Tuesday 30 October 2007

ဥစ္စာစောင့်များ

ကျွန်မငယ်ငယ်ကနေတဲ့အိမ်နားမှာ ဥစ္စာစောင့်တွေရှိတယ်လို ပြောကြတဲ့အိမ်တစ်အိမ်ရှိပါတယ်။ အိမ်နားမှာ ဆိုတာထက် အိမ်ဘေးမှာနေတာပိုပြီးမှန်မယ်ထင်ပါတယ်။ အဲဒီအိမ်မှာလည် နေတဲ့သူက၀င်လိုက်ထွက်လိုက်နဲ့။ ကျွန်မတို့ရောက်စက နေတဲ့မိသားစုကတစ်နှစ်လောက်နေတော့ ပြောင်းသွားတယ်။ နောက်ထပ်ရောက်လာတဲ့ လူကလည်း မိသားစုလိုက်ကရန်ကုန်မှာနေတာပါ။ အားလပ်ရပ်လောက်ဘဲ လာလည်ကြလို့ အဲ့ဒီအိမ်ကြီးက လူမနေတဲ့အိမ်လို ဖြစ်နေပါတယ်။
ကျွန်မတို့ရောက်ခါစက အဲဒီအိမ်မှာနေတဲ့ အဒေါ်ကြီးကပြောတယ် သူ့သမီးအငယ်လေး နေမကောင်းဖြစ်လို့ အိမ်အပေါ်ထပ်မှာ သိပ်ထားတုန်းက အမျိုးသမီးတစ်ယောက်ကလာနှိုးလို့တဲ့။ ကောင်မလေးနိုးလာတော့ ညီမလေးမမတို့နဲ့ လိုက်မလားလို့မေးပါတယ်တဲ့။ သူကမလိုက်ဘူးလို့ပြန်ပြောတော့ အဲဒါဆိုလည်းမမတို့ ဒီမှာခဏ နေမယ်နော် ဆိုပြီး သူ့အဖေါ်တွေကိုခေါ်လိုက်ပါတယ်။ သူ့အဖေါ်ကလေည်း ခုနှစ်ယောက်တောင်မှ၊ ပုဂံခေတ်ကလို အ၀တ်အစားတွေ ၀တ်ထားပါတယ်တဲ့။ ပြီတော့အိမ်အပေါ်ထပ်က စတိုခန်းထဲ ကိုဝင်သွားပါသတဲ့။ တစ်ခါတလေ အဲဒီအဒေါ်ကြီးရဲ့ အဖေကိုလည် တရားထိုင်နေရင် ခြေထောက်တွေလာ ဆွဲလို့ဆွဲ လုပ်ပါသတဲ့။ အိပ်နေရင်လည်း အိပ်လို့မရအောင် နှောက်ယှက်တက်ပါသတဲ့။
အဲ့ဒီအိမ်က အစ်ကိုကြီးတွေ ဂစ်တာတီးရင် ဥစ္စာစောင့်တွေကစောင်းသံပေးပါသတဲ့။ ဂစ်တာသံမရပ်မချင်း စောင်းသံလည်း မရပ်သွားတက်ပါဘူးတဲ့။ အဲဒီလောက်ကိုနာမည်ကြီးတဲ့အိမ်ပါ။ အဲဒီ့အိမ်မှာနေတဲ့ အဒေါ်ကြီးတွေပြောင်းသွားတော့ နောက်ထပ်အသစ်ထပ်ရောက်လာပြန်ပါတယ်။ သူကလည်း အဲ့ဒီ့အိမ်မှာ သန့်ရှင်းရေးတွေ လာလုပ်၊ မီးတွေဘာတွေဆင်၊ ကျွန်မတို့အိမ်ကိုလည်း သူ့အိမ်ကိုကြည့်ပေးဖို့အပ်ပြီး ပြန်သွားပါတယ်။ အဲ့ဒီအိမ်မှာလူမနေတာကျွန်မတို့အသိပါ။ အိမ်ရှင်ဦးလေးကြီးက အိမ်ရှေ့မီးနဲ့ နောက်ဖေးမီးကို ညဖက်မှာ သူခိုးအလွယ်တကူ မကပ်နိုင်အောင် အမြဲထွန်းပေးထားပါတယ်။
တစ်ရက်မှာ အိမ်မှာမုန့်လုပ်စားဖြစ်လို့
ကျွန်မသူငယ်ချင်းတွေရော သူ့အမေတွေပါရောက်နေလို့ လူအတော် စုံနေတဲ့ အချိန်မှာပါ။ အဲ့ဒီအိမ်အကြောင်းပြောဖြစ်ကြပါတယ်။ ကျွန်မတို့အဲ့ဒီအိမ်အကြောင်း ပြောတုန်းက အိမ်ရှေ့မီးတွေဖွင့်ထားတုန်းပါ။ အားလုံးဘဲ စကားလက်စုံကျနေရာကနေ သတိရလို့အဲ့ဒီ့ အိမ်ဘက်ကို လှည့်ကြည့်လိုက်တော့ အိမ်အောက်ဘက်ကမီးတွေအားလုံးပိတ်နေပြီး အပေါ်ထပ်ကမီးတွေ အားလုံးပွင့် နေတာကို တွေ့ရပါတယ်။ အော် အားလုံးကလည်း သတိမထားမိလို့နေမှာဘဲပေါ့။ ခဏလောက် နေတော့ နောက်ထပ်တစ်ခေါက် ကြည့်ဖြစ်ကြပြန်ပါရော။ အဲ့ဒီအချိန်မှာတော့ အပေါ်ထပ်က ကျွန်မတို့အိမ် ဘက်က အခန်းတွေနဲ့ အောက်ဘက်အိမ်ရှေ့နဲ့အိမ်နောက်ဘက်မီးတွေပြန်လင်းနေပါတယ်။ ကျွန်မတို့ကလေးတွေ ရော လူကြီးတွေရော အားလုံးကြောင်သွားပြီး။ ကလေးတွေကတော့ အော်တဲ့သူကအော် ပြေးတဲ့သူကပြေးနဲ့ အတော်လေးဆူညံသွားပါတယ်။ အားလုံးကိုယ်တိုင်မြင်လိုက်ရတာကို။ ကျွန်မသူငယ်ချင်းတွေလည်း တော်ပီပြန်
တော့မယ်ဆိုပြီး ချက်ချင်းထပြန်ကြပါလေရော။
ဥစ္စာစောင့်များက သူတို့အကြောင်းပြောရင် ဘယ်နေရာပြောပြော ကြားရတယ်လို့ပြောကြလို့နောက်ပိုင်းကို အဲ့ဒီအိမ်အကြောင်းပြောဖြစ်ရင် ချောင်းခြားမြစ်ခြားဆိုပြီး အရင်ပြောပြီးမှဘဲ အဲ့ဒီအိမ်အကြောင်း ပြောဖြစ်ပါတယ်။ ကျွန်မလည်းဥစ္စာစောင့် ဆိုရင်တော့ချောမှာဘဲ တစ်ခါလောက်တော့မြင်ဖူးတယ် ရှိအောင်လို့ နဲနဲအကဲစမ်းကြည့်ရင် ကောင်းမလားဆိုပြီး၊ ညဘက်တွေမှာ သူတို့အိမ်ဘက်လှည့်ပြီး စကားနည်းနည်းပါးပါး ပြောကြည့်ပါတယ်။ အဲ ကျွန်မစကားပြောလို့ပြီးသွားရင် အဲဒီအိမ်ဘက်အိမ်ခန်းတွေကမီးတွေ တစ်ခန်းပွင့်လိုက်၊ တစ်ခန်းပိတ်လိုက်နဲ့ အဲ့ဒီလိုမျိုးဖြစ်လေ့ရှိပါတယ်။ နောက်တော့လည်း သိပ်ပြီးမကြောက်တော့ပါဘူး အဲဒီအိမ်ကြီးကို။
တစ်ခါကလည်း ကျွန်မတို့အိမ်ကို အလည်လာတဲ့ နယ်ကကျွန်မအဒေါ်တစ်ယေက်လည် အစခံရပါတယ်။ သူကတစ်ရေနိုးလို့ အိမ်သာထသွားတာ အဲ့ဒီအိမ်ဘက်မှာ ဆံပင်ဖားလျှားနဲ့ မိန်းမတစ်ယောက် အိမ်ရှေ့မှာထိုင်နေတာတွေဆိုပြီး ညကြီးအချိန်မတော် ထပြီးအော်လို့ တစ်အိမ်လုံးဆူညံသွားပါရော။ အဒေါ်က ကြောက်တက်တော့ အော်ပြီးငိုပါရော၊ သူတစ်ယောက်တည်း မအိပ်ရဲတော့ဘူး ငါနဲ့တစ်ယောက်ယောက် လာအိပ်ဆိုပြီးပြောလို့ ကျွန်မသွားအိပ်ပေးရသေးတယ်။ အဒေါ်မအိပ်ရဲရင် ဟိုဘက်အိမ်ကတစ်ယောက်ကို ခေါ်ပြီးအိပ်ပါလားလို့ ပြောလို့ ကျွန်မခေါင်းအခေါက်ခံလိုက်ရသေးတယ်။
ကျွန်မတို့ဆီမှာ အိမ်အပ်ထားတဲ့ဦးလေးကြီးက သူအဲ့ဒီအိမ်မှာ မနေဖြစ်တော့လို့ အိမ်ကိုပြန်အပ်လိုက်ပြီ သိပ်မကြာခင် အဲဒီအိမ်ကိုနောက်ထပ် အိမ်ရှင်အသစ်တစ်ယောက်ရောက်လာပါတယ်။ အိမ်ရှင်အသစ်က အဲ့ဒီအိမ်အကြောင်း အတော်သိထားတယ်လို့လည်းပြောပါတယ်။ သူကအဲ့ဒီအိမ်က စတိုခန်းထဲက ဥစ္စာစောင့်တွေကို နင်တို့ကိုလည်းငါမနှာက်ယှက်ဘူး ငါ့တို့ကိုလည်းမနှာက်ယှက်နဲ့လို့ပြောပြီး အိမ်နောက်ဘက်
မှာရှိတဲ့ အိမ်သာနားကတဲထဲမှာ နေရာပေးလိုက်ပါတယ်တဲ့။ သူတို့လည်း အဲ့ဒီတဲကို လုံးဝမသုံးတော့ပါဘူး။ တဲရှိတဲ့ ဘက်ကိုတော့မီးထွန်း ပေးထားပါသေးတယ်။ တစ်ခါတလေမှာ အဲ့ဒီတဲဘက်က မီးကပိတ်လိုက် ဖွင့်လိုက်လုပ်တက်သလို၊ တဲထဲကနေ အိမ်မကြီးဘက်ကိုကူးလာတဲ့ လူအရိပ်တွေလည်း တွေ့ရတက်ပါတယ်။ ကျွန်မတို့အတွက်ကတော့ နောက်ပိုင်းကြာလာတော့ အဲဒါတွေမထူးဆန်းတော့ပါဘူး။
အရင်တစ်ခါက အခြောက်ခံလိုက်ရတဲ့ ကျွန်မသူငယ်ချင်းကတော့ ညဘက်ဆိုရင်ကျွန်မတို့အိမ်ဘက်ကို ဘယ်လိုခေါ်ခေါ်လာမလည်တော့ပါဘူး။ ကျွန်မတို့ပြောင်းလာပြီးတဲ့နောက်ပိုင်းကို အဲ့ဒီ ဥစ္စာစောင့်တွေရှိတဲ့ အိမ်မှာဘယ်သူမှမနေရဲလို့ အဆောင်လုပ်လိုက်တယ်လို့လည်း ပြောသံကြားပါတယ်။ ယောက်ျားလေးအဆောင်
လုပ်တာဆိုတော့ ကောင်လေးတွေခဏခဏ အခြောက်ခံရတယ်လို့လည်းပြောသံကြားပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ခြောက်တဲ့သူက ဥစ္စာစောင့်ဆိုတော့ ချောချောလေးတွေဘဲဖြစ်မှာပါ။ ကျွန်မကတော့ ဥစ္စာစောင့်
မြင်ဖူးချင်လို့ ခဏခဏချောင်းပေမယ့် မြင်ခွင်မကြုံသေးလို့ထင်ပါရဲ့ မမြင်ခဲ့ရပါဘူး။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
နှင်းဆီနီနီ။။

