Monday 29 September 2008

Nico Rosberg



Formula One အမှန်ကတော့ အဲ့ဒီပွဲကို ကြည့်မရဖြစ်နေတာကြာပါပြီ။ စင်္ကာပူကို မလာခင်ကတည်းက ဒီက အစိုးရက အဲ့ဒီပြိုင်ပွဲကို အရမ်းအသားပေးလွန်းတာကြောင့်လည်းပါ ပါတယ်။ ကိုယ်နဲ့လည်း အလှမ်းဝေးတာကြောင့် လည်းဖြစ်မှာပါ။ ကားပြိုင်တယ်ဆိုတာက ပျင်းစရာကောင်းတဲ့အားကစားလို့ သဘောထားခဲ့တာကို။ ဒီကလူတွေ ကလည်းတော်တော်ရူးနေကြမို့ ကြည့်မရဘဲ အဲ့ဒီပွဲနဲ့ ပက်သက်ပြီး ဘာမှကို မဖတ်ဖြစ်ခဲ့ပါဘူး။

မထင်မှတ်ဘဲ သတင်းစာကနေ ပြိုင်ပွဲဝင်မယ့်သူတွေရဲ့ ရာဇ၀င်ကို ရေးထာတာတွေ့တော့ ထုံစံအတိုင်း ကိုယ်စိတ်ဝင်စားတာ ကြည့်မိတယ်။ ပြိုင်ပွဲဝင်တွေထဲမယ် ဘယ်သူချောလည်းပေါ့။ တစ်ယောက်နှစ်ယောက်တော့ တွေ့ပါတယ်။ သိပ်လည်း စိတ်မ၀င်စားမိဘူး။ ဒါပေမယ့် မနေ့ကတော့ ပြိုင်ပွဲကို စလုံးကလူတွေ ဘာကြောင့် သည်းတာလည်းဆိုတာ သိချင်တာနဲ့ ပွဲအစအဆုံးထိုင်ကြည့်မိတယ်။ အဲ့ဒီမှာပဲ ပိုးဝင်သွားတယ်ဗျ။ Lewis Hamilton ကေိုအစကတည်းက မကြိုက်တာ ပဲများတယ်ဆိုပြီးတော့ပေါ့။ သူမဟုတ်ဘဲ တခြားသူဖြစ်ပြီးရောဆိုပြီး အားပေးမယ် လုပ်ထားတာ။ ပြိုင်ပွဲမစခင်မှာ လူတွေလိုက်ပြတော့ အစကတည်းက ရာဇ၀င်ထဲမှာပါတဲ့ ချစ်စရာ ပြိုင်ပွဲဝင်လေးကို တွေ့လိုက်ပြီး အားပေးမိပါတယ်။ သူလေးက လည်း ဒုတိယနေရာရပါတယ်။ Lewis Hamilton လောက်တော့ အမှတ်တွေမကောင်းပေမယ့် သူလေး ကလည်း မခေသူလေးပါ။

ဒါနဲ့ သူ့ရာဇ၀င်ကို လိုက်ကြည့်မိတယ်။ ၀ီကီကနေပေါ့။ နာမည်အပြည့်အစုံက Nico Rosberg ဖြစ်ပြီး အသက်က အခုမှ ၂၂ ပဲရှိပါသေးတယ်။ သူ့အဖေကလည်း လွန်ခဲ့တဲ့ ၂၆ နှစ်လောက်က Formula One ကားပြိုင်ပွဲက ပြိုင်ပွဲဝင် တစ်ယောက်ဆိုတာလည်း သိခဲ့ရပါတယ်။ သူ့ကို စလုံးက မီဒီယာတစ်ခုက အင်တာဗျူးထား တာကိုလည်း ဒီမှာကြည့်လို့ရပါတယ်။ ဘာရယ်မဟုတ်ပါဘူး ကားပြိုင်ပွဲတွေဘာတွေ သိပ်ပြီး စိတ်မ၀င်စား ပေမယ့် လူကိုတော့ တော်တော်စိတ်ဝင်စားမိတယ်။ ဘာသာစကားလေးမျိုးတက်တယ်ဆိုတဲ့ ဥာဏ်ရည်က နည်းတဲ့ ဥာဏ်ရည်တော့မဟုတ်ဘူးပေါ့နော်။

