Sunday 30 December 2007

ကြိုတင်တောင်းပန်ချင်း

စာရေးတယ်ဆိုတာ စိတ်ရော၊ လူရောနှစ်ပြီး ရေးမှ အဆင်ပြေတာလို့ မြင်တာရော အဲ့ဒီလိုရေးလိုက်ရမှဘဲ စိတ်ထဲ ပေါ့သွားတာမို့။ လူမနား စိတ်မအားတဲ့ အချိန်မှာဆို စာမရေးချင်ပါဘူး။ ရေးရင်းတန်းလန်းနဲ့လည်း ချပြီး အလုပ် မလုပ်ချင်ဘူးလေ။ အဲ့ဒါကြောင့် ဒီကြားထဲ စာရေးတဲ့ဘက်ကို မလှည်ဖြစ်ပါဘူး။ အမှန်က ကျွန်မတင်တဲ့ ပိုစ့်တွေ ၁၀၀ ကျော်နေတာတော့ကြာပါဘီလေ။ ကိုယ်က စိတ်ထဲမထင်လိုက်ပြန်ဖျက်လိုက်။ စိတ်ထဲမထင်လိုက် ပြန်သိမ်း လိုက်နဲ့ဆိုတော့ ဘယ်လောက်ရေးလို့ ဘယ်လောက် ရေးမိမှန်းကို မသိတော့ပါဘူး။

ဒီနှစ်ကို ပိုစ့် ၁၀၀ ရအောင်ရေးမယ်ဆိုပြီး လုပ်ထားတာ။ ကိုယ့် ဒရပ်ဖ်ထဲမှာတော့ ပိုစ့်က တစ်ရာကျော်နေ ဘီလေ။ ဒါနဲ့ ပျင်းတာရော ပိုစ့်တွေကို ထိန်းချင်တာရော နဲ့ စာတွေမရေးဘဲ ထားလိုက်မိပါတယ်။ တလောကမှ ပိုစ့် နောက်ခံပုံပြင်ပြီး ဟိုဟို ဒီဒီကိုယ့် ဘလောဂ့်ကိုပြင်လိုက်တော့မှ ကိုယ့်ဘလောဂ့်ထဲ တစ်ရာပြည့်ဖို့ ခုနှစ်ခု နေတာကို သွားတွေ့ပါတယ်။ တွေ့တဲ့အချိန်ကလည်း အတော်မအားတာမို့ ဘာမှမတက်နိုင်ဘဲ ထိုင်ကြည့်နေရ ပါတယ်။

အစကတော့ ပိုစ့်တစ်ရာပြည့်အတွက် ကင်ဆာအကြောင်းရေးမလို့စဉ်းစားထားတာ။ အခုတော့ မနက်ဆိုမအား သလို ညဘက် စောစောပိုင်းတွေလည်းမအားတာကြောင့် စာတွေခပ်တိုတိုဘဲရေးလိုက်ရပါတယ်။ အဲ့ဒီ ကင်ဆာ ပိုစ့်ကလည်း ရေးရင် အတော်နဲ့ ပြီးမှမဟုတ်သလို၊ တိုတိုလေးလည်း ရေးလို့မရလို့ စိတ်ရော။ အချိန်ရော ထည့်ပြီး ရေးရမယ် ပိုစ့်ပါ။ အမှန်တော့ ကျွန်မဆရာဝန်တယောက်လည်း မဟုတ်ဘဲ ကင်ဆာအကြောင်း ရေးမယ်ဆိုတော့ ဆန်းနေမှာပါ။ ကျွန်မ ကင်ဆာဘယ်လိုဖြစ်တယ်။ ဘာညာရေးမှမဟုတ်ပါဘူး။ ကင်ဆာ ဝေဒနာရှင်တွေနဲ့ ပက်သက်တဲ့ အကြောင်းကိုရေးမှာဖြစ်ပါတယ်။ ကင်ဆာဝေဒနာရှင်တွေနဲ့ အဲ့ဒီဝေဒနာကို ကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ။ အဲ့ဒီဝေဒနာကို ကုသရာမှ အဓိကကျတဲ့ ဆုံးဖြတ်မှုတွေကို ပေးတဲ့ ဆရာဝန်တွေကို လူနာနဲ့ လူနာမိသားစုတွေရဲ့ အမြင်အနေနဲ့ ရေးမှာပါ။

ဘလောဂ့်ရေးတဲ့ ဆရာဝန်တွေအများကြီး ရှိတာကြောင့် ကျွန်မအနေနဲ့ တခုခုများအမှာအယွင်းရှိရင် ခွင့်လွှတ် ပေးကြဖို့ စာမရေးခင်ကတည်းက ကြိုးပြီးတောင်းပန် ချင်ပါတယ်။ ဆရာဝန်တွေအနေနဲ့ လူနာတွေရဲ့ ခံစားချက် ၊ ယုံကြည့်ချက်၊ မျှော်လင့်ချက်တွေနဲ့ ပက်သက်ပြီး သိစေချင်လို့၊ ပြောပြချင်လို့ရေးမှာဖြစ်ပါတယ်။ ဘယ်သူဘယ်သူ့ကိုမှ စော်ကားဖို့၊ ပြစ်တင်ရှုံ့ချဖို့ မရည်ရွယ်ခဲ့ပါဘူး။ မရေးခင်က ကြိုတင် တောင်းပန်ထား ချင်ပါတယ်။ အဲ အသိသေးသူများလည်း ဆုံးဖြတ်ချက်ချခါနီးမှာ၊ အရေးကြုံလာရင် နဲ့ လူမှူဘ၀ကကြမ္မာကို ဖတ်စရာ စာလေးအနေနဲ့ ရေးသားဖို့ စဉ်းစားထားတာပါ။

ဒါပေမယ့်လည်း အခုထိ အကြောင်းမညီညွတ်သေးလို့ မရေးဖြစ်သေးပါဘူး။ တကယ်လို့ ရေးဖြစ်ပြီး တင်ဖြစ်ခဲ့လို့ ရှိရင်တော့ အကြံဥာဏ်လေးများပေးကြပါဦးလို့ ပြောချင်ပါတယ်။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Saturday 29 December 2007

ဒီရက်ပိုင်းသတင်း

ဒီရက်ပိုင်မှာ အိမ်ပြောင်းဖြစ်ပါတယ်။ အရင်နေတဲ့ မြို့ကနေ နောက်တမျို့ကို။ မြို့ပြောင်းတယ် ဆိုပေမယ့် ပြည်နယ် တခုထဲဘဲဆိုတော့ အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဆင်မပြေတာက အစက ကုန်တင်ကားငှားတုန်းက ၂၉ ရက်နေ့ကို မြို့အသစ်ကို အရောက်ပြောင်းပေးမယ်ဆိုပြီး အခုတော့ ၃၁ ရက်နေ့မှ ရမယ်လို့ပြောပါတယ်။ ကောင်းပါလေရော။ ၃၁ ရက်နေ့မှဆို နယူးရီးယားည ဘယ်လိုလုပ်ပြီး အေးဆေးပါတော့ မလဲနော်။ ပစ္စည်းတွေရွှေ့ရ၊ မရ၊ ချရနဲ့ အတော်ပင်ပန်းနေဦးမှာပါ။ ၂၀၀၇ရဲ့ နေ၀င်ချိန်ကိုလည်း အချိန်ပေးပြီး ကြည့်ဖြစ်မယ်လို့ မထင်သလို၊ နှစ်သစ်မနက်မှာလဲ အေးအေးဆေးဆေး ကာဖီပူပူလေး သောက်ဖြစ်မယ်လို့ မထင်မိပါဘူး။

ဒါကြောင့်ပြောတာ မိုးရွာတယ်လို့ပြောရင် ဒီက လွန်ရာကျပါဦးမယ်။ ခုတော့ သူလုပ်ပုံက ကောင်းသေးလို့လား။ နှင်းဆီပန်း အပွင့်၅၀၀ တောင်းတုန်းကတော့ ဒီက ကို လွန်တယ်လို့ပြောပါဦးမယ်။ ခုတော့ လိုတောင်လိုနေ ပါသေးတယ်။ ပင်ပန်းလိုက်တာလည်း ဖတ်ဖတ်ကိုမောနေတာပါဘဲ။ လူချည်း ပင်ပန်းတာလားဆိုတော့ မဟုတ်ဘူး။ စိတ်။ စိတ်ထဲမှာ ဘလောဂ့်ရေးရတာက တမျိုး။ အပြင်မှာ စီစဉ်ရတာ၊ သိမ်းဆည်းရတာကမျိုးနဲ့ လူကို မောနေတာပါဘဲ။ ဟဲ့ နင့်ကို ဘယ်သူက စိတ်ထဲကနေ စာရေးခိုင်းနေလို့လည်း ဆိုတော့လည်း ဘယ်သူမှလည်း မရေးခိုင်း ပါဘူး။ ကိုယ့်ဟာကိုယ် ရှာရှည်နေတာလေနော်။ မရေးရ မနေနိုင်ဖြစ်နေတာကို။

လူကသာ စိတ်ထဲမှာ စာရေးနေတာ ဘလောဂ့်ကတော့ ဖုန်အလိမ်းလိမ်းနဲ့လေ။ ဖုန်လေးဘာလေး ခါဖို့ နေနေ သာသာ၊ တနေ့တနေ့ ကိုယ့်အိမ်ကိုတောင် ကိုယ့်ဝင်မကြည့်ဖြစ်ပါဘူး။ အော် လောကရယ် ငါလည်း နင်လောလွန်းလို့သာ ကနေရတာ မောလှပေါ့နော်။

ပိုမောတာက ၂၈ ရက်နေကလေ ၂၇ရက်နေ့ ရုပ်ရှင်ကောင်းလို့ မောမောနဲ့ ထိုင်ကြည့်မိတာ။ ရုပ်ရှင်လည်း ပြီးရော အိပ်ရာတန်းပြီးဝင်ဖြစ်ပါတယ်။ မနက်ကိုလည်း ထတာ နဲနဲနောက်ကျသွားတယ်။ မိုးလင်းလို့ သတင်း ဖွင့်မိတော့ ဟိုတလောက ဗုံးပေါက်ပြီး လုပ်ကြံခံရတဲ့ ပါကစ်စတန် ၀န်ကြီးချုပ်ဟောင်းက ထပ်ပြီးလုပ်ကြံခံရလို့ သေသွားပြီဆိုတဲ့သတင်းကြားရတော့ အတော်ဘဲ စိတ်မကောင်းဖြစ်မိပါတယ်။ အဲ့ဒီသတင်းက ခေါင်းကြီး သတင်းဖြစ်နေတော့ ဘယ်သတင်းလိုင်းဖွင့်ဖွင့် ဒီအကြောင်းဘဲလာနေပါတယ်။ သူ့ရဲ့ နောက်ကြောင်းနဲ့ သူများတွေအမြင်တွေကို ပြနေတာကြည့်ပြီး ရင်ထဲ တမျိုးကြီးဖြစ်နေတာ။ သူ့မိန့်ခွန်းတွေ ပြန်ပြတော့ ရဲရဲတောက်စိတ်ဓါတ်ကို အားကျမိသား။ ကိုယ့် သူ့လောက်တော့ အဖြစ်မရှိပါဘူးလေ။ အင်း သူကလည်း အဖြစ်ရှိလို့ ၀န်ကြီးချုပ်တောင်ဖြစ်ဖူးသေးတယ်။ ကိုယ်ကတော့ ဘာကောင်မှမှ မဖြစ်ဖူးသေးဘူးတော့ ထိုင်ပြီး အားကျလိုက်ပါတယ်။

တနေကုန်လည်း အိပ်ရွှေ့ဖို့ပစ္စည်းသိမ်းရ၊ ကြားရတဲ့သတင်းကလည်း စိတ်မကောင်းစရာ အသက်ရှူတောင် မ၀တဲ့အဖြစ်ကို ရောက်သွားပါတယ်။ ဟဲ့ နင်နဲ့လည်းမဆိုင်ဘဲနဲ့ဆိုတော့လည်း။ ဟုတ်တော့ဟုတ်သား။ ဒါပေမယ့် အိမ်သိမ်းတာကတော့ ကျွန်မနဲ့ တိုက်ရိုက်သက်ဆိုင်မယ်ထင်တယ်နော်။ မောတာမှ အတော်မောတာ ပါ။ စက်တင်ဘာတုန်းကလည်း ဒီိလိုဘဲ မောဖူးပါတယ်။ ရင်ထဲကိုဆို့ကျပ်နေအောင် မောဖူးပါတယ်။ ၃ ရက်လောက် သတင်းတွေမဖတ်ဘဲနေလိုက်တော့မှ မောတာသက်သာသွားပါတယ်။ အခုလည်း ကြားရ၊ မြင်ရတာ နားမျက်စိ မချမ်းသာတာနဲ့ တီဗွီကြီးကို ပိတ်ပစ်လိုက်တယ်။ မှတ်ရော။ ဖွင့်ထားရင် ကိုယ့်လက်က ဟိုဟိုဒီဒီပြောင်းရင်း အဲ့ဒီဘက်ကို ရောက်သွားဦးမှာလေနော်။

ဘာရယ်တော့မဟုတ်ပါဘူး။ အိမ်ပြောင်းတော့ မြို့နှစ်မြို့ကြားမှာရှိတဲ့ ကင်နာဘာလူတောင်ကိုတော့ ဖြတ်သွားရတာပေါ့။ ကလောလိုလို၊ မေမြို့လိုလို မြို့သေးသေးလေးတွေကိုဖြတ်သွားတော့ လမ်းဘေးက သစ်သားအိမ်တွေက ဟိုဟို ရှမ်းပြည်ဘက်ကအိမ်တွေကို ခြေတံရှည်တွေနဲ့ မြင်ရတော့ ပင်းတယကို သွားလည်တာ ပြန်သတိရမိပါတယ်။ အော်သူတို့လည်းငါတို့နဲ့ သိပ်ပြီးလူနေမှမကွာဘူးလို့ တွေးမိပြန်ပါတယ်။ အဲ ဒါပေမယ့် ကွာနေတာက အိမ်တိုင်း မီးလင်းပြီး ၂ပေစလောင်းနဲ့ဘာနဲ့။ ပြီးတော့ အိမ်ရှေ့တိုင်းမှာ အနည်းဆုံး လေးဘီးကား ၁စီးလောက်တော့ ရှိတာကို။ မောင်းလို့မရဘဲ သံချေးတက်လို့ ပစ်ထားတာထည့်တွက်ရင် ဒီထက်ပိုမလားဘဲနော်။ စိတ်ထဲမှာတော့ ကိုယ့်နိုင်ငံထဲသွားနေရသလိုပါဘဲလေ။

ကင်နာဘာလူတောင်ကို ရောက်ရင်တော့ ဓါတ်ပုံရိုက်ဦးမယ်ဆိုပြီး ဓါတ်ခဲတွေပြင်ထားပေမယ့် တောင်ခြေ ရောက်တော့ မှောင်နေပါဘီ။ ရိုက်လည်း လှမှာမဟုတ်တော့ မရိုက်ခဲ့လိုက်ဘူး။ ဒီလိုဘဲဖြစ်တက်ပါတယ်။ ပြင်ဆင်ထားရင် ဘယ်တော့မှအဆင်မပြေဘူး။ မပြင်ထားရင်တော့ -၀ုန်း-ဆိုပြီးဖြစ်တက်ပ။ နောက်ရှိသေးတယ် ပြောရဦးမယ် တောင်ပေါ်တက်တော့ ဒီတခါမိုးမရွာဘဲ မြူတွေနဲ့ ပိတ်နေတာ။ ကားမီးရောင်အောင်မှာ မြူတွေက ရိပ်ရိပ် ရိပ်ရိပ်နဲ့ပြေးတော။ တိမ်ထဲ ကားမောင်းနေသလိုပါဘဲ။ ဘာမဆိုင်ညာမဆိုင် မြူတွေကို နှင်းတွေဆိုပြီး ပျော်နေလို့ အိမ်ကလူတွေက ကမ္ဘာကြီးအေးချမ်းနေတာ သူ့ကြောင့်လို့ ပြောနေလေရဲ့။ ကားမောင်းတဲ့သူကတော့ မျက်စိကိုပြူးနေတာပါဘဲ လမ်းချော်ပြီး ချောက်ထဲကျမှာဆိုးလို့လေ။ တခါတလေ ရာသီဥတုဆိုးရင် တောင်ကလည်း ပြိုတက်တော့ မြူတွေနဲ့ဆို အဆင်မပြေဘူးတဲ့လေ။

အင်း ဒီဇင်ဘာရောက်ရင် တခုခုက သူ့ဟာသူပြောင်းရင်ပြောင်းမပြောင်းရင် ကိုယ့်က ကိုယ့်ဖာသာကို ပြောင်း လိုက်ရမှ ကျေနပ်တာလေ။ အခု အိမ်တော့ပြောင်းပြီးသွားဘီ။ လူဘဲနဲနဲပြောင်းဖို့ ကျန်တော့တယ်။ ဘာလုပ်ရင်ကောင်းမလဲ မရှည်စဖူးကျောလည်ထိရောက်နေတဲ့ ဆံပင်တွေကို ဘိုကေညှပ်လိုက်ရရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။ ဒါပေမယ့် ဆံပင်ညှပ်ခက မသတ်သာသလို့စဉ်းစားနေတာ။ ခေါင်းလျှော်ရည်ဖိုးကလည်း ဈေးကြီး၊ ကလစ်တို့ ခေါင်းစည်းကြိုးဖို့ကလည်း များနေတော့ အိမ်ကို နဲနဲမေးလိုက်ပါဦးမယ်လေ။ ဆံပင်ဖြောင့်ဖို့ ပိုက်ဆံပေးမလား၊ ဆံပင်ဘဲ ညှပ်လိုက်ရမလားလို့။ အကျပ်ကိုင်တာ တော့မဟုတ်ဘူးလေ နော်။ ဒီလိုဘဲ အကြံတောင်းကြည့်တာ။ သေချာတယ် ၂၀၀၈ မှာတော့ ဒီထက်ပိုပြီး ၀ဦးတော့မယ်။

--ဘာရယ်မဟုတ်ဘူး နေတစ်ဖိုရမ်ထဲမှာ ၀င်ဖတ်ရင်နဲ့ ကိုမင်းအိုဆိုတဲ့ အကိုကြီးတယောက်(အကိုကြီးတော့ မဟုတ်လောက်ဘူး။ ဦးလေးကြီးလို့တော့ ထင်ပါရဲ့။)ရဲ့ ရေးထားတဲ့ အရေးအသားမျိုး ကြိုက်လို့ရေးကြည့်တာ ဖတ်လို့ ကောင်းမကောင်းတော့မသိဘူး။ အဲ့ဒီအကိုကြီးက နေလည်သတင်းဆိုပြီး ရေးတာအတော်ဖတ်လို့ ကောင်းပါတယ်။ ဝေဖန်ပေးကြပါဦးနော်။--
မင်္ဂလာရှိတေသာ နှစ်သစ်မှာ
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Tuesday 25 December 2007

အမှတ်တရ ခရစ်စမတ်ည

ခရစ်စမတ်ည။ ခရစ်စမတ်ဆိုတာ ခရစ်ယန်ဘာသာဝင်တွေအတွက်အထွတ်အမြတ် ထားရတဲ့ ဘာသာရေးပွဲ တော် တစ်ခုဖြစ်ပေမယ့် ငယ်ငယ်ကတည်းက ခရစ်စမတ်ရောက်ရင် ပျော်တက်တာတော့ ဘာလို့မှန်း လုံးဝမသိခဲ့ပါဘူး။ ကျွန်မမှာလည်း ခရစ်ယန်သူငယ်ချင်းတွေအများကြီးရှိလို့လည်း ပါ ပါတယ်။ သူတို့က ခရစ်စမတ် နီးရင် ဘုရားကျောင်းမှာ သီချင်းတွေသွားတိုက်။ ညဘက်တွေမှာ ကရယ်ဆင်း လိုက်ဆိုကြနဲ့ ညနက်နက် ချမ်းချမ်း စီးစီးမှာ ~ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်။ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာ ရောက်စေသော်~ ဆိုတဲ့ အသံနဲ့ ဂစ်တာသံ လွင်လွင်လေးကြားလိုက်ရင် အရမ်းပျော်ခဲ့တဲ့ ဒီဇင်ဘာညတွေကြောင့် ခရစ်စမတ်ကို သိပ်ပြီး သဘောကျနှစ်သက်မိခဲ့ပါတယ်။

ခရစ်ယန်သူငယ်ချင်းတွေ စုစုစည်စည်းနဲ့ ဘုရားကျောင်းသွားကြတာကိုလည်း သိပ်ပြီးသဘောကျ ခဲ့တာပါ။ ကျွန်မတို့ ဘာသာမှတော့ လူငယ်တွေ ဘုရားကျောင်းကန်သွားတာ ရှားတာကို။ သွားတဲ့ သူရှိရင်လည်း ဒီကောင်း ဆရာကြီးလား၊ ဘာလားနဲ့ ပေါ့လေ။ ထားပါတော့လေ။ ကျွန်မအတွက်အမှတ်တရ ခရစ်စမတ်ကတော့ ၁၉၉၅ ခုနှစ်ကပါ။ အဲ့ဒီနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်က ကျွန်မတို့ အမျိုးတွေရှိရာ မြစ်ကြီးနားကို အလည်သွားဖြစ်ခဲ့ပါတယ်။ မေမေရဲ့ အဖွားဝမ်းကွဲ တစ်ယောက်က မြစ်ကြီးနားမှာ ပြည်နယ် ပညာရေးမှူးပါ။ မြစ်ကြီးနားက ကျောင်းတွေက ကထိန်ကို သေချာမလုပ်ပေမယ့် ခရစ်စမတ်ကိုတော့ အကြီးအကျယ်လုပ်ကြတာပါ။ ကျောင်းတိုင်း ခရစ်စမတ်ပွဲကျင်းပတာ ကျွန်မတို့ မြေပြန်မှာ ကထိန်အကြီးအကျယ် လုပ်သလိုပါဘဲ။ သိပ်ပြီး ပျော်စရာကောင်းပါတယ်။

ကျောင်းတွေမှာ သီချင်းတွေတိုက်ကြ။ ညဘက်တွေကို အိမ်တွေမှာလိုက်ပြီး သီချင်းတွေဆိုကြ၊ အလည်သွားတဲ့ အိမ်တွေကလည်း စားသောက်ဖွယ်ရာတွေဘာတွေနဲ့ ကြိုကြတာ သိပ်ပြီး ပျော်စရာကောင်းပါတယ်။ ဆောင်းတွင်းအေးအေးမှာ သီချင်းလိုက်ဆိုရ ချမ်းပေမယ့် အိမ်တွေရောက်ရင် သီချင်းအော်ဆိုလိုက်ရင် ချမ်းတာတွေ ပျောက်သွားတော့တာပါဘဲ။ ကျွန်မ ဗုဒ္ဓဘာသာပေမယ့် အဲ့ဒီသီချင်းတွေဆိုရတာတော့ သဘော ကျပါတယ်။

