Thursday 6 December 2007

ဟန်နီ

အမှန်တော့ ဟန်နီနဲ့ ကျွန်မနဲ့ သိတာ အတော်ကြာပါပြီ။ ၂၀၀၃ အောက်တိုဘာတုန်းက သင်တန်းတခုတက်ရင်း တွေ့ဖြစ်ကြတာပါ။ ဟန်နီဆိုတာ တောင်ကြီးသူဆိုတော့ အသားလှလှ၊ အရပ်ရှည်ရှည်၊ စကားဝဲ၀ဲ၊ သွက်သွက်လတ်လတ် ကောင်မလေးတယောက်ပါ။ စာလည်း အရမ်းတော်တယ်နော်။ အတန်းထဲမှာ စာအရမ်းလိုက်နိုင်တယ်။ ပြီးတော့ အင်္ဂလိပ်စာလည်း သိပ်ကောင်းတယ်။ သူ့နာမည်က ရှမ်းလိုမှည့်ထားတာ ဗမာသံနဲ့ ခေါ်ရင်လုံးဝအဆင်မပြေပါဘူး။ သူကတော့ သူ့နစ်နာမည်က ဟန်နီဆိုတော့ ဟန်နီလို့ဘဲ ခေါ်ပါလို့ ပြောပါတယ်။ ဟန်နီဆိုတော့ စိတ်ထဲ ခေါ်ရတာ တမျိုးကြီး(ခပ်ပါးပါးပေါ့)ဖြစ်တာနဲ့ ကျွန်မတို့ တဖွဲ့လုံးသူ့ကို ရှမ်းမလို့ ချစ်စနိုးခေါ်ပါတယ်။

အဲ့ဒီလိုနဲ့ အင်္ဂလိပ်စာ သိပ်ကောင်းတဲ့သူ့ကို ကျွန်မက ငါ နင့်လိုဘဲ အင်္ဂလိပ်စားကောင်းချင် လိုက်တာလို့ ပြောတော့ သူက ဒါဆို အင်္ဂလိပ်လို အပြောကျင့်ပါတယ်။ ဘယ်မှာ ကျင့်ရမှာလည်းလို့ မေးတော့ နင်ချက်တက် လားတဲ့လေ(အကျင့်ကောင်းတွေ သင်ပေးတော့မယ် ဟဲဟဲ)။ နင်ကလည်း ငါချက်တက်တာပေါ့ဆိုတော့။ သူက ငါပြောတာ ဟင်းချက်တာ မဟုတ်ဘူးတဲ့လေ။ အမှတ်ပြောရရင် အဲ့ဒီ သင်တန်းမတက်ခင်အထိ အင်တာနက် ဆိုတာ ဘာနတ်မှန်းမသိ၊ ချက်တယ်ဆိုတာ ဘာမှန်းမသိ တဲ့သူပါ။ မနောက်ဘူး တကယ်ပြောတာပါ။ တကယ်ကို ဘာမှ မသိတာပါ။ အဲ့ဒါနဲ့ သူက ချက်ရွန်းအခုကိုညွန်းပြီး ဘယ်သူဘာပြောပြော အင်္ဂလိပ်လိုဘဲ ချက်ပါတဲ့။

ဆရာ့စကားမြေ၀ယ်မကျ နားထောင်တဲ့သူဆိုတော့ ချက်ပါတယ်။ အင်္ဂလိပ်လို။ မချက်တက် ချက်တက်နဲ့ ချက်လိုက်တာ အင်္ဂလိပ်လို အတော် ဆင်ပြေပြေ စဉ်းစားတက်လာပါတယ်( ကျွန်မပြောတာ အင်္ဂလိပ်စာ ပဲဖြစ်ဖြစ်၊ အင်္ဂလိပ်စကားပြောဘဲဖြစ်ဖြစ် ကိုယ်ဘာသာမဟုတ်တော့ အရင်ဆုံးဦးနှောက်က ဘာပြောရမလဲ ဆိုတာကို စဉ်းစားပြီးမှ။ ပါစပ်ကဘဲဖြစ်ဖြစ်၊ လက်နဲ့ဘဲရေးရေး ရင်နှီးမှုမရှိရင်(friendly) အဆင်ပြေပြေ ထွက်ဖို့ အတော်ခက်ခဲပါတယ်)။ သူပြောသလို လူတိုင်းနဲ့ အင်္ဂလိပ်လို ချက်တော့ တချို့တွေကမပြောချင်ကြဘူး။ တချို့တွေက မကြိုက်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့နည်းက အတော်အဆင်ပြေပါတယ်။ သာမန်ရိုးရိုး စကားလုံးတွေကို တော်ရုံနဲ့ စဉ်းစားလို့ မထွက်တာတွေ။ ချက်မှဘဲ တွေ့ပြီးစဉ်းစားဖြစ်ပါတယ်။ အနဲဆုံးတော့ ဘယ်လိုပြောရင် အဆင်ပြေမလဲဆိုတာ တွေးနေမိပါတယ်။ အလိုလို လေ့ကျင့်ပြီးသားဖြစ် သွားပါတယ်။ ကျွန်မပြောတာ ချက်ကြရမယ်လိုပြောတာ မဟုတ်ပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် အကျိုးရှိအောင် လုပ်တက်ရမယ်လို့ပြောတာပါ။

