Tuesday, 30 October 2007

ဥစ္စာစောင့်များ

ကျွန်မငယ်ငယ်ကနေတဲ့အိမ်နားမှာ ဥစ္စာစောင့်တွေရှိတယ်လို ပြောကြတဲ့အိမ်တစ်အိမ်ရှိပါတယ်။ အိမ်နားမှာ ဆိုတာထက် အိမ်ဘေးမှာနေတာပိုပြီးမှန်မယ်ထင်ပါတယ်။ အဲဒီအိမ်မှာလည် နေတဲ့သူက၀င်လိုက်ထွက်လိုက်နဲ့။ ကျွန်မတို့ရောက်စက နေတဲ့မိသားစုကတစ်နှစ်လောက်နေတော့ ပြောင်းသွားတယ်။ နောက်ထပ်ရောက်လာတဲ့ လူကလည်း မိသားစုလိုက်ကရန်ကုန်မှာနေတာပါ။ အားလပ်ရပ်လောက်ဘဲ လာလည်ကြလို့ အဲ့ဒီအိမ်ကြီးက လူမနေတဲ့အိမ်လို ဖြစ်နေပါတယ်။
ကျွန်မတို့ရောက်ခါစက အဲဒီအိမ်မှာနေတဲ့ အဒေါ်ကြီးကပြောတယ် သူ့သမီးအငယ်လေး နေမကောင်းဖြစ်လို့ အိမ်အပေါ်ထပ်မှာ သိပ်ထားတုန်းက အမျိုးသမီးတစ်ယောက်ကလာနှိုးလို့တဲ့။ ကောင်မလေးနိုးလာတော့ ညီမလေးမမတို့နဲ့ လိုက်မလားလို့မေးပါတယ်တဲ့။ သူကမလိုက်ဘူးလို့ပြန်ပြောတော့ အဲဒါဆိုလည်းမမတို့ ဒီမှာခဏ နေမယ်နော် ဆိုပြီး သူ့အဖေါ်တွေကိုခေါ်လိုက်ပါတယ်။ သူ့အဖေါ်ကလေည်း ခုနှစ်ယောက်တောင်မှ၊ ပုဂံခေတ်ကလို အ၀တ်အစားတွေ ၀တ်ထားပါတယ်တဲ့။ ပြီတော့အိမ်အပေါ်ထပ်က စတိုခန်းထဲ ကိုဝင်သွားပါသတဲ့။ တစ်ခါတလေ အဲဒီအဒေါ်ကြီးရဲ့ အဖေကိုလည် တရားထိုင်နေရင် ခြေထောက်တွေလာ ဆွဲလို့ဆွဲ လုပ်ပါသတဲ့။ အိပ်နေရင်လည်း အိပ်လို့မရအောင် နှောက်ယှက်တက်ပါသတဲ့။
အဲ့ဒီအိမ်က အစ်ကိုကြီးတွေ ဂစ်တာတီးရင် ဥစ္စာစောင့်တွေကစောင်းသံပေးပါသတဲ့။ ဂစ်တာသံမရပ်မချင်း စောင်းသံလည်း မရပ်သွားတက်ပါဘူးတဲ့။ အဲဒီလောက်ကိုနာမည်ကြီးတဲ့အိမ်ပါ။ အဲဒီ့အိမ်မှာနေတဲ့ အဒေါ်ကြီးတွေပြောင်းသွားတော့ နောက်ထပ်အသစ်ထပ်ရောက်လာပြန်ပါတယ်။ သူကလည်း အဲ့ဒီ့အိမ်မှာ သန့်ရှင်းရေးတွေ လာလုပ်၊ မီးတွေဘာတွေဆင်၊ ကျွန်မတို့အိမ်ကိုလည်း သူ့အိမ်ကိုကြည့်ပေးဖို့အပ်ပြီး ပြန်သွားပါတယ်။ အဲ့ဒီအိမ်မှာလူမနေတာကျွန်မတို့အသိပါ။ အိမ်ရှင်ဦးလေးကြီးက အိမ်ရှေ့မီးနဲ့ နောက်ဖေးမီးကို ညဖက်မှာ သူခိုးအလွယ်တကူ မကပ်နိုင်အောင် အမြဲထွန်းပေးထားပါတယ်။
တစ်ရက်မှာ အိမ်မှာမုန့်လုပ်စားဖြစ်လို့
ကျွန်မသူငယ်ချင်းတွေရော သူ့အမေတွေပါရောက်နေလို့ လူအတော် စုံနေတဲ့ အချိန်မှာပါ။ အဲ့ဒီအိမ်အကြောင်းပြောဖြစ်ကြပါတယ်။ ကျွန်မတို့အဲ့ဒီအိမ်အကြောင်း ပြောတုန်းက အိမ်ရှေ့မီးတွေဖွင့်ထားတုန်းပါ။ အားလုံးဘဲ စကားလက်စုံကျနေရာကနေ သတိရလို့အဲ့ဒီ့ အိမ်ဘက်ကို လှည့်ကြည့်လိုက်တော့ အိမ်အောက်ဘက်ကမီးတွေအားလုံးပိတ်နေပြီး အပေါ်ထပ်ကမီးတွေ အားလုံးပွင့် နေတာကို တွေ့ရပါတယ်။ အော် အားလုံးကလည်း သတိမထားမိလို့နေမှာဘဲပေါ့။ ခဏလောက် နေတော့ နောက်ထပ်တစ်ခေါက် ကြည့်ဖြစ်ကြပြန်ပါရော။ အဲ့ဒီအချိန်မှာတော့ အပေါ်ထပ်က ကျွန်မတို့အိမ် ဘက်က အခန်းတွေနဲ့ အောက်ဘက်အိမ်ရှေ့နဲ့အိမ်နောက်ဘက်မီးတွေပြန်လင်းနေပါတယ်။ ကျွန်မတို့ကလေးတွေ ရော လူကြီးတွေရော အားလုံးကြောင်သွားပြီး။ ကလေးတွေကတော့ အော်တဲ့သူကအော် ပြေးတဲ့သူကပြေးနဲ့ အတော်လေးဆူညံသွားပါတယ်။ အားလုံးကိုယ်တိုင်မြင်လိုက်ရတာကို။ ကျွန်မသူငယ်ချင်းတွေလည်း တော်ပီပြန်
တော့မယ်ဆိုပြီး ချက်ချင်းထပြန်ကြပါလေရော။
