Tuesday 23 December 2008

Lucky


Song:
Lucky_ Jason Mraz

Do you hear me,
I'm talking to you
Across the water across the deep blue ocean
Under the open sky oh my, baby I'm trying
Boy I hear you in my dreams
I feel your whisper across the sea
I keep you with me in my heart
You make it easier when life gets hard

I'm lucky I'm in love with my best friend
Lucky to have been where I have been
Lucky to be coming home again
Oooohhhhoohhhhohhooohhooohhooohoooh

They don't know how long it takes
Waiting for a love like this
Every time we say goodbye
I wish we had one more kiss
I'll wait for you I promise you, I will

I'm lucky I'm in love with my best friend
Lucky to have been where I have been
Lucky to be coming home again
I'm lucky we're in love in every way
Lucky to have stayed where we have stayed
Lucky to be coming home someday

And so I'm sailing through the sea
To an island where we'll meet
You'll hear the music, feel the air
I'll put a flower in your hair
Though the breezes through trees
Move so pretty you're all I see
As the world keeps spinning round
You hold me right here right now

I'm lucky I'm in love with my best friend
Lucky to have been where I have been
Lucky to be coming home again
I'm lucky we're in love in every way
Lucky to have stayed where we have stayed
Lucky to be coming home someday

Ooohh ooooh oooh oooh ooh ooh ooh ooh
Ooooh ooooh oooh oooh ooh ooh ooh o oh


Sunday 14 December 2008

Chicken Rice


ကြက်ဆီထမင်းဆိုတာ စလုံးမှာ နေရာတော်တော်များများမှာတွေ့ရမှာပါ။ မစားချင်မှအဆုံး။ မန်းလေးမှာ နေတုန်း ကတော့ စာမေးပွဲနီးတိုင်း တော်တော်စားဖြစ်တဲ့အစားအသောက်ပါ။ ဒါပေမယ့် တစ်ခါမှတော့ လုပ်ပြီးမစားဖူးဘူး။ မနေ့ကတော့ သွေးလှူခါနီး ကြက်ပြုတ်ရေသောက်မယ်ဆိုပြီး ကြက်တစ်ကောင်ဝယ်ဖြစ်တယ်။ ပြီးတော့ ကြက်သား ကိုပေါင်းလိုက်တယ်။ မနေ့ ညနေစာတော့ ကြက်သားပြုတ်ခေါ်မလား၊ ကြက်သားပေါင်းလို့ ခေါ်ရမလားမသိတဲ့ ကြက်သားပေါင်းကို ခါကြက်ဥ၊ မုန့်ညှင်းဖြူနဲ့ စားဖြစ်တယ်။
ဒီနေ့တော့ သွေးလှူပြီး အပြန်မှာ မနေ့က ကြက်သားတွေကျန်နေတာနဲ့ နွှေးရင်နဲ့ ထပ်ပြီး ပေါင်းဖြစ်တယ်။ ထမင်း လည်း ချက်ရမယ့်အတူတူ ဆိုပြီး ကြက်ဆီထမင်းလုပ်စားမယ်ဆိုပြီး စမ်းဖြစ်တယ်။ မဆိုးဘူးဖြစ်တယ် ပြောရမယ်။

ဆန် ဆန်ချင်တဲ့ခွက် ၂ ခွက်။
ကြက်သား တစ်ကောင်ကို ၃ပုံ ၂ ပုံ။
ချင်း အနည်းငယ်။
ဆား သင့်ရုံ။
နှမ်းဆီ ၂ ဇွန်း။


ချက်တာကတော့ ကြက်သားတွေကို ရေနည်းနည်းထည့်ပြီး ဒယ်အိုးထဲမှာဘဲ အဖုံးအုပ်ထားလိုက်တာ။ ကြက်သား အရည်ရအောင် တော့ ရေနည်းနည်းဆိုပေမယ့် မနည်းမများပေါ့။ ရေခန်းရင် အတော်လောက်လေး ရေထည့်ပြီး မီးပြင်းပြင်းနဲ့တည်ထားလိုက်တယ်။ ပြီးတော့ ဒီဘက်မှာ ဆန်ဆေး၊ ပြီးတော့ ရေနွေးအိုးတည် လိုက်တယ်။ ရေဆူတော့ ဆန်ခပ်ပြီး ထားလိုက်တယ်။ ဆန်က ငှဲ့လို့ အနေတော်လောက်ကျတော့ ရေငှဲ့ပြီး ထားလိုက်တယ်။ ပြီးတော့မှ ကြက်ပါင်းရည်ထည့်လိုက်ပြီး နှပ်ထားလိုက်တယ်။ အဲ့ဒီအချိန်အတွင်းမှာ ချင်း၊ နှမ်းဆီနဲ့ ဆား သင့်ရုံထည့်ပြီး အိုးကို ဟိုဘက် ဒီဘက်လှည့်ပေးနေလိုက်တယ်။ ထမင်းနပ်မနပ် ကြည့်ပြီး သိပ်မနပ်သေးလို့ ကြက်ပေါင်းရည် ထပ်ထည့်လိုက်တယ်။ ထမင်း နပ်လောက်တဲ့အချိန်ကျမှ မီးပိတ်ပြီး သူ့အငွေ့နဲ့သူ ထားလိုက်တာ။ စားချင်စဖွယ် ကြက်ဆီထမင်းပေါ့။ ဆန်က ဆူရှီလုပ်စားတဲ့ ဆန်ဖြစ်နေလို့သာ တော်တော်စား ကောင်းတယ်။

ကြက်သားပြုတ်ကြော်လိုပုံစံမျိုးကို လွယ်လွယ်ကူကူ ကြက်ဆီထမင်းပုံစံ လုပ်စားလိုက်တာပါ။ ချက်တာ ကြက်သားက ပြုတ်ပြီးသာ ပြန်နွှေးရုံဘဲဆိုတော့) နာရီဝတ်လောက် ဘဲကြာမယ်ထင်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး မြန်မြန်ဆန်ဆန် လုပ်စားလို့လွှယ်တဲ့ ဟင်းတစ်ခွက်ပါ။ ဒီနည်းဘယ်ကရလဲတော့ မမေးပါနဲ့ ဟိုကြည့် ဒီကြည့်နဲ့ချက်ထားတာ။ ဟိုနေ့ကလည်း တီဗွီကလာတဲ့ စင်္ကာပူ ကြက်ဆီထမင်းလုပ်နည်းကြည့်ထားတာကြောင့် လည်း အဆင်ပြေသွားတာ ဖြစ်မယ်ထင်တယ်။

နှင်းဆီနီနီ။


4th Blood Donation


ဒီဇင်ဘာ ၁၄ ရက် ဒီနေ့ သွေးသွားလှူဖြစ်ပါတယ်။ အမှန်တော့ မနေ့ကလည်း သွားဖြစ်တယ် စောနေလို့ ၊ ပြီးတော့လည်း သံဓါတ် မပြည့်လို့ဆိုပြီး ပြန်လာခဲ့ရတယ်။ သံဓါတ်ကလည်း .၂ လေးဘဲလိုတာ။ အဲ့ဒါနဲ့ နောက်နေ့ပြန်လာခဲ့မယ်ပြောပြီး ဒီနေ့ ထပ်ပြီး သွားဖြစ်ပါတယ်။ အမှန်တော့ သွေးလှူရတာ ပျော်စရာကောင်းသလို သွေးလှူပြီးရင် ပေးတဲ့ လက်ဆောင် လေးတွေကလည်း ချစ်စရာကောင်းတယ်။




မနေ့က သွေးမလှူဖြစ်ပေမယ့် ၃ ကြိမ်နှင့်အထက် သွေးလှူတဲ့လူတွေကို ဦးထုပ်လေးပေးလို့ ဦးထပ်လေးရခဲ့တယ်။ ပြီးတော့ မြန်မာ အဒေါ်ကြီးတွေက လက်ဆောင်ပေးလိုက်လို့ သွေးလှူရင် ညှစ်တဲ့ ခရစ်စမတ်ဘိုးဘိုးပုံ ဘောလုံး လေးလဲရလိုက်တယ်။



ဒီနေ့တော့ ကော်လံတွေမှာတပ်တဲ့ တံဆိပ်လေး ရလိုက်တယ်။ ၄ ခုတောင်ရလိုက်တယ်။ အမှန်က ၅ ခုရတာ လက်ဆောင်ပေးပြီး ပြန်တောင်းသွားတဲ့လူက ရှိနေတော့ ၄ ခုဘဲကျန်ခဲ့တယ်။ သွေးအမျိုးအစားအလိုက် ပေးတာ ဖြစ်ပေမယ့် အနားကလူကြီးကို အစုံပေးတာတွေ့လို့ လိုချင်တယ်ဆိုပြီးတောင်းလိုက်တာ။ သွေးအမျိုးအစား လေးခုလုံးအတွက် ရလိုက်ပါတယ်။ ပြီးတော့ ဒိုင်ယာရီစာအုပ်။ မနှစ်ကလည်း ပေးတယ် ဒီနှစ်လည်း နှစ်ကုန်ခါနီးပြီဆိုတော့ ဒိုင်ယာရီပေးတယ်။ အနှစ်က စာအုပ်က အ၀ါခြောက်ရောင်ဆိုတော့ သိပ်ပြီး မလှသလိုဘဲ။ အမှန်တော့ သူလည်း သူ့ဟာသူလှတော့လှပါတယ်။ ဒါပေမယ့် ဒီနှစ်က ကျွန်မအကြိုက် အနီရောင် ဖြစ်နေတော့ ၂ အုပ်တောင် ဆွဲခဲ့တယ်။



သွေးလှူပြီးတဲ့လူတိုင်းကို ဆေးကဒ်နဲ့ နောက်လှူရမယ့်နေ့ကိုတစ်ခါတည်းပေးလိုက်တယ်။ ပြီးတော့ သွေးလှူပြီး ရင်မုန့်စားလို့ရတဲ့ ကဒ်လေးလဲပေးလိုက်တယ်။



ဒါကတော့ သွေးအတူတူလှူတဲ့လူတွေပါ။




ဒီပုံကတော့ သွေးစစ်ဖို့ နမူနာယူနေတဲ့ပုံ




ဒါကတော့ သွေးအိတ်မှာကပ်တဲ့ကုဒ်နံပါတွေပါ။




အရင်တခေါက်လို သွေးဘယ်လောက်ဝင်ပြီးလည်း ကို ကုတင်ပေါ်ကနေရိုက်လို့မရခဲ့ဘူး။ ဒါပေမယ့် ရသလောက် ရိုက်မယ်ဆိုပြိး ရိုက်ခဲ့တာ ဒီပုံလေးဘဲရခဲ့တယ်။

သွေးတစ်ခါလှူတိုင်း လူသုံးယောက်ရဲ့အသက်ကို ကယ်နိုင်တယ်လို့ပြောတာဆိုတော့ သွေးက လေးခါလှူပြီးပြီ ဆိုတော့ လူ၁၂ ယောက်ရဲ့ အသက်ကိုကယ်ခဲ့နိုင်ပြီပေါ့။ ဒီနေ့ ကုသိုလ်ပါ။

နှင်းဆီနီနီ။


Wednesday 10 December 2008

Put Nail Polish On Your Bling!


Bling Bling တွေနဲ့ ပက်သက်ပြီး နဲနဲပြောပြချင်လို့ပါ။ အခုခေတ်မှာ ရောင်တောက်ပြီး လှနေတဲ့ ရင်ထိုးတွေ၊ နာကပ်တွေ၊ ဆွဲသီတွေ၊ ကလစ်တွေ အရမ်း ခေတ်စားလာ ပြီး ဒီဇိုင်းမျိုးစုံရှိနေတော့ ကျွန်မတို့ မျက်စိကျစရာဖြစ်လာပါတယ်။ ဒါပေမယ့် ခတ်တာက အဲ့ဒီ အရောင်တောက်တဲ့ ကျောက်တွေနဲ့ လုပ်ထားတဲ့ ပစ်စည်းတွေက ကျောက်တွေက ကျွတ်ထွက်၊ ပြုတ်ထွက်သွားရင် တော်တော်ကြည့်ရရုပ်ဆိုးပြီး ဆက်ပြီး မသုံးချင်စရာဖြစ်သွားပါတယ်။ အဲ့ဒါနဲ့ ကျွန်မမှာ မသုံးဘဲ သိမ်းထားဖြစ်တဲ့ ကလစ်တွေ ရှိနေတယ်။ ကြိုက်လွန်းလို့ ဆက်ပြီး သုံးနေတဲ့ နာဆွဲတွေ ရှိနေတယ်။ ကျောက်တွေကို ကော်နဲ့ကပ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်တာများပါတယ်။ ခဏနေကျတော့ ပြန်ပြုတ်ထွက်ကုန်ရော ကိုယ်ကလည်း ကျွမ်းကျင်တဲ့လူမဟုတ်တော့ ကော်တွေက ပြန့်ကုန်ပြီး တစ်ခြားကျော်ကတွေပါ မလှ ဖြစ်ကုန်လို့ အဆင်မပြေဖြစ်နေတာ။ အဲ့ဒီကျောက်တွေနဲ့ ဟာတွေကို မ၀ယ်ရဲအောင် ဖြစ်နေပါတယ်။ လှကလည်းလှ၊ လိုကလည်း လိုချင်၊ ၀ယ်လည်းမ၀ယ်ရဲဖြစ်နေတာ။

