Friday, 7 December 2007

Welcome 2008

Welcome 2008.....
အမှန်တော့ ကျွန်မမှာ ထူးထူးခြားခြား ကြိုဆိုစရာမရှိပါဘူး။ နှစ်သစ်တွေရောက်ခါနီးတိုင်း နဲနဲပါးပါးရင်ခုန်ပါတယ်။ အဲ အဲ့ဒါပါဘဲ။ လာမယ့်နှစ်မှာ ဘာဖြစ်မလဲပေါ့။ ဘယ်လောက်ဆိုးတဲ့ ကံတွေ ရောက်လာဦးမလဲပေါ့။ တခါတလေ အသက်ဆက်ရှင်ဦးမလားပေါ့။ တခါတလေ လက်ရှိနှစ်လောက် ပျော်စရာကောင်းပါ့မလားပေါ့။ ဒီလောက်ပါဘဲ။

တခါလေတော့လည်း ကိုယ့်ကိုကိုယ် မုန်းမိပါတယ်။ ၁၀၉ ၁၁၀ ဖြစ်နေတာကိုပါ။ စဉ်းစားကြည့်ပါဦး။ ငယ်ငယ် တုန်းက ဒီဇင်ဘာဆို အားကစားပွဲတွေရှိလို့ပျော်ပါတယ်။ ကထိန်ပြီးရင် ဒီဇင်ဘာညတွေရဲ့ စတိတ်ရှိုးတွေ ကြည့်ရမည့် အရေးတွေးပြီး ပျော်တက်ပါတယ်။ နှစ်သစ်ကူးညတွေကို ဒီလိုဘဲ အိပ်ရင်နဲ့ ကုန်ခဲ့တာချည်းပါဘဲ။ နှစ်သစ်ရဲ့ ပထမဆုံးနေ့တွေက စနေဖြစ်ခဲ့တာလည်း ပါတယ်။ တနင်္ဂနွေလည်း ဖြစ်ဖူးပါတယ်။ တနင်္လားရော။ ဖြစ်ဖူးတာပါဘဲ။ ဒီလိုနဲ့ ရက်စွဲတပ်တဲ့ စာမျက်နှာတွေထဲမှာ နှစ်မှားပြီးရေးခဲ့ဖူးတဲ့ နှစ်သစ်ရဲ့ ပထဆုံးလတွေရှိခဲ့ ပါတယ်။

ဒီလိုနဲ့ အသက်တွေကြီးလာကြတယ်။ ဒီလိုနဲ့ သေလွန်ကုန်ဦးမှာပါ။ တနှစ်ကူးတိုင်း လူဘယ်နှယောက်သေးလဲ၊ ဘယ်နှစ်ယောက်မွေးလဲ မသိပေမယ့်။ သေချာတာကတော့ မွေးတုန်းကပါတဲ့ မျက်နှာကြီးပေါ်မှာတော့ အရေးအကြောင်းတခုတော့ ပိုတိုးလာတက်မြဲ။ မွေးစက ဘာမှမသိတဲ့ ဖြူစင်တဲ့ နှလုံးသားထဲမှာ ဒဏ်ရာအမာရွတ်တခုလောက်တော့ ပိုတိုးလာ မလားဘဲ။ အဲ့ဒီထက်လည်း ပိုချင်ပိုနေမှာပါ။ သေချာတာတော့ လူ့စိတ်တွေ တနှစ်ထက်တနှစ် ပိုပြီး ညစ်ညမ်းလာတက်ကြပါတယ်။

မယုံဘူးလား။ ငယ်ငယ်တုန်းက လွယ်လွယ်ရိုးရိုးတွေတက်တဲ့ စိတ်တွေကို အခုချိန်မှာ ပြန်မရတော့တာ အသေ အချာပါဘဲ။ ဗေဒင်သွားမေးစရာမလိုပါဘူး။ တချို့တွေကတော့ ပြောကြပါတယ်။ ရင့်ကျက်လာတာပါတဲ့။ တနှစ်ကူးလို့ ရင့်ကျတ်သွားတိုင်း ကိုယ့်စီက ဖြူစင်မှုတွေ၊ စိတ်ဓါတ်ကောင်းတွေ ဘယ်လောက်များများ ပေးလိုက်ရသလဲတော့ ဘယ်သူမှမသိပါဘူး။ ကျွန်မလည်း မသိဘူး။ အသေအချာပြောရရင် အရင်တုန်း ကလောက် မဖြူစင်တော့တာ သေချာတယ်။

နှစ်ဆိုတာက ပညာရှင်တွေ သတ်မှတ်ထားလို့ လူတွေအားလုံးက လက်ခံထားတဲ့ အချိန်အပိုင်းအခြားတခုပါ။ လူတွေကတော့ နှစ်မကူးဘဲနဲ့လည်း ပြောင်းလဲနိုင်တာဘဲ။ စက္ကန့်တံလေး တချက်အရွေ့မှာ အတွေးတွေ မှောက်ခုံကနေ ပက်လက်၊ ပက်လက်ကနေ မှောက်ခုံ ဖြစ်သွားနိုင်ပါတယ်။ နှစ် ဆိုတဲ့ အချိန်အကန့်အသတ် တခုနဲ့ သတ်မှတ်ထားတော့ လူတွေ တိုင်းတာရလွယ်တာပေါ့။

