Thursday, 15 November 2007

ရောက်ခဲ့ဖူးသော တောင်ကြီးတန်ဆောင်တိုင်

တောင်ကြီးတန်ဆောင်တိုင်ကြီး နီးလာပါပြီ။ အေးပြီး၊ မြူတွေဝေနေတက်တဲ့ နေရာတိုင်းကို ကျွန်မအရမ်းနှစ်သက် တက်ပါတယ်။ အညာသူဖြစ်ပေမယ့် နှင်းတွေဝေတာဘဲဖြစ်ဖြစ်၊ မမြင်ဖူးတဲ့နှင်းတွေကို မှန်းပြီးပျော်တက်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင် တစ်ခေါက်ရောက်ဖူးတာလေး အမှတ်တရရေး လိုက်ချင်လို့ပါ။

ကျွန်မဆယ်တန်းနှစ်က မန္တလေးမှတက်တာပါ။ အဲ နိုဝင်ဘာဆိုတော့ ဆယ်တန်းစာမေးပွဲကြီးနီးပြီပေါ့။ တန်ဆောင်တိုင်ဆိုပေမယ့် တောင်ကြီး၊ အင်းလေး၊ ပင်းတယ ဘုရားဖူးလို့ပြောရင်လည်းရပါတယ်။ အဒေါ်တွေက ဈေးထွက်တာဆိုတော့ ဈေးပိတ်ရက်တွေကိုအမြဲ ဘုရားဖူးထွက်တက်ကြပေမယ့်။ ကျွန်မကတော့
ဆယ်တန်းမို့ ဘယ်တော့မှလိုက်ခွင့်မရှိပါဘူး။ ဒီတခါတော့ ပူဆာလွန်းလို့၊ ပြီးတော့ ဒီတစ်ခါမခေါ်ရင် အရမ်းစိတ်
ဆိုးမယ်ပြောလို့။ အကြောင်းကြောင်းကြောင့် ကားထွက်ခါနီးမှ အဖွားက ကျူရှင်မှာလာခေါ်ပြီး၊ အ၀တ်အစား တွေ အမြန်ထည့်ပြီး လိုက်ခဲ့ရတာပါ။

လိုက်ခွင့်ရလို့ အရမ်းပျော်ခဲ့ပါတယ်။ အစက ကျွန်မလိုက်ဖို့ အစီအစဉ်မရှိလို့ သွားမဲ့ကားက နဲနဲကျပ်သွားပါရော။
ဆန်နီကားလေးမှာ လူ ၁၅ ယောက်။ စဉ်းစားသာကြည့်ကြပါတော့ ဘယ်လောက်ကျပ်မလဲလို့။ အားလုံးက အပျိုပေါက်တွေချည်းပါဘဲ။ ကျွန်မအစ်မရယ်၊ အဒေါ်တွေရဲ့ဆိုင်က ကောင်မလေးတွေရယ်၊ ကျွန်မအဒေါ်တွေ ရယ်၊ အဒေါ်ကလေးတွေရယ်။ သွားတာကတော့ ကားကနှစ်စီး။ ပစ္စည်းတွေနဲ့ ကလေးတွေကို မှန်လုံကားနဲ့။ မှန်လုံကားဆိုတော့ လူကသိပ်မဆန့်ဘူး။ ကျွန်မတို့ကတော့ ဆန်နီကားပေါ်မှာ မန္တလေးကစထွက်ကတည်းက သီချင်းတွေအော်ဆိုလာတာ ခဏနားတဲ့အချိန်ဘဲရပ်ကြတယ်။ ကောင်မလေးတွေချည်းပါတဲ့ ကားဆိုတော့ လမ်းမှာတွေ့သမျှကားတွေက နောက်သွားကြတာပေါ့။