မနေ့ကတော့ အစ်မတစ်ယောက်က နည်းပြောပြပါတယ်။ အဲ့ဒါက စစချင်း ၀ယ်ဝယ်ပြီးချင်းကို လက်သည်းနီ အကြည့်ရောင်(ပေါလစ်)နဲ့ သုတ်ထားလိုက်ရင် တော်တော်ကြာတဲ့အထိ ကျောက်တွေမပြုတ်ဘဲ ခံတယ်လို့ပြောပါတယ်။ ကျောင်တော့ နဲနဲရောင်တစ်မျိုးဖြစ်သွားမယ်လို့ပြောပါတယ် ဒါပေမယ့် ကျောက်တွေ ပြုတ်ပြီး ရုပ်ဆိုးနေတာထက်စာရင်တော့ အဲ့ဒီလို လုပ်လိုက်တာပိုအဆင်ပြေမယ်လို့ ထင်မိပါတယ်။ အဲ့ဒါနဲ့ ဒီနေ့ဘဲ အိမ်မှာရှိသမျှတွေကို လိုက်ပြီး သုတ်ထားလိုက်တယ်။ အရောင်လည်း ပိုတောက်လာတယ်လို့ ထင်ရတယ်။ ပြုတ်နေတဲ့ ကျောက်တွေလည်း စမ်းပြီး တပ်ထားကြည့်တယ်။ အဆင်ပြေမလားဆိုပြီးတော့။ ဟောင်းတွေ ဖြစ်နေပေမယ့်ထပ်ပြီး မကျွတ်တော့အောင်ပါ။ နောက်ခါ ၀ယ်မယ့် ဟာတွေကလည်း သုတ်ဖို့ ရယ်ဒီဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကြိုက်တဲ့ Bling Bling တွေကို တော်တော်ကြာကြာခံအောင်သုံးလို့ ရတော့မယ်ဆိုပြီး ပျော်နေမိတယ်။

နှင်းဆီနီနီ။

Food's Diary in Singapore

Tuesday 9 December 2008

Christmas Holiday Around Singapore

Friday 5 December 2008

Blood Donation


ဒီရောက်ပြီးမှ သွေးလှူတာတွေလုပ်ဖြစ်တယ်။ ကိုဇူလိုင်တိုက်တွန်းတာလဲပါမယ်ထင်တယ်။ ကိုယ်ကလည်း အစကတည်းက လှူချင်နေတာ အဆင်မပြေလို့ မလှူခဲ့ရတာဆိုတော့ ဒီရောက်ပြီးမှ သွေးလှူဖြစ်တယ်။ စက်တင်ဘာ ၂၁ ရက်နေ့က တတိယအကြိမ်မြောက် သွေးလှူဖြစ်တယ်။ အရင်အခေါက်တွေတုန်းက ကင်မရာလည်း မရှိတာနဲ့ ဓါတ်ပုံတွေဘာတွေမရိုက်ခဲ့ရဘူး။ ဒီတစ်ခါတော့ ရိုက်ဖြစ်တယ်။

ကီလို ၆၀ ကျော်ရင် သွေး ၄၅၀ ယူပါတယ်။ အခုပုံက ၃၂၂ ဂရမ်ရှိတဲ့အချိန်မှာ ကိုယ့်ဘာသာ ရိုက်ထားတာပါ။

သွေးတွေ မြန်မြန်ထွကအောင်လို့ ပိုပြီး ညစ်မိတယ်။ သွေးလှူတဲ့အချိန်မှာ ကိုယ်ထဲကသွေးတွေ ပိုက်ကနေ စီပြီး ဆင်းသွားချိန်မှာ ပူကနဲဖြစ်သွားရင် ကြည်နူးမိတယ်။



ဒါက ဒီတစ်ခါရတဲ့ ခရမ်းချဉ်သီးပါ။ နောက်က ရင်ထိုးကတော့ ကိုဇူလိုင်ဆီက ဓါးပြတိုက်ထားတာ။ စင်္ကာပူ ဘလောဂ့်ဂါသွေးလှူပွဲတုန်းက သွားခဲ့ပါတယ်။ ရက်လိုနေသေးလို့ မလှူခဲ့ရဘူး။ ဒီအတိုင်းပြန်လာခဲ့ရတယ်။ စိတ်တောင် မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဒီဇင်ဘာ ၁၃ ရက်နေ့ဆို လှူလို့ရနေပြီ။ မပြန်ခင်တော့ လှူဖြစ်မယ် ထင်တယ်။

Singapore, Singapore, Singapore

စင်္ကာပူ တစ်ပတ်တာပေါ့။ ဒီတပတ်မှာစားဖြစ်တာတွေ သွားဖြစ်တာတွေ တင်ဖြစ်မယ်ထင်တယ်။


တော်မီနဲ့သွားရင် စားဖြစ်တာတော့ Donut တို့ Pizza တို့စားဖြစ်တာများတယ်။ အခုနောက်ပိုင်း Donut စားတာ များပြီး Donut Factory က ၀ယ်ဖြစ်တယ်။ Donut တွေထဲမှာ Almond Donut ကို ပိုကြိုက်တယ်။ ဒါက အရင်ရိုက်ထားတဲ့ပုံကို တင်လိုက်တာ။ လာဖတ်တဲ့လူတွေ သရေကျအောင်လို့။


စီးတီးဟော မြေအောက်ထပ်မှာရှိတဲ့ ရနံ့သစ်က ကြေးအိုး ဆီချက်ပါ။ စားလို့ ကောင်းတယ်။ အသားများတယ်။ ကြာဇံတော့နည်းတယ်။ ဈေးကတော့ ၅ ကျပ်တဲ့။

Last for one
ဒီအဖွဲ့ ဒီမှာလာပြီးပွဲတွေလုပ်နေတာ ၁ လလောက်ရှိပြီထင်တယ်။ မထင်မှတ်ဘဲ တော်မီခေါ်လိုက် သွားကြည့် မိတယ်။ ကြည့်ပြီး သဘောကျသွားတယ်။ ဟီး ဒီတပတ် နောက်ဆုံးလို့ ပြောသံကြားတယ်။ ၀င်ကြေးတွေ ဘာတွေမရှိပါဘူး။ ဒီလိုဘဲ သွားကြည့်လိုက်တာ။ ဒါပေမယ့် အမြဲအားပေးတဲ့လူတွေ ရှိနေတော့ ၂ ခါ သွားကြည့် တာ ၁ ခါဘဲ ထိုင်ခုံရတယ်။ ဒါတောင် နောက်ဆုံးမှာရတာ။ မနေ့ကလည်း သွားကြည့်ဖြစ်တယ်။ အဲ့ဒီ အကအဖွဲ့လူတွေက ရုပ်သိပ်ပြီးမချောပေမယ့် သူတို့ဝါသနာကို အောင်မြင်အောင် ကြိုးစားတာတော့ သဘောကျတယ်။ ပြီးတော့ တော်တော်လည်း ကြံ့ခိုင်ကြတယ်။ အဲ့ဒါကို သဘောကျတာ ပါမယ် ထင်တယ်။ မနေ့ကတော့ Stone နဲ့ လက်ဆွဲနှုတ်ဆတ်လိုက်တယ်။ ဟီးး ကလေးတွေကြားမှာ ပျော်နေတာ။

Bugis
ကွမ်ရင်ကျောင်းသွားတဲ့နေကရိုက်လာတာ ခရစ်စမတ်သစ်ပင်။

Changi Airport Terminal 3 ကိုမရောက်ဖူးလို့ သွားကြည့်ခဲ့တာ။ ဒါလည်း တော်မီနဲ့သွားတာဘဲ။ ဟိုမှာအ လှဆင်ထားတာတွေ လှလို့ဓါတ်ပုံရိုက်ခဲ့တာ။ အထဲအထိတော့ ၀င်လို့မရပေမယ့် လေယာဉ်ကွင်းနားအထိ မြင်ရအောင်ကို သူတို့လုပ်ထားတာ အရမ်းမိုက်တယ်။ တော်တော်လည်း လှတယ်။ ပြင်ဆင်ထားတာတွေ ခမ်းနားတယ်။ ဖုန်းကင်မရာနဲ့ ရိုက်ခဲ့တာဆိုတော့ ပုံတွေသိပ်မလှဘူးဖြစ်နေတယ်။


Eunos MRT
ဘာမှတော့မဟုတ်ပါဘူး။ ဟိုဟိုဒီဒီ လျှောက်သွားရင်းက ရိုက်လာခဲ့တာလေးတွေ တင်ထားတာ။ မြန်မာပြည်လို အမှိုက်မပစ်ရလို့ ရေးထားတဲ့နေရာမှာ ပစ်ထားသလိုဘဲ။
စင်္ကာပူ တစ်ပတ်တာပေါ့။ အမှတ်တရပါ။

My Favorite Character and Movie

ကာတွန်းနဲ့ ပက်သက်လို့ပြောရရင် ကျွန်မအကြိုက်ဆုံးက Tom and Jerry ကာတွန်းပါ ဒီကာတွန်းကားတွေ ဘယ်လောက်ရှိလဲ ကျွန်မ သေချာမသိပါဘူး။ ဒါပေမယ့် တော်တော်များများကြည့်ဖူးတယ်။ ရုပ်မြင်သံကြားက လာတိုင်းလဲ အမြဲကြည့်ဖြစ်တယ်။ဘယ်လောက်ကြည့်ကြည့် ကြည့်လို့ကောင်းတဲ့ ကာတွန်းကာတွေထဲမှာ Tom and Jerry က ထိပ်ဆုံးကပါနေပါတယ်။



အကြိုက်ဆုံးက သူတို့နှစ်ယောက်ဘယ်လောက်ဘဲ ရန်ဖြစ်ဖြစ် အမြဲပြန်တည့်တာကိုပါ။ ပြီးရင် ဘယ်တော့မှ သူတို့အကျင့်တွေကိုမပြင်ကြဘူး။ တချို့ဇာတ်လမ်းတွေထဲမှာ ပညာပေးခန်းလေးတွေပါတာသဘောကျတယ်။ ကလေးတွေကို ငယ်ငယ်ကတည်းကတချို့သိသင့်တာလေးတွေ သိအောင် ပညာပေးတဲ့အခန်းလေးတွေ အရမ်းသဘောကျတယ်။ ပြီးတော့ Jerry ကCheese ကိုမြင်ရင်လေထဲမြှောက်ပြီးပါသွားတာလေး သဘော ကျတယ်။ ပြီးတော့ ကြွက်မလေးတွေ၊ ကြောင်မလေးတွေ မြင်ရင် နှစ်ကောင်စလုံး မျက်နှာပိုးမသတ်နိုင်တာ ကိုလည်း သဘောကျတယ်။ နောက်ပြီး Tom ဘယ်လောက် ယုတ်မာမာ Jerry က အသနားခံရင် သနားတက်တဲ့ Tom ကို သနားမိတယ်။ အကြိုက်ဆုံးတွေထဲမှာ Tom and Jerry က ထိပ်ဆုံးက။ ကျွန်မ ဂိမ်းတွေ သိပ်ပြီးမကစားပေမယ့် Cartoon Network ထဲက Tom and Jerry ဂိမ်းလေးတော့ ဆော့ဖြစ်တယ်။ ဒီကနေ သွားပြီး ဆော့လို့ရတယ်။


နောက်ထပ် character တစ်ခုကတော့ Donal Duck သူ့ကိုလည်း အရမ်းသဘောကျတယ်။


ကပေါက်တိ ကပေါက်ချာနဲ့ သိပ်ပြီးချစ်စရာကောင်တဲ့ character တစ်ခုမို့ပါ။ သူ့ဇာတ်လမ်းတွဲတွေ တော်တော်များများ ကြည့်ဖြစ်ပါတယ်။ နောက်ပြီး သူနဲ့တွဲပြီးပါလာတဲ့ သူဌေးကြီးနဲ့ ဘဲကလေးသုံးကောင်း ဇာတ်လိုက်တွေကိုလည်း ကြိုက်တယ်။သူဌေးကြီးကပ်စီးနှဲတာကိုလည်း အရမ်းသဘောကျတယ်။ Donald Duck နဲ့တွဲပြီး ပါတတ်တဲ့ Goofy ကိုလည်း သဘောကျတယ်။ စကားပြောရင် အသံသြသြကြီးနဲ့ အမြဲ အမှားတွေ လုပ်တတ်တဲ့ Goofyကိုလည်း သဘောကျတယ်။ သူက မြန်မာပြည်က ကာတွန်းပိုးဇာကိုမျက်စိထဲ အမြဲတွဲပြီး မြင်မိတယ်။ အမြဲပြာရာခတ်တတ်တဲ့ ဘဲလေးက ချစ်စရာလေးပါ။ ငယ်ငယ်က သူပုံတူတွေဆွဲဖူးတယ်။ အရမ်းကြိုက်လို့။


နောက်တစ်ခုက ငယ်ငယ်တုန်းက စွဲစွဲမြဲမြဲကြည့်တက်တဲ့ လိပ်နင်ဂျာ။ သူတို့တွေကိုကြည့်ပြီး ပီဇာစားချင် ခဲ့တာအရမ်းပါဘဲ။ ရူးတာ။ ဇာတ်လမ်းပြီးသွားရင် ပီဇာမှားပြီး အလုအယက်စားတာ အရမ်းသဘောကျတယ်။ အိမ်မှာလည်း သူတို့လို သိုင်းကျင့်ရတာ မောလို့။ မျက်နှာကြီးကြီးချစ်စရာကောင်းတယ် ပြီးတော့လည်း ၀တုတ်နေပေမယ့် ပေါ့ပါးသွတ်လတ်တဲ့သူတို့ ပုံစံကိုအရမ်းဘောကျ မိတယ်။




