Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

Monday, 23 February 2009

IKEA မှ အစားစရာများ


ကြက်တောင်ပံကြော်


ငါးဆလပ်(အချဉ်ညှစ်ပြီး မရောနိစ့်နဲ့တို့စားတာ)


ကြက်သားနဲ့အာလူးခြေ


အသားလုံးနဲ့အာလူးပြုတ် (ုဘယ်ရီသီးအချဉ်လေးနဲ့ စားတာ တော်တာ် စားကောင်းတယ်။)

ဘယ်ရီသီးအချဉ်ကို တစ်ခါမှမစားဖူးဘူး။ စစချင်း စားကောင်းမယ်မထင်မိဘူး။ ဒါပေမယ့် တော်တော် စားကောင်းတယ်။


ပက်စ်စတာ
မနေ့က IKEA ကိုသွားလည်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ လလောက်က ဘလော့တစ်ခုမှာ IKEA အကြောင်း ဖတ်ပြီးကတည်းက သွားချင်လို့ ၁ ခေါက်သွားခဲ့ပေမယ့် ဒီတစ်ခေါက်လောက်တော့ မုန့်တွေမစားဖြစ်ဘူး။ မနေ့ ကတော့ တော်တော်စားဖြစ်တယ်။ အပေါ်ကပုံတွေထဲမှာ ပက်စ်စတာ တစ်ခုဘဲကိုယ်စားတာဆိုပေမယ့် သူများ စားတဲ့ပုံတွေလည်း ရိုက်လာခဲ့တယ်။ အဲ့ဒီထဲက ကြက်ကြော်က တော်တော်စားကောင်းတယ်။ မြန်မာပြည်တုန်း က ပုဂံသွားတဲ့လမ်းပေါ်မှာရှိတဲ့ လက်ပပြားကြက်ကြော်အရသာကိုမှီတယ်။ အဲ့ဒီလက်ပပြားကြက်ကြော်ကိုမှီတာ ဒီတစ်ခုဘဲရှိတယ်။ လက်ပပြားကြက်ကြော်မစားဖူးတဲ့လူတွေ အဲ့ဒီမှာသွားစားရင် ပုဂံက လက်ပပြားကြက်ကြော် က ဒီအတိုင်းပါလားလို့ ခန့်မှန်းလို့ရမှာပါ။ မုန့်စားပြီး ဘာမှထွေတွေထူးထူးမ၀ယ်ဖြစ်ခဲ့ပါဘူး။ မျက်နှာသုတ် ပုဝါနဲ့ ဖယောင်းတိုင်လေးတွေ ၀ယ်ပြီးပြန်လာခဲ့တယ်။ IKEA ကိုသွားပြီးရင်တော့ ပိုက်ဆံတွေအများကြီးလိုချင်တဲ့ စိတ်တွေပေါ်လာတယ်။ သူ့မှာဆင်ထားတာတွေ တော်တော်လှပြီး ဈေးကြီးလို့ ပိုက်ဆံတွေအများကြီး လိုချင်မိတယ်။

Monday, 1 December 2008

ကွမ်ရင်ဘုံကျောင်း


စင်္ကာပူကို အလုပ်လာရှာတဲ့လူတွေ သွားကြတဲ့ နေရာတွေထဲမယ့် ဘူဂစ်က ကွမ်ရင်ကျောင်းလည်း တစ်ခု အပါအ၀င်ပါဘဲ။ ကျွန်မလည်း သွားဖြစ်ပါတယ်။ သွားပြီးဆုတောင်းရင် ဆုတောင်းပြည့်တယ်ပြောလို့ပါ။ ကျွန်မတော့ ခဏခဏလည်း ရောက်ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်လို စာချတာ သိပ်ပြီး မလုပ်တက်လို့။ ဘယ်လို လုပ်ရမှန်းလည်း သေချာမသိခဲ့ဘူး။ သွားဖူးတဲ့လူတွေကိုမေးပြီးတော့ သူတို့ ပြောပြတဲ့အတိုင်းသွားပြီး စာချပါတယ်။ တစ်ယောက်မေးရင် တစ်မျိုးတော့ ပြောပါတယ်။ အစကတော့ ဘယ်လို မေးရမှန်းမသိဘူး။ ပြီးတော့ သွားတိုင်းလည်း အဖြေကို သိချင်နေတာနဲ့ မြန်မြန်စာချပြီး မြန်မြန်ပြန်ခဲ့တာ များတယ်။ ဒီနေ့တော့ အချိန်ရတာနဲ့ ဘေးနားမှာ စုံတွဲတစ်တွဲစာလာချတာနဲ့ သေချာထိုင်ပြီး ကြည့်ဖြစ်တယ် ဘယ်လို စာချလဲဆိုတာကို။

သူက စာချရာမှာ အနီရောင် လခြမ်းပုံလေးနှစ်ခုကို အရင်ချရပါတယ်။ အဲ့ဒီလခြမ်းလေး နှစ်ခုက တစ်ခုက အမှောက်၊ တစ်ခုက အလှန်ဖြစ်မှ မေးလို့ရပါတယ်တဲ့။ နှစ်ခုလုံး အမှောက်၊ နှစ်ခုလုံးအလှန်ဖြစ်နေရင် မေးလို့မရပါဘူးတဲ့။ ပထမ ဆုံးအကြိမ်မှာ အမှောက် နဲ့ အလှန်မဖြစ်ရင် နောက်ထပ် (၂)ကြိမ်လုပ်ခွင့်ရှိပါတယ်တဲ့။ ပြီးတော့ ဗူးထဲမှာရှိတဲ့ စာနံပါတ်တွေကို ခေါက်ပြီး ချရပါတယ်တဲ့။ ပြီးတော့ သူက စာချရာမှာ စာချောင်းတွေထည့်ထားတဲ့ဘူးကို ၄၅ ဒီဂရိလောက်ထားပြီးမှခေါက်ရတာပါတဲ့။ အဲ့ဒါမှ နည်းအမှန်လို့ ပြောပါတယ်။ အဲ့ဒါကတော့ မေမြို့ဘုံကျောင်းမှာ စာချတုန်းက ကြားဖူးတာပါ။ အဲ့ဒီတုန်းကတော့ လခြမ်းပုံတွေဘာတွေ မပါ ပါဘူး။ စာချနည်းကို ဆက်ပြီးပြောပြပါဦးမယ်။ ၀ါးဗူးထဲက စာနံပါတ်ရေးထားတဲ့ စာ ကျပြီဆိုရင် လခြမ်းပုံလေးကို ထပ်ပြီးလုပ်ရပါတယ်။ အမှန်တော့ ဆုတောင်းတာပေါ့။ သေချာအောင် ကွန်ဖန်းလုပ်တာထင်တယ်။ အဲ့ဒီမှာ အမှောက်တခြမ်း၊ အလှန်တစ်ခြမ်းကျရင် အဖြေ မှန်ပါပြီတဲ့။ မဟုတ်ရင် ထပ်ပြီး စာချပါတယ်။ ပြီးမှ အဲ့ဒီ စာနံပါတ်ကို ကောင်တာမှာသွားပေးပြီး စာရွက်တောင်းပါတယ်။ အဲ့ဒီစာရွတ်မှာပါတဲ့ နံပါတ်ကို ဘေးနားမှာရှိတဲ့ စာအုပ်တွေမှာ တိုက်ကြည့်ပါတယ်။ အဲ့ဒီစာက ကောင်းနေရင်တော့ သိမ်းထားရပြီး မကောင်းရင်တော့ ဘုံးကျောင်းအပြင်မှာရှိတဲ့ အမွှေးတိုင်းထွန်းတဲ့ နေရာမှာက မီးမှာ မီးရှို့ပြီး တစ်ခါတည်းမီးရှို့ထားတဲ့ စာရွက် တွေကိုထည့်တဲ့ပုံးထည်းကိုထည့်ရပါတယ်တဲ့။

အရင်တုန်းကတော့ မသိဘဲ စာချတဲ့စာရွက်တွေကို အိမ်ကိုပြန်သယ်မိတယ်။ မီးရှို့ရမှန်းလည်းမသိခဲ့ဘူး။ ဒီနေ့မှ သေချာလိုက်မေးပြီး သိခဲ့ရတာပါ။ ပြီးတော့ ကွမ်ရင်ဆီမှာ အဓိဌာန်ရင်လည်း ကတိတည်ရပါတယ်တဲ့။ လှူမယ်ဆိုရင်လည်း လှူရပါတယ်တဲ့။ ကိုယ်တိုင်ကြုံတွေ့ရတာလေးတွေကို ပြောပြပေးတာပါ။ အားလုံးအဆင်ပြေပါစေ။ (ဓါတ်ပုံမရိုက်ခဲ့ရလို့ ဂူဂဲလ်ကပဲ ယူပြီးသုံးလိုက်တယ်။)
နှင်းဆီနီနီ။

Monday, 1 September 2008

RSAF Open House 2008(II)







ဘာရယ်မဟုတ်ပါဘူး။ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို တင်လိုက်ပါတယ်။ နေမပူလို့ ပုံတွေသိပ်မလှဘူး ဖြစ်နေတယ်။