ဥစ္စာစောင့်များက သူတို့အကြောင်းပြောရင် ဘယ်နေရာပြောပြော ကြားရတယ်လို့ပြောကြလို့နောက်ပိုင်းကို အဲ့ဒီအိမ်အကြောင်းပြောဖြစ်ရင် ချောင်းခြားမြစ်ခြားဆိုပြီး အရင်ပြောပြီးမှဘဲ အဲ့ဒီအိမ်အကြောင်း ပြောဖြစ်ပါတယ်။ ကျွန်မလည်းဥစ္စာစောင့် ဆိုရင်တော့ချောမှာဘဲ တစ်ခါလောက်တော့မြင်ဖူးတယ် ရှိအောင်လို့ နဲနဲအကဲစမ်းကြည့်ရင် ကောင်းမလားဆိုပြီး၊ ညဘက်တွေမှာ သူတို့အိမ်ဘက်လှည့်ပြီး စကားနည်းနည်းပါးပါး ပြောကြည့်ပါတယ်။ အဲ ကျွန်မစကားပြောလို့ပြီးသွားရင် အဲဒီအိမ်ဘက်အိမ်ခန်းတွေကမီးတွေ တစ်ခန်းပွင့်လိုက်၊ တစ်ခန်းပိတ်လိုက်နဲ့ အဲ့ဒီလိုမျိုးဖြစ်လေ့ရှိပါတယ်။ နောက်တော့လည်း သိပ်ပြီးမကြောက်တော့ပါဘူး အဲဒီအိမ်ကြီးကို။
တစ်ခါကလည်း ကျွန်မတို့အိမ်ကို အလည်လာတဲ့ နယ်ကကျွန်မအဒေါ်တစ်ယေက်လည် အစခံရပါတယ်။ သူကတစ်ရေနိုးလို့ အိမ်သာထသွားတာ အဲ့ဒီအိမ်ဘက်မှာ ဆံပင်ဖားလျှားနဲ့ မိန်းမတစ်ယောက် အိမ်ရှေ့မှာထိုင်နေတာတွေဆိုပြီး ညကြီးအချိန်မတော် ထပြီးအော်လို့ တစ်အိမ်လုံးဆူညံသွားပါရော။ အဒေါ်က ကြောက်တက်တော့ အော်ပြီးငိုပါရော၊ သူတစ်ယောက်တည်း မအိပ်ရဲတော့ဘူး ငါနဲ့တစ်ယောက်ယောက် လာအိပ်ဆိုပြီးပြောလို့ ကျွန်မသွားအိပ်ပေးရသေးတယ်။ အဒေါ်မအိပ်ရဲရင် ဟိုဘက်အိမ်ကတစ်ယောက်ကို ခေါ်ပြီးအိပ်ပါလားလို့ ပြောလို့ ကျွန်မခေါင်းအခေါက်ခံလိုက်ရသေးတယ်။
ကျွန်မတို့ဆီမှာ အိမ်အပ်ထားတဲ့ဦးလေးကြီးက သူအဲ့ဒီအိမ်မှာ မနေဖြစ်တော့လို့ အိမ်ကိုပြန်အပ်လိုက်ပြီ သိပ်မကြာခင် အဲဒီအိမ်ကိုနောက်ထပ် အိမ်ရှင်အသစ်တစ်ယောက်ရောက်လာပါတယ်။ အိမ်ရှင်အသစ်က အဲ့ဒီအိမ်အကြောင်း အတော်သိထားတယ်လို့လည်းပြောပါတယ်။ သူကအဲ့ဒီအိမ်က စတိုခန်းထဲက ဥစ္စာစောင့်တွေကို နင်တို့ကိုလည်းငါမနှာက်ယှက်ဘူး ငါ့တို့ကိုလည်းမနှာက်ယှက်နဲ့လို့ပြောပြီး အိမ်နောက်ဘက်
မှာရှိတဲ့ အိမ်သာနားကတဲထဲမှာ နေရာပေးလိုက်ပါတယ်တဲ့။ သူတို့လည်း အဲ့ဒီတဲကို လုံးဝမသုံးတော့ပါဘူး။ တဲရှိတဲ့ ဘက်ကိုတော့မီးထွန်း ပေးထားပါသေးတယ်။ တစ်ခါတလေမှာ အဲ့ဒီတဲဘက်က မီးကပိတ်လိုက် ဖွင့်လိုက်လုပ်တက်သလို၊ တဲထဲကနေ အိမ်မကြီးဘက်ကိုကူးလာတဲ့ လူအရိပ်တွေလည်း တွေ့ရတက်ပါတယ်။ ကျွန်မတို့အတွက်ကတော့ နောက်ပိုင်းကြာလာတော့ အဲဒါတွေမထူးဆန်းတော့ပါဘူး။
အရင်တစ်ခါက အခြောက်ခံလိုက်ရတဲ့ ကျွန်မသူငယ်ချင်းကတော့ ညဘက်ဆိုရင်ကျွန်မတို့အိမ်ဘက်ကို ဘယ်လိုခေါ်ခေါ်လာမလည်တော့ပါဘူး။ ကျွန်မတို့ပြောင်းလာပြီးတဲ့နောက်ပိုင်းကို အဲ့ဒီ ဥစ္စာစောင့်တွေရှိတဲ့ အိမ်မှာဘယ်သူမှမနေရဲလို့ အဆောင်လုပ်လိုက်တယ်လို့လည်း ပြောသံကြားပါတယ်။ ယောက်ျားလေးအဆောင်
လုပ်တာဆိုတော့ ကောင်လေးတွေခဏခဏ အခြောက်ခံရတယ်လို့လည်းပြောသံကြားပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ခြောက်တဲ့သူက ဥစ္စာစောင့်ဆိုတော့ ချောချောလေးတွေဘဲဖြစ်မှာပါ။ ကျွန်မကတော့ ဥစ္စာစောင့်
မြင်ဖူးချင်လို့ ခဏခဏချောင်းပေမယ့် မြင်ခွင်မကြုံသေးလို့ထင်ပါရဲ့ မမြင်ခဲ့ရပါဘူး။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
နှင်းဆီနီနီ။။