နောက်ထပ်က Woody Wood Parker သူ့ရဲ့ စရိုက်က အရမ်းကောင်းကြီးမဟုတ်ပေမယ့် အရမ်း သဘောကျတယ်။ ရီရတယ်။ သူ့ရဲ့ရီတဲ့ပုံစံကို အရမ်းဘောကျတယ်။ ဟ ဟ ဟ ဟာ ဟ ဟ ဟ ဟာ ဟ ဟ ဟ ဟာ ဟဟဟဟဟဟ အဲ့ဒီလို ရီတဲ့တတ်တဲ့သူ့ကိုအရမ်းဘောကျတယ်။ သူကဇာတ်လမ်း တွဲတွေအများကြီး မရှိပေမယ့် သူရဲ့ character ကလည်း အောင်မြင်ခဲ့တဲ့ character တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။အခုအချိန်ထိ မရိုးတန်းကြည့်ဖြစ်တဲ့ cartoon character တစ်ခုလည်းဖြစ်ပါတယ်။



အခုနောက်ပိုင် ကြီးလာမှကြိုက်တာ Simpson က characterတွေကို အရမ်းကြိုက်တယ်။ သူက ခေတ်နဲ့အညီ လိုက်ပြီးပြောင်း ပေးထားတဲ့ ဇာတ်လမ်းပါ။ Simpson က အခုဆို သက်တမ်း၂၅ နှစ်ရှိပါပြီ။ ဒီနှစ်ပိုင်းအတွင်း တွေမှာ ကြီးလာတဲ့လူတွေကသူ့ကို အရမ်းကြိုက်ကြတယ်။ US က စစ်တမ်းတွေအရ အအောင်မြင်ဆုံး ကလေး သရုပ်ဆောင်တွေထဲက (လူတွေထဲမှာကို) သူက ထိပ်ဆုံးမှာ ဗိုလ်ဆွဲခဲ့ပါတယ်။ ငယ်ငယ်တုန်းက သိပ်ပြီး မကြိုက်ခဲ့ပေမယ့် အခုကြီးလာတော့တော်တော်ကြည့်ဖြစ်တဲ့ ကာတွန်းဇာတ်လမ်းတွဲလေးပါ။ အိမ်မှာ ဖေဖေက အစ အဲ့ဒီ Simpson ကိုကြည့်တယ်။ အားလုံးညှိစရာမလိုဘဲ ကြည့်ဖြစ်တာ အဲ့ဒီ ကာတွန်းကားတစ်ခုဘဲ ရှိမယ်ထင်တယ်။ ပြီးတော့ သူက မိသားစုမှာဖြစ်တတ်တဲ့ ပြဿနာတွေကိုဇာတ်လမ်းဆင်ပြီး ရိုက်ထားဆိုတော့ တော်တော်လေး ကြည့်လို့ကောင်းတယ်။

နောက်ပြီး ထပ်ဖြည့်ပြောစရာရှိတာက ကျွန်မကြိုက်ခဲ့တဲ့ ကာတွန်း ကာရိုက်တာတွေလိုဘဲ ကျွန်မအခု ဖြစ်နေတယ် ဆိုတာပါဘဲ။ အမြဲပြာယာခတ်တတ်တဲ့Donald လို၊ ဒေါသကြီးတတ်တဲ့Donaldလို၊ Woody လိုလဲ အမှားအမြဲလုပ်ပြီး ပြီးရင် နဂိုအတိုင်း ပြန်ဖြစ်တတ်တယ်။ သူတို့ဆီက ကောင်းတာတစ်ခုကတော့ ဘယ်ကာတွန်း ကာရိုက်တာဘဲဖြစ်ဖြစ် စိတ်ရင်း ကောင်းအောင်ထားရမယ်ဆိုတာ လေးတစ်ခုကို ကျွန်မဆီကို ရောက်အောင် သင်ပေးလိုက်တာပါပဲ။ ကျွန်မမှာ အဲ့ဒီကောင်းတာလေး တစ်ခုတော့ ရှိခဲ့ပါတယ်။ ဟီးး ထင်တာပြောတာလေ။ ကိုယ့်ကိုယ်ကိုယ်တော့ စိတ်ရင်းကောင်းတယ်ထင်တာဘဲ။ တခြားလူတွေကတော့ ဘယ်လိုထင်လဲ မသိပါဘူး။

Tag ပိုင်ရှင်ကတော့ ဘယ်လို စိတ်ကူးပြီး Tag လိုက်တယ်မသိဘူး။ ကျွန်မကတော့ ကျွန်မကြိုက်တဲ့ ကာရိုက်လေးတွေဘဲ ရေးလိုက်တယ်။ Woody လို လုပ်ချင်ရာလုပ်တယ်ပေါ့။ တခြား ကြိုက်တဲ့ရုပ်ရှင်တွေ တော်တော်များများက Tag ထားတဲ့ ကိုဇူလိုင်ဆီမှာဘဲ သွားကြည့်လိုက်ပါ။ သူ ရေးထားတာ အားလုံးနီးပါ လောက် ကျွန်မ ကြိုက်တာနဲ့ တူနေတယ်။ အဲ့ဒီထဲက တချို့ကို ဆွဲထုတ်ကြည့်လိုက်မယ်။

အဲ့ဒီထဲက မင်းသမီးနဲ့ ကျွန်မနဲ့တူတယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ပြီးတော့ ဒီထဲက မြည်းနဲ့ ကြောင်ကိုလည်း သဘောကျလို့။

အဲ့ဒီမှာ အသံနဲ့ သရုပ်ဆောင်တဲ့ လူတွေကိုလည်းကြိုက်တယ်။ ကာတွန်း ကာရိုက်တာတွေကို အပြင်က သရုပ်ဆောင်တွေရဲ့ ကာရိုက်တာတွေနဲ့ တော်တော်တူအောင် ဖန်တီးထားတဲ့ ကားလေး၊ ပြီးတော့ အသားမစား တဲ့ ငါးမန်းကလည်း တော်တော်ရီရတယ်။ Jack Black, Will Smith ပြီးတော့ တခြားလူတွေလည်း ပါသေးတယ်။

Tom Hanks ရဲ့ နာမည်ကြီး 3D ကားတွေထဲက တစ်ကားပါ။ Christmas နီးရင် လာတက်တဲ့ကားလေးပေါ့။ ကြည့်လို့တော်တော်ကောင်းတဲ့ကားပါ။

ဒီကားလေးကိုလည်း အရမ်းကြိုက်တယ်။ သူရဲ့အိုင်ဒီယာလေးကထူးဆန်းပြီး တော်တော်လေး ချစ်စရာကောင်း တယ်။

ဒီကားလေးလဲ တော်တော်ကြိုက်တယ်။ သူ့ထဲမှာပါတဲ့ ဇာတ်ဝင်သီချင်းကို ပိုပြီး သဘောကျတာလည်း ပါမယ်ထင်တယ်။ `မင်းကိုဘယ်တော့မှ ငါ့အနားကနေဝေးမှာမထားဘူးဆိုတဲ့ ` စာသားလေးကို ကြိုက်တာ လည်း ပါမယ်ထင်တယ်။ ဒီကားလေးက Fairy Tale တွေထဲမှာသိပ်ပြီး လူသိမများတဲ့ကားလေးပါ။


ဒီကနေကြည့်ကြည့်ပါ ဦး။
ဒီလင့်ကနေလည်း တစ်ကားလုံးကြည့်လို့ရတယ်ဗျ။
ကဲ အားလုံးဘဲ ခရစ်စမတ်မှာ ပျော်ရွှင်ကြပါစေ။ မထင်ရဘူး နှစ်ကူးတော့မယ်။ ပျော်ရွှင်ပါစေဗျာ။

ps. credit to people who host images. :)
နှင်းဆီနီနီ။

Wednesday 3 December 2008

Nick and Norah's Infinite Playlist


ဒီနေ့ တော်မီနဲ့ ရုပ်ရှင်သွားကြည့်ဖြစ်တယ်။ ဒီရောက်ပြီးကတည်းက ရုပ်ရှင်ဆို သူနဲ့ပဲသွားကြည့်ဖြစ်တယ်။ သွားကြည့်တယ်ဆိုပေမယ့်။ အစမ်းပွဲတွေများတယ်။ အရင် ၂ ခေါက်ကလည်း သွားကြည့်ဖြစ်တယ်။ နာမည်ကြီး တွေပေမယ့် သိပ်ပြီးမကြိုက်ဘူး။ ဒီတစ်ခါ သွားကြည့်တော့ တော်တော်လေးသဘောကျတယ် အဲ့ဒါနဲ့ ဘလောဂ့် မှာ တင်မယ်ဆိုပြီး တင်ဖြစ်တယ်။

ဇာတ်လမ်းက ရိုးရိုးလေးပါ။ ကောင်းလေးက သူ့ရည်းစားဟောင်းကို သီချင်းတွေရီမစ်လုပ်ပြီး ပြန်လိုက်တာ။ အဲ့ဒီ
ကောင်မလေးက အမြဲလွှင့်ပစ်တယ်။ အဲ့ဒါကို အတန်းဖေါ် ကောင်မလေးက ကောက်ပြီးနားထောင် တတ်ပါတယ်။ မထင်မှတ်ဘဲ အဲ့ဒီကောင်မလေးနဲ့ ကောင်လေးဆုံးပြီး တစ်ညတည်းမှာတည် ချစ်သူ တွေဖြစ်သွားကြတယ်။ အမှန်တော့ ဇာတ်လမ်းက ရိုးရိုးလေးပါ။ ဒါပေမယ့် ယူထားတဲ့ ဇာတ်ကွက်နဲ့ စကားလုံးတွေ အတွေးလေးတွေက ရိုးပြီးချစ်စရာကောင်းနေတယ် ပြီးတော့ တော်တော်လည်းရီရတယ်။ ပေါ့ပါပြီး လွတ်လွတ်လပ်လပ်ရှိတဲ့ ရုပ်ရှင်မျိုးမကြည့်ရတာလည်း တော်တော်ကြာနေပြီးဆိုတော့ တော်တော်လည်း ကြိုက်မိတယ်။ တော်တော်ကြည့်လို့ကောင်းတဲ့ကားလို့လည်း ထင်မိတယ်။ ၁၀ မှတ်မှာ ၉ မှတ်လောက်ပေးပါတယ်။ အရင်သွားကြည့်တဲ့ High School Musical (3) ထက်ကိုပိုကြိုက်တယ်။ High School Musical ထဲက မင်းသမီးက ပဲများနေတာနဲ့ သိပ်ပြီးကြည့်မရချင်ဘူး။ ရုပ်ရှင်ခေါ်ပြတဲ့ တော်မီကို ကျေးဇူးတင်ပါတယ်။

ဒါကတော့ sample clip တချို့ကြည့်လို့ရအောင် တင်လိုက်တာပါ။

Monday 1 December 2008

ကွမ်ရင်ဘုံကျောင်း


စင်္ကာပူကို အလုပ်လာရှာတဲ့လူတွေ သွားကြတဲ့ နေရာတွေထဲမယ့် ဘူဂစ်က ကွမ်ရင်ကျောင်းလည်း တစ်ခု အပါအ၀င်ပါဘဲ။ ကျွန်မလည်း သွားဖြစ်ပါတယ်။ သွားပြီးဆုတောင်းရင် ဆုတောင်းပြည့်တယ်ပြောလို့ပါ။ ကျွန်မတော့ ခဏခဏလည်း ရောက်ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်လို စာချတာ သိပ်ပြီး မလုပ်တက်လို့။ ဘယ်လို လုပ်ရမှန်းလည်း သေချာမသိခဲ့ဘူး။ သွားဖူးတဲ့လူတွေကိုမေးပြီးတော့ သူတို့ ပြောပြတဲ့အတိုင်းသွားပြီး စာချပါတယ်။ တစ်ယောက်မေးရင် တစ်မျိုးတော့ ပြောပါတယ်။ အစကတော့ ဘယ်လို မေးရမှန်းမသိဘူး။ ပြီးတော့ သွားတိုင်းလည်း အဖြေကို သိချင်နေတာနဲ့ မြန်မြန်စာချပြီး မြန်မြန်ပြန်ခဲ့တာ များတယ်။ ဒီနေ့တော့ အချိန်ရတာနဲ့ ဘေးနားမှာ စုံတွဲတစ်တွဲစာလာချတာနဲ့ သေချာထိုင်ပြီး ကြည့်ဖြစ်တယ် ဘယ်လို စာချလဲဆိုတာကို။