မိတ္ထီလားကိုဝင်ပေမယ့် အိမ်ကိုမ၀င်ဖြစ်ဘူး။ တောင်အတက်ကိုနောက်ကျမှာဆိုးလို့ပါ။ အဲ သာစည်ကထွက် ကတည်းက တောင် စတက်ရပါပြီး။ ဦးလေးကမေမြို့အတက်တောင် မောင်းဖူးတာမဟုတ်ဘဲ၊ တောင်ကြီးကို တက်လို့ အားလုံးကစိတ်ပူနေတာ။ သတိနဲ့မောင်းနေတော့ ကလောမြို့ကို ရောက်တော့ ည ၉ နာရီကျော်နေပြီ။
တောင်ကြီးဘက်ကို ဆက်သွားဖို့လုံးဝ မဖြစ်နိုင်ပါဘူး။ ပါလာတဲ့လူတွေက ကလေးတွေနဲ့ အမျိုးသမီးချည်းမို့ လမ်းမှာတစ်ခုခု ဖြစ်ရင်မလွယ်လို့။ ကလောမြို့အ၀င်က ထင်းရှူးရိပ် တည်းခိုခန်းမှာ ညအိပ်ရပါတော့တယ်။ ကျွန်မတို့အားလုံး ကလေးတွေမို့ ဘာမှမသိလိုက်ပေမယ့် အဒေါ်တွေကတော့ အတော်ခေါင်းပူနေပါပြီ။ တည်းခိုခန်းကို လူအယောက်၂၀ကျော်နဲ့ တည်ခိုခန်းခတွေကလည်း ပွဲတော်ရက်မို့ဈေးကြီး၊ စားသောက်ဆိုင် တွေကလည်း ဈေးကြီးနဲ့ ဒီအုပ်စုကြီးအဆင်ပြေအောင် လုပ်ပေးခဲ့တဲ့ အဒေါ်တွေကို အခုမှ ကျေးဇူးတင်ရကောင်းမှန်းသိပါတယ်။

ကလောမှညအိပ်၊ နောက်နေ့မနက် ၂နာရီလောက်ကို ၄နာရီထွက်နိုင်အောင်ထပြီးပြင်ဆင်။ အိပ်ပုပ်ကြီးတဲ့ ကျွန်မဂျီကျတော့တာပါဘဲ အစောကြီးထရလို့။ အဲ့ဒီလိုသားအစောကြီး ထပြီးတောင်ကြီးကို မသွားခဲ့ရင် ဒီလောက်လှတဲ့ ကလောရှုခင်းတွေ ကျွန်မတွေ့ခွင့်ရမှာ မဟုတ်ပါဘူး။ မနက်စောစော ကလောမြို့က အတော်လှနေတာပါ။ ကလောကအထွက်မှာ ထင်းရှူးပင်(ထင်းရှူးတောပါ)တွေနဲ့ ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ နှင်းတွေကလည်းကျနေလိုက်တာ လမ်းတောင်ကောင်းကောင်းမမြင်ရဘူး။ ဦးလေးတွေက အန္တရာယ် ဖြစ်မှာစိုးလို့ ကားကိုဖြေဖြေမောင်းတော့ ကျွန်မတို့က ရှုခင်းတွေကိုကောင်းကောင်း ကြည့်လို့ရတာပေါ့။ ရာသီဥတုကလည်း အေးတာမှ ခိုက်ခိုက်တုန်နေတာပါဘဲ။ ကျွန်မက အလောအကြီးနဲ့ထွက်လာလို့ အနွေးထည် တစ်ထည်တည်း ပါခဲ့တာ။ ချမ်းလွန်းလို့ နွေးအောင်ဆိုပြီး မှတ်မိသမျှသီချင်းတွေကို ဆိုလိုက်တာ ကြော်ငြာသီချင်းတွေတောင် မကျန်တော့ပါဘူး။

