မန္တလေးအကြောင်းရေရင် စနစ်တကျ၊ စီကာပတ်ကုံးမရေးချင်ပါဘူး။ ဒီအတိုင်းဘဲ စိတ်ထဲပေါ်ရာကိုရေးလိုက် ချင်ပါတယ်။ သောင်းပြောင်းထွေလာ ဖြစ်သွားမယ်ဆိုရင်တော့ဖြင့် ခွင့်လွှတ်ဖို့ အရင်ဆုံးတောင်ပန်ထားပါမယ်။ မန္တလေးအကြောင်းကို ရေးမယ်ရေးမယ်ဆိုပြီး၊ ရေးလိုက်တာ သုံးလေးငါးခါလောက် ရေးလိုက်၊ မကြိုက်လို့ဖျက် လိုက်နဲ့ အတော်လေးကိုကြာသွားပါတယ်။ နောက်ဆုံး စိတ်ထဲရှိတာကို ချရေးမယ်လို့ ဆုံးဖြတ်လိုက်မှဘဲ အဆင်ပြေသွားပါတော့တယ်။ သည်းခံပြီးသာဖတ်ပေးကြပါရန် ထပ်ပြီးတောင်းပန်လိုက်ပါတယ်။
လူတိုင်းကိုယ်နေဖူးတဲ့ နေရာတွေကို အဝေးရောက်နေတဲ့ အခါမှာ သတိရမှာသေချာပါတယ်။ ကျွန်မလည်း ကျွန်မနေဖူးတဲ့ နေရာလေးတွေကို သတိရတက်ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ နာမည်မကြား ရရင် မန္တလေးကို ကျွန်မ မလွမ်းပါဘူး။ မန္တလေးက အစားအသောက်တွေကို မစဉ်းစာမိရင် မန္တလေးကိုမလွမ်းပါဘူး။ ဆောင်းတွင်းမရောက်ရင် မန္တလေးကို မလွမ်းပါဘူး။ ပြီးတော့ သင်္ကြန်မရောက်ရင် မန္တလေးကို မလွမ်းပါဘူး။ ဒါပေမယ့် မန္တလေးလို့ ကြားလိုက်ရင်၊ ဆောင်းတွင်းရောက်ရင်၊ သင်္ကြန်ရောက်ရင်၊ မန္တလေးကအစားအစာလို့ ပြောပြီးစားတိုင်း မတူခဲ့ရင် မန္တလေးကို အတိုင်းမရှိလွမ်းပါတယ်။
မန္တလေးလို့ပြောလိုက်တာနဲ့ ကျွန်မစိတ်ထဲမှာ ၀မ်းနည်းတာရော၊ ပျော်တာရော၊ လွမ်းတာရော ကိုပါအခါတည်း ခံစား လိုက်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တခါတုန်းက မန္တလေးကိုကျွန်မ အသေအလဲ ကြောက်ခဲ့ဖူးလို့
ပါဘဲ။ အစဦးဆုံး ၀မ်းနည်းတာကစပြောပါမယ့်။ ၀မ်းနည်းတာကတော့ ကျွန်မရဲ့ ကိုယ့်ကိုကိုယ်အောင်မြင် တယ်လို့ ယူဆခဲ့တဲ့ ဟာတွေအားလုံးဟာ မန္တလေးမြို့မှာ ဆယ်တန်းသွားတက်မှဘဲ အားလုံးပျက်စီးသွားခဲ့လို့ပါ။
မန္တလေးမှာ ဆယ်တန်းတက်ခဲ့ရတဲ့ ဘ၀ဟာ မန္တလေးကို နောက်ထပ်တခေါက် ပြန်မသွားချင်လောက်အောင်ကို
ဖြစ်စေခဲ့တာပါ။ အဲဒီလောက်ထိကို မန္တလေးကို ကျွန်မကြောက်ခဲ့တာပါ။ မန္တလေးလို့ပြောလိုက်တာနဲ့ အိမ်မက်ဆိုးတစ်ခုထဲ ပြန်ရောက်သွားသလိုခံစားလိုက်ရတာ၊ မန္တလေးအကြောင်းများယောင်လို့ တောင်မှ မပြောဖြစ်ခဲ့ပါဘူး။ ပြန်မစဉ်းစားချင်ပေမယ့် ကျွန်မဘယ်ကဆယ်တန်းအောင်တာလည်းလို့ မေးတိုင်း မန္တလေးက အောင်တာပါလို့ ဖြေရတိုင်း၊ မန္တလေးဟာ ကျွန်မအတွက်အရေးပါစေခဲ့ပါတယ်။
