Wednesday, 12 September 2007

ကျွန်မနဲ့ နှင်းဆီပန်း

ကျွန်မရဲ့ ဘလောဒ့်ရဲ့ နာမည်ကိုက နှင်းဆီနီနီဆိုတော့ ကျွန်မကနှင်းဆီပန်းကို အရမ်းနှစ်သက်တဲ့ သူဆိုတာ တော့ ပြောစရာလိုမယ် မထင်ပါဘူး။ ပန်းဆိုတာကိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတော်တော်များများက ကြီုက်နှစ်သက်ကြသလို၊ မြန်မာမိန်းကလေးတွေကလည်း ပန်းမျိုးစုံကိုအမြတ်တနိုးနဲ့ ပန်ဆင်လေ့ရှိကြပါတယ်။
နှင်းဆီပန်းကိုတော့ မိန်းကလေးအတော်များများက နှစ်သက်ကြတာတော့ အသေအချာပါဘဲ။

ကျွန်မကနှင်းဆီပန်းကိုစသိတာ နှစ်သက်မိတာကတော့ ကျွန်မပထမတန်းလောက်တုန်းက၊ ကျွန်မတို့ နေတဲ့
အိမ်နောက်ဘက်၊ ကျွန်မတို့အိမ်နဲ့ ဘေးအိမ်ကြားမှာ
ဘယ်သူစိုက်သွားမှန်းမသိတဲ့ မြန်မာနှင်းဆီပင်တွေက
အလေ့ကျလိုပေါက်နေပြီး၊ အိမ်နီးနားချင်းတွေပြောတာတော့ တခါမှပန်းမပွင့်ဖူးဘူးတဲ့။ ကျွန်မတို့ရောက်မှ မေမေက
ဘုရားတင်ဖို့ ဆိုပြီး နှင်းဆီရုံဘေးမှာငွေပန်းပင်တွေကို စိုက်ထား တာကြောင့် ညနေတိုင်း ငွေပန်းပင် ကိုရေလောင်းဖို့ ဖြစ်လာပါတယ်။ ရေလောင်းရတာလည်းပင်ပန်းတာမှ မဟုတ်တာရေပိုက်နဲ့ လိုက့်ရုံဆိုတော့၊ ရေဆော့ချင်တဲ့ကျွန်မက ပန်းပင်ရေလောင်းဖို့ကို တာဝန်ယူလိုက်ပြီး။ မနက်တခါ၊ ညနေတခါ ရေလောင်းလိုက် ဆော့လိုက်နဲ့ပေါ့။ တနေ့မှာစိတ်ကူးရတာနဲ့ အဲဒီနှင်းဆီပင်တွေကိုတော့ ရေလောင်းကြည့်ဦးမှဘဲပေါ့၊ ပွင်ချင် လည်းပွင့်ပေါ့ မပွင့်ချင်လည်း ရေအကြာကြီးဆော့လို့ရတယ်ပေါ့ ဆိုပြီးစိတ်ကူးရလို့ ရေလောင်းဖြစ်ပါတယ်။
တစ်လလောက်ကြာတော့ တခါမှ မပွင့်ဖူးတဲ့ နှင်းဆီပင်မှာ နှင်းဆီဖူးတွေနဲ့။ ဘာအရောင်မှန်းမသိဘဲ ရေ လောင်းပေးနေတဲ့ ကျွန်မက နှင်းဆီပန်းတွေကို အမြန်ပဲ ပွင့်စေချင်လှပါဘီ။ ရေကိုလည်းပိုပြီးလောင်း၊ မနက်
စခါ၊ ညနေတခါ နှင်းဆီပန်းတွေပွင့် လာမှာကိုသွားသွားပြီးကြည့်ရတာ မောနေတာပါဘဲ။ နှင်းဆီပင်က မြန်မာ
မျိုးဖြစ်တော့ နှင်းဆီဖူးလေးတွေကတော့ သေးသေးလေးတွေပါ။ ပြီးတော့စိုက်ထားတာကြာပြီဖြစ်လို့ နှင်းဆီရုံ
ကြီးတောင်ဖြစ်နေတာဆိုတော့၊ နှင်းဆီဖူးတွေကလည်း တရုံလုံးအပြည့်ပါ။ တမနက်မှာ မျက်နှာသစ်ဖို့ အိမ် နောက်ဖေးကို ထွက်လိုက်တာ မနက်ခင်းလေးအေးနဲ့အတူ ပါလာတဲ့နှင်းဆီပန်းနံကိုရတာနဲ့ကျွန်မနှင်းဆီရုံဆီကို တခါတည်းပြေးသွားလိုက်တာ ဟိုရောက်တော့ ပန်းရောင်နှင်းဆီပန်းတွေ တရုံလုံးနီးပါဘဲ ပွင့်နေလိုက်ကြတာ။