(မှတ်ချက်။။ အဲဒီအိမ်ကြီးမှာအရင်က အိမ်ရှင်လက်လွန်သွားလို့ အိမ်ဖော်ကောင်မလေး တစ်ယောက်သေဖူးတယ် လို့လည်း ပြောကြပါတယ်။ ဥစ္စာစောင့်ရယ် ကောင်မလေးရယ်ပေါင်းပြီး ယောက်ျားတွေဆိုပိုပြီးခြောက် ပါသတဲ့။)

Monday, 29 October 2007

စင်္ကာပူသွားတောလား

ဒီနောက်ပိုင်းမှာ စင်ကာပူကိုသွားတဲ့သူအတော်မျာများရှိပါတယ်။ သူများတွေဘယ်လို စင်ကာပူသွားကြ သလဲ တော့ကျွန်မ သေသေချာချာမသိပါဘူး။ လေယာဉ်လက်မှတ်ဝယ်၊ သံရုံးသွား၊ ပြီးတော့စင်ကာပူရောက်။ ဒီလောက်ပဲပေါ့ ကိုယ်ကိစ္စမှမဟုတ်တာ လုံးဝစိတ်မ၀င်စားဘူး။ ဟဲဟဲ နဖူးတွေ့၊ ဒူးတွေ့ဒါမျိုး တွေကိုယ်လည်းလုပ်ရော ကိုယ့်ဒုက္ခမှ ဒုက္ခလို့ထင်တဲ့ လူမျိုးဆိုတော့ ဒုက္ခနဲ့ ကျွန်မနဲ့အဲဒီမှာစတွေ့ပါရော။