Saturday, 29 December 2007

ဒီရက်ပိုင်းသတင်း

ဒီရက်ပိုင်မှာ အိမ်ပြောင်းဖြစ်ပါတယ်။ အရင်နေတဲ့ မြို့ကနေ နောက်တမျို့ကို။ မြို့ပြောင်းတယ် ဆိုပေမယ့် ပြည်နယ် တခုထဲဘဲဆိုတော့ အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဆင်မပြေတာက အစက ကုန်တင်ကားငှားတုန်းက ၂၉ ရက်နေ့ကို မြို့အသစ်ကို အရောက်ပြောင်းပေးမယ်ဆိုပြီး အခုတော့ ၃၁ ရက်နေ့မှ ရမယ်လို့ပြောပါတယ်။ ကောင်းပါလေရော။ ၃၁ ရက်နေ့မှဆို နယူးရီးယားည ဘယ်လိုလုပ်ပြီး အေးဆေးပါတော့ မလဲနော်။ ပစ္စည်းတွေရွှေ့ရ၊ မရ၊ ချရနဲ့ အတော်ပင်ပန်းနေဦးမှာပါ။ ၂၀၀၇ရဲ့ နေ၀င်ချိန်ကိုလည်း အချိန်ပေးပြီး ကြည့်ဖြစ်မယ်လို့ မထင်သလို၊ နှစ်သစ်မနက်မှာလဲ အေးအေးဆေးဆေး ကာဖီပူပူလေး သောက်ဖြစ်မယ်လို့ မထင်မိပါဘူး။

ဒါကြောင့်ပြောတာ မိုးရွာတယ်လို့ပြောရင် ဒီက လွန်ရာကျပါဦးမယ်။ ခုတော့ သူလုပ်ပုံက ကောင်းသေးလို့လား။ နှင်းဆီပန်း အပွင့်၅၀၀ တောင်းတုန်းကတော့ ဒီက ကို လွန်တယ်လို့ပြောပါဦးမယ်။ ခုတော့ လိုတောင်လိုနေ ပါသေးတယ်။ ပင်ပန်းလိုက်တာလည်း ဖတ်ဖတ်ကိုမောနေတာပါဘဲ။ လူချည်း ပင်ပန်းတာလားဆိုတော့ မဟုတ်ဘူး။ စိတ်။ စိတ်ထဲမှာ ဘလောဂ့်ရေးရတာက တမျိုး။ အပြင်မှာ စီစဉ်ရတာ၊ သိမ်းဆည်းရတာကမျိုးနဲ့ လူကို မောနေတာပါဘဲ။ ဟဲ့ နင့်ကို ဘယ်သူက စိတ်ထဲကနေ စာရေးခိုင်းနေလို့လည်း ဆိုတော့လည်း ဘယ်သူမှလည်း မရေးခိုင်း ပါဘူး။ ကိုယ့်ဟာကိုယ် ရှာရှည်နေတာလေနော်။ မရေးရ မနေနိုင်ဖြစ်နေတာကို။

လူကသာ စိတ်ထဲမှာ စာရေးနေတာ ဘလောဂ့်ကတော့ ဖုန်အလိမ်းလိမ်းနဲ့လေ။ ဖုန်လေးဘာလေး ခါဖို့ နေနေ သာသာ၊ တနေ့တနေ့ ကိုယ့်အိမ်ကိုတောင် ကိုယ့်ဝင်မကြည့်ဖြစ်ပါဘူး။ အော် လောကရယ် ငါလည်း နင်လောလွန်းလို့သာ ကနေရတာ မောလှပေါ့နော်။

ပိုမောတာက ၂၈ ရက်နေကလေ ၂၇ရက်နေ့ ရုပ်ရှင်ကောင်းလို့ မောမောနဲ့ ထိုင်ကြည့်မိတာ။ ရုပ်ရှင်လည်း ပြီးရော အိပ်ရာတန်းပြီးဝင်ဖြစ်ပါတယ်။ မနက်ကိုလည်း ထတာ နဲနဲနောက်ကျသွားတယ်။ မိုးလင်းလို့ သတင်း ဖွင့်မိတော့ ဟိုတလောက ဗုံးပေါက်ပြီး လုပ်ကြံခံရတဲ့ ပါကစ်စတန် ၀န်ကြီးချုပ်ဟောင်းက ထပ်ပြီးလုပ်ကြံခံရလို့ သေသွားပြီဆိုတဲ့သတင်းကြားရတော့ အတော်ဘဲ စိတ်မကောင်းဖြစ်မိပါတယ်။ အဲ့ဒီသတင်းက ခေါင်းကြီး သတင်းဖြစ်နေတော့ ဘယ်သတင်းလိုင်းဖွင့်ဖွင့် ဒီအကြောင်းဘဲလာနေပါတယ်။ သူ့ရဲ့ နောက်ကြောင်းနဲ့ သူများတွေအမြင်တွေကို ပြနေတာကြည့်ပြီး ရင်ထဲ တမျိုးကြီးဖြစ်နေတာ။ သူ့မိန့်ခွန်းတွေ ပြန်ပြတော့ ရဲရဲတောက်စိတ်ဓါတ်ကို အားကျမိသား။ ကိုယ့် သူ့လောက်တော့ အဖြစ်မရှိပါဘူးလေ။ အင်း သူကလည်း အဖြစ်ရှိလို့ ၀န်ကြီးချုပ်တောင်ဖြစ်ဖူးသေးတယ်။ ကိုယ်ကတော့ ဘာကောင်မှမှ မဖြစ်ဖူးသေးဘူးတော့ ထိုင်ပြီး အားကျလိုက်ပါတယ်။

တနေကုန်လည်း အိပ်ရွှေ့ဖို့ပစ္စည်းသိမ်းရ၊ ကြားရတဲ့သတင်းကလည်း စိတ်မကောင်းစရာ အသက်ရှူတောင် မ၀တဲ့အဖြစ်ကို ရောက်သွားပါတယ်။ ဟဲ့ နင်နဲ့လည်းမဆိုင်ဘဲနဲ့ဆိုတော့လည်း။ ဟုတ်တော့ဟုတ်သား။ ဒါပေမယ့် အိမ်သိမ်းတာကတော့ ကျွန်မနဲ့ တိုက်ရိုက်သက်ဆိုင်မယ်ထင်တယ်နော်။ မောတာမှ အတော်မောတာ ပါ။ စက်တင်ဘာတုန်းကလည်း ဒီိလိုဘဲ မောဖူးပါတယ်။ ရင်ထဲကိုဆို့ကျပ်နေအောင် မောဖူးပါတယ်။ ၃ ရက်လောက် သတင်းတွေမဖတ်ဘဲနေလိုက်တော့မှ မောတာသက်သာသွားပါတယ်။ အခုလည်း ကြားရ၊ မြင်ရတာ နားမျက်စိ မချမ်းသာတာနဲ့ တီဗွီကြီးကို ပိတ်ပစ်လိုက်တယ်။ မှတ်ရော။ ဖွင့်ထားရင် ကိုယ့်လက်က ဟိုဟိုဒီဒီပြောင်းရင်း အဲ့ဒီဘက်ကို ရောက်သွားဦးမှာလေနော်။

ဘာရယ်တော့မဟုတ်ပါဘူး။ အိမ်ပြောင်းတော့ မြို့နှစ်မြို့ကြားမှာရှိတဲ့ ကင်နာဘာလူတောင်ကိုတော့ ဖြတ်သွားရတာပေါ့။ ကလောလိုလို၊ မေမြို့လိုလို မြို့သေးသေးလေးတွေကိုဖြတ်သွားတော့ လမ်းဘေးက သစ်သားအိမ်တွေက ဟိုဟို ရှမ်းပြည်ဘက်ကအိမ်တွေကို ခြေတံရှည်တွေနဲ့ မြင်ရတော့ ပင်းတယကို သွားလည်တာ ပြန်သတိရမိပါတယ်။ အော်သူတို့လည်းငါတို့နဲ့ သိပ်ပြီးလူနေမှမကွာဘူးလို့ တွေးမိပြန်ပါတယ်။ အဲ ဒါပေမယ့် ကွာနေတာက အိမ်တိုင်း မီးလင်းပြီး ၂ပေစလောင်းနဲ့ဘာနဲ့။ ပြီးတော့ အိမ်ရှေ့တိုင်းမှာ အနည်းဆုံး လေးဘီးကား ၁စီးလောက်တော့ ရှိတာကို။ မောင်းလို့မရဘဲ သံချေးတက်လို့ ပစ်ထားတာထည့်တွက်ရင် ဒီထက်ပိုမလားဘဲနော်။ စိတ်ထဲမှာတော့ ကိုယ့်နိုင်ငံထဲသွားနေရသလိုပါဘဲလေ။

