက ညစ်ပတ်ရတာ ကြိုက်တယ်။ တချို့တွေကလည်း အိပ်ရတာကြိုက်တယ် စုံနေတာပါဘဲ။ အဲ အဖြေမှန်ကတော့ ကျားတွေက အနံ့နဲ့ပက်သက်ပြီး သိပ်နှစ်သက်ပါတယ်တဲ့။ အထူးသဖြင့် ၀တ်လျှော်ပြီးရင်သုံးတဲ့
Fibric Softener အနံ့ကို ကျားတွေကသိပ်ကြိုက်ပါသတဲ့။

ကျားတွေ ကြိုက်မကြိုက်ကို သူတို့စမ်းသပ်ထားပါတယ်။ ပထမဆုံး သိုးတွေနဲ့စမ်းသပ်ပါတယ်။ သိုးတွေရှိတဲ့နားမှာ Softener တွေသွားပြီးဖြန်းထားတာ။ သိုးတွေအားလုံး အနံ့ရလို့ထွက်ပြေးကြပြီး အနံ့ရတဲ့ အနားကိုတောင်မကပ်ကြတော့ပါဘူး။ သိုးတွေလည်း အနံ့ကြောက်တာဘဲတဲ့။ နောက် အိမ်မွေးခွေးတွေကို စမ်းပါတယ်။ အိမ်မွေးခွေတွေနားကို Softener အရည်တွေသွားပြီးဖြန်းတော့ ခွေးတွေလန့်ပြေးပါရော။ သူတို့လည်း သိုးတွေလိုဘဲ အနံ့ရတဲ့နားကို ပြန်မလာကြတော့ပါဘူး။ နောက် အနံ့ခံကောင်းတဲ့ ခွေးအတွေကို သွားပြီးစမ်းပါတယ်။ ခွေးအတွေ အနံ့ရတာနဲ့ ကသောကရောပြေးတာတန်းနေပါရော။ ခွေးအတွေလည်း အနံ့ကို
မကြိုက်ကြဘူး ဆိုတဲ့ အဖြေဘဲထွက်ပါတယ်။

ကျားတွေထားတဲ့ နေရာကိုရောက်တော့ Softener အရည်ကိုဖြန်းထားတော့ ကျားတွေရောက်လာပြီး အနံ့ရှိတဲ့မြေပြင်ကို လှိမ့်ပြီး၊ကိုယ်လုံးနဲ့ပွတ်ပေးပါတယ်။ အနံ့တွေသူ့ကိုယ်ပေါ်ကို ရောက်အောင်လို့ ထင်ပါရဲ့။ နောက် စမ်းတဲ့သူတွေက ကျားတွေရဲ့အီအီးပုံနားမှာသွားပြီးလောင်းထားလိုက်ပါတယ်။ ကျားတွေက အနံ့ရတာနဲ့ ရောက်လာပြီး နမ်းကြည့်ပါတယ်။ ပြီးတော့ အီအီးတွေကို စားပါတော့တယ်။ အနံ့ကသာမွှေးတာ စားကြည့်တော့ဘယ်ကောင်းပါ့မလဲ။ ကျားတွေမျက်နှာတွေ ရှုံ့မဲ့နေတာပါဘဲ။

နောက်ပြီး ကျားတွေကသူတို့ကိုလေ့ကျင့်ပေးတဲ့သူတွေရဲ့ အနံ့ကိုမှတ်ထားတက်ပါသတဲ့။ လေ့ကျင့်ပေးသူနဲ့၊ အစာကျွေးတဲ့သူတွေက ကျားတွေဆီကိုသွားရင် အကီင်္ျတစ်ထည်တည်းသာဝတ်ရပါတယ်တဲ့။ ပြောင်းလိုက်ရင် သူတို့ကမမှတ်မိတော့ဘဲ နောက်ထပ်တစ်ယောက်လို့ ထင်နေပါတယ်တဲ့။

ကျားတွေတင်မကပါဘူး Cheaper ကျားသစ်တွေလည်း Softener အနံ့ကိုကြိုက်ကြတာပါဘဲတဲ့။ သူတို့ဆီသွားပြီး စမ်းတော့လည်း ကျားတွေလို မြေပေါ်မှာလူးပြီး ပျော်နေကြပါတယ်။ Wild Animal တွေက အနံ့နဲ့ပက်သက်ပြီး သဘောကျတာတွေ့ရပါတယ်တဲ့။