သူက စာချရာမှာ အနီရောင် လခြမ်းပုံလေးနှစ်ခုကို အရင်ချရပါတယ်။ အဲ့ဒီလခြမ်းလေး နှစ်ခုက တစ်ခုက အမှောက်၊ တစ်ခုက အလှန်ဖြစ်မှ မေးလို့ရပါတယ်တဲ့။ နှစ်ခုလုံး အမှောက်၊ နှစ်ခုလုံးအလှန်ဖြစ်နေရင် မေးလို့မရပါဘူးတဲ့။ ပထမ ဆုံးအကြိမ်မှာ အမှောက် နဲ့ အလှန်မဖြစ်ရင် နောက်ထပ် (၂)ကြိမ်လုပ်ခွင့်ရှိပါတယ်တဲ့။ ပြီးတော့ ဗူးထဲမှာရှိတဲ့ စာနံပါတ်တွေကို ခေါက်ပြီး ချရပါတယ်တဲ့။ ပြီးတော့ သူက စာချရာမှာ စာချောင်းတွေထည့်ထားတဲ့ဘူးကို ၄၅ ဒီဂရိလောက်ထားပြီးမှခေါက်ရတာပါတဲ့။ အဲ့ဒါမှ နည်းအမှန်လို့ ပြောပါတယ်။ အဲ့ဒါကတော့ မေမြို့ဘုံကျောင်းမှာ စာချတုန်းက ကြားဖူးတာပါ။ အဲ့ဒီတုန်းကတော့ လခြမ်းပုံတွေဘာတွေ မပါ ပါဘူး။ စာချနည်းကို ဆက်ပြီးပြောပြပါဦးမယ်။ ၀ါးဗူးထဲက စာနံပါတ်ရေးထားတဲ့ စာ ကျပြီဆိုရင် လခြမ်းပုံလေးကို ထပ်ပြီးလုပ်ရပါတယ်။ အမှန်တော့ ဆုတောင်းတာပေါ့။ သေချာအောင် ကွန်ဖန်းလုပ်တာထင်တယ်။ အဲ့ဒီမှာ အမှောက်တခြမ်း၊ အလှန်တစ်ခြမ်းကျရင် အဖြေ မှန်ပါပြီတဲ့။ မဟုတ်ရင် ထပ်ပြီး စာချပါတယ်။ ပြီးမှ အဲ့ဒီ စာနံပါတ်ကို ကောင်တာမှာသွားပေးပြီး စာရွက်တောင်းပါတယ်။ အဲ့ဒီစာရွတ်မှာပါတဲ့ နံပါတ်ကို ဘေးနားမှာရှိတဲ့ စာအုပ်တွေမှာ တိုက်ကြည့်ပါတယ်။ အဲ့ဒီစာက ကောင်းနေရင်တော့ သိမ်းထားရပြီး မကောင်းရင်တော့ ဘုံးကျောင်းအပြင်မှာရှိတဲ့ အမွှေးတိုင်းထွန်းတဲ့ နေရာမှာက မီးမှာ မီးရှို့ပြီး တစ်ခါတည်းမီးရှို့ထားတဲ့ စာရွက် တွေကိုထည့်တဲ့ပုံးထည်းကိုထည့်ရပါတယ်တဲ့။

အရင်တုန်းကတော့ မသိဘဲ စာချတဲ့စာရွက်တွေကို အိမ်ကိုပြန်သယ်မိတယ်။ မီးရှို့ရမှန်းလည်းမသိခဲ့ဘူး။ ဒီနေ့မှ သေချာလိုက်မေးပြီး သိခဲ့ရတာပါ။ ပြီးတော့ ကွမ်ရင်ဆီမှာ အဓိဌာန်ရင်လည်း ကတိတည်ရပါတယ်တဲ့။ လှူမယ်ဆိုရင်လည်း လှူရပါတယ်တဲ့။ ကိုယ်တိုင်ကြုံတွေ့ရတာလေးတွေကို ပြောပြပေးတာပါ။ အားလုံးအဆင်ပြေပါစေ။ (ဓါတ်ပုံမရိုက်ခဲ့ရလို့ ဂူဂဲလ်ကပဲ ယူပြီးသုံးလိုက်တယ်။)
နှင်းဆီနီနီ။

Thursday 20 November 2008

မြို့ပြနေ၀င်ချိန်



ဒီကြားထဲ ဓါတ်ပုံလေးဘာလေးရိုက်ဖြစ်တယ်။ ဒါကတော့ ဒီနေ့ နေ၀င်ချိန်မှာ အိမ်ပေါ်ကနေ လှမ်းပြီး ရိုက်ထားတာ။ ဘာမှမဟုတ်ပေမယ့် အမှတ်တရ ရိုက်ထားတာ။

Thursday 6 November 2008

မာလာငါးဟင်း


မာလာဟင်းချက်စားဖြစ်တယ်။ မာလာဟင်းဆိုပေမယ့် မာလာဟင်းပါ။ ထည့်ရမယ့် ပစ်စည်တွေမစုံပေမယ့်။ စားကောင်းတယ်။ သူငယ်ချင်းကို ရယ်ဒီမိတ် ဟင်းအနှစ်ထုတ်မှာပြီး လုပ်ထားတာပါ။ မိုက်တယ်မဟုတ်လားဟင်။

Sunday 2 November 2008

All About Love

အချစ်အကြောင်း..

အချစ်ဆိုတာ ကြာရှည်စွာကြိုက်နှစ်သက်ချင်းလို့ လည်းထင်မိတယ်။ အချစ်မှာ ကြိုက်နှစ်သက်ချင်းနဲ့မတူတဲ့ သတ္တိတစ်မျိုးရှိတယ်လို့ ထင်မိပါတယ်။ ကြိုက်နှစ်သက်ချင်းမှာ မကြိုက်နှစ်သက်ချင်းဆိုတာ ရှိတယ်။ ခုကြိုက်ပြီး ခဏနေ မကြိုက်တော့တာမျိုးဖြစ်နိုင်တယ်။ ခုချစ်ပြီး ခဏနေ မေ့လိုက်ဖို့ဆိုတာ အခုချက်ချင်း ချစ်ဖို့လွယ်သလောက် ခဏနေ မချစ်ဖို့ ခက်တယ်ထင်မိတယ်။ တစ်ခါတလေ ကိုယ်တိုင်လည်း ချစ်တာနဲ့ ကြိုက်တာကိုမကွဲသေးဘူးရယ်။ ဘယ်ဟာက ပိုပြီးကောင်းတယ် ဆိုတာတော့မသိဘူး။ ဒါပေမယ့် ချစ်ဖို့လွယ်တယ်ဆိုတာ လွယ်လွယ်ချစ်တာမဟုတ်ဘူးလို့တော့ထင်တယ်။ ကြိုက်ဖို့လွယ်တယ် လွယ်လွယ်တော့ ကြိုက်လို့ရမယ်ထင်တယ်။ ဆရာကံချွန်က ချစ်တာနဲ့ ကြိုက်တာက ကြိုက်ဖို့ပိုခက်တယ်လို့ ရေးထားတာ ဖတ်ဖူးသလိုပါပဲ။ သူ့ ဥပမာကတော့ ကိုယ်က ကိုယ့် မိန်မကိုချစ်ပေမယ့် သူ့ရဲ့ တချို့ စရိုက်တွေကို ကြိုက်ချင်မှ ကြိုက်မယ်တဲ့ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ စရိုက်တွေရှိတဲ့လူတိုင်းကိုလည်း ကိုယ်က ချစ်ချင်မှချစ်မှာတဲ့။ လူတိုင်းကို ချစ်လို့မရဘူး ဆိုပေမယ့် ကြိုက်လို့ ရတယ်ပေါ့နော်။ ကြိုက်တဲ့လူတိုင်းကိုလည်း ချစ်ချင်မှချစ်မှာတဲ့။ ဒါပေမယ့် ချစ်ပြီဆိုရင် မကြိုက်လည်း ခွင့်လွှတ်တက်သွားရောတဲ့။ အဲ့ဒီလိုရေးထားတာဖတ်ဖူးတယ်။ အဲ့ဒီအဆိုကိုလည်း လက်ခံမိတယ်။

ကျွန်မတော့ လူတစ်ယောက်ကို သဘောကျနှစ်သက်မိပြီး နှစ်လရှည်ကြာစွာစောင့်ဖူးတယ်။ ငယ်ငယ်တုန်းက အဲ ငယ်ငယ်ဆိုတာ တော်တော်ငယ်သေးတယ် ဆယ်တန်းတောင် အမအောင်သေးဘူးရယ် အဲ့ဒီတုန်းက အစ်ကိုကြီးတစ်ယောက်ကို သဘောကျလို့ ဆယ်တန်းပြီးလို့ တက္ကသိုလ်တက်ရင်ပြန်တွေ့ မယ်ဆိုပြီး အဝေးကြီးကနေ စောင့်ဖူးတယ်။ ကျွန်မတို့ ငယ်ငယ်က ဆယ်တန်းမအောင်ရင် ကလေးကို ကိုယ့်ကိုယ်ကို ဒီလိုထင်ထားတော့ ချစ်တာတွေ၊ ရည်းစားထားတာတွေ ဘာတွေကို ဆယ်တန်းအောင်ပြီးမှ လုပ်လို့ရမယ်ဘဲ ထင်ခဲ့တယ် တွေးခဲ့တယ်။ ဒီလိုနဲ့ ကျောင်းတွေဘာတွေတက်တော့လည်း ကိုယ့်ကို နှစ်သက်တဲ့လူတွေကို လည်း စိတ်မ၀င်စားခဲ့မိဘူး။ ဘာလို့လဲဆိုတော့ ငယ်စိတ်နဲ့ရူးသွပ်ပြီး ငါတစ်ယောက်ထည်းကိုဘဲချစ်မယ်ဆိုပြီး ရုပ်ရှင်တွေထဲကလို ရူးပြီး စောင့်ခဲ့တယ်။ လူဆိုတာ စိတ်ထဲက ပါရင်ဖြစ်တယ်ဆိုတာ သိပ်ပြီးမှန်တာဘဲ။ တကယ်လည်း ကျွန်မနှစ်သက်ခဲ့ဖူးတဲ့ လူနဲ့ အပြင်မှာ ပြန်ဆုံခဲ့တယ်။ ဒါပေမယ့် အချိန်နှောင်းခဲ့တယ်ပေါ့။ ရီတော့ရီရတယ် ကိုယ်အရမ်းနှစ်သက်တယ်လို့ ယူဆခဲ့တဲ့လူတစ်ယောက်ကို ၅ နှစ်ကျော်လောက်ကြာကြာ မှာပြန်တွေ့တော့ မမှတ်မိချင်တော့ဘူး။ တော်တော်ကိုပုံစံဖမ်းယူလိုက်ရတယ်။ ပြီးတော့ ကိုယ့်စိတ်ထဲမှာ ငါကြိုက်တာ ဒီပုံစံကြီးဆိုပြီး တော်တော်လေသွားတယ်။ ဟင် ငါသိတဲ့လူက တော်တော်ချောပါတယ်ပေါ့ အခုပုံကြီးကို ကြည့်ပြီး ငါဒီလိုပုံကြီးကိုများ ကြိုက်ပြီး အချိန်အကြာကြီး စောင့်ခဲ့တယ်ဆိုပြီး ကိုယ့်ဟာကိုယ်တောင် စိတ်ညစ်သွားတယ်။ အဲ အဲ့ဒီထဲကမှတ်သွားတာ။ အချစ်ဆိုတာ နှစ်ရှည်လများကြာလည်း မပြောင်းလဲတဲ့ ကြိုက်နှစ်သက်ချင်းလို့ မှတ်လိုက်မိတယ်။

ဒါပေမယ့် ကျွန်မသူငယ်ချင်းတစ်ယောက်ပေါ့ သူ့ကိုတော့ အချစ်ဆရာမကြီးလို့ ခေါ်တယ်။ ချစ်တယ်ဆိုတာ ကိုယ်က ချစ်ရုံနဲ့ မပြီးဘူးလို့ ပြောတာဘဲ။ ကိုယ်ချစ်သလောက် ကိုယ့်ကို ပြန်ချစ်ဖို့လည်း လိုပါသတဲ့။ အဲ့ဒါမှ အချစ်လို့ခေါ်သတဲ့။ ဆိုလိုချင်တာက အချစ်လို့ ပြောလိုက်တာနဲ့ လူတွေတော်တော်များများ မျက်စိထဲမယ် အစုံလိုက်ပဲ မြင်တက်ကြတယ်လေ။ တစ်ဘက်တည်း ဖြစ်နေ တာကိုလည်း အချစ်လို့ မတထင်ကြဘူးတယ်။ အဲ့ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာ တစ်စုံရှိသော ကြာရှည်စွာ နှစ်သက် ချင်းတစ်မျိုးဖြစ်သွားပြန်ပါရော။ အဲ့ အဲ့ဒီ တစ်စုံမှ တစ်ဘက်က ရော့ကျ ပျက်ပယ်သွားတာနဲ့ အချစ်မဖြစ်တော့ပြန်ဘူးတဲ့။ ဟီးး ကိုယ့်ဘာသာ ပြန်ထားတဲ့ အနက်ပေါ့လေ။