ကင်နာဘာလူတောင်ကို ရောက်ရင်တော့ ဓါတ်ပုံရိုက်ဦးမယ်ဆိုပြီး ဓါတ်ခဲတွေပြင်ထားပေမယ့် တောင်ခြေ ရောက်တော့ မှောင်နေပါဘီ။ ရိုက်လည်း လှမှာမဟုတ်တော့ မရိုက်ခဲ့လိုက်ဘူး။ ဒီလိုဘဲဖြစ်တက်ပါတယ်။ ပြင်ဆင်ထားရင် ဘယ်တော့မှအဆင်မပြေဘူး။ မပြင်ထားရင်တော့ -၀ုန်း-ဆိုပြီးဖြစ်တက်ပ။ နောက်ရှိသေးတယ် ပြောရဦးမယ် တောင်ပေါ်တက်တော့ ဒီတခါမိုးမရွာဘဲ မြူတွေနဲ့ ပိတ်နေတာ။ ကားမီးရောင်အောင်မှာ မြူတွေက ရိပ်ရိပ် ရိပ်ရိပ်နဲ့ပြေးတော။ တိမ်ထဲ ကားမောင်းနေသလိုပါဘဲ။ ဘာမဆိုင်ညာမဆိုင် မြူတွေကို နှင်းတွေဆိုပြီး ပျော်နေလို့ အိမ်ကလူတွေက ကမ္ဘာကြီးအေးချမ်းနေတာ သူ့ကြောင့်လို့ ပြောနေလေရဲ့။ ကားမောင်းတဲ့သူကတော့ မျက်စိကိုပြူးနေတာပါဘဲ လမ်းချော်ပြီး ချောက်ထဲကျမှာဆိုးလို့လေ။ တခါတလေ ရာသီဥတုဆိုးရင် တောင်ကလည်း ပြိုတက်တော့ မြူတွေနဲ့ဆို အဆင်မပြေဘူးတဲ့လေ။

အင်း ဒီဇင်ဘာရောက်ရင် တခုခုက သူ့ဟာသူပြောင်းရင်ပြောင်းမပြောင်းရင် ကိုယ့်က ကိုယ့်ဖာသာကို ပြောင်း လိုက်ရမှ ကျေနပ်တာလေ။ အခု အိမ်တော့ပြောင်းပြီးသွားဘီ။ လူဘဲနဲနဲပြောင်းဖို့ ကျန်တော့တယ်။ ဘာလုပ်ရင်ကောင်းမလဲ မရှည်စဖူးကျောလည်ထိရောက်နေတဲ့ ဆံပင်တွေကို ဘိုကေညှပ်လိုက်ရရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။ ဒါပေမယ့် ဆံပင်ညှပ်ခက မသတ်သာသလို့စဉ်းစားနေတာ။ ခေါင်းလျှော်ရည်ဖိုးကလည်း ဈေးကြီး၊ ကလစ်တို့ ခေါင်းစည်းကြိုးဖို့ကလည်း များနေတော့ အိမ်ကို နဲနဲမေးလိုက်ပါဦးမယ်လေ။ ဆံပင်ဖြောင့်ဖို့ ပိုက်ဆံပေးမလား၊ ဆံပင်ဘဲ ညှပ်လိုက်ရမလားလို့။ အကျပ်ကိုင်တာ တော့မဟုတ်ဘူးလေ နော်။ ဒီလိုဘဲ အကြံတောင်းကြည့်တာ။ သေချာတယ် ၂၀၀၈ မှာတော့ ဒီထက်ပိုပြီး ၀ဦးတော့မယ်။

--ဘာရယ်မဟုတ်ဘူး နေတစ်ဖိုရမ်ထဲမှာ ၀င်ဖတ်ရင်နဲ့ ကိုမင်းအိုဆိုတဲ့ အကိုကြီးတယောက်(အကိုကြီးတော့ မဟုတ်လောက်ဘူး။ ဦးလေးကြီးလို့တော့ ထင်ပါရဲ့။)ရဲ့ ရေးထားတဲ့ အရေးအသားမျိုး ကြိုက်လို့ရေးကြည့်တာ ဖတ်လို့ ကောင်းမကောင်းတော့မသိဘူး။ အဲ့ဒီအကိုကြီးက နေလည်သတင်းဆိုပြီး ရေးတာအတော်ဖတ်လို့ ကောင်းပါတယ်။ ဝေဖန်ပေးကြပါဦးနော်။--
မင်္ဂလာရှိတေသာ နှစ်သစ်မှာ
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Tuesday, 25 December 2007

အမှတ်တရ ခရစ်စမတ်ည

ခရစ်စမတ်ည။ ခရစ်စမတ်ဆိုတာ ခရစ်ယန်ဘာသာဝင်တွေအတွက်အထွတ်အမြတ် ထားရတဲ့ ဘာသာရေးပွဲ တော် တစ်ခုဖြစ်ပေမယ့် ငယ်ငယ်ကတည်းက ခရစ်စမတ်ရောက်ရင် ပျော်တက်တာတော့ ဘာလို့မှန်း လုံးဝမသိခဲ့ပါဘူး။ ကျွန်မမှာလည်း ခရစ်ယန်သူငယ်ချင်းတွေအများကြီးရှိလို့လည်း ပါ ပါတယ်။ သူတို့က ခရစ်စမတ် နီးရင် ဘုရားကျောင်းမှာ သီချင်းတွေသွားတိုက်။ ညဘက်တွေမှာ ကရယ်ဆင်း လိုက်ဆိုကြနဲ့ ညနက်နက် ချမ်းချမ်း စီးစီးမှာ ~ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်။ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာ ရောက်စေသော်~ ဆိုတဲ့ အသံနဲ့ ဂစ်တာသံ လွင်လွင်လေးကြားလိုက်ရင် အရမ်းပျော်ခဲ့တဲ့ ဒီဇင်ဘာညတွေကြောင့် ခရစ်စမတ်ကို သိပ်ပြီး သဘောကျနှစ်သက်မိခဲ့ပါတယ်။

ခရစ်ယန်သူငယ်ချင်းတွေ စုစုစည်စည်းနဲ့ ဘုရားကျောင်းသွားကြတာကိုလည်း သိပ်ပြီးသဘောကျ ခဲ့တာပါ။ ကျွန်မတို့ ဘာသာမှတော့ လူငယ်တွေ ဘုရားကျောင်းကန်သွားတာ ရှားတာကို။ သွားတဲ့ သူရှိရင်လည်း ဒီကောင်း ဆရာကြီးလား၊ ဘာလားနဲ့ ပေါ့လေ။ ထားပါတော့လေ။ ကျွန်မအတွက်အမှတ်တရ ခရစ်စမတ်ကတော့ ၁၉၉၅ ခုနှစ်ကပါ။ အဲ့ဒီနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်က ကျွန်မတို့ အမျိုးတွေရှိရာ မြစ်ကြီးနားကို အလည်သွားဖြစ်ခဲ့ပါတယ်။ မေမေရဲ့ အဖွားဝမ်းကွဲ တစ်ယောက်က မြစ်ကြီးနားမှာ ပြည်နယ် ပညာရေးမှူးပါ။ မြစ်ကြီးနားက ကျောင်းတွေက ကထိန်ကို သေချာမလုပ်ပေမယ့် ခရစ်စမတ်ကိုတော့ အကြီးအကျယ်လုပ်ကြတာပါ။ ကျောင်းတိုင်း ခရစ်စမတ်ပွဲကျင်းပတာ ကျွန်မတို့ မြေပြန်မှာ ကထိန်အကြီးအကျယ် လုပ်သလိုပါဘဲ။ သိပ်ပြီး ပျော်စရာကောင်းပါတယ်။

ကျောင်းတွေမှာ သီချင်းတွေတိုက်ကြ။ ညဘက်တွေကို အိမ်တွေမှာလိုက်ပြီး သီချင်းတွေဆိုကြ၊ အလည်သွားတဲ့ အိမ်တွေကလည်း စားသောက်ဖွယ်ရာတွေဘာတွေနဲ့ ကြိုကြတာ သိပ်ပြီး ပျော်စရာကောင်းပါတယ်။ ဆောင်းတွင်းအေးအေးမှာ သီချင်းလိုက်ဆိုရ ချမ်းပေမယ့် အိမ်တွေရောက်ရင် သီချင်းအော်ဆိုလိုက်ရင် ချမ်းတာတွေ ပျောက်သွားတော့တာပါဘဲ။ ကျွန်မ ဗုဒ္ဓဘာသာပေမယ့် အဲ့ဒီသီချင်းတွေဆိုရတာတော့ သဘော ကျပါတယ်။