(မှတ်ချက်။။ အဲဒီအိမ်ကြီးမှာအရင်က အိမ်ရှင်လက်လွန်သွားလို့ အိမ်ဖော်ကောင်မလေး တစ်ယောက်သေဖူးတယ် လို့လည်း ပြောကြပါတယ်။ ဥစ္စာစောင့်ရယ် ကောင်မလေးရယ်ပေါင်းပြီး ယောက်ျားတွေဆိုပိုပြီးခြောက် ပါသတဲ့။)

Monday 29 October 2007

စင်္ကာပူသွားတောလား

ဒီနောက်ပိုင်းမှာ စင်ကာပူကိုသွားတဲ့သူအတော်မျာများရှိပါတယ်။ သူများတွေဘယ်လို စင်ကာပူသွားကြ သလဲ တော့ကျွန်မ သေသေချာချာမသိပါဘူး။ လေယာဉ်လက်မှတ်ဝယ်၊ သံရုံးသွား၊ ပြီးတော့စင်ကာပူရောက်။ ဒီလောက်ပဲပေါ့ ကိုယ်ကိစ္စမှမဟုတ်တာ လုံးဝစိတ်မ၀င်စားဘူး။ ဟဲဟဲ နဖူးတွေ့၊ ဒူးတွေ့ဒါမျိုး တွေကိုယ်လည်းလုပ်ရော ကိုယ့်ဒုက္ခမှ ဒုက္ခလို့ထင်တဲ့ လူမျိုးဆိုတော့ ဒုက္ခနဲ့ ကျွန်မနဲ့အဲဒီမှာစတွေ့ပါရော။

ကျွန်မစင်ကာပူမှာကျောင်းရှောက်ထားတာတဲ့ ကျွန်မကျောင်းဝင်ခွင့်စာမေးပွဲကို စင်ကာပူမှာလာဖြေပါ ပြောတော့ နာမည်ကြီး စင်ကာပူကိုသွားဖို့အကြောင်းဖန်လာပြီပေါ့။ သွားတာကိစ္စမဟုတ်ပါဘူး၊ သံရုံဝင်ဖို့က လည်း သိပ်ပြီးခက်မယ်မထင်၊ ဒီလိုဘဲ ပြီးသွားမှာပါ ဘာခက်တာမှတ်လို့။ အဲ အဲ့ဒီလိုဘဲထင်မြင် တွေးတောထားလိုက်ပါတယ်။

ကျွန်မနေတဲ့နေရာက မလေးရှားနိုင်ငံရဲ့ အရှေ့ဘက်အကျဆုံးမြို့မှာပါ။ ကျွန်မတို့မြို့ပြီးရင် ဖိလစ်ပိုင်ဘဲ ရှိတော့တယ်။ စင်ကာပူသွားဖို့ စာရောက်တဲ့နေ့နဲ့ စာမေးပွဲဖြေဖို့ရက်က ၅ရက်လောက်ဘဲ ကွာပါတယ်။ ပြဿနာကအဲဒီကစတာ၊ မေးလ်ဖွင့်ကြည့်တာနောက်ကျလို့ ညနေပိုင်းလောက်မှသိတဲ့ကျွန်မ လေယာဉ် လက်မှတ်ဝယ်ဖို့ ဒုက္ခစရောက်ပါတယ်။ မြို့ထဲကလက်မှတ်အရောင်း ဌာနတွေအားလုံး ပိတ်နေပါပြီ ရုံးချိန်ကျော်
သွားလို့ပါ။ လေးယာဉ်ကွင်းက လက်မှတ်အရောင်းကောင်တာမှာဘဲ လက်မှတ်ရတော့တယ်။ လက်မှတ်ရတော့
လည်း ရွေးစရာသိပ်ပြီးမကျန်တော့ဘူး။ ရတဲ့အချိန်နဲ့ KL ကိုရောက်အောင်အမြန်သွားရတော့တာပေါ့။

ကျွန်မရဲ့ပထမဦးဆုံးပြင်ပသွားတဲ့ အတွေ့အကြုံလည်းဖြစ်နေတော့ အတော်လေးရင်ခုန်မိပါတယ်။ မြန်မာပြည်
တုန်းကတော့ ရန်ကုန်-မန္တလေး ပထမဆုံးအကြိမ် တစ်ယောက်တည်းသွားတုန်းကလည်း ရင်ခုန်တာပါဘဲ။ ပထမဆုံးမို့ထင်ပါရဲ့။ အဲဒီတုန်းကလည်း ၀ယ်ထားတဲ့ရထားချိန်က နောက်ကျနေလို့ နောက်ထပ်လက်မှတ် တစ်စောင် ၀ယ်ပြီးသွားခဲ့ရသေးတယ်။ အမြဲကံမကောင်းတဲ့ ကျွန်မ ဒီတစ်ခါဘာထပ်ဖြစ်မလဲဆိုပြီး ရင်ခုန်နေတာ လည်းပါပါတယ်။ တသက်နဲ့ တကိုယ် ဆယ်တန်းတောင် အိပ်ပြီးဖြေလာတဲ့ကျွန်မ ဒီတစ်ကြိမ်ကျမှဘာဖြစ်လို့ အိပ်မပျော်မှန်းကို မသိပါဘူး။ နံနက် စောစောထပြီး သွားရပါမယ်ဆိုမှ ၁၂ နာရီကျော်တဲ့အထိ အိပ်လို့ကို မပျော်နိုငါဘူး။ စလုံးက အတော်နတ်ကြီးပုံရပါတယ်။

လေယာဉ်ကွင်းရောက်တော့လဲ စိတ်ပူပြီး အစောကြီးဝင်မိတာ ထုံးစံအတိုင်း အမြဲနောက်ကျ တက်တဲ့ Air Asia နဲ့ ဆိုတော့ အကြားကြီးစောင့်ခဲ့ရပါတယ်။ ကိုယ့်ကိုကိုယ်တော့ ငါဖြစ်ပါတယ်ဆိုပြီး အားပေးထားပါတယ်။ လေယာဉ်ပေါ်ရောက်တော့ အ၀င်ပေါက်နဲ့အနီဆုံးနေရာမှာဘဲ ကျွန်မနေရာယူလိုက်ပါတယ်။ အဝေးကြီးသွား ရမှာ ပျင်းတာလည်း ပါတယ်၊ အဆင်းမှာမြန်မြန်ဆင်းချင်တာလည်းပါပါတယ်။ ကျွန်မဘေးမှာ အမျိုးသမီး(၂) ယောက်လာထိုင်ပါတယ်။ ကျွန်မကစကားမပြောရင် မလေးမလိုလို၊ တရုတ်မလိုလိုမို့ သူတို့ကလည်း ကျွန်မကို Local လို့ဘဲထင်ပုံရတယ်။

မလေးလိုလာပြောပြီး ထိုင်ခုံကိုလက်ညှိုးထိုးပြတော့ ကျွန်မခပ်တည်တည်နဲ့ခေါင်းညိပ် ပြလိုက်တယ်။ သူတို့ကလည်းဝင်ထိုင်လိုက်တယ်။ တစ်လမ်းလုံးစီးလာတာ ဘာမှမဖြစ်ဘူး။ အဲ နဲနဲလောက်ကြာလို့ မနက်စာ အတွက် လေယာဉ်မယ်ကမုန့်လိုက်ရောင်းမှ ကျွန်မကအင်္ဂလိပ်လို ပြောပြီးမှာတော့မှ ကျွန်မဘေးကလူက ကျွန်မကို မလေးမ မဟုတ်မှန်းသိပုံရပါတယ်။ ဘာလဲပေါ့ ပြူးပြူးကြီးကြည့် နေတယ်။ ဘိုလို သိပ်ပြီးပြောချင် နေသလားပေါ့။ အထဲအော်နေတဲ့ ပိုးမျိုးရှစ်ဆယ် ငြိမ်သွားအောင် အရင်လုပ်ရမှာဆိုတော့ အမြန်ပြီးအောင်သာ မှာလိုက်ပါတယ်။

ဒီမှာက မလေးတော်တော်များများ အင်္ဂလိပ်လိုတက်ကြပေမယ့် သူတို့အချင်းချင်းပြောရင် မလေးလို ပြောတာများပါတယ်။ မလေးရုပ်ပေါက်ပြီး မလေးလိုမပြာရင် ကြီးကျယ်တယ်လို့ထင်ကြတယ်။ ကျွန်မအဖေ ဒီကို
ရောက်ခါစက ဟိုတယ်မှာအခန်းယူဖို့ အင်္ဂလိပ်လိုပြောတာကို ဧည့်ကြိုကောင်တာကကောင်မလေးက မလေးလုပ်ပြီး အင်္ဂလိပ်လိုပြောလိုဆိုပြီး ဒေါသထွက်ပြီးပညာပြလို့ အတော်ရှင်းယူလိုက်ရပါသေးတယ်။ ငါ မလေးမဟုတ်ဘူး နိုင်ငံခြားသားလို့ပြောတာကို မရဘူး။ စိတ်တွေဆိုးပြီး ဒါနောက်စရာမဟုတ်ဘူးလို့ ပြန်ပြော ပါသတဲ့။ ကျွန်မအဖေရုပ်ကလည်း မလေးလိုလို၊ ဖိလစ်ပိုင်လိုလို၊ ထိုင်းလိုလို ဖြစ်နေတာ။ ဒီကလူတော်များများက ကျွန်မတို့လို ရုပ်မျိုးတွေချည်းပါဘဲ။ အဲ ကျွန်မတို့ဈေးသွားရင် မလေးနဲ့တရုတ်ရ ပြီးမွေးထားတာလို့ ထင်နေကြတာ။ စကားပြောမှ နိုင်ငံခြားသားမှန်းသိတာ။ ပြောနေတာနဲ့ လိုရင်မရောက် တော့ဘူး။

၂နာရီခွဲလောက် လေယာဉ်စီးပြီး KLကိုလည်းရောက်ရော မြို့ထဲကိုသွားဖို့ကားလက်မှတ်က၀ယ်ရသေးတယ်၊ ပစ္စည်းကရွေးရသေးတယ်။ ကျွန်မတစ်ယောက်တည်း ဗျာများနေပါတော့တယ်။ ပစ္စည်းထုတ်က လေးထုပ် လူကတစ်ယောက်ထည်းနဲ့ ဆပ်က ကနေသလားအောက်မေ့ရပါတယ်။ ကိုရီးယားကားထဲမှာတော့ လေဆိပ်ကထွက်လာရင် လှလှပပလေး။ ကျွန်မမှာတော့ ပစ္စည်းထုတ်တွေ တစ်ပုံတပင်နဲ့။ မြို့ထဲသွားမဲ့ကား ဆီအရောက်ပြေးရပါတယ်။ အနားရောက်တော့ ကားပေါ်တက်ခွင့်မပေးပြန်ပါဘူး။ ကားပေါ်မှာ ထိုင်ခုံနေရာရှိမရှိ စစ်နေလို့ပါတဲ့။ မရှိရင်နောက်ထပ်တကားစောင့်ရမှာပါ။ နဲနဲကံကောင်း ချင်တော့ကျွန်မ ကားပေါ်တက်ခွင့်ရ သွားပါတယ် ကားပေါ်မှာ ထိုင်ခုံ နှစ်နေရာစာပိုနေသေးလို့ပါတဲ့။

