Monday 17 September 2007

ဆောင်းမနက်ခင်း


မျှားပြာ
က ဆောင်းအကြောင်းရေးပါဆိုပြီးတက်တော့ ဘယ်ကနေဘယ်လိုစရေးမှန်းမသိခဲ့ ပါဘူး။ ဘာပဲဖြစ်ဖြစ် ရေးမယ်လို့ စိတ်ကူးလိုက်တော့ အမှတ်ရစရာ အဖြစ်လေးကခေါင်းထဲဝင်လာလို့။ ဘာပဲဖြစ်ဖြစ် အဲဒါလေးဘဲ ရေးမယ်လို့ ဆုံးဖြတ်ပြီး ရေးလိုက်ပါတယ်။ ဆောင်းနဲ့ပတ်သက်လို့က ဆောင်းတွင်းကိုကြိုက်တာကလွဲလို့ ကျွန်မ မှာမျှားပြာ တို့လိုလွမ်းစရာ၊ ဆွေးစရာတွေမရှိခဲ့ပါဘူး။ ဒါပေမယ့် ဖတ်ပြီးရင်တော့ ကြိတ်ပြီးရယ်ပါနော်. အသံ ထွက်သွားရင် ကျွန်မအကြောင်းလူတွေသိသွားမှာစိုးလို့ပါ။


ဒီဇာတ်လမ်းလေးကဒီလိုပါ။ ကျွန်မတို့နေတဲ့မြို့လေးဟာ အညာဆိုတော့ ဆောင်းတွင်းဘက်တွေမှာ နေ့ခင်းတွေ
မှာအပူပြင်းပေမယ့်၊ ညဘက်နဲ့မနက်ခင်းတွေမှာ အတော်လေးအေးပြီး တခါတလေတော့အအေးကြမ်း ပါတယ်။
စက်တင်ဘာလကုန်၊ အောက်တိုဘာလအစလောက်ကစပြီး ဆောင်းဝင်တက်ပါတယ်။ ဒါပေမယ့် နိုဝင်ဘာ လောက်မှ မြူနှင်းကျပါတယ်။ မြူနှင်းတွေကျပြီဆိုရင် ဆောင်းဟာသိပ်လှတက်ပါတယ်။ ဒီနေရာမှာတော့ မြူနှင်း ကို နှင်းလို့ဘဲလွယ်လွယ်သုံးလိုက်ပါတယ်။ ကျွန်မ ဆောင်းကိုကြိုက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ နှင်းကျတဲ့ မနက်ခင်းတွေကိုသဘောကျလို့ပါဘဲ။ ဆောင်းရနံ့သင်းနေတဲ့ ဆောင်းမနက်မှာ လမ်းလျှောက်တာ ပဲဖြစ်ဖြစ် ၊ စက်ဘီးစီးတာပဲ ဖြစ်ဖြစ်ကျွန်မကနှစ်သက်နေတက်သူပါ။ နှင်းတွေကျတဲ့ဆောင်းတွင်းနေ့တွေမှာဆို တခါတလေ ပန်းတွေဝယ်ပြီး(အထူးသဖြင့် နှင်းဆီပန်းတွေပေါ့)စိတ်ကူးယဉ်တက်သလို၊ နှင်းတွေကျကို
ထိုင် ကြည့်ပြီး လောကအလှကို ယစ်မူးနေတက်ပါတယ်။ ဒါကတော့ ကျွန်မငယ်ငယ် ကတည်းကအကျင့်ဖြစ်လို့ ကျွန်မအိမ်က ကျွန်မဒီလိုရူးသွပ်တာကို ဒီအတိုင်းကြည့်နေတက်ပါတယ်။ ဒီလိုအချိန် တွေဆိုရင်အရူးမလေးတစ် ယောက်တော့ အရူးထနေပြီဆိုပြီးတော့ ခွင့်လွှတ်ပြီးလွတ်ပေးထားတက်ပါတယ်။ မှတ်မှတ်ရရပါ ကျွန်မကိုးတန်း နှစ်ကပေါ့။ ကျွန်မတက်တဲ့ကျောင်းက ကျွန်မနေတဲ့နေရာကနေဆိုရင် အတော် လေးကို ဝေးပါတယ်။ ကျောင်းကိုသွားဖို့တော့ ကျောင်းကားရှိပါတယ်၊ ကျောင်းကားဂိတ်နေရာကိုရောက်ဖို့ကို တော့ ကျွန်မအိမ်ကနေ အတော်လေးသွားရပါတယ်။ ဆောင်းမနက်တခုမှာပေါ့ ကျွန်မကျောင်းကားဂိတ်ကို သွားဖို့ အိမ်ကထွက်လိုက်
