Wednesday 21 November 2007

ကြားဖူးသော အသက်ရှည်ဆေးများ

ကုန်အောင်စားပါဦး
တခါကရွာ တစ်ရွာတစ်ရွာမှာ ညီအကို နှစ်ယောက်ရှိပါသတဲ့။ မိဘများ မရှိကြတော့လို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြပါသတဲ့လေ။ အကိုကြီးက ရိုးသားပြီး၊ ညီငယ်လေးကတော့ လူရည်လည်ပါသတဲ့။ သူတို့ ညီအကိုနှစ်ယောက်ဟာ တောထဲမှာ ထင်းခုတ်ပြီး မြို့ပေါ်တက်ပြီး ထင်းရောင်းရင်း အသက်မွေးကြပါတယ်။ နှစ်ယောက်လုံးဟာ လူလွတ်တွေဖြစ်လို့ အစားအသောက်အတွက် စီစဉ်ပေးမယ့်သူ မရှိလို့ ဖြစ်သလိုသာ နေထိုင်နေကြပါတယ်။

တရက်မှာ ညီအကိုနှစ်ယောက် တောထဲကို ထင်းခုတ်ထွက်ရာမှာ
ထမင်းထုတ်က ထမင်းနဲ့ ငရုပ်သီးထောင်းသာ ပါပြီး။ ဘာမှ မပါလို့ ညီအကိုနှစ်ယောက်လုံး စိတ်ညစ်နေပါသတဲ့လေ။ အဲ့ဒါနဲ့ ညီလုပ်တဲ့ သူက အကို ကျွန်တော်တို့ ဘာဟင်းမှလဲ မပါဘူး။ ဒီလိုလုပ်ပါလား တယောက်တလှည့်စီ ထမင်းစားမယ်။ တယောက်စားနေချိန်မှာ တယောက်ကဘေးကထိုင်ပြီး စားကောင်းသောက်ဖွယ်တွေ ပြောပေးရင် ထမင်းမိန် တာပေါ့လို့ ပြောပါသတဲ့။

အဲ့ဒါနဲ့ ရိုးသားတဲ့ အကိုက ကဲကဲ ငါကအကြီးဆိုတော့ မင်းအရင်စား ငါကဘေးကနေ စားကောင်းသောက်ဖွယ် တွေ ထိုင်ပြီး ပြောပေးမယ်လို့ ဆိုပါသတဲ့။ ညီငယ်က ထမင်းတလုပ်သွင်းလိုက်တိုင်း အကိုလုပ်သူက ညီလေးစာကွ ကြက်ကောင်လုံးကြော်ကြီး။ နောက်ထပ်တလုပ်သွင်းတော့ ညီလေး ကြက်သားဆီပြန်စားကွ။
နောက်တလုပ်ကျတော့ ၀က်သားအလှူချက်ကွ စားကွာ အားမနာနဲ့။

အဲဒီလိုပြောပေးလိုက်တာ သူ့ညီထမင်းပြီးသွားတဲ့ အထိပါဘဲတဲ့။ ဒီတခါတော့ သူထမင်းစားမယ့် အလှည့်ဆိုပြီး ငါ့ညီ ငါထမင်းစားရင် ငါကြိုက်တက်တာလေးတွေ ပြောပေးနော်လို့ ပြောပါသတဲ့။ ညီလုပ်တဲ့သူကလဲ စိတ်ချပါ အကိုကြီးရာ အကိုကြီးကြိုက်တာတွေ ကျွန်တော်ပြောပေးပါ့မယ် စိတ်ချဆိုပြီး ပြောပါသတဲ့။ အကိုကြီးစ စားတဲ့ အချိန်မှာဘဲ သူက အကိုကြီး ကြက်ကောင်လုံးကြော်ကြီး စာဗျာလို့ ပြောတော့ အကိုကြီးက ထမင်းတလုပ် သွင်းလိုက်ပါသတဲ့။ နောက်ထပ်တလုပ်စားဖို့ ပြင်နေချိန်မှာ သူညီဆီက အပြောကိုစောင့် နေပါသတဲ့။ သူညီက ဘာမှ မပြောတဲ့ အဆုံး။ ဟ ပြောပါဦး ဒီမှာ နောက်တလုပ်စားဖို့ စောင့်နေတယ်ကွလို့ ပြောပါသတဲ့။ အဲ့ဒီ အခါမှာတော့ ညီလုပ်တဲ့သူက ဘာပြန်ပြောသလဲ ဆိုတော့ ခုနက ကြက်ကောင်လုံးကြော်ကိုဘဲ ကုန်အောင် စားပါဦးတဲ့။ ။
-------------------------------------------------------------------------------------------------
ဆုံကျိမ်းလို့
တခါက ရွာတရွာက ထင်းခုတ်ထွက်ကြတဲ့ ထင်ခုတ်သမားတစုဟာ တောထဲကိုထင်ခုတ်ဖို့ ရောက်လာပါသတဲ့။ အားလုံးသာ ထင်ခုတ်ထွက်လို့ ထမင်းချက်မယ့်သူ မရှိရင် ဒီနေ့တော့ သူတို့ ထမင်းငတ်ရချည်ရဲ့ဆိုပြီး။ သူတို့ထဲက တယောက်ကတော့ ထမင်း၊ ဟင်း ချက်ဖို့ နေခဲ့ရမှာဖြစ်တယ်လို့ တိုင်ပင်ကြပါသတဲ့။ ထမင်းချက် ကိုလည်း ရလာတဲ့ထင်းတွေထဲက ညီညီမျှမျှဝေ ပေးပါမယ်လို့ အားလုံးက သဘောတူပါသတဲ့လေ။ အဲ့ဒါနဲ့ အားလုံးထဲက ချက်တက်ပြုတ်တက်တဲ့ တယောက်က မပင်ပန်းဘဲ ရမဲ့ ဝေစုကို မက်ပြီး သူထမင်းချက်ဖို့ တာဝန်ယူမယ်ဆိုပြီး နေခဲ့ပါသတဲ့။

အားလုံးထွက်သွားတော့ စခန်းချရာနေရာ အနီးက မကျီးပင်က မကျီးရွက်ခူးပြီး ချဉ်ရေဟင်းချက် လိုက်ပါသတဲ့။ ပြီးတော့ ပါလာတဲ့ ငါးခြောက်လေးလေးကို ကြော်လိုက်ပါသတဲ့။ ပြီးတော့ မကျီးသီ လေးတွေ တွေ့လို့ မကျီးသီးထောင်း တခွက်ပေါ့။ ဒါနဲ့ အားလုံးပြန်ရောက်ရော ဟင်းနံ့ကလဲမွှေး၊ ဟင်းတွေကလဲ စားကောင်းလို့ ထမင်းမြိန်တဲ့ အကြောင်းကို ထမင်းချက်တဲ့ သူငယ်ချင်းကို ပြောပါသတဲ့။ မကျီးသီထောင်း ကတော့ အလွန်ဘဲ စားလို့ကောင်းကြောင်း ချီးမွမ်းပါသတဲ့။ ထမင်းချက်ကတော့ မသက်မသာမျက်နှာနဲ့ ပြန်ပြောလိုက်တာ ကတော့..........

-အေး မင်းတို့ ကသာ စားလို့ကောင်းနေ ဒီမှာက ဆုံကျိမ်းတယ်ကွတဲ့။

-မကျီးသီထောင်းဖို့ ငရုပ်ဆုံ မပါလို့ အံနဲ့ကျိတ်ထားရတာ ဒီမှာ ထမင်းတောင် ကောင်းကောင်း မစားနိုင်ပါဘူးတဲ့။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။