Saturday 8 December 2007

ဘယ်လို ရွေးမလဲ

ဒီပိုစ့်ကို ကျွန်မရင်းနှီး မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်ကို ကောင်းစေချင်သော ဆန္ဒပြင်ပြလွန်းလို့ သူများတွေဘာပြောပြော ခံမယ်ဆိုတဲ့စိတ်နဲ့ ရေးပြီးတင်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ ပညာရှိများ မေ့လျှော့နေ သည်ကို ပြန်လည် သတိရစေရန်ထောက်ပြခြင်း၊ မသိသေးသူများကို ဒီလိုတွေရှိပါတယ်ဆိုတာ သိစေချင်တာ ကြောင့်ပြောပြခြင်း၊ သိပြီးသားသူများကိုလည်း ယုံကြည့်ချက်ခိုင်မာစေရန်အကြောင်းတခု အနေနဲ့ ရေးခြင်းဖြစ်ပါတယ်။ မည်သူ တဦးယောက်ကိုမှ မရည်ရွယ်သလို၊ မည်သည့်မကောင်းသည့် သဘောတရားများကို ရည်ရွယ်ရေးသားခြင်းမဟုတ်ပါ။ ရေးသားမည့် အကြောင်းအရာများသည် ကျွန်မကိုယ်ပိုင် ခံစားချက်၊ အတွေးအခေါ်များ၊ အတွေ့အကြုံများကိုသာ ရေးသားထားပါသဖြင့် တိုက်ဆိုင်မှုများ ရှိခဲ့ရင်ခွင့်လွှတ်ပေးကြပါရန်။ စာဖတ်သူများ စာမဖတ်ခင် အရင်ဆုံးတောင်းပန်ချင်ပါတယ်။

ချစ်တယ်မချစ်ဘူးဆိုတာတွေ ကျွန်မတို့ ငယ်ငယ် စကားပြောတက်စ အရွယ်ကတည်းက ပြောဖူး၊ ကြားဖူး၊ ရင်းနှီးဖူးတဲ့ စကားလုံးပါ။ သမီး ဖေဖေကိုချစ်လား၊ သမီး မေမေ့ကိုချစ်လား စသည့် စကားလုံးများမှ စပြီး ချစ်သည်၊ မချစ်ဘူးကို သင်ကြားဖူးပါတယ်။ ဖေဖေကို ပိုချစ်သည်၊ မေမေ့ကို ပိုချစ်သည် စသည်ဖြင့် လို့ပြောလိုက်တိုင်း အပြောခံရသူက ကျေနပ်ကြမြဲဖြစ်ပါတယ်။ အမှန်တော့ ချစ်သည်၊ ချစ်တယ်၊ မချစ်သည်၊ မုန်းသည် အများများသောကြားတွင် ကျွန်မတို့ ကိုယ်တိုင် လုံးလည်ချာလည်လိုက်ဦးမယ် ဆိုတာတော့ အဲ့ဒီအရွယ်မှာ လုံးဝမသိခဲ့ကြပါဘူး။

ငယ်ငယ်က။ ငယ်ငယ်ကဆိုပေမယ့် ကျွန်မ စာဖတ်တက်ခါစတုန်းကပါ။ ဟဲဟဲ တွေ့သမျှစာ အကုန်ဖတ်ပါတယ်။ အဖေအမေရဲ့ ရည်းစားစာပါမကျန် စာမြင်သမျှ အကုန်ဖတ်ပါတယ်။ ဟဲဟဲ မေမေတို့ ရည်းစားစာတွေ အခုထိ သိမ်းထားတုန်းဘဲဗျ။ သွားမပြောနဲ့နော် နဲနဲ ဖွမယ်။ မေမေက သူ့စာတွေအားလုံး ကျွန်မစာဖတ်တက်တဲ့ အချိန်မှာ ရှင်းလိုက်ပြီဗျ။ ဖေဖေစာတွေဘဲကျန်တော့တာ။ တခါတလေ ပျင်းရင် ဖေဖေရဲ့စာတွေ ပြန်ဖတ်ဖြစ်တယ်။ ဖေဖေက လက်ရေးလှပြီး စာအတော်အရေးကောင်းပါတယ်။ ကျွန်မအတွက် အရင်နှီးဆုံး ရည်းစားစာတွေဆိုရင် အဲ့ဒီစာတွေကို ပြရမလိုဖြစ်နေတယ်။ မေမေက ဖေဖေကို စိတ်ကောက်တိုင်း၊ ဖေဖေ စိတ်ဆိုးတိုင်း ကျွန်မက အဲ့ဒီရည်းစားစာတွေ ရွတ်ပြလိုက်ရင် အဆင်ပြေသွားရော။ ဟဲဟဲ။ စာတွေကလည်း မနည်းဘူး လက်ဆွဲအိတ် တအိတ်လောက်ရှိတယ်။ လက်ရေးလေးတွေက
လှမှလှ၊ ၀ိုင်းဝိုင်းညီညီလေးတွေ။ လွန်းထားထား အချစ်ဝတ္ထုရေးတာ ဖေဖေကို ဘယ်မှီမလဲ ဟဲဟဲ။ ကိုယ့် အဖေမို့ ကြွားတာမဟုတ်ပါဘူး။ တကယ်ကြွေလောက်အောင် ရေးတက်တာပါ။ ကဲကဲ ဖွတာလေး ဒီနားခဏရပ်လိုက်မယ်နော်။