မှတ်မှတ်ရရ အဲ့ဒီနှစ် ခရစ်စမတ်ညမှာ မီးပုံပွဲလုပ်တဲ့ အသိအိမ်ကိုသွားလည်ဖြစ်ကြပါတယ်။ ခရစ်စမတ်လက်ဆောင်တွေ ဝေပေးတဲ့ အပြင် မီးပုံပွဲမှာ လှည့်ပြီး ကချင်ရိုးရာအကတွေကရတာ ပျော်စရာပါ။ လူကြီးတွေကိုတော့ အရက်တွေဘာတွေနဲ့ ဧည့်ခံပေမယ့် ကျွန်မတို့ ကလေးတွေကတော့ အသားကင်တွေ မီးပုံဘေးမှာစားရတာ အတော်ပျော်ခဲ့မိပါတယ်။ အပျော်ဆုံးက မဲဖေါက်ပေးတဲ့ အကိုကြီးက ချောချောလေးမို့ပါ။ ဟဲဟဲ အဲ့ဒီအကိုကြီးက လူတွေအားလုံကို မဲဖေါက်ပြီး၊ နောက်ဆုံးနားမှ ကျွန်မကိုခေါ်ပြီး လက်ဆောင်တွေထဲက ကျွန်မအလိုချင်ဆုံး လက်ဆောင်ကိုပေးခဲ့လို့ပါ။ ပျော်စရာမကောင်းဘူးလား။ မြစ်ကြီးနားဆိုတော့
အေးတာမှ နှာသီးဖြားတွေရော၊ လက်ဖျားတွေရော အေးစက်နေတာပါဘဲ။ အဲ့ဒီခရစ်စမတ်ညကတော့ ကျွန်မအတွက် အမှတ်တရပါ။

မြစ်ကြီးနာဆောင်းက ကျွန်မတို့သွားတုန်းက အေးတယ်ဆိုတာ အရင်ကျွန်မတို့ အဖွားတွေ နေတုန်းကလောက် မဟုတ်ပါဘူးတဲ့လေ။ အဲ့ဒီနှစ်တုန်းကတောင် သစ်တောတွေပြုန်းလို့ သိပ်မအေး တော့ပါဘူးတဲ့။ ခုတော့ ပိုအောင် မအေးနိုင်ဦးမယ်ထင်ပါတယ်။ မြစ်ကြီးနား ဈေးထဲက လိမ္မော်သီး ရောင်းတဲ့ ဆိုင်တွေကိုလည်း သိပ်ပြီး သတိရပါတယ်။ ပြီးတော့ မြစ်ကြီးနား မြို့မဈေးနားက ပန်းခင်းလမ်းဆိုတဲ့ ကြက်ပေါင်းနဲ့ ရောင်းတဲ့ ခေါက်ဆွဲဆိုင်ကိုလည်း သတိရမိပါတယ်။ ကျွန်မအတွက်ကတော့ ၁၉၉၅ ခုနှစ် လောက်ပျော်ဖို့ကောင်းတဲ့ ခရစ်စမတ် မရှိတော့ဘူးထင်ပါတယ်။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Sunday 23 December 2007

ဒီလိုပါဘဲ

ဒီရက်ပိုင်းတွင်း ကျွန်မဘာများလုပ်နေလဲဆိုပြီး စိတ်ပူနေတဲ့သူများရှိမလားလို့ အကြောင်းကြားစာ တင်လိုက်ရတာ ပါ။ ဟဲဟဲ စိတ်မ၀င်စားတဲ့သူများအတွက်တော့ အကြောင်းရှာပြီး ဆားချက်တယ်လို့ မှတ်ပေးကြပါနော်။

ဒီတလောမှာမှ ဒီဇင်ဘာလည်းဖြစ်၊ ရှုပ်စရာတွေကလည်းများ၊ အိမ်ကလည်း ပြောင်းဖို့ပြင်နေတာ ဒီလမှလာပြီး ပြောင်းရတယ်လို့။ ဟိုဟိုဒီဒီစာပို့တော့လည်း စာက မပြန်၊ ပြန်တဲ့စာကလည်း ကျက်သရေကမရှိနဲ့။ စိတ်နဲ့ ငါနဲ့ညစ် နေတာ။ သူငယ်ချင်းတွေဆီကိုတောင် မရောက်ဖြစ်တာအတော်ကြာနေပါဘီ။ ခါတိုင်း ကိုယ့်ဆီအလည်လာတဲ့ သူတွေဆီကိုတော့ မရောက်ရောက်အောင်သွားဖြစ်တယ်။ အရင်ကတော့ တနေ့တနေ့ လိပ်စာတွေ့တာနဲ့ ၀င်တော့တာဘဲ။ ခုများတော့ ကိုယ့်ဘလောဂ့်လေးတောင် ကိုယ်ဝင်မကြည့်ဖြစ်တဲ့အဖြစ်။

ဘာမှမလုပ်ဘဲကို အလုပ်ကရှုပ်နေတော့တာ။ ပိုက်ဆံမရဘဲ အချိန်ကုန်နေတက်တယ်။ ဘလောဂ့်ရေးခါစ ကတော့ မျက်စိတွေပေါက်ထွက်မတက် စာတွေလိုက်ဖတ်မိလို့ အခုတော့လည်း ကျန်းမာရေး အဆင်ပြေအောင် နေရင်ကနေ ကျွန်မ ဘလောဂ့်နဲ့ ပြတ်တော့မယ်။ အချိန်တိုင်းသူ့အကြောင်းမစဉ်းစားဖြစ်တော့ဘူး။ ပြတ်ချင်တုန်းကတော့ မပြတ်ဘဲ ခုတော့လည်းပြတ်နေသလိုဘဲ။ဟဲဟဲ ဒီနှစ်ထဲမှာ ဘလောဂ့်တရာပြည့်အောင် ထိန်းထားတယ်လို့တော့ ကိုယ့်ကိုကိုယ့်အားပေးနေမိပါတယ်။ တစ်ရာမကျော်အောင် ဒီဇင်ဘာမှာ ထိန်းထားတာ အခုဆို ၉၈ ခုဖြစ်နေဘီထင်တယ်။

ဘလောဂ့်လေးရေ ငါ့ကိုခွင့်လွှတ်နော်။ ငါတာဝန်ကြေဘူးဖြစ်နေတယ်။ တခါတခါတော့လည်း မျိုးကျော့မြိုင်ရဲ့ လူဖြစ်ရတဲ့ဒုက္ခသီချင်းတော့ ညည်းမိသား။ စိတ်ကုန်မိပါတယ် လောကရယ်။ အားလုံးဘဲ အဆင်ပြေပါစေနော်။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Saturday 22 December 2007

နှင်းဆီ(၃)

သူ့က ငါ့ကို
စိတ်ကောက်ရင် လက်ဆောင်တွေ
လွှတ်ပစ်တက်တဲ့
သူချစ်တဲ့ ကောင်မလေးအတွက်
ရွေးထားတယ်။

သူက ငါ့ကို
သူချစ်တဲ့ မေမေအတွက်တဲ့။


သူက င့ါကို
သူ့အဖွားရဲ့ နောက်ဆုံးခရီးအတွက်
ရွေးလို့ ထားတယ်။

သူက ငါ့ကို
သူ့ မင်္ဂလာပွဲအတွက်
အလှဆုံးဖြစ်ဖို့
ရွေးထားပြန်တယ်။

သူကတော့ ငါ့ကို
ခရစ်စမတ် လက်ဆောင်တဲ့လေ။

သူလေး ကတော့
နှင်းဆီရနံ့တွေနဲ့
သူ့ကိုယ်ကို ထုံမွှန်းစေမတဲ့။

ငါကရော သူ့ကို..
ဘာလို့ ရွေးခွင့်မရှိလဲ
ပြောပါဦး ကံက္မြာရယ်။

တကယ်တော့ ငါဟာ..
နင်ချမယ့် ဆေးစက်အတွက်
ဖူးခဲ့ရတာပါ။

နှင်းဆီနီနီ။။

Friday 21 December 2007

အလုံးများ၊နာရီများနဲ့ တူကြသော မိန်းမများ

ဒီကလော တရားနာလာကြတဲ့ သူငယ်ချင်းများကို သိပ်ပြီး ကျေးဇူးတင်ပါတယ်။ ကိုယ်သိတာလေးလဲ ပြန်ပြောပြရင် ကုသိုလ်ရတယ်လို့ပြောပါတယ်။ တခြားသူတွေကိုရောမျှဝေပေးပါဦးနော်။ ဒီတခါလည်း တရား ကျစရာလေးရေးဖို့ စဉ်းစားထားပါတယ်။

ငယ်ငယ်က ဖတ်ဖူးတဲ့၊ ဖေဖေတို့ ပြောနေကျ စကားလေး။ ဟာသလေး၊ ကာတွန်းလေး ကို သတိရမိလို့ ပြန်ရေးလိုက်တာပါ။ မူရင်းကာတွန်းကိုတော့ ရေးတဲ့သူနာမည် မမှတ်မိတော့လို့ပါ။

မိန်းကလေးများ ငယ်ငယ်။ ဆယ်ကျော်သက်ဆို ဘောလုံး တစ်လုံးနဲ့ တူပါတယ်တဲ့။ ကွင်းထဲမှာ ဟိုဘက် ၁၁ ယောက်၊ ဒီဘက် ၁၁ ယောက် ၀ိုင်းလိုက်နေကြတာ။

နှစ်ဆယ်ကျော် မိန်းကလေးတွေကတော့ ဘက်စကတ်ဘောလေးတွေပါတဲ့။ ဟိုဘက်ဆယ်ယောက်၊ ဒီဘက် ဆယ်ယောက် လုတုန်းပါဘဲတဲ့လေ။

သုံးဆယ်လဲကျော်ရော တင်းနစ်ဘောလုံးဖြစ်သွားပါရောတဲ့။ ဟိုဘက် ဒီဘက်ပေါင်းမှ နှစ်ယောက်ဘဲ ရှိတော့ ပြိုင်ပွဲတစ်ခုကို တင်းနစ်ဘောလုံးလို ဟိုဒီပို့ အပို့ခံနေရပါသတဲ့။

ကဲ လေးဆယ်ကျော် အိပ်ထောင်ရှင်မတွေကတော့ အိမ်ကယောက်ျားက ဝေးဝေးကို ရိုက်လွှတ်ချင်တဲ့
ဂေါက်သီးလေးတွေ ဖြစ်သွားပါတယ်တဲ့။
တရားကျစရာနော်။

************************<>**************************

နောက်တခုကတော့ အိမ်ထောင်သည်ယောက်ျားတွေ သူတို့ အမျိုးသမီးတွေပေါ်မှာ သဘောထားလေးကို ခိုင်းနှိုင်းထားတဲ့ ရယ်စရာ စကားလုံးလေးပါ။

အိမ်ထောင်ကျခါစမှာတော့ ကိုယ့်ယူထားတဲ့ မိန်းမကို တကြည့်ကြည့်နဲ့မို့ လက်ပတ်နာရီးလေးလို့ တင်စားကြ ပါတယ်တဲ့။ သူများက ရှိုးရင်တောင် သိပ်မကြိုက်ချင်ဘူးတဲ့လေ။

အိမ်ထောင်သက်ကြာရင်တော့ စာပွဲတင်နာရီဖြစ်သွားရောတဲ့လေ။ သွားလေရာမခေါ်ချင်တော့ဘူးပေါ့။ စာပွဲပေါ်မှာဘဲ တင်ထားခဲ့ချင်ကြတယ်တဲ့။ အနဲဆုံး အိမ်အ၀င်အထွက်လောက်တော့ သတိထားပြီး ကြည့်တက် ကြပါသတဲ့။

အိမ်ထောင်သက် ဆယ်နှစ်ကျော်၊ နှစ်ဆယ်နားကပ်ရင်တော့ တိုင်ကပ်နာရီလေးလို သဘောထားတက်တက် ကြတယ်တဲ့လေ။ အသံကြားမှ သတိရတက်ကြသတဲ့။

အဲ အိမ်ထောင်သက် နှစ်နှစ်ဆယ်ကျော်ရင်တော့ နာရီစင်ဖြစ်သွားပါရောတဲ့။ နာရီစင်လို့ ဘယ်နားရောက်ရောက် အချိန်တန်တော့လည်း အသံကြားရင် အချိန်မှန်းလို့ ရတယ်ပေါ့လေ။ ဘယ်သူကြည့် ကြည့်ပေါ့။
*******************************<>***************************
မေမေနာရီစင်ကြီးဖြစ်နေဘီလားလို့ မေးတက်တဲ့ ဖေဖေသူငယ်ချင်းတွေ နောက်နေကျ စကားလုံးလေးပါ။ အမှတ်ရလို့ ရေးလိုက်တာပါ။
ပျော်ရွှင်ပါစေနော်။
နှင်းဆီနီနီ။။

Thursday 20 December 2007

နိုင်ငံပိုင်ရတနာ


ဒီရုပ်ရှင်ကလည်း အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တခုပါ။ အမေရိကန်သမိုင်းကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ထားတဲ့ ရုပ်ရှင်လို့ပြောရမှာပါ။ ရုပ်ရှင်အကျဉ်းက စော်လမွန်ဘုရင်ရဲ့ ရွှေသိုက်လိုက်ရှာရာကနေ စပါတယ်။ ကြည့်စက သိပ်ပြီးနားမလည်ပေမယ့် ၃ ၄ ခေါက်ကြည့်ပြီးတော့ အတော်သဘောကျသွားပါတယ်။ အမေရိကန် သမိုင်းကလည်း စိတ်ဝင်စားဖို့ ကောင်းတာကို။ ရတနာသိုက်ရဲ့ လှို့ဝှက်သင်္ကေတတွေကို လွတ်လပ်ရေး မော်ကွန်းရဲ့ နောက်ကျောမှာရေးထားတာကို။ အဲ့ဒီမော်ကွန်းကိုသွားခိုးပြီး သင်္ကေတတွေကို ဖတ်ကြတာ။ လွတ်လပ်ရေးမော်ကွန်းအစစ်ကြီး ကို အရာမယွင်းဘဲ ရတနာသိုက်သဲလွန်စရှာကြတာ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဇာတ်လမ်းအချိတ်အဆက်နဲ့ အဖတ်သုံးထာတာ အပိုအလိုမရှိကွတ်တိပါဘဲ။ နောက်ပြီး သမိုင်းကိုလည်း စိတ်ဝင်စားဖွယ် စာကားလုံးများမနဲ့ ချိတ်ဆက်ပြီး ပြောပြသွားတာ ပညာသားပါတယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားကို ၂၀၀၄မှာရုံတင်တယ်ထင်ပါတယ်။ အခု ၂၀၀၇မှာတော့ နောက်ထပ် အသစ်တ ကားတင်ပါတယ်။ အဲ့ဒီကားကတော့ National Treasure: Books of Secrets ပါ။ ဒီနေ့ ဘဲရုံတင်တာ အရင်ကားကို ကြိုက်လို့ သွားကြည့်ဖြစ်အောင် ကြည့်လိုက်ပါတယ်။


ဒီလင့်ကနေ အစမ်းကြည့်လို့ရပါတယ်။ အရင်ကားနဲ့ ပြန်ချိတ်ထားပါတယ်။ အရင်ကားတုန်းကလူတွေ ပြန်ထည့် ထားပါတယ်။ တခြားကားတွေလို လျှော့ထားတာမရှိပါဘူး။ အရင်သရုပ်ဆောင်တွေချည်းဘဲဆိုတော့ Indiana Jone လိုဘဲကြည့်ကောင်းပါတယ်။ လင်ကွန်းအသတ်ခံရတဲ့သမိုင်းနဲ့ စထားပါတယ်။ အဲ့ဒီခေတ်က ရွှေမိုင်းကို အခုမှ ရှာတွေတာမျိုး သမိုင်းက အချိတ်အဆက်နဲ့ ပြထားပါတယ်။

အင်္ဂလန်၊ ပြင်သစ်နဲ့ အမေရိကန်ရဲ့ အရင် သမိုင်းအဆက်ကို ပါးပါးလေး ပြောထားသလိုပါဘဲ။ မင်းသားရ သူ့အဖိုးဟာ လင်ကွန်းကို သတ်တဲ့တရားခံမဟုတ်ကြောင်း သတ်သေပြချင်တာကြောင့် ရွှေမိုင်းကို ရှာတာဖြစ် ကြောင်း၊ နောက်ပိုင်းသူဟာ နိုင်ငံကို ချစ်တဲ့ သူဖြစ်ကြောင့်၊ ဒါ့အပြင် ဒီဇာတ်ကားမှာပါတဲ့ လူဆိုးက နောက်ဆုံး သူ့နာမည်တလုံး သမိုင်းမှာတင်ဖို့ အတွက် အသတ်စွန့်သွားခဲ့တာ နာမည်ဘယ်လောက်အရေးကြီး သလဲဆိုတာ ပြောနေသလိုဘဲလို့ ထင်လိုက်မိပါတယ်။ ဇာတ်ကားကောင်းလေးမို့ ညွှန်းလိုက်ရပါတယ်။

အမေရိကန်တွေက သူတို့ သမိုင်းကို လူတွေမှတ်မိအောင် ရုပ်ရှင်နဲ့ ပါးပါးလေး ပြောသွားသလိုပါဘဲ။ နောက်ပြီး အင်္ဂလန်နဲ့ ဆက်ဆံရေးကိုလည်း ထည့်ပြီး ပြောသွားပါသေးတယ်။ အတော် နိုင်ငံစွဲကြီးတဲ့ ဒါရိုက်တာလို့ ထင်မိပါတယ်။ သူတို့တွေက အတော်ဘဲ သူတို့ နိုင်ငံကို ချစ်ကြတယ်ထင်ပါရဲ့။ ကွန်ပျူတာဖန်တီးမှုတွေ၊ ဆက်တင်ဖန်တီးမှုတွေ အတော်လုပ်ထားပေမယ့် အပိုအလိုမရှိ ကွက်တိလုပ်ထားပါတယ်။ အတော်ကြည့် ကောင်းပါတယ်လေ။
ကြည့်လို့ရမယ့် လင့်ပါ။
ဒါ နောက်တခု။

Monday 17 December 2007

အမှတ်ရမိသော တရားများ

ယဉ်ကျေးလိမ္မာသင်တန်းတုန်းက တချို့တချို့သော မေးခွန်းတွေကို ပြန်ပြီးမှတ်မိလို့ ချရေးလိုက်ပါတယ်။

မေးခွန်း။။ဆရာတော်ခင်ဗျာ သောတပန်ဆိုတာရှိတယ်လို့ပြောပါတယ်။ သောတပန်ဖြစ်ပြီးရင်လည်း အပယ်မလား တော့ဘူးလို့ ပြောကြပါတယ်။ ဟုတ်ပါသလားခင်ဗျာ။ ပြီးတော့ သောတပန်ဖြစ်ပြီးရင် နောက်ထပ်ခုနှစ် ဘ၀ဘဲ နေရတော့တယ်ဆိုတာရော ဟုတ်ပါသလားခင်ဗျာ။
အဖြေ။။ ဟုတ်ပါတယ်။ သောတပန်ဆိုတာရှိပါတယ်။ သောတပန်ဖြစ်ပြီးရင် အပယ်မလားတော့ဘူးဆိုတာလည်း မှန်ပါတယ်။ ဘာလို့အပယ်လားတော့တာလည်းဆိုတော့ သောတပန်ဖြစ်သွားရင် အပယ်ကျမယ့်၊ အကုသိုလ်ဖြစ်မဲ့ ကိစ္စတွေကို မလုပ်ဖြစ်တော့လို့ပါ။ မလုပ်တော့တဲ့ သတ္တိလည်း သောတပန်တွေမှာရှိလာကြပါတယ်လို့ ဆရာတော် ကြီးကမိန့်ကြားသွားပါတယ်။ ပြီးတော့ သောတပန်ဖြစ်ရင် နောက်ထပ် ခုနှစ် ဘ၀ဘဲနေရတာလားဆိုတဲ့ အမေးကိုတော့ ကျွန်မသိပ်ပြီး မမှတ်မိတော့ပါဘူး။( ဆရာတော်ကြီး ကတော့ အဲ့ဒီလူရဲ့ပါရမီနဲ့ သက်ဆိုင်တယ်လို့ ပြောသွားပါတယ်။ အခုဘ၀မှာ သေလွန်ပြီးနောက်ထပ် ဘ၀တွေ အနည်းဆုံး တစ်ဘ၀လောက်တော့ လူဖြစ်သေးပါတယ်တဲ့။ သူ့သက်တမ်းရှိသလောက်ပါတဲ့။ အများဆုံးကတော့ ဆယ်ဘ၀လို့မိန့်ကြားသွားတယ်လို့တော့ အမှတ်ရပါတယ်။) စိတ်ထဲမှာ သိပ်ပြီးမသေချာလို့ပါ။ သိတဲ့သူများရှိရင် ပြောပြပေးခဲ့ပါဦး။

မေးခွန်း
။။(ဒီမေးခွန်းကတော့ ဆရာတော်ကြီးကို ရည်ရွယ်ပြီးမေးတာထင်ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးဖြေ သွားတာကို သဘောကျလို့ တင်လိုက်ပါတယ်။) အခုခေတ်မှာ ဆရာတော်ကြီးတွေ ဖုန်းကိုင်ကြတာ တွေ့ပါတယ်။ ဘုန်းကြီးနဲ့ ဖုန်းနဲ့ ဘာပက်သက်ပါသလဲဘုရား။
အဖြေ။။ဒီမေးခွန်းက မေးသင့်ပါတယ်။ မြတ်စွာဘုရားက
သဗ္ဗညုတဥာဏ်တော်ကြောင့် မိုင်ပေါင်း ထောင်သောင်းမကဝေးတဲ့နေရာက သတ္တ၀ါတွေ ဘာဖြစ်သလဲဆိုတာကို မြင်နိုင်ကြား နိုင်ကြပါတယ်တဲ့။ ရဟန္တာတွေမှာလည်း တန်းခိုးရှိတဲ့ ရဟန္တာတွေဘဲ မြင်နိုင်ကြားနိုင်၊ ဈာန်ပျံနိုင် ကြတာပါတဲ့။ ရဟန္တာတွေမှာ လည်း ပါရမီရှိမှ၊ တန်းခိုးရအောင် ကုသိုလ်ပြုခဲ့တဲ့ အကြောင်းရှိမှ တန်ခိုးရတာပါတဲ့။ တချို့တချို့သော ရဟန္တာ တွေ ရဟန္တာဖြစ်သော်လည်း ဈာန်မရသလို၊ အမြင်အကြားအာရုံလည်း မရှိတာတွေရှိပါတယ်တဲ့။ အမြင်အကြား၊ အာရုံတွေရတိုင်းလည်း ရဟန္တာမဟုတ်ပါဘူးလို့ ဆရာတော်ကြီးက မိန့်ကြားသွားပါတယ်။ ဘုန်းဘုန်းတို့ ကတော့ အမြင်လည်းမရ အကြားလဲမရှိလို့ ဖုန်းတွေကိုသာ အသုံးပြုနေရပါတယ်လို့လည်း မိန့်ကြားသွားပါတယ်။

