Tuesday 20 November 2007

Who am I ?

ဘယ်သူလဲငါ။ ငါဘယ်သူလဲ။ ဘယ်လိုရေးရပါ့မလဲ ကိုယ့်အကြောင်းကိုပြော ဆိုတော့ ဘယ်ကနေ စပြောရမှာလဲ။ ကဲ... ပြောဆိုတော့လဲ ပြောတာပေါ့။ ဘယ်လိုပြောရင် ကောင်းမလဲ ကောင်းတာတွေ ရွေးပြောတော့လဲ မသူတော်ဆိုပြီး အတင်းပြောကြဦးမယ်။ မကောင်းတာတွေချည်း ကျတော့လဲ မပြောချင်ဘူး။ တော်ကြာ ယုံတမ်းစကားတွေကို တကယ် ထင်သွားရင် ငရဲကြီးဦးမယ်။ စဉ်စား.. စဉ်စား..

ဘာဘဲ ဖြစ်ဖြစ်ပေါ့လေ။ မျက်စိမှိတ်၊ နားပိတ်ပြီး ကျွန်မရေးတာကိုဖတ်ပါ၊ နားထောင်လိုက်ပါနော်။ စာဖတ်တဲ့သူက ကျွန်မကို သိမှ မသိတာ ကျွန်မပြောတာဘဲ ယုံရတော့မှာပေါ့။ ကဲ ရွှီး အဲ ရေးပါတော့မယ်။

မေမေ့ဗိုက်ထဲတုန်းက ညာဘက်မှဘဲ အမြဲနေလို့ ယောက်ျားလေးဘဲလို့ ဗေဒင်တွက်တဲ့သူတွေက ပြောပေမယ့် တကယ် မွေးတော့ မိန်းကလေး။ မွေးခါစက ပိစိကွေးလေးမို့ မိဘတွေ စိတ်ပူပြီး ဂရုစိုက်လိုက်လို့ လေထိုးသလို
ထွားလာလိုက်တာ။ အခုထိမရပ်တော့ဘူး။ မွေးခါစက ပြောင်းဖူးမွေးရောင် ဆံပင်နုနုလေးတွေကို မိန်းကလေးမို့
မလှမှာ ဆိုးပြီးခဏခဏရိပ်ပေးတက်တဲ့ မိဘတွေကျေးဇူးနဲ့ အခုတော့ အတော်ဘဲ ထူလှတဲ့ ဆံပင်နီနီလေး တွေ ပိုင်ထားတဲ့ ကောင်မလေး(အပျိုကြီးလို့ ခေါ်တာ လုံးဝမကြိုက်ပါ။)။ မွေးကတည်းက အမေဖြောင့်ပေးလိုက်တဲ့ ဆံပင်က ဘယ်ဆိုင်မှာဖြောင့်ထားတာလဲ၊ ဘယ်လောက်ပေးရလဲလို့ မေးခံရတဲ့အထိ တာရှည်ခံပြီး၊ လှနေတဲ့ ဆံပင်တွေထက် ကောက်ကောက်ကွေးကွေး ဆံပင်တွေကို ပိုသဘောကျတဲ့ ကောင်မလေး တစ်ယောက်။