ကျွန်မကတော့ အဲ့ဒီ့ ရှိုးလေးကြည့်ပြီး သိပ်ပြီးအံ့သြလို့ ဘလောဒ့်ပေါ်မှာတင်ဖို့ရေးဦးမှဘဲဆိုပြီး စဉ်းစားထားတာ ကြည့်ပြီးကတည်းကပါ။ မရေးဖြစ် မရေးဖြစ်နဲ့ ဒီနေ့မှဘဲ ပြီးအောင်ရေးမယ်ဆိုပြီး ရေးလိုက်ပါတယ်။ နောက်ဆို တောထဲသွားမယ်ဆိုရင် Softener အရည်ဘူးတွေဆောင်သွားရင် ကောင်းမယ်ထင်ပါတယ်။ တောခွေးတွေက ကြောက်ကြပြီး အနားမကပ်ကြဘူး။ ကျားတွေ၊ ကျားသစ်တွေကတော့ အဲ့ဒီ့အနံ့ကိုချစ်ခင်နှစ်သက်ကြတော့ ကိုယ့်ကို ရန်မူကြတော့ဘူးပေါ့။ ကျွန်မတော့အဲ့ဒီလို မြင်ပါတယ်။ သူငယ်ချင်းတွေရောဘယ်လိုမြင်လဲ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Saturday, 10 November 2007

အဓိဋ္ဌာန်

အမှန်က ဒီအဓိဋ္ဌာန်ကို အသိအဒေါ်ကြီး တစ်ယောက်ဆီကနေရတာပါ။ သူက အဲ့ဒီအဓိဋ္ဌာန်ကြောင့် သိန်းထီပေါက် တယ် လို့ပြောလို့ပါ။ ကျွန်မလည်း အဓိဋ္ဌာန်စမ်းပြီး ၀င်ကြည့်တာ ပထမအခေါက်မှာ လုံးဝအဆင်မပြေလို့။ နောက်ထပ်ခေါက်ခေါက်ကြိုးစားပြီးလုပ်တာလည်း အဆင်မပြေပါဘူး။ အဲ အဲ့ဒီအဓိဋ္ဌာန်ကို ၉တန်းနှစ်ကစပြီး လုပ်ကြည့်တာ ဆယ်တန်းဖြေပြီးတဲ့အထိ မအောင်မြင်ပါဘူး။ အနှောက်အယှက်တွေ အတော်များများ တွေ့ရ ပါတယ်။ နောက်ပိုင်း အိမ်နဲ့နီတဲ့ ရွှေဘုန်းပွင့်ဘုရားမှာသွားပြီး အဓိဋ္ဌာန်ဝင်တော့မှဘဲ အဆင်ပြေပြေနဲ့ အဓိဋ္ဌာန်အောင်သွားပါတယ်။

အဓိဋ္ဌာန်ကို ဒီလိုပါ ပဋ္ဌာန်အကျဉ်းကို တစအဆုံး၊ အဆုံးအစ(အနုလုံပဏိလုံခေါ်မလား) ကို တစ်ခေါက်ယူပြီး၊ ၂၁ခေါက် ရွတ်ရတာဖြစ်ပါတယ်။ အဓိဋ္ဌာန်ကို လစဉ် လဆန်း (၉) ရက်နေ့ နံနက်(သို့) ည (၉) နာရီတိတိမှာ စပြီး ရွတ်ရမှာဖြစ်ပါတယ်။ ရွတ်ရမည့်နေရာကလည်း တစ်နေရာတည်းဖြစ်ရပါ့မယ့်။ ဒီနေ့ဒီနေရာမှာ ရွတ်ပြီး နောက်နေ့မှာ တစ်ခြားနေရမှာ ရွတ်ရင်အဓိဋ္ဌာန်မအောင်ပါဘူး။ အဓိဋ္ဌာန်မအောင်ဘူးဆိုတာက ကိုယ့်ဆုတောင်း မပြည့်ဘူးလို့ပြောတာမဟုတ်ပါဘူး။ သူသတ်မှတ်ထားတဲ့ စည်းကမ်းနဲ့မညီဘူးလို့ ဆိုလိုတာပါ။