ကျွန်မ မှတ်မိသလောက်ပြန်ရေးတာဖြစ်လို့၊ စာနဲ့လိုက်မှတ်ထားတာကို ပြန်ရေးတာမဟုတ်လို့ အမှားအယွင်းများ ရှိနိုင်သော်လည်း ကျွန်မသိသလောက် ဝေမျှချင်လို့ တင်လိုက်ရချင်းဖြစ်ပါတယ်။ အမှားများကို ၀င်ရောက်ပြင်ဆင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ နောက်ထပ် စစ်ကိုင်းက ထွဋ်ခေါင်ဆရာတော်ကြီးနဲ့ ဆရာတော်အရှင်ဆန္ဒာဓိက ဟောကြားခဲ့တဲ့ တရားတွေကို လည်းအနည်းငယ်မျှဝေချင်ပါတယ်။

စစ်ကိုင်းက
ထွဋ်ခေါင်ဆရာတော်ကြီးက လက်ပတန်းက တရာစခန်းမှာ ဟောကြားသွားတာကို ကျွန်မဒေါ်များ ပြန်လည်း ပြောကြာတာဖြစ်ပါတယ်။ ကျွန်မအဒေါ်က ကိုယ်တိုင်နာခဲ့ရလို့ အတော်ဘဲမှတ်မိပြီး ပြန်ပြောနိုင် ပေမယ့် ကျွန်မကတော့ ကိန်ဂဏာန်းတွေ သေချာမမှတ်မိတော့ပါသဖြင့်ခွင့်လွှတ်ကြပါ။

ထွဋ်ခေါင်ဆရာတော်ကြီးက တရာဟောရာမှာ လူတွေ တနေ့ ကုသိုလ်ဘယ်လောက်လုပ်ဖို့ ဆိုတာကို သူကမထောက်ပြခင် တနေ့ကို လူတွေဘယ်လောက်အကုသိုလ်ရနေလဲဆိုတာကို အရင်ဟောမယ်ဆိုပြီး အကုသိုလ်ရနိုင်တဲ့ အကြောင်းတွေကို ဟောကြားသွားပါသတဲ့။ သူ့အသက်ကို သတ်တာကို ကျွန်မမှတ်မိ သလောက် ရေးရရင်။ လူတယောက်ကို သတ်တဲ့သူဟာ ကိုယ်သတ်လိုက်တဲ့ လူရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ မွှေးညှင်း ပေါက်မှာရှိတဲ့ မွှေးညှင်းအရေအတွက်အလိုက်၊ သူ့မှာရှိတဲ့ အရိုးအရေအတွက်အလိုက် ငရဲခံရပါတယ်တဲ့။ တိရိတ္ဆန် တကောင်ကိုသတ်ရင်လည်း သူ့ အရိုးအရေအတွက်အလိုက်၊ ဆံပင်အရေအတွက်လိုက် ငရဲခံရ ပါတယ်တဲ့။ လူမှာတော့ ဆံပင်အရေအတွက် သန်းပေါင်းများစွာ၊ မွှေးညှင်းအရေးအတွက် သန်းပေါင်းများစွာနဲ့ အရိုးအရေအတွက် ထောင်ပေါင်းများစွာရှိလို့ အဲ့ဒီ အရေအတွက်အတိုင်း ငရဲခံရပါတယ်တဲ့။ ပုရွက်ဆိပ် လေးတကောင်ဘဲ သတ်လိုက်မိတာပါဆိုပေမယ့် အဲ့ဒီပုရွက်ဆိပ်မှာရှိတဲ့ အရိုးအရေအတွက်ကိုလိုက်ပြီး ငရဲခံ ရမှာပါဘဲတဲ့။ အဲ့ဒီတရားနာပြီးတော့ ကျွန်မအတော် တုန်လှုပ်သွားပါတယ်။ တနေ့တနေ့ အတော်ထိန်နေရတာ အကုသိုလ်မဖြစ်အောင်။ အနဲ့ဆုံးတော့ ဆယ်ဂဏာန်းချီပြီး အကုသိုလ်လုပ်ဖြစ်နေပါလားဆိုတာ သတိတော့ ထားမိသွားပါတယ်။ ဒါပေမယ့် အဲ့ဒါကိုတော့ အခုထိ ထိန်လို့မရသေးပါဘူး။

ဒါဆို အိန္ဒိယကဂျိမ်းတွေကို နေရတော့မှာလားဆိုတော့လည်း အဲ့ဒီလိုလဲမဟုတ်ဘူးလို့ မြတ်စွာဘုရားက ဟောကြား ထားပါတယ်။ ကိုယ်က ရည်ရွယ်ပြီးသတ်လိုက်တာမျိုးကို ငရဲကြီးတယ်လိုဆိုတာပါတဲ့။ ကဲ သေစမ်း ဒီလောက်ကိုက်တဲ့ ခြင်ဆိုပြီး ရိုက်လိုက်တဲ့အချိန်မှာ ပါတဲ့ ကိုယ့်ရဲ့မနောကံ၊ ကာယကံ၊ ၀စီကံ ဒါတွေအပြင်၊ ခြင်မှာပါတဲ့ အရိုးအရေအတွက် ပေါင်းလိုက်ရင် ခြင်တကောင်သတ်လိုက်ရုံနဲ့ ကျွန်မတို့ ငရဲတော်တော်ကြီး သွားနိုင်ပါတယ်။ ကြောက်စရာကြီးနော်။

ကျွန်မ ရှစ်တန်းဖြေပြီးတုန်းက သီလရှင်ဝတ်ဖြစ်ပါတယ်။ သီလရှင်ဝတ် တုန်းက ခြင်သိပ်ပြီးကိုက်လွန်းလို့၊ သီလရှင်ဝတ်နေတုန်းဆိုတော့ ငါးပါးသီလကလည်းလုံနေတာဆိုတော့ ကျွန်မအဓိဌာန်တခု ဆိုမိပါတယ်။ သစ္စာရယ်လို့ ပြောရမလားပါဘဲ။ ခြင်တွေကို တိုင်တည်ပြီးတော့ပါ။ ကဲ ခြင်တွေရေ ငါ့ကိုကိုက်ချင်ရင်လည်း ကိုက်ကြတော့ ငါနင်တို့ကို မရိုက်တော့ဘူး။ ဒါပေမယ့် နင်တို့ ကိုက်တိုင်း ငါနာကျင်မှုကိုမခံစားရအောင် ကိုက်နော်လို့။ ငါလည်း နင်တို့ကိုလုံးဝ မရိုက်ဘူး။ စိတ်ထဲကလည်း မပြစ်မှားဘူးလို့။ စိတ်ထဲကပြောလိုက်၊ ဆုတောင်းမိလိုက်ပါတယ်။ မဟာစည်မှာ သီလရှင်ဝတ်တာဆိုတော့ တရားထိုင်တိုင်း ခြင်ကိုက်တဲ့ ဒဏ်ကို မနည်းခံရလွန်းလို့ပါ ဒီဆုကိုတောင်းလိုက်မိတာပါ။ အဲ့ဒီလို ကိုယ့်အသွေးအသားကို လှူလို့ရတယ်လို့လည်း ကြားဖူးတာလည်းပါ ပါတယ်။ ငါ့ ဒီကိုယ်ကြီးကနေ နင်တို့ ဘယ်လောက်ကုန်အောင် သွေးတွေစုပ်ယူနိုင်မှာ လည်းဆိုပြီး စမ်းကြည့်လိုက်တာပါ။

အဲ့ဒီ အဓိဌာန်ကို ကျွန်မကိုယ်တိုင်လည်း ပြည့်အောင်ထိန်းသလို ခြင်လုံးဝမကိုက်တော့တာ ကို လက်တွေ့ အကျိုးခံစားရပါတယ်။ ခြင်ကိုက်လဲ နာတာတွေ၊ အဖုတွေထတာတွေ မရှိပါဘူး။ ဘယ်နေရာသွားသွား သူများတွေ ခြင်ကိုက်လို့ အော်နေလည်း ကျွန်မကတော့ ဘာမှမဖြစ်ပါဘူး။ အဲ့ဒါကတော့ ကိုယ်တွေ့ပါ။ အတော်ကြာသွားပါတယ်။ အဲ ဒီ သုံးနှစ်လောက်မှာမှ ကျွန်မ ခြင်တကောင်သတ်လိုက်မိလို့ အခုတော့ နဲနဲ ပြန်ကိုက်နေပြီး။ ကျွန်မ စည်းဖေါက်တာဆိုတော့ အခုပြန်းပြီး ထိန်နေပါတယ်။ ခြင်တွေမ သတ်ရတော့ ကျွန်မမှာ အကုသိုလ်တမျိုးနည်း နေတာပေါ့။ ခြင်တင်မကဘူး ပုရွက်ဆိတ်၊ ပိုးဟပ်နဲ့ အကောင်ပေါက်စလေးတွေ တက်နိုင်သလောက်တော့ မသေအောင် ဂရုစိုက်မိပါတယ်။ မတော်တဆ ဖြစ်တော့လည်း ငရဲရတာပေါ့။ ဘယ်တက်နိုင်ပါ့မလဲ။(ကြော်ငြာဝင်တာပါ။)

ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ တရားကတော့ ၂၀၀၆ သင်္ကြန်ကို ဆရာတော်ရဲ့ သထုံက ရွှေပါရမီတောရ တရားစခန်းမှာ ဟောကြားတယ်လို့ မှတ်ထားမိပါတယ်။ အဲ့ဒါကလည်း အမေ့သူငယ်ချင်းဝင်တဲ့ တရားစခန်းပါ။ အဲ့ဒီအဒေါ်ကြီးကဘဲ ပြန်ပြောပြလို့ ကြားနာခဲ့ရတာပါ။

ဆရာတော် တရာဟောရင် ခေတ်နဲ့ အညီဟောကြားတာ ဆရာတော်ရဲ့တရားတွေ နာဖူးသူတိုင်း သိကြမှာပါ။ ပြီးရင် ဆရာတော်က ခေတ်ပေါ်သီချင်းလေးတွေကို တရားအမြင်နဲ့ ထည့်ပြီးလည်း ဟောလေ့ရှိပါတယ်။ အခုလည်း ဆရာတော်က လူတွေစိတ်ဆိုးတာနဲ့ ပက်သက်ပြီး ကွင်းကွင်းကွက်ကွက်မြင်အောင် ဟောပြထားတာ နှစ်သက်လွန်းလို့ ရေးလိုက်ရတာပါ။

ဆရာတော်က လူတွေစိတ်ဆိုးရင် ငရဲကြီးတက်ပါတယ်တဲ့။ လူတွေစိတ်တို ဒေါသထွက်ရင်၊ ရင်ထဲမှာ ပူကနဲ့ ဖြစ်သွားပြီး နှလုံးသွေးတွေ ဆူသွားတက်ပါတယ်တဲ့။ အဲ့ဒီအခါမှာတော့ ကိုယ့်ရဲ့စိတ်က ငရဲပြည်ကို ရက်ဂျစ်စတာ သွားလုပ်သလို၊ ခုခေတ် အင်တာနက်ချိတ်သလိုပါဘဲတဲ့။ ဒေါသထွက်တဲ့အချိန် နှလုံးပူသွားတာနဲ့ တပြိုင်နက် ငရဲပြည်ကိုသွားချိတ်ပါသတဲ့။ စိတ်ကြည့်နူးလို့ အေးချမ်းတဲ့ အချိန်မှာ ရင်ထဲမှာ ကြည်ကြည်နူးနူးခံ စားလိုက်ရတာနဲ့ တပြိုင်နက် နိဗ္ဗာန်ကို သွားပြီး လင့်ချိတ်ပါသတဲ့။ ငိုရင် ငရဲကိုလင့်ချိတ်ပြီး၊ ရင်မှာ ကြည်ကြည်နူးနူးနဲ့ ရယ်မောပျော်ရွှင်ရင်တော့ နိဗ္ဗာန်ကို လင့်ချိတ်ပါတယ်တဲ့။ အဲ လူတွေသေတဲ့ အခါမှာတော့ ဘယ်နှခါ လင့်ချိတ်ပြီး ရစ်ဂျစ်စတာလုပ်ထားလဲ ပေါင်းပါတယ်တဲ့။ အဲ့ဒီလို ဟောကြားသွားတာကို နာလိုက်ရတော့ ကွင်းကွင်းကွက်ကွက်ကြီး မြင်လိုက်ရသလိုပါဘဲ။

အဲ့ဒီတရားကိုမေ့နေတာပါ။ ဟိုနေ့က ဒေါသထွက်ပြီးရင်တွေပူနေတော အတော်နဲ့ မပြေဘူးဖြစ်နေတာနဲ့ သွားပြီး စိတ်ထဲမှာမြင်လာလို့။ ဟဲ ဒီလိုကြီးတော့ မဖြစ်ချေဘူး။ ငါတော်ကြာ ငါ ရက်ဂျစ်စတာတွေ ငရဲပြည်မှာ များနေရင် ဒုက္ခဆိုပြီး စိတ်ကိုမနည်း ပြန်လျှော့ချလိုကရပါတယ်။ အဲ့ဒါနဲ့ ဒီပိုစ့်လေးကို ရေးဖို့ သတိသွား ရပါတယ်။ ဒါကြောင့်များ ရယ်မော ရင်အသက်တရက်ပိုရှည်တယ်လို့ လူတွေပြောကြတာများလားလို့လည်း မစီမဆိုင်တွေးလိုက်မိပါတယ်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။



Sunday 16 December 2007

အခုနဲ့ နောင်

သူငယ်ချင်းက မေးလ်လှမ်းပို့ထားလို့ပါ။ ဖတ်ကြည့်ပြီးရယ်ချင်လို့။ ဆားချက်တယ်ပေါ့ဗျာ။ ဆားတွင်းသဌေးလုပ် မလားစဉ်စားနေတာ။ ခုတလော နယူးပိုစ့်တွေဖွင့်တိုင်း စာရေးလို့မရတဲ့ ရောဂါပြန်ထနေလို့။ ဂဠုန်ကြံကြံလိုက်မိတယ်။ ဟဲဟဲ။ ဖတ်ကြည့်ပါဦး။ ဘာသာမပြန်ဘဲ ဒီအတိုင်းတင်လိုက်တယ်။ ဘာသာပြန်ရင် အရသာပျက်မှာစိုးလို့။

Before marriage....

He: Yes. At last. It was so hard to wait.
She: Do you want me to leave?

He: No! Don\'t even think about it.
She: Do you love me?

He: Of course! Over and over!
She: Have you ever cheated on me?

He: No! Why are you even asking?
She: Will you kiss me?

He: Every chance I get.
She: Will you hit me?

He: Are you crazy! I\'m not that kind of person!
She: Can I trust you?

He: Yes.
She: Darling!

;
;
;
;
;
;

After marriage......

Simply read from bottom to top.


Thursday 13 December 2007

နှင်းဆီ(၂)

ရက်စက်ပ ကံက္မြာရယ်
နင်မို့လုပ်ရက်တယ်။

ကံဆိုးမသွားရာ
မိုးလိုက်ရွာရင်တောင်
ငါ့ပန်းတွေ ကြွေတဲ့ထိ
မသည်းလိုက်ပါနဲ့။

ငါ့အဆိပ်ကြောင့်
ငါ့ပန်းတွေ ပွင၊့်
ငါ့အရောင်တွေ ရင့်၊
ငါ့ကို နင်က
ပန်းခြွေပြီး အရောင်ပျယ်စေမတဲ့လား။

ငါ့မျက်ရည်ငွေ့
ငါ့ရနံ့ကို
နင့်မိုးနဲ့
ပျယ်စေမတဲ့လား။

ငါ့ဆူးက ငါ့အသက်
ထက်တယ်ဆိုပြီး
ချိုးတော့မလို့လား။

ကံက္မြာရယ်
ငါက သြကာသကို
သင့်ပျံ့ပျံ့ လှစေချင်တာ၊
အဆိပ်ခတ်တာ မဟုတ်ပါဘူး။
ဖြစ်နိုင်ရင်....
ဒီနေရာလေးတော့
နေသာခွင့်ပြုလိုက်ပါ။
နှင်းဆီနီနီ။။

Tuesday 11 December 2007

မေးခွန်းများ

ကျွန်မအင်္ဂလိပ် စကားပြောသင်တန်းတခုတက်တုန်းကပါ။ နိုင်ငံခြားသားအမျိုးသမီး (ဆရာမ)က သူတို့ ဘာသာအကြောင်းပြောပါတယ်။ သူက မေးပါတယ်။ နင်တို့ ဘာသာမှာ အခုခုကို ဆုံးဖြတ်ရင် နှလုံးသားနဲ့ဆုံးဖြတ်တာလား၊ ဦးနှောက်နဲ့ ဆုံးဖြတ်တာလားတဲ့။ ငါတို့ ဘာသာက နှလုံးသားထဲက လိုချင်တာ၊ ညွှန်ပြတာကို လိုက်နာတာပါတဲ့။ နင်တို့ကဘယ်လိုလဲတဲ့။ အဲ့ဒီလိုမေးတဲ့ အချိန်မှာ တတန်းလုံး လူ၃၀ရှိတာ ဗုဒ္ဓဘာသာက အများဆုံး။ တယောက်မှ သူ့မေးခွန်းကို ပြန်မေဖြေနိုင်ခဲ့ပါဘူး။ ကျွန်မအပါဝင်ပေါ့။ ဒါနဲ့ စိတ်ထဲတေးထားမိပါတယ်။ အခွင့်ရှိရင် ဒီမေးခွန်းရဲ့ အဖြေကိုရအောင်ရှာမယ်လို့။ မှတ်မှတ်ရရ အဲ့ဒါက ၂၀၀၅ ဒီဇင်ဘာလ။

၂၀၀၆ ခုနှစ် ဧပြီ(၁)ရက်နေ့မှာ ကျွန်မအမေရဲ့ သူငယ်ချင်းတယောက်က တိုက်တွန်းမှုကြောင့် ဆရာတော် အရှင်ဆေကိန္ဒရဲ့ ယဉ်ကျေးလိမ္မာ တရားစခန်းကို ၀င်ဖြစ်ခဲ့ပါတယ်။ အသက် ၂၅ အောက်ဆိုတော့ တက္ကသိုလ်ဝင်တန်း တွေချည်းဘဲ သီးသန့်ဖွင့်တဲ့ စခန်းမှာ ၀င်ခဲ့ပါတယ်။ အဲ့ဒီမှာ ၁၀တန်းဖြေပြီးသားသူကနေ ၂၅ အထိလက်ခံပါတယ်။ တရားစခန်းဆိုပေမယ့် ၄ ရက်တည်းပါ။ ရက်က နည်းပေမယ့် တရားထိုင်ထာထက် တရားနာတဲ့ အချိန်ကပိုပါတယ်။

တရားစခန်းမှာတော့ နေ့ခင်းနဲ့ ညနေစောစောပိုင်းတွေမှာ ဆရာတော်ကြီးက ကျွန်မတို့ အရွယ်နဲ့ အဆင်ပြေမယ့် တရားတွေကိုဟောကြားပါတယ်။ ညနှောင်းပိုင်းမှာတော့ ကျွန်မတို့အရွယ်လူငယ်တွေကို မိမိတို့ သိချင်တဲ့ ဘာသာရေးဆိုင်ရာ မေးခွန်းတွေကို မေးခွင့်ပေးပါတယ်။ အဲ့ဒီအစီအစဉ်မှာ ကျွန်မတို့ မသိဘဲ၊ ဒွိဟ ဖြစ်နေတက်တဲ့ မေးခွန်းများရဲ့ အဖြေတွေကို ဆရာတော်ကြီးက ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေကြားပေးပါတယ်။ အဲ့ဒီထဲက ကျွန်မမှတ်မိတဲ့ မေးခွန်းနဲ့ အဖြေတွေကို ပြန်ရေးလိုက်ပါတယ်။ မှတ်မိသလောက်ပြန်ရေးလိုက်တာပါ။ အမှားပါရင်ခွင့်လွှတ်ပါ။ မှားတာရှိရင် ထောက်ပြပေးကြပါ။

မေးခွန်း။။ ဆရာတော်ခင်ဗျား။ သတ်သတ်လွတ်စားဖို့ မြတ်စွာဘုရားမှာကြားခဲ့ပါလား။
အဖြေ။။ မြတ်စွာဘုရားက သတ်သတ်လွတ်စားဖို့ မဟောကြားခဲ့ပါဘူး။ မိမိကမနှစ်သက်လို့ အသားမစားက တပိုင်းပါ။ မြတ်စွားဘုရားလက်ထက်က ဒေ၀ဒတ်ကလည်း တန်းခိုးကြီးတဲ့ ရဟန်းတပါးပါ။ ဒေ၀ဒတ်က မြတ်စွာဘုရားကို ရဟန်းတော်တွေကို ပညက်ချက်(၅)ချက် ထုတ်ပေးဖို့တောင်ဆိုပါတယ်တဲ့။ အဲ့ဒီအထဲမှာ အသားမစားရဘူဆိုတဲ့ ပညက်ချက်ပါ ပါတယ်တဲ့(အချက်က ၅ ချက်ပါ ကျွန်မမှတ်မိ တော့လို့ပါ)။ မြတ်စွာဘုရားကတော့ ရဟန်းဆိုတာ ဒကာ၊ဒကာမတွေ ကပ်တဲ့ ဆွမ်းကိုဘုန်းပေးရတာဖြစ်တဲ့အတွက် ဘာမစားဘူး၊ ညာမစားဘူးဆိုရင်
မဇ္ဈိမပဋိပဒါ မကျတဲ့အတွက် ပညက်လို့ မဖြစ်ပါဘူးတဲ့။ နောက်ထပ်အချက်တွေကိုလည်း မျှတမှုမရှိလို့ ခွင့်မပြုခဲ့ပါဘူး။ အဲ့ဒီအတွက်ကြောင့် ဒေ၀ဒတ်က ရှင်ကြီးဂေါတမက ရဟန်းတွေကို သတ်သတ်လွတ်မစားခိုင်းဘူးဆိုပြီး တစင်ထောင်ပြီး တောထွက်ပါတယ်။ သူနဲ့ အတူ ရဟန်း(၅၀၀) ပါသွားပါတယ်တဲ့။

