Sunday, 30 September 2007

အသားအရေထိန်းသိမ်းကြစို့

အသားအရေနဲ့ပက်သက်လို့ ကျွန်မသိသလောက် ကိုမျှဝေပါတယ်။ လူတွေအတော်များများ ကသိထားတဲ့ လွဲနေတဲ့ ကျန်မားရေးနဲ့ ပက်သက်တဲ့ သိသင့်တဲ့အချက်လေးတွေကို ဒီပိုစ့်အောက်မှာတင်သွားပါမယ်။ ကျွန်မရေးထားတဲ့နည်းတွေဟာ မြန်မာပြည်ကကျွမ်းကျင်းသူတွေရဲ့ ဟောပြောချက်တွေထဲက ကျွန်မ မှတ်မိသလောက် အရေးကြီးတဲ့ အချက်တွေကို ပြန်ရေးထား တာဖြစ်ပါတယ်။ အမှားများဖြစ်လျှင် အချိန်မှီပြင်ဆင်နိုင်ရန် ကွန်မန့်ထဲမှာရေးပေးခဲ့ကြပါ။ အခုရေးထားတာတွေဟာ ကျွန်မကိုယ်တိုင် လိုက်နာကျင့် သုံးနေသောနည်းများဖြစ်ပြီး၊ အကျိုးသက်ရောက်မှုလည်းရှိပါတယ်။

အမျိုးသမီးများသာမက အမျိုးသားများပါ မိမိရဲ့အသားအရေကျန်းမာရေးကို ဂရုစိုက်သင့်ကြောင်း ကျွန်မသွားရောက် နားထောင်ခဲ့တဲ့ ဟောပြောပွဲကတဆင့် သိရှိခဲ့ပါတယ်။

ပထမဦးစွာ-မျက်နှာသစ်မည်ဆိုရင် အရင်ဆုံးမျက်နှာကို အရင်ရေနဲ့ သစ်ပါ။ ပြီမှမျက်နှာသစ်
ဆပ်ပြာအနည်းငယ်ကို လက်ထဲတွင်ထည့်ပြီး၊ ပြီးလျှင်ရေအနည်းငယ်ထည့်ပါ။
ထို့နောက်လက်နှစ်ဘက်နှင့် ဆပ်ပြာများကိုအမြှုပ်များထွက်လာအောင်ပွတ်ပါ။
အမြှုပ်များထွက်လာမှမျက်နှာပေါ်တင်ပြီး အသားအရာ ပွတ်ပေးပါ။ ပွတ်လျှင်
လည်း ပါးပေါ်တွင် စက်ဝိုင်းသဏ္ဌာန် အောက်မှ၊အထက်သို့ ပွတ်ပေးပါ။ ပြီးလျှင်
ရေဆေးပြီး နောက်ထပ်တစ်ကြိမ်ကို ပထမနည်းအတိုင်းလုပ်ပေးပါ။ အကောင်း
ဆုံးကတော့ နှစ်ကြိမ်ဆေးပေးတာအကောင်းဆုံးပါ။
သတိုပြုရန်။ ။မျက်နှာသစ်ဆပ်ပြာ ကြော်ငြာတွေထဲကလို အများကြီးထည့်ပြီးတော့သစ်စရာမလိုပါ။
ဆပ်ပြာကို မျက်နှာပေါ်တင်ပြီးမှ မျက်နှာသစ်လျှင်၊ မျက်နှာကိုရေနှင့်ဆေးသည့်အခါ
မျက်နှာပေါ်က ချွေးပေါက်တွေဟာ ရေရဲ့အအေးဓါတ်ကြောင့်ချက်ချင်းကြုံ့သွားပြီး
မျက်နှာပေါ်မှာ တင်ထားတဲ့ ဆပ်ပြာတွေဟာ အရေပြားထဲကို အလွယ်တကူနစ်ဝင်
သွားတက်တာ ကြောင့် မျက်နှာသစ်တော့မယ်ဆိုရင် ဆပ်ပြာကို လက်နဲ့ပွန်ပြီးမှ၊ အမြှုပ်
ထွက်လာ မှသာ မျက်နှာပေါ်ကိုတင်ပြီး သစ်ပေးပါ။
ဒုတိယအချက်အနေနဲ့ကတော့ အသက် ၁၆ နှစ်လောက်ကစပြီးအသားအရေထန်းသိမ်းမှုကို တက်နိုင်သရွေ့ ကြိုးစားပြီးလုပ်သင့်ကြောင်းကိုလည်း သိခဲ့ရပါတယ်။ ကိုယ့်ရဲ့ငွေကြေးသုံးစွဲနိုင်မှုအပေါ်မှာမူတည်ပြီး အသား အရေ ထိန်းသိမ်းမှုပစ္စည်းများကို ၀ယ်ယူသုံးစွဲသင့်တယ်လို့လည်းဟောပြောသူကအကြံပေးသွားပါတယ်။ အရေး အကြီးဆုံးကတော့ မိမိအသားအရေကို ပုံမှန်ဂရုစိုက်နေဖို့ လိုအပ်ပါတယ်တဲ့။ လူအတော်များများဟာ အသားအရေပျက်စီးမှသာ ဂရုစိုက်တက်ကြပါတယ်။ အသက် ၄၀ ကျောက်မှ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေသုံးစွဲသင့်တယ်လို့ ထင်နေတာလည်းမှားကြောင်းကိုလည်း ပြောပြသွားပါတယ်။ အသက်အရွယ် ကိုလိုက်ပြီးအသားအရေထန်းသိမ်းမှု ပစ္စည်းတွေကို ပြောင်းလည်းသုံးစွဲသင့်ကြောင်းကိုလည်း အကြံပြုသွား ပါတယ်။ သူဆိုလျှင် အသက်(၃၀) ကျော်ကတည်းက သနပ်ခါးမလိမ်းတော့ကြောင်းလည်းပြောပြသွားပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။
နှင်းဆီနီနီ။။