အဓိဋ္ဌာန်စ၀င်တဲ့ အချိန်၊ နေရာ၊ တိကျဖို့လိုသလို တစ်ကိုယ်ရေသန့်ရှင်းဖို့လည်း လိုပါသေးတယ်။ မိန်းကလေး တွေဆိုရင် ကိုယ်မသန့်ရင် အဓိဋ္ဌာန်ဝင်လို့မရပါဘူး။ အဓိဋ္ဌာန်ဟာ ပဋ္ဌာန်ဖြစ်တဲ့အတွက် တရိုတသေရွတ်ရ မှာဖြစ်ပါတယ်။ အဓိဋ္ဌာန်နောက်ဆုံးနေ့ (၉)ရက်မြောက်နေ့မှ ကိုယ်လိုချင်တဲ့ ဆုတစ်ခုကို တောင်းရမှာဖြစ်ပါ တယ်။ ဆုတောင်းတဲ့နေရာမှာလည်း တစ်ခုတည်းဖြစ်ဖို့ အရေးကြီးပါတယ်။ သားရွှေအိုးထမ်းလာတာမြင်ချင် ပါတယ် ဆိုတာမျိုးမပြောဖို့မှာထားပါတယ်။ ကိုယ်လိုချင်တဲ့ ဆုတစ်ခုကို တိတိကျကျတောင်းမှသာ ဆုတောင်း ပြည့်မှာဖြစ်ပါတယ်။ လိုချင်တာတွေတောင်ချင်သူများ စမ်းကြည့်နိုင်ပါတယ်။
ပျော်ရွှင်ကြပါစေ။
နှင်းဆီနီနီ။။

ရန်ကုန်အစားအသောက်လမ်းညွှန်

လင်းကတက်ထားလို့ ရေးရတာဆိုပေမယ့် အမှန်တော့ ကျွန်မလည်း အစားအသောက် ၀ါသနာအိုးမို့လို့ အစားသောက်အကြောင်းရေးချင်နေတာကြာပါပြီ။ ငိုချင်ရက်လက်တို့ ဆိုသလို။ အမေရိုက်တာနဲ့ ငါငိုချင်တာနဲ့ လို့ဘဲ ပြောပြော ဒီပိုစ်ကို စိတ်ရှိလက်ရှိရေးလိုက်မယ်ဟဲ့ဆိုပြီး ရေးလိုက်ပါတယ်။ လင်းရေ နည်းနည်းနောက်ကျ သွားရင်ခွင့်လွှတ်ပေးနော်။ ဇကောပန်ပါရဲ့။ :P

ဘယ်ကစရေးရမလည်း စဉ်းစာလိုက်တာခေါင်းနည်းနည်းမူးသွားတယ်။ ပုဇွန်တောင်ကစရေးမယ်နော်။ ပုဇွန်တောင်မှာက မြန်မာမုန့်တွေအတော်စုံတယ်။ ရွှေဘုန်းပွင့်ဘုရားအရှေ့က ရခိုင်မုန့်တီက ရခိုင်မတွေ ရောင်းတာ သိပ်စားလို့ကောင်းတယ်။ ဟင်းရည်ကလည်းအရသာရှိသလို အသုတ်ကလည်း တခြားဆိုင်တွေနဲ့ မတူလို့ အမြဲသွားစားဖြစ်တယ်။ ဈေးကသူများတွေထက် နည်းနည်းကြီးပေမယ့် စားလို့ကောင်းတယ်ဗျ။ မြန်အောင်သုတ်ဆိုလား၊ ရခိုင်သုတ်ဆိုလားဘာလား ပဲငပိရယ်၊ ငရုတ်သီးရယ်၊ ကြက်သွန်နီအစိမ်းနဲ့ သုတ်တဲ့ အသုတ်ဆိုကောင်းမှကောင်း။ ပြောရင်နဲ့သရေကျလာပြီ။ အဲ့ဒီဆိုင်က နေ့လည်၁၂ နာရီနောက်ပိုင်းကနေ စဖွင့်တာ ညဘက် ၉နာရီလောက်အထိဘဲ။ လာစားတဲ့သူတွေအတော်များတယ်။ ပုဇွန်တောင်၊ရေကျော်၊ ဗိုလ်တစ်ထောင်ဘက်ကရော လာစားကြတာ။နာမည်ကြီးပေါ့အဲ့ဒီနားမှာတော့။