ဒါကြောင့်မို့ သတ်သတ်လွတ်စာခြင်းဟာ မြတ်စွာဘုရား ဟောကြားခဲ့တာမဟုတ်ပါဘူးလို့ ဆရာတော်က ရှင်းလင်းအောင် ဖြေကြားခဲ့ပါတယ်။ မြတ်စွာဘုရားက စိတ်ကဖြစ်တဲ့ အစားအသောက်ပေါ်မှာဖြစ်တဲ့ တဏှာကိုထိန်းဖို့သာ မိန့်ကြားခဲ့ပါတယ်တဲ့။

မေးခွန်း။။ ဆရာတော်ခင်ဗျာ။ လူတယောက်က သေခါနီးမှာ နောင်ဖြစ်မယ်ဘ၀ကို မြင်တယ်လို့ပြောကြတာ မှန်ပါသလား။ ဒါဆိုရင် Car Accident ဖြစ်ပြီး လျှက်တပြတ်သေသွားတာဆိုရင် ဘယ်လိုလုပ်ပြီး နောက်ဘ၀ကို မြင်နိုင်ပါသလဲခင်ဗျာ။

အဖြေ။။ မှန်ပါတယ်တဲ့။ လူယောက်သေခါနီးမှာ နောင်သူဖြစ်မယ့် ဘ၀ကိုမြင်ပါတယ်တဲ့။ လူရဲ့စိတ်ဟာ တစက္ကန့်မှာ သန်းပေါင်းများစွာ သွားနိုင်တာကြောင့် သေခါနီးမှာ ဘာဖြစ်မယ်ဆိုတာမြင်ပါတယ်တဲ့။ သူပြုခဲ့ဖူးတဲ့ ကုသိုလ်၊ အကုသိုလ်ကို ပြန်မြင်နိုင်ပါသတဲ့။ အကုသိုလ်ပိုပြီး အလုပ်များတဲ့သူဆိုရင်တော့ အဲ့ဒီအချိန်မှာ ကိုယ်ပြုခဲ့ဖူးတဲ့ အကုသိုလ်ကို ပြန်မြင်ပါသတဲ့။ အဲ့ဒီသူမြင်တဲ့ အကုသိုလ်တရားကြောင့် မကောင်းတဲ့ ဘ၀ကို ရောက်ပါသတဲ့။ ကုသိုလ်ကိုသာမြင်ရင်တော့ မြင့်မြတ်တဲ့ ဘ၀ကိုရောက်ပါသတဲ့။ အဲ့ဒါကြောင့် ဒါန၊ သီလ၊ ဘာဝနာအလုပ်ကို မသေခင်လုပ်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ အကုသိုလ်ကို ပျောက်ပျက်အောင် မလုပ်နိုင်ပါဘူးတဲ့။ အကုသိုလ်ဟာ ရေစီးကြောင်းနဲ့ တူပြီး။ ကုသိုလ်ဟာ တမံနဲ့ တူပါတယ်တဲ့။ အကုသိုလ်ကို ကုသိုလ်တမံ နဲ့သာ တားလို့ရပြီး ပျက်စီးသွားအောင်လုပ်လို့မရပါဘူးတဲ့။ ကုသိုလ်များများလုပ်မှ အကုသိုလ်ရေစီးကိုတား နိုင်မှာဖြစ်ပြီး၊ ကုသိုလ်နဲရင်တော့ အကုသိုလ်က ကုသိုလ်တမံကိုချိုးသွားပါလိမ့်မယ်တဲ့။

တရားစခန်းမှာ အနောက်ဘက်မှာ ထိုင်ရင် အာရုံမရသလို၊ သိပြီးမကြားရလို့ အမြဲအရှေ့ဆုံးမှာ နေရာရအောင်ယူပြီး ထိုင်ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ဆရာတော်ကြီးကို စိတ်ထဲကနေလျှောက်ကြည့်ပါတယ်။ ဆရာတော်က ရှေ့ကလူတွေကို ကြည့်ပြီး တရားဟောဖြစ်တယ်လို့ကြားဖူးလို့ပါ(များသောအားဖြင့်ပါ)။ အဲ့ဒါနဲ့ အရင် အင်္ဂလိပ်စာ သင်တန်းမှာ အင်္ဂလိပ်ဆရာမမေးတဲ့ မေးခွန်းကို မေးမိပါတယ်။

ဆရာတော်ကြီးက တရားထဲမှာဒီလို ထည့်ဟောပါတယ်။ စိတ်ဆိုတာ နှလုံးမှာတည်ပါတယ်တဲ့။ ဒါကြောင့် စိတ်နှလုံးလို့ ပြောတာပါတဲ့။ ဒါဆိုရင် စိတ်က နှလုံးသားကို ထုတ်လိုက်တာနဲ့ ပျောက်သွားရောလားဆိုတော့ အဲ့ဒီလိုမဟုတ်ပါဘူးတဲ့။ စိတ်ဆိုတာ သံသရာတလျှောက်လုံး ဒီစိတ်ပါဘဲတဲ့။ သေလွန်သွားလဲ အဲ့ဒီစိတ်က ပြန်ပါတာပါဘဲတဲ့။ ကိုယ်ကသာ အရင်ဘ၀ကို မမှတ်မိတာပါတဲ့။ မှတ်မိတဲ့သူတွေလည်း ရှိပါတယ်တဲ့။ အဲ့ဒါကြောင့် လူဝင်စား၊ လူဝင်စားနဲ့ ပြောနေကြတာပါတဲ့။ အရင်ဘ၀က စိတ်၊ ကုသိုလ်၊ အကုသိုလ်က အခုဘ၀အထိပါလာပါတယ်တဲ့။ ဥပမာ-နှလုံမကောင်းလို့ နှလုံးလဲလိုက်လည်း၊ လူကတော့ ဒီစိတ်ပါဘဲတဲ့။ မပြောင်းလဲပါဘူးတဲ့။ စိတ်က သေသွားတာမျိုးမရှိပါဘူးတဲ့။ နိဗ္ဗာန်မရောက်မချင်း ဒီစိတ်ပါဘဲတဲ့။ ခန္ဓာဘဲ ကွဲသွားပါတယ်တဲ့။ ဒါကြောင့် နိဗ္ဗာန်ကိုရောက်အောင် ကျင့်ကြံအားထုတ်နေကြတာပါတဲ့။

ကျွန်မကတော့ ကျွန်မမှတ်မိသလောက်ပြန်ရေးလိုက်တာပါ။ ပါရမီအနှိမ့်အမြင့်ပေါ်မှာ မူတည်ပြီး စာဖတ်သူ တွေ နားလည်မှုတူချင်မှ တူမှာပါ။ ဒါပေမယ့် စိတ်တော့ဝင်စားသွားမယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားမယ်ဆိုရင် ဆရာတောကြီး ဟောကြားတဲ့ တရားတော်တွေကို ရန်ကုန်မှာဆိုရင်တော့ ၁၃လမ်း အောက်ဘက်က ကမ္ဘာကျော် တေးသံသွင်းဆိုင်မှာ ၀ယ်ပြီးနာလို့ရပါတယ်။ သူငယ်ချင်းများကို မျှဝေတာပါ။ အမှားရှိရင် ညွှန်ပြပေးကြပါ။

(အမှားပြင်ထားတယ်ဗျ။ အစပိုင်းစကားလုံးက စာရေးတာစိတ်မောပြီး စကားလုံးရှာမရလို့ စာဖတ်သူတွေကို စော်ကားသလို။ ဆရာကြီးလေသံပေါက်သလို ဖြစ်နေရင် တောင်ပန်ပါတယ်။ ကွန်းမန့်မှာ လာပြီး ပြင်ပေးတဲ့ ကိုပီကေ ကိုလည်း ကျေးဇူးတင်ပါတယ်။)

ပီကေ said...

ဒေ၀ဒတ်က မြတ်စွာဘုရားကို တောင်းဆိုတဲ့ အချက် ငါးချက်က ဒီလိုပါ။
၁။ ရဟန်းတွေဟာ တစ်သက်လုံး တောထဲမှာသာ နေကြရမယ်။
၂။ တောထဲမှာ ကျောင်းသင်္ခမ်း မဆောက်ဘဲ သစ်ပင်ရင်းမှာပဲ နေရမယ်။
၃။ ဆွမ်းခံရတာပဲ စားရမယ်။
၎။ ပံ့သကူသင်္ကန်းပဲ ၀တ်ရမယ်။
၅။ သက်သတ်လွတ်စားရမယ်။

နောက် မဇ္ဈိမပဋိပဒါ လို့ ရေးရပါတယ်။


ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Monday 10 December 2007

Click

တနင်္ဂနွေနေ့က သတင်းကြည့်ရင်း bbc က click ဆိုတဲ့ အစီအစဉ်လေး ကြည့်ဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်က တခါတလေ ထူးခြားတဲ့ web site လေးတွေ ပါတက်လို့ ကြုံရင်ကြုံသလို ကြည့်ဖြစ်ပါတယ်။ ဒီတခါလည်း သူက Online Music Store တွေအကြောင်း သိကောင်းစရာတွေပြောသွားပါတယ်။

နောက်ပြီး Google ရဲ့ အသစ်ထွက်တဲ့ Web site တွေအကြောင်းထည့်ပြောသွားပါတယ်။ တချို့တွေကလည်း သိပြီးသားဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မကတော့ အခုမှသိလို့ အမှတ်ရအောင် တင်လိုက်ပါတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ကျွန်မကိစ္စတော်တော်များများ ကိုစိတ်ဝင်စားတက်တဲ့ အကျင့်တခုတော့ ရှိတက်ပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ်လို့တော့ ကိုယ့်ကိုကိုယ် မပြောပါဘူး ဟဲဟဲ။

အရင်က ကြယ်တာရာကြည့်တာတွေ ရုပ်ရှင်ထဲမှာ မြင်ဖူးလို့ အတော်ဘဲစိတ်ဝင်စားမိပါတယ်။ ကိုယ်နဲ့ ဘာမှ မဆိုင်သလို နေလို့ရပေမယ့်။ စပ်စုတဲ့စိတ်ကြောင့် အခွင့်အရေးရှိရင်(ပိုက်ဆံပေါ့လေ) ကြယ်တာရာကြည့်ဖူး ချင်ပါတယ်။ မြန်မာနိုင်ငံက နက္ခတာရာပြခန်း ပြည်သူ့ဥယျာဉ်မှာ ရှိတယ်ဆိုတာသိပေမယ့်။ မရောက်ဖူးဘူး။ အခု Google ကနေ နက္ခတာရာကြည့်လို့ ရပြီဆိုတော့ အဆင်ပြေသွားတာပေါ့။ ကျွန်မအိမ်က ကိုနက်ရှင်က မကောင်းတော့ ဖွင့်တာ အဆင်မပြေသေးဘူး။ ဟဲဟဲ ကိုနက်ရှင်ကောင်းတဲ့သူများ စိတ်ဝင်စားရင် ကြည့်လို့ ရအောင် သတင်းပေးပါတယ်။ http://earth.google.com/sky ဒီလင့်နဲ့ဆို ၀င်ကြည့်လို့ ရတယ် ပြောပါတယ်။ သူပြထားတာတော့ အတော်မိုက်တယ်၊ မလိမ္မာဘူး။

Google earth ကနေ ကိုနက်ရှင်ကောင်းရင် လေယာဉ်အစမ်းမောင်လို့ ရတယ်လို့လည်း သူကပြောသွားပါတယ်။ ဟုတ်မဟုတ်တော့ မစမ်းရသေးပါဘူး။ ကိုနက်ရှင်ကောင်းသူများ။ စမ်းပြီးကြသူများ ဖြစ်နိုင်ရင် အကြောင်းပြန်ပေးကြပါဦး။ ကျွန်မကတော့ မကြည့်ရသေးပါဘူး။

နောက်ပြီး သူက ကျန်းမာရေး နဲ့ပက်သက်တဲ့ Site တခုလည်း ပြောထားပါတယ်။ www.gyminee.com ပါတဲ့။ အဲ့ဒီ ထဲမှာ အကောင့်ဖွင့်ပြီး ကိုယ့် weight နဲ့ ပက်သက်တာတွေ မှတ်ထားလို့ရသလို၊ ကျန်းမာကြံ့ခိုင်ရေးနဲ့ ပက်သက်တဲ့ လေ့ကျင့်ခန်းတွေလည်း အသေအချာရေးထားတယ်လို့ ပြောပါတယ်။ ပြီးတော့ Diet အစီအစဉ်တွေလည်း ရှိတယ်ပြောပါတယ်။ သွားကြည့်ပြီး ကောင့်ဖွင့်၊ ကိုယ် တနှစ်ကို ဘယ်လောက် တိုးတက်လာသလဲ(အဆီ)ဆိုတာ မှတ်သားထားလို့ရတာပေါ့။ ဟဲဟဲ :)
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Saturday 8 December 2007

ဘယ်လို ရွေးမလဲ

ဒီပိုစ့်ကို ကျွန်မရင်းနှီး မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်ကို ကောင်းစေချင်သော ဆန္ဒပြင်ပြလွန်းလို့ သူများတွေဘာပြောပြော ခံမယ်ဆိုတဲ့စိတ်နဲ့ ရေးပြီးတင်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ ပညာရှိများ မေ့လျှော့နေ သည်ကို ပြန်လည် သတိရစေရန်ထောက်ပြခြင်း၊ မသိသေးသူများကို ဒီလိုတွေရှိပါတယ်ဆိုတာ သိစေချင်တာ ကြောင့်ပြောပြခြင်း၊ သိပြီးသားသူများကိုလည်း ယုံကြည့်ချက်ခိုင်မာစေရန်အကြောင်းတခု အနေနဲ့ ရေးခြင်းဖြစ်ပါတယ်။ မည်သူ တဦးယောက်ကိုမှ မရည်ရွယ်သလို၊ မည်သည့်မကောင်းသည့် သဘောတရားများကို ရည်ရွယ်ရေးသားခြင်းမဟုတ်ပါ။ ရေးသားမည့် အကြောင်းအရာများသည် ကျွန်မကိုယ်ပိုင် ခံစားချက်၊ အတွေးအခေါ်များ၊ အတွေ့အကြုံများကိုသာ ရေးသားထားပါသဖြင့် တိုက်ဆိုင်မှုများ ရှိခဲ့ရင်ခွင့်လွှတ်ပေးကြပါရန်။ စာဖတ်သူများ စာမဖတ်ခင် အရင်ဆုံးတောင်းပန်ချင်ပါတယ်။

ချစ်တယ်မချစ်ဘူးဆိုတာတွေ ကျွန်မတို့ ငယ်ငယ် စကားပြောတက်စ အရွယ်ကတည်းက ပြောဖူး၊ ကြားဖူး၊ ရင်းနှီးဖူးတဲ့ စကားလုံးပါ။ သမီး ဖေဖေကိုချစ်လား၊ သမီး မေမေ့ကိုချစ်လား စသည့် စကားလုံးများမှ စပြီး ချစ်သည်၊ မချစ်ဘူးကို သင်ကြားဖူးပါတယ်။ ဖေဖေကို ပိုချစ်သည်၊ မေမေ့ကို ပိုချစ်သည် စသည်ဖြင့် လို့ပြောလိုက်တိုင်း အပြောခံရသူက ကျေနပ်ကြမြဲဖြစ်ပါတယ်။ အမှန်တော့ ချစ်သည်၊ ချစ်တယ်၊ မချစ်သည်၊ မုန်းသည် အများများသောကြားတွင် ကျွန်မတို့ ကိုယ်တိုင် လုံးလည်ချာလည်လိုက်ဦးမယ် ဆိုတာတော့ အဲ့ဒီအရွယ်မှာ လုံးဝမသိခဲ့ကြပါဘူး။

ငယ်ငယ်က။ ငယ်ငယ်ကဆိုပေမယ့် ကျွန်မ စာဖတ်တက်ခါစတုန်းကပါ။ ဟဲဟဲ တွေ့သမျှစာ အကုန်ဖတ်ပါတယ်။ အဖေအမေရဲ့ ရည်းစားစာပါမကျန် စာမြင်သမျှ အကုန်ဖတ်ပါတယ်။ ဟဲဟဲ မေမေတို့ ရည်းစားစာတွေ အခုထိ သိမ်းထားတုန်းဘဲဗျ။ သွားမပြောနဲ့နော် နဲနဲ ဖွမယ်။ မေမေက သူ့စာတွေအားလုံး ကျွန်မစာဖတ်တက်တဲ့ အချိန်မှာ ရှင်းလိုက်ပြီဗျ။ ဖေဖေစာတွေဘဲကျန်တော့တာ။ တခါတလေ ပျင်းရင် ဖေဖေရဲ့စာတွေ ပြန်ဖတ်ဖြစ်တယ်။ ဖေဖေက လက်ရေးလှပြီး စာအတော်အရေးကောင်းပါတယ်။ ကျွန်မအတွက် အရင်နှီးဆုံး ရည်းစားစာတွေဆိုရင် အဲ့ဒီစာတွေကို ပြရမလိုဖြစ်နေတယ်။ မေမေက ဖေဖေကို စိတ်ကောက်တိုင်း၊ ဖေဖေ စိတ်ဆိုးတိုင်း ကျွန်မက အဲ့ဒီရည်းစားစာတွေ ရွတ်ပြလိုက်ရင် အဆင်ပြေသွားရော။ ဟဲဟဲ။ စာတွေကလည်း မနည်းဘူး လက်ဆွဲအိတ် တအိတ်လောက်ရှိတယ်။ လက်ရေးလေးတွေက
လှမှလှ၊ ၀ိုင်းဝိုင်းညီညီလေးတွေ။ လွန်းထားထား အချစ်ဝတ္ထုရေးတာ ဖေဖေကို ဘယ်မှီမလဲ ဟဲဟဲ။ ကိုယ့် အဖေမို့ ကြွားတာမဟုတ်ပါဘူး။ တကယ်ကြွေလောက်အောင် ရေးတက်တာပါ။ ကဲကဲ ဖွတာလေး ဒီနားခဏရပ်လိုက်မယ်နော်။

ဒီလိုနဲ့ ကျွန်မအတွက် အချစ်တွေဘာတွေတော့ မသိဘူး။ မေမေတို့ခေတ်က တယောက်နဲ့ တယောက် သစ္စာရှိ ရှိ ချစ်ကြတာတော့ စိတ်ထဲမှာ သဘောကျ နှစ်သက်မိတယ်။ ကျွန်မမိဘတွေက ၈နှစ်လောက်ချစ်ပြီးမှ ယူကြတာကို။ အဲ့ဒီထက်ကြာတဲ့သူတွေ မြင်ဖူးပါတယ်။ ၁၀ နှစ်တဲ့ ကျွန်မမောင်လေးကို သိပ်ချစ်တဲ့ အတွဲပါ။ ဒီလိုဒီလို ကြားမှာ နေထိုင်လာတဲ့ ကျွန်မအတွက် အချစ် ဆိုရင် သစ္စာရှိ၊ ကတိတည်၊ စည်းကမ်းရှိရမယ် ဆိုတာမျိုး နှလုံးသားထဲ၊ ဦးနှောက်ထဲ ကို သေရာပါစွဲနေတာ မဆန်းဘူးလို့ပြောချင်ပါတယ်။

ဒီလိုနဲ့ ဆယ်ကျော်သက် အရွယ်ရောက်တော့လည်း အမှန်ပြောရရင် အချစ်ဝတ္ထုတွေဘာတွေလည်း ကျွန်မ သိပ်မဖတ်ဖြစ်ပါဘူး။ ဒီတော့ ခေတ်လူငယ်တွေ ဘယ်လိုတွေးသလဲ ဘာတွေလုပ်နေလဲဆိုတာ ကျွန်မ အဆက်ပြတ်နေတက်ပါတယ်။ ကျွန်မဖတ်တဲ့ စာအုပ်တွေက ကျွန်မအဖွားတွေ ခေတ်က ၀တ္ထုတွေနဲ့ မဂ္ဂဇင်းတွေများတော့ ဘာဆိုဘာမှမသိကြပါဘူး။ မဂ္ဂဇင်းတွေထဲမှာတော့ ကံချွန်ရဲ့စာတွေက ကျွန်မအကြိုက်ဆုံးပါဘဲ။ ကံချွန်ရဲ့ အယူအဆတွေက လောကထဲမှာ အဆင်အပြေဆုံး အဖြေတွေလို့ ယူဆပြီး လက်ခံကျင့်သုံး ခဲ့ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်း၊ ကျောင်းတက်တော့ သူငယ်ချင်းတွေ၊ ဟိုကြားဒီကြား(အတင်း၊ သတင်း)၊ ကတော့ ကျွန်မတို့ ငယ်ငယ်ကတွေ့ဖူးတဲ့ ပုံစံမျိုးတွေမဟုတ်တာကို တော်တော်များများ တွေ့ရပါတယ်။ စိတ်လည်း မကောင်းဘူး။ သူတို့အတွက်ပါ။ အဲ့ဒါက ၉၉၊ ၂၀၀၀ လောက်ကပါ။ အခုဆိုလို့ကတော့ ပြောမနေပါ နဲ့တော့။ လူတွေက ပိတောက်ပန်းတွေက သစ္စာမရှိတော့ဘူး၊ ရာသီဥတုတွေ ဖေါက်ပြန်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လူတွေက သစ္စာမရှိတော့တာကိုတော့ မပြောကြပါဘူး။

သူတို့တွေ ဘယ်လိုစဉ်းစားတွေးခေါ်ကြလည်း တခါတလေလိုက်မမှီပါဘူး။ တခါတလေတော့လည်း သူတို့ ကိုယ်တိုင်ပြန်ပြောပြလို့ အော်ဒီလိုပါလားဆိုပြီး နားလည်လိုက်ရပါတယ်။ ထူးထူးဆန်းဆန်း အတွေးအခေါ်တွေ အတော်များများကို တွေ့မိတော့ ဘယ်ကနေ ဘယ်လိုစပြောရမှန်းမသိအောင် ဖြစ်မိတယ်။ ကျွန်မသူငယ်ချင်း တွေထဲမှာ ဆယ်တန်းအောင်တဲ့အထိ ရည်းစားရှိတဲ့သူ တယောက်မှမရှိပါဘူး။ ပထမဆုံး ကောင်လေး ရသွားတာက ကျွန်မအချစ်ဆုံး သူငယ်ချင်းပါ။ သူ့ရဲ့ ငယ်သူငယ်ချင်း ကောင်လေးနဲ့ကြိုက်ကြတာပါ။ ဘာသာမတူလို့ သူ့အိမ်က သဘောမတူပေမယ့် သူကတော့ အချစ်ဟာ အချစ်ပါပဲတဲ့။ ငါကတော့ သူ့ကို ချစ်ပါတယ်တဲ့လေ။ အဲ့ဒီလောက်ထိတော့ ကျွန်မလက်ခံပါတယ်။ အိမ်က သဘောမတူလည်း နောက်ပိုင်း ကြိုးစားသွားရင် အဆင်ပြေသွားမယ်ပေါ့။