ဒီလိုနဲ့ ကျွန်မအတွက် အချစ်တွေဘာတွေတော့ မသိဘူး။ မေမေတို့ခေတ်က တယောက်နဲ့ တယောက် သစ္စာရှိ ရှိ ချစ်ကြတာတော့ စိတ်ထဲမှာ သဘောကျ နှစ်သက်မိတယ်။ ကျွန်မမိဘတွေက ၈နှစ်လောက်ချစ်ပြီးမှ ယူကြတာကို။ အဲ့ဒီထက်ကြာတဲ့သူတွေ မြင်ဖူးပါတယ်။ ၁၀ နှစ်တဲ့ ကျွန်မမောင်လေးကို သိပ်ချစ်တဲ့ အတွဲပါ။ ဒီလိုဒီလို ကြားမှာ နေထိုင်လာတဲ့ ကျွန်မအတွက် အချစ် ဆိုရင် သစ္စာရှိ၊ ကတိတည်၊ စည်းကမ်းရှိရမယ် ဆိုတာမျိုး နှလုံးသားထဲ၊ ဦးနှောက်ထဲ ကို သေရာပါစွဲနေတာ မဆန်းဘူးလို့ပြောချင်ပါတယ်။

ဒီလိုနဲ့ ဆယ်ကျော်သက် အရွယ်ရောက်တော့လည်း အမှန်ပြောရရင် အချစ်ဝတ္ထုတွေဘာတွေလည်း ကျွန်မ သိပ်မဖတ်ဖြစ်ပါဘူး။ ဒီတော့ ခေတ်လူငယ်တွေ ဘယ်လိုတွေးသလဲ ဘာတွေလုပ်နေလဲဆိုတာ ကျွန်မ အဆက်ပြတ်နေတက်ပါတယ်။ ကျွန်မဖတ်တဲ့ စာအုပ်တွေက ကျွန်မအဖွားတွေ ခေတ်က ၀တ္ထုတွေနဲ့ မဂ္ဂဇင်းတွေများတော့ ဘာဆိုဘာမှမသိကြပါဘူး။ မဂ္ဂဇင်းတွေထဲမှာတော့ ကံချွန်ရဲ့စာတွေက ကျွန်မအကြိုက်ဆုံးပါဘဲ။ ကံချွန်ရဲ့ အယူအဆတွေက လောကထဲမှာ အဆင်အပြေဆုံး အဖြေတွေလို့ ယူဆပြီး လက်ခံကျင့်သုံး ခဲ့ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်း၊ ကျောင်းတက်တော့ သူငယ်ချင်းတွေ၊ ဟိုကြားဒီကြား(အတင်း၊ သတင်း)၊ ကတော့ ကျွန်မတို့ ငယ်ငယ်ကတွေ့ဖူးတဲ့ ပုံစံမျိုးတွေမဟုတ်တာကို တော်တော်များများ တွေ့ရပါတယ်။ စိတ်လည်း မကောင်းဘူး။ သူတို့အတွက်ပါ။ အဲ့ဒါက ၉၉၊ ၂၀၀၀ လောက်ကပါ။ အခုဆိုလို့ကတော့ ပြောမနေပါ နဲ့တော့။ လူတွေက ပိတောက်ပန်းတွေက သစ္စာမရှိတော့ဘူး၊ ရာသီဥတုတွေ ဖေါက်ပြန်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လူတွေက သစ္စာမရှိတော့တာကိုတော့ မပြောကြပါဘူး။