တဲ့အချိန်အိမ်အပြင်ဘက်မှာ နှင်းတွေကျနေတာတွေလို့ ကျွန်မအတော်လေးပျော် သွားခဲ့ပါတယ်။ နှင်းတွေက အတော်လေးကိုကျနေပြီး၊ ရှေ့ကိုလက်တကမ်း လောက် ဘဲမြင်ရပါတယ်။ နှင်းတွေ
က တဖွဲဖွဲနဲ့ကျ နေလိုက်တာ ကျွန်မ၀တ်ထားတဲ့ အနွေထည်လေးကို ခဏလေးနဲ့နှင်းပေါက်တွေပြည့်သွားပါ တော့တယ်။ နှင်းတောထဲမှာ စိတ်ကူးယဉ်ပြီးကျောင်းကားဂိတ်ကို လမ်းလျှေက်လာလိုက်တာ ကျောင်းကား ဂိတ်နားကိုရောက်ဖို့ ခေါ်လောက် အရောက်မှာ။ (အဲ..ကျွန်မတို့ ကျောင်းကားဂိတ်နားမှာ ဧကရစ်ပန်းပင် တစ်ပင်ရှိပါ တယ်။ ဆောင်းတွင်း မနက် တွေမှာဆို ဧကရစ်ပန်းကောက်တဲ့သူတွေနဲ့ ဧကရစ်ပင်နားမှာ လူစီနေခဲ့တာပေါ့။ ကျွန်မငယ်ငယ်တုန်းကလည်း အဲဒီဧကရစ်ပင်အောက်မှာပန်းတွေကောက်ခဲ့ဖူးပါတယ်။) ငယ်ငယ်တုန်းက ဧကရစ်ပန်းကောက်ခဲ့ ဖူးတဲ့ဘ၀ လေးကို စိတ်ကူးယဉ်ပြီး နှင်းတောထဲမှာလမ်းလျှေက်လာလိုက်တာ ဧကရစ်ပင် နားကိုလည်းရောက်ရော နှင်းတောထဲကအရိပ်တစ်ခုထွက်လာပါတယ်။ ကျွန်မထင်တာ လမ်းဖြတ်သွားတဲ့ လူတစ်ယောက်ပေါ့ နှင်းတော ထဲမှာမို့ ကျွန်မကိုမမြင်လို့ ၀င်တိုက်မိတော့မလိုဖြစ်သွားတာလို့ ထင်ပြီး ရှောင်ပေး လိုက်ပါတယ်။ ဒါပေမယ့်
အရိပ်ကကျွန်မရှေ့မှာရပ်သွားပြီး၊ လက်ကြီးတဖတ်ထွက်လာပါတယ်။ လက်ထဲမှာ တော့ စာအိတ်တခု၊ ပြီးတော့ အသံတစ်ခုက ညီမလေး..ဒီစာလေး ယူသွားပေးပါတဲ့။ ဗုဒ္ဓေါ....ဘုရားတလိုက် တာ စိတ်ထဲကပါ။ လူတကိုယ်လုံးထူးပူးသွား ပါတယ်။ တသက်နဲ့တကိုယ်ဒါ ပထမဆုံးပါဘဲ။ ရှက်လိုက်တာ သေတော့မှာဘဲ၊ ဒီနေရာမှာတင်လဲပြီးသေပါတော့လို့စိတ်ထဲက ပြောနေလိုက်မိတယ်။ ခုနကကြည်လင်နေတဲ့ ကျွန်မစိတ် ဘယ်ရောက်လို့ ဘယ်ရောက်သွားမှန်းကို မသိတော့ပါဘူး။ ဘာလုပ်လို့လုပ်ရမှန်းလည်းမသိ၊ ရှက်တာလည်း ကမ်းကိုကုန်းနေတာဘဲ။ ကျွန်မမျက်စိထဲမှာတော့ ကျွန်မကိုဝိုင်းကြည့်နေကြတဲ့ ပန်းကောက်နေတဲ့ ကလေး တွေနဲ့၊ ကျွန်မရှေ့ကိုရောက်လာတဲ့ စာအိတ်။ ပြီးတော့နားထဲမှာလဲဘာမှ မကြားတော့ပါဘူး။ စာလိုက် ပေးတဲ့သူကတော့ ပြောတော့ပြောနေတယ်ဘာတွေပြော နေမှန်မသိဘူး။ ခေါင်းထဲမှာတော့