ဒါပေမယ့် ဥရောပသားတွေတော်တော်များများက ဘာသာစကားအနည်းဆုံး ၃၊ ၄ မျိုးလောက်တော့ တက်ကြတာလို့ပြော ပေမယ့်လည်း အထင်တော့ကြီးမိတယ်။ ကိုယ်က ဘာသာစကား တက်တာကို သဘောကျတဲ့လူမျိုးဖြစ်နေတာကို။ ဖော်မြူလာဝမ်းမှာ စလုံးတွေရောဂါတက်တာကတစ်မျိုး။ ကိုယ်တွေက Formula One ကို စိတ်ဝင်စားသွားတာက ပြိုင်ပွဲဝင်တွေကြောင့်လို့ ပြောရင်တော့ ရည်ရွယ်ချက်တော့ တစ်မျိုး ဖြစ်သွားနိုင်တာပေါ့နော်။ ဒါပေမယ့် Formula One ကိုတော့ အားကစားတစ်ခု အဖြစ်လက်ခံလိုက်မိပါတယ်။ ကျန်းမာကြံ့ခိုင်မှသာ တစ်နာရီ မိုင် ၃၀၀ နှုန်းနဲ့ မောင်ရမယ့်ကားကို မောင်းနိုင်မှာကို။ ဒါကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်မာဖို့၊ စိတ်ဓါတ်ကြံခိုင်ဖို့တွေ အများကြီးလိုသေးတာ ဆိုတော့ အားကစားတစ်ခုအဖြစ် တော့ သတ်မှတ်လိုက်ပါတယ်။ (ကြီးကျယ်လိုက်တာလို့မပြောပါနဲ့ အစက အခုလောက်မသိတော့ အားကစား လို့ကို မထင်တာ။)

Nico လေးကျေးဇူးနဲ့ ကျွန်မအတွက်တော့ ကြည့်စရာ အားကစားနည်းတစ်ခုတိုးသွားတာပေါ့။ ဘာရယ်တော့ မဟုတ်ပါဘူးလေ Formula One စင်္ကာပူ အမှတ်တရလေးအနေနဲ့ ရေးဖြစ်တာပါ။ အမှတ်တရပေါ့။ သြော် စာလုံးပေါင်းမှားရင်လည်း ခါတိုင်းလို ခွင့်လွှတ်ပြီး ဖတ်ပေးကြပါ။ ကျွန်မ စာလုံးပေါင်းစစ်တဲ့နေရာမှာ အားနည်းလို့ပါ။
သူနဲ့ ပက်သက်တဲ့အကြောင်းတွေရေးထားတဲ့ ဖိုရမ်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။

Saturday 20 September 2008

ကာရန်လေး

မျိုးကျော့မြိုင်ကို သိပ်ပြီးမကြိုက်လှပေမယ့်။ သူ့သီချင်းတွေထဲမှာတော့ ကျွန်မအတော်လေးကိုကြိုက်တဲ့
သီချင်းလေးတွေရှိပါတယ်။ မျိုးကျော့မြိုင်ရဲ့ဘလောဒ့်ကိုဝင်ကြည့်ဖြစ်ရင်းနဲ့က ကျွန်မသိပ်ကြိုက်တဲ့ သီချင်းလေးတွေ ကူလာခဲ့ပါတယ်။ သီချင်းလေးကတော့...ကာရန်လေး
ပါ


Monday 15 September 2008

I Will Always Love You



တချို့တွေက ကလပ်စစ်အိုးဒီတွေမကြိုက်တက်ပေမယ့် ကျွန်မကတော့ အဲ့ဒီအိုဒီတွေကြိုက်မိလို့။ အမြဲလိုက်ပြီး စုထားတက်ပါတယ်။ အခုဟာကတော့ ယူကျု့မှာဘဲရှာတွေ့ထားတဲ့ သီချင်းလေးပါ။ အဆိုတော်က နာမည်ကြီး အဆိုတော်ကြီး ကျွန်မတစ်ခါမှနားမထောင်ဖူးသေးပေမယ့် ပထမဆုံးနားထောင်တဲ့အချိန်မှာ တော်တော်လေးဘဲ စိတ်ကို ဖမ်းစားနိုင်တဲ့ အသံနဲ့ ဆွဲဆောင်မှုရှိလှပါတယ်။ အရမ်းလည်း နားထောင်လို့ကောင်းပါတယ်။