သူတို့တွေ ဘယ်လိုစဉ်းစားတွေးခေါ်ကြလည်း တခါတလေလိုက်မမှီပါဘူး။ တခါတလေတော့လည်း သူတို့ ကိုယ်တိုင်ပြန်ပြောပြလို့ အော်ဒီလိုပါလားဆိုပြီး နားလည်လိုက်ရပါတယ်။ ထူးထူးဆန်းဆန်း အတွေးအခေါ်တွေ အတော်များများကို တွေ့မိတော့ ဘယ်ကနေ ဘယ်လိုစပြောရမှန်းမသိအောင် ဖြစ်မိတယ်။ ကျွန်မသူငယ်ချင်း တွေထဲမှာ ဆယ်တန်းအောင်တဲ့အထိ ရည်းစားရှိတဲ့သူ တယောက်မှမရှိပါဘူး။ ပထမဆုံး ကောင်လေး ရသွားတာက ကျွန်မအချစ်ဆုံး သူငယ်ချင်းပါ။ သူ့ရဲ့ ငယ်သူငယ်ချင်း ကောင်လေးနဲ့ကြိုက်ကြတာပါ။ ဘာသာမတူလို့ သူ့အိမ်က သဘောမတူပေမယ့် သူကတော့ အချစ်ဟာ အချစ်ပါပဲတဲ့။ ငါကတော့ သူ့ကို ချစ်ပါတယ်တဲ့လေ။ အဲ့ဒီလောက်ထိတော့ ကျွန်မလက်ခံပါတယ်။ အိမ်က သဘောမတူလည်း နောက်ပိုင်း ကြိုးစားသွားရင် အဆင်ပြေသွားမယ်ပေါ့။

အဲ့ဒီလို လက်ခံထားပါတယ်။ သိပ်မကြာပါဘူး သူ့ကောင်လေးက နောက်တယောက်တွဲပြီး ကွဲသွားပါတယ်။ သူက အရမ်းချစ်တော့ သူ့ကောင်လေး နောက်ကောင်မလေး ရသွားလည်း ချစ်နေတာပါဘဲ။ သူ့ကောင်လေးက သူ့ကို ဖျတ်လိုက်၊ ဆက်လိုက်လုပ်နေတာကိုတော့ လုံးဝလက်မခံနိုင်ပါဘူး။ ဘာတဲ့ ဘယ်သူတွေ ဘယ်လောက်ပြောင်းပြောင်း သူ့လောက်ချစ်လို့မရဘူးဆိုဘဲ။ သူငယ်ချင်းက ယုံတုန်း။ သူ့ကောင်လေး မိန်မယူသွားမှ ကိစ္စပြတ်သွားတယ်။ သူ့အိမ်ကလည်း မိန်မယူသွားတဲ့ ကောင်လေးကို ကျေးဇူးတွေတင်လို့။ ကျွန်မကတော့သူ့ကို ရိုးသားပြီး ချစ်နိုင်လို့၊ ကိုယ်အချစ်ဆုံးသူငယ်ချင်း ဖြစ်နေလို့ မျက်နှာလိုက်ပြီး သနားတယ်။ ကောင်လေးကိုတော့ အသေသတ်ချင်တာဘဲ။ သူတို့ကိုကြည့်ပြီး အတော်အချစ်ကို အတော်စိတ်ပျက်မိတယ်။ သူကဘဲ ကျွန်မကို မိုးမိုး(အင်းလျာ)ရဲ့ မှောင်သောလမ်းမှာ စမ်းတ၀ါးဆိုတဲ့ စာအုပ်ပေးဖတ်ပါတယ်။ သူ့တောင်ကံကောင်းလို့တဲ့ ကျွန်မကို သူ့လို စိတ်မဆင်းရဲစေချင်ပါဘူးတဲ့လေ။

နောက်ပိုင်းမှာ ကျွန်မသူငယ်ချင်းကိစ္စတွေကို နမူနာယူတက်ပါတယ်။ ကျွန်မရဲ့ ငယ်သူငယ်ချင်း တယောက်က လဲ ရည်းစားထာတာ အိမ်ကသိသွားလို့ အိမ်နဲ့ စကားမပြောဘူးတဲ့လေ။ သူ့မိဘတွေက စိတ်မကောင်းဖြစ်နေ တာပါ။ သူကတော့ သူ အရမ်းဆိုးတာမဟုတ်ဘဲ သူ့ကိုပြောလို့စိတ်ဆိုးတာပါ။ စိတ်ဆင်းရဲနေတဲ့ သူ့မိဘတွေကို ကြည့်ပြီး ကျွန်မမိဘတွေကို ဒီလို စိတ်မဆင်းရဲစေချင်ပါဘူး။ အဲ့ဒီတုန်းက ကျွန်မအသက် ၁၉ နှစ်ပေါ့။ ကျွန်မသိပ်ပြီး လိမ္မာတာမဟုတ်ပါဘူး။ ဆိုးတဲ့ နေရာတွေလည်း ဆိုးတာပါဘဲ။ သူများတွေနဲ့ ဆိုးတဲ့ နေရာ မတူတာဘဲ ဖြစ်ချင်ဖြစ်မှာပါ။ အဲ့ဒါကိုတော့ ကျွန်မက မိဘတွေကို ကျွန်မစိတ်ဆန္ဒထက်ပိုချစ်တယ်လို့ ပြောရင် မစွံလို့ အကြောင်းရှာတယ်လို့ပြောလဲ ခံရုံပေါ့။