အဲ့ဒီလို လက်ခံထားပါတယ်။ သိပ်မကြာပါဘူး သူ့ကောင်လေးက နောက်တယောက်တွဲပြီး ကွဲသွားပါတယ်။ သူက အရမ်းချစ်တော့ သူ့ကောင်လေး နောက်ကောင်မလေး ရသွားလည်း ချစ်နေတာပါဘဲ။ သူ့ကောင်လေးက သူ့ကို ဖျတ်လိုက်၊ ဆက်လိုက်လုပ်နေတာကိုတော့ လုံးဝလက်မခံနိုင်ပါဘူး။ ဘာတဲ့ ဘယ်သူတွေ ဘယ်လောက်ပြောင်းပြောင်း သူ့လောက်ချစ်လို့မရဘူးဆိုဘဲ။ သူငယ်ချင်းက ယုံတုန်း။ သူ့ကောင်လေး မိန်မယူသွားမှ ကိစ္စပြတ်သွားတယ်။ သူ့အိမ်ကလည်း မိန်မယူသွားတဲ့ ကောင်လေးကို ကျေးဇူးတွေတင်လို့။ ကျွန်မကတော့သူ့ကို ရိုးသားပြီး ချစ်နိုင်လို့၊ ကိုယ်အချစ်ဆုံးသူငယ်ချင်း ဖြစ်နေလို့ မျက်နှာလိုက်ပြီး သနားတယ်။ ကောင်လေးကိုတော့ အသေသတ်ချင်တာဘဲ။ သူတို့ကိုကြည့်ပြီး အတော်အချစ်ကို အတော်စိတ်ပျက်မိတယ်။ သူကဘဲ ကျွန်မကို မိုးမိုး(အင်းလျာ)ရဲ့ မှောင်သောလမ်းမှာ စမ်းတ၀ါးဆိုတဲ့ စာအုပ်ပေးဖတ်ပါတယ်။ သူ့တောင်ကံကောင်းလို့တဲ့ ကျွန်မကို သူ့လို စိတ်မဆင်းရဲစေချင်ပါဘူးတဲ့လေ။

နောက်ပိုင်းမှာ ကျွန်မသူငယ်ချင်းကိစ္စတွေကို နမူနာယူတက်ပါတယ်။ ကျွန်မရဲ့ ငယ်သူငယ်ချင်း တယောက်က လဲ ရည်းစားထာတာ အိမ်ကသိသွားလို့ အိမ်နဲ့ စကားမပြောဘူးတဲ့လေ။ သူ့မိဘတွေက စိတ်မကောင်းဖြစ်နေ တာပါ။ သူကတော့ သူ အရမ်းဆိုးတာမဟုတ်ဘဲ သူ့ကိုပြောလို့စိတ်ဆိုးတာပါ။ စိတ်ဆင်းရဲနေတဲ့ သူ့မိဘတွေကို ကြည့်ပြီး ကျွန်မမိဘတွေကို ဒီလို စိတ်မဆင်းရဲစေချင်ပါဘူး။ အဲ့ဒီတုန်းက ကျွန်မအသက် ၁၉ နှစ်ပေါ့။ ကျွန်မသိပ်ပြီး လိမ္မာတာမဟုတ်ပါဘူး။ ဆိုးတဲ့ နေရာတွေလည်း ဆိုးတာပါဘဲ။ သူများတွေနဲ့ ဆိုးတဲ့ နေရာ မတူတာဘဲ ဖြစ်ချင်ဖြစ်မှာပါ။ အဲ့ဒါကိုတော့ ကျွန်မက မိဘတွေကို ကျွန်မစိတ်ဆန္ဒထက်ပိုချစ်တယ်လို့ ပြောရင် မစွံလို့ အကြောင်းရှာတယ်လို့ပြောလဲ ခံရုံပေါ့။

ကျွန်မဖက်ဖူးပါတယ် ကံချွန်ရေးထားတာ။ ချစ်တာနဲ့ကြိုက်တာ ဘာကွာသလဲဆိုတာ။ သူကတော့ သေချာရေး ထားတာပါ။ ကျွန်မကတော့ သိပ်မမှတ်မိတော့ဘူး။ ချစ်တာတယ်ဆိုတာက နှလုံးသားက ဆုံးဖြတ်တာဖြစ်သလို၊ တခဏတွင်းလည်း ပြောင်းလဲနိုင်တယ်လို့တော့ မှတ်ထားမိတယ်။ ကြိုက်တယ်ဆိုတာကတော့ ကိုယ်က မကြိုက်ဘူးလို့ ထင်လည်း ကိုယ်မသိလည်း ကြိုက်ချင်ကြိုက်နေတက်တာဘဲတဲ့လေ။ ကိုယ့်မိန်းမကို ကိုယ်က သိပ်ပြီး ချစ်ချင်ချစ်နေပေမယ့် သူ့ရဲ့ စရိုက်တွေ၊ အနေအထိုင်တွေကို အကယ့်ဘ၀ထဲမှာ ကြိုက်ချင်မှ ကြိုက်မှာ တဲ့။ ကိုယ်ကြိုက်နှစ်သက်တာ တခြား၊ တပုံစံဖြစ်ချင်ဖြစ်နေနိုင်တယ်တဲ့။ ဒါကြောင့် တခါတလေမှာ ကိုယ့်မိန်းမ ထက် တခြားမိန်းမကို အထင်ကြီးလေးစားတာမျိုးတွေ အိမ်ထောင်သည်လောကမှာ တွေ့ရတက်သလို။ မိန်းမတွေကလည်း ခွင့်လွှတ်ပေးသင့်တယ်တဲ့လေ။ အဲ့ဒါမျိုးကို ဖိအားပေးမိရင်တော့ အခြေအနေတွေ တမျိုးဖြစ်နိုင်ပါတယ်တဲ့။

ဒါဆိုရင် ကိုယ်ကြိုက်တဲ့ သူကိုယူမလား၊ ကိုချစ်တဲ့သူကိုယူမလားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒါကတော့ ကိုယ့်ကိုယ်ပိုင် ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ချစ်လို့ နှစ်သက်လို့ တွဲတဲ့သူ၊ ယူတဲ့သူကို ဘယ်သူ ကမှ စိတ်ဆင်းရဲစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ကလည်း လူသားမို့ တခါတလေ စိတ်လွတ်သွားရင် တယောက်နဲ့ တယောက် နားလည်ခွင့်လွှတ်ပေးရင် အဆင်ပြေနိုင်ပေမယ့်၊ နားလည်မှမပေးနိုင်ရင်တော့ ဘယ်သူမှ အဆင်ပြေမှာမဟုတ်ပါဘူး။

ကိုယ်က ချစ်တာလား၊ ကြိုက်တာလားဆိုတာတော့ ကိုယ်တိုင်က ခွဲခြားသိဖို့လိုပါတယ်။ ဥပမာ- ကိုယ်ချစ်တဲ့ သူက ကိုယ်လိုချင်တဲ့ အရည်အချင်းပြည့်ချင်မှ ပြည့်မှာပေါ့။ ဒါကိုနားလည်ပေးဖို့လိုပါတယ်။ ကိုယ်က ချစ်တယ်လဲပြောသေးတယ်။ သူ့အားနည်းချက်ကို နားလည်ခွင့်လွှတ်မပေးနိုင်ဘူးဆိုရင် မကောင်းဘူးပေါ့။ နောက်ပြီး ကိုယ်က သူ့ကိုတော့ သိပ်မချစ်ဘူး၊ ဒါပေမယ့် သူ့အရည်အချင်း(အားလုံးပါတယ်နော်)ကို နှစ်သက်လို့ယူပြီးမှ၊ တွဲပြီးမှ ငါသူ့ကိုမချစ်ဘူးလို့ ခံစားရလို့ နောက်တယောက်တွဲတာ။ ဖေါက်ပြန်တာဆို ကိုယ်ကမကောင်းတာပါ။ သူကမတရားတာမဟုတ်ပါဘူး။ အခုပြောချင်တာက နှစ်ယောက်လုံးဘက်ကိုပြော ချင်တာပါ။

ကျွန်မတွေ့ဖူးပါတယ်။ ကိုယ်ကချစ်လို့ တွဲပြီးမှ ကောင်မလေးက သိပ်ပြီး အူတိုလို့ဆိုပြီး အကြောင်းပြ၊ နောက်ကောင်မလေးတွေနဲ့တွဲ၊ နောက်ကောင်မလေးတွေကိုလည်း သနားအောင်ပြော။ အဲ့ဒါမျိုးဆို ကောင်မလေးက မကောင်းတာမဟုတ်ဘူးလို့ မြင်ပါတယ်။ ကိုယ်က တကယ်တရားဝင် မတွဲခင်ကတည်းက စဉ်စားပေါ့၊ လေ့လာပေါ့။ လွယ်လွယ်စဉ်စားပြီး စကားလေးပြောလို့ ကောင်းရုံ၊ လူကြားထဲတွဲထွက် လို့ကောင်းတာနဲ့ ရည်းစားဖြစ်ပြီး နောက် အကြောင်းသိမှ မတွဲချင်ဘူးဆိုတော့ ကောင်မလေးဘက်ကိုလည်း ကြည့်ပါဦး။ မိန်ကလေးဆိုတာ နာမည်တလုံးနဲ့ နေတာပါ။ ဟဲ့ သူက အရင် ဘယ်သူနဲ့ ဆိုတာမျိုးကို ထည့်စဉ်းစားသင့်ပါတယ်(ဒါမျိုးစိတ်ဓါတ် မရှိဘူး။ ခွင့်လွှတ်နိုင်တယ် သိပ်ပြီးချစ်တာဘဲဆိုတဲ့ သူတွေကိုတော့ မပြောလိုပါဘူး။ ချစ်ကြိုက်ကြပြီးမှ တချိန်လုံး စဉ်းစားပြီး စိတ်ဆင်းရဲနေရင်တော့ မပြောတက်ပါဘူး)။ ကိုယ်က မချစ်တော့လို့ ငါနဲ့ဘာမှ မဆိုင်ဘူးဆိုတဲ့ စိတ်ဓါတ်မျိုးကတော့ အမျိုးကောင်းသားတွေမှာ မရှိတက်ကြပါဘူး။ အနဲဆုံး မိန်ကလေး ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့် အသိုင်းအ၀န်း အဲ့ဒါတွေ ထည့်တွက်ဖို့ လိုမယ်လို့ ထင်ပါတယ်။

ကျွန်မအကို တယောက်ပြောဖူးပါတယ်။ ကိုယ်တကယ်မယူနိုင်တဲ့ မိန်မဟုတ်မဟုတ် အရင်ကြည့်ပါတဲ့။ ပြီးမှတွဲပါတဲ့။ မဟုတ်ရင်၊ မတော်လို့ ယူလိုက်ရရင် ကိုယ့်အပျော်တွဲတာ။ အခြေအနေက မယူရင်မရတော့တဲ့ အခြေအနေ(အိမ်ပြန်နောက်ကျတာတို့ဘာတို့်ကို ပြောတာပါ)။ အဲ့ဒါမျိုးဆို ဘယ်လိုဖြေရှင်မလဲ။ အဲ့ဒါမျိုးတွေကို အစကတည်းက ကြိုစဉ်းစားသင့်ပါတယ်တဲ့။ တချို့တွေက တွဲတုန်းကတွဲပြီး ယူဆိုတော့မှ ကောင်မလေးက ဘဲ ဖမ်းတာလိုလို။ ဘာလိုလို၊ ညာလိုလို။ ပြောတက်ပါတယ်။ အမှန်တော့ ကိုယ့်က အစကတည်းက စဉ်းစားရမှာပါ။ ကိုယ်ဖာသာကိုယ် တွက်ချက်ပြီး မှားတော့မှ သူများကို လက်ညှိုးထိုးတက်တဲ့ သူများ အထင်ကြီးစရာမရှိပါဘူး။

ဘယ်သူ့ကိုဘယ်သူက ဖမ်းလိုက်လို့။ ဘယ်သူက ဘယ်သူ့ကို ငွေမက်လို့ ယူလိုက်တာ စသည်ဖြင့်
ကြားဖူးကြမှာပါ။ ဒါက မိမိကြိုက်နှစ်သက်တဲ့သူကို ရွေးချယ်ကြတဲ့သူတွေပါ။ ဘာမှပြောစရာမရှိပါဘူး။ တချို့ကလည်း မိမိနှစ်သက်တဲ့သူကို ရွေးချယ်ယူကြတဲ့သူတွေကတော့ အချစ်ကိုရွေးချယ်တဲ့သူတွေပါ။ ဒါကလည်း ကိုယ်နှစ်သက်လို့ ရွေးချယ်တဲ့လမ်း၊ အကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်က အလေးထားရင် အောင်မြင်အောင် ဖန်တီးနိုင်မှာပါ။ ယောက်ျားတွေချည်း ရွေးပြောနေလားလို့ မေးရင်။ သူတို့ကို ဘဲရွေးပြောရတာက သူတို့က အဓိကကျတဲ့ သူတွေမို့ပါ။ သူတို့မှာဘဲ ရွေးချယ်ခွင့်၊ ဆုံဖြတ်ခွင့်တွေရှိလို့ သူတို့ကိုဘဲ အဓိကထားပြီး ပြောနေရတာပါ။

ကျွန်မပြောတာ အနောက်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေဘာတွေ၊ ၂၁ ရာစုတွေဘာတွေကို ထည့်ပြီး မပြောပါဘူး။ ကျွန်မတို့က ဗမာလူမျိုး၊ ဗုဒ္ဓဘာသာတွေဖြစ်လို့ ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေ၊ ဓလေ့ထုံးစံတွေကို မေ့ထား လို့ မရပါဘူး။ အခုခေတ်တွေပြောင်းနေပြီ။ ရိုးရားဓလေ့တွေ မေ့သင့်ပြီလို့ ယူဆ၊ ပြောဆိုနေတဲ့ သူတွေ ရှိချင်ရှိမှာပါ။ ပြောင်းချင်တဲ့သူတွေ ပြောင်းလို့ရပါတယ်။ ကျွန်မကတော့ မပြောင်းချင်တဲ့သူမို့ ဒီဓလေ့တွေထဲမှာ ဘဲ နေခဲ့ပြီး ဒီလိုရေးနေတာပါ။ အနဲဆုံး ကျွန်မသေတဲ့ အထိတော့ ဒီယဉ်ကျေးမှုတွေ၊ ဓလေ့တွေ ကျန်ဦးမယ် ထင်ပါတယ်။

မထင်မှတ်ဘဲ တရားတခုမှာနာဖူးတာက ဗုဒ္ဓဘာသာအစစ်ဆိုရင်၊ ဗုဒ္ဓမြတ်စွာရဲ့ တရားတွေကို ယုံကြည့်တဲ့ သူသာ ဆိုရင် ဘာသာခြားတွေနဲ့ မယူသင့်ဘူးဆိုတာပါဘဲ။ အဲ့ဒီတရားမနာခင်က ကျွန်မသူငယ်ချင်း တယောက်ကို ကျွန်မမြှောက်ပေးဖူးပါတယ်။ ဘာသာခြားကောင်လေး တယောက်နဲ့ အဆင်ပြေဖို့။ ဘာသာသာ ခြားတာ ကောင်လေးက သူ့ကို အရမ်းချစ်ပြီး အလိုလိုက်မယ်ထင်လို့။ သိပ်လည်း အနွံအတာခံတာကို။ ဒါပေမယ့် တကယ်လည်း ကြိုက်သွားရော ကျွန်မအထင်နဲ့ သူတို့ လက်တွေ့က တခြားစီ။ ကျွန်မအလွန်ဘဲ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မမြှောက်ပေးလို့ ဖြစ်သွားတာကို။ ဘာသာမတူတော့ အတွေးမတူပါဘူး။ အတွေးမတူတော့ သွားတဲ့လမ်းကြောင်းက တခြားစီပေါ့လေ။ သူတို့ အခြေအနေက ကောင်းချင်လည်း ကောင်းသွားနိုင်ပါတယ်။ မကောင်းချင်လည်း မကောင်းနိုင်ပါဘူး။ ဒါပေမယ့် တရားတော်နာပြီးတဲ့ အချိန်မှာ အဲ့ဒီလို ဖြစ်လိမ့်မယ်လို့ လုံးဝမသိဘဲ ကိုယ့်စနက်ဖြစ်သွားလို့ အတော်စိတ်မကောင်းဖြစ်မိပါတယ်။

ဘာသာခြားတွေ နဲ့ယူထားတဲ့ မိဘတွေကမွေးတဲ့ သူငယ်ချင်းတွေ ကျွန်မမှာ အများကြီးရှိပါတယ်။ ထူးခြားတာ တော့ ဘယ်ဘာသာနဲ့ယူယူ မွေးလားတဲ့ ကလေးတွေ ဗုဒ္ဓဘာသာမဖြစ်ကြတာ အတော်ဘဲ စိတ်မကောင်းဖြစ်မိ ပါတယ်။ ကျွန်မ Global အင်္ဂလိပ်စာ သင်တန်းတက် တုန်းက စာသင်ရင် ဂိမ်းတခု(ဆွေးနွေးပွဲတခု) အတန်း ထဲမှာလုပ်ရပါတယ်။ သူက ကိုယ်ကရွေးချယ်မဲ့ သူကို ဘယ်လိုလူမျိုးကို ရွေးချယ်မလဲဆိုတာကို မေးခွန်း ၅ ခုနဲ့ မေးပြီး ဖြေရှာခိုင်ပါတယ်။ အတော်များများကတော့ ဘာသာရေးကို အရင်စဉ်စားရမယ်လို့ ရွေးကြပါတယ်။
အဲ့ဒီမေးခွန်းတွေကို မှတ်မိသလောက်ပြန်ရေးလိုက်ပါတယ်။
၁) ဘာသာရေး
၂) ပတ်ဝန်းကျင်
၃) ငွေရေးကြေးရေး
၎) အချစ်
--စသည်ဖြင့်ပါ။

အတော်များများဆို ကောင်လေးတွေထဲမှာ ငွေကိုရွေးတဲ့သူတွေရှိပါတယ်။ သူတို့ကတော့ ရဲ(သတ္တိရှိတာပါ) တယ်လို့ ပြောရမယ်။ မိန်းကလေး အတော်များများက ဘာသာရေးကိုရွေးကြပါတယ်။ သူတို့ထဲမှာ စိတ်ထဲကနေ ငွေကိုရွေးတဲ့သူတွေ ပါချင်ပါမှာပါ။ လူကြားထဲ ထုတ်မပြောရဲတာဘဲဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ကောင်လေးတွေကို ရဲတယ်လို့ ပြောတာပါ။ ဒုတိယ အရွေးများဆုံးက ပတ်ဝန်းကျင်ပါ။

နောက်ဆုံမှာ ဆရာမက အဖြေကိုပြောပါတယ်။ အဖြေက ပတ်ဝန်းကျင်ကို အဓိကထားရွေးပါတဲ့။ သူက ဘာသာရေးလည်း အဓိကထားသလို၊ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်ကိုကြည့်ပြီး လက်တွဲဖော်ရွေးစေချင်ပါတယ်တဲ့။ ပတ်ဝန်းကျင်မတူတဲ့ နေရာကလာတဲ့ လူနှစ်ယောက် ပေါင်းဖို့ကတော့ အတော်မလွယ်တာပါတဲ့။ ညှိစရာတွေ တပုံတပင်နဲ့ ဖြစ်တက်သလို ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ရရှိဖို့ အတော်ခက်ခဲပါတယ်တဲ့လေ။

ကျွန်မအမြင်ကတော့ ဘယ်လူမျိုး၊ ဘယ်ဘာသာပဲဖြစ်ဖြစ် ဖြစ်နိုင်ရင် ကိုယ်နဲ့ အတူဆုံးပတ်ဝန်းကျင်ကလူ၊ ကိုယ်နဲ့ ဘာသာတူတာကို ရွေးချယ်မှ သင်ခန်းစာ အတော်ပေးတက်တဲ့ လောကကြီးထဲမှာ အချို့သော သင်ခန်းစာတွေရှင်းပြီးသာ ဖြစ်နေမယ်လို့ ထင်ပါတယ်။ မတူတာတွေ လိုက်ညှိနေတာနဲ့ ဘ၀ တ၀က်ကျိုးတဲ့ အထိ ပျော်ပျော်ရွှင်ရွှင်မနေလိုက်ရဘဲဖြစ်မှာစိုးရိမ်ရပါတယ်။

ကျွန်မထင်ပါတယ်။ ဘယ်လိုလူမျိုးဖြစ်ဖြစ်၊ ဘယ်အခြေအနေကဘဲ လာလာ၊ ဘာတွေပဲဖြစ်နေဖြစ်နေ လူတိုင်းကတော့ သာယာပြီး ပျော်ရွှင်ကြည်နူးတဲ့ ဘ၀ကို ရချင်ကြတဲ့သူချည်းပါဘဲ။ လူသန်းပေါင်းများစွာရှိတဲ့ ကမ္ဘာကြီးပေါ်မှာ ကိုယ်နဲ့ အဆင်ပြေမယ့် နံရိုးက အရှားသား။ ကံပါလို့ တွေ့တယ်ဆိုရင်လည်း ကောင်းဆုံးဖြစ်နိုင်ဖို့ ဆိုတာက ကိုယ်ကိုတိုင်ရဲ့ကြိုးစား အားထုတ်မှုနဲ့ သက်ဆိုင်မယ်လို့ထင်ပါတယ်။ ကိုယ်ကိုတိုင် ရွေးချယ်လိုက်တဲ့ ဘ၀မှာ အရေးအကြီးဆုံး လက်တွဲဖော်ကို လွယ်လွယ်မရွေးမိကြဖို့နဲ့။ ဖြစ်နိုင်ရင် (မိန်ကလေးတွေ) အချိန်ယူ စဉ်စားကြဖို့ အကြံပေးချင်ပါတယ်။