Monday 8 September 2008

National Museum of Singapore




ကျောင်းကကျောင်းသားကဒ်နဲ့ ပြတိုက်တွေအခမဲ့ဝင်ခွင့်ရှိတယ်ပြောတာနဲ့ အရင်အပတ်က စင်္ကာပူအမျိုးသား ပြတိုက်ကိုရောက်ဖြစ်ပါတယ်။ အမျိုးသားပြတိုက်ဆိုတော့ ဘာတွေများတွေ့မလဲဆိုပြီး သွားကြည့်ဖြစ်ပါတယ်။ ၀င်ခွင့်က ပုံမှန်ဆိုရင် ၁၀ ပါ။ ၁၀ဆိုတာ ဈေးသိပ်ပြီမကြီးဘူး ဆိုပေမယ့် ပိုက်ဆံပေးပြီးသွားရမယ်ဆိုရင် တော်တော်နဲ့သွားဖြစ်မယ်မထင်ပါဘူး။ ကျောင်းသားတွေအခမဲ့ဆိုတော့လည်း သွားကြည့်ဖြစ်ခဲ့ပါတယ်။




စစချင်း အမျိုးသားပြတိုက်ထဲမှာကို ပြတိုက်အငယ်လေးလေးတွေအများကြီးရှိတဲ့အထဲမှ စင်္ကာပူသမိုင်းပြတိုက်ကို အရင်ဆုံးကြည့်ဖြစ်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ခေတ်အမှီဆုံးနိုင်ငံလို့ပြောနိုင်တဲ့ နိုင်ငံရဲ့ ပြတိုက်ဆိုတော့ ဘာသမိုင်းတွေရှိမလဲဆိုတာ တော်တော်ပဲ စိတ်ဝင်စားမိပါတယ်။ ပထမဆုံး အ၀င်ပေါက်ကပေးလိုက်တဲ့ ဘာကုဒ်ပါတဲ့လက်မှတ်လေးနဲ့ စင်္ကာပူသမိုင်းပြတိုက်အ၀င်မှာဖြတ်ပြီးဝင်တော့ အ၀င်ပေါက်မှာဘဲ ပြတိုက် အကြောင်းရှင်းမယ့် အသံသွင်းထားတဲ့ လမ်းညွှန်းမြေပုံလေးတစ်ခုပေးပါတယ်။ ပြတိုက်ဝင်ဝင်ချင်းမှာ ဘယ်လို အသုံးပြုရမယ်ဆိုတာ ရှင်းပြပါတယ်။ သူက ပြတိုက်ထဲက လမ်းညွှန်းအမှတ်အ သားတွေရှိတဲ့ နေရာရောက်ရင် အဲ့ဒီလမ်းညွှန်းအမှတ်အသား နံပါတ်လေးရိုက်လိုက်တာနဲ့ သွင်းထားတဲ့ အသံထွက်လာပြီး ကိုယ့်ရောက်နေတဲ့ နေရာမှာ သိသင့်တဲ့သမိုင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေကိုရှင်းပြပါတယ်။