ကျွန်မစင်ကာပူမှာကျောင်းရှောက်ထားတာတဲ့ ကျွန်မကျောင်းဝင်ခွင့်စာမေးပွဲကို စင်ကာပူမှာလာဖြေပါ ပြောတော့ နာမည်ကြီး စင်ကာပူကိုသွားဖို့အကြောင်းဖန်လာပြီပေါ့။ သွားတာကိစ္စမဟုတ်ပါဘူး၊ သံရုံဝင်ဖို့က လည်း သိပ်ပြီးခက်မယ်မထင်၊ ဒီလိုဘဲ ပြီးသွားမှာပါ ဘာခက်တာမှတ်လို့။ အဲ အဲ့ဒီလိုဘဲထင်မြင် တွေးတောထားလိုက်ပါတယ်။

ကျွန်မနေတဲ့နေရာက မလေးရှားနိုင်ငံရဲ့ အရှေ့ဘက်အကျဆုံးမြို့မှာပါ။ ကျွန်မတို့မြို့ပြီးရင် ဖိလစ်ပိုင်ဘဲ ရှိတော့တယ်။ စင်ကာပူသွားဖို့ စာရောက်တဲ့နေ့နဲ့ စာမေးပွဲဖြေဖို့ရက်က ၅ရက်လောက်ဘဲ ကွာပါတယ်။ ပြဿနာကအဲဒီကစတာ၊ မေးလ်ဖွင့်ကြည့်တာနောက်ကျလို့ ညနေပိုင်းလောက်မှသိတဲ့ကျွန်မ လေယာဉ် လက်မှတ်ဝယ်ဖို့ ဒုက္ခစရောက်ပါတယ်။ မြို့ထဲကလက်မှတ်အရောင်း ဌာနတွေအားလုံး ပိတ်နေပါပြီ ရုံးချိန်ကျော်
သွားလို့ပါ။ လေးယာဉ်ကွင်းက လက်မှတ်အရောင်းကောင်တာမှာဘဲ လက်မှတ်ရတော့တယ်။ လက်မှတ်ရတော့
လည်း ရွေးစရာသိပ်ပြီးမကျန်တော့ဘူး။ ရတဲ့အချိန်နဲ့ KL ကိုရောက်အောင်အမြန်သွားရတော့တာပေါ့။

ကျွန်မရဲ့ပထမဦးဆုံးပြင်ပသွားတဲ့ အတွေ့အကြုံလည်းဖြစ်နေတော့ အတော်လေးရင်ခုန်မိပါတယ်။ မြန်မာပြည်
တုန်းကတော့ ရန်ကုန်-မန္တလေး ပထမဆုံးအကြိမ် တစ်ယောက်တည်းသွားတုန်းကလည်း ရင်ခုန်တာပါဘဲ။ ပထမဆုံးမို့ထင်ပါရဲ့။ အဲဒီတုန်းကလည်း ၀ယ်ထားတဲ့ရထားချိန်က နောက်ကျနေလို့ နောက်ထပ်လက်မှတ် တစ်စောင် ၀ယ်ပြီးသွားခဲ့ရသေးတယ်။ အမြဲကံမကောင်းတဲ့ ကျွန်မ ဒီတစ်ခါဘာထပ်ဖြစ်မလဲဆိုပြီး ရင်ခုန်နေတာ လည်းပါပါတယ်။ တသက်နဲ့ တကိုယ် ဆယ်တန်းတောင် အိပ်ပြီးဖြေလာတဲ့ကျွန်မ ဒီတစ်ကြိမ်ကျမှဘာဖြစ်လို့ အိပ်မပျော်မှန်းကို မသိပါဘူး။ နံနက် စောစောထပြီး သွားရပါမယ်ဆိုမှ ၁၂ နာရီကျော်တဲ့အထိ အိပ်လို့ကို မပျော်နိုငါဘူး။ စလုံးက အတော်နတ်ကြီးပုံရပါတယ်။

လေယာဉ်ကွင်းရောက်တော့လဲ စိတ်ပူပြီး အစောကြီးဝင်မိတာ ထုံးစံအတိုင်း အမြဲနောက်ကျ တက်တဲ့ Air Asia နဲ့ ဆိုတော့ အကြားကြီးစောင့်ခဲ့ရပါတယ်။ ကိုယ့်ကိုကိုယ်တော့ ငါဖြစ်ပါတယ်ဆိုပြီး အားပေးထားပါတယ်။ လေယာဉ်ပေါ်ရောက်တော့ အ၀င်ပေါက်နဲ့အနီဆုံးနေရာမှာဘဲ ကျွန်မနေရာယူလိုက်ပါတယ်။ အဝေးကြီးသွား ရမှာ ပျင်းတာလည်း ပါတယ်၊ အဆင်းမှာမြန်မြန်ဆင်းချင်တာလည်းပါပါတယ်။ ကျွန်မဘေးမှာ အမျိုးသမီး(၂) ယောက်လာထိုင်ပါတယ်။ ကျွန်မကစကားမပြောရင် မလေးမလိုလို၊ တရုတ်မလိုလိုမို့ သူတို့ကလည်း ကျွန်မကို Local လို့ဘဲထင်ပုံရတယ်။