မှတ်မှတ်ရရ အဲ့ဒီနှစ် ခရစ်စမတ်ညမှာ မီးပုံပွဲလုပ်တဲ့ အသိအိမ်ကိုသွားလည်ဖြစ်ကြပါတယ်။ ခရစ်စမတ်လက်ဆောင်တွေ ဝေပေးတဲ့ အပြင် မီးပုံပွဲမှာ လှည့်ပြီး ကချင်ရိုးရာအကတွေကရတာ ပျော်စရာပါ။ လူကြီးတွေကိုတော့ အရက်တွေဘာတွေနဲ့ ဧည့်ခံပေမယ့် ကျွန်မတို့ ကလေးတွေကတော့ အသားကင်တွေ မီးပုံဘေးမှာစားရတာ အတော်ပျော်ခဲ့မိပါတယ်။ အပျော်ဆုံးက မဲဖေါက်ပေးတဲ့ အကိုကြီးက ချောချောလေးမို့ပါ။ ဟဲဟဲ အဲ့ဒီအကိုကြီးက လူတွေအားလုံကို မဲဖေါက်ပြီး၊ နောက်ဆုံးနားမှ ကျွန်မကိုခေါ်ပြီး လက်ဆောင်တွေထဲက ကျွန်မအလိုချင်ဆုံး လက်ဆောင်ကိုပေးခဲ့လို့ပါ။ ပျော်စရာမကောင်းဘူးလား။ မြစ်ကြီးနားဆိုတော့
အေးတာမှ နှာသီးဖြားတွေရော၊ လက်ဖျားတွေရော အေးစက်နေတာပါဘဲ။ အဲ့ဒီခရစ်စမတ်ညကတော့ ကျွန်မအတွက် အမှတ်တရပါ။

မြစ်ကြီးနာဆောင်းက ကျွန်မတို့သွားတုန်းက အေးတယ်ဆိုတာ အရင်ကျွန်မတို့ အဖွားတွေ နေတုန်းကလောက် မဟုတ်ပါဘူးတဲ့လေ။ အဲ့ဒီနှစ်တုန်းကတောင် သစ်တောတွေပြုန်းလို့ သိပ်မအေး တော့ပါဘူးတဲ့။ ခုတော့ ပိုအောင် မအေးနိုင်ဦးမယ်ထင်ပါတယ်။ မြစ်ကြီးနား ဈေးထဲက လိမ္မော်သီး ရောင်းတဲ့ ဆိုင်တွေကိုလည်း သိပ်ပြီး သတိရပါတယ်။ ပြီးတော့ မြစ်ကြီးနား မြို့မဈေးနားက ပန်းခင်းလမ်းဆိုတဲ့ ကြက်ပေါင်းနဲ့ ရောင်းတဲ့ ခေါက်ဆွဲဆိုင်ကိုလည်း သတိရမိပါတယ်။ ကျွန်မအတွက်ကတော့ ၁၉၉၅ ခုနှစ် လောက်ပျော်ဖို့ကောင်းတဲ့ ခရစ်စမတ် မရှိတော့ဘူးထင်ပါတယ်။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Thursday, 15 November 2007

ရောက်ခဲ့ဖူးသော တောင်ကြီးတန်ဆောင်တိုင်

တောင်ကြီးတန်ဆောင်တိုင်ကြီး နီးလာပါပြီ။ အေးပြီး၊ မြူတွေဝေနေတက်တဲ့ နေရာတိုင်းကို ကျွန်မအရမ်းနှစ်သက် တက်ပါတယ်။ အညာသူဖြစ်ပေမယ့် နှင်းတွေဝေတာဘဲဖြစ်ဖြစ်၊ မမြင်ဖူးတဲ့နှင်းတွေကို မှန်းပြီးပျော်တက်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင် တစ်ခေါက်ရောက်ဖူးတာလေး အမှတ်တရရေး လိုက်ချင်လို့ပါ။

ကျွန်မဆယ်တန်းနှစ်က မန္တလေးမှတက်တာပါ။ အဲ နိုဝင်ဘာဆိုတော့ ဆယ်တန်းစာမေးပွဲကြီးနီးပြီပေါ့။ တန်ဆောင်တိုင်ဆိုပေမယ့် တောင်ကြီး၊ အင်းလေး၊ ပင်းတယ ဘုရားဖူးလို့ပြောရင်လည်းရပါတယ်။ အဒေါ်တွေက ဈေးထွက်တာဆိုတော့ ဈေးပိတ်ရက်တွေကိုအမြဲ ဘုရားဖူးထွက်တက်ကြပေမယ့်။ ကျွန်မကတော့
ဆယ်တန်းမို့ ဘယ်တော့မှလိုက်ခွင့်မရှိပါဘူး။ ဒီတခါတော့ ပူဆာလွန်းလို့၊ ပြီးတော့ ဒီတစ်ခါမခေါ်ရင် အရမ်းစိတ်
ဆိုးမယ်ပြောလို့။ အကြောင်းကြောင်းကြောင့် ကားထွက်ခါနီးမှ အဖွားက ကျူရှင်မှာလာခေါ်ပြီး၊ အ၀တ်အစား တွေ အမြန်ထည့်ပြီး လိုက်ခဲ့ရတာပါ။

လိုက်ခွင့်ရလို့ အရမ်းပျော်ခဲ့ပါတယ်။ အစက ကျွန်မလိုက်ဖို့ အစီအစဉ်မရှိလို့ သွားမဲ့ကားက နဲနဲကျပ်သွားပါရော။
ဆန်နီကားလေးမှာ လူ ၁၅ ယောက်။ စဉ်းစားသာကြည့်ကြပါတော့ ဘယ်လောက်ကျပ်မလဲလို့။ အားလုံးက အပျိုပေါက်တွေချည်းပါဘဲ။ ကျွန်မအစ်မရယ်၊ အဒေါ်တွေရဲ့ဆိုင်က ကောင်မလေးတွေရယ်၊ ကျွန်မအဒေါ်တွေ ရယ်၊ အဒေါ်ကလေးတွေရယ်။ သွားတာကတော့ ကားကနှစ်စီး။ ပစ္စည်းတွေနဲ့ ကလေးတွေကို မှန်လုံကားနဲ့။ မှန်လုံကားဆိုတော့ လူကသိပ်မဆန့်ဘူး။ ကျွန်မတို့ကတော့ ဆန်နီကားပေါ်မှာ မန္တလေးကစထွက်ကတည်းက သီချင်းတွေအော်ဆိုလာတာ ခဏနားတဲ့အချိန်ဘဲရပ်ကြတယ်။ ကောင်မလေးတွေချည်းပါတဲ့ ကားဆိုတော့ လမ်းမှာတွေ့သမျှကားတွေက နောက်သွားကြတာပေါ့။

မိတ္ထီလားကိုဝင်ပေမယ့် အိမ်ကိုမ၀င်ဖြစ်ဘူး။ တောင်အတက်ကိုနောက်ကျမှာဆိုးလို့ပါ။ အဲ သာစည်ကထွက် ကတည်းက တောင် စတက်ရပါပြီး။ ဦးလေးကမေမြို့အတက်တောင် မောင်းဖူးတာမဟုတ်ဘဲ၊ တောင်ကြီးကို တက်လို့ အားလုံးကစိတ်ပူနေတာ။ သတိနဲ့မောင်းနေတော့ ကလောမြို့ကို ရောက်တော့ ည ၉ နာရီကျော်နေပြီ။
တောင်ကြီးဘက်ကို ဆက်သွားဖို့လုံးဝ မဖြစ်နိုင်ပါဘူး။ ပါလာတဲ့လူတွေက ကလေးတွေနဲ့ အမျိုးသမီးချည်းမို့ လမ်းမှာတစ်ခုခု ဖြစ်ရင်မလွယ်လို့။ ကလောမြို့အ၀င်က ထင်းရှူးရိပ် တည်းခိုခန်းမှာ ညအိပ်ရပါတော့တယ်။ ကျွန်မတို့အားလုံး ကလေးတွေမို့ ဘာမှမသိလိုက်ပေမယ့် အဒေါ်တွေကတော့ အတော်ခေါင်းပူနေပါပြီ။ တည်းခိုခန်းကို လူအယောက်၂၀ကျော်နဲ့ တည်ခိုခန်းခတွေကလည်း ပွဲတော်ရက်မို့ဈေးကြီး၊ စားသောက်ဆိုင် တွေကလည်း ဈေးကြီးနဲ့ ဒီအုပ်စုကြီးအဆင်ပြေအောင် လုပ်ပေးခဲ့တဲ့ အဒေါ်တွေကို အခုမှ ကျေးဇူးတင်ရကောင်းမှန်းသိပါတယ်။

ကလောမှညအိပ်၊ နောက်နေ့မနက် ၂နာရီလောက်ကို ၄နာရီထွက်နိုင်အောင်ထပြီးပြင်ဆင်။ အိပ်ပုပ်ကြီးတဲ့ ကျွန်မဂျီကျတော့တာပါဘဲ အစောကြီးထရလို့။ အဲ့ဒီလိုသားအစောကြီး ထပြီးတောင်ကြီးကို မသွားခဲ့ရင် ဒီလောက်လှတဲ့ ကလောရှုခင်းတွေ ကျွန်မတွေ့ခွင့်ရမှာ မဟုတ်ပါဘူး။ မနက်စောစော ကလောမြို့က အတော်လှနေတာပါ။ ကလောကအထွက်မှာ ထင်းရှူးပင်(ထင်းရှူးတောပါ)တွေနဲ့ ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ နှင်းတွေကလည်းကျနေလိုက်တာ လမ်းတောင်ကောင်းကောင်းမမြင်ရဘူး။ ဦးလေးတွေက အန္တရာယ် ဖြစ်မှာစိုးလို့ ကားကိုဖြေဖြေမောင်းတော့ ကျွန်မတို့က ရှုခင်းတွေကိုကောင်းကောင်း ကြည့်လို့ရတာပေါ့။ ရာသီဥတုကလည်း အေးတာမှ ခိုက်ခိုက်တုန်နေတာပါဘဲ။ ကျွန်မက အလောအကြီးနဲ့ထွက်လာလို့ အနွေးထည် တစ်ထည်တည်း ပါခဲ့တာ။ ချမ်းလွန်းလို့ နွေးအောင်ဆိုပြီး မှတ်မိသမျှသီချင်းတွေကို ဆိုလိုက်တာ ကြော်ငြာသီချင်းတွေတောင် မကျန်တော့ပါဘူး။

