Wednesday, 17 October 2007

ကျောင်းပုံပြင်(၃)

တတိယနှစ်ရောက်ကတည်းက မွန်မွန်နဲ့အဆင်ပြေနေတဲ့သူ့သူငယ်ချင်းကောင်လေးက သူတို့တက်တဲ့ကျူရှင် မှာ ကျွန်မတို့ကိုလာတက်ဖို့ ခေါ်တော့၊ အဲ့ဒီဘာသာအတွက် ကျူရှင်ဆရာရှာလို့မရတဲ့ ကျွန်မတို့အုပ်စု သူတို့ ကျူရှင်ကိုသွားတက်ဖြစ်ခဲ့ကြပါတယ်။ မွန်မွန်နဲ့သူ့ကောင်လေးက တော့အဆင်ပြေလို့။ ကျွန်မတို့အစ သူများအုပ်စုကကျူရှင်မှာသွားတက်ရတာမို့ အတော်လေးနေရခတ်ပေမယ့် နောက်ပိုင်းမှာသူတို့တစ်ဖွဲ့လုံး သူကလွဲရင် သဘောကောင်းကြတာမို့ ကျွန်မတို့အတွက်အနေမခတ်စေခဲ့ပါဘူး။ ၇၅ရာခိုင်နှုန်းမပြည့်လို့ ကျောင်းချိန်အပြည့်တက်နေရတဲ့ ကျွန်မနဲ့ကေကေကတော့ တခြားလူတွေကျောင်းချိန်မှာ အပြင်ကျူရှင် တွေသွားတက်နေတဲ့ချိန်တွေမှာ ကျွန်မနဲ့ကေကေကကျောင်းမှာနှစ်ယောက်တည်း။ ဒါနဲ့အရေးကြီးတဲ့ဘာသာ တစ်ခုကို နားမလည်လို့ နောက်ထပ်ကျူရှင်ယူရမလိုဖြစ်လာလို့ ကျူရှင်ချိန်စုံစမ်းတော့ တခြားအချိန်တွေ ကမရလို့ သူတို့အုပ်စုကျူရှင်ချိန်တွေကိုဘဲ သွားတက်ခဲ့ရပြန်ပါတယ်။

ကျူရှင်ကသူနဲ့ကျွန်မကို အတော်လေး ရင်းနှီးစေပါတယ်။ သူကစလို့နောက်လို့။ သူကကျွန်မဗေဒင်ဆရာ အကြောင်း သူ့သူငယ်ချင်းမကိုမေးတော့ ဗေဒင်ဆရာဆီကိုသွားစရာမလိုပါဘူး။ သူဟောပေးမယ်တဲ့ ဘာအကြောင်းသိချင်တာလဲတဲ့။ သတ္တိသိပ်ကောင်းတဲ့ ကျွန်မကတော့ဘာမှန်ပြန်မပြောဘဲ ရယ်နေလိုက် ပါတယ်။ သူငယ်ချင်းများကတော့ နင်ကျပ်ကျပ် သတိထားလို့ပြောပေမယ့် ကျွန်မကနောက်ဆုံးနှစ်မို့ ခွင့်လွှတ်ပါလို့ ပြောခဲ့ပြန်ပါတယ်။ သူ့ကိုလိုက်ကြည့်ကတည်းက ကျွန်မမှာ ဘာရည်ရွယ်ချက်မှမရှိခဲ့ပါဘူး။ ကြည့်လို့ကောင်းလို့၊ ရိုးသားပြီး ချစ်စရာကောင်းတယ်ထင်လို့ ဆိုတဲ့အချက်တွေနဲ့ပါ။ နောက်ပိုင်းမှသာ အလေ့အကျင့်တစ်ခု ဖြစ်သွားခဲ့တာပါ။ ဘာမျှော်လင့်ချက်မှ မရှိခဲ့ရိုး အမှန်ပါ။