ဘလောဒ့်အကြောင်း

အမှန်တော့ ကျွန်မဘလောဒ့်နဲ့ဝေးနေတာ အတော်လေးကိုကြာနေပါပြီး။ အစက ရှိရင်းစွဲတင်းမလိပ်ကိုပြင်ဖို့
ကျွန်မဘလောဒ့်ကိုခဏ ပိတ်ထားခဲ့ပါတယ်။ ဒီကြားထဲမှာလည်း မြန်မာနိုင်ငံအရေးနဲ့ပက်သက်ပြီး သတင်းတွေ
မနားတမ်းဖတ်နေရတာကြောင့် ကိုယ့်ဘလောဒ့်ကိုတောင်မဖွင့်ဖြစ်တဲ့နေ့တွေရှိပါတယ်။ သတင်းတွေက စက္ကန့် မလပ်တင်နေတာကြောင့် လွတ်သွားမှာစိုးတာကြော်င့်လည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ စာရေးဖြစ်
အောင်တော့ရေးမယ်ဆိုပြီး ဆုံးဖြတ်ထားပါတယ်။ ကျွန်မဘလောဒ့်မှာလာလည်တဲ့ သူငယ်ချင်းတစ်ယောက်က
အလှအပနဲ့ပက်သက်တဲ့ ကျန်းမာရေးဆိုင်ရာပိုစ့်ကို သူ့ဘလောဒ့်မှာတင်ထားတာဖြစ်တာကြောင့် ကျွန်မ ၀ါသနာပါတာလေးနဲ့ ကျွန်မဘလောဒ့်ကိုအားဖြည့်ဖို့စဉ်းစားထားပါတယ်။ ကျွန်မရဲ့ ဘလောဒ့်ကိုလာလည် ကြတဲ့သူတွေကိုလည်း ကျွန်မရဲ့ခံစားချက်ပေါ်မှာမူတည်ပြီး ကျွန်မရဲ့တင်းပလိပ်လေးတွေကို ပြောင်းလည်းပြင် ဆင်သွားမှာဖြစ်တဲ့အပြင်၊ ကျန်းမားရေးနဲ့ပက်သက်တဲ့စာတွေရေးသွားဦးမှာ ဖြစ်ပါသဖြင့် ဆက်လက်အားပေး
ကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
နှင်းဆီနီနီ။။