လမ်းတစ်လျှောက် မက်မန်းခြံတွေလား ဘာတွေလဲမသိဘူး။ ခြံတွေကိုဖြတ်ပြီးတော့ တောင်ပေါ်ကအဆင်း နှမ်းပန်းတွေစိုက်ထားတဲ့ ကွင်းပြင်ကြီးကိုလည်း မြင်လိုက်ရော ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတာပါဘဲ။ နှမ်းပန်းတွေက တစ်ခင်းလုံးဝါ နေတာပါဘဲ။ ရွှေဝါရောင်လမ်းထဲကို ကိုယ်ရောက်သွားသလိုပါဘဲ။ Princess and Photographer ထဲကလို ပန်းခင်းထဲမှာဆင်ပြီး ဓါတ်ပုံရိုက်လိုက်ရင် အတော်ကောင်းမှာလို့ တွေးပေမယ့် တောင်ကြီကို မိုးမချုပ်ခင်ရောက်အောင်တက် ရမှာဖြစ်လို့ ကျွန်မဂျီကျလို့မရပြန်ပါဘူး။

ဒါနဲ့မနက်စာ စားတဲ့အချိန်လောက်ကျတော့ ပင်တယကိုရောက်ပါတယ်။ ပင်းတယဈေးထဲမှာ နံနက်စာသွားစား
တော့ လူအစည်ဆုံးရှမ်းခေါက်ဆွဲဆိုင်မှာ ရှမ်းခေါက်ဆွဲစားခဲ့ပါတယ်။ ရှမ်းပြည်မှာစားတဲ့ ခေါက်ဆွဲဖြစ်လို့လား မသိပါဘူး သိပ်စားလို့ကောင်းပြန်ပါရော။ စားပြီးတော့ ရွှေဥမင်ဘုရားကို သွားဖူးခဲ့ပါတယ်။ ကျောက်မောင်း လို့ခေါ်တဲ့ ကျောက်တုံးကြီးကို ထုလိုက်တာ မောင်းသံတွေထွက်လာကိုလည်း စမ်းကြည့်ခဲ့ပါသေးတယ်။ ပုဂံနဲ့လမ်းပေါက်တယ်လို့ နာမည်ကြီးတဲ့ မြေအောက်ဥမင် အ၀င်ဝကိုလည်း ရောက်ခဲ့ပါသေးတယ်။ ရွှေဥမင်ဘုရားထဲမှာတော့ လက်ညှိုးထိုးမလွဲ ဘုရားတွေက သပ္ပါယ်ဖို့ကောင်းလိုက်တာ။ ဆယ်တန်း စာမေးပွဲကြီး မှာ ဖြေနိုင်အောင်လဲ ဆုတွေတောင်ရတာ အမောဘဲ။

ဘုရားဖူးပြီး အပြန်မှာ ပင်တယနာမည်ကြီး သစ်ပင်ကြီးတွေမှာ အမှတ်တရဓါတ်ပုံရိုက်၊ ပြီးတော့ ကွမ်လုံဆရာတော်ကိုဖူးဖို့ ကွမ်းလုံဖက်ကို ထွက်ခဲ့ကြပါတယ်။ ကွမ်းလုံဘက်လမ်းမှာ တွေ့ရတဲ့မြင်ကွင်းတွေက အတော်ထူးဆန်းပါတယ်။ အထူးဆန်းဆုံးကတော့ အိမ်တွေပါ။ အိမ်တွေက တောင်ပေါ်ဒေသလဲဖြစ် မိုးလဲ အဲ့ဒီလောက်သိပ်မရွာဘဲနဲ့ ခြေတံရှည်အိမ်တွေ ဖြစ်နေတာရယ်။ ဘုရားခန်းကို အိမ်မကြီးနဲ့သပ်သပ်ခွဲပြီး အဆောင်တစ်ဆောင်ထုတ်ထားတာ အိမ်တော်တော်များများမှာ တွေ့ရပါတယ်။ ရှမ်းလူမျိုးတွေ ဘာသာရေးကို သိပ်ပြီးအလေးထားတယ်ဆိုတာ အလွယ်တကူသိမြင်နိုင်ပါတယ်။ ခြံကြီးတွေက အတော်ကျယ်ပြီး အသီးပင်တွေ၊ ပန်းပင်တွေနဲ့ အတော်လေးပျော်စရာ ကောင်းမဲ့ပုံပါဘဲ။ မနက် စောစောဖြစ်နေလို့လားမသိပါဘူး အတော်များများက ခေါင်းပေါင်းတွေနဲ့။ တရုတ်တဘတ်ရောင်စုံတွေကို ခေါင်းမှာပေါင်းလို့။ ရုပ်ရှင်တွေထဲက အတိုင်းပါဘဲ။

အဲ ကံမကောင်းချင်စွာနဲ့ ကွမ်းလုံရောက်တော့ ဆရာတော်ကြီးက မရှိလို့ မဖူးခဲ့ရပါဘူး။ ဘုရားဖူးပြီး ပြန်လာခဲ့ပါတယ်။ တောင်ပေါ်ကနေကြည့်ရင် အတော်လှတဲ့ရှုခင်းတွေကို အ၀ကြည့်ပြီး ပြန်လာခဲ့ပေမယ့် ကွမ်းလုံဆရာတော်ကြီး ပျံလွန်တော်မူသွားတဲ့အထိ မဖူးလိုက်ရလို့ တော်စိတ်မကောင်းဖြစ်ရပါတယ်။ ကွမ်းလုံကပြန်တော့ တောင်ကြီးကိုတက်ဖို့ထွက်ခဲ့ ကြပါတယ်။ အဲ ပင်တယနဲ့ တောင်ကြီးကသွားတဲ့လမ်း ကမတူဘူးထင်ပါတယ်။ တောင်ကြီးသွားတဲ့လမ်းနဲ့ ပင်းတယသွားတဲ့လမ်း ဆိုပြီး
အောင်ပန်းမြို့မှာ လမ်းခွဲနှစ်ခု ရှိပါတယ်။ အောင်ပန်းမြို့ ကိုပြန်ရောက်တော့ လမ်းဆုံနားက ထမင်းဆိုင်မှာဘဲ နေ့လည်စားဝင်စားပြီး တောင်ကြီးကို ခရီးဆက်ခဲ့ကြပါတယ်။

အဲ တောင်ကြီးကို မ၀င်ခင် နာမည်ကြီး အင်းလေးကရေလည်ဘုရားကို သွားဖူးကြပါသေးတယ်။ တစ်ခါမှမရောက်ဖူးတော့ ဘယ်ကိုအရင်သွားရမှန်းမသိခဲ့ပါဘူး။ အမှန်ဆို တောင်ကြီးကို အရင်တက်ရမှာပါ။ အပြန်ကျမှ အင်းလေးကိုဝင်ဖူးရင် အင်းလေးဘုရားတွေသာမက အင်းလေးဝန်းကျင်ကိုပါ လျှောက်လည် နိုင်ပါတယ်။ ကျွန်မတို့ကတော့ အင်းလေးကို အရင်ဝင်လိုက်ပါတယ်။ စက်လှေတွေစီးပြီး ဘုရားသွားဖူးရတာ အတော်ဘဲပျော်ဖို့ကောင်းပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေထဲကလို ကိုယ်ကလှေပေါ်မှာ ဇင်ယော်လေးတွေက လှေနောက်ကလိုက်လို့၊ ကိုယ်ကိုတိုင် ရုပ်ရှင်ရိုက်နေတာကျနေတာပါဘဲ :P။ ကျွန်မကတော့ ကျွန်းမျောတွေကို အသေအချာကြည့်၊ ပတ်ဝန်းကျင်ကို အသေအချာမှတ်။ အနဲဆုံး ပထ၀ီအတွက် ကိုယ်တိုင်ကွင်းဆင်းတယ်လို့ မှတ်ပြီး၊ မြန်မာစာအတွက် စာစီစာကုံးရေးဖို့ ကုန်ကြမ်းရှာတယ်လို့သဘောထားလိုက်ပါတယ်။