ကျွန်မအင်္ဂလိပ်စာကို စိတ်ဝင်စားအောင် လုပ်ပေးတဲ့သူတွေထဲမှာ ဟန်နီလည်း တယောက်အပါအ၀င်ပါဘဲ။ အနဲဆုံး ကျွန်မတခုခုအတွက် အင်္ဂလိပ်လို အမြဲစဉ်းစားဖြစ်နေတက်ပါတယ်။ ကျွန်မအင်္ဂလိပ်စာ သဒ္ဒါမကောင်းပါဘူး။ ဘာလို့လည်းဆိုတော့ သဒ္ဒါကျက်ရမှာ ပျင်းလို့ပါ။ ဒါပေမယ့် တချို့စကားလုံးတွေကိုတော့ အလွတ်ရနေတက်ပါတယ်။ အဲ့ဒါလည်း ဟန်နီကျေးဇူးတွေပါဘဲ။ သေချာလေ့ကျင့်ရင် ရမယ့် အရာတွေ အတော်များများကို ကျွန်မ ဒီအတိုင်း(friendly habit) ဖြစ်သွားအောင် လုပ်လေ့ရှိပါတယ်။ အချိန်တို အတွင်းမှာ လေ့ကျင့်မယူဘဲ အချိန်ကြာချင်ကြာပါစေ။ ဖြေးဖြေးချင်း နေ့စဉ် မသိမသာ အလေ့အကျင့်လုပ်ယူရတာကို ကျက်မှတ်ရတာထက်ပို အားသန်ပါတယ်။ သူ့နည်းက ကျွန်မကို အင်္ဂလိပ်စာလေ့လာရာမှာ ပိုပြီး အဆင်ပြေ စေပါတယ်။

သူဘလောဒ့်ရေးမှန်း လုံးဝမသိပါဘူး။ မတွေ့တာလည်း ကြာပြီးကို။ ၄ နှစ်ကျော်ပြီလေ။ ဟဲဟဲ။ ဒီကြားထဲမှာ တော့ လူချင်းမတွေ့ပေမယ့် ကျွန်မသူငယ်ချင်းတွေကတဆင့် အဆက်အသွယ်ရလို့ သာကြောင်း မာကြောင်းတော့ သိပါတယ်။ တလောက။ တလောဆိုတာ ကျွန်မဘလောဂ့်ရေးခါစက သူကျွန်မဆီဗုံးမှာ လာနှုတ်ဆက်သွားပါတယ်။ အမှန်တော့ ကျွန်မကသူ့ကို ဟန်နီဆိုတာ သိပေမယ့် သေချာအောင်လို့ ရှမ်းမလားလို့ ပြန်မေးလိုက်မိပါတယ်။ သူက ကျွန်မသူ့ကို မမှတ်မိဘူးလို့ထင်သွားပုံရပါတယ်။ သူ့ ဘလောဂ့်ကို သွားလည်းပြီး ဆီဗုံးမှာ အော်လိုက်ပါသေးတယ်။ ဒါကို စိတ်ဆိုးသွားသလားမသိဘူး သူက ဆီဗုံးကိုပါ ဖြုတ်ပြစ်လိုက် ပါတယ်။

နောက်ပိုင်းတော့ အမြဲလိပ်စာမေ့တက်တဲ့ ကျွန်မ နောက်တခေါက်သွားလည်ဖို့ လိပ်စာပျောက်နေလို့ ထပ်ပြီး မသွားဖြစ်ခဲ့ပါဘူ။ အခုလည်း သူ့လိပ်စာကို ကိုဇီးကွက်ဘလောဂ့်ကနေ ရပြီးသွားနှုတ်ဆတ်လိုက်တာ သူကကျွန်မကို Welcome 2008 တက် လိုက်ပါတယ်။ ကောင်းပါရော။ ရေးမှာပေါ့နော်။ ဆရာသမားများ တက်တာဆိုတော့။ ဟဲဟဲ နှစ်မကူးခင်ပြီးရင် အဆင်ပြေတယ်မဟုတ်လား ဟန်နီ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။