ရှေ့အကျဆုံးကျောက်စာလို့ပြောတဲ့စာလေးပါ။

စင်္ကာပူဆိုတာ ဒုတိယကမ္ဘာစစ်ပြီးမှ ပေါ်လာတဲ့နိုင်ငံဖြစ်လို့ ဘာမှရှိမှာမဟုတ်ဘူးလို့ ထင်ထားမိတဲ့ ကျွန်မတို့တတွေ တော်တော်အံ့သြလောက်အောင်ကို သမိုင်းအသေးစိတ်ကိုချပြီးပြထားတာတွေ့ရပါတယ်။ ကျွန်မတို့မမျှော်မှန်းထားတဲ့ အခြေအနေ အနေအထားမျိုးချပြီးပြနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ နိုင်ငံအနေအထား အရတော့ ယုံချင်စရာဖြစ်အောင်ကို သမိုင်းကိုဖန်တီးထားပါတယ်။ အတော်လေးထူးဆန်းတာကတော့ ယုံနိုင်စရာကောင်းလောက်အောင် အချက်အလက်တွေချပြပြီး ဒီနိုင်ငံရဲ့ သမိုင်းထဲကို ဘုရင်တွေဘာတွေ ဆွဲထည့်ထားတာပါပဲ။ ကြည့်ရတာ လူငယ်တွေကို သူတို့ဆီမှာ ခိုင်လုံတဲ့သမိုင်းရှိတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်စေချင်ပုံရပါတယ်။ ဒါတော့ကျွန်မရဲ့အမြင်ပါ။


ချစ်စရာကောင်းလို့ ရိုက်လာခဲ့တဲ့ ဆိုင်ကယ်လေးပါ။


ဓါတ်ပုံတွေရောင်းတဲ့စက်လို့ ထင်ပါတယ်။

စင်္ကာပူဆိုတာ ဘယ်လိုစဖြစ်တာပြီးသွားပြီးချိန်မှာ စင်္ကာပူမှာနေထိုင်တဲ့လူတွေဘယ်ကစလဲဆို တာမျိုးပြထား ပါတယ်။ ကျွန်မစိတ်အ၀င်စားဆုံးပြတိုက်ထဲက အရာကတော့ စင်္ကာပူကိုဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို ထူထောင်ခဲ့တယ်ဆိုတဲ့နေရာလေးပါဘဲ။ ဒီကျွန်းလေးကို လူမျိုးပေါင်းစုံလာရောက် နေထိုင်ကြပြီး စီးပွားရေး လုပ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးမှ နိုင်ငံကို စနစ်တကျတည်ထောင်ခဲ့ကြပါတယ်။ အဲ့ဒီတည်ထောင်တဲ့နေရာ ဘယ်လိုဘယ်ပုံတည်ထောင်ခဲ့တယ် ဘယ်လိုစိတ်ဓါတ်လေးနဲ့ တည်ထောင်ခဲ့တယ်ဆိုတာ ပြတဲ့ပြကွက် တွေကိုသဘောကျမိပါတယ်။ နောက်ပြီး လီကွမ်းယူရဲ့ မိန့်ခွန်း တစိတ်တဒေသကိုပြထားပါတယ်။ အဲ့ဒီထဲက သူပြောတဲ့ ခင်ဗျားတို့သားသမီးတွေကို နောင်ဆယ်နှစ်မှာ တက်စီဒါရိုက်ဘာဖြစ်စေချင်လားဆိုတဲ့ တစ်ခွန်းကို သဘောကျမိပါတယ်။ ဒီနိုင်ငံကို ဘယ်လိုဖြစ်သွားအောင် ပြုပြင်ပြောင်းလဲပစ်မယ်ဆိုတာမျိုး မိန့်ခွန်းတွေ ပြသထားပါတယ်။ စင်္ကာပူ သမိုင်းပြတိုက်ထဲက အဲ့ဒီအခန်းကိုကြိုက်မိပါတယ်။


မလေးနာမည်ကြီးအဆိုတော်ပါ။ ကျွန်မကတော့ မလေးဝင်ဦးလို့ နာမည်ပေးထားပါတယ်။

စင်္ကာပူမှာ ဒေသစားစရာတွေကို ဒီလိုရောင်းလိမ့်မယ်လို့ မထင်မိပါဘူး။
(ရခိုင်မုန့်တီရောင်းနေသလိုဘဲနော်)