Monday, 17 September 2007

ဆောင်းမနက်ခင်း


မျှားပြာ
က ဆောင်းအကြောင်းရေးပါဆိုပြီးတက်တော့ ဘယ်ကနေဘယ်လိုစရေးမှန်းမသိခဲ့ ပါဘူး။ ဘာပဲဖြစ်ဖြစ် ရေးမယ်လို့ စိတ်ကူးလိုက်တော့ အမှတ်ရစရာ အဖြစ်လေးကခေါင်းထဲဝင်လာလို့။ ဘာပဲဖြစ်ဖြစ် အဲဒါလေးဘဲ ရေးမယ်လို့ ဆုံးဖြတ်ပြီး ရေးလိုက်ပါတယ်။ ဆောင်းနဲ့ပတ်သက်လို့က ဆောင်းတွင်းကိုကြိုက်တာကလွဲလို့ ကျွန်မ မှာမျှားပြာ တို့လိုလွမ်းစရာ၊ ဆွေးစရာတွေမရှိခဲ့ပါဘူး။ ဒါပေမယ့် ဖတ်ပြီးရင်တော့ ကြိတ်ပြီးရယ်ပါနော်. အသံ ထွက်သွားရင် ကျွန်မအကြောင်းလူတွေသိသွားမှာစိုးလို့ပါ။