နောက်တစ်ခုက ရေကျော်လမ်းမကြီးပေါ်က ညအခါ မုန့်ဟင်းခါးဆိုင်ပါ။ သူကအရင် ညနေပိုင်းမှဖွင့်တာပါ။ ဆိုင်နာမည်နဲ့လိုက်အောင်ထင်ပါရဲ့။ အတော်ကောင်းတဲ့မုန့်ဟင်းခါးပါ။ ရန်ကုန်မှာ တင်တင်အေးတို့၊ စံပြတို့ကတော့ ရောင်းတန်းလိုသဘောမျိုး လူတိုင်းစားနိုင်အောင်ချက်ထားတာမျိုး၊ သူကကျတော့ ရှယ်ချက်ထားတာပါ။ မြေပဲဆံ၊ ရွှေကြည်၊ အကုန်ပါတယ်။ အကြော်မပါဘဲနဲ့စားရင်ကို အတော်စားယူရတယ်။ ပါဆယ်ဆိုရင် အိမ်မှာ တစ်ပွဲကို နှစ်ယောက်စားလို့ရတယ်။ များလည်းများပြီးစားကောင်းတယ်ခင်ဗျ။ ဒါပေမယ့် အခုတော့ ကုန်ဈေးနှုန်းတက်လို့ ဆိုင်ပိတ်ထားတာတွေတယ်။ အဲ့ဒီမုန့်ဟင်းခါးလည်းလွမ်တယ်ဗျ။

နောက်ပြီး ၁၃လမ်းက ရွှေတောင်တန်း ကော်ရည်ခေါက်ဆွဲနဲ့ဆီချက်ဆိုင်ကိုလည်း အရမ်းလွမ်းပါတယ်။ သူငယ်ချင်းခေါ်သွားလို့ စားဖူးတာဆို ပေမယ့် နောက်ပိုင်းသူမပါလည်း စားဖြစ်တယ်။ ရန်ကုန်က စားသမျှဆီချက်ခေါက်ဆွဲတွေထဲမှာ သူ့ဆိုင်က ဆီချက်ကို အကြိုက်ဆုံးပါဘဲ။ ကော်ရည်လည်းကြိုက်တယ်ခင်ဗျ။ ငါးပိသုတ်လေးနဲ့ဆို ကောင်းမှကောင်း။ စားနေကျမို့ အချဉ်မကြိုက်လို့ ချည်းများရင်လည်း သဘောကောင်းကောင်းနဲ့ အကြိုက်လိုက်လုပ်ပေးတယ်။ တခြားဆိုင်တွေဆို ဂျီးများရင် စောင့်ကြီးအောင့်ကြီးနဲ သိပ်မလုပ်ပေးချင်ကြဘူး။ နောက်ပြီး ရွှေနန်းတော် ရွှေဆိုင်နားက ဘဲပေါင်းဆီချက်လည်းကောင်းပါတယ်။ သူကနည်း ရွှေတောင်တန်းကထက် ဈေးကြီးလို့သိပ်မစားဖြစ်ဘူး။