ကျွန်မဖက်ဖူးပါတယ် ကံချွန်ရေးထားတာ။ ချစ်တာနဲ့ကြိုက်တာ ဘာကွာသလဲဆိုတာ။ သူကတော့ သေချာရေး ထားတာပါ။ ကျွန်မကတော့ သိပ်မမှတ်မိတော့ဘူး။ ချစ်တာတယ်ဆိုတာက နှလုံးသားက ဆုံးဖြတ်တာဖြစ်သလို၊ တခဏတွင်းလည်း ပြောင်းလဲနိုင်တယ်လို့တော့ မှတ်ထားမိတယ်။ ကြိုက်တယ်ဆိုတာကတော့ ကိုယ်က မကြိုက်ဘူးလို့ ထင်လည်း ကိုယ်မသိလည်း ကြိုက်ချင်ကြိုက်နေတက်တာဘဲတဲ့လေ။ ကိုယ့်မိန်းမကို ကိုယ်က သိပ်ပြီး ချစ်ချင်ချစ်နေပေမယ့် သူ့ရဲ့ စရိုက်တွေ၊ အနေအထိုင်တွေကို အကယ့်ဘ၀ထဲမှာ ကြိုက်ချင်မှ ကြိုက်မှာ တဲ့။ ကိုယ်ကြိုက်နှစ်သက်တာ တခြား၊ တပုံစံဖြစ်ချင်ဖြစ်နေနိုင်တယ်တဲ့။ ဒါကြောင့် တခါတလေမှာ ကိုယ့်မိန်းမ ထက် တခြားမိန်းမကို အထင်ကြီးလေးစားတာမျိုးတွေ အိမ်ထောင်သည်လောကမှာ တွေ့ရတက်သလို။ မိန်းမတွေကလည်း ခွင့်လွှတ်ပေးသင့်တယ်တဲ့လေ။ အဲ့ဒါမျိုးကို ဖိအားပေးမိရင်တော့ အခြေအနေတွေ တမျိုးဖြစ်နိုင်ပါတယ်တဲ့။

ဒါဆိုရင် ကိုယ်ကြိုက်တဲ့ သူကိုယူမလား၊ ကိုချစ်တဲ့သူကိုယူမလားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒါကတော့ ကိုယ့်ကိုယ်ပိုင် ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ချစ်လို့ နှစ်သက်လို့ တွဲတဲ့သူ၊ ယူတဲ့သူကို ဘယ်သူ ကမှ စိတ်ဆင်းရဲစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ကလည်း လူသားမို့ တခါတလေ စိတ်လွတ်သွားရင် တယောက်နဲ့ တယောက် နားလည်ခွင့်လွှတ်ပေးရင် အဆင်ပြေနိုင်ပေမယ့်၊ နားလည်မှမပေးနိုင်ရင်တော့ ဘယ်သူမှ အဆင်ပြေမှာမဟုတ်ပါဘူး။

ကိုယ်က ချစ်တာလား၊ ကြိုက်တာလားဆိုတာတော့ ကိုယ်တိုင်က ခွဲခြားသိဖို့လိုပါတယ်။ ဥပမာ- ကိုယ်ချစ်တဲ့ သူက ကိုယ်လိုချင်တဲ့ အရည်အချင်းပြည့်ချင်မှ ပြည့်မှာပေါ့။ ဒါကိုနားလည်ပေးဖို့လိုပါတယ်။ ကိုယ်က ချစ်တယ်လဲပြောသေးတယ်။ သူ့အားနည်းချက်ကို နားလည်ခွင့်လွှတ်မပေးနိုင်ဘူးဆိုရင် မကောင်းဘူးပေါ့။ နောက်ပြီး ကိုယ်က သူ့ကိုတော့ သိပ်မချစ်ဘူး၊ ဒါပေမယ့် သူ့အရည်အချင်း(အားလုံးပါတယ်နော်)ကို နှစ်သက်လို့ယူပြီးမှ၊ တွဲပြီးမှ ငါသူ့ကိုမချစ်ဘူးလို့ ခံစားရလို့ နောက်တယောက်တွဲတာ။ ဖေါက်ပြန်တာဆို ကိုယ်ကမကောင်းတာပါ။ သူကမတရားတာမဟုတ်ပါဘူး။ အခုပြောချင်တာက နှစ်ယောက်လုံးဘက်ကိုပြော ချင်တာပါ။