ကျွန်မ ဖေဖေကတော့ပြောပါတယ်။ ချစ်တယ်ဆိုတာ စိတ်ထား နုညံ့သိမ်မွေ့မှ ချစ်တက်တာတဲ့။ လူတိုင်းမချစ်တက်ဘူးတဲ့။ ကိုယ့်ရဲ့ နုညံ့ သိမ်မွေ့မှု့ကို ကိုယ့်နည်းတူ ခံစားတက်တဲ့လူကိုတော့ ကိုယ့်ချစ်သူလို့ခေါ်ပါတယ်တဲ့။ ဟီးး ပြီးတော့ ပြောသေးတယ် နင်က ဒီလောက် ကြမ်းတမ်းတာ ချစ်တက်မှမဟုတ်ဘူးတဲ့လေ။ ဟုတ်ပါရဲ့ မိဘဆိုတာ သားသမီးကို သိတယ်ဆိုတာ ဖြစ်နိုင်တယ်။ ကျွန်မ ရဲ့ နုညံ့သိမ်မွေ့မှု့ကို နားလည်တဲ့ မျှဝေခံစားတက်တဲ့လူမရှိသလို။ ကျွန်မလည်း အဲ့ဒီလို မျှဝေရလောက်အောင်လည်း နုညံ့သိမ်မွေ့ မှုတွေမပေါများသေးပါဘူး။ အချစ်ဆိုတာ မျှဝေချင်းလို့ သတ်မှတ်ရင် ကျွန်မ သိပ်ပြီးတွန့်တိုတက်တဲ့လူတစ်ယောက်ပေါ့။ ကျွန်မမှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေကို မျှဝေပေးဖို့ တွန့်တိုနေတုန်းဘဲ။ ပေးလိုက်လို့ လျှော့သွားမှာ စိုးရိမ်နေတုန်းဘဲ။ အဲ့ဒါကြောင့် ဖေဖေက ပြောတာထင်တယ် ငါ့သမီး နင် မချစ်တက်သေးပါဘူးလို့။ ချစ်တယ်ဆိုတာ မင်္ဂလာတစ်ပါးပဲဆိုရင် ကျွန်မမှာ မင်္ဂလာ မရှိသေးဘူး။ အဲ့ဒီမင်္ဂလာအတွက် ပေးဆပ်ရမယ့်အရင်းအနှီးအလုံအလောက် ကျွန်မမှာ မရှိသေးပါဘူး။ မခွန်မြလှိုင်ကတော့ သူ့ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ပေးတဲ့လူနဲ့ တွေ့သွားပေမယ့် ကျွန်မအတွက်တော့ သိပ်ပြီး မထင်မိဘူးရယ်။ အော် ဘာရယ်မဟုတ်ပါဘူး ကျွန်မ မှာ မင်္ဂလာမရှိသေးပေမယ့် အမင်္ဂလာတော့မဖြစ်သေးဘူးပေါ့နော်။
ဘလောဂ့်မရေးတာကြာတဲ့ ကျွန်မကို ဘလောဂ့်ရေးဖြစ်အောင် တိုက်တွန်းတဲ့ အစ်မခွန်မြလှိုင်ကို လည်းကျေှးဇူးပါ။ ဒါရေးဖို့ တော်တော်ကို စဉ်းစားယူရတယ် ၁ ပတ်ကျော်ကျော်လောက်။ ကျွန်မ မကျွမ်းတဲ့ အပိုင်းကို။ ဘလောဂ့်ပြန်ရေးဖို့လည်း စိတ် ပြန်ဝင်စား သွားတယ်။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။

Wednesday 8 October 2008

Last 10 days

ရေးမယ်ဆိုပြီး ပြောထားပြီး မရေးရသေးတဲ့အကြွေးကို ပြီးအောင် ဆပ်မယ်လို့။ တော်ကြာ သေပြီး အကြွေးတင်နေမှာဆိုးလို့။ မသေခင် ၁၀ ရက် ဘာလုပ်မလဲလို့ မေးရင် အမှန်တော့ ဘာရေးရမှန်းကို တကယ်မသိမိဘူး။ ဒါကြောင့်လည်း လက်နှေးနေတာ ပါတယ်။ အမှန်တော့ ကျွန်မ အပျော်ရွှင်ဆုံး အချိန်က မိတ္ထီလာမှာနေတုန်းက အချိန်တွေပါဘဲ။ ဘယ်လိုမှ ပြန်မရတော့တာတွေ လူတွေကလိုချင်တယ်လို့ ပြောရင် ဟုတ်ပါတယ်လို့ ထောက်ခံမိမယ်။

ကျွန်မမှာ စိတ်ကူးလေးတစ်ခုရှိတယ်။ တကယ်လို့ ကျွန်မသာ ချမ်းသာခဲ့ရင်ဆိုပြီးပေါ့။ ကျွန်မတို့ ငယ်ငယ်က တက်ခဲ့တဲ့ကျောင်းက ကျောင်းဆောင်က အလယ်တန်းကျောင်းဆောင်ပါတွက်မှ တစ်ထပ်ကျောင်ဆောင် သုံးဆောင်ဘဲရှိတယ်။ ကျောင်းသားနဲနဲပဲရှိတဲ့ နယ်ကကျောင်းပေါ့။ တောကျောင်းလေးပေါ့။ ကျွန်မတို့ မမွေးခင် ကတည်းက အဲ့ဒီကျောင်းကရှိခဲ့တာပါ။ အရင်တုန်းက တန်းယားတွေကို ကျောင်းလုပ်ထားတာပါ။ အကျောင်းအိမ်သာဆိုတာ ရှိပေမယ့် သိပ်ပြီးသန့်ရှင်းမှုမရှိဘူး။ ထူးခြားတာကတော့ ကျောင်းဘေးက ဘောလုံးကွင်းကျယ်ကြီးတစ်ခုရှိတာကလွဲလို့ ကျွန်မတို့ ကျောင်းမှာ ဘာမှထူးခြားတာမရှိပါဘူး။ ဒါပေမယ့် အဲ့ဒီကျောင်းကဘဲ ဆရာဝန်ဖြစ်မယ့်သူ၊ အင်ဂျင်နီယာဖြစ်မယ့်သူ စတဲ့ လူရည်ချွန်ရဲ့ ပထမဆုံးနို့ဦးရည် သောက်စို့ရာ နေရာဖြစ်နေတာလေးတစ်ခုဘဲထူးခြားတယ်။

အဲ ကျွန်မချမ်းသာရင်ဖြင့် ကျောင်းဆောင်အသစ်တွေဆောက်မယ်၊ ကျောင်းက အိမ်သာတွေကို ပြန်ပြင်ဆောက်မယ်လို့ စိတ်ကူးဖူးတယ်။ ငယ်ငယ်တုန်းက စိတ်ကူးပါ။ ငါချမ်းသာရင်ပေါ့။ ကိုယ်မကြည့်ခဲ့၊ မဖတ်ခဲ့ရတဲ့ ကျောင်းစာကြည့်တိုက်ကို နောင်လူတွေကြည့်လို့ရအောင် လုပ်ပေးမယ်လို့ စိတ်ကူးဖူးတယ်။ ငါကြီးလို့ ချမ်းသာရင်ဆိုပြီး ငယ်ငယ်တုန်းကပေါ့။ အခုကြီးတော့လည်း အခုအချိန်ထိ ကိုယ်ရှာတဲ့ငွေဆိုတာ က ကိုယ့်အသုံးစရိတ်တောင်လောက်တယ်မရှိတာ။ တစ်လစာ စားစရိတ်တောင်မလောက်တာ။ ကျောင်းဆောက်ဖို့ ဆိုတာဝေးပါရော။ ငယ်ငယ်တုန်းကတော့ အသက် ၂၆ နှစ်လောက်ဆို ငါ အတည်တကျ ဖြစ်ပြီး။ ငါလူကြီးဖြစ်ပြီး ပိုက်ဆံတွေဝင်ပြီလို့ မှတ်ခဲ့တာ။ အခုထိ ကျောင်းတက်လို့ မပြီးနိုင်သေးဘူး။ အလုပ်မရှိသေးဘူး။ စုထားတဲ့ငွေမရှိဘူး။ အခုထိ ငယ်ငယ်တုန်းကလိုဘဲ မိဘဆီက ပိုက်ဆံလက်ဖြန့် တောင်းရတဲ့ဘ၀ကနေ မကျွတ်သေးဘူး။ ဒီလို ဘ၀။

တကယ်လို့ ဒီဘ၀မှာ သင် နောက် ၁၀ရက်နေရင် သေတော့မယ်လို့သာ သေမိန့်ကို သိခဲ့ရင် ကျွန်မဘာလုပ် မယ်ဆိုတာ ဝေခွဲလို့မရခဲ့ဘူး။ တကယ်ပါ။ ဘာလုပ်ရင်ကောင်းမလဲပေါ့။ ကျွန်မအိမ်ရှိတာ ပြန်ရအောင် မြန်မာပြည်မှာ မိဘမရှိဘူး။ ကျွန်မတသက် ကျွန်မ မိဘရှိရာနေရာကသာ ကျွန်မအတွက်အိမ်ဖြစ်ခဲ့တာပါ။ မိဘက အမြဲပြောင်းနေတာ့ ကျွန်မအတွက် အိမ်တွေက များလှပါတယ်။ သူငယ်ချင်းတွေလည်းများလှတယ်။ မသေခင် ဘာလုပ်ချင်လဲမေးရင် ကျွန်မနေဖူးတဲ့နေရာတွေကို ပြန်သွားချင်တယ်။ အဲ့ဒါကတော့ ကျွန်မဆန္ဒပေါ့။ ကျွန်မ သွားချင်တဲ့နေရာတွေကိုရောက်ပါ့မလား။ ကဲ စပြီး ရက်တွက်ရအောင်။

ပထဆုံး သိသိချင်း အိမ်ပြန်ဖို့ ဗီဇာလျှောက်ရမယ် အဲ့ဒါက လေးရက်ကြာမယ်။ အိမ်ပြန်ဖို့အတွက် လေယာဉ်လက်မှတ်ဝယ်ရမယ်။ အဲ့ဒီအတွက် ပိုက်ဆံအနည်းဆုံး ကျွန်မမှာ စင်္ကာပူငွေ ၅၀၀ လောက်ရှိမှ အိမ်ပြန် လို့ရမယ်။ ပိုက်ဆံမရှိလည်း ကိစ္စတော့မရှိပါဘူး။ မရှိဝမ်းစာ ရှိတန်ဆာဆိုတဲ့အတိုင်း ရှိတာ တွေရောင်း ရမှာပေါ့။ ခရီးစရိတ်လောက်တော့ရမယ်ထင်တယ်။ အဲ့ဒါက ပထမ တစ်ရက်။ ဗီဇာလျှောက်မယ်။ လေယာဉ်လက်မှတ်ဝယ်ရမယ်။ ဗီဇာရတာနဲ့ ချက်ချင်းသွားမှာဆိုတော့ လေးရက်မြောက်နေ့ မရောက်ခင် ထိတော့ ဒီမှာနေရမှာပေါ့။ ဒီရက်ပိုင်း အတွင်း ဒီမှာရှိတဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်မယ်။ အိမ်ကိုလည်း ဖုန်းဆက်ပြီးပြောမယ်။ ပြန်လာမယ် ပေါ့။ အိမ်ကတော့ ၀မ်းသာမယ်ထင်တယ်။

လေးရက်မြောက်တဲ့ ဗီဇာရတဲ့နေ့မှာ ကားနဲ့ ဂျဟိုကိုသွားပြီး လေယာဉ်ပျံစီးမယ်။ လေယာဉ်အနည်းဆုံး ၃ နာရီ စီးပြီးမှ အိမ်ရောက်မှာဆိုတော့ ညနေဘက်စီးရင် ညဘက်လောက်တော့ အိမ်ရောက်လောက်မယ်။ အိမ် ရောက်ရောက်ချင်းတော့ အိမ်ကို ဘာမှပြောဖြစ်မယ်မထင်ဘူး။ အားလုံးပျော်ရွှင်စွာညစာစား ရယ်မြော့ပီး အိပ်မယ်။

ငါးရက်မြောက်တဲ့နေ့ ဖေဖေနဲ့ မေမေအတွက် မနက်စာပြင်ပေးမယ်။ ဖေဖေနဲ့မောင်လေးအတွက် နေ့လည်စာ လုပ်ပြီးလို့ အလုပ်သွားရင်တော့ ဒီက အတွေ့အကြုံတွေကို မေမေ့ကိုပြောပြမယ်။ ပြီးရင် ကိုယ်ဆိုးခဲ့တာတွေ တောင်းပန်မယ်။ ဟီးး ကိုယ် ချစ်တဲ့သူတွေအကြောင်းပြောပြမယ်။ မေမေကတော့ တအံ့တသြ နားထောင်မယ်ထင်တယ်။ သူ့သမီးမှာ ဒါမျိုးတွေရှိမှန်း သူသိမှာမှမဟုတ်တာ။ မချစ်တက်ဘူးပဲ ထင်နေမှာ။ အင်း သိချင်လည်း သိမှာပေါ့။ မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ် မသေချင်မှာ ကိုယ့်မေမေကိုတော့ တရားဝင်ပြောပြသင့်တယ်ပေါ့နော်။ အဲ့ဒါကတော့ ကိုယ်လှို့ဝှက်ထားတဲ့ ကိစ္စလေးတွေ ပြောပြမယ်။ မဟုတ်ရင် မေမေက စိတ်မကောင်းဖြစ်နေမှာ။ ဟီးး အခုတောင် စိတ်မကောင်း ဖြစ်နေတာ။ ညနေအားလုံးပြန်လာရင် ညစာချက်ထားတယ်။ ညစာ စားပြီးရင် လမ်းလျှောက်ထွက်မယ်။ ဒါက ကျွန်မတို့ မိသားစု လုပ်နေကျ ဘ၀လေးပေါ့။ ဒါလေးပြီးမှ အိပ်ခါနီး ဖေဖေ၊ မေမေတို့ကို ကန်တော့ပြီးမှ သမီးနောက် ၅ ရက်နေရင် သေတော့မယ်လို့ ဖွင့်ပြောမယ်။ မေမေရော ဖေဖေရော ၀မ်းနည်းမယ်ထင်တယ်။ အမြဲရန်ဖြစ်နေကျ မောင်လေးကရော ဘာပြောမယ်ထင်လဲ။ နင်ရူးနေလားလို့ ရန်ထောင်မယ်ထင်တယ်။ ကျွန်မ သေချာရှင်းပြမယ်။ ကျွန်မသေတော့မှာ သေချာတယ် ဆိုတဲ့ အကြောင့်ကိုပေါ့။ အဲ့ဒီတစ်ညလုံးငို နေမယ်ထင်တယ်။