ရယ်လိုက်ရင် အပ်ရှရာလောက်သာရှိတဲ့ မျက်လုံးမှေးမှေးလေးတွေက ကျွန်မရဲ့ သင်္ကေတ။ အညိုဖျော့ဖျော့ ဖြစ်နေတဲ့ မျက်ဝန်းကို ကျိုးတို့ကျဲတဲ မျှော့နှစ်ကောင်ကရံရုံ သာမကဘဲ မှန်တချပ် နောက်ထဲမှာ သိပ်ထားတာ နှစ်အတော်ကြာနေပါဘီ။ တရုတ်လား၊ ရှမ်းလား၊ ကချင်လား၊ ကရင်လားလို့ သွားသမျှ နေရာမှာ အမျိုးစပ်ခံရတဲ့ Lဆိုင်းစီလိုလို၊ ပန်းဖြူလိုလို၊ ဘာလိုလို ညာလိုလို နှာခေါင်းပြားပြားနဲ့ ကောင်မလေး။ ကိုယ့်နှာခေါင်းကိုတော့ ဘယ်တော့မှ ပြားတယ်ရယ်လို့ မထင်။ နှင်းဆီဖူးသဏ္ဍန် နှုတ်ခမ်းက ပန်းသွေးရောင် ထလို့။ ၁၆ နှစ်သမီးလေးလားလို့ အမေးခံရလောက်အောင် ပြည့်တင်းနေတဲ့ ပါးမို့မို့ လေးမှာ သွေးကြောစိမ်းစိမ်းလေးတွေ ယှက်ဖြာနေတာကလဲ သူများတွေ မနာလိုချင်စရာ။

ကမ္ဘာပေါ်မှာ ဆွဲဆောင်မှ အရှိဆုံးလို့ပြောတဲ့ မေးစေ့လေးရယ်၊ သွယ်လွန်းလှတဲ့မျက်နှာလေးကို မြင်သူတွေ အားကျပြီးလိုက်တုမှာ ဆိုးလို့ ရုပ်ဖျက်ပြီး ၀ိုင်းချင်ရောင်ဆောင်ထားပါတယ်။ ပုလဲလုံးလေးတွေ စီထားသလို ဖြူပြီး ညီနေတဲ့ သွားတွေကို သူများတွေ မနာလိုဖြစ်ပြီး ငရဲကြီးမှာစိုးလို့ နှင်းဆီဖူးထဲမှာ ထည့်ပြီး သိမ်းထားတက်ပေမယ့် အမှတ်တမဲ့ ပြုံးလိုက်လျှင်.... မပြောတော့ဘူး မနာလိုဖြစ်မှာ ဆိုးလို့။ နောက်ပြီး စံဇာဏီဘို မှာထားတာက
ပုရိသများရှေ့မှာ အသံထွက်အောင်မရယ်ပါနဲ့တဲ့၊ ချိုလွင်လွင်အသံလေးကြားပြီး ပုရိသများ ရူးမှာဆိုးလို့ပါတဲ့။

မယ်ကမ္ဘာရှုံးတဲ့ ကိုယ်လုံးနဲ့အချိုးအဆစ်ကြောင့် အမျိုးတူချင်း နှစ်ခါပြန်ကြည့်ရတဲ့၊ မနာလိုစရာကောင်းတဲ့ မြန်မာဆန်ဆန်လှတဲ့ အမျိုးကောင်းသမီးလေး ကျွန်မ။ စိတ်ထားလေးက ကောင်းလွန်းလို့ အမြဲ မလိုနာ အဲ လေ
မနာလိုတဲ့သူတော့ အများသား။ ကိုယ်က စိတ်ရင်ကောင်းတယ် ဆိုတော့ သူများတွေကို ခွင့်လွှတ်ပေးထားပါတယ် ဘယ်လောက်ဘဲ ကိုယ့်ကိုမနာလို ဖြစ်ဖြစ်။ ၀ါရွှေရောင်အဆင်းနဲ့ ပပရှုံးလောက်အောင် လှတဲ့အသား။ ကဲ ကဲ မောနေပါဦးမယ် ရေလေးဘာလေး သောက်ပြီးမှ စိတ်နေစိတ်ထားလေး ဆက်ပြီးဖတ်နော်။ သွားပြီး ရေသောက် ချည်လှည့်ဦး။

