သုံးမိနစ်ပဲစောင့်..... အဲ့ဒီစကားလုံးလေးဟာ မားမား ခေါက်ဆွဲကြော်ငြာ ကစကားလုံးလေးပါ။ ကျွန်မတို့ ငယ်ငယ် ကတော့ အသင့်စားခေါက်ဆွဲတွေ သိပ်ပြီးခေတ်မစားခဲ့ပေမယ့်။ အခုတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာ အသင့်စား ခေါက်ဆွဲတွေကို လူအတော်များများ အထူးသဖြင့် ကျောင်းသူကျောင်းသားတွေသာဖြစ်ပါတယ်။ ကျွန်မက ခေါက်ဆွဲဆို အသေအလဲ ကြိုက်လဲကြိုက် စားလဲစားတဲ့သူပါ။ ငယ်ငယ်က နေမကောင်းဖြစ်ရင် အမေက ခေါက်ဆွဲ စားခွင့်ပေးလို့ ခဏခဏ နေမကောင်းချင်ယောင်ဆောင်တက်ပါတယ်။ ခေါက်ဆွဲစားချင်လို့။
ကျွန်မ ကိုးတန်းနှစ်က မနက်စောစော ကျူရှင်သွားရင် ယမ်ယမ်ခေါက်ဆွဲစားပြီးမှ သွားတက်ပါတယ်။ ကိုးတန်းနှစ် မှာဘဲ ကျွန်မအစာအိမ်ရောဂါ စဖြစ်ပါတယ်။ ဒီလိုဘဲ မျိုးရိုးလိုက်တယ်ဘဲ ထင်နေတာ။ နောက်ဆယ်တန်း နှစ်တနှစ်လုံး ယမ်ယမ်နဲ့ဘဲ နှစ်ပါးသွားနေခဲ့တာ။ အမြဲဗိုက်အောင်လို့ အစာအိမ်ဆေးအမြဲ သောက်ရတာ မုန်းတောင်နေတယ်။ ဒီလို ဒီလို တွေဖြစ်နေပေမယ့် ဘာကြောင့် ဖြစ်မှန်းတော့လုံးဝ မသိခဲ့ဘူး။ ဒီလိုနဲ့ အမေပေးလိုက်တဲ့ တခုတည်းသော အစာအိမ်လေး ဆေးသောက်လိုက်၊ ခေါက်ဆွဲစားလိုက်နဲ့ လုံးလည် ချာလည်လိုက်နေခဲ့တာ ၂၀၀၃ကိုရောက်မှ၊ ကျွန်မသွားတက်တဲ့ သင်တန်းတခုမှာ အလည်လာတဲ့ ဂျပန်က ဆရာကိုမြင်မှဘဲ ခေါက်ဆွဲစားရမှာ အတော်ကြောက်သွားခဲ့ပါတယ်။
သိကြတဲ့အတိုင်း ဂျပန်တွေက ခေါက်ဆွဲထုတ်တွေသိပ်စားကြတာ၊ သူတို့ ဆီကထုတ်တဲ့ ခေါက်ဆွဲထုတ် တွေကလည်း အရမ်းစားလို့ကောင်းတာ။ ကျွန်မတော် တခါတလေ City Mart ကနေ ဂျပန်ခေါက်ဆွဲထုတ် တွေကို စားချင်လို့ ဈေးကြီးကြီးပေးပြီး ၀ယ်စားဖြစ်ပါတယ်။ အဲ့ဒီ ဂျပန်ဆရာကို ကျွန်မတို့က အနည်းဆုံး ၃၅၊ ၃၆ အဲ့ဒီလောက်ရှိပြီးလို့ ထင်နေကြတာပါ။ ဆရာကလည်း ထင်ချင်စရာဘဲကို နောက်စိက ဆံပင်က သိပ်မရှိတော့ဘူး။ နဖူးနဲနဲပြောင်ချင်နေပြီ။ အဲ အဲ့ဒီလိုဖြစ်နေတာ။ မထင်ဘူး သူက သူ့အသက်ကိုပြောတော့မှ ၂၇ ဘဲရှိပါသေးတယ်တဲ့လေ။ အဲ့ဒီတုန်းက ကျွန်မအသက် ၂၃ ဘဲရှိသေးတာ။ ကျွန်မတို့နဲ့ အသက်သိပ်မကွာတဲ့ အဲ့ဒီဂျပန်က လာတဲ့ဆရာကို ကြည့်ပြီး အတော် စိတ်ပျက်သွားပါတယ်။ အဲ သူက အရမ်း ဦးနှောက်တွေ သုံးလို့ ဆံပင်တွေမရှိတော့တာလို့ တွေးလဲ တွေးလို့ရပါတယ်။
