ခရစ်စမတ်ည။ ခရစ်စမတ်ဆိုတာ ခရစ်ယန်ဘာသာဝင်တွေအတွက်အထွတ်အမြတ် ထားရတဲ့ ဘာသာရေးပွဲ တော် တစ်ခုဖြစ်ပေမယ့် ငယ်ငယ်ကတည်းက ခရစ်စမတ်ရောက်ရင် ပျော်တက်တာတော့ ဘာလို့မှန်း လုံးဝမသိခဲ့ပါဘူး။ ကျွန်မမှာလည်း ခရစ်ယန်သူငယ်ချင်းတွေအများကြီးရှိလို့လည်း ပါ ပါတယ်။ သူတို့က ခရစ်စမတ် နီးရင် ဘုရားကျောင်းမှာ သီချင်းတွေသွားတိုက်။ ညဘက်တွေမှာ ကရယ်ဆင်း လိုက်ဆိုကြနဲ့ ညနက်နက် ချမ်းချမ်း စီးစီးမှာ ~ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်။ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာ ရောက်စေသော်~ ဆိုတဲ့ အသံနဲ့ ဂစ်တာသံ လွင်လွင်လေးကြားလိုက်ရင် အရမ်းပျော်ခဲ့တဲ့ ဒီဇင်ဘာညတွေကြောင့် ခရစ်စမတ်ကို သိပ်ပြီး သဘောကျနှစ်သက်မိခဲ့ပါတယ်။
ခရစ်ယန်သူငယ်ချင်းတွေ စုစုစည်စည်းနဲ့ ဘုရားကျောင်းသွားကြတာကိုလည်း သိပ်ပြီးသဘောကျ ခဲ့တာပါ။ ကျွန်မတို့ ဘာသာမှတော့ လူငယ်တွေ ဘုရားကျောင်းကန်သွားတာ ရှားတာကို။ သွားတဲ့ သူရှိရင်လည်း ဒီကောင်း ဆရာကြီးလား၊ ဘာလားနဲ့ ပေါ့လေ။ ထားပါတော့လေ။ ကျွန်မအတွက်အမှတ်တရ ခရစ်စမတ်ကတော့ ၁၉၉၅ ခုနှစ်ကပါ။ အဲ့ဒီနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်က ကျွန်မတို့ အမျိုးတွေရှိရာ မြစ်ကြီးနားကို အလည်သွားဖြစ်ခဲ့ပါတယ်။ မေမေရဲ့ အဖွားဝမ်းကွဲ တစ်ယောက်က မြစ်ကြီးနားမှာ ပြည်နယ် ပညာရေးမှူးပါ။ မြစ်ကြီးနားက ကျောင်းတွေက ကထိန်ကို သေချာမလုပ်ပေမယ့် ခရစ်စမတ်ကိုတော့ အကြီးအကျယ်လုပ်ကြတာပါ။ ကျောင်းတိုင်း ခရစ်စမတ်ပွဲကျင်းပတာ ကျွန်မတို့ မြေပြန်မှာ ကထိန်အကြီးအကျယ် လုပ်သလိုပါဘဲ။ သိပ်ပြီး ပျော်စရာကောင်းပါတယ်။
ကျောင်းတွေမှာ သီချင်းတွေတိုက်ကြ။ ညဘက်တွေကို အိမ်တွေမှာလိုက်ပြီး သီချင်းတွေဆိုကြ၊ အလည်သွားတဲ့ အိမ်တွေကလည်း စားသောက်ဖွယ်ရာတွေဘာတွေနဲ့ ကြိုကြတာ သိပ်ပြီး ပျော်စရာကောင်းပါတယ်။ ဆောင်းတွင်းအေးအေးမှာ သီချင်းလိုက်ဆိုရ ချမ်းပေမယ့် အိမ်တွေရောက်ရင် သီချင်းအော်ဆိုလိုက်ရင် ချမ်းတာတွေ ပျောက်သွားတော့တာပါဘဲ။ ကျွန်မ ဗုဒ္ဓဘာသာပေမယ့် အဲ့ဒီသီချင်းတွေဆိုရတာတော့ သဘော ကျပါတယ်။
မှတ်မှတ်ရရ အဲ့ဒီနှစ် ခရစ်စမတ်ညမှာ မီးပုံပွဲလုပ်တဲ့ အသိအိမ်ကိုသွားလည်ဖြစ်ကြပါတယ်။ ခရစ်စမတ်လက်ဆောင်တွေ ဝေပေးတဲ့ အပြင် မီးပုံပွဲမှာ လှည့်ပြီး ကချင်ရိုးရာအကတွေကရတာ ပျော်စရာပါ။ လူကြီးတွေကိုတော့ အရက်တွေဘာတွေနဲ့ ဧည့်ခံပေမယ့် ကျွန်မတို့ ကလေးတွေကတော့ အသားကင်တွေ မီးပုံဘေးမှာစားရတာ အတော်ပျော်ခဲ့မိပါတယ်။ အပျော်ဆုံးက မဲဖေါက်ပေးတဲ့ အကိုကြီးက ချောချောလေးမို့ပါ။ ဟဲဟဲ အဲ့ဒီအကိုကြီးက လူတွေအားလုံကို မဲဖေါက်ပြီး၊ နောက်ဆုံးနားမှ ကျွန်မကိုခေါ်ပြီး လက်ဆောင်တွေထဲက ကျွန်မအလိုချင်ဆုံး လက်ဆောင်ကိုပေးခဲ့လို့ပါ။ ပျော်စရာမကောင်းဘူးလား။ မြစ်ကြီးနားဆိုတော့ အေးတာမှ နှာသီးဖြားတွေရော၊ လက်ဖျားတွေရော အေးစက်နေတာပါဘဲ။ အဲ့ဒီခရစ်စမတ်ညကတော့ ကျွန်မအတွက် အမှတ်တရပါ။
မြစ်ကြီးနာဆောင်းက ကျွန်မတို့သွားတုန်းက အေးတယ်ဆိုတာ အရင်ကျွန်မတို့ အဖွားတွေ နေတုန်းကလောက် မဟုတ်ပါဘူးတဲ့လေ။ အဲ့ဒီနှစ်တုန်းကတောင် သစ်တောတွေပြုန်းလို့ သိပ်မအေး တော့ပါဘူးတဲ့။ ခုတော့ ပိုအောင် မအေးနိုင်ဦးမယ်ထင်ပါတယ်။ မြစ်ကြီးနား ဈေးထဲက လိမ္မော်သီး ရောင်းတဲ့ ဆိုင်တွေကိုလည်း သိပ်ပြီး သတိရပါတယ်။ ပြီးတော့ မြစ်ကြီးနား မြို့မဈေးနားက ပန်းခင်းလမ်းဆိုတဲ့ ကြက်ပေါင်းနဲ့ ရောင်းတဲ့ ခေါက်ဆွဲဆိုင်ကိုလည်း သတိရမိပါတယ်။ ကျွန်မအတွက်ကတော့ ၁၉၉၅ ခုနှစ် လောက်ပျော်ဖို့ကောင်းတဲ့ ခရစ်စမတ် မရှိတော့ဘူးထင်ပါတယ်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။
နှင်းဆီနီနီ။။