ဒီဇာတ်လမ်းလေးကဒီလိုပါ။ ကျွန်မတို့နေတဲ့မြို့လေးဟာ အညာဆိုတော့ ဆောင်းတွင်းဘက်တွေမှာ နေ့ခင်းတွေ
မှာအပူပြင်းပေမယ့်၊ ညဘက်နဲ့မနက်ခင်းတွေမှာ အတော်လေးအေးပြီး တခါတလေတော့အအေးကြမ်း ပါတယ်။
စက်တင်ဘာလကုန်၊ အောက်တိုဘာလအစလောက်ကစပြီး ဆောင်းဝင်တက်ပါတယ်။ ဒါပေမယ့် နိုဝင်ဘာ လောက်မှ မြူနှင်းကျပါတယ်။ မြူနှင်းတွေကျပြီဆိုရင် ဆောင်းဟာသိပ်လှတက်ပါတယ်။ ဒီနေရာမှာတော့ မြူနှင်း ကို နှင်းလို့ဘဲလွယ်လွယ်သုံးလိုက်ပါတယ်။ ကျွန်မ ဆောင်းကိုကြိုက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ နှင်းကျတဲ့ မနက်ခင်းတွေကိုသဘောကျလို့ပါဘဲ။ ဆောင်းရနံ့သင်းနေတဲ့ ဆောင်းမနက်မှာ လမ်းလျှောက်တာ ပဲဖြစ်ဖြစ် ၊ စက်ဘီးစီးတာပဲ ဖြစ်ဖြစ်ကျွန်မကနှစ်သက်နေတက်သူပါ။ နှင်းတွေကျတဲ့ဆောင်းတွင်းနေ့တွေမှာဆို တခါတလေ ပန်းတွေဝယ်ပြီး(အထူးသဖြင့် နှင်းဆီပန်းတွေပေါ့)စိတ်ကူးယဉ်တက်သလို၊ နှင်းတွေကျကို
ထိုင် ကြည့်ပြီး လောကအလှကို ယစ်မူးနေတက်ပါတယ်။ ဒါကတော့ ကျွန်မငယ်ငယ် ကတည်းကအကျင့်ဖြစ်လို့ ကျွန်မအိမ်က ကျွန်မဒီလိုရူးသွပ်တာကို ဒီအတိုင်းကြည့်နေတက်ပါတယ်။ ဒီလိုအချိန် တွေဆိုရင်အရူးမလေးတစ် ယောက်တော့ အရူးထနေပြီဆိုပြီးတော့ ခွင့်လွှတ်ပြီးလွတ်ပေးထားတက်ပါတယ်။ မှတ်မှတ်ရရပါ ကျွန်မကိုးတန်း နှစ်ကပေါ့။ ကျွန်မတက်တဲ့ကျောင်းက ကျွန်မနေတဲ့နေရာကနေဆိုရင် အတော် လေးကို ဝေးပါတယ်။ ကျောင်းကိုသွားဖို့တော့ ကျောင်းကားရှိပါတယ်၊ ကျောင်းကားဂိတ်နေရာကိုရောက်ဖို့ကို တော့ ကျွန်မအိမ်ကနေ အတော်လေးသွားရပါတယ်။ ဆောင်းမနက်တခုမှာပေါ့ ကျွန်မကျောင်းကားဂိတ်ကို သွားဖို့ အိမ်ကထွက်လိုက်
တဲ့အချိန်အိမ်အပြင်ဘက်မှာ နှင်းတွေကျနေတာတွေလို့ ကျွန်မအတော်လေးပျော် သွားခဲ့ပါတယ်။ နှင်းတွေက အတော်လေးကိုကျနေပြီး၊ ရှေ့ကိုလက်တကမ်း လောက် ဘဲမြင်ရပါတယ်။ နှင်းတွေ
က တဖွဲဖွဲနဲ့ကျ နေလိုက်တာ ကျွန်မ၀တ်ထားတဲ့ အနွေထည်လေးကို ခဏလေးနဲ့နှင်းပေါက်တွေပြည့်သွားပါ တော့တယ်။ နှင်းတောထဲမှာ စိတ်ကူးယဉ်ပြီးကျောင်းကားဂိတ်ကို လမ်းလျှေက်လာလိုက်တာ ကျောင်းကား ဂိတ်နားကိုရောက်ဖို့ ခေါ်လောက် အရောက်မှာ။ (အဲ..ကျွန်မတို့ ကျောင်းကားဂိတ်နားမှာ ဧကရစ်ပန်းပင် တစ်ပင်ရှိပါ တယ်။ ဆောင်းတွင်း မနက် တွေမှာဆို ဧကရစ်ပန်းကောက်တဲ့သူတွေနဲ့ ဧကရစ်ပင်နားမှာ လူစီနေခဲ့တာပေါ့။ ကျွန်မငယ်ငယ်တုန်းကလည်း အဲဒီဧကရစ်ပင်အောက်မှာပန်းတွေကောက်ခဲ့ဖူးပါတယ်။) ငယ်ငယ်တုန်းက ဧကရစ်ပန်းကောက်ခဲ့ ဖူးတဲ့ဘ၀ လေးကို စိတ်ကူးယဉ်ပြီး နှင်းတောထဲမှာလမ်းလျှေက်လာလိုက်တာ ဧကရစ်ပင် နားကိုလည်းရောက်ရော နှင်းတောထဲကအရိပ်တစ်ခုထွက်လာပါတယ်။ ကျွန်မထင်တာ လမ်းဖြတ်သွားတဲ့ လူတစ်ယောက်ပေါ့ နှင်းတော ထဲမှာမို့ ကျွန်မကိုမမြင်လို့ ၀င်တိုက်မိတော့မလိုဖြစ်သွားတာလို့ ထင်ပြီး ရှောင်ပေး လိုက်ပါတယ်။ ဒါပေမယ့်