နောက်ပြီး ထုံးစံအတိုင်း ဖေဖေကို ခွင့်တောင်းမယ်။ နောက်ဆုံးအနေနဲ့ မွေးရပ်မြေကို ပြန်ချင်တဲ့အကြောင်းနဲ့ တက်နိုင်ရင် နောက်ဆုံးတောင်းဆိုတဲ့အနေနဲ့ ကျွန်မစိတ်ကူးတွေကိုပြောပြပြီး ဖေဖေတက်နိုင်သလောက် ကူညီဖို့ တောင်းဆိုမယ်။ ကျွန်မစိတ်ကူးတွေကို ပြည့်နိုင်လောက်တဲ့ အထိ ကျွန်မမှာခွန်အားမရှိတာ။ ကျွန်မစု ထားတဲ့ ရတနာတွေ။ အဲ ကျွန်မ ရတနာစုတာ ၀ါသနာပါတယ်။ ရတဲ့ မုန့်ဖိုးတွေကို စုပြီး ရွှေတို့ဘာတို့ ၀ယ်စုတဲ့အလေ့ရှိတော့ အဲ့ဒါတွေကို မေမေ့ဆီကတောင်းပြီး ပြန်ရောင်းလိုက်ရင်တော့ အိမ်သာ နှစ်လုံးလောက်တော့ ရမယ်ထင်တယ်။ ဒါက ကျွန်စိတ်ကူးပါ။

ဒါပေမယ့် ကျွန်မဖေဖေက မသေခင် ကျွန်မကို သူ့အနားကနေ ပြန်လွှတ်ပါ့မလား။ တကယ်လို့ ကျွန်မနဲ့ အတူ မြန်မာပြည်ပြန်မယ်ဆို သိပ်ပြီး ကောင်းမှာဘဲ။ ဒါဆို တစ်မိသားစုလုံး အတူသွားလို့ရပြီ။ ၅ရက်မြောက်နေ့မှာ ဘဲ အဲ့ဒီကိစ္စကို အပြီးရှင်းပြီး နောက်နေ့ မြန်မာပြည်ပြန်မယ်။ ဒါက ကျွန်မစိတ်ကူးပေါ့။ ထားပါတော့ ဒီလိုဘဲ ဖြစ်တယ်လို့။

ခြောက် ရက်မြောက်တဲ့နေ့မှာ ရန်ကုန်ရောက်မယ်။ ခြောက်ရက်မြောက်တဲ့နေ့မှာ ရန်ကုန်မှာညအိပ်မယ်။ အဲ့ဒီမှာ ရှိတဲ့ မိတ်ဆွေတွေကို ဖုန်းဆက်မယ်။ ငါ ပြန်လာပြီလို့။ ပြီးတော့ မန်းလေးလေးက သူငယ်ချင်းတွေ၊ အမျိုးတွေဆီ ဖုန်းဆက်မယ်။ ပြန်ရောက်ပြီဆိုတဲ့အကြောင်းပေါ့။ ထွေရာလေးပါပြောမယ်ပေါ့။

ခုနှစ်ရက်မြောက်တဲ့နေ့ နံနတ်မှာ ရွှေတိဂုံဘုရားဖူးတယ်။ မသေချင် အကုသိုလ်တွေများတော့ ကုသလိုလ်လေး နဲနဲပါးပါး သယ်သွားဦးမှ။ ပြီးတော့ သင်္ကန်းလှူမယ်။ ပြီးတော့မှကားဂိတ် မဆင်းခင် ကျွန်မ အိပ်မက်ထဲမှာ ခဏခဏမတ်တက်တဲ့ မှော်ဘီက အိမ်လေးဆီ ကိုသွား ကြည့်မယ်။ ပြီးရင် ကားဂိတ်ဆင်းပြီး မွေးရပ်မြေကို သွားမယ်။ မွေးရပ်မြေကိုတော့ ရှစ်ရက်နေ့ မနက်မှာရောက်မယ်ပေါ့။

ရှစ်(ချစ်)ရက်နေ့ မိတ္ထီလာလိုဆိုရင်တော့ ချစ်ရက်နေ့ပေါ့။ အိမ်နားကကျောင်းလေးကိုသွားမယ်။ ရှိနေမယ် ထင်တဲ့ သူငယ်ချင်တွေလိုက်ရှာမယ်။ ဒီအချိန်သွားရင်တော့ မိတ္ထီလာမှာ အရမ်းအေးတဲ့အချိန်ရောက်မှာ သေချာတယ်။ ရောက်ရောက်ချင်း ငယ်ငယ်က ၀င်ပြီး ငေးခဲ့ရတဲ့ မိဘမေတ္တာ စာအုပ်ဆိုက် စာအုပ်တွေ ၀ယ်မယ်။ ပြီးရင် ကျောင်းစာကြည့်တိုက်ကိုလှူမယ်။ ကျောင်းက အိမ်သာအတွက် ငွေလှူမယ်။

ပြီးရင် ကျွန်မမူကြိုတက်တုန်းက ရှိခဲ့တဲ့ ကျောင်းလေးရယ် ရှိမယ်လို့ ထင်တဲ့ ကျောင်းက ဆရာမတွေကို သွား နှုတ်ဆက်မယ်။ ကျွန်မကြီးပြင်းခဲ့တဲ့၊ ဆိုးခဲ့တဲ့နေရာတွေ၊ ရွှေရောင်သန်းခဲ့တဲ့ နေ့ရက်တွကို ပြန်ပြောင်း အောက်မေ့မယ်။ ငယ်ငယ်က တက်ခဲ့ဖူးတဲ့ သြဇာပင်ပါမယ်၊ တမာပင်ပါမယ်။ ကောက်ခဲ့ဖူးတဲ့ စကားပင်ခြေကို သွားမယ်။ မွေးရပ်မှာ တစ်ည အိပ်မယ်။ အဲ ညစာကိုတော့ မြို့ထဲမှာ တွေ့ရာလျှောက်ဝယ်စားမယ်။ အကုန်စားမယ်။ ဖတ်ထုပ်ကြော်ပါမယ်။ ဖိုးစိန် ဆီချက်ပါမယ်။ ညဈေးလျှောက်မယ်။ အဲ ဒီအချိန်ဆို ဖောင်တော်ဦး ဘုရားပွဲရှိတယ်။ ဘုရားပွဲဈေးလည်မယ်။ ငယ်ငယ်တုန်းကလိုပေါ့။

ကိုးရက်မြောက်တဲ့နေ့။ မွေးရပ်မြေရဲ့ နံနက်ကို ထပ်ပြီး ခံစားမယ်။ ပြီးရင် မန်းလေးသွားမယ်။ ငယ်ငယ် ကတည်းက မန်းလေးသူဖြစ်ချင်တာ။ မန်းလေးမှာမမွေးရင်တောင် သေရင်မန်းလေးမှာ သေချင်တယ်။ မိတ္ထီလာ-မန်းလေး လမ်းဘေးတစ်ရှောက် ဘာတွေထူးခြားပြီး ပြောင်းလဲသွားလည်း ကြည့်မယ်။ ကူမဲက အရင်တုန်းက ၅ ကျပ်တန် ကြာဆံဟင်းခါး ဘယ်လောက်ဖြစ်သွားလဲ သိချင်တယ်။ မြင်တိုင်း လက်ညှိုးထိုးပြီး စားချင်တဲ့အော်တက်တဲ့ အမဲခြောက်ကြော် ရှိသေးလားမေးမယ်။ မန်းလေးနဲ့ ထီလာ အနည်းဆုံး နှစ်နာရီတော့ ကြာမယ်ထင်တယ်။ ရောက်ရောက်ချင်း သိပ်ပြီး တွေ့ချင်တဲ့ ဖွားဖွားကို သွားတွေ့ မယ်။ ကန်တော့မယ် ပြီးရင် သူငယ်ချင်းတွေနဲ့ လျှောက်လည်းမယ်။ မုန့်တွေလျှောက်စားမယ်။ မီးလောင်သွားတဲ့ ရတနာပုံဈေး ကိုသွားကြည့်မယ်။ အဲ ၅ နာရီအရောက် အိမ်ပြန်မယ်။ အဖွားအိမ်မှာက ၅ နာရီ အိပ်အရောက်ပြန်ရတယ်။ မဟုတ်ရင် အဖွားကစိတ်ပူနေရော။ အဲ့ဒီထက်နောက်ကျမှပြန်လာရင် အဖွားကို ချွဲရတာလည်း အရသာတမျိုးပေါ့။

တကယ်လို့ ဆယ်ရက်မြောက်တဲ့ နေ့မှာသာအချိန်ရွေးလို့ရခဲ့ရင် မနက်စောစော ဘုရားကြီးမှာ မျက်နှာသစ်တော်ရေလှူတာ ဖူးသွားချင်တယ်။ မန်းလေးမှာနေကတည်းက တစ်ခါမှ မဖူးဘူးဖူး။ အဲ့ဒါ မသေခင် ဖူးချင်တယ်။ မနက်လေးနာရီဆိုတော့ မှီမယ်ထင်ပါတယ်။ ပြီးရင် အားလုံးကို ဒီမှာသေချင်လို့ ပြန်လာတာလို့ပြောလိုက်မယ်လေ။ အဖွားကတော့ ငိုနေမှာပေါ့။ သူမြင်ချင်တဲ့ကျွန်မပုံကို မမြင်ရခင် ကျွန်မ သေသွားမှာမို့။ ခရီးတလျှောက်လုံး အနားမှာ ရှိတဲ့ ကျွန်မ ဖေဖေ၊မေမေနဲ့ မောင်လေးကို အားလုံးအတွက် ကျေးဇူးတင်ကြောင်းပြောမယ်။ ဒီလောက်ဆိုရင် သေလို့ရပြီထင်တယ်နော်။

အဲ ကျန်သေးတယ်။ ယောက်ျားယူရင် သယ်သွားဖို့စုထားတာလေးတွေကို မောင်လေး နင်ဘဲယူလိုက်တော့ လို့ ပြောလိုက်တော့မယ်။ ပြီးတော့ သေချာစည်းကမ်းရှိရှိသုံးဖို့လည်း မှာရဦးမယ်။ ဘာတွေစုထား တာလည်းလို့ တော့ မမေးနဲ့ မပြောပြဘူး။ ပြီးတော့ ကျွန်မအ၀တ်အစားတွေကို စီစဉ်ဖို့ ညီမလေးတွကိုမှာခဲ့မယ်။ ဒါဆိုရပြီထင်တယ်နော်။

အဲ သေရင်ဘယ်လိုသေမှာလဲမသိဘူး။ ကျွန်မ သေချင်သလို သေလို့ရမယ်ဆိုရင် အိပ်ပြီးမှာ ညင်ညင်သာသာလေး သေချင်တာ။ အဲ့ဒီလို သေရင် သိပ်ကောင်းမယ်။ အဲ့ ပြီးတော့ ကျွန်မရဲ့ ခန္ဓာကိုယ်က သုံးလို့ရတဲ့ပစ္စည်းတွေကို လိုအပ်တဲ့လူတွေကို လှူခဲ့မယ်။ ကောင်းမယ် အပိုင်းတွေကိုယူနိုင်တယ်ပေါ့။ အထူးသဖြင့် မျက်လုံးပေါ့။ ကျွန်မ အရင်ဘ၀က ဘာလုပ်ခဲ့လည်းမသိဘူး။ မျက်စိမကောင်းဘူး။ အဲ့ဒီအတွက် မျက်ကြည့်လွှာလှူမယ်ပေါ့။ ကျန်တဲ့အပိုင်းတွေကိုလည်း ကောင်းတာရှိရင် ဖြတ်ယူပါပေါ့။ ဒါပါဘဲ။

ကျွန်မသာ ကျွန်မဘယ်နေ့ သေမယ်သိခဲ့ရင် ဖြစ်ချင်တာလေးကတော့ ဒါပါဘဲ။ မိဘကို ပြန်မလုပ်ကျွေး တဲ့အပြင်။ သေခါနီးတောင် လိုချင်တာတောင်းတဲ့ ဒီလို သားသမီးမျိုး ဖေဖေတို့ မေမေတို့ ရတာ တော်တော် မကောင်းဘူးနော်။ ကံဆိုးတဲ့ မေမေနဲ့ဖေဖေကိုတော့ နောက်ဘ၀ရောက်မှ အခွင့်ရှိရင် အကြွေးဆပ်ပါ့မယ့်လို့ ပြောရင် သေမယ်နော်။

ရေးခိုင်းလို့သာရေးရတယ်။ တကယ်လည်း ရေးရော မျက်ရည်စမ်းစမ်းနဲ့။ တမျိုးမထင်နဲ့ ကိုယ်ဖြစ်ချင်တာတွေ ၊ ကိုယ်လုပ်ချင်တာတွေမေ့နေတာ ဒီပိုစ့်ရေးမှ သတိရလို့။ ကိုယ်ဘယ်လောက် ဆိုးလည်းဆိုတာ စာဖတ်တဲ့ လူတွေကို ချပြသလိုဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်စရာတွေကို ပြန်သတိရတာပေါ့။
အားလုံးပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။