ဒီလိုနဲ့ သူ့ရဲ့အတော်ရှည်တဲ့ ဆံပင်ကနေကြည့်ပျော်ရှု့ပျော်အတော်ကောင်းတဲ့ ခပ်တိုတိုဆံပင်ပုံစံ ညှပ်လာတဲ့ နေ့ကတော့ ကျွန်မတော်တော်ကိုအံ့သြသွားပါတယ်။ သူ့ကဆံပင်တိုနဲ့လည်းလိုက်သားလို့ တွေးမိပါရဲ့။ သူကအမြဲသပ်သပ်ရပ်ရပ် နေတက်ပေမယ့် အ၀တ်အစားကိုတော့ ခေတ်ဆန်ဆန်ဝတ်တာက လူအတော် များများကို မျက်စိနောက်စေတာပါ။ တနေ ကုန်အောင်ကျောင်းတက်လို့ ဘယ်လောက်ပင်ပန်း နေပါစေ သူက ညနေ ကျောင်းပြန်ချိန်မှာတောင် လန်းလန်း ဆန်းဆန်းနဲ့။ သူ့ကိုသဘောကျတဲ့ အချက်ထဲမှာ အဲ့ဒီအချက်က လည်းထိပ်ဆုံးက ပါနေပြန်ပါရော။
တတိယနှစ်ဆိုတော့ ကျွန်မတို့ကိုယ်စီ သိနေတာကတော့ ဒီနှစ်ပြီးရင်ကျောင်းပြီးပြီဆိုတာပါဘဲ။ ကျောင်းပြီးရင် အားလုံးပြီးသွားမယ် ဆိုတာလည်း ကျွန်မတို့ရင်ထဲကအလိုလို သိနေသလိုပါဘဲ။ တတိယနှစ်မှာ သူအများကြီး
ပြောင်းလဲလာခဲ့ပါတယ်။ ဆေးလိပ်သိပ်ပြီး မသောက်တော့သလို ကွမ်းလည်းသိပ်ပြီးမစားတော့ဘူး။ သူမနက် တိုင်း ဖြတ်လျှောက်နေကျ၊ ကျွန်မတို့အုပ်စုထိုင်နေကျ ကင်တင်းက၀ိုင်းနာကိုရောက်ရင်တော့ ကျွန်မကိုတချက် လောက် လှည့်ကြည့်သွားတက်ပြီး၊ တခါတလေ ကျွန်မကိုဘဲပြုံးပြသွားသလား ထင်ရအောင် အပြုံးတွေဝေနေတဲ့ မျက်လုံးတွေနဲ့ ကြည့်သွားတက်ပြန်ပါရော။ ဒီလိုဆိုပြန်တော့ ကျွန်မရင်ခုန်ရပြန်တာပေါ့။ တစ်ခါတလေ သူကျွန်မတို့ထိုင်တဲ့ ၀ိုင်းဘက်ကိုလှည့်ပြီး ထိုင်နေပြီဆိုရင် ကျွန်မလှည့်မကြည့်တက်ပေမယ့် သူတီးနေကျ ဂစ်တာသံကိုတော့ ကျွန်မကောင်းကောင်းအလွတ်ရခဲ့ပါတယ်။

တရက်ပေါ့ သူတခါမှမ၀တ်ဖူးတဲ့ စတိုင်ဘောင်းဘီပွပွကြီး၊ ရှပ်အကီင်္ျကျောင်းကိုဝတ်လာတာ။ သူနဲ့အတော်လေးကို မလိုက်တာပါ။ ကျွန်မတို့လည်း သူ့ကိုမြင်တာနဲ့မနေနိုင်ဘဲ ရယ်မိလိုက်တယ်။ သူတော်တော် ဒေါပွသွားပုံပါဘဲ။ နော်ကနေ့တွေမှာတော့ ခါတိုင်းလိုဘဲ ပြန်ဝတ်တော့တယ်။ ကင်တင်းထိုင်ရင် သူတီးတဲ့သီချင်းတွေ ပြောင်းသွားခဲ့ပါတယ်။ ခါတိုင်းတီးနေကျ အရေးမကြီးဘူးသီချင်းကနေ အပြစ်တစ်ခုဖန်ဆင်းခြင်းဆိုတဲ့ မျိုးကြီးသီချင်းကို ပြောင်းပြီးတီးလာပါတယ်။ မှတ်မှတ်ရရ အဲ့ဒီသီချင်း စတီးတဲ့နေ့က ကျွန်မနဲ့ကေကေနှစ်ယောက်တည်း ကျောင်းလာတဲ့နေ့ကပါ။ သူကအဲ့ဒီသီချင်း ကိုတီးပြီး သူတို့တစ်အုပ်စုလုံးက ၀ိုင်းပြီးသီချင်းဆိုကြတယ်။ ပြီးတော့ကျွန်မတို့ထိုင်နေတဲ့ဝိုင်းဘက်ကိုကြည့်ပြီး ရီနေလို့။ အုပ်စုမှာလူနည်းလို့ အားမရှိတဲ့ကျွန်မနဲ့ကေကေ မြန်မြန်ထမင်းပြီးအောင်စားပြီး ကင်တင်းကထခဲ့ရတယ်။ အမှန်တော့ကျွန်မ ထမင်းဆက်ကိုမစားနိုင်တော့လို့ပါ။ ရင်တွေခုန်နေလို့။