ကားပေါ်ရောက်တော့လည်း စိတ်မအေးနိုင်သေးပါဘူး။ နောက်နေ့သံရုံးဝင်ဖို့ရယ်၊ ဒီနေ့ကျွန်မသွားမယ့် ဟိုတယ်မှာအဆင်ပြေပါ့၊ ပြေပါ့မလား စတဲ့အတွေးတွေက ခေါင်းထဲမှာ အစီအရီ။ ပြီးတော့ ကားဂိတ်ကနေ တည်တဲ့ ဟိုတယ်ရောက်ဖို့ အတော်လမ်းလျှောက်ရပါတယ်။ ပါလာတဲ့ အထုတ်လေးထုတ်နဲ့ ဘယ်လိုနှစ်ပါးသွား ရမှန်းမသိလို့ စိတ်ပူနေတာ ကားပေါ်မှာ ကိုယ်တယောက်ထဲ ပူလို့အိုက်လို့။ အိမ်ကိုလဲ ပြန်ပြီး သတင်းပို့ရပါ သေးတယ်။ မဟုတ်ရင် တယောက်တည်း လွှတ်လိုက်ရလို့ အစကတည်းက စိတ်ပူနေတဲ့ ဖခမည်းတော်ကြီး အမြတ်တော်ထွက်ပြီး သွေးတက်နေမှာစိုးလို့။

လေဆိပ်ကနေ KL Central (သူတို့ကတော့ Sentaral) ကို ၁ နာရီလောက် ကားစီးရပါတယ်။ မြို့ထဲရောက်တော့ တည်းမဲ့နေရာကိုရောက်တော့ အခန်းယူပြီး၊ အိပ်ကို အခန်းရတဲ့ အကြောင်းပြောပြီး တရေးမောအိပ်လိုက်ပါတယ်။ တမနက်လုံး စိတ်ပင်ပန်းလာတာ ခဏတော့အိပ်ပျော်သွားပေမယ့် ကြာကြာမအိပ်လိုက်ရဘူး နောက်နေ့ သံရုံးသွားဖို့ အစီအစဉ်ဆွဲရဦးမှာကို။ ကားငှားစီရမှာလဲ နှမြောလို့ ရထားစီးဖို့ လမ်းကြောင်းတွေ ကြိုကြည့်ရအောင်
KL Central ဘက်ကို ထွက်ခဲ့ပါတယ်။ ကျွန်မသွားချင်တဲ့ တိုက်ရိုက် ရောက်တဲ့ ရထားမရှိပါဘူး။ ရထားစီးချင်ရင်တော့ KL Towel ကနေလမ်းလျှောက်မှဘဲ စင်္ကာပူ သံရုံးကို ရောက်မှာပါ။ သိတဲ့အတိုင်း မြေပုံထဲမှာသာနီးတာ အပြင်မှာက လမ်းလျှောက်ရင် မြေပုံထဲလောက် မလွယ်ပါဘူး။ ပြီးတော့ KL Central ထဲမှာ ဟိုကြည့်၊ ဒီကြည့်လုပ်ပြီး ညနေစာစားဖို့ ထွက်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခြေအနေကြည့်ပြီး သွားရမှာဘဲလို့ ဆုံးဖြတ်ပြီး ပြန်လာခဲ့ပါတယ်။ ပြီးတော့ ဟိုတယ်နားက တရုတ်ဆိုင်မှာ ညနေစာ ထမင်းစားပြီး အခန်းပြန်လိုက်တယ်။
KL မှာက မှောင်ရင် အပြင်မှာသိပ်နေလို့ မကောင်းဘူးဆိုလို့ ညနေ ၄နာရီထိုးတာနဲ့ အခန်းထဲမှာအောင်းနေလိုက်ပါတယ်။ ကျွန်မနေတဲ့ အခန်းကနေလှမ်းကြည့်ရင်တော့ KL Twin Towel ကြီးကို မီးရောင်ထိန်ထိန်နဲ့ လှမ်းပြီးမြင်နေရပါတယ်။ စိတ်ထဲကတော့ ကိုယ်တိုင်အိပ်မက် မက်နေသလိုပါဘဲ။ အညာသူကျွန်မ ဒီတသက် နိုင်ငံခြားရောက်လိမ့်မယ် လို့ အိပ်မက်တောင် မမက်ဖူးပါဘူး။
ဆက်ရန်...


Friday 26 October 2007

ကျောင်းကပွဲ

မီလေးကတက်ထားလို့ ရေးမယ်လို့စဉ်းစားထားတာ ဒီနေ့မှတင်ဖြစ်ပါတယ်။ ရေးချင်တာတွေကတော့ အများကြီးပါဘဲ။အဆင်ပြေမယ်ထင်တာလေးတွေဘဲ ရေးဖြစ်လိုက်တယ်။ ငယ်ငယ်တုန်းကခပ်ဆိုးဆိုး (အဲ အခုလဲ ထူးမခြားနားပါဘဲ။)ဆိုတော့ ကျွန်မမှာပြန်တွေရင်ရယ်စရာတွေအများကြီးပါဘဲ။ အဲ မူကြိုတုန်းက အကြောင်း ရေးလိုက်မယ်နော့။

ကျွန်မတို့ငယ်ငယ် မူကြိုတက်တုန်းက ဖေဖေါ်ဝါရီ ၁၃ရက်နေ့ဟာမြန်မာ့ကလေးများနေ့ပါ။ အဲဒီနေ့မှာ ကလေးတွေ အတွက်ပျော်ပွဲရွှင်ပွဲတွေလုပ်တက်ပါတယ်။ ကျောင်းကပွဲလိုမျိုးပေါ့ ကျောင်းတွေလည်း ပိတ်ပေးတက်ပါတယ်။ မူကြိုကျောင်းက ကျောင်းကပွဲလုပ်တော့ ကျွန်မတို့အားလုံးဝင်ပါရတာပေါ့။ ကျောင်းကပွဲမှာ ကျွန်မပါချင်တာက ကချင်ဝတ်စုံဝတ်ပြီး ဂျိမ်းဖေါအကပါ။ ကျွန်မကိုရွေးတာက နှစ်ပါးသွား။ ကျွန်မတို့ သူငယ်ချင်းအားလုံးကို နှစ်ပါးသွားကရမှာပါ။ အားလုံးအတွဲ ၆ တွဲပါ။ ကျွန်မလုံးဝ မကချင်ပါဘူး ဘာလို့လည်းဆိုတော့ ကျွန်မနဲ့တွဲကမယ့် ကောင်လေးက ကျွန်မထက်အရပ်ပုသလို အရမ်းအေးပြီး၊ ဘာမှသွက်သွက်လက်လက် မရှိလို့ပါ။ ဘယ်လိုမှငြင်းလို့မရတဲ့အဆုံး၊ ကျွန်မသူငယ်ချင်း အားလုံးကလည်းပါတော့ ကျွန်မနှစ်ပါးသွားကရတာပေါ့။ အကတွေတိုက်ပြီးအတော်အဆင်ပြေသွားတော့ ပွဲရက်ရောက်ပြီပေါ့။

ပွဲနေ့လည်းရောက်ရော မိတ်ကပ်တွေပြင်ဆင်၊ မင်းသမီးအင်္ကျီးတွေဝတ်ပေါ့။ ကဖို့ခေါ်တော့ ဆင်ပေါ်တက်။ တီးလုံးစဖွင့်တာနဲ့ တိုက်ထားတဲ့အတိုင်း ကပေါ့လေ။ အဲ ကျွန်မတို့ကကွက် အဆုံးမှာ မင်းသမီးလေး ကထိုင်ချ လိုက်၊ မင်းသားက မင်းသမီးကိုမေ့စေ့လေးကိုင်ပြီးကကွက်ကို အဆုံးသတ်ရမှာပါ။ ကျွန်မလည်းတီးလုံးဆုံး ခါနီးတော့ ထိုင်ချလိုက်တယ်။ ကျွန်မနဲ့တွဲကတဲ့ကောင်လေးက ဆင်ပေါ်စတက်ကတည်းက ဆင်အောက်က လူတွေကိုကြည့်ပြီး ကြောက်နေတာ ကြောင်တောင်တောင်၊ ခြေမချိုးလက်မချိုးနဲ့။ မလှုပ်တလှုပ်နဲ့ကနေတာ သီးချင်းဆုံးလို့ ကကွက်သိမ်းတဲ့အထိ သူကကြောင်တောင်တောင်နဲ့ ဒီအတိုင်းရပ်နေတာ။ ကျွန်မလည်း စိတ်မရှည်လို့ သူများအတွဲတွေက မင်းသမီးမေ့စေ့ကိုကိုင်ပြီး ပြုံးပြုံးလေးတွေနဲ့ ရပ်နေကြပြီ။ ကျွန်မမင်းသားက တော့ ကြောင်ပြီး ဒီအတိုင်းရပ်နေတာ ကျွန်မလည်းစိတ်မရှည်တာနဲ့သူ့လက်ကိုယူပြီး ကျွန်မမေ့စေ့ ကိုနားမှာထားလိုက်တယ်။ ပွဲပြီးလို့ငြိမ်နေတဲ့ပရိတ်သက်က ၀ါးကနဲ့ပွဲကျသွားတယ်။ ကျွန်မလည်းရှက်မနေ တော့ဘူး ဆရာမကပြောထားတယ်လေ သူမေ့နေရင်သတိပေးလိုက်ဆိုလို့ ကျွန်မလုပ်လိုက်တာပါ။ ပွဲလည်းပြီးရော ကျွန်မ၀ိုင်းစကြပါရော။ အတော်မလွဲတဲ့ကောင်မလေးပေါ့လေ။ နောက်ရက်တွေမှာလည်း အိမ်နားက အစ်ကိုကြီးအစ်မကြီးတွေက ကျွန်မကိုတွေတိုင်းဝိုင်းစကြတော့တာပါဘဲ။ အဲ့ဒီကောင်းလေး သူငယ်ချင်းနဲ့က ကြီးလာတဲ့အထိ အကျောမတည့်ဘူး။ အခုတော့သူလည်း ဘယ်ရောက်နေလည်းမသိပါဘူး။ အဲဒါလေးက ကျွန်မကိုလူအများက အမှတ်ရစေတဲ့ငယ်ငယ်တုန်းက အမှတ်တရလေးပါ။ ရေးစရာ တွေများနေတာ ဘယ်ဟာရေးရမှန်းမသိဘဲ ကိုပီကေက ကျောင်းကပွဲအကြောင်းရေးလို့ သတိရပြီး ရေးလိုက်တာပါ။
ရွှင်လန်းချမ်းမြေ့ပါစေ။
နှင်းဆီနီနီ။။

ဆောင်းဦးရွက်ကြွေချစ်သက်သေ။

ဒီနေ့ ဆောင်းဦးရွက်ကြွေချစ်သက်သေ ကားကိုကေဘီအက်(စ်) ကနေပြန်လာလို့ ကြည့်မိပါတယ်။ သနားစရာ
ချစ်ပုံပြင်လေးကို ပြန်ကြည့်တော့ ငိုချင်လာတယ်။ သူ့ရဲ့ဇာတ်ဝင်တေးနဲ့ တစ်ခြားကိုရီးယားကားတွေမှာ ပါတဲ့ ဇာတ်ဝင်သီချင်းတွေကို ကျွန်မကြိုက်လို့ ၀ယ်ထားတာရှိပါတယ်။ သူငယ်ချင်းတွေလိုချင် မလားလို့တင်ပေးလိုက် ပါတယ်။
အမျိုးသားဆိုထားတဲ့သီချင်းပါ။ ဖွင့်လို့ရမရပြောပေးပါ။ မရရင်ထပ်တင်ပေးပါ့မယ်။
အမျိုးသမီးဆိုထားတဲ့သီချင်းပါ။

နောက်ထပ်သီချင်းလေးတွေလည်းတင်ပေးမယ်ဗျာ။
ကဲ ကျွန်မလည်းအိပ်ရာဝင်ပါတော့မယ်။
ကောင်းသောညချမ်းပါ။
နှင်းဆီနီနီ။။

Monday 22 October 2007

တသက်လုံးသာ

မိုးချစ်သူရဲ့ခွင့်ပြုချက်နဲ့ဒီကဗျာလေးကို ကျွန်မဘလောဒ့်မှာတင်ထားတာပါ။
သူ့ရဲ့အရေးအသားလေးကိုကြိုက်တာလည်းပါတယ်။ ကဗျာလေးကို ခံစားလို့
ရတာလည်းပါတယ်။ ကျွန်မရဲ့ မှတ်စုလေးထဲသိမ်းထားချင်တာလည်းပါတယ်။


တသက်လုံးသာ
ဇိမ်ခံပစ္စည်းတွေနဲ့မှ ဘ၀အမောတွေ ပြေမယ်ဆိုရင်
တသက်လုံးသာ မောပါစေတော့...........
ငါလိုချင်တာ နင့်အပြုံးတခုဘဲ....................