တကယ်ပါဘဲ ကြည့်လို့ကိုမ၀နိုင်ပါဘူး။ မနက်ခင်းနေရောင်ထဲမှာ နှင်းဆီပန်းသေးသေးလေးတွေက ချစ်စရာ
ကောင်းနေသလို၊ အနံလေးကလည်းမွှေးနေတာမို့ နောက်ရက်တွေမှာ ပိုပြီးရေလောင်းပေးမယ်လို့ စိတ်ကူး လိုက်ပါတယ်။ နောက်ရက်တွေမှာတော့ ကျွန်မတယောက်နှင်းဆီရုံနားမှာအလုပ်ရှုပ်နေတာ အခါတလေ
သူငယ်ချင်းတွေနဲ့ ကစားဖို့ ချိန်းထားတာတောင်မေ့နေတက်ပါတယ်။ ကျွန်မတို့ရဲ့ဘေးအိမ်မှာလည်း ကောင်မလေးတစ်ယောက် ရှိတာကြောင့်ကျွန်မရဲ့ နှင်းဆီပန်းပင်ကို စိတ်ပူရပါသေးတယ်။ ဒါပေမယ့် နှစ်အိမ်
ကြားမှာ ဖြစ်နေတာကြောင့် ဘယ်လိုမှကိုယ့်ရဲ့ နှင်းဆီပင်လို့ပြောလို့မရတာကြောင့်သူတို့လိုချင်လို့ ခူးလည်း
ဒီအတိုင်းကြည့်နေခဲ့ရပါတယ်။ ကျွန်မကလည်း နှင်းဆီပင်လေးကို ရေလောင်းဖို့တာဝန် မပျက်ခဲ့သလို နှင်းဆီ
ပင်လေးကလည်း မနက်တိုင်းနှင်းဆီပွင့် တွေပွင့်ဖို့ကို မပျက်ကွပ်ခဲ့ပါဘူး။ အဲဒီအချိန်ကစလို့ ကျွန်မနှင်းဆီပန်း
ကိုနှစ်သက်ခဲ့တာပါ။ ပွင့်တော့မည့်အဖူးလေးတွေကို ထိုင်ကြည့်ရတာကြိုက်သလို၊ ပွင့်ပြီးသားပန်းပွင့်လေးတွေ ရဲ့အနံမွှေးမွှေးအေးအေးလေးကို ရှူရတာလည်းကြိုက်ပါတယ်။ ပန်းပွင့်လေးတွေအနာ ကိုလာတဲ့လိပ်ပြာလေး တွေကိုလည်းကြည့်ရတာ ၀တယ်လို့ကိုမရှိပါဘူး။ နှင်းဆီပင်လေးနဲ့ နှင်းဆီပန်းပွင့်လေးတွေဟာ ကျွန်မရဲ့ မျှော်လင့်ချက်တွေဖြစ်ခဲ့ သလို၊ ကျွန်မပိုင်ဆိုင်ခဲ့တဲ့မနက်တွရဲ့ အလှဆုံး၊အကောင်းဆုံးမနက်တွေကို ဖန်ဆင်း ပေးခဲ့ပါတယ်။
အဲဒီ အချိန်မှစလို့ နှင်းဆီးပန်းဟာ ကျွန်မဘ၀မှာ အရေးပါခဲ့ပါတယ်။ နောက်ပိုင်းတွေမှာ ကျွန်မတို့နေတဲ့အိမ်မှာ
နှင်းဆီပန်းပင်တွေ မစိုက်ဖြစ်တောင်မှ အကြောင်းရှာပြီး
စနေနဲ့ တနင်္ဂနွေ တွေမှာနှင်းဆီပန်းတွေကို ၀ယ်ပြီး အိမ်ကအလှပန်းအိုးမှာထိုးဖြစ်ခဲ့ပါတယ်။ ကျွန်မဘ၀မှာနှင်းဆီပန်းနဲ့ပက်သက်ခဲ့တာတွေများပေမယ့်ဒီအကြောင်း
လေးကတော့ အမှတ်တရလေးဖြစ်လို့ ဘလောဒ့်လေးကို နာမည်ပေးမယ်ဆိုတုန်းကလည်း နှင်းဆီဆိုတဲ့ နာမည်
လေးကိုပေးဖို့ ကြိုးစားခဲ့တာပါ။ ကျွန်မအတွက် ကံကောင်းစေမယ့် အနီရောင်လေးကိုပါတွဲပြီး နှင်းဆီနီနီရယ်လို့
ပေးလိုက်တာပါ။ စကားမစပ် ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ ပန်းနီနီဆိုရင် ချစ်ဦးသူနဲ့လွဲ လိမ့်မယ်လို့ တော့ ပြောပါတယ်။ လွဲမလွဲတော့ စောင့်ကြည့်မှဘဲဖြစ်လို့ အဲဒီကြောင်းကတော့ ဆက်ရန်ပါ၊
ရွှင်လန်းချမ်းမြေ့ကြပါစေ။
နှင်းဆီနီနီ။ ။