လမ်းတစ်လျှောက် မက်မန်းခြံတွေလား ဘာတွေလဲမသိဘူး။ ခြံတွေကိုဖြတ်ပြီးတော့ တောင်ပေါ်ကအဆင်း နှမ်းပန်းတွေစိုက်ထားတဲ့ ကွင်းပြင်ကြီးကိုလည်း မြင်လိုက်ရော ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတာပါဘဲ။ နှမ်းပန်းတွေက တစ်ခင်းလုံးဝါ နေတာပါဘဲ။ ရွှေဝါရောင်လမ်းထဲကို ကိုယ်ရောက်သွားသလိုပါဘဲ။ Princess and Photographer ထဲကလို ပန်းခင်းထဲမှာဆင်ပြီး ဓါတ်ပုံရိုက်လိုက်ရင် အတော်ကောင်းမှာလို့ တွေးပေမယ့် တောင်ကြီကို မိုးမချုပ်ခင်ရောက်အောင်တက် ရမှာဖြစ်လို့ ကျွန်မဂျီကျလို့မရပြန်ပါဘူး။

ဒါနဲ့မနက်စာ စားတဲ့အချိန်လောက်ကျတော့ ပင်တယကိုရောက်ပါတယ်။ ပင်းတယဈေးထဲမှာ နံနက်စာသွားစား
တော့ လူအစည်ဆုံးရှမ်းခေါက်ဆွဲဆိုင်မှာ ရှမ်းခေါက်ဆွဲစားခဲ့ပါတယ်။ ရှမ်းပြည်မှာစားတဲ့ ခေါက်ဆွဲဖြစ်လို့လား မသိပါဘူး သိပ်စားလို့ကောင်းပြန်ပါရော။ စားပြီးတော့ ရွှေဥမင်ဘုရားကို သွားဖူးခဲ့ပါတယ်။ ကျောက်မောင်း လို့ခေါ်တဲ့ ကျောက်တုံးကြီးကို ထုလိုက်တာ မောင်းသံတွေထွက်လာကိုလည်း စမ်းကြည့်ခဲ့ပါသေးတယ်။ ပုဂံနဲ့လမ်းပေါက်တယ်လို့ နာမည်ကြီးတဲ့ မြေအောက်ဥမင် အ၀င်ဝကိုလည်း ရောက်ခဲ့ပါသေးတယ်။ ရွှေဥမင်ဘုရားထဲမှာတော့ လက်ညှိုးထိုးမလွဲ ဘုရားတွေက သပ္ပါယ်ဖို့ကောင်းလိုက်တာ။ ဆယ်တန်း စာမေးပွဲကြီး မှာ ဖြေနိုင်အောင်လဲ ဆုတွေတောင်ရတာ အမောဘဲ။

ဘုရားဖူးပြီး အပြန်မှာ ပင်တယနာမည်ကြီး သစ်ပင်ကြီးတွေမှာ အမှတ်တရဓါတ်ပုံရိုက်၊ ပြီးတော့ ကွမ်လုံဆရာတော်ကိုဖူးဖို့ ကွမ်းလုံဖက်ကို ထွက်ခဲ့ကြပါတယ်။ ကွမ်းလုံဘက်လမ်းမှာ တွေ့ရတဲ့မြင်ကွင်းတွေက အတော်ထူးဆန်းပါတယ်။ အထူးဆန်းဆုံးကတော့ အိမ်တွေပါ။ အိမ်တွေက တောင်ပေါ်ဒေသလဲဖြစ် မိုးလဲ အဲ့ဒီလောက်သိပ်မရွာဘဲနဲ့ ခြေတံရှည်အိမ်တွေ ဖြစ်နေတာရယ်။ ဘုရားခန်းကို အိမ်မကြီးနဲ့သပ်သပ်ခွဲပြီး အဆောင်တစ်ဆောင်ထုတ်ထားတာ အိမ်တော်တော်များများမှာ တွေ့ရပါတယ်။ ရှမ်းလူမျိုးတွေ ဘာသာရေးကို သိပ်ပြီးအလေးထားတယ်ဆိုတာ အလွယ်တကူသိမြင်နိုင်ပါတယ်။ ခြံကြီးတွေက အတော်ကျယ်ပြီး အသီးပင်တွေ၊ ပန်းပင်တွေနဲ့ အတော်လေးပျော်စရာ ကောင်းမဲ့ပုံပါဘဲ။ မနက် စောစောဖြစ်နေလို့လားမသိပါဘူး အတော်များများက ခေါင်းပေါင်းတွေနဲ့။ တရုတ်တဘတ်ရောင်စုံတွေကို ခေါင်းမှာပေါင်းလို့။ ရုပ်ရှင်တွေထဲက အတိုင်းပါဘဲ။