တီတီတာတာ ပလီပလာပြောမှ ချစ်သူဖြစ်ကြေးဆိုရင်
တသက်လုံးသာ အဖော်မဲ့ပါစေတော့..........
ငါလိုချင်တာ စကားလုံးမဲ့ အချစ်စစ်တခုဘဲ............

ဖုန်းတွေအမြဲဆက် မေးလ်တွေ အမြဲပို့မှ အချစ်တွေနွေးမယ်ဆိုရင်
တသက်လုံးသာ အချစ်တွေအေးပါစေတော့.........
ငါလိုချင်တာ ဘယ်လောက်ဝေးဝေး ထပ်တူကျမယ့် နှလုံးသားတစ်စုံဘဲ........

နင့်အချစ်တွေ မရိုးအီဖို့ ပုံရိပ်တွေ ပြောင်းလဲမှ ရမယ်ဆိုရင်
တသက်လုံးသာ အချစ်တွေ ရိုးအီပါစေတော့........
ငါလိုချင်တာ ပြောင်းလဲစရာ မလိုတဲ့ ငါ့ပုံရိပ်အဟောင်းဘဲ.........

ငါနဲ့လမ်းခွဲမှ အချစ်စစ်ဆိုတာ နင်နားလည်မယ်ဆိုရင်
တသက်လုံးသာ လမ်းခွဲလိုက်ပါရစေတော့........
ငါလိုချင်တာ အချစ်စစ်ကို နင်နားလည်မယ့်နေ့ဘဲ...................

သူငယ်ချင်းရဲ့ကဗျာ

ရေးချင်တာတွေများနေလို့ ခေါင်းထဲမှာစဉ်စားနေတာခေါင်းကိုပူနေတာပါဘဲ။ ရေးဖို့ဝင်လာတိုင်း စဉ်းစားထားတာ တွေ ထဲကဘာရေးရမှန်းမသိလို့ ဒီအတိုင်းပြန်ထွက်သွားတာလည်း ခဏခဏပါဘဲ။ ဒီနေ့ ကျွန်မကြိုက်ခဲ့ဖူးတဲ့
ကျွန်မသူငယ်ချင်းတစ်ယောက်ကျွန်မကို မဂ္ဂဇင်းမှာထည့်ခိုင်းတဲ့ ကဗျာတစ်ပုဒ်တင်လိုက်ပါတယ်။ သူ့ကောင်လေး
နဲ့ပက်သက်ပြီးရေးထားတာပါ။ ကျွန်မဇာတ်လမ်းအစအဆုံးသိနေလို့ ခံစားလို့ရသလို၊ ကျွန်မသူငယ်ချင်းတွေကို
ပေးပြီးဖတ်တော့လည်း ကောင်းတယ်လို့ပြောကြပါတယ်။ အစကကဗျာကို ကြိုက်လို့အလွတ်ကျက်ထားပေမယ့် အခုတော့ အချို့တ၀က်မေ့သွားပြီး။ ကဗျာလေးကဒီမှာ..

သူမရဲ့အချစ်
ကောင်းကင်တွေတောင်အလွန့်လွန့်လူးတဲ့
ရင်အုံတစ်ခုပေါ် ခဏခဏ။
အိပ်မက်တွေနဲ့ ကျစ်လစ်ခဲ့လက်တွေထဲမှာ
သူမလေ အစစ်အမှန်ရင်ခုန်ခဲ့တာ
ခဏခဏ။
ခဏလေးတောင်မှ မလွတ်လပ်ချင်တော့တဲ့အထိ
ခဏခဏ။
ညီမလေး သွား/ဆေး(မန်း)
ကဗျာဆရာက သူ့ကဗျာလေးကို အလှဆုံးရေးခဲ့တာပါ။ ကျွန်မက ကျွန်မရွတ်ဆိုတက်သလို ပြန်ရေးထားလို့ ကာရန်မညီခဲ့ရင်ခွင့်လွတ်ပေးပါ။

Wednesday 17 October 2007

ကျောင်းပုံပြင်(၃)

တတိယနှစ်ရောက်ကတည်းက မွန်မွန်နဲ့အဆင်ပြေနေတဲ့သူ့သူငယ်ချင်းကောင်လေးက သူတို့တက်တဲ့ကျူရှင် မှာ ကျွန်မတို့ကိုလာတက်ဖို့ ခေါ်တော့၊ အဲ့ဒီဘာသာအတွက် ကျူရှင်ဆရာရှာလို့မရတဲ့ ကျွန်မတို့အုပ်စု သူတို့ ကျူရှင်ကိုသွားတက်ဖြစ်ခဲ့ကြပါတယ်။ မွန်မွန်နဲ့သူ့ကောင်လေးက တော့အဆင်ပြေလို့။ ကျွန်မတို့အစ သူများအုပ်စုကကျူရှင်မှာသွားတက်ရတာမို့ အတော်လေးနေရခတ်ပေမယ့် နောက်ပိုင်းမှာသူတို့တစ်ဖွဲ့လုံး သူကလွဲရင် သဘောကောင်းကြတာမို့ ကျွန်မတို့အတွက်အနေမခတ်စေခဲ့ပါဘူး။ ၇၅ရာခိုင်နှုန်းမပြည့်လို့ ကျောင်းချိန်အပြည့်တက်နေရတဲ့ ကျွန်မနဲ့ကေကေကတော့ တခြားလူတွေကျောင်းချိန်မှာ အပြင်ကျူရှင် တွေသွားတက်နေတဲ့ချိန်တွေမှာ ကျွန်မနဲ့ကေကေကကျောင်းမှာနှစ်ယောက်တည်း။ ဒါနဲ့အရေးကြီးတဲ့ဘာသာ တစ်ခုကို နားမလည်လို့ နောက်ထပ်ကျူရှင်ယူရမလိုဖြစ်လာလို့ ကျူရှင်ချိန်စုံစမ်းတော့ တခြားအချိန်တွေ ကမရလို့ သူတို့အုပ်စုကျူရှင်ချိန်တွေကိုဘဲ သွားတက်ခဲ့ရပြန်ပါတယ်။

ကျူရှင်ကသူနဲ့ကျွန်မကို အတော်လေး ရင်းနှီးစေပါတယ်။ သူကစလို့နောက်လို့။ သူကကျွန်မဗေဒင်ဆရာ အကြောင်း သူ့သူငယ်ချင်းမကိုမေးတော့ ဗေဒင်ဆရာဆီကိုသွားစရာမလိုပါဘူး။ သူဟောပေးမယ်တဲ့ ဘာအကြောင်းသိချင်တာလဲတဲ့။ သတ္တိသိပ်ကောင်းတဲ့ ကျွန်မကတော့ဘာမှန်ပြန်မပြောဘဲ ရယ်နေလိုက် ပါတယ်။ သူငယ်ချင်းများကတော့ နင်ကျပ်ကျပ် သတိထားလို့ပြောပေမယ့် ကျွန်မကနောက်ဆုံးနှစ်မို့ ခွင့်လွှတ်ပါလို့ ပြောခဲ့ပြန်ပါတယ်။ သူ့ကိုလိုက်ကြည့်ကတည်းက ကျွန်မမှာ ဘာရည်ရွယ်ချက်မှမရှိခဲ့ပါဘူး။ ကြည့်လို့ကောင်းလို့၊ ရိုးသားပြီး ချစ်စရာကောင်းတယ်ထင်လို့ ဆိုတဲ့အချက်တွေနဲ့ပါ။ နောက်ပိုင်းမှသာ အလေ့အကျင့်တစ်ခု ဖြစ်သွားခဲ့တာပါ။ ဘာမျှော်လင့်ချက်မှ မရှိခဲ့ရိုး အမှန်ပါ။

ဒီလိုနဲ့ သူ့ရဲ့အတော်ရှည်တဲ့ ဆံပင်ကနေကြည့်ပျော်ရှု့ပျော်အတော်ကောင်းတဲ့ ခပ်တိုတိုဆံပင်ပုံစံ ညှပ်လာတဲ့ နေ့ကတော့ ကျွန်မတော်တော်ကိုအံ့သြသွားပါတယ်။ သူ့ကဆံပင်တိုနဲ့လည်းလိုက်သားလို့ တွေးမိပါရဲ့။ သူကအမြဲသပ်သပ်ရပ်ရပ် နေတက်ပေမယ့် အ၀တ်အစားကိုတော့ ခေတ်ဆန်ဆန်ဝတ်တာက လူအတော် များများကို မျက်စိနောက်စေတာပါ။ တနေ ကုန်အောင်ကျောင်းတက်လို့ ဘယ်လောက်ပင်ပန်း နေပါစေ သူက ညနေ ကျောင်းပြန်ချိန်မှာတောင် လန်းလန်း ဆန်းဆန်းနဲ့။ သူ့ကိုသဘောကျတဲ့ အချက်ထဲမှာ အဲ့ဒီအချက်က လည်းထိပ်ဆုံးက ပါနေပြန်ပါရော။
တတိယနှစ်ဆိုတော့ ကျွန်မတို့ကိုယ်စီ သိနေတာကတော့ ဒီနှစ်ပြီးရင်ကျောင်းပြီးပြီဆိုတာပါဘဲ။ ကျောင်းပြီးရင် အားလုံးပြီးသွားမယ် ဆိုတာလည်း ကျွန်မတို့ရင်ထဲကအလိုလို သိနေသလိုပါဘဲ။ တတိယနှစ်မှာ သူအများကြီး
ပြောင်းလဲလာခဲ့ပါတယ်။ ဆေးလိပ်သိပ်ပြီး မသောက်တော့သလို ကွမ်းလည်းသိပ်ပြီးမစားတော့ဘူး။ သူမနက် တိုင်း ဖြတ်လျှောက်နေကျ၊ ကျွန်မတို့အုပ်စုထိုင်နေကျ ကင်တင်းက၀ိုင်းနာကိုရောက်ရင်တော့ ကျွန်မကိုတချက် လောက် လှည့်ကြည့်သွားတက်ပြီး၊ တခါတလေ ကျွန်မကိုဘဲပြုံးပြသွားသလား ထင်ရအောင် အပြုံးတွေဝေနေတဲ့ မျက်လုံးတွေနဲ့ ကြည့်သွားတက်ပြန်ပါရော။ ဒီလိုဆိုပြန်တော့ ကျွန်မရင်ခုန်ရပြန်တာပေါ့။ တစ်ခါတလေ သူကျွန်မတို့ထိုင်တဲ့ ၀ိုင်းဘက်ကိုလှည့်ပြီး ထိုင်နေပြီဆိုရင် ကျွန်မလှည့်မကြည့်တက်ပေမယ့် သူတီးနေကျ ဂစ်တာသံကိုတော့ ကျွန်မကောင်းကောင်းအလွတ်ရခဲ့ပါတယ်။