မလေးလိုလာပြောပြီး ထိုင်ခုံကိုလက်ညှိုးထိုးပြတော့ ကျွန်မခပ်တည်တည်နဲ့ခေါင်းညိပ် ပြလိုက်တယ်။ သူတို့ကလည်းဝင်ထိုင်လိုက်တယ်။ တစ်လမ်းလုံးစီးလာတာ ဘာမှမဖြစ်ဘူး။ အဲ နဲနဲလောက်ကြာလို့ မနက်စာ အတွက် လေယာဉ်မယ်ကမုန့်လိုက်ရောင်းမှ ကျွန်မကအင်္ဂလိပ်လို ပြောပြီးမှာတော့မှ ကျွန်မဘေးကလူက ကျွန်မကို မလေးမ မဟုတ်မှန်းသိပုံရပါတယ်။ ဘာလဲပေါ့ ပြူးပြူးကြီးကြည့် နေတယ်။ ဘိုလို သိပ်ပြီးပြောချင် နေသလားပေါ့။ အထဲအော်နေတဲ့ ပိုးမျိုးရှစ်ဆယ် ငြိမ်သွားအောင် အရင်လုပ်ရမှာဆိုတော့ အမြန်ပြီးအောင်သာ မှာလိုက်ပါတယ်။

ဒီမှာက မလေးတော်တော်များများ အင်္ဂလိပ်လိုတက်ကြပေမယ့် သူတို့အချင်းချင်းပြောရင် မလေးလို ပြောတာများပါတယ်။ မလေးရုပ်ပေါက်ပြီး မလေးလိုမပြာရင် ကြီးကျယ်တယ်လို့ထင်ကြတယ်။ ကျွန်မအဖေ ဒီကို
ရောက်ခါစက ဟိုတယ်မှာအခန်းယူဖို့ အင်္ဂလိပ်လိုပြောတာကို ဧည့်ကြိုကောင်တာကကောင်မလေးက မလေးလုပ်ပြီး အင်္ဂလိပ်လိုပြောလိုဆိုပြီး ဒေါသထွက်ပြီးပညာပြလို့ အတော်ရှင်းယူလိုက်ရပါသေးတယ်။ ငါ မလေးမဟုတ်ဘူး နိုင်ငံခြားသားလို့ပြောတာကို မရဘူး။ စိတ်တွေဆိုးပြီး ဒါနောက်စရာမဟုတ်ဘူးလို့ ပြန်ပြော ပါသတဲ့။ ကျွန်မအဖေရုပ်ကလည်း မလေးလိုလို၊ ဖိလစ်ပိုင်လိုလို၊ ထိုင်းလိုလို ဖြစ်နေတာ။ ဒီကလူတော်များများက ကျွန်မတို့လို ရုပ်မျိုးတွေချည်းပါဘဲ။ အဲ ကျွန်မတို့ဈေးသွားရင် မလေးနဲ့တရုတ်ရ ပြီးမွေးထားတာလို့ ထင်နေကြတာ။ စကားပြောမှ နိုင်ငံခြားသားမှန်းသိတာ။ ပြောနေတာနဲ့ လိုရင်မရောက် တော့ဘူး။

၂နာရီခွဲလောက် လေယာဉ်စီးပြီး KLကိုလည်းရောက်ရော မြို့ထဲကိုသွားဖို့ကားလက်မှတ်က၀ယ်ရသေးတယ်၊ ပစ္စည်းကရွေးရသေးတယ်။ ကျွန်မတစ်ယောက်တည်း ဗျာများနေပါတော့တယ်။ ပစ္စည်းထုတ်က လေးထုပ် လူကတစ်ယောက်ထည်းနဲ့ ဆပ်က ကနေသလားအောက်မေ့ရပါတယ်။ ကိုရီးယားကားထဲမှာတော့ လေဆိပ်ကထွက်လာရင် လှလှပပလေး။ ကျွန်မမှာတော့ ပစ္စည်းထုတ်တွေ တစ်ပုံတပင်နဲ့။ မြို့ထဲသွားမဲ့ကား ဆီအရောက်ပြေးရပါတယ်။ အနားရောက်တော့ ကားပေါ်တက်ခွင့်မပေးပြန်ပါဘူး။ ကားပေါ်မှာ ထိုင်ခုံနေရာရှိမရှိ စစ်နေလို့ပါတဲ့။ မရှိရင်နောက်ထပ်တကားစောင့်ရမှာပါ။ နဲနဲကံကောင်း ချင်တော့ကျွန်မ ကားပေါ်တက်ခွင့်ရ သွားပါတယ် ကားပေါ်မှာ ထိုင်ခုံ နှစ်နေရာစာပိုနေသေးလို့ပါတဲ့။