ရန်ကုန်မှာ မန္တလေးကြာဆံချက်ကို နေရာအတော်များများမှာစားဖူးတယ်။ လုံးဝစားလို့မကောင်းပါဘူး။ ဒါပေမယ့် ပဲခူးကလပ်နားက မန္တလေးကြာဆံချက်ဆိုင်ကတော့ မန္တလေးလက်ရာအတော်မှိလို့ စားဖြစ်တယ်။ အဲ့ဒီဆိုင်မှမဟုတ်ရင် သိပ်ပြီးမစားဖြစ်ဘူး။ နောက် မင်္ဂလာဈေးနားက ငါးဖယ်ကြော်သုတ်။ နေရာကနဲနဲညစ်ပတ် ပေမယ့် အရသာကောင်းလို့စားဖြစ်တယ်ခင်ဗျ။ ပါဆယ်ပေါ့။
တရုတ်တန်းမှာတော့ ကျွန်မစားချင်တဲ့မုန့်တွေ လက်ညှိုးထိုးမလွဲပါဘဲ။ မငယ်ကြာဆံကြော်၊ ၁၉လမ်းက ခေါက်ဆွဲကြော်က ဈေးသိပ်မကြီးများများထည့်ပေးလို့ ကျွန်မအကြိုက်ပါ။ အဲ ၁၉ အထက်လမ်း ဘုံကျောင်း ထောင့်က စက်သားပေါင်းဆို အိမ်အပြန်တိုင်းအမြဲဝင်တီးနေကျပါခင်ဗျ။ ၁၅ လမ်းကစလို့ လသာလမ်းအထိ စားသောက်ဆိုင်တွေကိုတော့ အကယ်ဘဲလွမ်းမိပါတယ်ခင်ဗျ။ တရုတ်တန်းက ရှမ်းခေါက်ဆွဲကလည်း စားလို့ကောင်းလို့ လွမ်းရသေးတယ်။ ကျွန်မသူငယ်ချင်းတွေက ကြည့်မြင်တိုင်၊ ၁၅ လမ်း၊ စမ်းချောင်း၊ ဗဟန်း၊ ပဲခူးကလပ်တွေမှာနေကြတော့ အမြဲအလည်သွားဖြစ်တဲ့ကျွန်မ အဲ့ဒီနေရာတွေက အစားအသောက်တွေကို အတော်ရင်နှီးခဲ့ပါတယ်။
ကျောင်းသားကျောင်းသူတိုင်း အမြဲရောက်တဲ့ လှည်းတန်းကမုန့်တွေထဲမှာ အညာမှာသာရပြီး ရန်ကုန်မှာ အတော်ရှာရခက်တဲ့ မုန့်ပစ်သလတ်ရှိပါတယ်။ ကျွန်မတော့ လှည်းတန်းရောက်ရင် မုန့်ပစ်သလတ်နဲ့ မုန့်အုပ် ၀ယ်ပြီးမှအိမ်ပြန်လေ့ရှိပါတယ်။ အဲ လှည်းတန်းဈေးအနောက်ဘက်က ရှောက်သီးသုတ်နဲ့ ကြာဆံဟင်းခါးကို လည်း မမေ့ပါဘူး။ စီးပွားရေးတက္ကသိုလ်ပင်မ၀င်ထဲက
စီးပွားရေးတက္ကသိုလ် ကင်တင်းကနာမည် တစ်လုံးနဲ့နေတာပါ။ ကဗ္ဗလာရည် ကဈေးချိုပြီး သောက်လို့အရမ်းကောင်းသလို၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တွေလည်း ဈေးသတ်သာပြီးစားလို့ကောင်းမှကောင်း။ မန္တလေးမုန့်တီသုတ်တို့ လက်ဖတ်သုတ် တို့ကလည်း ကောင်းတဲ့စာရင်ထဲမှာ ချန်ထားလို့မရပါဘူး။ ရန်ကုန်မှာရှိနေတဲ့သူများ မယုံရင်သွားရောက် မြည်းကြည့် နိုင်ပါတယ်။ အဲကန်ဘောင်က ကျောက်ဖြူဆိုတဲ့ ရခိုင်မုန့်တီဆိုင်ကတော့ ကျွန်မတို့ ဆရာမတွေခေတ်ကတည်းကဆိုင်လို့ ပြောပါတယ်။ ကန်ဘောင်မှာတော့ အဲ့ဒီဆိုင်ကရခိုင်မုန့်တီကစားလို့ အကောင်းဆုံးပါဘဲ။ ဗူးသီကြော်လည်း အဲ့ဒီဆိုင်မှာရတယ်ခင်ဗျ။