ကဲ ရုပ်ကလေးချောတယ်လို့ ပြောရင်မနာလိုဖြစ်မှာ ဆိုးလို့ ဆက်မပြောတော့ဘူး။ စိတ်ကောင်းရှိပြီး ရိုးသားလွန်းလို့ ခဏခဏ အလိမ်ခံရပေမယ့် ဘယ်တော့မှ ရိုးသားတဲ့စိတ်ကို အဆုံးရှုံးမခံတဲ့ကောင်မလေး။ စိတ်ထားမကောင်းတဲ့ သူတွေကတော့ အလိုက်မသိဘူးလို့ ဝေဖန်တက်ကြတယ်။ သူတို့ပြောတာမယုံနဲ့ သိလား။ သစ္စာကို သိပ်တန်ဖိုးထားတက် လွန်လို့ လူတွေကြားထဲမှာ ကိုးလို့ ကန့်လန့် အမြဲဖြစ်တက်တဲ့ ကောင်မလေး။ သီချင်းဆို ဘယ်သီချင်းဖြစ်ဖြစ် ကြိုက်တက်ပေမယ့် နားညီးတဲ့သံချပ်တွေကိုတော့ သူချစ်တဲ့ စိုင်းစိုင်းကလွဲရင် ဘယ်သူ့ သီချင်းမှ နားမထောင်ပါဘူးတဲ့။ မျိုးကြီးကို အသေအလဲ ကြိုက်တဲ့ မျိုးကြီးရဲ့အမာခံ ပရိတ်သတ် ဖြစ်သလို၊ ဒိုးလုံး ကိုလည်း ကြိုက်ပါတယ်တဲ့။

ရင်ဖုံးအကီင်္ျနဲ့ ချိတ်ထမီကို သိပ်ကြိုက်တဲ့ မြန်မာမလေးတွေထဲက ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်ပေါ့။ ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ ဆိုတဲ့အတိုင်း ဘ၀မှာ ရှေးဆန်တာ ကြိုက်သလို။ အတွေးအခေါ်မှာတော့ ခေတ်နဲ့သင့်တော်တဲ့ အတွေးလေးတွေ ရှိချင်တဲ့ ကောင်မလေးက
ကျွန်မပေါ့။ သူငယ်ချင်ဆို မိန်းမ၊ ယောက်ျား ခွဲမထားတက်တဲ့ ကောင်မလေကလဲ ကျွန်မပါဘဲ။ သိပ်ပြီးတော်တဲ့ ကောင်မလေး မဟုတ်ပေမယ့်၊ မညံ့အောင်တော့ အမြဲကြိုးစားနေတဲ့ ကောင်မလေး၊ လဲကျတက်တာ သဘာဝ ပေမယ့် လဲကျတဲ့အချိန်တိုင်း အမြဲ ပြန်ထနိုင်အောင် စိတ်ဓါတ်တွေ အဆင်သင့်ပြင်ထားတက်တာလဲ ဒီကောင်မလေးပါဘဲ။

ဘ၀ဆိုတာ အသေမချင်း ပွဲမပြီးပါဘူး ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဘ၀ကြီးကို ဒူးနဲ့တိုက်ဖို့ကြံနေတဲ့ ကောင်မလေး ဆိုရင်ရော အဲ.... အဲ့ဒါလဲ....ကျွန်မပါဘဲ။ ဘယ်တော့မှ နောက်ကျသည် ဟူ၍မရှိပါ ဆိုတဲ့ စကားလုံး လက်ကိုင်ထားပြီး ဘ၀ကို အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းသွားချင်တာလဲ ကျွန်မဘဲပေါ့။ ပျော်ပျော်နေတက်
တဲ့ကျွန်မကို ခပ်ပေါပေါလို့ထင်တက်တဲ့ သူတွေကိုတော့ အသေအလဲ မုန်းပါသတဲ့လေ။(ပေါတော့ ပေါတာပေါ့ ဒါပေမယ့် မပေါဘူး။) လျှာအရိုးမရှိတိုင်း လျှောက်ပြောတက်တဲ့ သူတွေဆို အဆက်အဆံမလုပ်ချင် ပါဘူတဲ့လေ။ သစ္စာမရှိတဲ့ သတ္တ၀ါတွေကို ဆိုရင်တော့ အပေါင်းအသင်း မလုပ်ချင်တာလဲ ကျွန်မပါဘဲ။ မာနကြီးတယ်ပြောလဲ ခံလိုက်ရုံဘဲ။ အဲ့ဒီလို လူတွေဆို သိတယ်လို့တောင် မပြောချင်ဘူး။