ကျွန်မတွေ့ဖူးပါတယ်။ ကိုယ်ကချစ်လို့ တွဲပြီးမှ ကောင်မလေးက သိပ်ပြီး အူတိုလို့ဆိုပြီး အကြောင်းပြ၊ နောက်ကောင်မလေးတွေနဲ့တွဲ၊ နောက်ကောင်မလေးတွေကိုလည်း သနားအောင်ပြော။ အဲ့ဒါမျိုးဆို ကောင်မလေးက မကောင်းတာမဟုတ်ဘူးလို့ မြင်ပါတယ်။ ကိုယ်က တကယ်တရားဝင် မတွဲခင်ကတည်းက စဉ်စားပေါ့၊ လေ့လာပေါ့။ လွယ်လွယ်စဉ်စားပြီး စကားလေးပြောလို့ ကောင်းရုံ၊ လူကြားထဲတွဲထွက် လို့ကောင်းတာနဲ့ ရည်းစားဖြစ်ပြီး နောက် အကြောင်းသိမှ မတွဲချင်ဘူးဆိုတော့ ကောင်မလေးဘက်ကိုလည်း ကြည့်ပါဦး။ မိန်ကလေးဆိုတာ နာမည်တလုံးနဲ့ နေတာပါ။ ဟဲ့ သူက အရင် ဘယ်သူနဲ့ ဆိုတာမျိုးကို ထည့်စဉ်းစားသင့်ပါတယ်(ဒါမျိုးစိတ်ဓါတ် မရှိဘူး။ ခွင့်လွှတ်နိုင်တယ် သိပ်ပြီးချစ်တာဘဲဆိုတဲ့ သူတွေကိုတော့ မပြောလိုပါဘူး။ ချစ်ကြိုက်ကြပြီးမှ တချိန်လုံး စဉ်းစားပြီး စိတ်ဆင်းရဲနေရင်တော့ မပြောတက်ပါဘူး)။ ကိုယ်က မချစ်တော့လို့ ငါနဲ့ဘာမှ မဆိုင်ဘူးဆိုတဲ့ စိတ်ဓါတ်မျိုးကတော့ အမျိုးကောင်းသားတွေမှာ မရှိတက်ကြပါဘူး။ အနဲဆုံး မိန်ကလေး ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့် အသိုင်းအ၀န်း အဲ့ဒါတွေ ထည့်တွက်ဖို့ လိုမယ်လို့ ထင်ပါတယ်။

ကျွန်မအကို တယောက်ပြောဖူးပါတယ်။ ကိုယ်တကယ်မယူနိုင်တဲ့ မိန်မဟုတ်မဟုတ် အရင်ကြည့်ပါတဲ့။ ပြီးမှတွဲပါတဲ့။ မဟုတ်ရင်၊ မတော်လို့ ယူလိုက်ရရင် ကိုယ့်အပျော်တွဲတာ။ အခြေအနေက မယူရင်မရတော့တဲ့ အခြေအနေ(အိမ်ပြန်နောက်ကျတာတို့ဘာတို့်ကို ပြောတာပါ)။ အဲ့ဒါမျိုးဆို ဘယ်လိုဖြေရှင်မလဲ။ အဲ့ဒါမျိုးတွေကို အစကတည်းက ကြိုစဉ်းစားသင့်ပါတယ်တဲ့။ တချို့တွေက တွဲတုန်းကတွဲပြီး ယူဆိုတော့မှ ကောင်မလေးက ဘဲ ဖမ်းတာလိုလို။ ဘာလိုလို၊ ညာလိုလို။ ပြောတက်ပါတယ်။ အမှန်တော့ ကိုယ့်က အစကတည်းက စဉ်းစားရမှာပါ။ ကိုယ်ဖာသာကိုယ် တွက်ချက်ပြီး မှားတော့မှ သူများကို လက်ညှိုးထိုးတက်တဲ့ သူများ အထင်ကြီးစရာမရှိပါဘူး။