ကျွန်မအတွေးကတော့ ကိုယ်က ကောင်းမွန်တဲ့ မိသားစုဘ၀၊ ကောင်းမွန်တဲ့ မျိုးဆက်တွေ ဖန်တီးချင်တယ်၊ အလိုရှိတယ်ဆိုရင် ကိုယ်ကိုတိုင်က ကောင်းမွန်တဲ့လမ်းကို သွားမှရမှာပါ။ ကိုယ်ကတော့ ကြိုက်တာလုပ်မယ်၊ ဒါပေမယ့် ကောင်းတာလေးလည်း လိုချင်တယ်။ ဒါမျိုးတော့ ရမယ်မထင်ပါဘူး။ ရတဲ့သူတွေလည်း ရှိမှာပါ၊ သိပ်ပြီး ရှေးကုသိုလ်ကောင်းရင်ပေါ့။ ကိုယ့်စိတ်က ကိုယ်ရတာ မကောင်းဘူးထင်နေပြီး မကြေမချမ်းဖြစ် နေတဲ့ သူတွေလည်း ရှိရင်ရှိမှာပါ။ ဒါကတော့ ကိုယ့်ရှေးကုသိုလ်လို့ မှတ်ရမှာပါ။

ဒါဆိုရင် ဟိုလိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ်နဲ့ သိပ်ပြီး ဇယားရှုပ်တာဘဲလို ပြောရင်တော့။ လူတွေများကြီး အတွက် တူညီတဲ့ ချက်တွေအများရှိရှိနိုင်လို့ ကိုယ်နဲ့ အဆင်ပြေတဲ့ အရာ။ လက်လှမ်းမှီရာကို အဆင်ပြေသလို ညှိပြီး လုပ်ဆောင်ရင်တော့ ကိုယ်နဲ့အသင့်တော်ဆုံး အကောင်းဆုံး ဘ၀လက်တွဲဖော်ကို တွေ့မှာပါ။ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။

++++++++++++++++++++++++++
(ပြီးပါပြီ)++++++++++++++++++++++++++++

ဖတ်ရတဲ့သူတော့ မသိဘူး။ ရေးတဲ့သူတော့ စိတ်ရော၊ လူရောမောပြီ။ အခုထိတော့ ဒီပေတံနဲ့ လိုက်တိုင်းနေတာ တယောက်မှမတွေ့သေးပါဘူး။ ဒီပိုစ့်ဖတ်ပြီး အပျိုကြီး၊လူပျိုကြီးတွေ ဖြစ်သွားရင်တော့ ကျွန်မနဲ့ လုံးဝမဆိုင်ပါ။ ရေးချင်တာက များနေပြီး၊ စိတ်ကလည်း လောနေလို့ စာပိုဒ်တွေ အဆက်အစပ်မရှိရင် ခွင့်လွှတ်စေချင်ပါတယ်။ အခုမှ စာစရေးတာဖြစ်လို့ အမှားတွေ တပုံတပင်တွေ့မှာပါ။ အမှားရှိရင် ပြင်ပေးကြပါဦးလို့လည်း ပြောချင်ပါတယ်။

စိတ်ထဲရှိတာတွေကို ရေးချလိုက်တာပါ။ ဖတ်လို့ အဆင်ပြေချင်မှ ပြေမှာပါ။ စာအရေးအသားမကောင်တဲ့ အတွက် အမှားပါရင်၊ ကျွန်မရည်ရွယ်သလို စာဖတ်သူ မခံစားမိရင် ခွင့်လွှတ် နားလည်ပေးကြပါလို့ လေးစားစွာပြောကြားလိုပါတယ်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Friday 7 December 2007

Welcome 2008

Welcome 2008.....
အမှန်တော့ ကျွန်မမှာ ထူးထူးခြားခြား ကြိုဆိုစရာမရှိပါဘူး။ နှစ်သစ်တွေရောက်ခါနီးတိုင်း နဲနဲပါးပါးရင်ခုန်ပါတယ်။ အဲ အဲ့ဒါပါဘဲ။ လာမယ့်နှစ်မှာ ဘာဖြစ်မလဲပေါ့။ ဘယ်လောက်ဆိုးတဲ့ ကံတွေ ရောက်လာဦးမလဲပေါ့။ တခါတလေ အသက်ဆက်ရှင်ဦးမလားပေါ့။ တခါတလေ လက်ရှိနှစ်လောက် ပျော်စရာကောင်းပါ့မလားပေါ့။ ဒီလောက်ပါဘဲ။

တခါလေတော့လည်း ကိုယ့်ကိုကိုယ် မုန်းမိပါတယ်။ ၁၀၉ ၁၁၀ ဖြစ်နေတာကိုပါ။ စဉ်းစားကြည့်ပါဦး။ ငယ်ငယ် တုန်းက ဒီဇင်ဘာဆို အားကစားပွဲတွေရှိလို့ပျော်ပါတယ်။ ကထိန်ပြီးရင် ဒီဇင်ဘာညတွေရဲ့ စတိတ်ရှိုးတွေ ကြည့်ရမည့် အရေးတွေးပြီး ပျော်တက်ပါတယ်။ နှစ်သစ်ကူးညတွေကို ဒီလိုဘဲ အိပ်ရင်နဲ့ ကုန်ခဲ့တာချည်းပါဘဲ။ နှစ်သစ်ရဲ့ ပထမဆုံးနေ့တွေက စနေဖြစ်ခဲ့တာလည်း ပါတယ်။ တနင်္ဂနွေလည်း ဖြစ်ဖူးပါတယ်။ တနင်္လားရော။ ဖြစ်ဖူးတာပါဘဲ။ ဒီလိုနဲ့ ရက်စွဲတပ်တဲ့ စာမျက်နှာတွေထဲမှာ နှစ်မှားပြီးရေးခဲ့ဖူးတဲ့ နှစ်သစ်ရဲ့ ပထဆုံးလတွေရှိခဲ့ ပါတယ်။

ဒီလိုနဲ့ အသက်တွေကြီးလာကြတယ်။ ဒီလိုနဲ့ သေလွန်ကုန်ဦးမှာပါ။ တနှစ်ကူးတိုင်း လူဘယ်နှယောက်သေးလဲ၊ ဘယ်နှစ်ယောက်မွေးလဲ မသိပေမယ့်။ သေချာတာကတော့ မွေးတုန်းကပါတဲ့ မျက်နှာကြီးပေါ်မှာတော့ အရေးအကြောင်းတခုတော့ ပိုတိုးလာတက်မြဲ။ မွေးစက ဘာမှမသိတဲ့ ဖြူစင်တဲ့ နှလုံးသားထဲမှာ ဒဏ်ရာအမာရွတ်တခုလောက်တော့ ပိုတိုးလာ မလားဘဲ။ အဲ့ဒီထက်လည်း ပိုချင်ပိုနေမှာပါ။ သေချာတာတော့ လူ့စိတ်တွေ တနှစ်ထက်တနှစ် ပိုပြီး ညစ်ညမ်းလာတက်ကြပါတယ်။

မယုံဘူးလား။ ငယ်ငယ်တုန်းက လွယ်လွယ်ရိုးရိုးတွေတက်တဲ့ စိတ်တွေကို အခုချိန်မှာ ပြန်မရတော့တာ အသေ အချာပါဘဲ။ ဗေဒင်သွားမေးစရာမလိုပါဘူး။ တချို့တွေကတော့ ပြောကြပါတယ်။ ရင့်ကျက်လာတာပါတဲ့။ တနှစ်ကူးလို့ ရင့်ကျတ်သွားတိုင်း ကိုယ့်စီက ဖြူစင်မှုတွေ၊ စိတ်ဓါတ်ကောင်းတွေ ဘယ်လောက်များများ ပေးလိုက်ရသလဲတော့ ဘယ်သူမှမသိပါဘူး။ ကျွန်မလည်း မသိဘူး။ အသေအချာပြောရရင် အရင်တုန်း ကလောက် မဖြူစင်တော့တာ သေချာတယ်။

နှစ်ဆိုတာက ပညာရှင်တွေ သတ်မှတ်ထားလို့ လူတွေအားလုံးက လက်ခံထားတဲ့ အချိန်အပိုင်းအခြားတခုပါ။ လူတွေကတော့ နှစ်မကူးဘဲနဲ့လည်း ပြောင်းလဲနိုင်တာဘဲ။ စက္ကန့်တံလေး တချက်အရွေ့မှာ အတွေးတွေ မှောက်ခုံကနေ ပက်လက်၊ ပက်လက်ကနေ မှောက်ခုံ ဖြစ်သွားနိုင်ပါတယ်။ နှစ် ဆိုတဲ့ အချိန်အကန့်အသတ် တခုနဲ့ သတ်မှတ်ထားတော့ လူတွေ တိုင်းတာရလွယ်တာပေါ့။

ကျွန်မကတော့ အရင်နှစ်တွေက( ၂၀၀၀ လောက်အထိ )တကယ့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်ရယ်မောမော ကုန်ဆုံးခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းတော့ ပျော်စရာကောင်းတဲ့ နှစ်သစ်ကြိုတဲ့ ညတွေ၊ ပျော်စရာကောင်းတဲ့ နှစ်သစ်ရဲ့မနက်တွေ ရှိပေမယ့် ငယ်ငယ်တုန်းကလောက်...မပျော်တော့ဘူးလို့ ပြောရင် ပိုတယ်လို့ ပြောကြမှာပါ။ တကယ်မပျော်တာပါ။ ရယ်တော့ ရယ်နေပါတယ် စိတ်ထဲကမပါသလိုဘဲ။( နောက်မှ လွတ်လပ် ပေါ့ပါးစွာရယ်မောခြင်းဆိုတာကို ပိုစ့်တခုအနေနဲ့ တင်ပါဦးမယ်။ ကြော်ငြာဝင်တာပါ။ဟဲဟဲ)

ဟန်နီက သူဘာလုပ်ချင်သလဲ ဆိုတာရေးသွားတယ်။ ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူးမယ်ဆိုတော့ ဘယ်သူ့ကို မေးမေး ကောင်းတာတွေဘဲ ဖြစ်ချင်မှာပါ။ ကျွန်မလည်း ကျွန်မအတွက် ကောင်းတာတွေအားလုံး ဖြစ်ချင်ပါတယ်။ ဥပမာ-လျှောက်ထားတဲ့ကျောင်း(သို့) အလုပ် က ခေါ်တဲ့ ခေါ်စာလိုမျိုး။ ကိုယ့်ကို မုန်းတီး၊ စိတ်ဆိုး၊ အထင်လွဲ နေတဲ့ သူငယ်ချင်းများကိုလည်း ကျေနပ်အောင်၊ အမုန်းတွေကျေအောင် တောင်ပန်းချင်တယ်။ ဖြစ်နိုင်ရင်ပေါ့။ နှစ်သစ်ကူးမှာ ရောက်မယ့် မွေးနေ့တူ သူငယ်ချင်းနှစ်ယောက်ကိုလည်း မွေးနေ့ဆုတောင်းစကားလေး ပြောချင်ပါတယ်။

ကိုယ့်အတွက်ဆိုရင်တော့ နှင်းဆီပန်းအပွင့်၅၀၀လောက် လက်ဆောင်ရချင်တယ်(လောဘကြီးတယ် မပြော ပါနဲ့။ စိတ်ကူးဆိုတာ ပိုက်ဆံပေးရတာမှ မဟုတ်တာ ဟဲဟဲ)။ ၂၀၀၇ ရဲ့ နေ၀င်ချိန်ကို (ဒီမှာတော့ ပင်လယ်ကမ်းစပ်ပဲ ရှိတော့) ပင်လယ်ကမ်းခြေကနေ သွားကြည့်ချင်တယ်။ ဖြစ်နိုင်ရင် ၂၀၀၈ ရဲ့ မနက်စောစောကို နှင်း၊ ဒါမှမဟုတ် မြူလေးတွေကျတဲ့ မနက်မျိုးမှာ နိုးထပြီး၊ ကော်ဖီပူပူလေး တခွက်သောက်ချင်တယ်။

၂၀၀၈ နှစ်ထဲမှာ ကိုယ်ကကောင်းရင် ကိုယ်ကောင်းတာကို နားလည်နိုင်မယ့် သူငယ်ချင်းတွေလိုချင်တယ်ဗျာ။ လိုချင်ချင်တာတောင်းတက်ပြီး ရသွားရင် မသိချင်ရောင်ဆောင်တက်တဲ့ လူ(အသစ်)တွေနဲ့တော ထပ်မတွေ့ ချင်ဘူး။ ရွေးလို့ရမယ် ဆိုရင်ပေါ့လေ။ နောက်ထပ် စိတ်ဆင်းရဲရင် အားပေးမယ့် လက်တစုံလောက်။ (အဲ့ဒီဆုတောင်းကတော့ သိပ်ပြီးမသေချာဘူး။ ကျွန်မနဲနဲလောဘကြီးတော့ တော်ကြာကိုယ်လိုတဲ့လက်တစုံ မဟုတ်ဘဲ သူမှီမယ့် ပခုံးတဖက်ဖြစ်နေဦးမယ်။ ကျွန်မအမှီအတွယ်တွေ သိပ်မကြိုက်ဘူး ဟဲဟဲ။) ဒါမှမဟုတ် သိပ်ပြီးစိတ်ညစ်နေတဲ့ အချိန်မှာရစ်လို့ရမယ့် ကိုယ့်ကိုသိပ်ပြီး နားလည်တဲ့၊ အနွံအတာခံတဲ့
သူငယ်ချင်း။ များများစားစားမဟုတ်ဘူး တယောက်လောက်။ ဒါတွေရမယ် ဆိုရင် ၂၀၀၈ ခုနှစ်က ပျော်စရာ ပိုကောင်းမယ်ထင်တယ်။ ဒီလောက်ပါဘဲဗျို့။ Welcome 2008 က။ ဒီလောက်ဆိုရင် ကျေနပ်ပြီပေါ့နော် ဟန်နီ(အချစ်လေး < မြန်မာလိုဘာသာပြန်သည်)။ဟိဟိ။
အားလုံးပျော်ရွှင်ပါစေနော်။
နှင်းဆီနီနီ။။

Thursday 6 December 2007

မင်းလိုဘဲ

တရားသူကြီး။ ။ မင်းဘယ်မှာအလုပ်လုပ်သလဲ။
တရားခံ ။ ။ ဟိုနား ဒီနား ပါဘဲ။(ံHere and There)

တရားသူကြီး။ ။ မင်းဘာမလုပ်လုပ်တာလဲ။
တရားခံ ။ ။ ဒီလိုပါဘဲ။(This and That)

တရားသူကြီး။ ။ သူ့ကိုခေါ်သွားလိုက်တော့။
တရားခံ ။ ။ ခဏလောက်စောင့်ကြပါဦးခင်ဗျာ။ ကျွန်တော်ကို ဘယ်အချိန်မှာ ပြန်လွှန်ပေးမှာလဲ ခင်ဗျာ။

တရားသူကြီး။ ။ အခုဖြစ်ချင်ဖြစ်မယ် နောင်ဖြစ်ချင်ဖြစ်မယ်။( sooner or later )

အဆင်ပြေသလို မတောက်မခေါက် ဘာသာပြန်ထားပါသည်။

ဟန်နီ

အမှန်တော့ ဟန်နီနဲ့ ကျွန်မနဲ့ သိတာ အတော်ကြာပါပြီ။ ၂၀၀၃ အောက်တိုဘာတုန်းက သင်တန်းတခုတက်ရင်း တွေ့ဖြစ်ကြတာပါ။ ဟန်နီဆိုတာ တောင်ကြီးသူဆိုတော့ အသားလှလှ၊ အရပ်ရှည်ရှည်၊ စကားဝဲ၀ဲ၊ သွက်သွက်လတ်လတ် ကောင်မလေးတယောက်ပါ။ စာလည်း အရမ်းတော်တယ်နော်။ အတန်းထဲမှာ စာအရမ်းလိုက်နိုင်တယ်။ ပြီးတော့ အင်္ဂလိပ်စာလည်း သိပ်ကောင်းတယ်။ သူ့နာမည်က ရှမ်းလိုမှည့်ထားတာ ဗမာသံနဲ့ ခေါ်ရင်လုံးဝအဆင်မပြေပါဘူး။ သူကတော့ သူ့နစ်နာမည်က ဟန်နီဆိုတော့ ဟန်နီလို့ဘဲ ခေါ်ပါလို့ ပြောပါတယ်။ ဟန်နီဆိုတော့ စိတ်ထဲ ခေါ်ရတာ တမျိုးကြီး(ခပ်ပါးပါးပေါ့)ဖြစ်တာနဲ့ ကျွန်မတို့ တဖွဲ့လုံးသူ့ကို ရှမ်းမလို့ ချစ်စနိုးခေါ်ပါတယ်။

အဲ့ဒီလိုနဲ့ အင်္ဂလိပ်စာ သိပ်ကောင်းတဲ့သူ့ကို ကျွန်မက ငါ နင့်လိုဘဲ အင်္ဂလိပ်စားကောင်းချင် လိုက်တာလို့ ပြောတော့ သူက ဒါဆို အင်္ဂလိပ်လို အပြောကျင့်ပါတယ်။ ဘယ်မှာ ကျင့်ရမှာလည်းလို့ မေးတော့ နင်ချက်တက် လားတဲ့လေ(အကျင့်ကောင်းတွေ သင်ပေးတော့မယ် ဟဲဟဲ)။ နင်ကလည်း ငါချက်တက်တာပေါ့ဆိုတော့။ သူက ငါပြောတာ ဟင်းချက်တာ မဟုတ်ဘူးတဲ့လေ။ အမှတ်ပြောရရင် အဲ့ဒီ သင်တန်းမတက်ခင်အထိ အင်တာနက် ဆိုတာ ဘာနတ်မှန်းမသိ၊ ချက်တယ်ဆိုတာ ဘာမှန်းမသိ တဲ့သူပါ။ မနောက်ဘူး တကယ်ပြောတာပါ။ တကယ်ကို ဘာမှ မသိတာပါ။ အဲ့ဒါနဲ့ သူက ချက်ရွန်းအခုကိုညွန်းပြီး ဘယ်သူဘာပြောပြော အင်္ဂလိပ်လိုဘဲ ချက်ပါတဲ့။

ဆရာ့စကားမြေ၀ယ်မကျ နားထောင်တဲ့သူဆိုတော့ ချက်ပါတယ်။ အင်္ဂလိပ်လို။ မချက်တက် ချက်တက်နဲ့ ချက်လိုက်တာ အင်္ဂလိပ်လို အတော် ဆင်ပြေပြေ စဉ်းစားတက်လာပါတယ်( ကျွန်မပြောတာ အင်္ဂလိပ်စာ ပဲဖြစ်ဖြစ်၊ အင်္ဂလိပ်စကားပြောဘဲဖြစ်ဖြစ် ကိုယ်ဘာသာမဟုတ်တော့ အရင်ဆုံးဦးနှောက်က ဘာပြောရမလဲ ဆိုတာကို စဉ်းစားပြီးမှ။ ပါစပ်ကဘဲဖြစ်ဖြစ်၊ လက်နဲ့ဘဲရေးရေး ရင်နှီးမှုမရှိရင်(friendly) အဆင်ပြေပြေ ထွက်ဖို့ အတော်ခက်ခဲပါတယ်)။ သူပြောသလို လူတိုင်းနဲ့ အင်္ဂလိပ်လို ချက်တော့ တချို့တွေကမပြောချင်ကြဘူး။ တချို့တွေက မကြိုက်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့နည်းက အတော်အဆင်ပြေပါတယ်။ သာမန်ရိုးရိုး စကားလုံးတွေကို တော်ရုံနဲ့ စဉ်းစားလို့ မထွက်တာတွေ။ ချက်မှဘဲ တွေ့ပြီးစဉ်းစားဖြစ်ပါတယ်။ အနဲဆုံးတော့ ဘယ်လိုပြောရင် အဆင်ပြေမလဲဆိုတာ တွေးနေမိပါတယ်။ အလိုလို လေ့ကျင့်ပြီးသားဖြစ် သွားပါတယ်။ ကျွန်မပြောတာ ချက်ကြရမယ်လိုပြောတာ မဟုတ်ပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် အကျိုးရှိအောင် လုပ်တက်ရမယ်လို့ပြောတာပါ။

ကျွန်မအင်္ဂလိပ်စာကို စိတ်ဝင်စားအောင် လုပ်ပေးတဲ့သူတွေထဲမှာ ဟန်နီလည်း တယောက်အပါအ၀င်ပါဘဲ။ အနဲဆုံး ကျွန်မတခုခုအတွက် အင်္ဂလိပ်လို အမြဲစဉ်းစားဖြစ်နေတက်ပါတယ်။ ကျွန်မအင်္ဂလိပ်စာ သဒ္ဒါမကောင်းပါဘူး။ ဘာလို့လည်းဆိုတော့ သဒ္ဒါကျက်ရမှာ ပျင်းလို့ပါ။ ဒါပေမယ့် တချို့စကားလုံးတွေကိုတော့ အလွတ်ရနေတက်ပါတယ်။ အဲ့ဒါလည်း ဟန်နီကျေးဇူးတွေပါဘဲ။ သေချာလေ့ကျင့်ရင် ရမယ့် အရာတွေ အတော်များများကို ကျွန်မ ဒီအတိုင်း(friendly habit) ဖြစ်သွားအောင် လုပ်လေ့ရှိပါတယ်။ အချိန်တို အတွင်းမှာ လေ့ကျင့်မယူဘဲ အချိန်ကြာချင်ကြာပါစေ။ ဖြေးဖြေးချင်း နေ့စဉ် မသိမသာ အလေ့အကျင့်လုပ်ယူရတာကို ကျက်မှတ်ရတာထက်ပို အားသန်ပါတယ်။ သူ့နည်းက ကျွန်မကို အင်္ဂလိပ်စာလေ့လာရာမှာ ပိုပြီး အဆင်ပြေ စေပါတယ်။

သူဘလောဒ့်ရေးမှန်း လုံးဝမသိပါဘူး။ မတွေ့တာလည်း ကြာပြီးကို။ ၄ နှစ်ကျော်ပြီလေ။ ဟဲဟဲ။ ဒီကြားထဲမှာ တော့ လူချင်းမတွေ့ပေမယ့် ကျွန်မသူငယ်ချင်းတွေကတဆင့် အဆက်အသွယ်ရလို့ သာကြောင်း မာကြောင်းတော့ သိပါတယ်။ တလောက။ တလောဆိုတာ ကျွန်မဘလောဂ့်ရေးခါစက သူကျွန်မဆီဗုံးမှာ လာနှုတ်ဆက်သွားပါတယ်။ အမှန်တော့ ကျွန်မကသူ့ကို ဟန်နီဆိုတာ သိပေမယ့် သေချာအောင်လို့ ရှမ်းမလားလို့ ပြန်မေးလိုက်မိပါတယ်။ သူက ကျွန်မသူ့ကို မမှတ်မိဘူးလို့ထင်သွားပုံရပါတယ်။ သူ့ ဘလောဂ့်ကို သွားလည်းပြီး ဆီဗုံးမှာ အော်လိုက်ပါသေးတယ်။ ဒါကို စိတ်ဆိုးသွားသလားမသိဘူး သူက ဆီဗုံးကိုပါ ဖြုတ်ပြစ်လိုက် ပါတယ်။