ကျွန်မတို့နဲ့ သင်တန်းတက်တဲ့ အမတစ်ယောက်ကပြောပါတယ်။ အဲ့ဒါ ခေါက်ဆွဲထုတ်တွေ စားတာများလို့တဲ့လေ။ စဉ်းစားကြည့်ပါ ကျွန်မနဲ့အသက် သိပ်မကွာတဲ့ သူက ဒီလောက်ဆံပင်တွေ ပြောင်နေတာ အတော်ဘဲ တုန်လှုပ်သွားပါတယ်။ ကျွန်မကလဲ အသေအလဲ ခေါက်ဆွဲထုတ်စားတာကို။ ကိုယ့်ခေါင်းကို ပြန်စမ်းကြည့်ရသေးတယ်။ ဆံပင်တွေရှိသေးရဲ့လားလို့။ ငယ်ငယ်က ပါးလွန်းလို့ မနည်းမွေးယူ ခဲ့တဲ့ ဆံပင်တွေ ကျွတ်ထွက်ပြီး ပြောင်ပြောင်ကြီး ဖြစ်နေမှာတော့ ကျွန်မအတော်ကြောက် မိပါတယ်။ ယောက်ျားလေးတွေ ခေါင်းပြောင်တာ သိပ်ပြီး ကြည့်ရမဆိုးပေမယ့်။ မိန်းကလေးတွေဆိုရင်တော့ အတော်ကြည့်ရဆိုးမယ် ထင်ပါရဲ့။
ဒီလိုနဲ့ ကျွန်မခေါက်ဆွဲထုတ်တွေစားတာ နဲနဲလျှော့သွားပါတယ်။ အပြင်မှာ ခေါက်ဆွဲထုတ်တွေ သိပ်မစားဖြစ် တော့ဘူး။ နောက်ပိုင်း ကျွန်မအသိတယောက် ကခေါက်ဆွဲထုတ်တွေ သတိထားလို့ပြောလာပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကားက သူ့မိတ်ဆွေ တစ်ယောက်ကပြောပါတယ်တဲ့။ သူတို့ဆီမှာ ခေါက်ဆွဲထုတ်နဲ့ ပက်သက်ပြီး စမ်းသပ်ချက်တွေရှိနေပါတယ်တဲ့။ ကျွန်မတို့ စားတဲ့ အစာတွေကို အစာအိမ်က ချေဖျက်နိုင်အောင် အသည်းက အစာချေရည်တွေထုတ်ပေးရပါတယ်။ ခေါက်ဆွဲထုတ် တစ်ထုတ် စားပြီး ချိန်မှာတော့ ခေါက်ဆွဲတွေကို တာရှည်ခံအောင် ထည့်ထားတဲ့ ဓာတုပစ္စည်းတွေ၊ ခေါက်ဆွဲလေးတွေ တွန့်တွန့်လေး တွေဖြစ်အောင် ထည့်ထားတဲ့ ကော်တွေကို ကျေချက်ရန် အသည်းက ၃၇ အလုပ်လုပ်ပြီး အစာချေရည် ထုတ်မှသာ အဲ့ဒီ့ ဓာတုပစ္စည်းတွေက လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကျေညက်သွားပါတယ်။
ဒါဆို ကျွန်မတို့ ခေါက်ဆွဲတထုတ်စားပြီး နောက် ၃၇ ရက်လောက်နေမှ နောက်ထပ် ခေါက်ဆွဲတထုတ်စားသင့် တာပေါ့။ အဲ့ဒါဆို ဒုက္ခပါဘဲ။ ကျွန်မက ခေါက်ဆွဲထုတ်ကို တခါတလေ တနေ့ကို ၂ထုတ်လောက်စားဖြစ်တာပါ။ ကျွန်မ မိတ်ဆွေကတော့ ဖြစ်နိုင်ရင် ခေါက်ဆွဲထုတ်တွေ မစားပါနဲ့လို့ ကျွန်မကိုပြောပါတယ်။ တကယ်လို့ စားချင်တယ်ဆိုရင်တော့ ပထမဆုံး ခေါက်ဆွဲကို အရင်ပြုတ်၊ ခေါက်ဆွဲပြုတ်ရေကို သွန်ပြီး၊ နောက်ထပ်တရေ ထပ်ပြုတ်ပြီး မှစားရင် အကောင်းဆုံးလို့ပြောပါတယ်။ နောက်ပြီး သူကပြောပါသေးတယ် ခေါက်ဆွဲထုတ်က ခေါက်ဆွဲတွေပြုတ်ပြီး မစားဖြစ်လို့ မြောင်းထဲကို သွန်လိုက်တာ တော်တော်နဲ့ ပုတ်မသွားတာလကိုလည်း တွေ့တာတွေ ရှိတဲ့ကြောင်းကိုပါ ထည့်ပြောသွားလို့ အဲ့ဒီနောက်ပိုင်း ကျွန်မခေါက်ဆွဲထုတ်စားတာတွေကို ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကိုယ်ကြိုက်တဲ့ အစားအစာဆိုတော့ ဖြတ်ရတာ အတော်ခတ်ပါတယ်။ စားသောက်ဆိုင်တွေ၊ ကင်တင်းတွေ သွားတိုင်း ရတက်တဲ့ ခေါက်ဆွဲပြုတ်နံ့လေးက ကျွန်မကိုဆွဲဆောင်နေမယ့်။ မကောင်းဘူးဆိုတော့လည်း ဖြတ်ရတာပေါ့။ နောက်ပိုင်းတော့လည်း စားနေမကျတော့ အကျင့်ဖြစ်ပြီး အဆင်ပြေသွားပါတယ်။ ခေါက်ဆွဲထုတ် ဖြတ်ပြီးနောက်ပိုင်းတော့ ကျွန်မရဲ့အစာအိမ်နာ ရောဂါဟာ အတော် သက်သာသွားခဲ့ပါတယ်။
ဒီရောက်ပြီး နောက်ပိုင်းမှ၊ ဒီကမိတ်ဆွေတယောက် အီးမေလ်လှမ်းပို့ပါတယ်။ ခေါက်ဆွဲထုတ်တွေ သတိထား စားဖို့နဲ့ အဖြစ်မနေ စားချင်တယ်ဆိုရင် သူက ဘယ်လို ပြုတ်ပြီး စားရတယ်ဆိုတာကို အသေးစိတ် ရေးထားပါတယ်။ မေးလ်ကိုတော့ ဘာသာပြန်ပြီး ထည့်လိုက်ပါတယ်။
ပထမ
ခေါက်ဆွဲကို ရေဆူဆူမှာအရင်ပြုတ်ပါ။ပြီးရင်အဲ့ဒီ အရည်ကို သွန်ပြစ်ရမှာဖြစ်ပါတယ်။
ဒုတိယ
နောက်ထပ် ရေနွေးထပ်တည်ပြီး ခေါက်ဆွဲပြန်ပြုတ်ရပါမယ်။ ၁ မိနစ်လောက်ကြာမှ မီးပိတ်၊ မီးပိတ်ပြီးမှ ခေါက်ဆွဲထုတ်မှာပါတဲ့ အရသာမှုန့်အထုတ်တွေ ထည့်ရပါမယ်တဲ့။
သူကတော့ ခေါက်ဆွဲတွေကု အတွန့်တွေပြောက်သွားအောင် ပြုတ်ဖို့နဲ့၊ မီးဖိုပေါ်မှာ မီးမပိတ်သေးဘဲ အရသာအထုတ်တွေ မထည့်ဖို့ မှာထားပါတယ်။ အရသာအထုတ်တွေက မီးအပူကြောင့် ဓာတ်ပြုပြီး ကင်ဆာ ဖြစ်မှာစိုးလို့ ဖြစ်ပါတယ်တဲ့။
အထက်က ကျွန်မမိတ်ဆွေ ပြောထားတာတဲ့ အနည်းငယ်ဆင်ပါတယ်။ ကျွန်မ သူငယ်ချင်း၊ မိတ်ဆွေများ၊ ခေါက်ဆွဲထုတ်ကြိုက်ကြတဲ့ သူများ သတိထားပြီး ဆင်ခြင်နိုင်အောင် တင်လိုက်ခြင်းဖြစ်ပါတယ်။ ဆေးပညာနဲ့ ပက်သက်လို့ သိပ်ပြီး တိတိကျကျမသိပေမယ့် စိတ်ဝင်စားစရာ သတင်းလေးမို့ တင်လိုက်ချင်းဖြစ်ပါတယ်။ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်။ ကျွန်မကတော့ ဒီရောက်မှ ခေါက်ဆွဲထုတ်တွေ ပြန်စားမိပြီး မဖြတ်နိုင်ဖြစ် နေလို့ အထက်ကနည်းအတိုင်း ပြုတ်စားနေပါကြောင်း။:P သုံးမိနစ်စောင့်ဆိုတဲ့ စကားလေးက ပြောလို့ကောင်း ပေမယ့် တကယ်သူပြောသလိုသာ စားမိရင်တော့.....
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။