အဲ ကံမကောင်းချင်စွာနဲ့ ကွမ်းလုံရောက်တော့ ဆရာတော်ကြီးက မရှိလို့ မဖူးခဲ့ရပါဘူး။ ဘုရားဖူးပြီး ပြန်လာခဲ့ပါတယ်။ တောင်ပေါ်ကနေကြည့်ရင် အတော်လှတဲ့ရှုခင်းတွေကို အ၀ကြည့်ပြီး ပြန်လာခဲ့ပေမယ့် ကွမ်းလုံဆရာတော်ကြီး ပျံလွန်တော်မူသွားတဲ့အထိ မဖူးလိုက်ရလို့ တော်စိတ်မကောင်းဖြစ်ရပါတယ်။ ကွမ်းလုံကပြန်တော့ တောင်ကြီးကိုတက်ဖို့ထွက်ခဲ့ ကြပါတယ်။ အဲ ပင်တယနဲ့ တောင်ကြီးကသွားတဲ့လမ်း ကမတူဘူးထင်ပါတယ်။ တောင်ကြီးသွားတဲ့လမ်းနဲ့ ပင်းတယသွားတဲ့လမ်း ဆိုပြီး
အောင်ပန်းမြို့မှာ လမ်းခွဲနှစ်ခု ရှိပါတယ်။ အောင်ပန်းမြို့ ကိုပြန်ရောက်တော့ လမ်းဆုံနားက ထမင်းဆိုင်မှာဘဲ နေ့လည်စားဝင်စားပြီး တောင်ကြီးကို ခရီးဆက်ခဲ့ကြပါတယ်။

အဲ တောင်ကြီးကို မ၀င်ခင် နာမည်ကြီး အင်းလေးကရေလည်ဘုရားကို သွားဖူးကြပါသေးတယ်။ တစ်ခါမှမရောက်ဖူးတော့ ဘယ်ကိုအရင်သွားရမှန်းမသိခဲ့ပါဘူး။ အမှန်ဆို တောင်ကြီးကို အရင်တက်ရမှာပါ။ အပြန်ကျမှ အင်းလေးကိုဝင်ဖူးရင် အင်းလေးဘုရားတွေသာမက အင်းလေးဝန်းကျင်ကိုပါ လျှောက်လည် နိုင်ပါတယ်။ ကျွန်မတို့ကတော့ အင်းလေးကို အရင်ဝင်လိုက်ပါတယ်။ စက်လှေတွေစီးပြီး ဘုရားသွားဖူးရတာ အတော်ဘဲပျော်ဖို့ကောင်းပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေထဲကလို ကိုယ်ကလှေပေါ်မှာ ဇင်ယော်လေးတွေက လှေနောက်ကလိုက်လို့၊ ကိုယ်ကိုတိုင် ရုပ်ရှင်ရိုက်နေတာကျနေတာပါဘဲ :P။ ကျွန်မကတော့ ကျွန်းမျောတွေကို အသေအချာကြည့်၊ ပတ်ဝန်းကျင်ကို အသေအချာမှတ်။ အနဲဆုံး ပထ၀ီအတွက် ကိုယ်တိုင်ကွင်းဆင်းတယ်လို့ မှတ်ပြီး၊ မြန်မာစာအတွက် စာစီစာကုံးရေးဖို့ ကုန်ကြမ်းရှာတယ်လို့သဘောထားလိုက်ပါတယ်။