အရိပ်ကကျွန်မရှေ့မှာရပ်သွားပြီး၊ လက်ကြီးတဖတ်ထွက်လာပါတယ်။ လက်ထဲမှာ တော့ စာအိတ်တခု၊ ပြီးတော့ အသံတစ်ခုက ညီမလေး..ဒီစာလေး ယူသွားပေးပါတဲ့။ ဗုဒ္ဓေါ....ဘုရားတလိုက် တာ စိတ်ထဲကပါ။ လူတကိုယ်လုံးထူးပူးသွား ပါတယ်။ တသက်နဲ့တကိုယ်ဒါ ပထမဆုံးပါဘဲ။ ရှက်လိုက်တာ သေတော့မှာဘဲ၊ ဒီနေရာမှာတင်လဲပြီးသေပါတော့လို့စိတ်ထဲက ပြောနေလိုက်မိတယ်။ ခုနကကြည်လင်နေတဲ့ ကျွန်မစိတ် ဘယ်ရောက်လို့ ဘယ်ရောက်သွားမှန်းကို မသိတော့ပါဘူး။ ဘာလုပ်လို့လုပ်ရမှန်းလည်းမသိ၊ ရှက်တာလည်း ကမ်းကိုကုန်းနေတာဘဲ။ ကျွန်မမျက်စိထဲမှာတော့ ကျွန်မကိုဝိုင်းကြည့်နေကြတဲ့ ပန်းကောက်နေတဲ့ ကလေး တွေနဲ့၊ ကျွန်မရှေ့ကိုရောက်လာတဲ့ စာအိတ်။ ပြီးတော့နားထဲမှာလဲဘာမှ မကြားတော့ပါဘူး။ စာလိုက် ပေးတဲ့သူကတော့ ပြောတော့ပြောနေတယ်ဘာတွေပြော နေမှန်မသိဘူး။ ခေါင်းထဲမှာတော့
ပြေး...ပြေး... ပြေးဆိုတာတစ်ခုဘဲကြားနေတယ်။ ကဲဟာဆိုပြီး လွယ်ထားတဲ့လွယ်အိတ်ကို
လက်နဲ့မြဲနေအောင်
ကိုင်၊
သုတ်ခြေတင်ပြီးခြေဦးတည့်ရာကို ပြေးလိုက်တာ၊ သတိရလို့ကြည့်လိုက်တော့ ကျောင်းဂိတ်နားက ကျွန်မသူငယ်ချင်း တစ်ယောက်ရဲ့အိမ်ရှေ့ကိုရောက်နှင့်နေပြီ။ စာပေးတဲ့သူလိုက်လာသလား လိုက်မလားဘူးလားလည်း မသိ တော့ဘူး။ သူငယ်ချင်းရဲ့ အိမ်ရှေ့တံခါးကို အတင်းခေါက်လိုက်မိတယ်။ သူ့အမေထွက်လာတော့မှ သူငယ်ချင်း ကိုကျောင်းသွားဖို့ လာခေါ်တာလို့
အယောင်ယောင်အမှားမှား၊ အထစ်တစ်အငေါ့ငေါ့နဲ့ပြောလိုက်မိတယ်။ အော် အေး..သမီးရဲ့ သမီးသူငယ်ချင်းက သွားပြီးလို့ ကျွန်မသူငယ်ချင်းအမေပြောတော့၊ ဟုတ်ကဲ့ဆိုပြီး ကျောင်းကား ဂိတ်ဖက်ကိုပြန်လှည့်၊ ခြေတလှမ်းကို ကုဋေတစ်သန်းနှုန်းနဲ့ လျှောက်လိုက်မိတယ်၊ ဘာလို့လည်းဆိုတော့
ဟိုလူကို နောက်ထပ်ပြန်တွေ့မှာစိုးလို့၊ ခုနကနှစ်မိနစ်လောက်လျှောက်ရတဲ့ ခရီးကိုဆယ့်ငါးမိနစ်လောက်ကို ကြားသွားပါတယ်။ ကျွန်မကျောင်းကားဂိတ်ကိုရောက်တော့ ကျောင်းကားရောက်လို့ ကျောင်းသားတွေတောင် ကားပေါ်မှာ ထိုင်နေကြပါပြီး။ အဲဒီနေ့က ကျွန်မဖယ်ရီ ပေါ်မှာနေရာကောင်းကောင်းမရခဲ့ပါဘူး။
အဲ့ဒီစာပေးတဲ့ သူလည်း နောက်ထပ်ပေါ်မလာတော့ပါဘူး။ သူပေါ်လာလည်း ကျွန်မကမှသူကိုမသိတာ။ တကယ်တမ်း ပြန်စဉ်းစား ကြည့်လိုက်တော့ ကျွန်မကိုဘယ်သူက ပေးလို့ပေးမှန်းမသိလိုက်တာကိုတော့စိတ်ထဲ တကယ်ဘဲ မကြေခဲ့ဘူး။ တကယ်ဆို ဘယ်သူလဲဆိုတာတော့ ကြည့်လိုက်ဖို့တော့ကောင်းတာပေါ့နော် ဟိဟိ။ ဘာကိုမှ မကြောက်တက်ဖူးရယ်လို့နာမည်ကြီးသလို၊ သူငယ်ချင်းတွေရဲ့ကိစ္စတွေအတော်များများမှာလည်း ရှေ့ဆုံးကနေ ကူညီဖြေရှင်းနေကျ ကျွန်မက ကိုယ့်အရေးကျတော့ ထွက်ပြေးခဲ့ရတာမို့ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မဘ၀မှာ ပြန်စဉ်းစားရင် ဒီလောက်ရယ်စရာကောင်းပြီး ရုပ်ပျက်ဆင်းပျက်၊ အမောတကောထွက်ပြေးလိုက်ရတဲ့၊ ပြန်တွေး လိုက်ရင်တော်လေးကို ရယ်စရာကောင်းတဲ့ ဆောင်းမနက်ခင်းတစ်ခုကိုတော့ ဆောင်းတွင်းရောက်တိုင်း အမှတ်တရရှိနေခဲ့ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
နှင်းဆီနီနီ။။