တရက်ပေါ့ သူတခါမှမ၀တ်ဖူးတဲ့ စတိုင်ဘောင်းဘီပွပွကြီး၊ ရှပ်အကီင်္ျကျောင်းကိုဝတ်လာတာ။ သူနဲ့အတော်လေးကို မလိုက်တာပါ။ ကျွန်မတို့လည်း သူ့ကိုမြင်တာနဲ့မနေနိုင်ဘဲ ရယ်မိလိုက်တယ်။ သူတော်တော် ဒေါပွသွားပုံပါဘဲ။ နော်ကနေ့တွေမှာတော့ ခါတိုင်းလိုဘဲ ပြန်ဝတ်တော့တယ်။ ကင်တင်းထိုင်ရင် သူတီးတဲ့သီချင်းတွေ ပြောင်းသွားခဲ့ပါတယ်။ ခါတိုင်းတီးနေကျ အရေးမကြီးဘူးသီချင်းကနေ အပြစ်တစ်ခုဖန်ဆင်းခြင်းဆိုတဲ့ မျိုးကြီးသီချင်းကို ပြောင်းပြီးတီးလာပါတယ်။ မှတ်မှတ်ရရ အဲ့ဒီသီချင်း စတီးတဲ့နေ့က ကျွန်မနဲ့ကေကေနှစ်ယောက်တည်း ကျောင်းလာတဲ့နေ့ကပါ။ သူကအဲ့ဒီသီချင်း ကိုတီးပြီး သူတို့တစ်အုပ်စုလုံးက ၀ိုင်းပြီးသီချင်းဆိုကြတယ်။ ပြီးတော့ကျွန်မတို့ထိုင်နေတဲ့ဝိုင်းဘက်ကိုကြည့်ပြီး ရီနေလို့။ အုပ်စုမှာလူနည်းလို့ အားမရှိတဲ့ကျွန်မနဲ့ကေကေ မြန်မြန်ထမင်းပြီးအောင်စားပြီး ကင်တင်းကထခဲ့ရတယ်။ အမှန်တော့ကျွန်မ ထမင်းဆက်ကိုမစားနိုင်တော့လို့ပါ။ ရင်တွေခုန်နေလို့။

သူက ထမင်းစားချိန်တွေကုန်လို့ ကျွန်မတို့ ကင်တင်းကနေထသွားတဲ့အထိ သူဂစ်တာတီးတာ မရပ်တမ်း တီးတက်သလို။ အမြဲတမ်းဂစ်တာတီးတဲ့ သူ့ကိုခိုးပြီးကြည့်တက်တဲ့ ကျွန်မကတော့ လူနဲ့မလိုက်ရှည်ပြီး သွယ်လွန်းတဲ့ သူ့လက်ချောင်းလေးတွေကို အားနာလို့။ တစ်ခါတလေ လက်တွေနာနေပြီကွာလို့ မကြားတကြား
ညည်းတက်တဲ့ သူ့ကိုသနားလို့။ ဒီလိုရင်ခုန်စရာ၊ ပျော်စရာ၊ လွမ်းမောစရာကောင်းတဲ့ ကျောင်းသားဘ၀မှာ သူဟာကျွန်မအတွက် နံနက်ခင်း တစ်ခု၊ နှင်းဆီတစ်ခင်း၊ သီချင်းတွေနဲ့ပြည့်နေတဲ့ ဂစ်တာတစ်လက်ပါ။
လွန်ခဲ့တဲ့လေးနှစ် ဒီအောက်တိုဘာပေါ့ ကျွန်မရဲ့နံနက်ခင်း၊ ဂစ်တာတစ်လက်၊ နှင်းဆီတစ်ခင်း ပျောက်ဆုံးသွားတာက စာသင်နှစ်ကုန်သွားလို့။ ကျောင်းပြီးသွားလို့။

ဒီလိုနဲ့ အောင်စရင်းတွေထွက်လို့ ကျောင်းကိုသွားတော့ သူလျှောက်နေကျကွန်ကရစ်လမ်းလေးက အမိုးလေးနဲ့။ သူကျွန်မကိုစောင့်ခဲ့ဖူးတဲ့ နေရာလေးက အသစ်တွေနဲ့အစားထိုးလို့။ ကျွန်မထိုင်နေကျ ကင်တင်းကထီလေး နေရာမှာ တဲလေးကအစားထိုးလို့။ ကျွန်မအတွက် အမှတ်တရတွေအားလုံး တစ်ခုမှမကျန်ခဲ့အောင် ပြောင်းလဲသွားခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီနေ့က သူနဲ့ကျွန်မကျောင်းမှာ ပြန်ဆုံဖြစ်ခဲ့ပါတယ်။ သူကကျွန်မကို ပြုံပြလို့၊ ကျွန်မကလည်းသူ့ကို မျက်နှာချင်းဆိုင် နှုတ်ဆက်လို့။ နေကောင်းလားတဲ့၊ ကျွန်မကတော့ ဟုတ်လို့ တစ်ခွန်းတည်း ပြန်ဖြေလိုက်တယ်။ ပြီးတော့ ကျွန်မအတက်နိုင်ဆုံးအားယူပြီး အချိုဆုံးအပြုံးတစ်ခု ပြုံပြလိုက်ပါတယ်။ အဲဒါကတော့ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ် ပြုံးပြခြင်းဆိုတာကို ကျွန်မကိုယ်တိုင်သိနေပါတယ်။

အဲ့ဒီနေ့ကို အမှတ်တရဖြစ်အောင်၊ အဲ့ဒီအပြုံးကိုတသက်လုံး သတိတရဖြစ်အောင် ကျွန်မဓါတ်ပုံသွားရိုက်ထား လိုက်ပါတယ်။ အလှဆုံးပြုံးပြီးတော့ပေါ့။ ပြီးမှကျွန်မပိုက်ဆံအိတ်ထဲမှာ ထည့်ပြီးသိမ်းထားလိုက်တယ်။ ကဲ မကောင်းဘူးလား။ အဲ့ဒီနေ့က ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ ၂၀၀၄။
ပြီးပါပြီ။
(မှတ်ချက်။။ ဒီစာကို မနိုင်နိုင်ရဲ့ ပိုစ့်တစ်ခုကိုဖတ်ပြီးသတိရလို့ ရေးဖြစ်တာပါ။ ပြန်ပြင်ထားပါတယ်။ အရေးအသားမကောင်းပေမယ့် အမှတ်တရကျောင်းသားဘ၀ နဲ့ အမှတ်တရလေးတွေကို ရေးတက်သလိုချရေး ထားတာပါ။ သည်းခံပြီးဖတ်ကြလို့ ကျေးဇူးတင်ပါသည်။)
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။


မလာပါနဲ့

ဒီသီချင်းလေးကို ဒီနေ့မှစပြီးနားထောင်ဖူးတာပါ။ သီချင်းလေးကအတော်လေးကို လွမ်းဖို့ကောင်းအောင်ဖမ်းစား နိုင်ပါရဲ့။ ကျွန်မအကြိုက်မျိုးကြီးသီချင်းလေးပါ။ သီချင်းလေးက မလာပါနဲ့တဲ့။ You Tube ကနေကူးပြီးတင်ထား
လိုက်ပါတယ်။ နားထောင်ကြည့်ကြပါဦး။


Tuesday 16 October 2007

အကျင့်ဆိုး

ကျွန်မတွင်အလွန်ဆိုးရွားသောအကျင့် တစ်ခုရှိပါသည်။ အဲဒီအကျင့်ကြောင့် အတော်လေးဒုက္ခများဖူးပါတယ်။ အဲဒီအကျင့်ကတော့ ဘယ်တော့မှခေါင်းစဉ်ကိုမဖတ်တဲ့အကျင့်ပါ။ အလေးမထားလို့ မဟုတ်ရပါဘူး။ အထဲကစာတွေ အကုန်နီးပါးမှတ်မိချင်မှတ်မိနေပါလိမ့်မယ်။ သူပြောချင်တဲ့ရည်ရွယ်ချက်တွေ အကုန်ရချင်ရနေ ပါလိမ့်မယ်။ ကျွန်မကတော့ ခေါင်းစဉ်ကိုမှတ်မိဖို့အတော်လေး ခက်ခဲပါတယ်။ မှတ်မှတ်ရရ ကျွန်မကျောင်းမှာ တုန်းက သမိုင်းတွေအသေအလဲကျတ်ပြီး စာတွေရလို့နေပါတယ်။ ဒါပေမယ့် ကျွန်မခေါင်းစဉ်ကို ကျတ်ဖို့မေ့သွား
တာကျွန်မကိုယ်တိုင်မသိလိုက်ပါဘူး။ စာမေးပွဲခန်းထဲကိုရောက်တော့ မေးခွန်းစာရွက်ကိုကြည့်လိုက်တော့မှ
ကျွန်မခေါင်းစဉ်တွေမကျတ်ခဲ့ဘူးမှန်း သတိရလိုက်တယ်။ အတော်ကိုဆိုးပါတယ်။ မေးခွန်ကိုကြည့်ပြီး မှန်းဖြေလိုက်ရပါတယ်။ တော်ပါသေးရဲ့စာမေးပွဲအောင်လို့။
စားစီစာကုံးရေးရင်လည်း ခေါင်းစဉ်ကအချုပ်ဆိုတော့ ကျွန်မအတွက်အခက်တွေ့ပြန်ပါရော။ ကျွန်မဘောင်ခတ် ထားတာတို့၊ ကန့်သတ်ထားတာတို့ဆိုသိပ်ပြီးမုန်းတာကြောင့် စာစီစာကုံးကို သိပ်ပြီးမုန်းပါတယ်။ ဆယ်တန်း တုန်းကလည်းတွေ့ သမျှစာစီစာကုံးတွေကို အကုန်ဖတ်ပေမယ့် ဘယ်တော့မှမလေ့ကျင့်ဘူး ခေါင်းစဉ်တစ်ခု အောက်မှာ။
ဘလောဒ့်ရေးတော့လည်း ဘယ်တော့မှခေါင်းစဉ်ကိုအရင်မရေးတက်ပါဘူး။ ရေးချင်တာရေးပြီးမှ ခေါင်းစဉ်တပ် လိုက်ပါတယ်။ အဲ့ဒီအကျင့်က ကျွန်မအတွက်အောင်မြင်မှုတွေနဲ့ ဝေးစေတဲ့အချက်မှန်းကျွန်မသိပေမယ့် ပြင်လို့မရခဲ့ပါဘူး။ အတော်ဆိုးပါတယ်။ ကျွန်မစိတ်ထဲကသာမပါရင် ဘာမှလိုပ်လို့မရတဲ့ ကျွန်မခန္ဓာကိုယ်ကို မုန်းမိပါရဲ့။
ဘလောဒ့်တွေကို လျှောက်လည်ပြန်တော့ဘယ်တော့မှ ဘလောဒ့်နာမည်တွေကို မမှတ်မိပြန်ပါဘူး။ အဲ့ဒါနဲ့ Notepad ထဲမှာကိုမှတ်ထားရပါတယ်။ မဟုတ်ရင် သူများSideတွေထဲမှာ လင့်တွေလိုက်ရှာပြီးမှ ၀င်ကြည့်ရပါတယ်။ ကိုရန်အောင်လောက်လွယ်တဲ့နာမည်တောင် ကျွန်မ၀င်ကြည့်လို့မရခဲ့ပါဘူး။ မှန်အောင်လို့ အတော်လေးကျတ်ယူခဲ့ရပါတယ်။ သိပ်ပြီးမကောင်းတဲ့ မှတ်ဉာဏ်ကိုအရမ်းမုန်းပါတယ်။