အဲ တောင်ကြီးကိုမမှီမှာဆိုးလို့ အပြေးအလွှားဘုရားဖူးပြီး ပြန်လာခဲ့ရတာ ဘယ်မှကိုခြေမဆန့်ခဲ့ရဘူး။ တစ်လမ်းလုံး အားလုံးနီးပါး အဆင်ပြေကြပေမယ့် တောင်တက်နောက်ကျလို့ တောင်ကြီးကိုလည်း ရောက်ရော တည်းစရာတည်းခိုခန်း လိုက်ရှာတာ လုံးဝရှာလို့မရသလို၊ ဘုရားတွေပေါ်မှာပါ လူတွေပြည့်နေပါတယ်။ ထမင်းဆိုင်တွေအားလုံး လူပြည့်နေလို့ လူ ၂၀ကျော် ညစာစားဖို့အတွက်အတော်ခက်ခဲနေပါတယ်။ ကံကောင်းထောက်မစွာနဲပဲ လမ်းကျဉ်းလေးတစ်ခုမှာ အဆင်ပြေစွာနဲ့ ကျွန်မတို့အုပ်စု ထမင်းစားဖို့ အဆင်ပြေ သွားပါတယ်။ အဆင်ပြေသွားတယ်ဆိုပေမယ့် အားလုံးကြက်ဥကြော်နဲ့ ပြီးခဲ့ရတာပါ။ ထမင်းဆိုင်က ဘာမှမကျန် တော့လို့ ကြက်ဥကြော်နဲ့စားလို့ ရတာကိုဘဲ အားလုံးကကျေးဇူးတင်နေကြတာပါ။ ကျွန်မတို့ထက် နောက်က၀င်လာတဲ့ အုပ်စုကတော့ ဘာမှမကျန်တော့လို့ ပြန်သွားကြပါတယ်။ တောင်းကြီးမှာ တန်ဆောင်တိုင်
ဆို အဲ့ဒီလိုဘဲဖြစ်တက်ပါသတဲ့။ စားသောက်ဆိုင်တွေအားလုံး ရောင်းစရာမကျန်အောင် အားပေးတဲ့သူတွေ များပါသတဲ့။

စားစရာအဆင်ပြေတော့ နေစရာအတွက်စိတ်ပူကြရပြန်ပါရော။ မီးပုံးပျံလွတ်တဲ့ကွင်းကို သွားတဲ့သူတွေက လူလှိုင်းလုံးကြီးလိုဖြစ်နေတာ။ တစ်လုံးပြီးတစ်လုံး တောင်ကြီးမြို့ရဲ့လမ်းမကြီးပေါ်မှာ။ အဲ့ဒီနှစ်က ဘိုဖြူကို တွေ့ခဲ့ပါတယ်။ ခါတိုင်း လေးဖြူတို့လာနေကြဆိုပေမယ့် ကျွန်မတို့သွားတဲ့ နှစ်ကတော့ သူမလာဘူးတဲ့လေ။ ကလေးတွေကတော့ စီတန်းလှည့်လည် နေတဲ့ လူတွေကြည့်ပြီး ပျော်နေကြပေမယ့် လူကြီးတွေက ညကိုဒီအတိုင်းကားပေါ်မှာ ကွေးရတော့မယ့် သဘောရှိလို့ စိတ်ပူနေကြပါတယ်။ မထင်မှတ်ဘဲ ဦးလေးရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရလို့ သူအိမ်မှာ လိုက်တည်းခွင့်ရလို့ အဆင်ပြေသွားပါတယ်။ တောင်ကြီးတန်ဆောင်တိုင် ကို အလည်သွားချင်ရင် အရင်ဆုံး တည်းခိုခန်းရအောင်ကြိုးစားသင့်တယ်လို့ နောက်ပိုင်းမှ အသိတွေပြောလို့ သိခဲ့ပါတယ်။ မဟုတ်ရင်တော့ ညကိုဒီအတိုင်းနေပြီးပြန်လာရနိုင်တယ်တဲ့လေ။
ကျွန်မတို့ကတော့ ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။ အသိနဲ့တွေ့လို့သာ မဟုတ်ရင် အလွယ်ဘူး။