အရေးကြီးတဲ့ ၀က်သားတုတ်ထိုးမေ့သွားလို့။ ၀က်သားတုတ်ထိုးကို ရန်ကုန်ကတွေ့သမျှဆိုင်မှာ စားပေမယ့် ဘယ်တော့မှအချဉ်ရည်မစားပါဘူး။ ရောဂါကူးမှာစိုးလို့။ ပြီးရင် ၀က်နှလုံးဘဲ စားဖြစ်တယ်။ တစ်ခါတစ်လေ မနေနိုင်မှ ၀က်အူစားဖြစ်တယ်။ နားရွက်ကို ၀က်နားဖာဂျီးကြောက်လို့ မစားဘူး။ မျက်လုံးလည်း ကြောက်လို့ မစားဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ၀က်သားတုတ်ထိုးတော့ အသေအလဲသတိရတယ်ဗျို့။ ဗိုလ်ချုပ်လမ်းအဆုံးက ထူးမှထူး ကမြေအိုးမြီးရှည်နဲ့ မာလာဟင်း၊ ၄၅ လမ်းကရှမ်းခေါက်ဆွဲ မေ့ပါဘူးဗျို့။ ရေကျော်ဘိန်းမုန့်ကရော မေ့နေမှာစိုးရသေးလို့ မြန်မြန်ထည့်လိုက်တယ်။ မောင်အေးကဖီးက နံပြားရယ်၊ လက်ဖက်ရည်ရယ်၊ Dim Sam ရယ်၊ အကင်ရယ်။ ပြောရင်နဲ့ လွမ်းနေပြီ။ ခဏနေမှ ပူတင်းလုပ်စားလိုက်ဦးမယ်။ :P
ကဲရန်ကုန်ပြန်ရောက်ရင် လျှောက်စားမည့်စာရင်တွေတော့ပြုစုပြီးပါပြီ။ အခမဲ့ကြော်ငြာပေးတာပါ။ ရှိသေးရင်သိသေးရင် ထပ်ဖြည်လိုက်ဖို့တစ်ခြားလူတွေကို တက်လိုက်မယ်ဗျာ။ ကဲဘုရားသာတပေတော့။
၁) မေပျို
၂)chaos
၃)မညလေး
၎)ကိုနေလင်း
၅)ကိုကဗျာလမ်း
၆)ကိုဇူလိုင်အိပ်မက်

တက်ထားတဲ့အထဲမှာ မပါလို့ စိတ်မကောင်းမဖြစ်ကြပါနဲ့ခင်ဗျ။ နောက်တစ်ခေါက်လာပါဦးမယ်။ ကိုစိုးထက်ကြီးကို တက်မလို့ စာမေးပွဲရှိတယ်ဆိုလို့။ ကိုဇူလိုင်က နံပါတ်၎ ကိုကြောက်တယ်ဆိုလို့ နံပါတ်ပြောင်း
ပေးထားပါတယ်။ လက်မလည်အောင်ရေးပေးကြပါဦးနော်။ ကျေးဇူးတင်လျှက်။
ပျော်ရွှင်ကြပါစေ။
နှင်းဆီနီနီ။။