Sunday, 16 September 2007

Sandakanကတရုတ်ဗုဒ္ဓဘာသာဘုရားကျောင်း

မနေ့ကတော့ ကျွန်မနေတဲ့မြို့လေးမှာရှိတဲ့ တစ်ခုတည်းသော တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းကို ဒီကို ရောက်ပြီးကတည်းက ပထမဦးဆုံးရောက်ဖြစ်ခဲ့တာမို့ ဘလောဒ့်မှာတင်ဖို့ဆုံဖြတ်ခဲ့ပါတယ်။ အဲ့ဒီ ဘုရားကျောင်း ကို ၁၉၈၇ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး၊ မလေးငွေ သန်းပေါင်း(၇)သန်း ကုန်ကျခဲ့ တယ်လို့သိရပါ တယ်။ ဘုရားကျောင်းဟာ ဒီမြို့လေးကို ဘေးအန္တရာယ်ပေါင်းမှ ကာကွယ်စောင့်ရှောက်ပေးတဲ့ အပြင်၊ စီးပွား လာဘ်လာဘတိုးအောင်လည်း စောင့်ရှောက်ပေးတယ်လို့ ဒီမြို့မှာနေကြတဲ့ တရုတ်လူမျိုးတွေက ယုံကြည် တယ်လို့ဒေသခံတွေကပြောကြပါတယ်။ ဘုရားးကျောင်းဟာအတော်လေး သပယ်ဖို့ကောင်းပါတယ်။ ဘုရားကျောင်းကို တောင်ပေါ်မှာတည်ထားတာဖြစ်ပြီး ဘုရားကျောင်းပေါ်ကနေ မြို့ကြည့်ရတဲ့ မြင်ကွင်းဟာ အတော်လေးကို လှတယ်လို့ ပြောတာကြောင့် ဓါတ်ပုံရိုက်ဖို့ ကင်မရာယူသွားခဲ့ပေမယ့်၊ ယူသွားတဲ့ဓါတ်ခဲက အားကုန်နေတာကြောင့် ပုံကောင်းကောင်းမရခဲ့ပါဘူး။ ဒါပေမယ့် ရိုက်ခဲ့တဲ့ ပုံတွေထဲက အကောင်းဆုံးလို့ထင် တဲ့ပုံလေး တွေကိုရွေးပြီး တင်ပေးလိုက်ပါတယ်။


ဘုရားကြီးသုံးဆူပါ.


ဘုရားပုံတော်တွေကို လျှပ်စစ်မီးပူဇော်ထားတာပါ...


ဘုရားကျောင်းအ၀င်က ပုံဖြစ်ပါတယ်...


အ၀င်မုဒ်ဦးကဒီလိုလေးပါ...


ဘုရားကျောင်းပေါ်ကနေမြို့ကို မြင်ရတဲ့ မြင်ကွင်းပါ ...


ဘုရားကျာင်းကလှေကားနဲ့ ပန်းခြံမြင်ကွင်းပါ .


ဘုရားကျာင်းပေါ်ကိုတက်တဲ့ လှေကားကို မြင်ရတဲ့ မြင်ကွင်းပါ .

ဘုရားကျာင်းမျက်နှာစာ မြင်ကွင်းပါ...


Saturday, 15 September 2007

ကျွန်မသိသောမန္တလေးအကြောင်း




မန္တလေးအကြောင်းရေရင် စနစ်တကျ၊ စီကာပတ်ကုံးမရေးချင်ပါဘူး။ ဒီအတိုင်းဘဲ စိတ်ထဲပေါ်ရာကိုရေးလိုက် ချင်ပါတယ်။ သောင်းပြောင်းထွေလာ ဖြစ်သွားမယ်ဆိုရင်တော့ဖြင့် ခွင့်လွှတ်ဖို့ အရင်ဆုံးတောင်ပန်ထားပါမယ်။ မန္တလေးအကြောင်းကို ရေးမယ်ရေးမယ်ဆိုပြီး၊ ရေးလိုက်တာ သုံးလေးငါးခါလောက် ရေးလိုက်၊ မကြိုက်လို့ဖျက် လိုက်နဲ့ အတော်လေးကိုကြာသွားပါတယ်။ နောက်ဆုံး စိတ်ထဲရှိတာကို ချရေးမယ်လို့ ဆုံးဖြတ်လိုက်မှဘဲ အဆင်ပြေသွားပါတော့တယ်။ သည်းခံပြီးသာဖတ်ပေးကြပါရန် ထပ်ပြီးတောင်းပန်လိုက်ပါတယ်။