အဲ တောင်ကြီးကိုမမှီမှာဆိုးလို့ အပြေးအလွှားဘုရားဖူးပြီး ပြန်လာခဲ့ရတာ ဘယ်မှကိုခြေမဆန့်ခဲ့ရဘူး။ တစ်လမ်းလုံး အားလုံးနီးပါး အဆင်ပြေကြပေမယ့် တောင်တက်နောက်ကျလို့ တောင်ကြီးကိုလည်း ရောက်ရော တည်းစရာတည်းခိုခန်း လိုက်ရှာတာ လုံးဝရှာလို့မရသလို၊ ဘုရားတွေပေါ်မှာပါ လူတွေပြည့်နေပါတယ်။ ထမင်းဆိုင်တွေအားလုံး လူပြည့်နေလို့ လူ ၂၀ကျော် ညစာစားဖို့အတွက်အတော်ခက်ခဲနေပါတယ်။ ကံကောင်းထောက်မစွာနဲပဲ လမ်းကျဉ်းလေးတစ်ခုမှာ အဆင်ပြေစွာနဲ့ ကျွန်မတို့အုပ်စု ထမင်းစားဖို့ အဆင်ပြေ သွားပါတယ်။ အဆင်ပြေသွားတယ်ဆိုပေမယ့် အားလုံးကြက်ဥကြော်နဲ့ ပြီးခဲ့ရတာပါ။ ထမင်းဆိုင်က ဘာမှမကျန် တော့လို့ ကြက်ဥကြော်နဲ့စားလို့ ရတာကိုဘဲ အားလုံးကကျေးဇူးတင်နေကြတာပါ။ ကျွန်မတို့ထက် နောက်က၀င်လာတဲ့ အုပ်စုကတော့ ဘာမှမကျန်တော့လို့ ပြန်သွားကြပါတယ်။ တောင်းကြီးမှာ တန်ဆောင်တိုင်
ဆို အဲ့ဒီလိုဘဲဖြစ်တက်ပါသတဲ့။ စားသောက်ဆိုင်တွေအားလုံး ရောင်းစရာမကျန်အောင် အားပေးတဲ့သူတွေ များပါသတဲ့။

စားစရာအဆင်ပြေတော့ နေစရာအတွက်စိတ်ပူကြရပြန်ပါရော။ မီးပုံးပျံလွတ်တဲ့ကွင်းကို သွားတဲ့သူတွေက လူလှိုင်းလုံးကြီးလိုဖြစ်နေတာ။ တစ်လုံးပြီးတစ်လုံး တောင်ကြီးမြို့ရဲ့လမ်းမကြီးပေါ်မှာ။ အဲ့ဒီနှစ်က ဘိုဖြူကို တွေ့ခဲ့ပါတယ်။ ခါတိုင်း လေးဖြူတို့လာနေကြဆိုပေမယ့် ကျွန်မတို့သွားတဲ့ နှစ်ကတော့ သူမလာဘူးတဲ့လေ။ ကလေးတွေကတော့ စီတန်းလှည့်လည် နေတဲ့ လူတွေကြည့်ပြီး ပျော်နေကြပေမယ့် လူကြီးတွေက ညကိုဒီအတိုင်းကားပေါ်မှာ ကွေးရတော့မယ့် သဘောရှိလို့ စိတ်ပူနေကြပါတယ်။ မထင်မှတ်ဘဲ ဦးလေးရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရလို့ သူအိမ်မှာ လိုက်တည်းခွင့်ရလို့ အဆင်ပြေသွားပါတယ်။ တောင်ကြီးတန်ဆောင်တိုင် ကို အလည်သွားချင်ရင် အရင်ဆုံး တည်းခိုခန်းရအောင်ကြိုးစားသင့်တယ်လို့ နောက်ပိုင်းမှ အသိတွေပြောလို့ သိခဲ့ပါတယ်။ မဟုတ်ရင်တော့ ညကိုဒီအတိုင်းနေပြီးပြန်လာရနိုင်တယ်တဲ့လေ။
ကျွန်မတို့ကတော့ ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။ အသိနဲ့တွေ့လို့သာ မဟုတ်ရင် အလွယ်ဘူး။

အ၀တ်ထုတ်တွေလည်း ချပြီးရောအားလုံးက တညီတညွတ်တည်း မီးပုံးပျံသွားကြည့်ကြဖို့ ပြင်ကြပါတယ်။ ချမ်းအေးလွန်းတဲ့ တောင်ကြီးဆောင်းက မီးပုံးပျံလွှတ်တဲံ နေရာကို သွားကြည့်ကြတဲ့သူတွေနဲ့ နွေးနေတယ်လို့ ခံစားလိုက်ရပါတယ်။ ကျွန်မတို့ တည်းတဲ့နေရာက တောင်ကြီးမြို့အစလောက်မှာပါ။ မီးပုံးပျံလွှတ်တဲ့ နေရာက တောင်ကြီးမြို့အဆုံးနားမှာ။ ကျွန်မလည်းသိပ်တော့မမှတ်မိပါဘူး။ အားလုံးဟာ အိပ်မက်လိုဖြစ်နေလို့။ လူတွေမီပုံးပျံလွှတ်တဲ့ နေရာကိုသွားနေလိုက်ကြတာ၊ ကျွန်မတို့ကလည်း နီးနီးလေးနေမှာဘဲ ဆိုပြီး လူအုပ်ကြီးနဲ့
လိုက်သွားလိုက်တာ တော်တော်နဲ့ မီးပုံးပျံလွှတ်တဲ့နေရာကို မရောက်နိုင်ပါဘူး။ ပြန်လှည့်မယ်လုပ်တုန်း အင်းလေးမှာတွေ့ခဲ့တဲ့ ညီညီတာတို့ မော်ဒယ်အုပ်စုကိုတွေ့တော့ သူတို့ကိုလိုက်ကြည့်ရင်းနဲ့ မီးပုံးပျံလွှတ်တဲ့ ကွင်းထဲကို ရောက်မှန်းမသိရောက်သွား ပါတယ်။ ဟိုလည်းရောက်ရော မိုးပုံးပျံတွေလွှတ်ဖို့ မီးစာတိုက်နေပါပြီ။ တစ်လုံးလွှတ်တာပြီးအောင်ကြည့်မယ် ဆိုပြီး တစ်လုံးလွှတ်ပြီးတဲ့အထိ စောင့်ကြည့်ဖြစ်ပါတယ်။

မီးပုံးပျံလွှတ်တဲ့ နေရာမှာတော့ ရှမ်းအိုးစည်သံတွေညံနေတာပါဘဲ။ ကတဲ့သူက က၊ မီးပုံးပျံတက်ဖို့ ကြိုးစားတဲ့ သူတွေက ကြိုးစား၊ ဒိုင်လုပ်တဲ့သူတွေကလည်း မိုက်ကြီးနဲ့အော်။ ဘာတွေအော်နေလည်း တော့ မှတ်မိတော့ဘူး။ ဆူညံနေတာပါဘဲ။ အားလုံးကတော့ မီးပုံးပျံတက်ဖို့ကို မျှော်လင့်တကြီးနဲ့ ကြိုးစားနေကြတာပါ။ အော် လူ့ဘ၀ကလည်း မီးပုံးပျံလွှတ်ရသလိုဘဲလို့ မဆီမဆိုင်တွေးတက်တဲ့ ကျွန်မတော့ တွေးမိခဲ့ပါတယ်။ မီးပုံးပျံကြီးတက်သွားတော့ ထွန်းထားတဲ့မီးတွေနဲ့ လေထဲမှာလှနေလိုက်တာ။ ထည့်လိုက်တဲ့ မီးကျည် တွေကလည်း ဖျောင်းဖျောင်းနဲ့ ပေါက်လို့။ အောက်ကလူတွေ ကလည်း သူတို့ကြိုးစားခဲ့သမျှ လေထဲကိုတက် သွားတဲ့ မီးပုံးပျံကြီးကို ကြည့်ပြီး ကြည်နူးနေလိုက်ကြတာ။ ကျွန်မတို့ သွားကြည့်တဲ့မီးပုံးပျံကြီးက ဆင်ရုပ်ကြီးလို့
ထင်ပါရဲ့။

အပြန်ရောက်မှ ပြဿနာတက်တာပါ။ အသွားတုန်းကတော့ ဟိုငေးဒီငေးနဲ့ ဘယ်လိုရောက်လို့ရောက်သွားမှန်း မသိလိုက်ဘူး။ အပြန်ကတော့ အတော်နဲ့ကိုတည်းတဲ့နေရာကို ပြန်အရောက်နိုင်ခဲ့ဘူး။ တည်းတဲ့နေရာလည်း ရောက်ရော အိပ်ရာထဲကို ၀င်ပြီးအိပ်လိုက်တာ အပြင်မှာအေးနေတာကိုတာင် မေ့သွားပါတယ်။ စောင်တစ်ထည်ကို လူ၃ယောက်လုချုံပြီး ကွေးခဲ့ရတဲ့ တောင်ကြီးတန်ဆောင်တိုင်ည တစ်ညပါဘဲ။