ကားပေါ်ရောက်တော့လည်း စိတ်မအေးနိုင်သေးပါဘူး။ နောက်နေ့သံရုံးဝင်ဖို့ရယ်၊ ဒီနေ့ကျွန်မသွားမယ့် ဟိုတယ်မှာအဆင်ပြေပါ့၊ ပြေပါ့မလား စတဲ့အတွေးတွေက ခေါင်းထဲမှာ အစီအရီ။ ပြီးတော့ ကားဂိတ်ကနေ တည်တဲ့ ဟိုတယ်ရောက်ဖို့ အတော်လမ်းလျှောက်ရပါတယ်။ ပါလာတဲ့ အထုတ်လေးထုတ်နဲ့ ဘယ်လိုနှစ်ပါးသွား ရမှန်းမသိလို့ စိတ်ပူနေတာ ကားပေါ်မှာ ကိုယ်တယောက်ထဲ ပူလို့အိုက်လို့။ အိမ်ကိုလဲ ပြန်ပြီး သတင်းပို့ရပါ သေးတယ်။ မဟုတ်ရင် တယောက်တည်း လွှတ်လိုက်ရလို့ အစကတည်းက စိတ်ပူနေတဲ့ ဖခမည်းတော်ကြီး အမြတ်တော်ထွက်ပြီး သွေးတက်နေမှာစိုးလို့။

လေဆိပ်ကနေ KL Central (သူတို့ကတော့ Sentaral) ကို ၁ နာရီလောက် ကားစီးရပါတယ်။ မြို့ထဲရောက်တော့ တည်းမဲ့နေရာကိုရောက်တော့ အခန်းယူပြီး၊ အိပ်ကို အခန်းရတဲ့ အကြောင်းပြောပြီး တရေးမောအိပ်လိုက်ပါတယ်။ တမနက်လုံး စိတ်ပင်ပန်းလာတာ ခဏတော့အိပ်ပျော်သွားပေမယ့် ကြာကြာမအိပ်လိုက်ရဘူး နောက်နေ့ သံရုံးသွားဖို့ အစီအစဉ်ဆွဲရဦးမှာကို။ ကားငှားစီရမှာလဲ နှမြောလို့ ရထားစီးဖို့ လမ်းကြောင်းတွေ ကြိုကြည့်ရအောင်
KL Central ဘက်ကို ထွက်ခဲ့ပါတယ်။ ကျွန်မသွားချင်တဲ့ တိုက်ရိုက် ရောက်တဲ့ ရထားမရှိပါဘူး။ ရထားစီးချင်ရင်တော့ KL Towel ကနေလမ်းလျှောက်မှဘဲ စင်္ကာပူ သံရုံးကို ရောက်မှာပါ။ သိတဲ့အတိုင်း မြေပုံထဲမှာသာနီးတာ အပြင်မှာက လမ်းလျှောက်ရင် မြေပုံထဲလောက် မလွယ်ပါဘူး။ ပြီးတော့ KL Central ထဲမှာ ဟိုကြည့်၊ ဒီကြည့်လုပ်ပြီး ညနေစာစားဖို့ ထွက်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခြေအနေကြည့်ပြီး သွားရမှာဘဲလို့ ဆုံးဖြတ်ပြီး ပြန်လာခဲ့ပါတယ်။ ပြီးတော့ ဟိုတယ်နားက တရုတ်ဆိုင်မှာ ညနေစာ ထမင်းစားပြီး အခန်းပြန်လိုက်တယ်။
KL မှာက မှောင်ရင် အပြင်မှာသိပ်နေလို့ မကောင်းဘူးဆိုလို့ ညနေ ၄နာရီထိုးတာနဲ့ အခန်းထဲမှာအောင်းနေလိုက်ပါတယ်။ ကျွန်မနေတဲ့ အခန်းကနေလှမ်းကြည့်ရင်တော့ KL Twin Towel ကြီးကို မီးရောင်ထိန်ထိန်နဲ့ လှမ်းပြီးမြင်နေရပါတယ်။ စိတ်ထဲကတော့ ကိုယ်တိုင်အိပ်မက် မက်နေသလိုပါဘဲ။ အညာသူကျွန်မ ဒီတသက် နိုင်ငံခြားရောက်လိမ့်မယ် လို့ အိပ်မက်တောင် မမက်ဖူးပါဘူး။
ဆက်ရန်...