ပြီးတော့ လွန်ခဲ့တဲ့ နှစ်၃၀ လောက်ကသူတို့နိုင်ငံမှာ အသုံးပြုခဲ့တဲ့ အစားအသောက်ဈေးဆိုင်ပုံစံမျိုးတွေကို ပြတိုက်ထဲကိုထည့်ပြီးပြထားပါတယ်။ အဲ့ဒီအပိုင်းလည်းအတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ ရုပ်ရှင် နဲ့ဂီတ၊ ဖက်ရှင်နဲ့ဓါတ်ပုံပြခန်းတွေလည်းရှိပါတယ်။ စင်္ကာပူပြခန်း အပြင်အဆင်ကို အခန်းအနားဆုံး ပြင်ဆင် ထားပြီး စီးပွားရေးကောင်းတော့ ယဉ်ကျေးမှုတွေကို သူမတူအောင်မြှင့်ထားတာကိုတွေ့ရပါတယ်။ ဒီပြတိုက်ကို သွားသင့်လားမသိလားဆိုတာကတော့ သူတို့ကိုအထင်ကြီးဖို့ထက် သူတို့ဘယ်လိုထူထောင် ခဲ့တယ်ဆိုတာမျိုး၊ ဘယ်လိုစိတ်ဓါတ်တွေထားရှိခဲ့တာမျိုးအတွက် သွားသင့်တယ်လို့တိုက်တွန်းချင်ပါတယ်။
ပျော်ရွင်ပါစေ။
နှင်းဆီနီနီ။

Wednesday 3 September 2008

My recent viewpoint

ပထမနှစ် စပြီးတက်ခါစက ဒါမျိုးလေးတွေရေးဖူးတယ်။ ဘုတ်အုပ်လေးနဲ့ပေါ့။ ကိုယ်လည်း သူများကို ရေးခိုင်းဖူးတယ်။ ရေးရတာလည်း ကြိုက်သလို သူများတွေရေးထားတာကို ဖတ်ရတာလည်း ကြိုက်တယ်။ တစ်ခါတလေ ပျင်းရင် အဲ့ဒါပဲ ထိုင်ဖတ် နေတက်တယ်။ ပျော်စရာသိပ်ကောင်းတယ်။ သူများဘလောဂ့်တွေထဲမှာ ရေးထားတာတွေ့ကတည်းက ရေးချင် နေတာ။ ကိုယ့်ကို တက်မယ့်သူလုံးဝမရှိတော့ရင့် ကိုယ့်ဘာသာကိုယ့်ဘဲ တက်ပြီးရေတော့မလို့။ ဟိဟိ။ အခုလိုတက်တဲ့ ဦးဇူလိုင်ကြီးကို ကျေးဇူး။

  • ကိုယ့်နာမည်- ဘလောဂ့်ထဲမယ်တော့ နှင်းဆီနီနီပေါ့။
  • ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နီနီ။ အနီရောင်။
  • ကိုယ်ဒီမှာနေတယ် - ကမ္ဘာ့မြေပုံပေါ်က အနီရောင်အစက်လေးမှာ။
  • ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ၆၅၆၅....(နောက်ဆုံးလေးလုံး မေ့နေလို့)။
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
  • အရောင်ဆိုရင် - အနီရောင်။ တစ်ခြားအရောင်တွေလည်း ကြိုက်ပါတယ်။
  • အ၀တ်အစားဆိုရင် - ကိုယ်နဲ့အဆင်ပြေတာလေးတွေရွေးတက်ပေမယ့် အစွန်ရောက် ကြိုက်တက်တယ်။
  • အစားအစာဆိုရင် - မစားကောင်းတဲ့အစားအစာကလွဲရင် အကုန်စားတယ်။
  • ပစ္စည်းဆိုရင် - တာရှည်အသုံးခံမယ့် ပစ္စည်းမျိုးရွေးတက်တယ်။

  • သီချင်းဆိုရင် - အဆိပ်ခွက် နဲ့ ရန်သူတစ်ထောင်(မျိုးကြီး)။ ကျေးဇူး(ဒိုးလုံး)။ မယ်တင်(ဟန်ထူးလွင်)။
  • စာရေးစာဆရာ - ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ နုနုရည်(အင်းဝ)၊ မိုးမိုး(အင်းလျား)၊ တာရာမင်းဝေ၊ နီကိုရဲ၊ အကြည်တော်၊ ဂျူး။
  • စာအုပ် - ကျောင်စာအုပ်မှလွဲပြီး အကုန်ကြိုက်တယ်။
  • Life style – အရိုးသားဆုံး နဲ့ အပျော်ရွှင်ဆုံး။