နောက်နေ့မနက်ရောက်တော့ အားလုံးအမနက်စာကို နီးရာရှမ်းဆိုင်မှာစားလိုက်ပြီး။ မှတ်မှတ်ရရ အဲ့ဒီဆိုင်က စာပွဲတွေကို ရှမ်းပြည်မှာရှိတဲ့ မြို့နာမည်တွေပေးထားတယ် ဥပမာ- ဟိုပင်၊ ပင်လောင်း၊ ညောင်ရွှေ၊ တောင်ကြီး၊ အင်းလေး စသည်ဖြင့်ပေါ့။ ကျွန်မတို့စားတဲ့စာပွဲ့ တောင်ကြီးပါ။ စားပြီး တောင်ကြီးဈေးပတ်လိုက် ကြပြီးမှ တောင်ကြီးမြို့မှကြိုဆိုပါ၏ ဆိုတဲ့ တောင်ကြီးမြို့အ၀င် နေရာကိုသွား၊ ကြိုးတံတားပေါ်မှာ မှတ်တရဓါတ်ပုံရိုက်ပြီး ပြန်ဆင်းခဲ့ကြပါတယ်။ တောင်ကြီးမြို့ပြန်ဆင်း ညောင်ရွှေလား၊ ရွှေညောင်လား မသိတော့ဘူး အဲ့ ဒီမှာ ရှိတဲ့ ရေပူစမ်းမှာရေချိုးပြီး နေ့လည်စားကိုတော့ အလာတုန်းက ၀င်စားဖြစ်တဲ့ အောင်ပန်းမြို့က ထမင်းဆိုင်မှာဘဲ ၀င်စားလိုက်ကြပါတယ်။ အပြန်ကိုတော့ ဘယ်မှမ၀င်လို့ မန္တလေးကို နောက်နေ့မနက် ၆ နာရီလောက်မှာ ပြန်ရောက်ခဲ့ပါတယ်။

တောင်ကြီးတန်းဆောင်တိုင်အမှတ်တရကတော့ ဒီလောက်ပါဘဲ။ အခွင့်ရှိရင် တောင်ကြီးကို နောက်ထပ် တစ်ခေါက်လောက်တော့ သွားချင်ပါသေးတယ်။ ရှမ်းပြည်က ရှမ်းခေါက်ဆွဲတွေက ဘယ်ကရှမ်းခေါက်ဆွဲနဲ့မှ မတူဘဲ အရမ်းစားလို့ကောင်းလို့။ ရှုခင်းတွေက ပန်ချီဆရာရူးအောင်လှလို့။ ရှမ်းလေးတွေ ရှမ်းမလေးတွေက ချောလို့။(အဲ့ဒါကိုလည်း ချန်ထားလို့ရဘူး)။ သဘောကောင်းကြလို့။ စကားဝဲ၀ဲလေးတွေက သိပ်ပြီးနားထောင်ကောင်းလို့။ ရာသီဥတုကသာယာလို့။ တောင်ကြီးတန်ဆောင်တိုင်က ပျော်စရာကောင်းလို့။ အင်းလေးမှာ ငါးထမင်းချဉ်စားချင် သေးလို့။ စတဲ့စတဲ့ အချက်တွေကြောင့်ပါ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Monday, 29 October 2007

စင်္ကာပူသွားတောလား

ဒီနောက်ပိုင်းမှာ စင်ကာပူကိုသွားတဲ့သူအတော်မျာများရှိပါတယ်။ သူများတွေဘယ်လို စင်ကာပူသွားကြ သလဲ တော့ကျွန်မ သေသေချာချာမသိပါဘူး။ လေယာဉ်လက်မှတ်ဝယ်၊ သံရုံးသွား၊ ပြီးတော့စင်ကာပူရောက်။ ဒီလောက်ပဲပေါ့ ကိုယ်ကိစ္စမှမဟုတ်တာ လုံးဝစိတ်မ၀င်စားဘူး။ ဟဲဟဲ နဖူးတွေ့၊ ဒူးတွေ့ဒါမျိုး တွေကိုယ်လည်းလုပ်ရော ကိုယ့်ဒုက္ခမှ ဒုက္ခလို့ထင်တဲ့ လူမျိုးဆိုတော့ ဒုက္ခနဲ့ ကျွန်မနဲ့အဲဒီမှာစတွေ့ပါရော။

ကျွန်မစင်ကာပူမှာကျောင်းရှောက်ထားတာတဲ့ ကျွန်မကျောင်းဝင်ခွင့်စာမေးပွဲကို စင်ကာပူမှာလာဖြေပါ ပြောတော့ နာမည်ကြီး စင်ကာပူကိုသွားဖို့အကြောင်းဖန်လာပြီပေါ့။ သွားတာကိစ္စမဟုတ်ပါဘူး၊ သံရုံဝင်ဖို့က လည်း သိပ်ပြီးခက်မယ်မထင်၊ ဒီလိုဘဲ ပြီးသွားမှာပါ ဘာခက်တာမှတ်လို့။ အဲ အဲ့ဒီလိုဘဲထင်မြင် တွေးတောထားလိုက်ပါတယ်။

ကျွန်မနေတဲ့နေရာက မလေးရှားနိုင်ငံရဲ့ အရှေ့ဘက်အကျဆုံးမြို့မှာပါ။ ကျွန်မတို့မြို့ပြီးရင် ဖိလစ်ပိုင်ဘဲ ရှိတော့တယ်။ စင်ကာပူသွားဖို့ စာရောက်တဲ့နေ့နဲ့ စာမေးပွဲဖြေဖို့ရက်က ၅ရက်လောက်ဘဲ ကွာပါတယ်။ ပြဿနာကအဲဒီကစတာ၊ မေးလ်ဖွင့်ကြည့်တာနောက်ကျလို့ ညနေပိုင်းလောက်မှသိတဲ့ကျွန်မ လေယာဉ် လက်မှတ်ဝယ်ဖို့ ဒုက္ခစရောက်ပါတယ်။ မြို့ထဲကလက်မှတ်အရောင်း ဌာနတွေအားလုံး ပိတ်နေပါပြီ ရုံးချိန်ကျော်
သွားလို့ပါ။ လေးယာဉ်ကွင်းက လက်မှတ်အရောင်းကောင်တာမှာဘဲ လက်မှတ်ရတော့တယ်။ လက်မှတ်ရတော့
လည်း ရွေးစရာသိပ်ပြီးမကျန်တော့ဘူး။ ရတဲ့အချိန်နဲ့ KL ကိုရောက်အောင်အမြန်သွားရတော့တာပေါ့။

ကျွန်မရဲ့ပထမဦးဆုံးပြင်ပသွားတဲ့ အတွေ့အကြုံလည်းဖြစ်နေတော့ အတော်လေးရင်ခုန်မိပါတယ်။ မြန်မာပြည်
တုန်းကတော့ ရန်ကုန်-မန္တလေး ပထမဆုံးအကြိမ် တစ်ယောက်တည်းသွားတုန်းကလည်း ရင်ခုန်တာပါဘဲ။ ပထမဆုံးမို့ထင်ပါရဲ့။ အဲဒီတုန်းကလည်း ၀ယ်ထားတဲ့ရထားချိန်က နောက်ကျနေလို့ နောက်ထပ်လက်မှတ် တစ်စောင် ၀ယ်ပြီးသွားခဲ့ရသေးတယ်။ အမြဲကံမကောင်းတဲ့ ကျွန်မ ဒီတစ်ခါဘာထပ်ဖြစ်မလဲဆိုပြီး ရင်ခုန်နေတာ လည်းပါပါတယ်။ တသက်နဲ့ တကိုယ် ဆယ်တန်းတောင် အိပ်ပြီးဖြေလာတဲ့ကျွန်မ ဒီတစ်ကြိမ်ကျမှဘာဖြစ်လို့ အိပ်မပျော်မှန်းကို မသိပါဘူး။ နံနက် စောစောထပြီး သွားရပါမယ်ဆိုမှ ၁၂ နာရီကျော်တဲ့အထိ အိပ်လို့ကို မပျော်နိုငါဘူး။ စလုံးက အတော်နတ်ကြီးပုံရပါတယ်။

လေယာဉ်ကွင်းရောက်တော့လဲ စိတ်ပူပြီး အစောကြီးဝင်မိတာ ထုံးစံအတိုင်း အမြဲနောက်ကျ တက်တဲ့ Air Asia နဲ့ ဆိုတော့ အကြားကြီးစောင့်ခဲ့ရပါတယ်။ ကိုယ့်ကိုကိုယ်တော့ ငါဖြစ်ပါတယ်ဆိုပြီး အားပေးထားပါတယ်။ လေယာဉ်ပေါ်ရောက်တော့ အ၀င်ပေါက်နဲ့အနီဆုံးနေရာမှာဘဲ ကျွန်မနေရာယူလိုက်ပါတယ်။ အဝေးကြီးသွား ရမှာ ပျင်းတာလည်း ပါတယ်၊ အဆင်းမှာမြန်မြန်ဆင်းချင်တာလည်းပါပါတယ်။ ကျွန်မဘေးမှာ အမျိုးသမီး(၂) ယောက်လာထိုင်ပါတယ်။ ကျွန်မကစကားမပြောရင် မလေးမလိုလို၊ တရုတ်မလိုလိုမို့ သူတို့ကလည်း ကျွန်မကို Local လို့ဘဲထင်ပုံရတယ်။