နောက်ပိုင်းတော့ အမြဲလိပ်စာမေ့တက်တဲ့ ကျွန်မ နောက်တခေါက်သွားလည်ဖို့ လိပ်စာပျောက်နေလို့ ထပ်ပြီး မသွားဖြစ်ခဲ့ပါဘူ။ အခုလည်း သူ့လိပ်စာကို ကိုဇီးကွက်ဘလောဂ့်ကနေ ရပြီးသွားနှုတ်ဆတ်လိုက်တာ သူကကျွန်မကို Welcome 2008 တက် လိုက်ပါတယ်။ ကောင်းပါရော။ ရေးမှာပေါ့နော်။ ဆရာသမားများ တက်တာဆိုတော့။ ဟဲဟဲ နှစ်မကူးခင်ပြီးရင် အဆင်ပြေတယ်မဟုတ်လား ဟန်နီ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

တခါတည်း

ဒီတခါလည်း Reader Digest ထဲကဘဲ ဟာသလေးတပုဒ် ရေးးဖို့ စဉ်းစားထားပါတယ်။ သူကဒီလို...
ဆိုင်မွန်ဟာ ရဲ အင်တာဗျူးသွားဖြေပါတယ်။သူအင်တာဗျူးမှာတော့ စစ်ဆေးသူကဒီလိုမေးပါတယ်။

အင်ဆာဗျူရာ။။ ၁ နဲ့ ၁ ကဘာလဲ။
ဆိုင်မွန်။။ ၁၁ ပါ။
(အင်တာဗျူရာလိုချင်တဲ့ အဖြေမဟုတ်ပါဘူး။ ဒါပေမယ့် ဒီသူငယ်မမှာဘူးလို့ သူကလက်ခံလိုက်ပါတယ်။ )
အင်တာဗျူရာ။။ ဒါဆို T နဲ့စတဲ့ Week Day တွေထဲက နှစ်ရက်ကိုပြောပါ။
ဆိုင်မွန်။။ Today နှင့် Tomorrow ပါ။

ဆိုင်မွန့် အဖြေကို အင်တာဗျူးလိုပ်တဲ့သူ အတော်လေး အံ့အားသင့်သွားပါတယ်။ ဒါနဲ့ ဆိုင်မွန့်ကို စမ်းချင်တာနဲ့ နောက်ထပ် မေးခွန်းတခု ထပ်မေးလိုက်ပါတယ်။

အင်တာဗျူရာ။။ ဒါဆို Abraham Lincoln ကို ဘယ်သူသတ်သလဲ မင်းသိလား။

အဲ့ဒီအခါမှာတော့ ဆိုင်မွန် အတော်အံ့အားသင့်ပြီး ပြန်ဖြေလိုက်တာက။

ဆိုင်မွန်။။ ကျွန်တော်မသိပါဘူး ခင်ဗျာ။

အင်တာဗျူရာ။။ ကောင်းပြီး။ ဒါဆို အိမ်ပြန်ပြီး ခဏလောက်စဉ်းစားပါဦ။

ဆိုင်မွန် အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ သူ့အမေကို ဒီလိုပြန်ပြောပါသတဲ့။

ဆိုင်မွန်။။ မေမေရေ ဒီနေ့ အင်တာဗျူးကတော့ အတော်မိုက်တယ်ဗျ။ တခါတည်းနဲ့ အလုပ်ရပြီး အရေးကြီးတဲ့ အမှုတွဲကိုပါ အပ်လိုက်တယ်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။


Wednesday 5 December 2007

ရုပ်ရှင်


ဒီတခါတော့ ပေါ့ပေါ့ ပါးပါးလေး ဘဲ ရွေးထားတယ်ဗျ။ ဒီကားလေးက တောဘဲငန်းဥတွေကို ကောင်းမလေး တယောက်ကယူပြီး အကောင်ဖောက်ရာကစပါတယ်။ နောက်ပိုင်းမှာ ဘဲငန်းတွေက ကောင်မလေးကို သူတို့ရဲ့ အမေလို့ ထင်နေပြီး နောက်က တကောက်ကောက်လိုက်ရာကနေ စထားတာပါ။ စိတ်ဝင်စားဖို့ကောင်းသလို ဘဲငန်းတွေကို ဘယ်လို လေ့ကျင့်ထားသလဲ မသိပါဘူး။ Glider နောက်ကို ဘဲ တွေလိုက်ပျံတာ အတော် ကြည့်လို့ကောင်းတယ်ဗျ။ စိတ်ဝင်စားရင် ရှာကြည့်ပါလား။ မိသားစုကားလေးပါ။

ဒီကားက အင်္ဂလိပ်မြေတိုင်း စာရေးလေးတယောက်နဲ့ ဝေးလ်ရွာသာားတွေ အကြောင်းရိုက်ထားတာပါ။ ၁၈ ရာစု ကို အခြေခံတဲ့ ကားလေးလို့ထင်ပါတယ်။ အင်္ဂလန်ပြည်ရဲ့ မြေပုံတွေကို စတိုင်းရာမှာ ဘယ်ပြည်နယ်မှာ တောင်ဘယ်နှစ်လုံးရှိမရှိ လိုက်တိုင်းရာက ဇာတ်လမ်းလေးကို စထားပါတယ်။

အင်္ဂလိပ်တွေ(အင်္ဂလန်နိုင်ငံသားတွေ) ဇာတ်ကြီးပုံကို ရိုက်ထားတာပါ။ အမျိုးချစ်သလောက် ညီလည်းညီညွတ် ကြပါပေတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ အဲ့ဒီလောက်ညီညွတ်တာ ကျောက်ပန်းတောင်း တနယ်ဘဲ ရှိပါတယ်။ မန်းလေးတောင် ဒီလောက် မညီတော့ဘူး။ ဇာတ်လမ်းသေးစိတ် ကိုမရေးတော့ပါဘူး အရသာပျက်မှာ စိုးလို့ပါ။ ရန်ကုန်မှာတုန်းက BC ကနေငှားကြည့်ဖြစ်တာပါ။ တခြားဆိုင်တွေမှာ တွေ့ဖို့တော့ သိပ်မလွယ်ပါဘူး။ ဒီရောက်ပြီးမှ တခါပြန်ကြည့်ဖြစ်တယ်။ ဘယ်လောက်ကြည့်ကြည့် မရိုးနိုင်လောက်တဲ့ ဇာတ်လမ်းလေးမို့ ညွန်းလိုက်ရပါတယ်။

ဒီကားလေးကတော့ နည်းပညာတွေ တိုးတက်တဲ့ခေတ်ကို စိတ်ကူးယဉ်ပြီး ရိုက်ထားတာပါ။ သိပ်ပြီး ကြီးပွားချင်တဲ့ လူ၊ အလုပ်တွေကို မိသားစုထက်ပြီး ပြီး ခင်တွယ်မိတဲ့ အာခိတက် တယောက်အကြောင်းပါ။ မိသားစုကို တန်ဖိုးမထားတက်လို့ နောက်ဆုံးအလွမ်းတွေနဲ့ ဇာတ်သိမ်းထားပါတယ်။ မင်းသားသေသွားတဲ့ အခန်းလေးမှာ သူ့သားကို မိသားစုကသာ အဓိကလို့ ပြောသွားတာလေး သိပ်သနားဖို့ကောင်းပါတယ်။ Adam က ရယ်စရာကားတွေဘဲ အရိုက်များတော့ အစပိုင်းတော့ နဲနဲ ရယ်ရတယ်ဗျ။ ဘ၀ပညာပေးလေးကို ရယ်စရာလေးတွေနှောပြီးရိုက်ထားတာ။ ဒီကားလေးလည်း မိသားစုကားလေးဘဲဗျ။



ဒီကားလေးက ဖြစ်တက်တဲ့ နမ်လောကနဲ့ အချစ်ဇာတ်လမ်းလေးကို တမျိုးလေးဆန်းပြီး ရိုက်ထားတာပါ။ တိုက်တိုက်ဆိုင်ဆိုင်(ဗဒင်မဟုတ်ပါ) တွေ့ခဲ့ကြတဲ့ အတွဲဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေးက သိပ်ပြီး အလုပ်ကြိုးစားတဲ့ ဆရာဝန်မလေးတယောက် မမျှော်လင့်ဘဲ ကားတိုက်လို့ မျောနေတာ။ စိတ်ကအိမ်ဘဲရောက် နေလို့ အိမ် အသစ်ဝယ်တဲ့ အိမ်ပိုင်ရှင် ကောင်လေး(သူလည်းအာခီကဘဲ)ကို လိုက်နှောက်ယှက်ရာကနေ။ သူဘယ်သူလဲ၊ ဘယ်ရောက်နေလဲဆိုတာ တွေပြန်မှတ်မိပြီး ပြန်သတိရလာတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအဆုံးမှာ ကောင်လေးက ကောင်မလေးအရမ်းသဘောကျတဲ့ ဥယျာဉ်အသေးစားလေးကို ကောင်မလေးနေတဲ့ အိမ်ခေါင်မိုးပေါ်မှာ လက်ဆောင်အဖြစ်လိုပ်ပေးတာလေးကသိမ်မွေ့တယ်ဗျ။ ခပ်ရိုးရိုး အချစ်ဇာတ်လမ်းလေးပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။

မိသားစုကြည့်တဲ့ကားတွေဖြစ်လို့ စိတ်မ၀င်စားတဲ့သူတွေရှိမှာပါ။ ဒါပေမယ့် Click နဲ့ The Englishman ကိုတော့ ကြည့်ဖြစ်အောင်ရှာကြည့်လိုက်ကြပါ။ အရမ်းကောင်းလို့ပါ။ The Englishman ကြည့်ပြီးရင်တော့ ကိုယ်နယ်၊ ကိုယ့်အရပ်၊ ကိုယ့်နိုင်ငံကို သူများတွေဘယ်လောက်ချစ်ကြသလဲဆိုတာ ကြက်သီးတောင် ထသွားမယ်။ ဟဲဟဲ အညွှန်းကောင်းတယ်နော်။ အဲ့ဒီကားကြည့်ပြီး ဇာတ်သိမ်းတော့ တကယ့်ကို ကြက်သီးထတာ မယုံမရှိနဲ့။ ကိုယ့်နိုင်ငံအတွက်...ကိုယ့်လူမျိုးအတွက်... မပြောတော့ဘူး။ ဆင်ဆာဖြတ်တယ် ဟဲဟဲ။ အဲ့ဒီကားလေးတွေ ကောင်းတယ်နော်။ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Monday 3 December 2007

ကျွန်မနှင့် ဘလောဒ့်

ကျွန်မနှင့်ဘလောဒ့်...
ဘလောဒ့်နဲ့ပက်သက်လို့ ၂၀၀၇ ရောက်တဲ့ ဘာဆိုဘာမှ မသိခဲ့ပါဘူး။ ဂျီတော့ထဲက သူငယ်ချင်းတယောက်ကို ဒီရောကတော့ အရမ်းပျင်းကြောင်းနဲ့၊ စာလေးဘာလေးဖတ်ချင်ကြောင်း ပြောတော့ သူက ဖိုရမ် ရေးတာလို့ ဖတ်တာ တို့လုပ်ပါလားလို့ ပြောပါတယ်။ ဖိုရမ်ဆိုတာ ဘာကြီးတုန်းကျွန်မ မသိဘူးလို့ပြောတော့။ ပြီးတော့ ကျွန်မက စာဘဲ ဖတ်ချင်တာ။ မြန်မာပြည်မှာနေတုန်းကတော့ နိုင်ငံခြားရောက်ရင် အီးဘုတ်တွေဘာတွေ ရတယ် ပြောတယ် အဲ့ဒါ အီးဘုတ်တွေ ရတဲ့ နေရာသိလားလို့ နဲနဲရစ်လိုက်ပါတယ်။ အဲ့ဒါနဲ့ သူက မနိုင်းနိုင်းစနေရဲ့ ဘလောဒ့်လိပ်စာပေးပါတယ်။ အဲ အဲ့ဒီကစပါတယ်။


အဲ ပြောဖို့ တခုကျန်သွားတာက မနိုင်းနိုင်းရဲ့ ဘလောဒ့်ကိုဝင်ကြည့်တဲ့နေက ဂူဂလ်က အကောင့်ဖွင့်မှဆိုလား ဘာလားမသိပြောလို့ မရောင်မလည်နဲ့ အကောင့်တစ်ခု ဖွင့်လိုက်မိပါတယ်။ နာမည်ရွေးဆိုတော့ ဘာရွေးရမှန်း မသိလို့ စိတ်ထဲရှိတဲ့ နှင်းဆီပန်းကိုရွေးမယ်ပါ့ အဲ့ဒါနဲ့ Rose ။ နှင်းဆီပန်းဆိုရင် အရောင်ကိုပါရွေးရပါ့မယ်။ ဒါဆို ဘာအရောင် ရွေးမလဲပေါ့။ စမ်းတဲ့ဘလောဒ့်ဆိုတော့ ထုံးစံအတိုင်း အနီရောင်ကို ရွေးလိုက်မိပါတယ် အဲ့ဒါကြောင့် Red။ Red Rose အဲ့ဒီလို ရိုက်လိုက်တော့ အဲ့ဒီနာမည်က ရှိပြီးသားတဲ့။ ကျွန်မလညး ခေါင်းမစားချင် တာနဲ့ Red Rose ကရှိပြီးသားဆိုရင် Red-Rose ကရောဆိုတော့ ဂူဂလ်ကြီးက ရတယ်တဲ့။ ဒါဆိုလဲ ပြီးရော Red-Rose ပေါ့။

ဂူဂလ်က အတော်ရစ်တယ်နော်။ နာမည်နဲ့မပြီးသေးဘူးတဲ့လေ။ နောက်ထပ်ဘယ်လို ပေါ်ချင်သလဲတဲ့ ဒါနဲ့ စမ်း တာပေါ့ Test။ ဒီလိုနဲ့ ကျွန်မမှာ Red-Rose-Test ဆိုတဲ့ ဘလောဒ့်တခု ဖြစ်သွားပါရော။ ဘာမှလည်း မရေးတက် ဘယ်လို လိုပ်ရမှန်းမသိတော့ အဲ့ဒီညမှာဘဲ
Red-Rose-Test ဆိုတာကြီး လုပ်ပြီး စိတ်ပျက်စွာနဲ့ ဒီအတိုင်းထားလိုက်ပါတယ်။ တော်ကြာတယ်ထင်တယ်။ အကောင့်ဖွင့်တာ ဇွန်လတုန်းက ပါ စရေးတော့ သြဂုတ် ဘာမှလည်း မဆိုင်ဘူး။ ဘာမှန်မသိဘဲ အကောင့်ဖွင့်ဆိုလို့ ဖွင့်လိုက်မိတာ။ အကောင့် တခု အဖတ်တင် သွားတာပေါ့။ ဆရာကြီး ဦးမျိုးညွှန့်စကားနဲ့ ဆိုရင်တော့ တောင်တမန်အင်း ရောက်နေလောက်ပြီး ဘာမှန်မသိဘဲ ရမ်းသမ်းပြီး ခေါင်းညိမ့်လို့။ ထားလိုက်ပါတော့။

ဒါနဲ့ မနိုင်းနိုင်းရဲ့ ဘလောဒ့်ကို ၀င်ပြီးစာတွေဖတ်ချင်ရင် မေလ်းကိုဖွင့် မေးလ်သမိုင်းထဲက လိပ်စာကိုယူ ပြီးမှ ဖတ်ရတယ်။ အတော်ဆိုးတယ်လို့ မထင်ကြဘူးလား။ လိပ်စာကို မှတ်ထားမယ်လို့ ဘလောဒ့်အ၀င်မှာ အမြဲ စဉ်းစားတက် ပေမယ့်။ ပြတင်းပေါက်ကြီး ပိတ်ပြီးမှ အမြဲသတိပြန်ရတက်လို့ပါ။ အသက်က ငယ်သေးပေမယ့် သတိက မငယ်တော့လို့ မေ့တက်ပါတယ်။ ဒါပေမယ့် ဘယ်လိုဘယ်လို တခြားလူတွေ ဆီကို သွားရမှန်းတော့ လုံးဝမသိခဲ့ပါဘူး။

တရက် ဆြာကြီး ပြာမြှား
နဲ့ ပြောကြဆိုကြရင်း ဘလောဒ့်အကြောင်း ရောက်သွားပါတယ်။ ဘလောဒ့်တွေ ဖတ်ပါလားဘာညာ(ဘလောဒ့်ရေးတဲ့ ဘာညာမဟုတ်)ပေါ့၊ ပြီးတော့မှ သူက၊ သူလဲ ဘလောဒ့်ရေး နေကြောင်းပြောပါတယ်(ကြော်ငြာဝင်တာပေါ့လေ)။ အဲ့ဒါနဲ့ သူဘလောဒ့်လိပ်စာ ပေးပါတယ်။ ဖတ်ကြည့်ပါပေါ့။ ဘာညာပေါ့။ ဒါနဲ့ ကျွန်မမှာလည်း အဖတ်တင်နေတဲ့ ဘလောဒ့်လိပ်စာ တစ်ခုရှိကြောင်း၊ ဘယ်လို လုပ်ရမှန်းမသိလို့ ဒီအတိုင်းထားတာ ကြာပြီဖြစ်ကြောင်းပြောလိုက်တော့။ ဆြာကြီးက သိချင်ရင်ဒီကိုသွားဆို ပြီး လိပ်စာပေးပါတယ်။ လိပ်စာက မောင်လှ တဲ့။

ဒီလိုနဲ့ ဟိုဖတ်ဒီဖတ်ပြီး ဆရာလှရဲ့ ဘလောဒ့်မှာ မြန်မာလိုပေါ်အောင်ရေးနည်း တွေတွေ့ပါတယ်။ အဲ့ဒီအထည်း မှာ ကိုညီလင်းဆက် နဲ့ ကိုရန်အောင် တို့ကို ညွှန်းထားပါတယ်။ အဲ့ဒါနဲ့ ဆရာ့ ဆရာကြီးတွေဆီကို ရောက်သွား ပါတယ်။(ဘယ်သူက အရင်၊ ဘယ်သူက နောက်လဲ အခုထိ မသိပါ။) သြော် အရင်ကလည်း ကျွန်မဆရာ ဆရာမင်းမြတ်စိုးရဲ့ ၀က်ပေ့ခ်ျမှာ ဆရာလှနာမည်ကို ကျွန်မတို့ အတန်းထဲက သူငယ်ချင်းနာမည်နဲ့ တူလို့ သွားကြည့်ဖူးပါတယ်။ ဒါပေမယ့် နဲနဲပါးပါးဖတ်ပြီး သူငယ်ချင်းမဟုတ်မှန်း သိတော့ ပြန်ထွက်ခဲ့ပါတယ်။ ဟဲဟဲ ဒီလိုဖြစ်တက်တယ်နော်။ အဖြူမှန်း အမည်းမှန်းမသိဘဲ ရမ်းလိုက်တာ။

ဒီလိုနဲ့ ဒီလိုနဲ့ ကျွန်မရဲ့လက်ဦးဆရာ ဆြာကြီး ပြာမြှာရဲ့ ညွှန်ကြားမှုနဲ့ ဆရာ့ဆရာတွေ ရောက်ရာကနေ မထင်မှတ်ဘဲ ဘလောဒ့်နွံထဲနစ်သွားပါရော(မရွှေဂျမ်းကတော့ ဘလောဒ့်ရွာလို့ ပြောပါတယ်)။ ပထမဆုံး ကျွန်မ ဘလောဒ့်ကို ကျက်သရေရှိအောင် မင်္ဂလာပါလို့ နှုတ်ဆက်ပြီး၊ ဘာရေးရမှန်း မသိတာနဲ့ ကျွန်မကြိုက်တဲ့ သီချင်းကို စာသားတင်ပါတယ်။ ပြီးတော့မှ သူငယ်ချင်းတွေက သီချင်းပါတင်ရင် ပိုကောင်းတယ်ဆိုလို့ သီချင်းတင်ဖို့ နေရာရှာပြီး တင်လိုက်ပါတယ်။ ဒီလိုနဲ့ ကိုမောင်လှ ဘလောဒ့်ထဲမှာ ၀ဲလည်ဝဲလည်နဲ့ ပြင်စရာတွေ ပြင်ဆင်ရင်နဲ့ သြဂုတ်လ (၂၇)ရက်နေ့မှာဘဲ ငယ်ငယ်က ဖတ်ဖူးတဲ့ ပုံပြင်တွေထဲက ငရဲသားခြေကျိုးဆိုတာကို ပထမဆုံး ပြန်ရေးပြီး ကျွန်မရဲ့စာရေးခြင်းတွေ စခဲ့ပါတယ်။

သူငယ်ချင်းတွေကို ပြကြည့်ပါတယ်။ အရေးအသားတွေ လိုသေးတယ်လို့ ပြောကြပါတယ်။ ကြီုစားမယ်ပေါ့။ အစကတော့ မှတ်စုသဘောမျိုး၊ အမှတ်တရသဘော၊ ဒိုင်ယာရီသဘော အဲ့ဒီလို ရည်ရွယ်ပါတယ်။ ကိုယ့်ကို ကိုယ် အားပေးပါတယ်။ ဘယ်သူမှ လာမဖတ်လည်း ကိုယ်မှတ်စုအနေနဲ့ ရှိနေဖို့ပါ။ ဒါပေမယ့် လူဆိုတော့ အခတ်သား သူများတွေဆီသွားလည်ရင် ပျော်စရာကောင်းတဲ့ ၀န်းကျင်လေးကိုတွေ့တော့ နဲနဲ လောဘ၀င်လာ တယ် ကိုယ့်မှာလည်း ဒီလို ၀န်းကျင်လေး ရှိချင်တယ်ပေါ့။ ဒါပေမယ့် ဘယ်လိုလုပ်ရမလည်းဆိုတာတော့ ကိုရန်အောင်က ဆီဗုံး ယဉ်ကျေးမှုခုလုပ်ပါလို့ ဆိုထားတဲ့ အပြင် ဆြာမြာမြှားကလည်း ဆီဗုံးတပ်ပါလားပေါ့။ လိပ်စာတွေဘာတွေ ပေးပါတယ်။ အဆင်ပြေအောင် ကိုရန်အောင်ရဲ့ ဆီဗုံးတပ်နည်း လိပ်စာကိုပါ တခါတည်း ပေးပါတယ်။