အဲ..အဲ့ဒီကောင်မလေးရဲ့ အိပ်မက်ကတော့ ကြီးကြီးကျယ်ကျယ်သိပ်ပြီးမဟုတ်ပေမယ့် လောကကြီးမှာ လောကကြီး အတွက် အုပ်တချပ်၊ သဲတပွင့်လောက်တော့ ဖြစ်ချင်ပါသတဲ့။ ပိုက်ဆံရှိရင်တော့ မိဘမဲ့ကလေးကျောင်းလေး တစ်ခုလောက်တော့ ဖွင့်ချင်ပါသတဲ့။ အခွင့်ရှိရင် တောင်ပေါ်မြို့လေးတစ်မြို့မှာ အေးအေးဆေးဆေး နေချင်ပါ သတဲ့။ အခွင့်ရှိရင် ဗုဒ္ဓရဲ့တရားကို လည်းပြန့်ပွားအောင် လုပ်ချင်ပါသတဲ့။ အခွင့်ရှိရင် သူချစ်တဲ့ နိုင်ငံအတွက် တစ်ခုခုတော့.... တစ်ခုခုလောက်တော့...အုပ်တစ်ချပ်လောက်... သဲတပွင့်လောက်တော့...

အခုတော့ အရင်နှစ်တွေက သိပ်ပင်ပန်းခဲ့လို့တဲ့ သူခွင့်ရက်ရှည်ယူပြီး ကမ္ဘာကြီးရဲ့တစ်နေရာ ရင်ခွင်နွေးနွေးမှာ အပန်းဖြေနေပြီး နောက်ထပ်လာမဲ့တိုက်ပွဲတွေ အတွက် ပြင်ဆင်နေတဲ့ ကောင်မလေးငယ်ငယ် ကတော့ ကျွန်မနှင်းဆီနီနီပါ။ ပညာရှိများ ပီပီ ချင့်ချိန်ပြီးမှ ယုံကြပါရန်။

(မှတ်ချက်။။ ရုပ်ရည်နဲ့ပက်သက်လို့ မယုံမရှိနဲ့ တကယ်ပြောတာ။ဟဲ ဟဲ မယုံရင်လဲ ပုံပြင်လို့သာမှတ်။ ရေးစရာတွေ ရှိနေသေးပေမယ့် စာဖတ်သူ မလိုနာပြီး ငရဲကြီးမှာ ဆိုးသဖြင့် ဒီတင်ဘဲ အဆုံးသတ်လိုက်ပါတယ်။ ကျွန်မရေးထားတာတွေ မဟုတ်ဘူးထင်ရင် ကွန်းမန့်ပွက်ခဲ့နိုင်ပါတယ်။ (မှတ်ချက်။။ အပြင်မှာ ကျွန်မကို မြင်ဖူးသူများ လုံးဝမရေးရ။) ဖြစ်နိုင်ရင်တော့ တက်ချင်သေးတယ် မမမြရွက်ဝေကို။ ကိုဇူလိုင်ကို တုထားပါ သဖြင့် ဆင်တူရိုးမှာ ဖြစ်နိုင်ပါသည်။ မတက်ရင် စိတ်ဆိုးမှာ စိုးပါ သဖြင့်
လင်း
မေပျို
နှင်းပွင့်ဖြူလေး
မရွှေဂျမ်း
တို့ကိုတက်ပါပြီရှင်။)
ရင်ခွင်နွေးနွေး = မိဘရင်ခွင်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။