သူက ထမင်းစားချိန်တွေကုန်လို့ ကျွန်မတို့ ကင်တင်းကနေထသွားတဲ့အထိ သူဂစ်တာတီးတာ မရပ်တမ်း တီးတက်သလို။ အမြဲတမ်းဂစ်တာတီးတဲ့ သူ့ကိုခိုးပြီးကြည့်တက်တဲ့ ကျွန်မကတော့ လူနဲ့မလိုက်ရှည်ပြီး သွယ်လွန်းတဲ့ သူ့လက်ချောင်းလေးတွေကို အားနာလို့။ တစ်ခါတလေ လက်တွေနာနေပြီကွာလို့ မကြားတကြား
ညည်းတက်တဲ့ သူ့ကိုသနားလို့။ ဒီလိုရင်ခုန်စရာ၊ ပျော်စရာ၊ လွမ်းမောစရာကောင်းတဲ့ ကျောင်းသားဘ၀မှာ သူဟာကျွန်မအတွက် နံနက်ခင်း တစ်ခု၊ နှင်းဆီတစ်ခင်း၊ သီချင်းတွေနဲ့ပြည့်နေတဲ့ ဂစ်တာတစ်လက်ပါ။
လွန်ခဲ့တဲ့လေးနှစ် ဒီအောက်တိုဘာပေါ့ ကျွန်မရဲ့နံနက်ခင်း၊ ဂစ်တာတစ်လက်၊ နှင်းဆီတစ်ခင်း ပျောက်ဆုံးသွားတာက စာသင်နှစ်ကုန်သွားလို့။ ကျောင်းပြီးသွားလို့။

ဒီလိုနဲ့ အောင်စရင်းတွေထွက်လို့ ကျောင်းကိုသွားတော့ သူလျှောက်နေကျကွန်ကရစ်လမ်းလေးက အမိုးလေးနဲ့။ သူကျွန်မကိုစောင့်ခဲ့ဖူးတဲ့ နေရာလေးက အသစ်တွေနဲ့အစားထိုးလို့။ ကျွန်မထိုင်နေကျ ကင်တင်းကထီလေး နေရာမှာ တဲလေးကအစားထိုးလို့။ ကျွန်မအတွက် အမှတ်တရတွေအားလုံး တစ်ခုမှမကျန်ခဲ့အောင် ပြောင်းလဲသွားခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီနေ့က သူနဲ့ကျွန်မကျောင်းမှာ ပြန်ဆုံဖြစ်ခဲ့ပါတယ်။ သူကကျွန်မကို ပြုံပြလို့၊ ကျွန်မကလည်းသူ့ကို မျက်နှာချင်းဆိုင် နှုတ်ဆက်လို့။ နေကောင်းလားတဲ့၊ ကျွန်မကတော့ ဟုတ်လို့ တစ်ခွန်းတည်း ပြန်ဖြေလိုက်တယ်။ ပြီးတော့ ကျွန်မအတက်နိုင်ဆုံးအားယူပြီး အချိုဆုံးအပြုံးတစ်ခု ပြုံပြလိုက်ပါတယ်။ အဲဒါကတော့ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ် ပြုံးပြခြင်းဆိုတာကို ကျွန်မကိုယ်တိုင်သိနေပါတယ်။

အဲ့ဒီနေ့ကို အမှတ်တရဖြစ်အောင်၊ အဲ့ဒီအပြုံးကိုတသက်လုံး သတိတရဖြစ်အောင် ကျွန်မဓါတ်ပုံသွားရိုက်ထား လိုက်ပါတယ်။ အလှဆုံးပြုံးပြီးတော့ပေါ့။ ပြီးမှကျွန်မပိုက်ဆံအိတ်ထဲမှာ ထည့်ပြီးသိမ်းထားလိုက်တယ်။ ကဲ မကောင်းဘူးလား။ အဲ့ဒီနေ့က ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ ၂၀၀၄။
ပြီးပါပြီ။
(မှတ်ချက်။။ ဒီစာကို မနိုင်နိုင်ရဲ့ ပိုစ့်တစ်ခုကိုဖတ်ပြီးသတိရလို့ ရေးဖြစ်တာပါ။ ပြန်ပြင်ထားပါတယ်။ အရေးအသားမကောင်းပေမယ့် အမှတ်တရကျောင်းသားဘ၀ နဲ့ အမှတ်တရလေးတွေကို ရေးတက်သလိုချရေး ထားတာပါ။ သည်းခံပြီးဖတ်ကြလို့ ကျေးဇူးတင်ပါသည်။)
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။