Saturday 4 October 2008

အိမ်ပြန်ချင်တယ်



ဒီသီချင်းလေးက ဟိုအရင်တုန်းက သီချင်းလေးပါ။ အိမ်ပြန်ချင်တယ်တဲ့။

ဘာပဲဖြစ်ဖြစ် တိုက်ဆိုင်တယ်ခေါ်မလားဘဲ။ သီချင်းအဟောင်းလေးတွေ

နားထောင်ဖြစ်နေလို့ ဘလောဂ့်ပေါ်မှာတင်လိုက်တာပါ။ အကြွေးရှင်

ကတော့ မေတ္တာပို့နေလောက်ပြီထင်တယ်။ အခုထိအကြွေးမဆပ်သေးလို့။



Wednesday 1 October 2008

မီးဝေးချိတ်

ဘလောဂ့်မရေးတာကြာတော့ ရေးချင်စိတ်ကုန်ခမ်းနေတာရော။ စာရေးနေကျမဟုတ်တော့ စာမသွားတော့တာ ရော ပေါင်းပြီး ဘလောဂ့်ရေးဖို့ လက်တွန့်နေမိပါတယ်။ စိတ်ထဲမှာဘဲ ကိုယ်ပြောချင်တာလေးတွေ ပြောနေမိတယ်။ အရင်တုန်းကလို ကိုယ်ပြောချင်တာတွေ ကီးဘုတ်ပေါ်ကနေ တဆင့် ဘလောဂ့်ပေါ်ကို မရောက်ဖြစ်တော့ဘူး ဖြစ်နေတယ်။ ချက်တင်ထိုင်လိုက်။ နေးတစ်ထဲကို ၀င်လိုက်နဲ့ တစ်နေ့တစ်နေ့ အချိန်ကုန်နေတယ်။ စလုံးကို ရောက်ကတည်းက မြန်မာစာရိုက်လို့ အဆင်မပြေတာက စပြီး ဘလောဂ့်ပြတ် သွားသလို ဖြစ်ပြီး အခုတော့ မေ့သလောက်တောင်ဖြစ်တော့မယ်။ ဟီး ရည်းစားတွေဘာတွေနဲ့ ဝေးသွားရင် ပြတ်သွားတယ်ဆိုတာ ဒါမျိုးထင်ပါတယ်။ မီးဝေးချိတ်အေးတယ် ဆိုတာမျိုးပေါ့။ စာရေးစရာ အိုင်ဒီယာရော၊ ရေးချင်စိတ်ရော တဖြည်းဖြည်းနည်းသွားတာသာကြည့်ပါတော့။

ဒီရက်ပိုင်းမှာ နဲနဲလေး မုဒ်ပြန်ဝင်လာသလိုဘဲ။ ရေးမယ်ရေးမယ်လုပ်နေတုန်း တက်မယ့်သူရှိတာလေးတွေဘဲ ရေးဖြစ်နေတယ်။ ပြီးတော့ လေ့ကျင့်တာနည်းတော့ အစကတည်းက အရေးအသားမကောင်းတဲ့သူဆိုတော့ ပြီးပြီး ဖတ်လို့မကောင်းတဲ့စာတွေရေးနေမိတယ်။ အခုတောင်ကြည့်ပါလား။ ဘာမှမဟုတ်တာလေးတွေကို ရေးနေမိတယ်။ တက်ကြွေးဆပ်ဖို့ကို ပတ်ပြေးနေမိတယ်။ ဘလောဂ့်ထဲမှာ။ ဘလောဂ့်စရေးခါစတုန်းကတော့ အသည်းအသန်ဘဲ။ နောက်တော့ တဖြည်းဖြည်းမီးဝေးသွားတော့ အေးသွားတယ်။ ဒီကြားထဲတော့ ဘလောဂ့်ပြန်ရေးဖြစ်အောင် ကိုယ့်ကိုယ်ကို မီးပြန်တိုက်မှနဲ့တူတယ်။

Monday 29 September 2008

Nico Rosberg



Formula One အမှန်ကတော့ အဲ့ဒီပွဲကို ကြည့်မရဖြစ်နေတာကြာပါပြီ။ စင်္ကာပူကို မလာခင်ကတည်းက ဒီက အစိုးရက အဲ့ဒီပြိုင်ပွဲကို အရမ်းအသားပေးလွန်းတာကြောင့်လည်းပါ ပါတယ်။ ကိုယ်နဲ့လည်း အလှမ်းဝေးတာကြောင့် လည်းဖြစ်မှာပါ။ ကားပြိုင်တယ်ဆိုတာက ပျင်းစရာကောင်းတဲ့အားကစားလို့ သဘောထားခဲ့တာကို။ ဒီကလူတွေ ကလည်းတော်တော်ရူးနေကြမို့ ကြည့်မရဘဲ အဲ့ဒီပွဲနဲ့ ပက်သက်ပြီး ဘာမှကို မဖတ်ဖြစ်ခဲ့ပါဘူး။

မထင်မှတ်ဘဲ သတင်းစာကနေ ပြိုင်ပွဲဝင်မယ့်သူတွေရဲ့ ရာဇ၀င်ကို ရေးထာတာတွေ့တော့ ထုံစံအတိုင်း ကိုယ်စိတ်ဝင်စားတာ ကြည့်မိတယ်။ ပြိုင်ပွဲဝင်တွေထဲမယ် ဘယ်သူချောလည်းပေါ့။ တစ်ယောက်နှစ်ယောက်တော့ တွေ့ပါတယ်။ သိပ်လည်း စိတ်မ၀င်စားမိဘူး။ ဒါပေမယ့် မနေ့ကတော့ ပြိုင်ပွဲကို စလုံးကလူတွေ ဘာကြောင့် သည်းတာလည်းဆိုတာ သိချင်တာနဲ့ ပွဲအစအဆုံးထိုင်ကြည့်မိတယ်။ အဲ့ဒီမှာပဲ ပိုးဝင်သွားတယ်ဗျ။ Lewis Hamilton ကေိုအစကတည်းက မကြိုက်တာ ပဲများတယ်ဆိုပြီးတော့ပေါ့။ သူမဟုတ်ဘဲ တခြားသူဖြစ်ပြီးရောဆိုပြီး အားပေးမယ် လုပ်ထားတာ။ ပြိုင်ပွဲမစခင်မှာ လူတွေလိုက်ပြတော့ အစကတည်းက ရာဇ၀င်ထဲမှာပါတဲ့ ချစ်စရာ ပြိုင်ပွဲဝင်လေးကို တွေ့လိုက်ပြီး အားပေးမိပါတယ်။ သူလေးက လည်း ဒုတိယနေရာရပါတယ်။ Lewis Hamilton လောက်တော့ အမှတ်တွေမကောင်းပေမယ့် သူလေး ကလည်း မခေသူလေးပါ။

ဒါနဲ့ သူ့ရာဇ၀င်ကို လိုက်ကြည့်မိတယ်။ ၀ီကီကနေပေါ့။ နာမည်အပြည့်အစုံက Nico Rosberg ဖြစ်ပြီး အသက်က အခုမှ ၂၂ ပဲရှိပါသေးတယ်။ သူ့အဖေကလည်း လွန်ခဲ့တဲ့ ၂၆ နှစ်လောက်က Formula One ကားပြိုင်ပွဲက ပြိုင်ပွဲဝင် တစ်ယောက်ဆိုတာလည်း သိခဲ့ရပါတယ်။ သူ့ကို စလုံးက မီဒီယာတစ်ခုက အင်တာဗျူးထား တာကိုလည်း ဒီမှာကြည့်လို့ရပါတယ်။ ဘာရယ်မဟုတ်ပါဘူး ကားပြိုင်ပွဲတွေဘာတွေ သိပ်ပြီး စိတ်မ၀င်စား ပေမယ့် လူကိုတော့ တော်တော်စိတ်ဝင်စားမိတယ်။ ဘာသာစကားလေးမျိုးတက်တယ်ဆိုတဲ့ ဥာဏ်ရည်က နည်းတဲ့ ဥာဏ်ရည်တော့မဟုတ်ဘူးပေါ့နော်။

ဒါပေမယ့် ဥရောပသားတွေတော်တော်များများက ဘာသာစကားအနည်းဆုံး ၃၊ ၄ မျိုးလောက်တော့ တက်ကြတာလို့ပြော ပေမယ့်လည်း အထင်တော့ကြီးမိတယ်။ ကိုယ်က ဘာသာစကား တက်တာကို သဘောကျတဲ့လူမျိုးဖြစ်နေတာကို။ ဖော်မြူလာဝမ်းမှာ စလုံးတွေရောဂါတက်တာကတစ်မျိုး။ ကိုယ်တွေက Formula One ကို စိတ်ဝင်စားသွားတာက ပြိုင်ပွဲဝင်တွေကြောင့်လို့ ပြောရင်တော့ ရည်ရွယ်ချက်တော့ တစ်မျိုး ဖြစ်သွားနိုင်တာပေါ့နော်။ ဒါပေမယ့် Formula One ကိုတော့ အားကစားတစ်ခု အဖြစ်လက်ခံလိုက်မိပါတယ်။ ကျန်းမာကြံ့ခိုင်မှသာ တစ်နာရီ မိုင် ၃၀၀ နှုန်းနဲ့ မောင်ရမယ့်ကားကို မောင်းနိုင်မှာကို။ ဒါကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်မာဖို့၊ စိတ်ဓါတ်ကြံခိုင်ဖို့တွေ အများကြီးလိုသေးတာ ဆိုတော့ အားကစားတစ်ခုအဖြစ် တော့ သတ်မှတ်လိုက်ပါတယ်။ (ကြီးကျယ်လိုက်တာလို့မပြောပါနဲ့ အစက အခုလောက်မသိတော့ အားကစား လို့ကို မထင်တာ။)

Nico လေးကျေးဇူးနဲ့ ကျွန်မအတွက်တော့ ကြည့်စရာ အားကစားနည်းတစ်ခုတိုးသွားတာပေါ့။ ဘာရယ်တော့ မဟုတ်ပါဘူးလေ Formula One စင်္ကာပူ အမှတ်တရလေးအနေနဲ့ ရေးဖြစ်တာပါ။ အမှတ်တရပေါ့။ သြော် စာလုံးပေါင်းမှားရင်လည်း ခါတိုင်းလို ခွင့်လွှတ်ပြီး ဖတ်ပေးကြပါ။ ကျွန်မ စာလုံးပေါင်းစစ်တဲ့နေရာမှာ အားနည်းလို့ပါ။
သူနဲ့ ပက်သက်တဲ့အကြောင်းတွေရေးထားတဲ့ ဖိုရမ်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။

Saturday 20 September 2008

ကာရန်လေး

မျိုးကျော့မြိုင်ကို သိပ်ပြီးမကြိုက်လှပေမယ့်။ သူ့သီချင်းတွေထဲမှာတော့ ကျွန်မအတော်လေးကိုကြိုက်တဲ့
သီချင်းလေးတွေရှိပါတယ်။ မျိုးကျော့မြိုင်ရဲ့ဘလောဒ့်ကိုဝင်ကြည့်ဖြစ်ရင်းနဲ့က ကျွန်မသိပ်ကြိုက်တဲ့ သီချင်းလေးတွေ ကူလာခဲ့ပါတယ်။ သီချင်းလေးကတော့...ကာရန်လေး
ပါ


Monday 15 September 2008

I Will Always Love You



တချို့တွေက ကလပ်စစ်အိုးဒီတွေမကြိုက်တက်ပေမယ့် ကျွန်မကတော့ အဲ့ဒီအိုဒီတွေကြိုက်မိလို့။ အမြဲလိုက်ပြီး စုထားတက်ပါတယ်။ အခုဟာကတော့ ယူကျု့မှာဘဲရှာတွေ့ထားတဲ့ သီချင်းလေးပါ။ အဆိုတော်က နာမည်ကြီး အဆိုတော်ကြီး ကျွန်မတစ်ခါမှနားမထောင်ဖူးသေးပေမယ့် ပထမဆုံးနားထောင်တဲ့အချိန်မှာ တော်တော်လေးဘဲ စိတ်ကို ဖမ်းစားနိုင်တဲ့ အသံနဲ့ ဆွဲဆောင်မှုရှိလှပါတယ်။ အရမ်းလည်း နားထောင်လို့ကောင်းပါတယ်။

Monday 8 September 2008

National Museum of Singapore




ကျောင်းကကျောင်းသားကဒ်နဲ့ ပြတိုက်တွေအခမဲ့ဝင်ခွင့်ရှိတယ်ပြောတာနဲ့ အရင်အပတ်က စင်္ကာပူအမျိုးသား ပြတိုက်ကိုရောက်ဖြစ်ပါတယ်။ အမျိုးသားပြတိုက်ဆိုတော့ ဘာတွေများတွေ့မလဲဆိုပြီး သွားကြည့်ဖြစ်ပါတယ်။ ၀င်ခွင့်က ပုံမှန်ဆိုရင် ၁၀ ပါ။ ၁၀ဆိုတာ ဈေးသိပ်ပြီမကြီးဘူး ဆိုပေမယ့် ပိုက်ဆံပေးပြီးသွားရမယ်ဆိုရင် တော်တော်နဲ့သွားဖြစ်မယ်မထင်ပါဘူး။ ကျောင်းသားတွေအခမဲ့ဆိုတော့လည်း သွားကြည့်ဖြစ်ခဲ့ပါတယ်။