လူတိုင်းကိုယ်နေဖူးတဲ့ နေရာတွေကို အဝေးရောက်နေတဲ့ အခါမှာ သတိရမှာသေချာပါတယ်။ ကျွန်မလည်း ကျွန်မနေဖူးတဲ့ နေရာလေးတွေကို သတိရတက်ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ နာမည်မကြား ရရင် မန္တလေးကို ကျွန်မ မလွမ်းပါဘူး။ မန္တလေးက အစားအသောက်တွေကို မစဉ်းစာမိရင် မန္တလေးကိုမလွမ်းပါဘူး။ ဆောင်းတွင်းမရောက်ရင် မန္တလေးကို မလွမ်းပါဘူး။ ပြီးတော့ သင်္ကြန်မရောက်ရင် မန္တလေးကို မလွမ်းပါဘူး။ ဒါပေမယ့် မန္တလေးလို့ ကြားလိုက်ရင်၊ ဆောင်းတွင်းရောက်ရင်၊ သင်္ကြန်ရောက်ရင်၊ မန္တလေးကအစားအစာလို့ ပြောပြီးစားတိုင်း မတူခဲ့ရင် မန္တလေးကို အတိုင်းမရှိလွမ်းပါတယ်။


မန္တလေးလို့ပြောလိုက်တာနဲ့ ကျွန်မစိတ်ထဲမှာ ၀မ်းနည်းတာရော၊ ပျော်တာရော၊ လွမ်းတာရော ကိုပါအခါတည်း ခံစား လိုက်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တခါတုန်းက မန္တလေးကိုကျွန်မ အသေအလဲ ကြောက်ခဲ့ဖူးလို့
ပါဘဲ။ အစဦးဆုံး ၀မ်းနည်းတာကစပြောပါမယ့်။ ၀မ်းနည်းတာကတော့ ကျွန်မရဲ့ ကိုယ့်ကိုကိုယ်အောင်မြင် တယ်လို့ ယူဆခဲ့တဲ့ ဟာတွေအားလုံးဟာ မန္တလေးမြို့မှာ ဆယ်တန်းသွားတက်မှဘဲ အားလုံးပျက်စီးသွားခဲ့လို့ပါ။
မန္တလေးမှာ ဆယ်တန်းတက်ခဲ့ရတဲ့ ဘ၀ဟာ မန္တလေးကို နောက်ထပ်တခေါက် ပြန်မသွားချင်လောက်အောင်ကို
ဖြစ်စေခဲ့တာပါ။ အဲဒီလောက်ထိကို မန္တလေးကို ကျွန်မကြောက်ခဲ့တာပါ။ မန္တလေးလို့ပြောလိုက်တာနဲ့ အိမ်မက်ဆိုးတစ်ခုထဲ ပြန်ရောက်သွားသလိုခံစားလိုက်ရတာ၊ မန္တလေးအကြောင်းများယောင်လို့ တောင်မှ မပြောဖြစ်ခဲ့ပါဘူး။ ပြန်မစဉ်းစားချင်ပေမယ့် ကျွန်မဘယ်ကဆယ်တန်းအောင်တာလည်းလို့ မေးတိုင်း မန္တလေးက အောင်တာပါလို့ ဖြေရတိုင်း၊ မန္တလေးဟာ ကျွန်မအတွက်အရေးပါစေခဲ့ပါတယ်။

ဆယ်တန်းပြီးလို့ သူငယ်ချင်းတယောက်ကျေးဇူးနဲ့ မန္တလေးမှာ ကွန်ပျူတာဒီပလိုမာ
သင်တန်းတခုတက်ဖို့ဖြစ် လာတော့ ကျွန်မရှေ့ရေအတွက် မန္တလေးနဲ့ကင်းလို့မရဘူးဆိုတာ ကိုသိခဲ့ရပါတယ်။ သင်တန်းတက်တော့ အပေါင်းအဖေါ် သူငယ်ချင်းတွေရလာတော့ မန္တလေးဟာ ကျွန်မအတွက် အရမ်းကြီးအေးစက်စက် မနေတော့ သလို မန္တလေးကို လည်း ကျွန်မ အရမ်းမကြောက်တော့ပါဘူး။ မန္တလေးကျုံးကြီးဟာ ကျွန်မအတွက် ခြောက်ကပ်ကပ် ကြီးမနေတော့ပါဘူး။ (၂၂) လမ်း၊ လမ်း(၈၀)၊ (၇၃) လမ်း၊ (၃၅) လမ်း၊ ဈေးချို၊ ရတနာပုံဈေး(တရုတ်တန်း) တွေမှာကိုယ့်ခြေရာတွေ ချည်းလားထင်ရလောက်အောင် သူငယ်ချင်းတွေနဲ့ လျှောက်လည်လိုက်၊ မုန့်စားလိုက် နဲ့ အော်.... အတော် လည်းပျော်စရာကောင်းတဲ့ မန္တလေးပါလားနော်။