ဘယ်သူ့ကိုဘယ်သူက ဖမ်းလိုက်လို့။ ဘယ်သူက ဘယ်သူ့ကို ငွေမက်လို့ ယူလိုက်တာ စသည်ဖြင့်
ကြားဖူးကြမှာပါ။ ဒါက မိမိကြိုက်နှစ်သက်တဲ့သူကို ရွေးချယ်ကြတဲ့သူတွေပါ။ ဘာမှပြောစရာမရှိပါဘူး။ တချို့ကလည်း မိမိနှစ်သက်တဲ့သူကို ရွေးချယ်ယူကြတဲ့သူတွေကတော့ အချစ်ကိုရွေးချယ်တဲ့သူတွေပါ။ ဒါကလည်း ကိုယ်နှစ်သက်လို့ ရွေးချယ်တဲ့လမ်း၊ အကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်က အလေးထားရင် အောင်မြင်အောင် ဖန်တီးနိုင်မှာပါ။ ယောက်ျားတွေချည်း ရွေးပြောနေလားလို့ မေးရင်။ သူတို့ကို ဘဲရွေးပြောရတာက သူတို့က အဓိကကျတဲ့ သူတွေမို့ပါ။ သူတို့မှာဘဲ ရွေးချယ်ခွင့်၊ ဆုံဖြတ်ခွင့်တွေရှိလို့ သူတို့ကိုဘဲ အဓိကထားပြီး ပြောနေရတာပါ။

ကျွန်မပြောတာ အနောက်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေဘာတွေ၊ ၂၁ ရာစုတွေဘာတွေကို ထည့်ပြီး မပြောပါဘူး။ ကျွန်မတို့က ဗမာလူမျိုး၊ ဗုဒ္ဓဘာသာတွေဖြစ်လို့ ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေ၊ ဓလေ့ထုံးစံတွေကို မေ့ထား လို့ မရပါဘူး။ အခုခေတ်တွေပြောင်းနေပြီ။ ရိုးရားဓလေ့တွေ မေ့သင့်ပြီလို့ ယူဆ၊ ပြောဆိုနေတဲ့ သူတွေ ရှိချင်ရှိမှာပါ။ ပြောင်းချင်တဲ့သူတွေ ပြောင်းလို့ရပါတယ်။ ကျွန်မကတော့ မပြောင်းချင်တဲ့သူမို့ ဒီဓလေ့တွေထဲမှာ ဘဲ နေခဲ့ပြီး ဒီလိုရေးနေတာပါ။ အနဲဆုံး ကျွန်မသေတဲ့ အထိတော့ ဒီယဉ်ကျေးမှုတွေ၊ ဓလေ့တွေ ကျန်ဦးမယ် ထင်ပါတယ်။

မထင်မှတ်ဘဲ တရားတခုမှာနာဖူးတာက ဗုဒ္ဓဘာသာအစစ်ဆိုရင်၊ ဗုဒ္ဓမြတ်စွာရဲ့ တရားတွေကို ယုံကြည့်တဲ့ သူသာ ဆိုရင် ဘာသာခြားတွေနဲ့ မယူသင့်ဘူးဆိုတာပါဘဲ။ အဲ့ဒီတရားမနာခင်က ကျွန်မသူငယ်ချင်း တယောက်ကို ကျွန်မမြှောက်ပေးဖူးပါတယ်။ ဘာသာခြားကောင်လေး တယောက်နဲ့ အဆင်ပြေဖို့။ ဘာသာသာ ခြားတာ ကောင်လေးက သူ့ကို အရမ်းချစ်ပြီး အလိုလိုက်မယ်ထင်လို့။ သိပ်လည်း အနွံအတာခံတာကို။ ဒါပေမယ့် တကယ်လည်း ကြိုက်သွားရော ကျွန်မအထင်နဲ့ သူတို့ လက်တွေ့က တခြားစီ။ ကျွန်မအလွန်ဘဲ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မမြှောက်ပေးလို့ ဖြစ်သွားတာကို။ ဘာသာမတူတော့ အတွေးမတူပါဘူး။ အတွေးမတူတော့ သွားတဲ့လမ်းကြောင်းက တခြားစီပေါ့လေ။ သူတို့ အခြေအနေက ကောင်းချင်လည်း ကောင်းသွားနိုင်ပါတယ်။ မကောင်းချင်လည်း မကောင်းနိုင်ပါဘူး။ ဒါပေမယ့် တရားတော်နာပြီးတဲ့ အချိန်မှာ အဲ့ဒီလို ဖြစ်လိမ့်မယ်လို့ လုံးဝမသိဘဲ ကိုယ့်စနက်ဖြစ်သွားလို့ အတော်စိတ်မကောင်းဖြစ်မိပါတယ်။