အ၀တ်ထုတ်တွေလည်း ချပြီးရောအားလုံးက တညီတညွတ်တည်း မီးပုံးပျံသွားကြည့်ကြဖို့ ပြင်ကြပါတယ်။ ချမ်းအေးလွန်းတဲ့ တောင်ကြီးဆောင်းက မီးပုံးပျံလွှတ်တဲံ နေရာကို သွားကြည့်ကြတဲ့သူတွေနဲ့ နွေးနေတယ်လို့ ခံစားလိုက်ရပါတယ်။ ကျွန်မတို့ တည်းတဲ့နေရာက တောင်ကြီးမြို့အစလောက်မှာပါ။ မီးပုံးပျံလွှတ်တဲ့ နေရာက တောင်ကြီးမြို့အဆုံးနားမှာ။ ကျွန်မလည်းသိပ်တော့မမှတ်မိပါဘူး။ အားလုံးဟာ အိပ်မက်လိုဖြစ်နေလို့။ လူတွေမီပုံးပျံလွှတ်တဲ့ နေရာကိုသွားနေလိုက်ကြတာ၊ ကျွန်မတို့ကလည်း နီးနီးလေးနေမှာဘဲ ဆိုပြီး လူအုပ်ကြီးနဲ့
လိုက်သွားလိုက်တာ တော်တော်နဲ့ မီးပုံးပျံလွှတ်တဲ့နေရာကို မရောက်နိုင်ပါဘူး။ ပြန်လှည့်မယ်လုပ်တုန်း အင်းလေးမှာတွေ့ခဲ့တဲ့ ညီညီတာတို့ မော်ဒယ်အုပ်စုကိုတွေ့တော့ သူတို့ကိုလိုက်ကြည့်ရင်းနဲ့ မီးပုံးပျံလွှတ်တဲ့ ကွင်းထဲကို ရောက်မှန်းမသိရောက်သွား ပါတယ်။ ဟိုလည်းရောက်ရော မိုးပုံးပျံတွေလွှတ်ဖို့ မီးစာတိုက်နေပါပြီ။ တစ်လုံးလွှတ်တာပြီးအောင်ကြည့်မယ် ဆိုပြီး တစ်လုံးလွှတ်ပြီးတဲ့အထိ စောင့်ကြည့်ဖြစ်ပါတယ်။

မီးပုံးပျံလွှတ်တဲ့ နေရာမှာတော့ ရှမ်းအိုးစည်သံတွေညံနေတာပါဘဲ။ ကတဲ့သူက က၊ မီးပုံးပျံတက်ဖို့ ကြိုးစားတဲ့ သူတွေက ကြိုးစား၊ ဒိုင်လုပ်တဲ့သူတွေကလည်း မိုက်ကြီးနဲ့အော်။ ဘာတွေအော်နေလည်း တော့ မှတ်မိတော့ဘူး။ ဆူညံနေတာပါဘဲ။ အားလုံးကတော့ မီးပုံးပျံတက်ဖို့ကို မျှော်လင့်တကြီးနဲ့ ကြိုးစားနေကြတာပါ။ အော် လူ့ဘ၀ကလည်း မီးပုံးပျံလွှတ်ရသလိုဘဲလို့ မဆီမဆိုင်တွေးတက်တဲ့ ကျွန်မတော့ တွေးမိခဲ့ပါတယ်။ မီးပုံးပျံကြီးတက်သွားတော့ ထွန်းထားတဲ့မီးတွေနဲ့ လေထဲမှာလှနေလိုက်တာ။ ထည့်လိုက်တဲ့ မီးကျည် တွေကလည်း ဖျောင်းဖျောင်းနဲ့ ပေါက်လို့။ အောက်ကလူတွေ ကလည်း သူတို့ကြိုးစားခဲ့သမျှ လေထဲကိုတက် သွားတဲ့ မီးပုံးပျံကြီးကို ကြည့်ပြီး ကြည်နူးနေလိုက်ကြတာ။ ကျွန်မတို့ သွားကြည့်တဲ့မီးပုံးပျံကြီးက ဆင်ရုပ်ကြီးလို့
ထင်ပါရဲ့။