Friday, 26 October 2007

ကျောင်းကပွဲ

မီလေးကတက်ထားလို့ ရေးမယ်လို့စဉ်းစားထားတာ ဒီနေ့မှတင်ဖြစ်ပါတယ်။ ရေးချင်တာတွေကတော့ အများကြီးပါဘဲ။အဆင်ပြေမယ်ထင်တာလေးတွေဘဲ ရေးဖြစ်လိုက်တယ်။ ငယ်ငယ်တုန်းကခပ်ဆိုးဆိုး (အဲ အခုလဲ ထူးမခြားနားပါဘဲ။)ဆိုတော့ ကျွန်မမှာပြန်တွေရင်ရယ်စရာတွေအများကြီးပါဘဲ။ အဲ မူကြိုတုန်းက အကြောင်း ရေးလိုက်မယ်နော့။

ကျွန်မတို့ငယ်ငယ် မူကြိုတက်တုန်းက ဖေဖေါ်ဝါရီ ၁၃ရက်နေ့ဟာမြန်မာ့ကလေးများနေ့ပါ။ အဲဒီနေ့မှာ ကလေးတွေ အတွက်ပျော်ပွဲရွှင်ပွဲတွေလုပ်တက်ပါတယ်။ ကျောင်းကပွဲလိုမျိုးပေါ့ ကျောင်းတွေလည်း ပိတ်ပေးတက်ပါတယ်။ မူကြိုကျောင်းက ကျောင်းကပွဲလုပ်တော့ ကျွန်မတို့အားလုံးဝင်ပါရတာပေါ့။ ကျောင်းကပွဲမှာ ကျွန်မပါချင်တာက ကချင်ဝတ်စုံဝတ်ပြီး ဂျိမ်းဖေါအကပါ။ ကျွန်မကိုရွေးတာက နှစ်ပါးသွား။ ကျွန်မတို့ သူငယ်ချင်းအားလုံးကို နှစ်ပါးသွားကရမှာပါ။ အားလုံးအတွဲ ၆ တွဲပါ။ ကျွန်မလုံးဝ မကချင်ပါဘူး ဘာလို့လည်းဆိုတော့ ကျွန်မနဲ့တွဲကမယ့် ကောင်လေးက ကျွန်မထက်အရပ်ပုသလို အရမ်းအေးပြီး၊ ဘာမှသွက်သွက်လက်လက် မရှိလို့ပါ။ ဘယ်လိုမှငြင်းလို့မရတဲ့အဆုံး၊ ကျွန်မသူငယ်ချင်း အားလုံးကလည်းပါတော့ ကျွန်မနှစ်ပါးသွားကရတာပေါ့။ အကတွေတိုက်ပြီးအတော်အဆင်ပြေသွားတော့ ပွဲရက်ရောက်ပြီပေါ့။

ပွဲနေ့လည်းရောက်ရော မိတ်ကပ်တွေပြင်ဆင်၊ မင်းသမီးအင်္ကျီးတွေဝတ်ပေါ့။ ကဖို့ခေါ်တော့ ဆင်ပေါ်တက်။ တီးလုံးစဖွင့်တာနဲ့ တိုက်ထားတဲ့အတိုင်း ကပေါ့လေ။ အဲ ကျွန်မတို့ကကွက် အဆုံးမှာ မင်းသမီးလေး ကထိုင်ချ လိုက်၊ မင်းသားက မင်းသမီးကိုမေ့စေ့လေးကိုင်ပြီးကကွက်ကို အဆုံးသတ်ရမှာပါ။ ကျွန်မလည်းတီးလုံးဆုံး ခါနီးတော့ ထိုင်ချလိုက်တယ်။ ကျွန်မနဲ့တွဲကတဲ့ကောင်လေးက ဆင်ပေါ်စတက်ကတည်းက ဆင်အောက်က လူတွေကိုကြည့်ပြီး ကြောက်နေတာ ကြောင်တောင်တောင်၊ ခြေမချိုးလက်မချိုးနဲ့။ မလှုပ်တလှုပ်နဲ့ကနေတာ သီးချင်းဆုံးလို့ ကကွက်သိမ်းတဲ့အထိ သူကကြောင်တောင်တောင်နဲ့ ဒီအတိုင်းရပ်နေတာ။ ကျွန်မလည်း စိတ်မရှည်လို့ သူများအတွဲတွေက မင်းသမီးမေ့စေ့ကိုကိုင်ပြီး ပြုံးပြုံးလေးတွေနဲ့ ရပ်နေကြပြီ။ ကျွန်မမင်းသားက တော့ ကြောင်ပြီး ဒီအတိုင်းရပ်နေတာ ကျွန်မလည်းစိတ်မရှည်တာနဲ့သူ့လက်ကိုယူပြီး ကျွန်မမေ့စေ့ ကိုနားမှာထားလိုက်တယ်။ ပွဲပြီးလို့ငြိမ်နေတဲ့ပရိတ်သက်က ၀ါးကနဲ့ပွဲကျသွားတယ်။ ကျွန်မလည်းရှက်မနေ တော့ဘူး ဆရာမကပြောထားတယ်လေ သူမေ့နေရင်သတိပေးလိုက်ဆိုလို့ ကျွန်မလုပ်လိုက်တာပါ။ ပွဲလည်းပြီးရော ကျွန်မ၀ိုင်းစကြပါရော။ အတော်မလွဲတဲ့ကောင်မလေးပေါ့လေ။ နောက်ရက်တွေမှာလည်း အိမ်နားက အစ်ကိုကြီးအစ်မကြီးတွေက ကျွန်မကိုတွေတိုင်းဝိုင်းစကြတော့တာပါဘဲ။ အဲ့ဒီကောင်းလေး သူငယ်ချင်းနဲ့က ကြီးလာတဲ့အထိ အကျောမတည့်ဘူး။ အခုတော့သူလည်း ဘယ်ရောက်နေလည်းမသိပါဘူး။ အဲဒါလေးက ကျွန်မကိုလူအများက အမှတ်ရစေတဲ့ငယ်ငယ်တုန်းက အမှတ်တရလေးပါ။ ရေးစရာ တွေများနေတာ ဘယ်ဟာရေးရမှန်းမသိဘဲ ကိုပီကေက ကျောင်းကပွဲအကြောင်းရေးလို့ သတိရပြီး ရေးလိုက်တာပါ။
ရွှင်လန်းချမ်းမြေ့ပါစေ။
နှင်းဆီနီနီ။။