စစချင်း အမျိုးသားပြတိုက်ထဲမှာကို ပြတိုက်အငယ်လေးလေးတွေအများကြီးရှိတဲ့အထဲမှ စင်္ကာပူသမိုင်းပြတိုက်ကို အရင်ဆုံးကြည့်ဖြစ်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ခေတ်အမှီဆုံးနိုင်ငံလို့ပြောနိုင်တဲ့ နိုင်ငံရဲ့ ပြတိုက်ဆိုတော့ ဘာသမိုင်းတွေရှိမလဲဆိုတာ တော်တော်ပဲ စိတ်ဝင်စားမိပါတယ်။ ပထမဆုံး အ၀င်ပေါက်ကပေးလိုက်တဲ့ ဘာကုဒ်ပါတဲ့လက်မှတ်လေးနဲ့ စင်္ကာပူသမိုင်းပြတိုက်အ၀င်မှာဖြတ်ပြီးဝင်တော့ အ၀င်ပေါက်မှာဘဲ ပြတိုက် အကြောင်းရှင်းမယ့် အသံသွင်းထားတဲ့ လမ်းညွှန်းမြေပုံလေးတစ်ခုပေးပါတယ်။ ပြတိုက်ဝင်ဝင်ချင်းမှာ ဘယ်လို အသုံးပြုရမယ်ဆိုတာ ရှင်းပြပါတယ်။ သူက ပြတိုက်ထဲက လမ်းညွှန်းအမှတ်အ သားတွေရှိတဲ့ နေရာရောက်ရင် အဲ့ဒီလမ်းညွှန်းအမှတ်အသား နံပါတ်လေးရိုက်လိုက်တာနဲ့ သွင်းထားတဲ့ အသံထွက်လာပြီး ကိုယ့်ရောက်နေတဲ့ နေရာမှာ သိသင့်တဲ့သမိုင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေကိုရှင်းပြပါတယ်။


ရှေ့အကျဆုံးကျောက်စာလို့ပြောတဲ့စာလေးပါ။

စင်္ကာပူဆိုတာ ဒုတိယကမ္ဘာစစ်ပြီးမှ ပေါ်လာတဲ့နိုင်ငံဖြစ်လို့ ဘာမှရှိမှာမဟုတ်ဘူးလို့ ထင်ထားမိတဲ့ ကျွန်မတို့တတွေ တော်တော်အံ့သြလောက်အောင်ကို သမိုင်းအသေးစိတ်ကိုချပြီးပြထားတာတွေ့ရပါတယ်။ ကျွန်မတို့မမျှော်မှန်းထားတဲ့ အခြေအနေ အနေအထားမျိုးချပြီးပြနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ နိုင်ငံအနေအထား အရတော့ ယုံချင်စရာဖြစ်အောင်ကို သမိုင်းကိုဖန်တီးထားပါတယ်။ အတော်လေးထူးဆန်းတာကတော့ ယုံနိုင်စရာကောင်းလောက်အောင် အချက်အလက်တွေချပြပြီး ဒီနိုင်ငံရဲ့ သမိုင်းထဲကို ဘုရင်တွေဘာတွေ ဆွဲထည့်ထားတာပါပဲ။ ကြည့်ရတာ လူငယ်တွေကို သူတို့ဆီမှာ ခိုင်လုံတဲ့သမိုင်းရှိတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်စေချင်ပုံရပါတယ်။ ဒါတော့ကျွန်မရဲ့အမြင်ပါ။


ချစ်စရာကောင်းလို့ ရိုက်လာခဲ့တဲ့ ဆိုင်ကယ်လေးပါ။


ဓါတ်ပုံတွေရောင်းတဲ့စက်လို့ ထင်ပါတယ်။

စင်္ကာပူဆိုတာ ဘယ်လိုစဖြစ်တာပြီးသွားပြီးချိန်မှာ စင်္ကာပူမှာနေထိုင်တဲ့လူတွေဘယ်ကစလဲဆို တာမျိုးပြထား ပါတယ်။ ကျွန်မစိတ်အ၀င်စားဆုံးပြတိုက်ထဲက အရာကတော့ စင်္ကာပူကိုဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို ထူထောင်ခဲ့တယ်ဆိုတဲ့နေရာလေးပါဘဲ။ ဒီကျွန်းလေးကို လူမျိုးပေါင်းစုံလာရောက် နေထိုင်ကြပြီး စီးပွားရေး လုပ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးမှ နိုင်ငံကို စနစ်တကျတည်ထောင်ခဲ့ကြပါတယ်။ အဲ့ဒီတည်ထောင်တဲ့နေရာ ဘယ်လိုဘယ်ပုံတည်ထောင်ခဲ့တယ် ဘယ်လိုစိတ်ဓါတ်လေးနဲ့ တည်ထောင်ခဲ့တယ်ဆိုတာ ပြတဲ့ပြကွက် တွေကိုသဘောကျမိပါတယ်။ နောက်ပြီး လီကွမ်းယူရဲ့ မိန့်ခွန်း တစိတ်တဒေသကိုပြထားပါတယ်။ အဲ့ဒီထဲက သူပြောတဲ့ ခင်ဗျားတို့သားသမီးတွေကို နောင်ဆယ်နှစ်မှာ တက်စီဒါရိုက်ဘာဖြစ်စေချင်လားဆိုတဲ့ တစ်ခွန်းကို သဘောကျမိပါတယ်။ ဒီနိုင်ငံကို ဘယ်လိုဖြစ်သွားအောင် ပြုပြင်ပြောင်းလဲပစ်မယ်ဆိုတာမျိုး မိန့်ခွန်းတွေ ပြသထားပါတယ်။ စင်္ကာပူ သမိုင်းပြတိုက်ထဲက အဲ့ဒီအခန်းကိုကြိုက်မိပါတယ်။


မလေးနာမည်ကြီးအဆိုတော်ပါ။ ကျွန်မကတော့ မလေးဝင်ဦးလို့ နာမည်ပေးထားပါတယ်။

စင်္ကာပူမှာ ဒေသစားစရာတွေကို ဒီလိုရောင်းလိမ့်မယ်လို့ မထင်မိပါဘူး။
(ရခိုင်မုန့်တီရောင်းနေသလိုဘဲနော်)

ပြီးတော့ လွန်ခဲ့တဲ့ နှစ်၃၀ လောက်ကသူတို့နိုင်ငံမှာ အသုံးပြုခဲ့တဲ့ အစားအသောက်ဈေးဆိုင်ပုံစံမျိုးတွေကို ပြတိုက်ထဲကိုထည့်ပြီးပြထားပါတယ်။ အဲ့ဒီအပိုင်းလည်းအတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ ရုပ်ရှင် နဲ့ဂီတ၊ ဖက်ရှင်နဲ့ဓါတ်ပုံပြခန်းတွေလည်းရှိပါတယ်။ စင်္ကာပူပြခန်း အပြင်အဆင်ကို အခန်းအနားဆုံး ပြင်ဆင် ထားပြီး စီးပွားရေးကောင်းတော့ ယဉ်ကျေးမှုတွေကို သူမတူအောင်မြှင့်ထားတာကိုတွေ့ရပါတယ်။ ဒီပြတိုက်ကို သွားသင့်လားမသိလားဆိုတာကတော့ သူတို့ကိုအထင်ကြီးဖို့ထက် သူတို့ဘယ်လိုထူထောင် ခဲ့တယ်ဆိုတာမျိုး၊ ဘယ်လိုစိတ်ဓါတ်တွေထားရှိခဲ့တာမျိုးအတွက် သွားသင့်တယ်လို့တိုက်တွန်းချင်ပါတယ်။
ပျော်ရွင်ပါစေ။
နှင်းဆီနီနီ။

Wednesday 3 September 2008

My recent viewpoint

ပထမနှစ် စပြီးတက်ခါစက ဒါမျိုးလေးတွေရေးဖူးတယ်။ ဘုတ်အုပ်လေးနဲ့ပေါ့။ ကိုယ်လည်း သူများကို ရေးခိုင်းဖူးတယ်။ ရေးရတာလည်း ကြိုက်သလို သူများတွေရေးထားတာကို ဖတ်ရတာလည်း ကြိုက်တယ်။ တစ်ခါတလေ ပျင်းရင် အဲ့ဒါပဲ ထိုင်ဖတ် နေတက်တယ်။ ပျော်စရာသိပ်ကောင်းတယ်။ သူများဘလောဂ့်တွေထဲမှာ ရေးထားတာတွေ့ကတည်းက ရေးချင် နေတာ။ ကိုယ့်ကို တက်မယ့်သူလုံးဝမရှိတော့ရင့် ကိုယ့်ဘာသာကိုယ့်ဘဲ တက်ပြီးရေတော့မလို့။ ဟိဟိ။ အခုလိုတက်တဲ့ ဦးဇူလိုင်ကြီးကို ကျေးဇူး။

  • ကိုယ့်နာမည်- ဘလောဂ့်ထဲမယ်တော့ နှင်းဆီနီနီပေါ့။
  • ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နီနီ။ အနီရောင်။
  • ကိုယ်ဒီမှာနေတယ် - ကမ္ဘာ့မြေပုံပေါ်က အနီရောင်အစက်လေးမှာ။
  • ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ၆၅၆၅....(နောက်ဆုံးလေးလုံး မေ့နေလို့)။
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
  • အရောင်ဆိုရင် - အနီရောင်။ တစ်ခြားအရောင်တွေလည်း ကြိုက်ပါတယ်။
  • အ၀တ်အစားဆိုရင် - ကိုယ်နဲ့အဆင်ပြေတာလေးတွေရွေးတက်ပေမယ့် အစွန်ရောက် ကြိုက်တက်တယ်။
  • အစားအစာဆိုရင် - မစားကောင်းတဲ့အစားအစာကလွဲရင် အကုန်စားတယ်။
  • ပစ္စည်းဆိုရင် - တာရှည်အသုံးခံမယ့် ပစ္စည်းမျိုးရွေးတက်တယ်။

  • သီချင်းဆိုရင် - အဆိပ်ခွက် နဲ့ ရန်သူတစ်ထောင်(မျိုးကြီး)။ ကျေးဇူး(ဒိုးလုံး)။ မယ်တင်(ဟန်ထူးလွင်)။
  • စာရေးစာဆရာ - ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ နုနုရည်(အင်းဝ)၊ မိုးမိုး(အင်းလျား)၊ တာရာမင်းဝေ၊ နီကိုရဲ၊ အကြည်တော်၊ ဂျူး။
  • စာအုပ် - ကျောင်စာအုပ်မှလွဲပြီး အကုန်ကြိုက်တယ်။
  • Life style – အရိုးသားဆုံး နဲ့ အပျော်ရွှင်ဆုံး။

  • ကိုယ့်ရဲ့ဝါသနာ - သစ်ပင်စိုက်တာ။
  • အလိုချင်ဆုံးလက်ဆောင် - ဘ၀ကပေးမယ့် ပျော်ရွှင်ခြင်းလက်ဆောင်။
  • ကိုယ့်ရဲ့ အချစ်ဆုံးသူက -ဖေဖေ၊ မေမေ နဲ့ မောင်လေး။
  • ကိုယ့်ရဲ့ အလေးစားဆုံးသူက - မြတ်စွာဘုရား။
  • ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - အင်းးးး။
  • ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက- ဖေဖေနဲ့ မေမေ။
  • ကိုယ့်ရဲ့ အမုန်းဆုံးသူက - ကိုယ့်ကိုမုန်းတဲ့လူ ကို အမုန်းဆုံးဘဲ။
  • ရင်အခုန်ဆုံးအချိန် - အပါချီပေါ်တက်ခါနီးအချိန်နဲ့ အပါချီပေါ်မှာ ထိုင်နေတဲ့အချိန်။
  • အကြောက်ဆုံးအချိန် - ၁၆ သြဂုတ်မှစလို့ အခုထိ။
  • အပျော်ဆုံးအချိန် - ပထမဆုံးမွေးနေ့ကိတ် လက်ဆောင်ရပြီး လှီးတုန်းက။
  • အမှတ်တရနေ့ - ၁-၄-၂၀၀၆
  • ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - တောင်းတဲ့ဆုတိုင်းပြည့်ရပါစေသား။

  • အချစ်ဆိုတာ - အချစ်လည်းမဟုတ် အမုန်းလည်းမဟုတ်တာ က သုံညဆို အချစ်က +၁။
  • အမုန်းဆိုတာ - သုံညရဲ့ အခြားတစ်ဘက်က -၁။
  • အလွမ်းဆိုတာ - ရင်ထဲမှာ နင့်နင့်သီးသီး၊ ဆို့ဆို့နင့်နင့် နဲ့ အသက်ရှူကျပ်သလိုမျိုးဖြစ်တာ ထင်တယ်။
  • သံယောဇဉ်ဆိုတာ - သေမလောက်မုန်းနေရင်တောင် ဖြတ်လို့မရဘူး။ ဒါပေမယ့် အဲ့ဒါ အချစ်မဟုတ်ဘူး။
  • ဘ၀ဆိုတာ - ဘ+၀။
  • သူငယ်ချင်းဆိုတာ - သူငယ်ချင်း+သူငယ်ချင်း=သူငယ်ချင်း
  • ချစ်သူဆိုတာ - ချစ်သူဆိုတာ...ကိုယ့်ကို နားလည်ပေးနိုင်ဆုံး ကိုယ့်ချစ်တဲ့သူ။
  • ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - ချစ်ဖို့ကောင်းပေမယ့် သိပ်ပြီးရစ်တက်တယ်။ ဟိ။အခုထိတော့ အသုံးမကျ သေးဘူးပေါ့။
  • ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - "ညီမျှခြင်း"
  • အပြောချင်ဆုံးစကားတစ်ခွန်း - ဘယ်တော့မှ မျှော်လင့်ချက်တွေ မစွန့်လွှတ်ချင်ဘူး...ရမလား။
ဒီပိုစ့်လေး ဖတ်ပြီးတော့ ရေးချင်စိတ်ရှိသူများကို တက်လိုက်တယ်လို့မှတ်လိုက်ပါ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Monday 1 September 2008

RSAF Open House 2008(II)







ဘာရယ်မဟုတ်ပါဘူး။ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို တင်လိုက်ပါတယ်။ နေမပူလို့ ပုံတွေသိပ်မလှဘူး ဖြစ်နေတယ်။