ကြက်ဆီထမင်း၊ ပေါင်မုန့်ရေခဲသုပ်၊ (၁၉)လမ်းမြီးရှည်၊ ဗထူးကွင်းနားကမြီးရှည်၊ (၂၂)လမ်းထိပ်က ဗရာကျော်သုပ်နဲ့ အအေး၊ ရွှေရွက်လှဒိန်ချဉ်၊
နန်းခမ်းက အမဲလုံးခေါက်ဆွဲ၊ (၃၁)လမ်းက ဆီချက်၊ (၂၇)လမ်းကမတင့်၊ ဂျီတီအိုင်ဝင်းနားကအအေးဆိုင်၊ ဦးပိန်တံတားနား က ထမင်းဆိုင်တွေတွေကို အိပ်ကပ်ထဲက ပိုက်ဆံတွေကို ပေးဖို့ ကျွန်မ၀န်လေး မနေတက် ပါဘူး။ မေမြို့ဆိုတာ က ကြုံတိုင်းသွား၊ စနေနဲ့တနင်္ဂနွေ ဆိုတာကတော့ဈေးချိုမှာ မုန့်စား၊ ဈေးလည်တဲ့ရက်များလားလို့တောင်ထင်ရ ပါတယ်။ ဒီလိုပြောတော့ မန္တလေးမှာကျောင်းတက်တာမဟုတ်ဘဲ လျှောက်လည်တယ်လို့တော့ မထင်လိုက် ကြပါနဲ့ ကျောင်းအားတဲ့ အချိန်တွေမှာလည်တာတွေပါ။

မန္တလေးမှာနေတုန်းကလည်း ဒီတသက်တော့ မန္တလေး မှာ ပဲနေရတော့မှာပါလို့ဘဲ ထင်ခဲ့တာပါ။ ပျော်စရာတွေနဲ့
အဲ့ဒီလောက် ချစ်စရာကောင်းတဲ့ မြို့လေးကို တနေ့မှာထားပြီးထွက် သွားရလိမ့် မယ်လို့ ဘယ်ထင်ထားပါ့မလဲ။ မန္တလေးက ပြောင်းရမယ် ဆိုတော့လည်း တကယ် ပြောရရင် သိပ်ပြီးဝမ်းမနည်းမိပါဘူး။ ဒါပေမဲ့ တကယ်တန်းကျတော့ မန္တလေးကို ချစ်တာတွေဟာ သူနဲ့ဝေးတော့ မှဘဲသိတော့တာကို။ မန္တလေးလို့ ပြောရင် မန္တလေးသူ၊မန္တလေးသားတွေနဲ့ မန္တလေးကအစားအသောက်တွေကို ဘယ်မေ့ထားလို့ဖြစ်ပါ့မလဲ၊ ဒါတွေပေါင်းမှ မန္တလေးလို့ခေါ်နိုင်တာမို့ သူတို့ရဲ့ ချစ်ခင်စရာကောင်းတဲ့၊ ရိုးသား ပြီးပွင့်လင်းတာတွေကို မန္တလေးမှာနေဖူးသူတိုင်း ပြန်မပြောဘဲ မနေနိုင်သလို၊ မန္တလေးကိုမလွမ်းဘဲ မနေနိုင် ကြပါဘူးလို့ ကျွန်မကတော့ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံမှာ နေတုန်းက
တော့ မန္တလေးကို အနည်းဆုံး (၁)နှစ်ကို (၂)ခေါက်(၃) ရောက်အောင် ပြန်နိုင်ပေမယ့်၊ နိုင်ငံရဲ့ပြင်ပရောက်တဲ့ အခါမှာတော့........အင်း...မန္တလေး....မန္တလေး... အလှမ်းဝေ လိုက်တာနော်လို့ ပြောရုံကလွဲလို့ ဘာမှမတက်နိုင်ခဲ့ပါဘူး။ မန္တလေးကဘလောဒ့်ဂါ တွေရေးတဲ့စာတွေကိုသာ ဖတ်ရင်းမန္တလေးကို အလွမ်းဖြေနေရပါတယ်။ တကယ်လို့များ ဒီစာကို မန္တလေးက ဘလောဒ့်ကာ ထဲကများ ဖတ်မိရင်...မန္တလေးကြောင်းလေး တွေကိုများများ ရေးပေးပါလို့။ မန္တလေး မှာ ဘားပဲစားစား ဘလောဒ့်ရေးတဲ့ နှင်းဆီနီနီကို သတိရပါလို့ပြောချင်ပါတယ်။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။