ဆောင်းဦးရွက်ကြွေချစ်သက်သေ။

ဒီနေ့ ဆောင်းဦးရွက်ကြွေချစ်သက်သေ ကားကိုကေဘီအက်(စ်) ကနေပြန်လာလို့ ကြည့်မိပါတယ်။ သနားစရာ
ချစ်ပုံပြင်လေးကို ပြန်ကြည့်တော့ ငိုချင်လာတယ်။ သူ့ရဲ့ဇာတ်ဝင်တေးနဲ့ တစ်ခြားကိုရီးယားကားတွေမှာ ပါတဲ့ ဇာတ်ဝင်သီချင်းတွေကို ကျွန်မကြိုက်လို့ ၀ယ်ထားတာရှိပါတယ်။ သူငယ်ချင်းတွေလိုချင် မလားလို့တင်ပေးလိုက် ပါတယ်။
အမျိုးသားဆိုထားတဲ့သီချင်းပါ။ ဖွင့်လို့ရမရပြောပေးပါ။ မရရင်ထပ်တင်ပေးပါ့မယ်။
အမျိုးသမီးဆိုထားတဲ့သီချင်းပါ။

နောက်ထပ်သီချင်းလေးတွေလည်းတင်ပေးမယ်ဗျာ။
ကဲ ကျွန်မလည်းအိပ်ရာဝင်ပါတော့မယ်။
ကောင်းသောညချမ်းပါ။
နှင်းဆီနီနီ။။

Monday, 22 October 2007

တသက်လုံးသာ

မိုးချစ်သူရဲ့ခွင့်ပြုချက်နဲ့ဒီကဗျာလေးကို ကျွန်မဘလောဒ့်မှာတင်ထားတာပါ။
သူ့ရဲ့အရေးအသားလေးကိုကြိုက်တာလည်းပါတယ်။ ကဗျာလေးကို ခံစားလို့
ရတာလည်းပါတယ်။ ကျွန်မရဲ့ မှတ်စုလေးထဲသိမ်းထားချင်တာလည်းပါတယ်။


တသက်လုံးသာ
ဇိမ်ခံပစ္စည်းတွေနဲ့မှ ဘ၀အမောတွေ ပြေမယ်ဆိုရင်
တသက်လုံးသာ မောပါစေတော့...........
ငါလိုချင်တာ နင့်အပြုံးတခုဘဲ....................

တီတီတာတာ ပလီပလာပြောမှ ချစ်သူဖြစ်ကြေးဆိုရင်
တသက်လုံးသာ အဖော်မဲ့ပါစေတော့..........
ငါလိုချင်တာ စကားလုံးမဲ့ အချစ်စစ်တခုဘဲ............

ဖုန်းတွေအမြဲဆက် မေးလ်တွေ အမြဲပို့မှ အချစ်တွေနွေးမယ်ဆိုရင်
တသက်လုံးသာ အချစ်တွေအေးပါစေတော့.........
ငါလိုချင်တာ ဘယ်လောက်ဝေးဝေး ထပ်တူကျမယ့် နှလုံးသားတစ်စုံဘဲ........

နင့်အချစ်တွေ မရိုးအီဖို့ ပုံရိပ်တွေ ပြောင်းလဲမှ ရမယ်ဆိုရင်
တသက်လုံးသာ အချစ်တွေ ရိုးအီပါစေတော့........
ငါလိုချင်တာ ပြောင်းလဲစရာ မလိုတဲ့ ငါ့ပုံရိပ်အဟောင်းဘဲ.........

ငါနဲ့လမ်းခွဲမှ အချစ်စစ်ဆိုတာ နင်နားလည်မယ်ဆိုရင်
တသက်လုံးသာ လမ်းခွဲလိုက်ပါရစေတော့........
ငါလိုချင်တာ အချစ်စစ်ကို နင်နားလည်မယ့်နေ့ဘဲ...................