Sunday 14 October 2007

ယုဇနပန်းပင်

ကျွန်မဘ၀ထဲမှာ ကျွန်မမစိုက်ရပဲ ကျွန်မပြုစုလို့ပွင့်သွားတဲ့ ပန်းပင်တွေအများကြီးပါဘဲ။ ကျွန်မကလည်း ကိုယ်မ စိုက်ပေမယ့် ကိုယ်ပြုစုလိုက်လို့သာပန်းတွေသာပွင့်လာမယ်ဆိုရင် ဘယ်လောက်ဘဲပင်ပန်းပြီး အချိန်တွေကုန်ပါ စေ ပြုစုဖို့ဝန်လေးတဲ့သူမဟုတ်ပါဘူး။ ကျွန်မဆယ်တန်းဖြေပြီးတဲ့ အချိန်လောက်တုန်းကပါ။ ကျွန်မတို့နေတဲ့ အိမ်ရှေ့မှာ ယုဇနပန်းရုံ (၃)ရုံရှိပါတယ်။ ယုဇနပန်းရုံတွေက လူ့အရပ်ကျော်ရှိပေမယ့် အသက်ရင့်နေပြီမို့ ပန်းမပွင့်တာအတော်လေးကြာပါပြီ။ မိုးတွေရွာလည်း ပန်းတွေမပွင့်တဲ့အထိပါဘဲ။

ယုဇနပန်းပင်ရော ပန်းပွင့်ရောကို ကျွန်မအဲ့ဒီအရွယ်ရောက်တဲ့အထိ မမြင်ဖူးပါဘူး။ တစ်ရက်မှာ ယုဇနပင်နဲ့ ဖဲကြိုးဝါသီချင်းတွေကို နားထောင်မိရင် ယုဇနပန်းပွင့်ကို မြင်ဖူးချင်တဲ့စိတ်တွေဖြစ်လာခဲ့ပါတယ်။ အဲ့ဒါနဲ့ အိမ်ရှေ့မှာရှိနေတဲ့ ယုဇနပန်းရုံကြီးကို ရေလောင်းပေးဖို့ သတိရလိုက်ပါတယ်။ ကျွန်မနေတာ မိတ္ထီလာဆိုတော့ နွေရာသီမှာရေရှားပါတယ်။ ဒါပေမယ့် ယုဇနပန်းပွင့်တွေမြင်ဖူးချင်တဲ့ ကျွန်မကတော့ကြိုးစားပြီး ရေလောင်း ပေးဖို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။

ဒါနဲ့ တစ်လလောက်ကြာတော့ ယုဇနပန်းရုံမှာရွက်နုတွေဝေနေတာကို တွေလိုက်ရပါတယ်။ မကြာခင်မှာ ပန်းတွေဖူး လာတော့မှာကို ကျွန်မအလိုလိုသိလိုက်ပါတယ်။ သိပ်မကြာလိုက်ပါဘူး။ ကျွန်မထင်တဲ့အတိုင်း ယုဇန ပန်းပင် တစ်ပင်လုံးပန်းဖူးလေးတွေဝေလို့။ ကျွန်မပျော်တာမှပြောပြလို့ မရအောင်ပါဘဲ။ ပန်းတွေအတော် များများဟာ ညနေဘက်မှာအဖူးလေးတွေကြီးပြီး၊ မနက်ဖက်နေအထွက်မှာ ပွင့်တာများပါတယ်။ ဒါပေမယ့် ယုဇနပန်းတွေက ညနေဘက်မှာသာပွင့်တက်ပြီး မနက်ဖက်ကိုရောက်ရင်တော့ ပင်ခြေတစ်ခုပွင်ဖတ်တွေနဲ့ ဖွေးနေတက်ပါတယ်။

ဒီလိုနဲ့ ယုဇနပန်းပင်က ပန်းတွေပွင့်နေလိုက်တာ မိုးတွင်းကုန်တဲ့အထိပါဘဲ။ နောက်ပိုင်းမှာ ကျွန်မသိပ်ပြုစုစရာ မလိုဘဲ။ ရေလောင်းပေးစရာမလိုဘဲ။ မိုးရွာလိုက် ပန်းပွင့်လိုက်နဲ့ ယုဇနပန်းပင်ကအရှိန်တွေရလို့။ ကျွန်မတို့ အဲ့ဒီအိမ်ကပြောင်လာတဲ့နေ့ကတောင် ယုဇနပန်းတွေပွင့်နေလိုက်တာ ကျွန်မကိုနှုတ်ဆက်နေသလိုပါဘဲ။ ကျွန်မကလည်း ကိုယ်ပြုစုလိုက်တဲ့ အပင်ကပန်းတွေအဆက်မပြတ်ပွင့်နေတာ အနှိုင်းမရှိကြည်နူးမိပါတယ်။ ယုဇနပန်းပင်နဲ့ပတ်တက်လို့ ကျွန်မတွေမိတဲ့ အတွေလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျွန်မယုဇနပန်းပင်ကို ရေလောင်းပြီး၊ မြေဆွေးတွေထည့်တုန်းက ကျွန်မစိတ်ထဲက မျော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ၊ စေတနာတွေ ကိုပါတစ်ခါတည်း ထည်းပြီးပြုစုလိုက်မိလို့များ ပန်းတွေပွင့်ဖို့အားမရှိတော့တဲ့ သစ်ပင်တစ်ပင်က အဆက်မပြတ် ပန်းတွေပြန်ပွင့်လာတာများလားလို့ ဆိုတဲ့အတွေးတစ်ခုပါ။ ကျွန်မအညာပါဘူး။ အမှန်ပြောတာပါ။ တကယ်လို့ ကျွန်မဘ၀မှာ ကျွန်မလိုချင်တဲ့ အရာတစ်ခုကို အခုလိုရိုးသားစွာ၊ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေအပြည့်နဲ့ ပြုစု၊ စိုက်ပျိုးလိုက်ရင် ကျွန်မလိုချင်တဲ့ အရာတွေ အဆက်မပျက်ပွင့်လာနိုင်တယ်ဆိုတဲ့ အတွေး တစ်ခုကတော့ အခုအချိန်ထိ ကျွန်မကိုယုံကြည်စေပါတယ်။
နှင်းဆီနီနီ။။

Friday 12 October 2007

Lလွန်းဝါ

သူကသီချင်းလေးတွေကို အေးအေးဆေးဆေး ဆိုတက်တဲ့အဆိုတော် ဖြစ်ရုံသာမက သူ့အသံလေးက ယောက်ျားလေးအသံနဲ့မတူအောင်ကို နုညံ့သိမ်မွေ့နေတက်ပါတယ်။ သူ့သီချင်းလေးတွေက အဓိပ္ပယ်တစ်ခုခုကို ပြောနေသယောင်ယောင်။ သူ့ရဲ့သီချင်းတွေ နာထောင်ပြီးရင် ရင်ထဲမှာတကယ်ကို လွမ်းဆွေပြီးကျန်နေခဲ့တာပါ။ ဒါပေမယ့် ချိုသာလွန်းတဲ့ အသံပိုင်ရှင်ဆိုထားတဲ့ သီချင်းအေးအေးလေးတွေကို နားမထောင်ဘဲမနေနိုင်အောင် ပါဘဲ။ ဒီသီချင်းလေးကလည်း သူ့ရဲ့သီချင်းအေးအေးလေးတစ်ပုဒ်ထဲက တစ်ပုဒ်ပါပဲ။ နားထောင်ပြီးရင်တော့....
ဘယ်သူကိုမှ သွားပြီးသတိမရပါစေနဲ့။ သီချင်းနာမည်က ရင်မှာပါတဲ့။

Thursday 11 October 2007

မင်းသိဖို့ကောင်းတယ်။

ကန်တော်ကြီး သီချင်းလေးကိုကြားရင် ဘာမှန်းမသိဘ။ဲ လွမ်းသလိုလို၊ ဆွေးသလိုလို၊ ပျော်သလိုလိုပါဘဲ။ မျိုးကြီးသီချင်းတွေကိုလည်း နှစ်သက်တဲ့သူမို့လည်း ပါမှာပါ။ မျိုးကြီးရဲ့ သီချင်းတွေထဲမှာလည်း ဒီသီချင်းလေးက အတော်လေးလည်း ပေါက်ပါတယ်။ ရန်ကုန်မှာ အလှဆုံးနေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကန်တော်ကြီးကလည်း ကျွန်မအကြိုက်ဖြစ်တာမို့ အမှတ်တရလေးဖြစ်အောင် ဒီသီချင်းလေးကို ပိုစ့်အသစ်နေနဲ့ တင်ထားလိုက်တာပါ။ Iron Corss ကထွက်တဲ့ သီချင်းလေးတွေအားလုံးကို ကြိုက်တာကြောင့် နောက်ပိုင်းမှာ ကျွန်မကြိုက်နှစ်သက်တဲ့ သီချင်းလေးများကို စုစည်းနိုင်ဖို့ ကြိုးစားနေပါတယ်။ သီချင်းလေးကတော့ ဒီမှာပါ။

Tuesday 9 October 2007

အိပ်မက်

သမီးကြီးလာရင် ဘာလုပ်မလဲလို့ မေးတိုင်းကျွန်မက လျှောက်ပြီးဖြေတက်ပါတယ်။ တစ်ခါတစ်လေမှာ ဆရာဝန်၊
တခါလေမှာ ဘာမှမလုပ်ဘူးလို့။ ကြီးလာရင်လေယာဉ်ပျံမောင်းမှာပေါ့ လို့လည်းမက်မက်မောမော ဖြေတက်ပါ
တယ်။ ပြီးတော့ စစ်သားလုပ်မယ်လို့ လည်းဖြေဖူးပါတယ်။ ကလေးဘ၀ကတော့ မျက်လုံးထဲမှာမြင်တာတွေ၊ ကိုယ်နဲ့ရင်းနှီးတာတွေ၊ ကိုယ်အထင်ကြီးတဲ့ အရာတွေဖြစ်ချင်ခဲ့တာကြီးပါဘဲ။ တကယ်တန်းတော့ ကျွန်မ စိတ်ဝင်စားတော အနုပညာပါ။ အနုပညာလို့ ပြောလိုက်လို့ သိပ်ပြီးကြီးကျယ်သွားမယ် ဆိုရင်ကျွန်မကို ခွင့်လွှတ်စေချင်ပါတယ်။ အမှန်တော့ ကျွန်မစိတ်ဝင်စားတာ အနုအလှလေးတွေပါ။ ဒါပေမယ့် ကျွန်မ ကိုယ်တိုင်ကတော့ ဘယ်တော့မှနုနုလှလှ မနေဖူးပါဘူး။ အဲ ရေးရင်းနဲ့ခေါင်းစဉ်လွဲသွားပြီ။

အမှန်တော့ ကျွန်မကိုယ်တိုင်အလှပြင်ရတာထက် သူများလှနေတာကိုဘဲ ကြည့်ချင်မြင်ချင်၊ ခံစားချင်တဲ့သူတစ် ယောက်ပါ။ မိန်းကလေးမို့ အလှအပနဲ့ ပက်သက်ရင် ကျွန်မစိတ်ဝင်စားပေမယ့် မိတ်ကပ်အလှဖန်းတီးရှင် သာဖြစ်ချင်ခဲ့သူပါ။ ရှင်ရှင်မင်းသား၊ မင်းသမီးတွေကို သဘောကျတက်ပေမယ့်၊ ကျွန်မက အခမ်းအနားဖန်တီး
သူသာရှင်ဖြစ်ပါရစေလို့ ဆုတောင်းနေသူပါ။ ဖြစ်နိုင်ရင် အ၀တ်အစား ဒီဇိုင်းပညာရှင်တောင်ကျွန်မက ဖြစ်ချင်
ပါသေးတယ်။
နောက်ပြီး အစားအသောက်နဲ့ပက်သက်လို့က၊ တရုတ်စာ၊ ဂျပန်စာ၊ အီတလီစာ၊ နောက်တိုင်းအစားအစာ တွေကို ချက်ပြုတ်နိုင်တဲ့ စာဖိုမှူးတစ်ယောက်လည်းဖြစ်ချင်ပါသေးတယ်။ အဲ နောက်ထပ်ပြီးဖြစ်နိုင်သေးရင် အိမ်တွင်းပိုင်းအလှဆင်တဲ့သူလည်း ဖြစ်ချင်ပါသေးတယ်။ အာခီတက် တစ်ယောက် ဖြစ်ဖို့ စိတ်ကူးယဉ်ဖူး ပါတယ်။ ဆောက်ဦးပုံစံလှလှလေးတေါနဲ့ ရှေးကျကျအဆောက်အဦး တွေကို ရူးရူးမူးမူးလိုက် လိုက်ကြည့် တက်ပါတယ်။ တခါတလေ ပြင်းတဲ့အခါတွေမှာ စိတ်ကူးထဲဆောက်အဦး ဒီဇိုင်းတွေဆွဲလို့။ ကိုယ်စိတ်ကူးနဲ့ ကိုယ်တော့ ဧရာမဒီဇိုင်းပညာရှင်ကြီးပေါ့။