ပြေး...ပြေး... ပြေးဆိုတာတစ်ခုဘဲကြားနေတယ်။ ကဲဟာဆိုပြီး လွယ်ထားတဲ့လွယ်အိတ်ကို
လက်နဲ့မြဲနေအောင်
ကိုင်၊
သုတ်ခြေတင်ပြီးခြေဦးတည့်ရာကို ပြေးလိုက်တာ၊ သတိရလို့ကြည့်လိုက်တော့ ကျောင်းဂိတ်နားက ကျွန်မသူငယ်ချင်း တစ်ယောက်ရဲ့အိမ်ရှေ့ကိုရောက်နှင့်နေပြီ။ စာပေးတဲ့သူလိုက်လာသလား လိုက်မလားဘူးလားလည်း မသိ တော့ဘူး။ သူငယ်ချင်းရဲ့ အိမ်ရှေ့တံခါးကို အတင်းခေါက်လိုက်မိတယ်။ သူ့အမေထွက်လာတော့မှ သူငယ်ချင်း ကိုကျောင်းသွားဖို့ လာခေါ်တာလို့
အယောင်ယောင်အမှားမှား၊ အထစ်တစ်အငေါ့ငေါ့နဲ့ပြောလိုက်မိတယ်။ အော် အေး..သမီးရဲ့ သမီးသူငယ်ချင်းက သွားပြီးလို့ ကျွန်မသူငယ်ချင်းအမေပြောတော့၊ ဟုတ်ကဲ့ဆိုပြီး ကျောင်းကား ဂိတ်ဖက်ကိုပြန်လှည့်၊ ခြေတလှမ်းကို ကုဋေတစ်သန်းနှုန်းနဲ့ လျှောက်လိုက်မိတယ်၊ ဘာလို့လည်းဆိုတော့
ဟိုလူကို နောက်ထပ်ပြန်တွေ့မှာစိုးလို့၊ ခုနကနှစ်မိနစ်လောက်လျှောက်ရတဲ့ ခရီးကိုဆယ့်ငါးမိနစ်လောက်ကို ကြားသွားပါတယ်။ ကျွန်မကျောင်းကားဂိတ်ကိုရောက်တော့ ကျောင်းကားရောက်လို့ ကျောင်းသားတွေတောင် ကားပေါ်မှာ ထိုင်နေကြပါပြီး။ အဲဒီနေ့က ကျွန်မဖယ်ရီ ပေါ်မှာနေရာကောင်းကောင်းမရခဲ့ပါဘူး။
အဲ့ဒီစာပေးတဲ့ သူလည်း နောက်ထပ်ပေါ်မလာတော့ပါဘူး။ သူပေါ်လာလည်း ကျွန်မကမှသူကိုမသိတာ။ တကယ်တမ်း ပြန်စဉ်းစား ကြည့်လိုက်တော့ ကျွန်မကိုဘယ်သူက ပေးလို့ပေးမှန်းမသိလိုက်တာကိုတော့စိတ်ထဲ တကယ်ဘဲ မကြေခဲ့ဘူး။ တကယ်ဆို ဘယ်သူလဲဆိုတာတော့ ကြည့်လိုက်ဖို့တော့ကောင်းတာပေါ့နော် ဟိဟိ။ ဘာကိုမှ မကြောက်တက်ဖူးရယ်လို့နာမည်ကြီးသလို၊ သူငယ်ချင်းတွေရဲ့ကိစ္စတွေအတော်များများမှာလည်း ရှေ့ဆုံးကနေ ကူညီဖြေရှင်းနေကျ ကျွန်မက ကိုယ့်အရေးကျတော့ ထွက်ပြေးခဲ့ရတာမို့ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မဘ၀မှာ ပြန်စဉ်းစားရင် ဒီလောက်ရယ်စရာကောင်းပြီး ရုပ်ပျက်ဆင်းပျက်၊ အမောတကောထွက်ပြေးလိုက်ရတဲ့၊ ပြန်တွေး လိုက်ရင်တော်လေးကို ရယ်စရာကောင်းတဲ့ ဆောင်းမနက်ခင်းတစ်ခုကိုတော့ ဆောင်းတွင်းရောက်တိုင်း အမှတ်တရရှိနေခဲ့ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
နှင်းဆီနီနီ။။