အပြန်ရောက်မှ ပြဿနာတက်တာပါ။ အသွားတုန်းကတော့ ဟိုငေးဒီငေးနဲ့ ဘယ်လိုရောက်လို့ရောက်သွားမှန်း မသိလိုက်ဘူး။ အပြန်ကတော့ အတော်နဲ့ကိုတည်းတဲ့နေရာကို ပြန်အရောက်နိုင်ခဲ့ဘူး။ တည်းတဲ့နေရာလည်း ရောက်ရော အိပ်ရာထဲကို ၀င်ပြီးအိပ်လိုက်တာ အပြင်မှာအေးနေတာကိုတာင် မေ့သွားပါတယ်။ စောင်တစ်ထည်ကို လူ၃ယောက်လုချုံပြီး ကွေးခဲ့ရတဲ့ တောင်ကြီးတန်ဆောင်တိုင်ည တစ်ညပါဘဲ။

နောက်နေ့မနက်ရောက်တော့ အားလုံးအမနက်စာကို နီးရာရှမ်းဆိုင်မှာစားလိုက်ပြီး။ မှတ်မှတ်ရရ အဲ့ဒီဆိုင်က စာပွဲတွေကို ရှမ်းပြည်မှာရှိတဲ့ မြို့နာမည်တွေပေးထားတယ် ဥပမာ- ဟိုပင်၊ ပင်လောင်း၊ ညောင်ရွှေ၊ တောင်ကြီး၊ အင်းလေး စသည်ဖြင့်ပေါ့။ ကျွန်မတို့စားတဲ့စာပွဲ့ တောင်ကြီးပါ။ စားပြီး တောင်ကြီးဈေးပတ်လိုက် ကြပြီးမှ တောင်ကြီးမြို့မှကြိုဆိုပါ၏ ဆိုတဲ့ တောင်ကြီးမြို့အ၀င် နေရာကိုသွား၊ ကြိုးတံတားပေါ်မှာ မှတ်တရဓါတ်ပုံရိုက်ပြီး ပြန်ဆင်းခဲ့ကြပါတယ်။ တောင်ကြီးမြို့ပြန်ဆင်း ညောင်ရွှေလား၊ ရွှေညောင်လား မသိတော့ဘူး အဲ့ ဒီမှာ ရှိတဲ့ ရေပူစမ်းမှာရေချိုးပြီး နေ့လည်စားကိုတော့ အလာတုန်းက ၀င်စားဖြစ်တဲ့ အောင်ပန်းမြို့က ထမင်းဆိုင်မှာဘဲ ၀င်စားလိုက်ကြပါတယ်။ အပြန်ကိုတော့ ဘယ်မှမ၀င်လို့ မန္တလေးကို နောက်နေ့မနက် ၆ နာရီလောက်မှာ ပြန်ရောက်ခဲ့ပါတယ်။

တောင်ကြီးတန်းဆောင်တိုင်အမှတ်တရကတော့ ဒီလောက်ပါဘဲ။ အခွင့်ရှိရင် တောင်ကြီးကို နောက်ထပ် တစ်ခေါက်လောက်တော့ သွားချင်ပါသေးတယ်။ ရှမ်းပြည်က ရှမ်းခေါက်ဆွဲတွေက ဘယ်ကရှမ်းခေါက်ဆွဲနဲ့မှ မတူဘဲ အရမ်းစားလို့ကောင်းလို့။ ရှုခင်းတွေက ပန်ချီဆရာရူးအောင်လှလို့။ ရှမ်းလေးတွေ ရှမ်းမလေးတွေက ချောလို့။(အဲ့ဒါကိုလည်း ချန်ထားလို့ရဘူး)။ သဘောကောင်းကြလို့။ စကားဝဲ၀ဲလေးတွေက သိပ်ပြီးနားထောင်ကောင်းလို့။ ရာသီဥတုကသာယာလို့။ တောင်ကြီးတန်ဆောင်တိုင်က ပျော်စရာကောင်းလို့။ အင်းလေးမှာ ငါးထမင်းချဉ်စားချင် သေးလို့။ စတဲ့စတဲ့ အချက်တွေကြောင့်ပါ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။