ကျွန်မကတော့ အရင်နှစ်တွေက( ၂၀၀၀ လောက်အထိ )တကယ့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်ရယ်မောမော ကုန်ဆုံးခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းတော့ ပျော်စရာကောင်းတဲ့ နှစ်သစ်ကြိုတဲ့ ညတွေ၊ ပျော်စရာကောင်းတဲ့ နှစ်သစ်ရဲ့မနက်တွေ ရှိပေမယ့် ငယ်ငယ်တုန်းကလောက်...မပျော်တော့ဘူးလို့ ပြောရင် ပိုတယ်လို့ ပြောကြမှာပါ။ တကယ်မပျော်တာပါ။ ရယ်တော့ ရယ်နေပါတယ် စိတ်ထဲကမပါသလိုဘဲ။( နောက်မှ လွတ်လပ် ပေါ့ပါးစွာရယ်မောခြင်းဆိုတာကို ပိုစ့်တခုအနေနဲ့ တင်ပါဦးမယ်။ ကြော်ငြာဝင်တာပါ။ဟဲဟဲ)

ဟန်နီက သူဘာလုပ်ချင်သလဲ ဆိုတာရေးသွားတယ်။ ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူးမယ်ဆိုတော့ ဘယ်သူ့ကို မေးမေး ကောင်းတာတွေဘဲ ဖြစ်ချင်မှာပါ။ ကျွန်မလည်း ကျွန်မအတွက် ကောင်းတာတွေအားလုံး ဖြစ်ချင်ပါတယ်။ ဥပမာ-လျှောက်ထားတဲ့ကျောင်း(သို့) အလုပ် က ခေါ်တဲ့ ခေါ်စာလိုမျိုး။ ကိုယ့်ကို မုန်းတီး၊ စိတ်ဆိုး၊ အထင်လွဲ နေတဲ့ သူငယ်ချင်းများကိုလည်း ကျေနပ်အောင်၊ အမုန်းတွေကျေအောင် တောင်ပန်းချင်တယ်။ ဖြစ်နိုင်ရင်ပေါ့။ နှစ်သစ်ကူးမှာ ရောက်မယ့် မွေးနေ့တူ သူငယ်ချင်းနှစ်ယောက်ကိုလည်း မွေးနေ့ဆုတောင်းစကားလေး ပြောချင်ပါတယ်။

ကိုယ့်အတွက်ဆိုရင်တော့ နှင်းဆီပန်းအပွင့်၅၀၀လောက် လက်ဆောင်ရချင်တယ်(လောဘကြီးတယ် မပြော ပါနဲ့။ စိတ်ကူးဆိုတာ ပိုက်ဆံပေးရတာမှ မဟုတ်တာ ဟဲဟဲ)။ ၂၀၀၇ ရဲ့ နေ၀င်ချိန်ကို (ဒီမှာတော့ ပင်လယ်ကမ်းစပ်ပဲ ရှိတော့) ပင်လယ်ကမ်းခြေကနေ သွားကြည့်ချင်တယ်။ ဖြစ်နိုင်ရင် ၂၀၀၈ ရဲ့ မနက်စောစောကို နှင်း၊ ဒါမှမဟုတ် မြူလေးတွေကျတဲ့ မနက်မျိုးမှာ နိုးထပြီး၊ ကော်ဖီပူပူလေး တခွက်သောက်ချင်တယ်။

၂၀၀၈ နှစ်ထဲမှာ ကိုယ်ကကောင်းရင် ကိုယ်ကောင်းတာကို နားလည်နိုင်မယ့် သူငယ်ချင်းတွေလိုချင်တယ်ဗျာ။ လိုချင်ချင်တာတောင်းတက်ပြီး ရသွားရင် မသိချင်ရောင်ဆောင်တက်တဲ့ လူ(အသစ်)တွေနဲ့တော ထပ်မတွေ့ ချင်ဘူး။ ရွေးလို့ရမယ် ဆိုရင်ပေါ့လေ။ နောက်ထပ် စိတ်ဆင်းရဲရင် အားပေးမယ့် လက်တစုံလောက်။ (အဲ့ဒီဆုတောင်းကတော့ သိပ်ပြီးမသေချာဘူး။ ကျွန်မနဲနဲလောဘကြီးတော့ တော်ကြာကိုယ်လိုတဲ့လက်တစုံ မဟုတ်ဘဲ သူမှီမယ့် ပခုံးတဖက်ဖြစ်နေဦးမယ်။ ကျွန်မအမှီအတွယ်တွေ သိပ်မကြိုက်ဘူး ဟဲဟဲ။) ဒါမှမဟုတ် သိပ်ပြီးစိတ်ညစ်နေတဲ့ အချိန်မှာရစ်လို့ရမယ့် ကိုယ့်ကိုသိပ်ပြီး နားလည်တဲ့၊ အနွံအတာခံတဲ့
သူငယ်ချင်း။ များများစားစားမဟုတ်ဘူး တယောက်လောက်။ ဒါတွေရမယ် ဆိုရင် ၂၀၀၈ ခုနှစ်က ပျော်စရာ ပိုကောင်းမယ်ထင်တယ်။ ဒီလောက်ပါဘဲဗျို့။ Welcome 2008 က။ ဒီလောက်ဆိုရင် ကျေနပ်ပြီပေါ့နော် ဟန်နီ(အချစ်လေး < မြန်မာလိုဘာသာပြန်သည်)။ဟိဟိ။
အားလုံးပျော်ရွှင်ပါစေနော်။
နှင်းဆီနီနီ။။