Wednesday, 7 November 2007

ကျွန်မကြောက်သောသတ္တ၀ါ

လူတိုင်းကိုယ်ကြောက်တဲ့ သတ္တ၀ါတော့ရှိကြမယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မဘယ်သတ္တ၀ါမှ မကြောက် တက်ပါဘူး။ မြွေလည်းမကြောက်တက်ပါဘူး။ ကြွက်လည်း မကြောက်တက်ပါဘူး။ တီကောင်ဆိုပိုတောင် ဆိုသေးတယ် လိုက်ဖမ်းပြီး သူများတွေကိုလိုက်တို့တက်တယ်။ တစ်ခါက ကျွန်မအမေရဲ့ကြီးတော်ကြီး အိမ်လာလည်တာ အိမ်တွေရှင်တော့ ကြွက်ပေါက်စလေးတွေတွေ့တာ ကြီးတော်ကြီးကို သွားပြီးပြတာ။ ကြီးတော်ကြီး သွေးတွေတက်သွားလို့ အတော်ဆေးကုလိုက်ရတယ်။ :P
ကျွန်မအိမ်နားက ကျွန်မအမြဲသွားလည်နေကျအိမ်က အဒေါ်ကြီးက ပင့်ကူမျှင်တွေသိပ်ကြောက်တက်ပါတယ်။ ကျွန်မက ပင့်ကူမျှင်တွေ တုတ်ချောင်းမှာရစ်ပြီး လိုက်တို့ရင် မကြီးမငယ်နဲ့ ငိုမတက်ဖြစ်တက်လို့ ကျွန်မအမြဲ ခြောက်တက်ပါတယ်။ ကျွန်မဒေါ်တွေကတော့ ကြွက်မှန်ရင်ကြောက်တက်ပါတယ်။ တစ်ချို့ကတော့ မြွေကို သိပ်ကြောက်တက်ပါသတဲ့။ နောက်အဒေါ်တစ်ယောက်က တီကောင်မြင်ရင် အော်နေတာ။ တီမြင်ရင်သူ့ကို ကျွန်မခေါ်ပြတော့တာပါဘဲ။ သေးထွက်အောင်အော်ပြီးပြေးတော့တာပါဘဲ။
ကျွန်မလား၊ ကျွန်မမှာလည်း ကျွန်မကြောက်တဲ့ သတ္တ၀ါ ၂ကောင်ရှိပါတယ်။ သိပ်ပြီးထူးထူးခြားခြား မဟုတ် ပေမယ့် ကျွန်မအကြောင်းနဲ့ ကျွန်မကြောက်တာပါ။ ငယ်ငယ်တုန်းက ပင့်ကူးကလူတွေကို စားတဲ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားကြီးပြီး ပင့်ကူတွေကို အရမ်းကြောက်ပါတယ်။ အိမ်ထောင့်တွေမှာတွယ်တက်တဲ့ ပင့်ကူတွေကိုတော့လုံးဝမကြောက်ပါဘူး။ အဲ ခြေထောက် ကြီးကြီးနဲ့ ဥအိမ်တွေပါတဲ့ ပင့်ကူမည်းမည်း တွေကို တော့ အသေကြောက်ပါတယ်။ ဒီအတိုင်းနေရင် သိပ်မကြောက်ပေမယ့် လှုပ်နေရင်တော့ နေစရာမရှိအောင် ကြောက်ပါတယ်။
နောက်တစ်ခုက (၇)တန်းနှစ်က ပိုးဟပ်အကြောင်းစာမှာသင်ပြီးကတည်းက ပိုးဟပ်ကိုရွံပြီး၊ အသေကြောက် သွားပါတယ်။ ပိုးဟပ်မြင်လို့ကတော့ ထခုန်တော့တာဘဲ။ သတ်လည်းမသတ်ရဲဘူး၊ ပိုးဟပ်ကသတ်ရင်သူ့မှာ ရှိတဲ့ပိုးတွေအပြင်ကို ပြန့်တယ်ဆိုလို့။ အော်ပြီးခုန်နေတာ ပိုးဟပ်မျက်စိရှေ့ကပျောက်သွားတဲ့အထိပါဘဲ။ :P ဘာကောင်မှမကြောက်တက်တဲ့ကျွန်မ သူများတွေရှေ့မှာ ဟိတ်ကြီးဟန်ကြီးနိုင်ပေမယ့် ပိုးဟပ်နဲ့တွေ့ရင်တော့ ပါးစပ်ကလည်းအော်၊ ခြေထောက်ကလည်း ခုန်၊ လက်ကလည်း ဟိုကားယားဒီကားယားနဲ့ အတော်ကြည့်ရဆိုး တဲ့ ပုံစံတွေလုပ်တက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ဘာမှမသိတော့ဘူး၊ ကိုယ်ဘာဖြစ်နေလည်း မသိတော့ဘူး၊ လူကြားသူကြားထဲမှာတော့ ပိုးဟပ်မတွေ့ပါစေနဲ့လို့အမြဲဆုတောင်းလျှက်။ အပြင်ထွက်ရင်ပေါ့။ ကံမကောင်း တဲ့ကျွန်မ တစ်ခါကလည်း အပြင်မှာမုန့်သွားစားတာ လူတွေအများကြီးရှိတဲ့အထဲ ကျွန်မခြေထောက်ပေါ်ကိုမှ ပိုးဟပ်ကရွေးပြီးတက်လို့ ယောင်ပြီးအော်လိုက်တာ ဘေးကလူတွေဝိုင်းကြည့်လို့ အရှက်ကွဲခဲ့သေးတယ်။ ကဲ မိတ်ဆွေ သင်ရော ဘာသတ္တ၀ါကြောက်လဲ။ ဒီပိုစ့်ကိုဖတ်တဲ့သူတွေကို တက်လိုက်ပြီဗျာ။(ကိုရန်အောင့် လေသံနဲ့။)
ငြင်းလို့မရတဲ့သူတွေအောက်မှာစာရင်းလုပ်ထားတယ်။
၁) နှင်းပွင့်ဖြူလေး
၂) မီးလေး
၃) မိုးချစ်သူ
၎)မျှားပြာ
၅)ကိုမန်လှိုင်းငယ်
၆) ကိုပီကေ
(မှတ်ချက်။။ အထက်ပါလူ ၆ ယောက်ကတော့ မရေးမဖြစ်ရေးပေးကြပါ။ )
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။