  • ကိုယ့်ရဲ့ဝါသနာ - သစ်ပင်စိုက်တာ။
  • အလိုချင်ဆုံးလက်ဆောင် - ဘ၀ကပေးမယ့် ပျော်ရွှင်ခြင်းလက်ဆောင်။
  • ကိုယ့်ရဲ့ အချစ်ဆုံးသူက -ဖေဖေ၊ မေမေ နဲ့ မောင်လေး။
  • ကိုယ့်ရဲ့ အလေးစားဆုံးသူက - မြတ်စွာဘုရား။
  • ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - အင်းးးး။
  • ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက- ဖေဖေနဲ့ မေမေ။
  • ကိုယ့်ရဲ့ အမုန်းဆုံးသူက - ကိုယ့်ကိုမုန်းတဲ့လူ ကို အမုန်းဆုံးဘဲ။
  • ရင်အခုန်ဆုံးအချိန် - အပါချီပေါ်တက်ခါနီးအချိန်နဲ့ အပါချီပေါ်မှာ ထိုင်နေတဲ့အချိန်။
  • အကြောက်ဆုံးအချိန် - ၁၆ သြဂုတ်မှစလို့ အခုထိ။
  • အပျော်ဆုံးအချိန် - ပထမဆုံးမွေးနေ့ကိတ် လက်ဆောင်ရပြီး လှီးတုန်းက။
  • အမှတ်တရနေ့ - ၁-၄-၂၀၀၆
  • ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - တောင်းတဲ့ဆုတိုင်းပြည့်ရပါစေသား။

  • အချစ်ဆိုတာ - အချစ်လည်းမဟုတ် အမုန်းလည်းမဟုတ်တာ က သုံညဆို အချစ်က +၁။
  • အမုန်းဆိုတာ - သုံညရဲ့ အခြားတစ်ဘက်က -၁။
  • အလွမ်းဆိုတာ - ရင်ထဲမှာ နင့်နင့်သီးသီး၊ ဆို့ဆို့နင့်နင့် နဲ့ အသက်ရှူကျပ်သလိုမျိုးဖြစ်တာ ထင်တယ်။
  • သံယောဇဉ်ဆိုတာ - သေမလောက်မုန်းနေရင်တောင် ဖြတ်လို့မရဘူး။ ဒါပေမယ့် အဲ့ဒါ အချစ်မဟုတ်ဘူး။
  • ဘ၀ဆိုတာ - ဘ+၀။
  • သူငယ်ချင်းဆိုတာ - သူငယ်ချင်း+သူငယ်ချင်း=သူငယ်ချင်း
  • ချစ်သူဆိုတာ - ချစ်သူဆိုတာ...ကိုယ့်ကို နားလည်ပေးနိုင်ဆုံး ကိုယ့်ချစ်တဲ့သူ။
  • ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - ချစ်ဖို့ကောင်းပေမယ့် သိပ်ပြီးရစ်တက်တယ်။ ဟိ။အခုထိတော့ အသုံးမကျ သေးဘူးပေါ့။
  • ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - "ညီမျှခြင်း"
  • အပြောချင်ဆုံးစကားတစ်ခွန်း - ဘယ်တော့မှ မျှော်လင့်ချက်တွေ မစွန့်လွှတ်ချင်ဘူး...ရမလား။
ဒီပိုစ့်လေး ဖတ်ပြီးတော့ ရေးချင်စိတ်ရှိသူများကို တက်လိုက်တယ်လို့မှတ်လိုက်ပါ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Monday 1 September 2008

RSAF Open House 2008(II)







ဘာရယ်မဟုတ်ပါဘူး။ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို တင်လိုက်ပါတယ်။ နေမပူလို့ ပုံတွေသိပ်မလှဘူး ဖြစ်နေတယ်။