ဆယ်တန်းပြီးလို့ သူငယ်ချင်းတယောက်ကျေးဇူးနဲ့ မန္တလေးမှာ ကွန်ပျူတာဒီပလိုမာ သင်တန်းတခုတက်ဖို့ဖြစ် လာတော့ ကျွန်မရှေ့ရေအတွက် မန္တလေးနဲ့ကင်းလို့မရဘူးဆိုတာ ကိုသိခဲ့ရပါတယ်။ သင်တန်းတက်တော့ အပေါင်းအဖေါ် သူငယ်ချင်းတွေရလာတော့ မန္တလေးဟာ ကျွန်မအတွက် အရမ်းကြီးအေးစက်စက် မနေတော့ သလို မန္တလေးကို လည်း ကျွန်မ အရမ်းမကြောက်တော့ပါဘူး။ မန္တလေးကျုံးကြီးဟာ ကျွန်မအတွက် ခြောက်ကပ်ကပ် ကြီးမနေတော့ပါဘူး။ (၂၂) လမ်း၊ လမ်း(၈၀)၊ (၇၃) လမ်း၊ (၃၅) လမ်း၊ ဈေးချို၊ ရတနာပုံဈေး(တရုတ်တန်း) တွေမှာကိုယ့်ခြေရာတွေ ချည်းလားထင်ရလောက်အောင် သူငယ်ချင်းတွေနဲ့ လျှောက်လည်လိုက်၊ မုန့်စားလိုက် နဲ့ အော်.... အတော် လည်းပျော်စရာကောင်းတဲ့ မန္တလေးပါလားနော်။
ကြက်ဆီထမင်း၊ ပေါင်မုန့်ရေခဲသုပ်၊ (၁၉)လမ်းမြီးရှည်၊ ဗထူးကွင်းနားကမြီးရှည်၊ (၂၂)လမ်းထိပ်က ဗရာကျော်သုပ်နဲ့ အအေး၊ ရွှေရွက်လှဒိန်ချဉ်၊ နန်းခမ်းက အမဲလုံးခေါက်ဆွဲ၊ (၃၁)လမ်းက ဆီချက်၊ (၂၇)လမ်းကမတင့်၊ ဂျီတီအိုင်ဝင်းနားကအအေးဆိုင်၊ ဦးပိန်တံတားနား က ထမင်းဆိုင်တွေတွေကို အိပ်ကပ်ထဲက ပိုက်ဆံတွေကို ပေးဖို့ ကျွန်မ၀န်လေး မနေတက် ပါဘူး။ မေမြို့ဆိုတာ က ကြုံတိုင်းသွား၊ စနေနဲ့တနင်္ဂနွေ ဆိုတာကတော့ဈေးချိုမှာ မုန့်စား၊ ဈေးလည်တဲ့ရက်များလားလို့တောင်ထင်ရ ပါတယ်။ ဒီလိုပြောတော့ မန္တလေးမှာကျောင်းတက်တာမဟုတ်ဘဲ လျှောက်လည်တယ်လို့တော့ မထင်လိုက် ကြပါနဲ့ ကျောင်းအားတဲ့ အချိန်တွေမှာလည်တာတွေပါ။
မန္တလေးမှာနေတုန်းကလည်း ဒီတသက်တော့ မန္တလေး မှာ ပဲနေရတော့မှာပါလို့ဘဲ ထင်ခဲ့တာပါ။ ပျော်စရာတွေနဲ့ အဲ့ဒီလောက် ချစ်စရာကောင်းတဲ့ မြို့လေးကို တနေ့မှာထားပြီးထွက် သွားရလိမ့် မယ်လို့ ဘယ်ထင်ထားပါ့မလဲ။ မန္တလေးက ပြောင်းရမယ် ဆိုတော့လည်း တကယ် ပြောရရင် သိပ်ပြီးဝမ်းမနည်းမိပါဘူး။ ဒါပေမဲ့ တကယ်တန်းကျတော့ မန္တလေးကို ချစ်တာတွေဟာ သူနဲ့ဝေးတော့ မှဘဲသိတော့တာကို။ မန္တလေးလို့ ပြောရင် မန္တလေးသူ၊မန္တလေးသားတွေနဲ့ မန္တလေးကအစားအသောက်တွေကို ဘယ်မေ့ထားလို့ဖြစ်ပါ့မလဲ၊ ဒါတွေပေါင်းမှ မန္တလေးလို့ခေါ်နိုင်တာမို့ သူတို့ရဲ့ ချစ်ခင်စရာကောင်းတဲ့၊ ရိုးသား ပြီးပွင့်လင်းတာတွေကို မန္တလေးမှာနေဖူးသူတိုင်း ပြန်မပြောဘဲ မနေနိုင်သလို၊ မန္တလေးကိုမလွမ်းဘဲ မနေနိုင် ကြပါဘူးလို့ ကျွန်မကတော့ ယုံကြည်ပါတယ်။
မြန်မာနိုင်ငံမှာ နေတုန်းကတော့ မန္တလေးကို အနည်းဆုံး (၁)နှစ်ကို (၂)ခေါက်(၃) ရောက်အောင် ပြန်နိုင်ပေမယ့်၊ နိုင်ငံရဲ့ပြင်ပရောက်တဲ့ အခါမှာတော့........အင်း...မန္တလေး....မန္တလေး... အလှမ်းဝေ လိုက်တာနော်လို့ ပြောရုံကလွဲလို့ ဘာမှမတက်နိုင်ခဲ့ပါဘူး။ မန္တလေးကဘလောဒ့်ဂါ တွေရေးတဲ့စာတွေကိုသာ ဖတ်ရင်းမန္တလေးကို အလွမ်းဖြေနေရပါတယ်။ တကယ်လို့များ ဒီစာကို မန္တလေးက ဘလောဒ့်ကာ ထဲကများ ဖတ်မိရင်...မန္တလေးကြောင်းလေး တွေကိုများများ ရေးပေးပါလို့။ မန္တလေး မှာ ဘားပဲစားစား ဘလောဒ့်ရေးတဲ့ နှင်းဆီနီနီကို သတိရပါလို့ပြောချင်ပါတယ်။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။