ဆီဗုံးတက်တော့ ပထမဆုံး စမ်းတာက ကိုယ့် ဘာသာကိုယ့် ပြန်စမ်းပြီး ရေးကြည့်တယ်လေ။ ပြီးတော့ ဆြာမြှား၊ ပြီးတော့ ဆရာရန်အောင်ဆီမှာ သွားအော်ထားလို့ ဆရာရန်ကလာပြီး အဆင်ပြေအောင် သွန်သင်ပါတယ်။ အတော် စမ်းလို့ကောင်းတဲ့ ဆီဗုံးလို့လည်း ပြောသွားပါရဲ့။ ပြီးတော့ ကျွန်မသူငယ်ချင်း(ဘလောဒ့်မရေးတဲ့)က သူ စာတွေဖတ်ပြီးသွားကြောင်း ဘာအော်သွားရကနေ ဆီဗုံးယဉ်ကျေးမှုထဲမှာ နစ်သွားပြန်ပါရော။ ဒီလိုနဲ့ ဟိုဟို ဒီဒီ လိုက်အော်နေမိပြန်ပါတယ်။ သူငယ်ချင်းအသစ်တွေ ရသလို၊ အဟောင်းတွေနဲ့လည်း ပြန်တွေ့ရပြန်ပါတယ်။ မထင်ဘဲ ကိုယ်နဲ့ သိတဲ့သူတွေ ဘလောဒ့်ရေးရုံတင်မက ဘလောဒ့်မှာ ဆရာကြီးတွေတောင် ဖြစ်နေပါပြီ။

ဘလောဒ့်ရေးဖြစ်တော့ ဂျီတော့ထဲမှာ ကိုယ့်ကိုစကားပြန်မပြောဘဲ ဘဲတွေနဲ့ ကြည်နေတဲ့၊ မီးစိမ်းလင်းနေတဲ့ သူငယ်ချင်းတွေကို မေ့နေတက်တယ်။ သူတို့ကို စိတ်တိုဖို့ လုံးဝသတိမရတော့ဘူး။ သူတို့နဲ့လည်း စကားမပြော ဖြစ်တော့ဘူး။ ကောင်းတယ်မဟုတ်လား အကုသိုလ်နဲသွားတာပေါ့။ မဟုတ်ရင် သူတို့ကိုကြည့်ပြီး ကိုယ့်ကို စကားပြန်မပြောလို့ ဒေါသထွက်နေရတယ်။ ရန်ဖြစ်နေရတယ်။ ကြာရင် အသက်တောင်တိုသွားနိုင်တယ်။ ပြောပါသေးတယ် တချို့တွေက ငါတို့က နင့်လို အားနေတာမဟုတ်ဘူးတဲ့လေ။ အလုပ်နဲ့ အကိုင်နဲ့ဆိုဘဲ။ မှန်နေတော့လည်း စိတ်ဆိုးရအခက်၊ ပြန်ပြောရအခက်ပါ။ တော်ဘီ ဘလောဒ့်ထဲဘဲ စိတ်နှစ်ထားတော့မယ် ပေါ့။

ဒီလိုနဲ့ တနေ့တနေ့ ကိုယ့်ဘလောဒ့် ကောင်းရာကောင်းကြောင်းရှာကြံပြီး ကြံဖန်ရေးသားရုံသာမက၊ ပြောပါများစကား ရဆိုတဲ့အတိုင်း ကိုယ့်မကောင်းကြောင်းတွေပါ တခါတလေ ဘလောဒ့်ထဲမှာ ပါသွားတက်ပါတယ်။ အခုနောက် ပိုင်းမှာတော့ ဘလောဒ့် မောင်နှမများရဲ့ သွန်သင်ဆုံးမ၊ အကြံပေးမှုတွေကြောင့် အတော်လေး အဆင်ပြေသွားပေမယ့်(လုံးဝ အဆင်ပြေတယ်လို့ မပြောပါဘူး၊ စာလုံးပေါင်းကတော့ ထုံစံအတိုင်းမှားနေတုန်းဘဲ။ :P)၊ အရေးအသားကောင်းအောင် ထိန်းသိမ်းမှုနဲ့၊ လိုရင်ရောက်အောင် အချက်အလက်နဲ့ ရေးသားတက်အောင်တော့ အတော်ကြိုးစာရဦးမှာပါ။

ကျွန်မဘလောဒ့်လေးကို ဒီဇိုင်းခဏခဏ ပြောင်းဖြစ်ပါတယ်။ စိတ်ကြိုက်မတွေ့သေးလို့ပါ။ အခုလည်း ဘမ်နာကို စိတ်ကြိုက်မဖြစ်လို့ ဒီအတိုင်းဘဲထားလိုက်တယ်။ သီးချင်းဖွင့်တဲ့ ပလေရာလေးတခုလုပ်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေထည်းဖို့ ကြိုးစားတာလည်း မအောင်မြင်သေးပါဘူး။ နောက်ပြီး အိုင်အီးနဲ့ ကြည့်ရင် ကျွန်မဘလောဒ့် ကို မမြင်ရတာလည်း မပြင်ရသေးပါဘူး။ အများကြီးလိုသေးတဲ့ ကျွန်မဘလောဒ့်ကို ခင်မင်ရင်စွဲရှိလို့ အလည်လာ ကြတဲ့သူတွေ၊ မျက်စိလည်လမ်းမှာလာကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

အဲ မေ့နေလို့ ကျွန်မဘလောဒ့်ရေးပြီး နှစ်လလောက် အလိုမှာဘဲ red-rose-test ဆိုတာကြီးက တမျိုးကြီး ဖြစ်နေလို့ ကဗျာဆန်ဆန်(ကိုယ့်ဘာကို ထင်တာပါ) red-rose-dreamလို့ ပေးလိုက်ပါတယ်။ အဲ ကိုယ်နာမည်ကိုတော့ ကိုယ့်ဘာသာပဲ နှင်းဆီနီနီလို့ ပေးထားလိုက်တယ်။ ဟိုပြောင်းဒီပြောင်း နဲ့ ပုံစံတွေလည်း အမျိုးမျိုးပြောင်းပြီးပါဘီ။ စိတ်တွေလည်း အတော် သည်းခံတက်လာပါဘီ။ ဘလောဒ့် ရေးတာ အတော်သည်းခံနိုင်ရတယ် ဆိုတာ ဘလောဒ့်ဂါတွေ အားလုံးသိပြီးသားလို့ ထင်ပါတယ်။

ဒီလောကမှာ ဘလောဒ်ဂါ ဟုတ်မဟုတ်တော့ မသိဘူး ဟိုအော်၊ ဒီအော်နဲ့ သူတွေတော့ ရှိနေကြပါတယ်။ ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ ဘ၀တွေထဲမှာ ပန်းခင်းလမ်းလဲပါချင်ပါမယ်၊ ခရောင်းတောလဲ ဖြတ်ချင်ရင် ဖြတ်ရပါတယ်၊ ဗိုလ်အောင်ဒင်လဲ ပါချင်ပါမယ်၊ ဦးကျောက်လုံးလည်း ပါချင်ပါမယ် ပြောချင်တာက ကောင်းတဲ့ သူရော ဆိုးတဲ့သူရော အစုံပါတယ်။ ဒီတော့ အင်တာနက်ရွာမှာ ထွန်းကားနေတဲ့ ဘလောဒ့်ယဉ်ကျေးမှုမှာ ကိုယ်က ဗိုလ်အောင်ဒင်လား၊ ဦးကျောက်လုံးလား။ ဘာပဲဖြစ်ဖြစ် ကိုယ်သမိုင်းကိုယ်ရေး ကြတာပါ။ လွတ်လပ်စွာ သဘောတရားကွဲလွဲ နိုင်တဲ့ လောကကြီးထဲမှာ ဘလောဒ့်ဂါတွေ လွတ်လပ်စွာ သဘောတရားကွဲလွဲနိုင်သလို၊ လွတ်လပ်စွာလဲ ရေးသားနိုင်ကြပါတယ်။ ဒါပေမယ့်...ပုဂ္ဂိုလ်ရေး အရလား၊ ဘာကိုရည်ရွယ်ပြီး ရေးသားပြောဆိုချင်နေမှန်း မသိတဲ့ အနောနမတ်တွေ ရှိနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အားလုံးဘလောဒ့်မောင်နှစ်မ၊ ညီအစ်ကို၊ သူငယ်ချင်း အားလုံးစိတ်ထဲမှာတော့ အကောင်းဆုံးဘဲ ဖြစ်ချင်ကြတယ်လို့ ကျွန်မယုံကြည့်ပါတယ်။ အားလုံး ကိုယ့်နည်းကိုယ့်ဟန့်၊ ကိုယ်ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲချင်ကြတဲ့ သူတွေချည်းပါဘဲ။ အမျိုးအမျိုးဖြစ်နေတဲ့ လောကကြီးမှာ အားလုံးညီညီညွတ်ညွတ်နဲ့ ကိုယ်စီ စိတ်ကူး၊ အိပ်မက်၊ သဘောတရား၊ အတွေ့အကြုံတွေကို ဘလောဒ့်တွေထဲမှာ ရေးနိုင်ကြပါစေနော်။ အားလုံးကိုလည်း အားပေးနေပါ့မယ်။

ဘလောဒ့်ရေတာကြာတော့ အိမ်ကသိပ်မကြည်ချင်ဘူး။ မနက်စာ စားရင်၊ ဘလောဒ့်ကြည့်ရုံသာမက။ တနေကုန် ဘာမှမလုပ်ဘဲ ဘလောဒ့်၊ ဘလောဒ့်၊ ဘလောဒ့်ဖြစ်နေလို့။ ဘာမှမလုပ်ဘဲ တချိန်လုံးထိုင်နေတာ ကြာရင်ပွင့်ဖြစ်တော့မယ်တဲ့။ ဘာပဲဖြစ်ဖြစ်။ ကျွန်မအချိန်တွေ အလကားမဖြစ်ပါဘူး။ ကျွန်မ ဦးနှောက် အလကား မဖြစ်ပါဘူး။ တခုခုတော့ စဉ်းစားနေတက်တယ်။ ဘုရားရှိခိုးလည်း ဘလောဒ့်မှာ ရေးမယ့်အကြောင်း၊ ထမင်းစားလည်း ဒီအကြောင်း၊ ယုတ်စွအဆုံး ရေအိမ်ဝင်ရင်တောင် မလွတ်တမ်းစဉ်စားနေတက်ပါတယ်။

ဒီရောက်ပြီဘာမှ လုပ်စရာမရှိ၊ ဘယ်မှ သွားစရာမရှိလို့ ငူငူငိုင်ငိုင်( တီဗွီ ကြည့်ချင်း၊ ချက်ချင်း)ဖြစ်နေတက်တဲ့ ကျွန်မအတွက် ခြေဆန့်စရာနေရာလေး တခုဖြစ်ပေမယ့် နှလုံသားအဟာရ(ဘယ်ဘလောဒ့်မှာလည်း မသိဘူးရေးထားတာ။ နှလုံးသားကို အဟာရပြည့်အောင်ပြုလုပ်သင့်ပါသတဲ့။) ရရှိအောင်၊ အချိန်တွေကို အလကားပြုန်းတီးမသွားအောင် ကူညီပေးတဲ့ ဆြာကြီးပြာမြှားကို ဘလောဒ့်ရေးတိုင်းကျေးဇူးတင်ပါတယ်။ ဒီပိုစ့်ကို ရေးဖြစ်အောင် တက်တဲ့ ကိုပီကေရေ အခုတော့ သိဘီပေါ့။ ဘာလို့ ဘလောဒ့်တာလည်းဆိုတာ။ လွယ်တော့မလွယ်ပါဘူး ဘလောဒ့်ရေးရတာ။ ဒါပေမယ့် ကျွန်မဘလောဒ့်ဂါကောင်းတယောက် မဖြစ်သေးပေမယ့်(ဘယ်အချိန်ဖြစ်မလဲမသိဘူးနော်) တက်နိုင်သလောက်၊ အရည်ရှိသလောက်တော့ ကြိုးစား နေပါတယ်လို့ ပြောချင်ပါတယ်။ ဒီလောက်ပါဘဲ....

(စားရေးရင် တခါတည်း ပြီးအောင်ရေးမှ။ မဟုတ်ရင် စိတ်ကူးတွေပြောင်းပြောင်းသွားတက်ပါတယ်။ အခုလည်း ထမင်းမစားခင်က စိတ်ကူးနဲ့ စားပြီး စိတ်ကူးလုံးဝမတူလို့ ကိုယ့်ကိုကိုယ် စိတ်ပျက်မိပါတယ်။ ဇာတ်သိမ်းပိုင်း ဖတ်လို့ မကောင်းဘူးမပြောနဲ့ နော် ငိုမှာ။ ဟီးးးး)
(မနေ့ကရေးထားတာကို ပြန်ဖြည့်ထားတယ်။ လက်ခုပ်လေးဘာလေး ကွန့်မန့်မှာ တီးပေးဦးလေ အားတက်အောင်လို့။)


ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Sunday 2 December 2007

Orangutan Park


ဒီ တံတားလေးရဲ့ အဆုံးမှာ အိုရန်အူတန် တွေ ရှိတယ်။


ဒီရက်ပိုင်းမှာ ဘလောဒ့်ဘက်ကို မလှည်ဖြစ်ပါဘူး။ နေသိပ်မကောင်းတာကတကြောင်း၊ ဈာန်မ၀င်တာက တကြောင်း(အပျင်းကြီးသည်ကို ယဉ်ယဉ်ကျေးကျေး ဘာသာပြန်ထားသည်) ကြောင့် ဘလောဒ့်ကို မျက်စိမှိတ် ပြီး မေ့ထားခဲ့ပါတယ်။

မနှစ် ဒီဇင်ဘာ (၂)ရက်နေ့က ကျွန်မတို့ ဒီမြို့ကို ရောက်ခဲ့တာပါ။ ဒီနှစ် ဒီဇင်ဘာ (၂)ရက်နေ့ Orangutan ဥယျာဉ်ကို သွားလည်ဖြစ်ကြပါတယ်။ အမှန်က သွားဖို့ အစီအစဉ်မရှိပါဘူး။ ဒီမြို့ကနေ ပြောင်းရတော့မှာမို့ ရောက်ဖူးအောင် သွားဖြစ်အောင်သွားမယ်ဆိုပြီး သွားခဲ့ပါတယ်။ ၀င်ကြေးက ဈေးကြီးတယ်ဗျ။ တယောက်ကို ၃၀၊ ကင်မရာယူရင် ၁၀ အားလုံးပေါင်း ၁၃၀ ကျတယ်ဗျ။ ဘာကောင်တွေရှိမလဲ ဆိုပြီး စိတ်ဝင်တစားနဲ့သွားလိုက်တာ။

စစဦးဆုံး Information Center ကို ၀င်ကြည့်ပါတယ်။ ဘာတွေရှိသလဲဆိုပြီးတော့ ဟဲဟဲ။ ဘာမှမရှိဘူး ဓါတ်ပုံ တွေဘဲရှိတယ်။ ဥယျာဉ်သမိုင်းပေါ့လေ။ ဟိုဟိုဒီဒီကြည့်ပြီးတော့ မေးခွန်းလေးတွေ ရေးထားတဲ့ box နားကို ရောက်တော့ စိတ်ဝင်စားလို့ ကြည့်မိပါတယ်။ မေးခွန်းက ၄ ခု။ တခုချင်းစီ ပြန်ရေးမယ်နော်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
မေး။ ။ အိုရန်အူတန်က အသားစားလားတဲ့။
ဖြေ။ ။ အိုရန်အူတန်ဟာ အသားမစားပါဘူးတဲ့။

မေး။။ အိုရန်အူတန်တွေ အသက်ဘယ်လောက်ထိရှည်ကြသလဲတဲ့။
ဖြေ။။ အိုရန်အူတန်တွေဟာ အသက် အနဲဆုံး ၃၅ နှစ်ထိ ရှည်ကြပါတယ်တဲ့။ Zoo တွေမှာ ဆိုရင်တော့ ပိုပြီး အသက်ရှည်ပါတယ်တဲ့။

မေး။။ အိုရန်အူတန်တွေ က ရန်လုပ်တက်သလားတဲ့။
ဖြေ။။ အိုရန်အူတန်တွေက ရန်မလုပ်တက်ပါဘူးတဲ့။

မေး။။ အိုရန်အူတန်တွေ ဘာကြောက်တက်ပါသလဲတဲ့။
ဖြေ။။ အိုရန်အူတန် အကြောက်ဆုံးသတ္တ၀ါကတော့....အဲ့ဒီ အဖြေနေရာမှာ မှန်တချပ် ကပ်ထားပါတယ်။

နောက်ဆုံးအဖြေကို ကြည့်ပြီး ကျွန်မတောင် အတော်လန့်သွားပါတယ်။ ဟဲဟဲ

ဒီလိုနဲ့ သစ်သားတံတားလေး အတိုင်း ၀င်လိုက်တာ အတော်လျှောက်ရမယ်ထင်ပြီး လျှောက်လိုက်တာ ၅ မိနစ် တောင်မကြာဘူး ရောက်သွားပါတယ်။ တောကြီးမျက်မည်းလို့ ရေးထားလို့ အတော် မည်းတယ်ထင်နေတာ။ လင်းလို့ ထိန်လို့။ ဟဲဟဲ။ ရေးထားသေးတယ် တောရိုင်းမျောက်တွေ သတိထားပါတဲ့(ဘာမှ မရှိဘူး။ လိမ်တာ)။ ၁၀ နာရီ ထမင်း(ငှက်ပျောသီး)ကျွေးချိန်ဘဲ လာလို့ ၁၀ နာရီ မထိုးမချင်းထိုင်စောင့်နေရပါတယ်။ ၁၀နာရီထိုးတော့ မှ ကိုယ်တော်တွေက လာပါတယ်။ အားလုံး ၉ကောင်ဘဲ လာတယ်။ ပြောတော့ အများကြီး လိုလို ဘာလိုလိုနဲ့။

ကျွန်မတို့ မမြင်ဖူးတဲ့ နှာခေါင်းကြီးကြီးနဲ့ မျောက်တော့ မတွေ့ဘူး နှာခေါင်းကြီးကြီးနဲ့ လူတွေတော့ တပုံကြီးဘဲ။ မျောက်ကသိပ်မရှိတော့ လူတွေဘဲ ထိုင်ကြည့်ပြီး ပြန်လာခဲ့ပါတယ်။ အတော်ကြီးတဲ့ နှာခေါင်းတွေ ဘန္ဒာစေ့ ၁ စေ့လောက်တော့ အသာလေး ၀င်တယ် ဟဲဟဲ။ အသေအချာကို ကြည့်ထားတာပါ။ ချောတဲ့ သူတွေလဲ ပါတယ် ဟဲ ဟဲ ငမ်းတယ်လို့တော့ မပြောပါနဲ့။ မမြင်ဖူးလို့ပါ။ အစကတည်းက မျက်စိကကောင်းတာမဟုတ်တော့ ပြန်လည်း ပြန်လာရော ကြည့်တာများပြီး မတ်စိ အတော်ကိုက်သွားတယ် ဟဲဟဲ။ အမှန်တော့ မျောက်တွေ ဘာတွေ ကြည့်မနေနိုင်ပါဘူး။ ဘလောဂ့်မှာတင်ဖို့ ပုံတွေရအောင် လိုက်ရိုက်နေရတာ နေပူမှန်းမသိ၊ မိုးရွာမှန်း မသိဘဲလုပ်နေလို့ ခေါင်းကိုက်သွားတာထင်ပါရဲ့။ မျောက်ကိုးကောင်းကို ပိုက်ဆံ ၃၀ ပေးကြည့်ရလို့ တန်ပါတယ် လေ။ ဟဲဟဲ အိမ်ကတော့ဆဲနေတယ်။ ကဲ မှတ်ပီလားကဲချင်ဦးတဲ့။ ဘာဖြစ်လဲနော် တူနှယ်ချင်းတွေကိုတော့ ဓါတ်ပုံတွေပြလို့ရတာပေါ့နော်။

ကဲကဲ ကြိုးစားပန်းစား ရိုက်ထားတဲ့ ပုံတွေ ကြည့်ကြပါဦးနော်။







အိုရန်အူတန် ထိုင်နေပုံက လူနဲ့ မတူဘူးလား???
အိုရန်အူတန် ကြီးလာပါဘီ။(ကြီး ဆိုပေမယ့် ၃ ပေလောက်ဘဲ ရှိမယ်။)


လုံဝ မကြေဘူး တွေ့မယ်။



ဟေ့.. ဟိုကောင်တွေ ဘာလို့မလာ သေးတာလဲ မသိဘူး။



စားကြမယ်ဟေ့ကောင်းကောင်း။




မင်းရော ဒါမျိုးလုပ်နိုင်လို့လား ဟွန်း။




ရှိသမျှ အကောင်တွေ အကုန်ဘဲ။
ဘာကောင်မှ မရှိလို့ သူတို့ပြထားတဲ့ပုံတွေဘဲ ရိုက်ခဲ့တယ်။ မှတ်ပြီလား ဟတ် ဟတ် ဟတ်(ရင်ကျပ်နေတာ)။

ပျော်ရွှင်ပါစေ။

နှင်းဆီနီနီ။။

Saturday 1 December 2007

ဒီဇင်ဘာ......

ဒီဇင်ဘာ..
ဒီဇင်ဘာ လို့ပြောရင် အမြဲ ရင်ခုန်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဇင်ဘာရောက်တိုင်း အပြောင်းအလဲ တခုခု ရှိလို့ပါ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တော့မယ်။ အားကစားပွဲတွေ ရှိတယ်။ နှင်းတွေကျတယ်။ ညဘက်တွေ မှာအေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာကိုကြိုက်တယ်။ တခါတလေ ဒီဇင်ဘာရှိလို့ နိုဝင်ဘာဆိုတာကို မေ့နေတက် တယ်။ ဒီဇင်ဘာမှာ သဇင်တွေပွင့်တယ်။ ဒီဇင်ဘာမှာ ခရစ်စမတ်ပွဲရှိတယ်။ ဒီဇင်ဘာမှာ ...
ဒီဇင်ဘာရောက်ရင် ပျော်တယ်။ တခါတလေ စိတ်ညစ်တယ်။ ဒါပါဘဲ ထူးခြားတာက ဒီဇင်ဘာမှာ ဘုရားကို သဇင်ပန်း မကပ်တာ ၂ နှစ်ရှိပြီ။ အဲ့ဒါတော့ စိတ်မကောင်းဘူး။