ဘာသာခြားတွေ နဲ့ယူထားတဲ့ မိဘတွေကမွေးတဲ့ သူငယ်ချင်းတွေ ကျွန်မမှာ အများကြီးရှိပါတယ်။ ထူးခြားတာ တော့ ဘယ်ဘာသာနဲ့ယူယူ မွေးလားတဲ့ ကလေးတွေ ဗုဒ္ဓဘာသာမဖြစ်ကြတာ အတော်ဘဲ စိတ်မကောင်းဖြစ်မိ ပါတယ်။ ကျွန်မ Global အင်္ဂလိပ်စာ သင်တန်းတက် တုန်းက စာသင်ရင် ဂိမ်းတခု(ဆွေးနွေးပွဲတခု) အတန်း ထဲမှာလုပ်ရပါတယ်။ သူက ကိုယ်ကရွေးချယ်မဲ့ သူကို ဘယ်လိုလူမျိုးကို ရွေးချယ်မလဲဆိုတာကို မေးခွန်း ၅ ခုနဲ့ မေးပြီး ဖြေရှာခိုင်ပါတယ်။ အတော်များများကတော့ ဘာသာရေးကို အရင်စဉ်စားရမယ်လို့ ရွေးကြပါတယ်။
အဲ့ဒီမေးခွန်းတွေကို မှတ်မိသလောက်ပြန်ရေးလိုက်ပါတယ်။
၁) ဘာသာရေး
၂) ပတ်ဝန်းကျင်
၃) ငွေရေးကြေးရေး
၎) အချစ်
--စသည်ဖြင့်ပါ။

အတော်များများဆို ကောင်လေးတွေထဲမှာ ငွေကိုရွေးတဲ့သူတွေရှိပါတယ်။ သူတို့ကတော့ ရဲ(သတ္တိရှိတာပါ) တယ်လို့ ပြောရမယ်။ မိန်းကလေး အတော်များများက ဘာသာရေးကိုရွေးကြပါတယ်။ သူတို့ထဲမှာ စိတ်ထဲကနေ ငွေကိုရွေးတဲ့သူတွေ ပါချင်ပါမှာပါ။ လူကြားထဲ ထုတ်မပြောရဲတာဘဲဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ကောင်လေးတွေကို ရဲတယ်လို့ ပြောတာပါ။ ဒုတိယ အရွေးများဆုံးက ပတ်ဝန်းကျင်ပါ။

နောက်ဆုံမှာ ဆရာမက အဖြေကိုပြောပါတယ်။ အဖြေက ပတ်ဝန်းကျင်ကို အဓိကထားရွေးပါတဲ့။ သူက ဘာသာရေးလည်း အဓိကထားသလို၊ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်ကိုကြည့်ပြီး လက်တွဲဖော်ရွေးစေချင်ပါတယ်တဲ့။ ပတ်ဝန်းကျင်မတူတဲ့ နေရာကလာတဲ့ လူနှစ်ယောက် ပေါင်းဖို့ကတော့ အတော်မလွယ်တာပါတဲ့။ ညှိစရာတွေ တပုံတပင်နဲ့ ဖြစ်တက်သလို ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ရရှိဖို့ အတော်ခက်ခဲပါတယ်တဲ့လေ။

ကျွန်မအမြင်ကတော့ ဘယ်လူမျိုး၊ ဘယ်ဘာသာပဲဖြစ်ဖြစ် ဖြစ်နိုင်ရင် ကိုယ်နဲ့ အတူဆုံးပတ်ဝန်းကျင်ကလူ၊ ကိုယ်နဲ့ ဘာသာတူတာကို ရွေးချယ်မှ သင်ခန်းစာ အတော်ပေးတက်တဲ့ လောကကြီးထဲမှာ အချို့သော သင်ခန်းစာတွေရှင်းပြီးသာ ဖြစ်နေမယ်လို့ ထင်ပါတယ်။ မတူတာတွေ လိုက်ညှိနေတာနဲ့ ဘ၀ တ၀က်ကျိုးတဲ့ အထိ ပျော်ပျော်ရွှင်ရွှင်မနေလိုက်ရဘဲဖြစ်မှာစိုးရိမ်ရပါတယ်။