ဒါတွေကတော့ ကျွန်မရဲ့အိပ်မက်အပိုင်းအစလေးတွေဘဲ ဖြစ်ပါတယ်။ အကယ်လဲ ကျွန်မအိပ်မက်တွေ ဘာတစ်
ခုမှမဖြစ်ခဲ့ပါဘူး။ ကျွန်မနဲ့မသက်ဆိုင်တဲ့၊ ရေပန်းစားတဲ့ဘာသာရပ်တစ်ခုကိုသာရွေးချယ်ပြီး ကျောင်းတက်ခဲ့ ပြီး၊ ဒီအတိုင်းဘဲ ထိုင်နေခဲ့တော့ကျွန်မစိတ်ဝင်စားတဲ့ ဘာသာတွေကို ပြန်စဖို့လည်း မ၀ံ့ရဲခဲ့ပါဘူး။ တခါတလေ သူများတွေ ၀ါသနာပါတာတွေကို လုပ်နေတာမြင်ရင် ကိုယ့်ကိုကိုယ် အားမလိုအားမရနဲ့။ ကိုယ်ကြိုက်နှစ်သက်တဲ့ စိတ်ကူးတွေရုပ်လုံးပေါ်အောင် မဖေါ်ခဲ့မိလို့ ၀မ်းနည်းမိပါတယ်။

တကယ်လို့များ ကျွန်မဆယ်တန်းအောင်ပြီး ကတည်းက ကျွန်မ၀ါသနာပါတဲ့ အလုပ်တစ်ခုခုကိုသာ ဇောက်ချ
လုပ်ဖြစ်ခဲ့ရင် ကျွန်မအခုအချိန်လောက်ဆို သူဌေးဖြစ်နေလောက်ပြီးလို့ တစ်ခါတလေတွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မသတ္တိမရှိခဲ့တာကို ပြန်ပြီးနောင်တရလို့လည်း ထူးမှမထူးတာ။ နောက်ဆိုရင်သာ သတ္တိရှိရှိနဲ့ ရင်ဆိုင်သွားရမှာပေါ့။

Monday 8 October 2007

I am still alive


Someone say I am foolish,
Someone say I am stupid,
Someone say I am greedy,
Someone say I am selfish,
Yeah, I am such a bad girl,
But, I am still alive on this earth.

I am honestly foolish,
I am honestly stupid,
I am honestly honesty,
I am honestly greedy,
I am honestly honest,
I am still walk on this earth.

I want to be happy,
But I don't know how to be happy.
I want love,
But I don't want to give love.
I want to help,
But nobody need my help.
I want to be rich,
But I don't know how can I do to be rich.
But I am still alive on this earth,
without nothing that I want.
Till I am still alive,
I am still alive.

Angel

ကျွန်မကြိုက်တဲ့ နတ်သမီးသီချင်းကို အဆိုတော်နောက်တစ်ယောက် စန္ဒယားနဲ့ ဆိုထားတာကို You Tube ကနေ ကူးထားတာပါ။



Saturday 6 October 2007

အမှတ်တရဈေးနှုန်းများ

၁၉၈၂-------------------------၀က်သား ၁ ပိဿာ ၂၅ကျပ်။
၁၉၉၃-------------------------၀က်သား ၁ ပိဿာ ၁၀၀ကျပ်။
၂၀၀၄-------------------------၀က်သား ၁ ပိဿာ ၃၅၀၀ကျပ်။

၂၀၀၀-------------------------ငါးခူ ၁ ပိဿာ ၄၀၀ကျပ်။
၂၀၀၆-------------------------ငါးခူ ၁ ပိဿာ ၄၅၀၀ကျပ်။

၂၀၀၀-------------------------ငါးကြင်း ၁ပိဿာ ၂၀၀ကျပ်။
၂၀၀၆-------------------------ငါးကြင်း ၁ပိဿာ ၂၅၀၀-၃၀၀၀ကျပ်။

၁၉၉၃-------------------------ကြက်ဥ ၁လုံး ၅၀ပြား။
၂၀၀၃-------------------------ကြက်ဥ ၁လုံး ၁၅ကျပ်။
၂၀၀၇-------------------------ကြက်ဥ ၁လုံး ၁၅၀ကျပ်။

၁၉၉၃-------------------------မုန့်ဟင်းခါးတစ်ပွဲ ၅ကျပ်။(အကြော်ပါ။)
၂၀၀၃-------------------------မုန့်ဟင်းခါးတစ်ပွဲ ၁၅၀ကျပ်။(အကြော်မပါ။)
၂၀၀၆-------------------------မုန့်ဟင်းခါးတစ်ပွဲ ၃၀၀ကျပ်။(အကြော်မပါ။)

၁၉၉၅-------------------------ရှမ်းခေါက်ဆွဲ ၁ပွဲ ၂၅-၃၀ကျပ်။
၂၀၀၀-------------------------ရှမ်းခေါက်ဆွဲ ၁ပွဲ ၁၀၀-၁၅၀ကျပ်။
၂၀၀၆-------------------------ရှမ်းခေါက်ဆွဲ ၁ပွဲ ၃၅၀-၅၀၀ကျပ်။(သွားသောဆိုင်ပေါ်မူတည်ပါသည်။)

၁၉၈၈-------------------------၀က်သားတုတ်ထိုး ၅မူးဖိုး ၃ချောင်း။
၁၉၉၃-------------------------၀က်သားတုတ်ထိုး ၁၀ဖိုး ၅ချောင်း။
၂၀၀၀-------------------------၀က်သားတုတ်ထိုး ၁၀၀ဖိုး ၅ချောင်း။
၂၀၀၆-------------------------၀က်သားတုတ်ထိုး ၁ချောင်း ၂၅-၅၀ကျပ်။

၁၉၉၆-------------------------ခေါက်ဆွဲကြော် ၁ပွဲ ၈၀-၉၀ကျပ်။(ဆိုင်ကောင်းကောင်း)
၁၉၉၈-------------------------ခေါက်ဆွဲကြော် ၁ပွဲ ၁၀၀-၁၅၀၀ကျပ်။
၂၀၀၁-------------------------ခေါက်ဆွဲကြော် ၁ပွဲ ၅၀၀ကျပ်။
၂၀၀၆-------------------------ခေါက်ဆွဲကြော် ၁ပွဲ ၉၀၀-၁၀၀၀ကျပ်။

၂၀၀၁-------------------------ခရမ်းချဉ်သီး ၁ပိဿာ ၆၀ကျပ်။
၂၀၀၆-------------------------ခရမ်းချဉ်သီး ၁ပိဿာ ၅၀၀-၈၀၀ကျပ်။

၁၉၉၉-၂၀၀၀-------------------------ပိတ်စ(လုံချည်) ၁ကွင်း ၁ကိုက် ၁၅၀-၂၀၀ကျပ်။
၂၀၀၁---------------------------------ပိတ်စ(လုံချည်) ၁ကွင်း ၁ကိုက် ၅၀၀-၁၅၀၀ကျပ်။
၂၀၀၆---------------------------------ပိတ်စ(လုံချည်) ၁ကွင်း ၁ကိုက် ၂၅၀၀-၅၀၀၀ကျပ်။

၂၀၀၀---------------------------------ပတ်စပိုစ့်ဓါတ်ပုံ ၄ပုံ ၁၅ကျပ်။
၂၀၀၁---------------------------------ပတ်စပိုစ့်ဓါတ်ပုံ ၄ပုံ ၁၀၀ကျပ်။
၂၀၀၆---------------------------------ပတ်စပိုစ့်ဓါတ်ပုံ ၄ပုံ ၅၀၀ကျပ်။

၁၉၈၈---------------------------------စက်ဘီး ၁စီး ၁၅၀-၂၀၀ကျပ်။(အသစ်)
၂၀၀၁---------------------------------စက်ဘီး ၁စီး ၃၀၀၀၀ကျပ်။(အသစ်)
၂၀၀၆---------------------------------စက်ဘီး ၁စီး ၁၅၀၀၀၀ကျပ်။(အသစ်)

၁၉၉၃---------------------------------ရွှေ ၁ကျပ်သား ၁၅၀၀၀ကျပ်။(၁၅ပဲရည်)
၁၉၉၆---------------------------------ရွှေ ၁ကျပ်သား ၂၀၀၀၀-၂၁၀၀၀ကျပ်။(၁၅ ပဲရည်)
၂၀၀၀---------------------------------ရွှေ ၁ကျပ်သား ၅၀၀၀၀ကျပ်။(၁၆ပဲရည်)
၂၀၀၂---------------------------------ရွှေ ၁ကျပ်သား ၁၀၀၀၀၀ကျပ်။(၁၆ ပဲရည်)
၂၀၀၄---------------------------------ရွှေ ၁ကျပ်သား ၂၃၀၀၀၀ကျပ်။(၁၆ ပဲရည်)
၂၀၀၆---------------------------------ရွှေ ၁ကျပ်သား ၄၅၀၀၀၀ကျပ်။(၁၅ ပဲရည်)

ပထမတန်း----------------------------မုန့်ဖိုး ၁ရက် ၂၅ပြား။
ပဉ္စမတန်း-----------------------------မုန့်ဖိုး ၁ရက် ၅ကျပ်။
ဒဿမတန်း---------------------------မုန့်ဖိုး ၁ရက် ၁၀၀ကျပ်။
၂၀၀၀---------------------------------မုန့်ဖိုး ၁လ ၃၀၀၀ကျပ်။ (အ၀တ်အစား ၀ယ်နိုင်ပါသေးသည်။)
၂၀၀၂---------------------------------မုန့်ဖိုး ၁လ ၁၅၀၀၀ကျပ်။(မနည်းကိုလောက်အောင်သုံးရပါသည်။)
၂၀၀၆---------------------------------မုန့်ဖိုး ၁လ ၃၀၀၀၀ကျပ်။(အသုံးအဆောင်နှင့် အ၀တ်အစားဖိုးကို အိမ်မှပြန်တောင်ရပါသည်။)
အထက်ပါဈေးနှုန်းများမှာ ကျွန်မအမှတ်တရ ရှိခဲ့သောဈေျးနှုန်းများဖြစ်ပါတယ်။