မလေးလိုလာပြောပြီး ထိုင်ခုံကိုလက်ညှိုးထိုးပြတော့ ကျွန်မခပ်တည်တည်နဲ့ခေါင်းညိပ် ပြလိုက်တယ်။ သူတို့ကလည်းဝင်ထိုင်လိုက်တယ်။ တစ်လမ်းလုံးစီးလာတာ ဘာမှမဖြစ်ဘူး။ အဲ နဲနဲလောက်ကြာလို့ မနက်စာ အတွက် လေယာဉ်မယ်ကမုန့်လိုက်ရောင်းမှ ကျွန်မကအင်္ဂလိပ်လို ပြောပြီးမှာတော့မှ ကျွန်မဘေးကလူက ကျွန်မကို မလေးမ မဟုတ်မှန်းသိပုံရပါတယ်။ ဘာလဲပေါ့ ပြူးပြူးကြီးကြည့် နေတယ်။ ဘိုလို သိပ်ပြီးပြောချင် နေသလားပေါ့။ အထဲအော်နေတဲ့ ပိုးမျိုးရှစ်ဆယ် ငြိမ်သွားအောင် အရင်လုပ်ရမှာဆိုတော့ အမြန်ပြီးအောင်သာ မှာလိုက်ပါတယ်။

ဒီမှာက မလေးတော်တော်များများ အင်္ဂလိပ်လိုတက်ကြပေမယ့် သူတို့အချင်းချင်းပြောရင် မလေးလို ပြောတာများပါတယ်။ မလေးရုပ်ပေါက်ပြီး မလေးလိုမပြာရင် ကြီးကျယ်တယ်လို့ထင်ကြတယ်။ ကျွန်မအဖေ ဒီကို
ရောက်ခါစက ဟိုတယ်မှာအခန်းယူဖို့ အင်္ဂလိပ်လိုပြောတာကို ဧည့်ကြိုကောင်တာကကောင်မလေးက မလေးလုပ်ပြီး အင်္ဂလိပ်လိုပြောလိုဆိုပြီး ဒေါသထွက်ပြီးပညာပြလို့ အတော်ရှင်းယူလိုက်ရပါသေးတယ်။ ငါ မလေးမဟုတ်ဘူး နိုင်ငံခြားသားလို့ပြောတာကို မရဘူး။ စိတ်တွေဆိုးပြီး ဒါနောက်စရာမဟုတ်ဘူးလို့ ပြန်ပြော ပါသတဲ့။ ကျွန်မအဖေရုပ်ကလည်း မလေးလိုလို၊ ဖိလစ်ပိုင်လိုလို၊ ထိုင်းလိုလို ဖြစ်နေတာ။ ဒီကလူတော်များများက ကျွန်မတို့လို ရုပ်မျိုးတွေချည်းပါဘဲ။ အဲ ကျွန်မတို့ဈေးသွားရင် မလေးနဲ့တရုတ်ရ ပြီးမွေးထားတာလို့ ထင်နေကြတာ။ စကားပြောမှ နိုင်ငံခြားသားမှန်းသိတာ။ ပြောနေတာနဲ့ လိုရင်မရောက် တော့ဘူး။

၂နာရီခွဲလောက် လေယာဉ်စီးပြီး KLကိုလည်းရောက်ရော မြို့ထဲကိုသွားဖို့ကားလက်မှတ်က၀ယ်ရသေးတယ်၊ ပစ္စည်းကရွေးရသေးတယ်။ ကျွန်မတစ်ယောက်တည်း ဗျာများနေပါတော့တယ်။ ပစ္စည်းထုတ်က လေးထုပ် လူကတစ်ယောက်ထည်းနဲ့ ဆပ်က ကနေသလားအောက်မေ့ရပါတယ်။ ကိုရီးယားကားထဲမှာတော့ လေဆိပ်ကထွက်လာရင် လှလှပပလေး။ ကျွန်မမှာတော့ ပစ္စည်းထုတ်တွေ တစ်ပုံတပင်နဲ့။ မြို့ထဲသွားမဲ့ကား ဆီအရောက်ပြေးရပါတယ်။ အနားရောက်တော့ ကားပေါ်တက်ခွင့်မပေးပြန်ပါဘူး။ ကားပေါ်မှာ ထိုင်ခုံနေရာရှိမရှိ စစ်နေလို့ပါတဲ့။ မရှိရင်နောက်ထပ်တကားစောင့်ရမှာပါ။ နဲနဲကံကောင်း ချင်တော့ကျွန်မ ကားပေါ်တက်ခွင့်ရ သွားပါတယ် ကားပေါ်မှာ ထိုင်ခုံ နှစ်နေရာစာပိုနေသေးလို့ပါတဲ့။

ကားပေါ်ရောက်တော့လည်း စိတ်မအေးနိုင်သေးပါဘူး။ နောက်နေ့သံရုံးဝင်ဖို့ရယ်၊ ဒီနေ့ကျွန်မသွားမယ့် ဟိုတယ်မှာအဆင်ပြေပါ့၊ ပြေပါ့မလား စတဲ့အတွေးတွေက ခေါင်းထဲမှာ အစီအရီ။ ပြီးတော့ ကားဂိတ်ကနေ တည်တဲ့ ဟိုတယ်ရောက်ဖို့ အတော်လမ်းလျှောက်ရပါတယ်။ ပါလာတဲ့ အထုတ်လေးထုတ်နဲ့ ဘယ်လိုနှစ်ပါးသွား ရမှန်းမသိလို့ စိတ်ပူနေတာ ကားပေါ်မှာ ကိုယ်တယောက်ထဲ ပူလို့အိုက်လို့။ အိမ်ကိုလဲ ပြန်ပြီး သတင်းပို့ရပါ သေးတယ်။ မဟုတ်ရင် တယောက်တည်း လွှတ်လိုက်ရလို့ အစကတည်းက စိတ်ပူနေတဲ့ ဖခမည်းတော်ကြီး အမြတ်တော်ထွက်ပြီး သွေးတက်နေမှာစိုးလို့။

လေဆိပ်ကနေ KL Central (သူတို့ကတော့ Sentaral) ကို ၁ နာရီလောက် ကားစီးရပါတယ်။ မြို့ထဲရောက်တော့ တည်းမဲ့နေရာကိုရောက်တော့ အခန်းယူပြီး၊ အိပ်ကို အခန်းရတဲ့ အကြောင်းပြောပြီး တရေးမောအိပ်လိုက်ပါတယ်။ တမနက်လုံး စိတ်ပင်ပန်းလာတာ ခဏတော့အိပ်ပျော်သွားပေမယ့် ကြာကြာမအိပ်လိုက်ရဘူး နောက်နေ့ သံရုံးသွားဖို့ အစီအစဉ်ဆွဲရဦးမှာကို။ ကားငှားစီရမှာလဲ နှမြောလို့ ရထားစီးဖို့ လမ်းကြောင်းတွေ ကြိုကြည့်ရအောင်
KL Central ဘက်ကို ထွက်ခဲ့ပါတယ်။ ကျွန်မသွားချင်တဲ့ တိုက်ရိုက် ရောက်တဲ့ ရထားမရှိပါဘူး။ ရထားစီးချင်ရင်တော့ KL Towel ကနေလမ်းလျှောက်မှဘဲ စင်္ကာပူ သံရုံးကို ရောက်မှာပါ။ သိတဲ့အတိုင်း မြေပုံထဲမှာသာနီးတာ အပြင်မှာက လမ်းလျှောက်ရင် မြေပုံထဲလောက် မလွယ်ပါဘူး။ ပြီးတော့ KL Central ထဲမှာ ဟိုကြည့်၊ ဒီကြည့်လုပ်ပြီး ညနေစာစားဖို့ ထွက်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခြေအနေကြည့်ပြီး သွားရမှာဘဲလို့ ဆုံးဖြတ်ပြီး ပြန်လာခဲ့ပါတယ်။ ပြီးတော့ ဟိုတယ်နားက တရုတ်ဆိုင်မှာ ညနေစာ ထမင်းစားပြီး အခန်းပြန်လိုက်တယ်။
KL မှာက မှောင်ရင် အပြင်မှာသိပ်နေလို့ မကောင်းဘူးဆိုလို့ ညနေ ၄နာရီထိုးတာနဲ့ အခန်းထဲမှာအောင်းနေလိုက်ပါတယ်။ ကျွန်မနေတဲ့ အခန်းကနေလှမ်းကြည့်ရင်တော့ KL Twin Towel ကြီးကို မီးရောင်ထိန်ထိန်နဲ့ လှမ်းပြီးမြင်နေရပါတယ်။ စိတ်ထဲကတော့ ကိုယ်တိုင်အိပ်မက် မက်နေသလိုပါဘဲ။ အညာသူကျွန်မ ဒီတသက် နိုင်ငံခြားရောက်လိမ့်မယ် လို့ အိပ်မက်တောင် မမက်ဖူးပါဘူး။
ဆက်ရန်...