ကျွန်မထင်ပါတယ်။ ဘယ်လိုလူမျိုးဖြစ်ဖြစ်၊ ဘယ်အခြေအနေကဘဲ လာလာ၊ ဘာတွေပဲဖြစ်နေဖြစ်နေ လူတိုင်းကတော့ သာယာပြီး ပျော်ရွှင်ကြည်နူးတဲ့ ဘ၀ကို ရချင်ကြတဲ့သူချည်းပါဘဲ။ လူသန်းပေါင်းများစွာရှိတဲ့ ကမ္ဘာကြီးပေါ်မှာ ကိုယ်နဲ့ အဆင်ပြေမယ့် နံရိုးက အရှားသား။ ကံပါလို့ တွေ့တယ်ဆိုရင်လည်း ကောင်းဆုံးဖြစ်နိုင်ဖို့ ဆိုတာက ကိုယ်ကိုတိုင်ရဲ့ကြိုးစား အားထုတ်မှုနဲ့ သက်ဆိုင်မယ်လို့ထင်ပါတယ်။ ကိုယ်ကိုတိုင် ရွေးချယ်လိုက်တဲ့ ဘ၀မှာ အရေးအကြီးဆုံး လက်တွဲဖော်ကို လွယ်လွယ်မရွေးမိကြဖို့နဲ့။ ဖြစ်နိုင်ရင် (မိန်ကလေးတွေ) အချိန်ယူ စဉ်စားကြဖို့ အကြံပေးချင်ပါတယ်။

ကျွန်မအတွေးကတော့ ကိုယ်က ကောင်းမွန်တဲ့ မိသားစုဘ၀၊ ကောင်းမွန်တဲ့ မျိုးဆက်တွေ ဖန်တီးချင်တယ်၊ အလိုရှိတယ်ဆိုရင် ကိုယ်ကိုတိုင်က ကောင်းမွန်တဲ့လမ်းကို သွားမှရမှာပါ။ ကိုယ်ကတော့ ကြိုက်တာလုပ်မယ်၊ ဒါပေမယ့် ကောင်းတာလေးလည်း လိုချင်တယ်။ ဒါမျိုးတော့ ရမယ်မထင်ပါဘူး။ ရတဲ့သူတွေလည်း ရှိမှာပါ၊ သိပ်ပြီး ရှေးကုသိုလ်ကောင်းရင်ပေါ့။ ကိုယ့်စိတ်က ကိုယ်ရတာ မကောင်းဘူးထင်နေပြီး မကြေမချမ်းဖြစ် နေတဲ့ သူတွေလည်း ရှိရင်ရှိမှာပါ။ ဒါကတော့ ကိုယ့်ရှေးကုသိုလ်လို့ မှတ်ရမှာပါ။

ဒါဆိုရင် ဟိုလိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ်နဲ့ သိပ်ပြီး ဇယားရှုပ်တာဘဲလို ပြောရင်တော့။ လူတွေများကြီး အတွက် တူညီတဲ့ ချက်တွေအများရှိရှိနိုင်လို့ ကိုယ်နဲ့ အဆင်ပြေတဲ့ အရာ။ လက်လှမ်းမှီရာကို အဆင်ပြေသလို ညှိပြီး လုပ်ဆောင်ရင်တော့ ကိုယ်နဲ့အသင့်တော်ဆုံး အကောင်းဆုံး ဘ၀လက်တွဲဖော်ကို တွေ့မှာပါ။ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။

++++++++++++++++++++++++++
(ပြီးပါပြီ)++++++++++++++++++++++++++++

ဖတ်ရတဲ့သူတော့ မသိဘူး။ ရေးတဲ့သူတော့ စိတ်ရော၊ လူရောမောပြီ။ အခုထိတော့ ဒီပေတံနဲ့ လိုက်တိုင်းနေတာ တယောက်မှမတွေ့သေးပါဘူး။ ဒီပိုစ့်ဖတ်ပြီး အပျိုကြီး၊လူပျိုကြီးတွေ ဖြစ်သွားရင်တော့ ကျွန်မနဲ့ လုံးဝမဆိုင်ပါ။ ရေးချင်တာက များနေပြီး၊ စိတ်ကလည်း လောနေလို့ စာပိုဒ်တွေ အဆက်အစပ်မရှိရင် ခွင့်လွှတ်စေချင်ပါတယ်။ အခုမှ စာစရေးတာဖြစ်လို့ အမှားတွေ တပုံတပင်တွေ့မှာပါ။ အမှားရှိရင် ပြင်ပေးကြပါဦးလို့လည်း ပြောချင်ပါတယ်။

စိတ်ထဲရှိတာတွေကို ရေးချလိုက်တာပါ။ ဖတ်လို့ အဆင်ပြေချင်မှ ပြေမှာပါ။ စာအရေးအသားမကောင်တဲ့ အတွက် အမှားပါရင်၊ ကျွန်မရည်ရွယ်သလို စာဖတ်သူ မခံစားမိရင် ခွင့်လွှတ် နားလည်ပေးကြပါလို့ လေးစားစွာပြောကြားလိုပါတယ်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။