ကျွန်မရဲ့မှတ်စုလည်းဖြစ်ပါ
သည်။

ဈေးနှုန်းများမှာ ကျွန်မမှားယွင်းစွာမှတ်သားထားသည်များလည်း ဖြစ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အမှား အယွင်းများကိုခွင့်လွှတ်ပေးကြပါရန် အနုအညွတ်တောင်းပန်အပ်ပါသည်။
ကျွန်မ ၃-၄နှစ်သမီးမှာ မုန့်စ၀ယ်စားတက်ပြီး၊ မုန့်ဖိုးများကို အိမ်ကလိုက်ရှင်းပေးပါသည်။ ပထမနှစ်မှစ၍ မုန့်
ဖိုးစရပါသည်။ ကျွန်မအိမ်မှ ပြင်ပတွင်မုန့်ဝယ်စားခြင်းကို ခွင့်မပြုသောကြောင့် ဒဿမတန်းရောက်မှ၊ မုန့်ဈေး
တန်းမှာ စ၍မုန့်ဝယ်စားဖူးပါသည်။ တခါတလေ မုန့်ဝယ်စားလေံမရှိဘဲ စုထားတက်ပြီး၊ ကျွန်မကြိုက်သော သေးသေးသောသေား ပစ္စည်းများနှင့် စာအုပ်များကို ၀ယ်၍စုဆောင်းတက်ပါသည်။
တက္ကသိုလ်စတက်ချိန်တွင် ကျွန်မသောထွေထွေအသုံးစရိတ် (၃၀၀၀)မှ အ၀တ်အစားများ၊ အသုံးဆောင်
များဝယ်၍ သုံးနိုင်ရုံသာမက၊ တခါတလေပိုတက်သော်လည်း။ ကျောင်းပြီးချိန်ရသော အသုံးစရိတ် သုံးသောင်း
သည် ဘာမှဝယ်၍မရပါ။

Friday 5 October 2007

စပ်မိစပ်ရာနဲ့ အတွေး

ကျွန်မဘ၀မှာ ကျွန်မအကြိုက်ဆုံးအစားအစားတွေကို ကြိုက်ရဲ့သားနဲ့မစားဖြစ်တာတွေအများကြီးပါ။ လူတွေ အတော်များများလည်းဒီလို အဖြစ်လေးတွေရှိမယ်လို့ထင်ပါတယ်။ မျှစ်ကို ပဲပြုတ်နဲ့ကြော်တာကို ကျွန်မအလွန် ဘဲကြိုက်ပါတယ်။ ဒါပေမယ့် မျှစ်စားလျှင် ဆံပင်ကျွတ်လွယ်တယ်ဆိုလို့ မျှစ်ကြော်စားတာကို ကျွန်မဖြတ် ထားခဲ့တာ (၁၀)နှစ်နီပါလောက်ရှီပါပြီ။ မျှစ်မစားတာဘာထူးဆန်းလဲလို့ မေးရင်ဘာမှ မထူးဆန်းပါဘူး။ ကျွန်မ ကြိုက်နှစ်သက်တဲ့ အရာတစ်ခုကို ဖြတ်တောက်ပစ်ရတာ အစမှအတော်လေးကို ကသိကအောက်ဖြစ်ပေမယ့်။ နောက်ပိုင်းမှာတော့ နေသားကျသွားပါတယ်။ ဒါအဲပြင် ဟင်းနုနွယ်ရွက်ကြော်ပူပူလေးကို ထမင်းနဲ့တွဲစားရ တာလည်း ကျွန်မနှစ်သက်ပါတယ်။ ဟင်းနုနွယ်ရွက်က ကျွန်မအဖေနဲ့ မတည့်လို့အိမ်မှာ ကြော်မစား ဖြစ်တာလည်း ဆယ်နှစ်ကြော်ပါပြီ။ တစ်ခါတလေ ဟင်းနုနွယ်ကို ဈေးမှာတွေ့ရင်တောင် စားလို့ရတယ်လို့ မထင်သလို၊ ၀ယ်စားလို့ရတဲ့အစားအစာ အဖြစ်လည်းမမြင်တော့တဲ့အထိကို ကျွန်မနဲ့ ဟင်းနုနွယ်ရွက်နဲ့ တစိမ်းပြင်ပြင်ဖြစ်သွားခဲ့ပါပြီ။
မှတ်မှတ်ရရ ချောကလတ်အလွန်ကြိုက်တဲ့ ကျွန်မကို၊ ကျွန်မအဖေက သူခရီးတဲ့နေရာကနေ ချောကလတ်တွေ
အများကြီးဝယ်လာတော့၊ စိတ်ကြိုက်စားပြီး ပေါင်ချိန်တွေတိုးသွားပြီး အတော်နဲ့ပြန်မကျလို့ စိတ်ညစ်ခဲ့ရတာ
ကြောင့် ကျွန်မချောကလတ်မစားဖြစ်တာ (၅)နှစ်လောက်ရှိပါပြီ။ ဒီကြားထဲမှာတော့ ကျွန်မကိုယ် ကျွန်မမသိ အောင်ခိုးစားတာတွေကိုတော့ ထည့်တွက်မထားပါဘူး။
အဲ.. ရေခဲမုန့်။ ရေခဲမုန့်ကတော့ အသေအလဲကိုကြိုက်တာ။ ရေခဲမုန့်လည်း စားပြီးရင်အနည်းဆုံးတော့ (၁)ပေါင်
လောက်တက်တာ။ ရေခဲမုန့်ကလည်း မစားဖြစ်တာ ရန်ကုန်ရောက်ကတည်းကဆိုတော့ (၅)နှစ်လောက်ရှိပြီ။
မန္တလေးမှာတုန်းကတော့ ကုန်းထက်မှာတော့သွားစားဖြစ်တယ်။ ဒီရောက်ပြီးမှ ရေခဲမုန့် (၅)ခုကို ၃လအတွင်း မှာစားမိလို့ (၁၀)ပေါင်လောက်တက်သွားတယ်။ အစာအငတ်ခံပြီး ၀ိတ်ပြန်ချတာ အခုတော့ပြန်ကျသွားပြီ။ အရက်သမား အမူးပြေရင် ထန်းပင်မော့ ကြည့်တယ်လို့ဆိုသလို။ ခု..
ရေခဲမုန့်ပြန်စားနေပြီ။ ခုတောင်ရေခဲမုန့်
စားရင် စာရေးနေတာ။
ဒညင်းသီးက ငယ်ငယ်လေးကတည်းက မတဲ့လို့မစားဘူး။ ဒညင်းသီးစားတဲ့သူကိုလည်း သိပ်ပြီးမုန်းတယ်။
ငရုပ်သီးကို အစိမ်းလုံးဝမစားဘူး။ အတောင့်လိုက်လည်း မစားဘူး။ ငရုပ်သီးမှုန့်ကိုလည်း မုန့်ဟင်းခါးထဲကိုထည့်
မစားတက်ဘူး။ ဒါပေမယ့် ငပိထောင်းစပ်စပ်တို့၊ ငရုပ်သီးကြော်၊ ငပိရည်ငရုပ်သီးစပ်စပ် ကိုတော့ အရမ်းကြိုက်
ပါတယ်။ စပ်မှာမှန်းသိရဲ့သားနဲ့ ပါစပ်ထဲကို အလွယ်တကူထည့်ရမှာကြောက် နေမိလို့ပါ။
ကြက်သွန်နီကြော် ကျွတ်ကျွတ်လေးတို့၊ ပါးပါးလှီးပြီး အသုတ်ထဲထည့်စားရတာတို့ကို ကြိုက်ပေမယ့်၊ ငရုပ်ဆီနဲ့ ရောထားတာကိုမကြိုက်ပါဘူး။ ကြက်သွန်နီ အစိမ်းကိုစားရင်အန်ချင်လို့ပါ။
ငယ်ငယ်က ပီကေစားရတာကိုကြိုက်ပေမယ့် ပီကေထဲမှာပီကေစွဲအောင် ဘိန်းတွေထည့်ထားတယ်ဆိုလို့ ပီကေ
ကို မူကြိုကတည်းကဖြတ်ပြစ်လိုက်တာ အခုအထိပါပဲ။ တခါတလေ စားတာတွေကိုထည့်တွက်မထားပါဘူး။ စား
နေကျ အစားအစာတွေထဲမှာ ထည့်တွက်မထားဖြစ်ဘူးပီကေကို။
ဒါနဲ့ စကားမစပ် ကျွန်မတို့အမျိုးသမီးတွေ ချစ်သူရွေးရင်၊ အိမ်ထောင်ဖက်ရှာရင် ဒီလိုအချက်တွေနဲ့ ထည့်ပြီး စဉ်းစားလေ ကြမလားရယ်လို့ အဆီမဆိုင်ကျွန်မခေါင်းထဲကို ဘယ်နေရာကနေအတွေး ရောက်လာမှန်းမသိပါ။
ကိုယ်ကြိုက်တဲ့ အစားအစာတွေက ကိုယ့်ကျန်းမာရေးနဲ့ မသင့်တော်လို့ စားခွင့်မရှိတဲ့သူတွေလို၊ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်ရည်ရွယ်သူများနဲ့ အဆုံဖြစ်၊ မကြုံဖြစ်ကြတဲ့အခါ....။
အင်း... အချိန်ကြာတော့လည်း ဟင်းနုနွယ်လို၊ မျှစ်လို၊ ပီကေလို ကိုယ့်ရှေ့မှာတွေ့နေမြင်နေတာတောင်မှ ကိုယ်နဲ့မဆိုင်သလို နေသွားဖို့နိုင်ဖို့ ကြိုးစားသွာရမှာပါဘဲနော်။
ရွှင်လန်းချမ်းမြေ့ပါစေ။
နှင်းဆီနီနီ။။




Thursday 4 October 2007

လင့်များအကြောင်း

ကျွန်မဘလောဒ့်ထဲမှာတင် ထားတဲ့အချို့သောလင့်များ အကြောင်းပြောချင်လို့ပါ။
Astrology Zone ထဲမှာ လစဉ်ဗေဒင်ဟောစာတန်းတွေကို ဖတ်နိုင်ပါတယ်။
E-Book Download ထဲမှာတော့ အိုင်တီနဲ့ပက်သက်တဲ့ စာအုပ်အတော်များများကို အခမဲ့ရယူနိုင်ပါတယ်။
Japanese Vocabulary ထဲမှာကတော့ ခြေခံဂျပန်စာ ဝေါဟာရလေးများကို အပြင်းပြေဖတ်ရှုနိုင်ပါတယ်။
Learning English လို့နာမည်ပေးထားပေမယ့် အမှန်ကတော့ Australia Network ပါ တီဗွီအစီအစဉ်ကို
အင်တာနက်ပေါ်မှာ တင်ထားပေးခြင်းဖြစ်ပါတယ်။ သူ့ထဲမှာ IELTS စာမေးပွဲဖြေဆို သူများ အင်္ဂလိပ်စာလေ့လာနိုင်ရန် အချက်အလက်များနဲ့ အသံနားထောင်နိုင်တဲ့ ဖိုင် တွေပါ ရယူနိုင်လို့ အတော်လေးကိုဘဲ အထောက်အကူပြုတဲ့ လင့်လေးတွပါ။

Wednesday 3 October 2007

ယောက်ျားလား၊ မိန်းမလား

မလေးရှားကဖြေစ်အပျက်လေးပါ။
တနေ့မှာ ရွာတစ်ရွာက မီးမဖွားနိုင်လို့ ဆေးရုံသွားဖို့ရေးပေါ်ဌာနသို့ ဖုန်းလှမ်းဆက်ပါသတဲ့။
ဖုန်းကိုင်တဲ့သူက မလေးတရုတ်ပါ။ ဖုန်းဆက်တဲ့သူကတော့ မလေးလူမျိုးပါ။ သူတို့ပြောကြတာ
ကတော့ အင်္ဂလိပ်လိုပြောကြတာပါ။
မလေး။။ ဟဲလို...အရေးပေါ်ဌာနကပါလား။
တရုတ်။။ ဟုတ်ပါတယ် အရေးပေါ်ဌာနကပါ။
မလေး။။ ကျွန်တော်တို့ ရွာမှာမီးဖွားမည့်အရေးပေါ်လူနာရှိလို့ လူနာတင်ကားလွှတ်ပေးဖို့ လှမ်းဆက်တာပါ။
တရုတ်။။ အော်...အင်း..ကောင်းပြီလေ။ ဆက်လုပ်လိုက်ပါမယ်။ ဒါနဲ့ လူနာကယောက်ျားလား၊ မိန်းမလား။
မလေး။။ ဟင် မီးနေသည်ပါဆိုနေမှ ယောက်ျားဖြစ်ပါ့လားဗျာ။။